ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ
By ငြိမ်းအိအိထွေး
စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။
ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။
ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တကယ်မပေးခဲ့မိဘူး"၊ "အတိတ်ရဲ့အရိပ်"၊ "တူတူပုန်း"၊"တော်တော်ဆိုးတဲ့လူတွေ"၊ "ဘူတာရုံ"၊ "ဖိုးကျော်ရဲ့ ချစ်သူ"၊ "သီတာ "၊ "ပိုလီသရစ္စကီးယား"၊" မောင်မိုးသက်"၊ "ခင်လွမ်းမေ"၊ "အချစ်သည် လွတ်လပ်သူဖြစ်၏"၊"စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း" ဆိုတဲ့ ဝတ္ထုတို ၁၇ ပုဒ် ပါဝင်ပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်သူတွေအတွက် သမားရိုးကျ နေ့စဉ်ကြုံတွေ့နေကျ အကြောင်းအရာဖြစ်တဲ့ ကားပါကင် ကိစ္စကို ပုတီးကိုချ ကားကိုမ ဝတ္ထုအဖြစ် စာရေးဆရာက ရေးသားပါတယ်။ ကားပါကင်အတွက် စိတ်မအေးရတဲ့ သက်ကြီးရွယ်အို တစ်ဦးအကြောင်း ရေးထားတာမို့ ဖတ်စမှာ စာဖတ်သူကို မဆွဲဆောင်နိုင်ပေမဲ့ စာရေးဆရာရဲ့ မမျှော်လင့်တဲ့ အဆုံးသတ်နဲ့ တိခနဲဖြတ်ချလိုက်တဲ့ အချိုးအကွေ့လှည့်ကွက်က ရှေ့ပိုင်းမှာ ပုံဖော်လာတဲ့ ဇာတ်ကောင်နေရာမှာ စိတ်ကူးယဉ်မိတဲ့ ကိုယ့်မိဘအဘိုးအဘွားတွေအတွက် ရတက်မအေး အတွေးဆင့်ပွားရတဲ့ထိ ခံစားရစေပါတယ်။
"ညီမလေးကို ကတိတကယ်မပေးခဲ့မိဘူး" ဝတ္ထုတိုကတော့ ဖတ်နေရင်း ရင်မောရတဲ့ဝတ္ထုဖြစ်တာမို့ စာရေးသူဟာ ဘာတွေကို ဘယ်လိုများ တွေးနေတုန်းလို့ သံသယပြန်ဝင်မိတဲ့အထိပါပဲ။ အစ်ကိုတစ်ယောက်ရှိခဲ့ဖူးတယ်၊ ညီမလေးတစ်ယောက်ရှိခဲ့ဖူးတယ် ဆိုရင်တော့ ဒီဝတ္ထုဖတ်ပြီး အသက်ရှူမဝဖြစ်မယ်။ ပြီးတော့ အချိန်အတော်ကြာ ငိုင်နေမိတော့မှာ သေချာပါတယ်။
"တူတူပုန်း" ဝတ္ထုတိုက သားအဖ၊ ဇနီးမောင်နှံ ချစ်ခြင်းနှစ်ခု ဆုံတွေ့တဲ့အကြောင်းဆိုပေမဲ့ ကရုဏာရသတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်ခြင်းတွေ အကုန်ရောထားတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ပါ။ ဖတ်ပြီး ဝမ်းနည်းမှုနဲ့အတူ တိမ်တွေကို ငေးကြည့်မယ်၊ သက်ပြင်းတွေ မှုတ်ထုတ်မယ်၊ ရေအေးအေးတစ်ခွက် ထသောက်မိရင်း နင့်နဲမှုကို ဖြေဖျောက်ရစေတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။
"မောင်မိုးသက်"ကို ခေါင်းစဉ်ကြည့်ပြီး စာရေးဆရာ စိတ်ကူးယဉ်ပုံဖော်ထားတဲ့ လူတစ်ယောက်အကြောင်း ဖတ်ရမယ်လို့ ခပ်လောလော တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ မောင်ရယ်၊ မိုးရယ်၊ သက်ရယ် ကိုယ်စားပြုနေတဲ့ ဘဝ၊ခံယူချက်၊ ဖြစ်တည်မှု တစ်ခုချင်းစီအောက်မှာ စာဖတ်ရင်း ကိုယ်တိုင် မိုး ဖြစ်လိုက် သက် ဖြစ်လိုက်ခံစားရအောင် စာရေးသူရဲ့ဖန်တီးမှုက ဆွဲဆောင်လွန်းလှပါတယ်။
ဒီနေ့ခေတ် ပြောင်းလဲရဲရင့်လာတဲ့ လိင်တူချစ်သူတွေအကြောင်းကို ဇာတ်လမ်းလုံးလုံး အဆုံးသတ်မှ ဖတ်ပြီးသား စာမျက်နှာတွေကို ပြန်လှန်ဖတ်ကြည့်ရတဲ့ထိ "ဖိုးကျော်ရဲ့ချစ်သူ" ဝတ္ထုမှာ စာရေးသူက လျှို့ဝှက်သိပ်သည်းစွာ ပုံဖော်ထားပါတယ်။ ဗန်းစကားနဲ့ခေါ်ရင် အပုန်းလို့ ဆိုရမယ့် ဇာတ်ကောင်ကို လုံလုံခြုံခြုံ ဖုံးဖုံးဖိဖိနဲ့ ဆွဲခေါ်သွားရင်း ဇာတ်လမ်းဆုံးမှ ဘွားခနဲ အံအားသင့်စေသလို ဒီလောက် "ပုန်းနေမှတော့ နည်းသေး" ဆိုပြီး ကရုဏာဒေါသထွက်အောင် အရေးအသားက ကောင်းလှပါတယ်။
စာရေးဆရာ ဝေယံဘုန်းရဲ့ ဝတ္ထုစာအုပ်မှာ သိပ်သဘောမတွေ့၊ မဆွဲဆောင်နိုင်တဲ့ဝတ္ထုတိုအချို့ပါပေမဲ့ တစ်အုပ်လုံးနဲ့ ယှဉ်ကြည့်လိုက်ရင် စိတ်ပညာဆိုင်ရာသဘောတရားတွေကိုလေ့လာအခြေခံပြီး ကြိုးစားထားတဲ့ ဝတ္ထုတိုတွေများတယ်လို့ ဆိုရမှာပါ။ တစ်ပုဒ်ချင်းစီကို သေသေချာချာအချိန်ယူပြီး လေးလေးနက်နက် ပြင်ဆင်ရေးသားထားတာမို့ တစ်ပုဒ်ဖတ်ပြီးတိုင်း အတွေးတစ်ခုကို ဆင့်ပွားခံစားရစေပါတယ်။ တွေးရတာ မကြိုက်တဲ့သူတွေအတွက်တော့ ဒီဝတ္ထုတိုစာအုပ်က သိပ်အဆင်မပြေလောက်ပေမဲ့ ခံစားလွယ်သူတွေအတွက်ကတော့ စာတစ်ကြောင်းချင်းရဲ့ နောက်ကွက်ကတစ်ဆင့် ဖြစ်ရပ်မှန်စိတ်ကူးယဉ်အတွေးတွေကို ဆက်လက်ဖြစ်ပေါ်စေတဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။
မြန်မာတိုင်း(မ်)ဂျာနယ်၊ 08 AUG 2019
ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ
ဝေယံဘုန်း
တန်ဖိုး - ကျပ် ၃၅၀၀
ထုတ်ဝေတိုက် - ကွန်းခိုရာ
By မယ်ငု
“စာရေးဖို့ ကုန်ကြမ်းရှာရမယ် ဆိုတာကို မယုံကြည်ဘူး။ စိတ်ထဲကို တစ်ခုခု တိုးတိုက်ဝင်ရောက်မိ လာမှသာ ရေးသားဖန်တီးတယ်” ဆိုသည့် စာရေးသူ၏ အမှာစာပါ စာသားတစ်စွန်းတစ်စ ဖတ်ကြည့်လိုက်ရသည့်နောက် ‘ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုများ’ စာအုပ်ကို ဖွင့်ဖတ်ကြည့်ဖို့ ဖြစ်လာတော့သည်။
ဟုတ်ပါသည်။ စာတစ်ပုဒ်ကိုဖန်တီးရသည်ဖြစ်စေ ဖတ်ရသည်ဖြစ်စေ မက်ဆေ့ချ်တော့ ပေးလိုက်မည်၊ မက်ဆေ့ချ်တော့ ရရကောင်းစေဆိုသည့် ရည်ရွယ်ချက်တစ်ခုကြောင့် ဆိုသည်ထက် ရင်ထဲကို တစ်စုံတစ်ရာက လာငြိပြီး ဝင်ရောက်လာမှသာလျှင် ခံစားဖန်တီးမှု အစစ်အမှန်ကို ရရှိ ခံစားနိုင်လိမ့်မည် ထင်သည်။ လုပ်ကြံဖန်တီးထားသည့် ထိုးဇာတ်ထက် အမှတ်မထင် လာငြိသည့် ဖြစ်ရပ်ကိုသာ ရေးဖွဲ့ထားသည့် သရုပ်မှန်ဝတ္ထုများသည်သာ ခေတ်အဆက်ဆက်တင်ကျန်နေမည်သာ ဖြစ်သည်။
မျက်မှောက်ခေတ်စာပေရေစီးတွင် စာပေဈေးကွက် ယိုယွင်းလာပြီး စာဖတ်သူများ မရှိကြတော့ဟု မည်မျှပင် ဆိုစေကာမူ ဝတ္ထုတိုများ၊ ဝတ္ထုရှည်များ၊ ဈေးကွက်အတွင်း အရှိန်အဟုန်ကောင်းကောင်းဖြင့် စိမ့်ဝင်နေသည်ဆိုသည်ကိုမူ တစ်နှစ်တာပတ်လုံး ထွက်ရှိသည့် စာအုပ်စာရင်းများကို လေ့လာကြည့်ရုံနှင့် သိနိုင်သည်။ အဆက်မပြတ် ထွက်ရှိလာသည့် စာအုပ်များအနက် ဝတ္ထုတို ဆရာ၊ ဆရာမများ၏ စာအုပ်များစွာကို မြင့်တွေ့ရသည်မှာလည်း မုဒိတာပွားစရာပင်။ စာပေဖန်တီးသူများနှင့် စာဖတ်သူများအတွက် ဝတ္ထုတိုများသည် ရင်ခုန်ဦးသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။
ခေတ်ကာလများ ဘယ်ရွေ့ဘယ်မျှပင် ပြောင်းလဲစေကာမူ မြန်မာ့လူ့အဖွဲ့အစည်းများ၏ ရှေးရိုးစွဲ အစဉ်အလာများသည်လည်း ရွေ့လျားလာသည့်ခေတ်နှင့် လိုက်ပါမလာဘဲ နောက်ပါးတွင် တင်ကျန်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိနေသေးသည်ကို ‘မှဲ့တစ်ခုရဲ့ အနုပညာ’ ဆိုသည့် ဝတ္ထုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ တစ်ခါတလေ ထိုအစဉ်အလာများကြောင့် တချို့တချို့တွေ၏ ဘဝတွေ ပျက်သုဉ်းကြရသည်မှာ နာကျင်စရာကောင်းလှသည်။ ခမ်း၏ စိတ်ကို လှမ်းမျှော်ကြည့်တော့ စာဖတ်သူပါ ခမ်းနှင့် လိုက်ပါနာကျင်မိရသည်။
ဒုတိယမ္ပိ ရင်ကို တိုးတိုက်ဝင်ရောက်လာသည့်ပုတီးကိုချ ကားကိုမ’ ဆိုသည့် သရုပ်မှန် ဝတ္ထုကတော့ လက်ရှိခေတ်၏ ပုံရိပ်ကို ပြက်ပြက်ထင်ထင် မြင်သာစေသည်။ မြေစုအိမ်ကလေးများ ဘဝကနေ အသွင်ပြောင်းကာ မိုးမျှော်တိုက်ခန်းများအဖြစ်သို့ ပြောင်းလဲလာခြင်း၏နောက်ကွယ်တွင် လူသားတို့၏ စာနာနားလည်မှု၊ ကိုယ်ချင်းစာနာမှုနှင့် စိတ်ရှည်သည်းခံမှု စသည်များ ယုတ်လျော့ ပြောင်းလဲလာသည်။ မြို့ပြနေသူများ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် ကားရပ်ရန် မြေနေရာဦးသည့် အလေ့အထသည်လည်း နိစ္စဓူဝ မရိုးနိုင်အောင် မြင်တွေ့နေရသည့် ဖြစ်ရပ်တစ်ခုပါပင်။ သားဖြစ်သူ၏ကား ရပ်ရန်နေရာ မရမှာ စိုးသဖြင့် စားမဖြောင့်၊ သွားမဖြောင့်၊ ယုတ်စွအဆုံး ပွားများနေကျ ဂုဏ်တော်များနှင့် ပုတီးကိုပင် ဖြောင့်တန်းအောင် မစိပ်နိုင်သည့် ဒေါ်လိမ္မာ၏အဖြစ်ကိုကြည့်ပြီး သေလျှင် ကိုယ့်နောက်မပါသည့် ကိစ္စအတွက် စိတ်ဒုက္ခခံနေသည့် ဒေါ်လိမ္မာလိုလူမျိုး ဘယ်လောက်တောင်များ ရှိနေပါပြီလိမ့်ဟု အတွေးပွားရင်း မိမိကိုယ်ကိုယ် တပ်လှန့်လိုက်သလို ဆင်ခြင်ဖွယ်ပင်။
ချစ်ခြင်းမေတ္တာဟာ နူးညံ့သိမ်မွေ့ပြီး သိပ်ကို ဆန်းကြယ်လှပါတကားဟု တွေးယူရလောက်အောင်ပင် ‘ဖိုးကျော်ရဲ့ချစ်သူ’ ကို ဖတ်အပြီး တမြည့်မြည့်နှင့်ပင် ဆွေးရသည်။ ဖွင့်ဟဆိုခွင့်မရခဲ့သည့်တိုင် နောက်ဆုံးအချိန်ထိ ချစ်ခြင်းတရားအပေါ် သစ္စာစောင့်သိခဲ့သည့် ဖိုးကျော်ကို မြင်ယောင်ပုံဖော်ရင်း ငူငူငိုင်ငိုင်ပင် ဖြစ်ရသည်။ စာရေးသူဟာ ဖြစ်လေ့ဖြစ်ထရှိသည့် သမားရိုးကျဖြစ်ရပ်လေးကိုပင် လိုက်ပါခံစားနိုင်အောင် ရေးဖွဲ့နိုင်သူပါလားဟု ဖတ်နေရင်းနှင့် မှတ်ချက်ချမိသည်။
စာရေးခြင်းအလုပ်ဟာ စီးပွားဖြစ်သည့် အလုပ်မဟုတ်ဟု တွေးထင်ထားကြသည့် လူ့ပတ်ဝန်းကျင်မှာ ယုံကြည်ရာစာပေလမ်းကို ရွေးချယ်ရင်း လျှောက်လှမ်းနေသည့် လူငယ်တစ်ဦး၏ အိပ်မက်ကို သီတာ ဝတ္ထုတိုတွင် စိတ်ဝင်စားဖွယ် တွေ့လိုက်ရသည်။ ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ် ၊ ‘တော်တော်ဆိုးတဲ့လူတွေ’ စသည့် ဝတ္ထုတိုများကလည်း ဖတ်အပြီး တွေးစရာတွေ ကျန်ရစ်ခဲ့ရသည်။ ဖေ့စ်ဘွတ်ရေစီးကြောင်းကို တို့ထိထားသည့် ‘စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း’ ဆိုသည့် ဝတ္ထုသည်လည်း သဘောကျစရာပင်။
‘ပိုလီသရစ္စကီးယား၊ ခင်လွမ်းမေ စသည့် သူ့ဝတ္ထုတို ၁၇ ပုဒ်ပါစာအုပ်ကို အဆုံးထိ ဖတ်ကြည့်မိသည့်အခါ တချို့ငြိသလို တချို့ ရင်ထဲတိုက်ရိုက်ဝင်မလာသည်များလည်း ရှိသည်မို့ အားလုံးကောင်းပါသည်ဟုတော့ မဆိုချင်ပါ။ ဖတ်သူများအနေနှင့် စာရေးသူ၏နှလုံးသားနှင့် ထပ်တူကျမကျဆိုသည်မှာမူ စာဖတ်သူ၏ လွတ်လပ်စွာ ခံစားနိုင်မှုနှင့်သာ ဆိုင်ပါသည်။
စာရေးသူသည် သူဖြတ်သန်းခဲ့သောခေတ်ကို သူ့အမြင်ဖြင့်သာကြည့်မြင်ခံစား ဖန်တီးရေးသားထား ခြင်းကြောင့် ဖတ်သူအနေဖြင့် သူ မြင်သလို မြင်ချင်မှလည်း မြင်ပါလိမ့်မည်။ အမြင်ကွဲလွဲချင်လည်း ကွဲလွဲနိုင်ပါလိမ့်မည်။ ကွဲလွဲခွင့်လည်း ရှိပါသည်။ ဒါသည်ပင် စာဖတ်သူ၏ အခွင့်အရေးပင် မဟုတ်တုံလော။
သမားရိုးကျဆန်သည့် အရေးအသားများနှင့် ဖန်တီးမှုများကို ဖတ်ရှုရသည်မှာ ငြီးငွေ့နေသည့် သူများနှင့် အတွေးသစ် အရေးအသားသစ်များကို လိုလားတောင့်တနေသည့် စာဖတ်သူများအနေဖြင့် စာရေးသူ ဝေယံဘုန်း၏ ‘ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ’ စာအုပ်သည် ဖတ်ကြည့်သင့်သော စာအုပ်တစ်အုပ်ဖြစ်သည်ဟုတော့ ညွှန်းဆိုချင်ပါသည်။
The Voice Daily စာအုပ်မြင်ကွင်းကဏ္ဍ (၂၀၁၉ ဩဂုတ် ၂၆)
ကိုကျော်ကျော်ထွန်း၏အညွှန်း
ဆရာဝေယံဘုန်းရဲ့ စိတ်ကူးယဉ်ဝတ္ထုများက ဝတ္ထုတိုစုစည်းမှုမှာပါဝင်တဲ့ ဝတ္ထုတွေက ဖတ်ဖူးနေကျ၊ သမားရိုးကျ ဝတ္ထုတိုတွေနဲ့တော့မတူဘူး။ တွေးစရာတစ်ခုခုကို ပေးတဲ့ဝတ္ထုတိုတွေလို့ဆိုရမယ်။ ဝတ္ထုရေးသူကလည်း ခံစားပြီး ရေးထားထက် စဉ်းစားပြီး ရေးတာကို ပိုကြိုက်တယ်လို့ ဆိုထားတယ်။
ဝတ္ထုတို ၁၇ ပုဒ်အနက် ပထမဆုံး နှစ်ပုဒ်၊ ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ် နဲ့ ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထု က မော်ဒန်ဝတ္ထုတိုပုံစံ ဖြစ်ပြီး ၉၀ ပြည့်လွန်နှောင်းပိုင်းကာလ၊ တာရာမင်းဝေ ဝတ္ထုတွေကို သတိရမိတယ်။ တစ်ပုဒ်က စာပေစိစစ်ရေးက ခွင့်မပြုခဲ့တဲ့ အပုဒ်တဲ့။ သူ့ဝတ္ထုတွေက လက်ရှိ ခေတ်ပြိုင်အခြေအနေတွကို နောက်ခံပြုပြီး ရေးထားတဲ့ ဝတ္ထုတိုတွေ။ ပိုလီသရစ္စကီးယား၊ ပုတီးကိုချကားကိုမ၊ တော်တော်ဆိုးတဲ့လူတွေ က သရော်ဟန်လွှမ်းတဲ့ ဝတ္ထုတွေလို့ ပြောရမယ်။ ဘာသာရေးလွတ်လပ်ခွင့်ပေးထားလို့ ဘာပြဿနာမှမရှိ၊ ငြိမ်းချမ်းနေတဲ့ တိုင်းပြည်၊ ပုတီးကောင်းကောင်းမစိပ်နိုင်ဘဲ ကားရပ်ဖို့နေရာရဖို့ စိတ်စောနေရတဲ့ အဖွားကြီး၊ မတော်တဆ ဖြစ်ရဲ့ လူသေမှုတစ်ခုအတွက် တာဝန်ရှိသူပါလို့ ရဲစခန်းကို လာပြီး အဖမ်းခံတဲ့သူ အကြောင်း။ ညီမလေးကိုကတိတကယ်မပေးခဲ့မိဘူး ကတော့ နှမဖြစ်သူကို ပေးထားခဲ့တဲ့ ကတိကို ဖောက်ဖျက်ပြီး အိမ်ထောင်ပြုခဲ့လို့ ဇနီး နဲ့ နှမဖြစ်သူကြား စိတ်ဒုက္ခဖြစ်ရပုံကို ရေးဖွဲ့ထားတဲ့ စိတ္ထဇဆန်တဲ့ ဝတ္ထုတစ်ပုဒ်။ မှဲ့တစ်ခုရဲ့အနုပညာ ကတော့ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာယုံကြည်ချက်ကြောင့် ကြေကွဲစရာဖြစ်ရတဲ့ မျက်ရည်ခံမှဲ့ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွေ့အကြုံ။ စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း ကတော့ ပဉ္စလက်သရုပ်မှန် ဝတ္ထုတစ်ပုဒ်နဲ့ တူတယ်။ ဖေ့ဘုတ်မှာ ဘလော့ လိုက်ရင် (အပြင်မှာလည်း ဘလော့လိုက်တဲ့ ကိုယ့်ကို) မမြင်ရတော့ဘူးတဲ့။
စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေကိုလည်းတွေ့ရမယ်။ ခင်လွမ်းမေ မှာတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ကြံစည်တဲ့ ပန်းချီဆရာမလေးရဲ့ ဘဝ၊ ပျော်ရွှင်မှု၊ သေခြင်း၊ ရှင်ခြင်း၊ ရွေးချယ်မှု၊ အချစ်၊ စိတ်ကျရောဂါ စတာတွေနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ။ ဆရာမဂျူးရဲ့ စက်ရုပ်တစ်ရုပ်နှင့် ချစ်ခင်ခြင်းကို အမှတ်ရမိစေမဲ့ အချစ်သည် လွတ်လပ်သူဖြစ်၏ မှာတော့ ခံစားချက်ကို ဦးစားမပေးဘဲ ယုံကြည်မှုတစ်ခုနဲ့ အသက်ရှင်တဲ့၊ ဘဝကို လက်တွေ့ကျကျ အပြည့်ဝဆုံး၊ အထိုက်တန်ဆုံးနေသွားဖို့ ဆုံးဖြတ်ထားတဲ့ ဆရာဝန်မလေးရဲ့ လူ့အဖွဲ့အစည်းမှာ မိန်းမတွေရဲ့နေရာ၊ အစစ်အမှန်ကို ဖုံးလွှမ်းနေတဲ့ တည်ဆောက်ထားတဲ့ တန်ဖိုး၊ စံတွေ နဲ့ ပတ်သက်တဲ့ ဒဿနတွေကို တွေ့ရမယ်။ မိန်းမတစ်ယောက်ရဲ့ နေရာနဲ့ပတ်သက်ပြီး ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ကျေနပ်နေတဲ့ မိန်းမနှစ်ယောက်ရဲ့ အတွေးအခေါ်၊ အယူအဆတွေကိုတော့ မောင် မိုး သက် မှာ တွေ့ရမယ်။
ဝတ္ထုတိုတော်တော်များများက မဂ္ဂဇင်းတွေမှာ ဖော်ပြပြီး ဝတ္ထုတိုတွေဖြစ်ပြီး အချို့က စုစည်းထုတ်ဝေတဲ့ ဝတ္ထုတိုပေါင်းချုပ်တွေမှာ ရွေးချယ်ခံရတဲ့ ဝတ္ထုတိုတွေပါ။ ဆရာလေးကိုတင်က ဒီဝတ္ထုတွေကို “အရေးအသားသစ် ဝတ္ထုတိုတွေ” လို့ သတ်မှတ်ထားတယ်။
ကိုနိုင်စွမ်း (စာရေးဆရာနိုင်စွမ်း) ၏ အညွှန်း
မိုးတစိမ့်စိမ့်အောက်မှာပေါ့၊ စာရေးသူ ဆွဲဆောင်ခေါ်ရာကို တငြိမ့်ငြိမ့်နဲ့ လိုက်ပါရင်း တသိမ့်သိမ့် ခံစားကျေနပ်ရတဲ့ စာအုပ် တစ်အုပ်အကြောင်း ကျနော် ပြောပြချင်လာပါတယ်။ ပြုံးရမလို၊ ရယ်ရမလို ခံစားရစေတဲ့ “ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထုတိုများ” က ကျနော့် ချစ်မိတ်ဆွေတို့ မြည်းစမ်းဖတ်ရှုတဲ့ အခါ အရှုံးမရှိစေနိုင်ဘူး လို့ ယုံကြည်ယူဆတဲ့ အတွက် ပြန်လည်ဝေမျှတာ ဖြစ်ပါတယ်။
စာအုပ်ရဲ့ ခေါင်းစဉ်က “ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထုတိုများ” လို့ ဖော်ပြထားတာကြောင့် မိတ်ဆွေတို့လည်း အတွေးဒီဂရီ ကသီကရီ ဖြစ်နေနိုင်မယ် ထင်ပါတယ်။ ရေးသူက ဝေယံဘုန်းပါ။ ဘာသာပြန်ဝတ္ထုရှည် အတော်များများ ဘာသာပြန် ထုတ်ဝေနိုင်ခဲ့တဲ့ ဘာသာပြန် စာရေးဆရာ တဦးပါပဲ။ သူ့ဝတ္ထုတိုတွေကို စိတ်ဖြာကြည့်ရင် (တစ်) ခေတ်ပြိုင်ကို ထင်ဟပ်ပြသည့် အရေးအဖွဲ့ တင်ပြမှုမျိုး ဖြစ်သည်၊ (နှစ်) Modern Sense တင်ပြမှု တစ်နည်းအားဖြင့် စိတ်ခံစားမှုကို လေးနက်စွာ ထင်ဟပ်တင်ပြမှု အရေးအဖွဲ့မျိုးဖြစ်သည်၊ (သုံး) Culture ကို ဝေဖန်ဆန်းစစ်၊ မေးခွန်းထုတ်သည့် ဝတ္ထုတိုမျိုး ဖြစ်သည်၊ ဖြတ်သန်းခဲ့ရာ တွေ့ကြုံရမှုကို သည်းခံစိတ်နဲ့ ခွင့်လွှတ်လိုက်သည့် ဝတ္ထုမျိုး ဖြစ်သည် ဟု ကျနော် အကျဉ်းချုပ်၍ သုံးသပ်မိပါတယ်။
မိဘနဲ့ သားသမီး ဆက်ဆံရေးပဲ ဖြစ်ဖြစ်၊ မိခင်နဲ့ သားသမီး ချွေးမတို့ ဆက်ဆံရေး ဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲ ဖြစ်ဖြစ်… ဖြစ်တတ်သည့်၊ ဖြစ်နေသည့်၊ တည်ရှိနေသည့် ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အတွင်းပိုင်းကို သဏ္ဌာန်လုပ် သရုပ်တူ ဖန်တီး တင်ပြခြင်း မဟုတ်ဘဲ စာရေးဆရာ ဝေယံဘုန်းရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်များကို စိတ်ကူးထည် ဖော်ဆောင်ကာဖန်တီးတယ် ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။
ဒီနေရာမှာ သုံးသပ်မိပါတယ် ဟု ဆိုရာမှာ တန်ဖိုးဖြတ်ခြင်း မဟုတ်ပါ။ ကျနော် သိမြင် ခံစားမိတဲ့ အတိုင်း တင်ပြခြင်းသာ ဖြစ်ပါတယ်။ အဲဒီ သိမြင်ခံစားမှုက ကျနော့် မိတ်ဆွေတို့ကိုလည်း တစ်စုံတရာ ထိခတ် ခံစားမိ စေနိုင်တယ် လို့လည်း မျှော်လင့်ထားပြီး ဖြစ်လို့… အလျဉ်းသင့်ရင် ဖတ်ကြည့်စေချင်တဲ့ စေတနာနဲ့ တင်ပြလိုက်တာပါ။
ထပ်ဆင့်ပြီး နည်းနည်း တင်ပြလိုတာကတော့ ဝေယံဘုန်းဟာ “ဒေါသင့်သော အရေးအဖွဲ့မျိုးထက် ဖြစ်ပျက်ခံစားရသည့် အနေအထားမျိုးမှာပင် တည်ငြိမ် ရင့်ကျက်သည့် ခံစားမှုမျိုးဖြင့် ပြန်လည် တင်ပြသည့် အရေးအဖွဲ့မျိုး” လို့ ဆိုချင်ပါတယ်။ တဖန် မြန်မာ့ဝတ္ထုတို/ရှည်ရေစီး အကြောင်း အမြဲလေ့လာသုံးသပ်ပြီး ဝေဖန်သုံးသပ်နေတင်ပြနေတဲ့ ဆရာလေးကိုတင် ကလည်း “ယခု ကျွန်တော် ဖတ်ရှုရသော ဝေယံဘုန်း၏ ဝတ္ထုတိုများတွင် အရေးအသားသစ် ဝတ္ထုတိုများ တွေ့မြင် ဖတ်ရှုရသဖြင့် ဝေယံဘုန်း ဆိုသော ကလောင်ရှင်အား မြန်မာစာပေဘဏ္ဍာတိုက်တွင် လစ်ဟာနေသော “အရေးအသားသစ် စာပေလက်ရာများ” ဆက်လက်ခံစားဖန်တီးရေးသားနိုင်ပါစေ ဟု ပြောချင်ပါတော့သည်” လို့ မိတ်ဆက်တင်ပြ ရေးသားတင်ပြထားတာ တွေ့ရပါတယ်။
(Naing Swann Facebook)
ကျွန်တော်ဖတ်တဲ့၀တ္ထု
By မျိုးသာထက်
စာရေးဆရာဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို စာရေးဆရာ လက်ဆောင်ပေးတော့ ဖတ်ဖြစ်ပါတယ်။ လက်ဆောင်ရတာက သုံးလလောက်တောင် ရှိပါပြီ။ မိုးရာသီရဲ့မိုးမရွာတဲ့တရက်မှာ စာအုပ်လက်ဆောင်ရခဲ့တယ်၊ ဒါပေမဲ့ ဆောင်းမဝင်သေးလို့ မအေးသေးတဲ့တရက်မှာ ဒီစာလေးရေးဖြစ်တာပါပဲ။ စာရေးဆရာကတော့ သူ့စာအုပ်ဖတ်ဖြစ်ရင် အကျိုးအကြောင်းစာလေးဘာလေး ရေးစေချင်ပုံပါ၊ ကျွန်တော့်စာအုပ်တွေ လက်ဆောင်ပေးဖြစ်တဲ့အခါမှာလည်း ဖတ်ပြီးရင်တခုခုပြောဦးနော်လို့ ပြောလေ့ရှိပါတယ်။ ဒါဟာ စာရေးသူတွေရဲ့ပြောလေ့ရှိတဲ့စကားပါ၊ သူ့စာအုပ်ဖတ်သူရဲ့ အကြောင်းအကျိုး၊ အကောင်းအဆိုး တုံ့ပြန်သံတွေကြားချင်တာပေါ့။ ယောမင်းကြီးစာအုပ်ကို မြင်းထိန်းငတာချီးကျူးသလိုတော့ စာရေးသူတွေက ကြိုက်ကြမယ်မထင်ပါဘူး။ ဒီတော့လည်း ချီးကျူးရုံသက်သက်မဟုတ်ဘဲ ဝေဖန်ရေးလည်းထည့်လိုက်တာပေါ့လေ။
ကျွန်တော့်မှာ အိပ်မက်တခုရှိတယ်။ အဲဒါကတော့ စာရေးဆရာဝေယံဘုန်းလို ဝတ္ထုတိုရှည်တွေရေးဖို့ပါ။ ဒါပေမဲ့ ခံစားမှုအားကောင်းသူမဟုတ်လေတော့ မရေးနိုင်ပါဘူး၊ အခုလိုသုံးသပ်တာတောင် လွန်နေပါပြီ။ ခံစားမှုတန်ဖိုးကို နားမလည်ဘဲနဲ့ ဘယ်လိုလုပ်အကောင်းအဆိုးဝေဖန်သုံးသပ်သင့်ပါ့မလဲ။ ကျွန်တော်စာအုပ်လေးအုပ် ရေးသားထုတ်ဝေခဲ့ဖူးပေမယ့် အားလုံးက အတွေ့အကြုံပေါ်အခြေခံပြီး ရေးသားထုတ်ဝေခဲ့တာချည်းပါ။ ခံစားမှုအသားပေးရေးတာ တခုမှမပါပါဘူး။ ဝေယံဘုန်းစာအုပ်ဖတ်တော့ ခံစားမှုတချို့ရတယ်၊ စဉ်းစားရတယ်၊ ဖြစ်နိုင်မဖြစ်နိုင် လိုက်တွေးကြည့်ရတာ အလုပ်ရှုပ်ပေမယ့် တန်ပါတယ်။ နားမလည်တာတချို့ကိုတော့ ကျော်ဖတ်လိုက်တယ်။ နားမလည်ဘူးဆိုတာ မော်ဒန်အရေးအသားတချို့ပါ။ ကျွန်တော်လည်း အဲဒါမျိုးတွေရေးခဲ့ဖူးပေမယ့် အခုတော့အဲဒါမျိုးတွေ မဖတ်ချင်တော့ပြန်ဘူး၊ ဦးနှောက်က မဆန်းပြားနိုင်တော့တာလည်းပါမယ်။ အသက်ကြီးတဲ့အထိဒန်နိုင်တဲ့ စာရေးဆရာကြီးတွေကိုလေးစားပေမယ့် ကျွန်တော်တော့သတင်းစာဆရာလုပ်ဖူးလို့လား မသိဘူး။ စာတကြောင်းဖတ်ပြီး ရှုပ်နေရင်မကြိုက်တော့ဘူး၊ ကျော်ဖတ်လိုက်တယ်။
ဝေယံဘုန်းစာအုပ်က ရှင်းရှင်းလေးပဲ၊ သူ အမှတ်တရဖြစ်အောင် ထုတ်ထားတာပဲ။ ဒါကြောင့် စာအုပ်ကို သူ့စိတ်ကြိုက်ထုတ်လုပ်ထားတယ်။ စာတအုပ်လုံးခြုံပြောရရင်တော့ စာရေးသူဟာ စာဖတ်နာထားတော့ စကားလုံးသုံးစွဲမှုကြွယ်ဝတယ်၊ သိပ်သိပ်သည်းသည်းရေးနိုင်တယ်။ တချို့အပုဒ်တွေက တိုတိုလေးဖြစ်နေပေမယ့် လုံလောက်တယ်၊ တချို့ကိုတော့ သူကိုယ်တိုင်လည်းရေးရင်း ကြိုက်နေလို့နဲ့တူပါရဲ့ တော်တော်လေးရှည်ရှည်ရေးတယ်။ တအုပ်လုံးမှာ စာ ၁၇ ပုဒ်ပါပေမယ့် လေးငါးပုဒ်ကိုတော့ ကျွန်တော်အတော်သဘောကျတယ်၊ ဖတ်ရတာတန်တယ်။ ဖတ်နေရင်း စာဆုံးသွားမှာတောင် နှမြောနေမိတယ်။ သူ့စာတွေက အမှန်တဝက် အတွေးတဝက် အဆက်အစပ်ပဲ၊ ဒါကပဲ စာရေးသူရဲ့စာရေးခြင်းအတတ်ပညာပဲ။ စာရေးဆရာတွေကိုမေးတတ်ကြတဲ့ စာဖတ်သူတွေရဲ့သိချင်စိတ်ကို ဖော်ပြတတ်တဲ့မေးခွန်းတခုရှိတယ်။ တကယ်လားဆိုတာပဲ၊ တကယ်လားဆိုတာဖတ်ကြည့်လိုက်ရင် ပေါ်ပါတယ်။ ဒါပေမဲ့ ဖန်တီးမှုက ကောင်းလွန်းနေတော့ ဖမ်းစားနိုင်သွားပြီး ယုံချင်သွားတယ်၊ ယုံလိုက်ရရင် ကောင်းမယ်လို့ စာဖတ်သူက အတွေးပေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအတိုင်း (ဖတ်ရတဲ့အတိုင်း) သူက ဖြစ်စေချင်နေတာကိုး။ ဝေယံဘုန်းကတော့ ပြောပါတယ်။ စာအုပ်ထဲမှာပါတဲ့ ဝတ္ထုတိုင်းဟာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေပဲ မဟုတ်သလို ရာနှုန်းပြည့်စိတ်ကူးယဉ် လုပ်ကြံရေးထားတာတွေလည်း မဟုတ်ဘူးတဲ့။
စာရေးဆရာနဲ့သိတဲ့အကြောင်းလေးပြောပြချင်သေးတယ်။ သူနဲ့အတူ ကျွန်တော် မဟာဘွဲ့စကောလားရှစ်အတူ ဖြေဖူးတယ်။ ကျွန်တော်က မရခဲ့ပါဘူး။ သူရသွားပြီး ဖိလစ်ပိုင်ကနေ မာစတာတခုယူခဲ့တယ်၊ အင်္ဂလိပ်စာသိပ်တော်တယ်။ အေးအေးဆေးဆေး သူ့ဟန်ပန်နဲ့လိုက်လျောညီအောင် တည်တည်ငြိမ်ငြိမ် အလုပ်လုပ်တတ်တယ်။ ဘာသာရေးလည်းကိုင်းရှိုင်းပုံပေါ်ပြီး စာဖတ်အားကောင်းသူဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက တရားသဘောတွေ ဆင်ခြင်စရာတွေ ရေးတတ်သလို ရေးပုံကလည်း စကားကြွယ်ပြီး သူပို့ချင်တဲ့ဆီအရောက် တိတိကျကျပို့နိုင်တယ်။ အသက်ထက်စာရင် အသိပိုကြွယ်သူ၊ ကျွန်တော်သဘောကျတာက သူ့မှာ ဖွဲ့သီနိုင်စွမ်း တနည်း ဖန်တီးနိုင်တဲ့လက်ရှိတယ်။ သူလည်း သတင်းစာဆရာပါပဲ၊ ဒါပေမဲ့ သူက စာရေးခြင်း တနည်း ဖန်တီးမှုကို ပိုစိတ်ပါပုံရတယ်။ ကျွန်တော်က သတင်းစာဆရာထက်ပိုတဲ့သူ မဖြစ်နိုင်ဘူး၊ လက်က စာဖတ်သူအပေါ်က ရေးချင်တယ်၊ ဆရာလုပ်ချင်တယ်။ စာရေးဆရာဝေယံဘုန်းက ဖြည်းဖြည်းအေးအေးဆွဲခေါ်ချင်တယ်၊ သူ့ခံစားမှုတွေကို တခြားသူတွေဆီကူးစက်စေချင်သူ။ စိတ်ကူးယဉ်ကူးစက်ရောဂါပိုးကို ယုံယုံကြည်ကြည်နဲ့ စွဲကပ်လက်ခံသွားအောင် စေစွမ်းချင်သူ။ ခေတ်နဲ့တော့ ညီပါရဲ့လားမသိဘူး၊ ကျွန်တော့်လို ငပျင်းတွေများနေရင်တော့ သူ့စာတွေ ကျော်ဖတ်ကုန်မှာပဲ။ စဉ်းစားရရင်ကို မစဉ်းစားချင်တော့သူတွေများတဲ့ခေတ်။
ကျွန်တော်ကြိုက်တဲ့တပုဒ်လောက် ပြောပြချင်သေးတယ်။ တကယ်တော့ တပုဒ်မကပါဘူး။ လိုက်မီတော့ကြိုက်တယ်၊ ဟဒယထိတော့ကြိုက်တယ်။ အဲဒီလို။ ''ပုတီးကိုချ ကားကိုမ''၊ ''အတိတ်ရဲ့အရိပ်''၊ ''ပိုလီသရစ္စကီးယား''၊ ''ခင်လွမ်းမေ'' (ကျွန်တော်က ခင်လွန်းမေလို့ ဖတ်တယ်)၊ ''စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း''။ တကယ်တော့ ကျန်တာတွေလည်း ကောင်းပါတယ်၊ ရင်ထဲထိတယ်။ ကျွန်တော်အကြိုက်ဆုံးငါးပုဒ်က ဘာဖြစ်မလဲလို့ ကိုယ့်ဘာသာမေးကြည့်တော့ အဲဲဒါတွေထွက်လာတယ်။ ကျွန်တော်ကြိုက်တာကိုပြောတာ၊ ကျန်တာတွေကို မကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး။ အဲဒီ အတိတ်ရဲ့အရိပ် က ကြိုက်လည်းကြိုက် ဇာတ်ကိုဆွဲစိထားတာကိုလည်း သဘောကျလို့။ ဟဒယထိတယ်ဆိုတာ အဲဒါမျိုးပဲ၊ ကိုယ့်စိတ်နဲ့ကိုက် ကြိုက်တာပေါ့လေ။ ကျွန်တော်လည်း တက္ကစီစီးရင် ကားဆရာနဲ့ စကားပြောလေ့ရှိတယ်၊ စာရေးဆရာလိုတော့ ဇာတ်ဖန်တီးဖို့ပြောတာ မဟုတ်ပါဘူး။ နောက်ပြီး အဲဒီဇာတ်လမ်းထဲကလို လူတယောက်နဲ့ ကျွန်တော်စကားပြောဖူးတယ်၊ နောက်တော့ သူ့အိမ်အထိရောက်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်က ဇာတ်လမ်းထဲကလူလို ဒေါသမထွက်ဘူး၊ ဇာတ်ရှိန်မတင်ဘူး။ ပြုံးပြုံးပဲ၊ ပြောချင်တာက အဲဒါပါပဲ။ ဝေယံဘုန်းက ဖန်တီးရှင်ပဲ၊ သူ့ကျတော့ ဝတ္ထုတပုဒ်ဖြစ်ခဲ့တယ်။
ပုတီးကိုချ ကားကိုမ ဆိုလည်း ဒေါ်လိမ္မာကို အပြင်မှာ ကျွန်တော်ကောင်းကောင်းသိတာပေါ့။ တခါတလေတောင် ဒေါ်လိမ္မာဟာ ကျွန်တော်ကိုယ်တိုင်ဖြစ်လို့။ ဝေယံဘုန်းဟာ ဒေါ်လိမ္မာတွေအများကြီးကို ဝတ္ထုဇာတ်လမ်းထဲ ထိုးထည့်ပြနိုင်တယ်။ သူ့ကိုချီးကျူးချင်တာအဲဒါပဲ၊ ဒါပေမဲ့ သူက တရားပြချင်တယ်လေ၊ အရေးကြီးတာတွေ ပြောချင်တယ်လေ။ ၁၅ မိနစ်လောက်နဲ့ တရားဟောချင်တော့ သူ့ဖန်တီးမှုနဲ့ မြန်မြန်ဇာတ်သိမ်းပေးလိုက်တယ်၊ ဒေါ်လိမ္မာသေသွားတယ်။ တကယ်က အပြင်မှာ ဒေါ်လိမ္မာတွေအများကြီး အသက်ရှင်နေကြတုန်း၊ သူတို့မသေတော့မယ့်အတိုင်း ရှင်နေကြတုန်း။ ကျွန်တော်တောင် သူ့ဒေါ်လိမ္မာ့ရုပ်အလောင်းကြီးမြင်နေရင်းနဲ့ အသံထွက်အောင် ပေါ့ပေါ့ပါးပါး တချက်ရယ်မိသွားတယ်။ ဝေယံဘုန်းက အဲဒီလိုလူ၊ တရားဟောနေရင်းနဲ့မှ သူက တချက်တချက် ထသရော်ချင်သေးတယ်။ လူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လေးလေးစားစား မျက်နှာချင်းဆိုင် စကားပြောနေရင်း သူ့စိတ်ထဲကတချက် ရယ်လိုက်တတ်သူ။ သူရေးတာကြည့်လေ၊ ''လူတယောက်ဟာ သေတော့လည်း အားလုံးကိစ္စတွေ ပြီးသွားတော့တာပဲ။ သူမသေခင်မှာ သူ ပူပန်နေခဲ့တဲ့ကိစ္စတွေဟာလည်း သူသေတော့ သူနဲ့အတူ တပါတည်းလိုက်ပါ အဆုံးသတ်သွားကြတာပဲလို့ ရာအိမ်မှူးကြီးက မီးသင်္ဂြိုဟ်စက်ခေါင်းတိုင်ကနေ ထွက်လာတဲ့ မီးခိုးတွေကိုကြည့်ပြီး လမ်းထဲက ကာလသားခေါင်းကို တရားကျကျနဲ့ ပြောလိုက်သေးတယ်။ ကာလသားခေါင်းကတော့ ရာအိမ်မှူးစကားထက် မနေ့ညက ဒေါ်လိမ္မာ့အိမ် နာရေးဖဲဝိုင်းမှာ ရှုံးခဲ့တာကို ပြန်စဉ်းစားပြီး ကနေ့ည ပြန်နိုင်အောင် ဘယ်လိုဆော့မလဲ တွေးနေလေရဲ့။''
လူနောက်တွေရှိတယ်၊ နေရာတကာမှာရှိတယ်။ သေသွားသူတွေထဲမှာရော မသေကြသေးသူတွေမှာရော လူဆိုးတွေ၊ လူနောက်တွေ၊ လူမသမာတွေ၊ လူမသာတွေရှိကြတယ်။ ဒါတွေကို ဝေယံဘုန်းရဲ့စာအုပ်ထဲမှာ တွေ့နိုင်ပါတယ်။ အချစ်ကြိုက်လည်း အချစ်ကိုတွေ့နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျတဲ့အချစ်မျိုး၊ ဟား ကျွန်တော်တို့လိုလူပျိုတွေအကြိုက် အချစ်မျိုးပေါ့။ စိတ်ကူးယဉ်ဝတ္ထုတွေထဲက လက်တွေ့ကျတဲ့အချစ်မျိုးပေါ့။ ဝေယံဘုန်းက အဲဒီလိုမြင်တတ်တယ်၊ ဖွဲ့တတ်တယ်။ ကြည့်ပါ။ ''မ မင်းအကြောင်းကိုချည်း တချိန်လုံံး မတွေးချင်ဘူး။ တွေးလည်း မတွေးနိုင်ဘူး။ မ မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ တခြားပေးစရာ အချိန်တွေရှိသေးတယ်။ မ ယုံကြည်ရာတွေ လုပ်ရဦးမယ်။ ပြောရရင် မ အခုလက်ရှိနေနေတဲ့ အချိန်ဇယား၊ အလုပ်ဇယားကို ရည်းစားရလာလို့ဆိုတဲ့ အကြောင်းနဲ့တော့ မဖျက်ချင်ဘူး။ မဖျက်နိုင်ဘူး။ ကောင်လေးကိုလည်း အဲဒီလိုပဲဖြစ်စေချင်တယ်။ တနေ့တာမင်းလုပ်ရမယ့် အလုပ်တွေကို မ အတွက်ကြောင့် မပြောင်းပစ်စေချင်ဘူး။ မနဲ့ တနေ့တနေ့ တောင်စဉ်ရေမရ ဖုန်းတွေပြောပြီး အချိန်တွေ မကုန်စေချင်ဘူး။ ဒါပေမဲ့ တခုတော့ မ သေချာပြောနိုင်တာ မနဲ့မင်းနဲ့ တွေ့တဲ့အချိန်မှာတော့ မ ဟာ တလောကလုံးမှာ ရှိရှိသမျှတွေကိုမေ့ထားပြီး မင်းတယောက်တည်းသာရှိသလိုမျိုး ဖြစ်စေရမယ်။ ပြောရရင်တော့ကွာ ကွာလတီတိုင်းမ်ပေးမယ်ပေါ့။ တသသဖြစ်ရမယ့်အချိန်လေး ပေးမယ်ပေါ့။ အဲဒီအချိန်တွေမှာ ဘာနဲ့မှမတူအောင် ပျော်စေရပါမယ်လို့ ကတိပေးတယ်။ ဒီကမ်းလှမ်းချက်ကို သဘောတူရင် မနဲ့မင်းနဲ့ ချစ်သူဖြစ်လို့ရပါပြီ။'' တဲ့။ ကျွန်တော်ဆို ချက်ချင်း ရက်စ်လို့ ပြောမိမလားပဲ။ အဲဒီအချစ်ဝတ္ထုလေးက အချစ်သည် လွတ်လပ်သူဖြစ်၏ တဲ့။
ဝေယံဘုန်းက သူ့စိတ်ကူးတွေကို သူ့စာဖတ်အား သူ့အတွေ့အကြုံ သူ့လေ့လာအားတွေနဲ့ သူတတ်ကျွမ်းသလောက် အချိုးကျကျရောစပ်ပြီး ဖန်တီးပြတယ်။ အရည်အချင်းရှိတဲ့ ဘားတန်ဒါလို။ ခွက်တိုင်းခွက်တိုင်းဟာ အရောင်လှလှ ပြင်ပြင်ဆင်ဆင်နဲ့ မျက်လုံးနဲ့ရော စိတ်နဲ့ရော လက်တွေ့ပါ သောက်ကောင်းမှာပါ။ ဝီစကီကောင်းကောင်းကို ရေခဲမပါ ရေမရော ခပ်ပြင်ပြင်းကြိုက်သူမျိုး ကျွန်တော့်လိုဆိုရင်တော့ သူဒီလောက်ဖန်တီးပြစရာတောင် မလိုပါဘူး။ အခုတော့ သူဖန်တီးထားခဲ့တယ်၊ ခံစားမှုအသားပေးဖတ်ချင် ခံစားချင်ရင်တော့ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုတွေကို မြည်းစမ်းကြည့်သင့်ပါတယ်။ သူ့အချစ်ဖွဲ့ပုံ စဉ်းစားပုံလက်တွေ့ကျတာကို ထည့်သွင်းပြီး သူ့စာအုပ်ကို ကျွန်တော်နာမည်ပေးရရင် ''ဖြစ်ရပ်မှန် လက်တွေ့ကျကျ စိတ်ကူးယဉ်ဝတ္ထုများ'' လို့။
Myo Tha Htet facebook
Myo Tha Htet facebook
စာအုပ်အညွှန်း (ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထုတိုများ - ဝေယံဘုန်း)
By ကောင်းကင်ကို
ဝတ္ထုတိုလေးတွေ ၁၇ ပုဒ် ပါဝင်တဲ့ စာအုပ်ပေါ့။ စာအုပ်ထဲမှာ ဝတ္ထုတိုတွေက အမျိုးအစား စုံတယ်။ လေးကိုတင် အမှာစာမှာ ပြောထားသလို modern sensibility တွေနဲ့ ခြယ်သထားတဲ့ ဝတ္ထုမျိုးတွေရော၊ ဇာတ်လမ်းပါတဲ့ ဝတ္ထုမျိုးတွေရော၊ သရုပ်မှန် ဝတ္ထုမျိုးတွေပါ ပါတယ်။
ဒီစာအုပ်ထဲက တချို့ ဝတ္ထုတိုတချို့အကြောင်း ရွေးပြီး ပြောချင်တယ်။ ငါးပုဒ်လောက်ပေါ့။ ပထမဆုံး ပြောချင်တဲ့ ဝတ္ထုက ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်။ ကျွန်တော့်အမြင်အရဆိုရင်...ဒီဝတ္ထုကို ဖတ်တဲ့အခါ “reader involvement” ပါဝင်ရမယ့် ပို့စ်မော်ဒန် အရေးအဖွဲ့မျိုး။ အမှာစာထဲမှာတော့ စာရေးဆရာ ဝေယံဘုန်းက သူ့ဝတ္ထုတွေကို ရည်ရွယ်ချက်တစ်ခုခုနဲ့ ရေးတာမဟုတ်ဘူး၊ ဘာမက်ဆေ့ချ် ပေးဖို့မှ ရေးတာ မဟုတ်ဘူးလို့ ဆိုထားတယ်။ ဒါပေမဲ့ မက်ဆေ့ချ်ပေးဖို့ ရည်ရွယ်တာမဟုတ်တဲ့ ဝတ္ထုတွေဟာ အတွေးအမြင်တစ်ခုခုရော မပေးနိုင်ဘူးလား။ အခုဝတ္ထုက ကျွန်တော့်ကို အတွေးအမြင်တချို့ ပေးတယ်။ တွေးစေတယ်ပေါ့။
ကြားဖြတ်ပြောရရင်… ကျွန်တော့်ရှုထောင့်ကတော့… စာရေးသူက ရည်ရွယ်ချက်ပါပါ မပါပါ၊ မက်ဆေ့ချ် ပေးပေး မပေးပေး ဒါတွေ အရေးမကြီး။ အဲ...ဖတ်ပြီဆိုရင်တော့ ရသတွေ၊ အတွေးအမြင်တွေ ရတာ၊ ကိုယ့်ကို တွေးစေတဲ့ စာမျိုးတွေပဲ ပိုကြိုက်တယ်။ ဒီလောက် ရွေးချယ်စရာတွေ များလှတဲ့ ခေတ်ကြီးမှာ ရသလည်း မပေး၊ ပညာလည်းမရ၊ အတွေးအမြင်လည်း မရ၊ ကိုယ့်ကို တွေးအောင်လည်း မလှှုံ့ဆော်ဆိုတဲ့ စာမျိုးတွေဆိုရင်တော့ ကျွန်တော် မဖတ်ချင်။ အပျော်ဖတ်ဆိုရင်လည်း ရသ တစ်မျိုးမျိုး ပေးနိုင်ရင် လက်ခံလို့ရတယ်။ ဖတ်ပြီး အချိန်ပဲ ကုန်သွားတဲ့ အဖြစ်မျိုးကိုတော့ ကျွန်တော်မကြိုက်။ ခေတ်မမီဘူးပြောရင်လည်း ကိုယ်ဟာ ခေတ်ဖက်ရှင်နောက်၊ ခေတ်ရေစီးကြောင်းနောက် လိုက်နေသူ မဟုတ်။ ပြောကြပါစေပေါ့။ ကျွန်တော်ဆိုလိုတာက ဝတ္ထုတွေဟာ အတွေးအမြင်ကို အတုံးလိုက် အတစ်လိုက် ပေးရမယ်လို့ မဆိုလို။ အဲလိုပေးလည်း ကိစ္စတော့ မရှိ။ ဥပမာ စိတ္တရလေခါ လို ဝတ္ထုမျိုးဆို ကျွန်တော့်အမြင်မှာ…. ရသပိုင်းကို ထိခိုက်လောက်အောင် အတွေးအမြင်တွေ၊ စကားအပြန်အလှန်ပြောခြင်းတွေနဲ့ ရသပိုင်းကို ထိခိုက်စေပေမဲ့ အတွေးအမြင်အရ တန်ဖိုးရှိတယ်ထင်လို့ ကျွန်တော်တော့ ဝတ္ထုကောင်းအဖြစ် လက်ခံလိုက်တာပဲ။ ယေဘုယျအားဖြင့်တော့ ရသပိုင်းကို မထိခိုက်ရင်တော့ ပိုကောင်းတာပေါ့။ ဒါတွေကလည်း ကျွန်တော့် အမြင်သက်သက်။ လူတိုင်း ဒီလို လိုက်မြင်ရမယ်ဆိုပြီး အနုပညာ ဥပဒေသတစ်ရပ် ထုတ်နေခြင်းတော့ မဟုတ်။
ဒီဝတ္ထုတိုကတော့ ကျွန်တော့်ကို တွေးစရာတချို့ ပေးတယ်။ အတွေးအမြင်ဆိုတိုင်းလည်း ကမ္ဘာမှ မရှိဖူးသေးတဲ့ အိုင်ဒီယာအသစ်အဆန်းကြီးတွေ၊ တအားနက်နဲတဲ့ ဒဿနတွေ ပါရမယ်လို့ ဆိုလိုခြင်းမဟုတ်။ ဒါက ရသစာအုပ်လေ။ လူတိုင်းသိပြီးသား တွေးစရာ တစ်ခုခုကို တင်ပြပုံအသစ်တစ်ခု၊ ဒါမှမဟုတ် metaphor အသစ်တစ်ခုနဲ့ တင်ပြရင်လည်း စိတ်ထဲမှာ စွဲသွားစေတာပဲ မဟုတ်လား။ ဒီဝတ္ထုထဲက အရေးအသားက “ပွဲကြည့်ပရိသတ်များလှသော ထိုဇာတ်ပွဲသည် ကျွန်တော့်ရင်ထဲ ဒွိဟအသစ်တို့ကို ပေါက်ဖွားစေခဲ့၏ ။ ဇာတ်ပွဲမှာ မဟောသဓာ ဇာတ်ဝတ္ထုထဲမှ သိရီမန္တပြဿနာခန်း ကို တင်ဆက်နေခြင်း ဖြစ်သည်။ ဇာတ်ဝင်ခန်းအတိုင်း မဟောသဓာ နှင့် သေနက အမတ်ကြီးတို့ စကားစစ်ထိုးနေကြသည်။ တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံကြရင်း နောက်ဆုံး မဟောသဓာ ရှုံးသွားပါသည်” တဲ့။ အဲဒီနောက်မှာတော့ narattor က လူအုပ်ထဲမှာ ထအော်တယ်။ “ဟာ… မဟုတ်ဘူး။ မဟုတ်ဘူးဗျ။ ခင်ဗျားတို့ မှားနေပြီ။ တကယ်က သေနက အမတ်ကြီး ရှုံးတာ။” narattor က ဖြစ်စဉ်ကို ဆက်ပြောတယ်။ “ထိတ်လန့်တကြား ထအော်သည့် ကျွန်တော့်ကို လူအုပ်ကြီးက အစိမ်းလိုက် ဝါးစားတော့မည့် ပုံစံမျိုးဖြင့် စိုက်ကြည့်လိုက်သည်မှာ တစ်ကိုယ်လုံး ကျုံ့ဝင်သွားသလားဟုပင် ထင်လိုက်ရသည်” တဲ့။ အဲဒီဇာတ်က… လောကမှာ ပညာ နဲ့ ဓနဥစ္စာ ဘယ်ဟာက ပိုမြတ်သလဲ ဆိုတာကို မဟောသဓာ နဲ့ သေနက အမတ် ငြင်းကြတာ။ မဟောသဓာက ပညာက ပိုမြတ်တယ်ပေါ့။ သေနက က ဓနဥစ္စာက ပိုမြတ်တယ်ပေါ့။ တကယ့်ဇာတ်ထဲမှာတော့ ပညာသမား မဟောသဓာက အနိုင်ရသွားတယ်။ ကျွန်တော်တို့ ရပ်ဝန်းမှာကျ ပညာဆိုရင် … ဥပမာ…. အပေါင်း၊ အနုတ်၊ အမြောက်၊ အစား လောက် တတ်ရင်ရပြီ၊ အဓိကက ငွေရှာနိုင်ဖို့ပဲလို့ တွေးကြလေ့ ရှိတယ်မဟုတ်လား။ ခြွင်းချက်တွေလည်း ရှိတယ်ဆိုပေမဲ့ …ပညာသမားဟာ ငွေနဲ့အောင်မြင်မှုသာ တွဲမပါလာရင် အပယ်ခံရတာပဲ များပါတယ်။ ဒါဟာ လူတိုင်းသိပြီးသား အတွေးအမြင်ဆိုပေမဲ့ တင်ပြပုံ၊ ဇာတ်ကြောင်းပြော အရေးအဖွဲ့ထဲမှာ မဟောသဓဇာတ်နဲ့ ချိတ်ပြီး တင်ပြပုံက ကျွန်တော့်အတွက်တော့ မိုက်တယ်။
ကျွန်တော် အကြိုက်ဆုံးကတော့ ပိုလီသရစ္စကီးယား ဆိုတဲ့ ဝတ္ထုတိုပဲ။ အဲဒါက စာရေးဆရာရဲ့ စိတ်ကူးယဉ်နိုင်ငံရဲ့ နာမည်။ ဝတ္ထုထဲမှာတော့ စိတ်ကူးယဉ်နိုင်ငံလို့ ပြောမထားဘူးပေါ့။ အဲဒီထဲက အရေးအဖွဲ့ တချို့က
“အဲဒီဥပဒေအရ ဥပဒေအာဏာတည်တဲ့နေ့ကစလို့နောက်ပိုင်း မွေးလာတဲ့ကလေးတိုင်းဟာ မိဘက ဒီဘာသာ ကိုးကွယ်လို့ ဒီဘာသာဝင်ရတယ်လို့ ဖြစ်ခွင့်မရှိတော့ဘူး။ သူတို့ အသက်ဆယ့်ရှစ်နှစ် မပြည့်မချင်း သူတို့ကို မိဘက ကိုယ်ကိုးကွယ်တဲ့ဘာသာကို လိုက်ကိုးကွယ်စေရယ်လို့ လုပ်ခွင့်မရှိတော့ဘူး။ ကလေး ဆယ့်ရှစ်နှစ် ပြည့်တော့မှ သူကြိုက်တဲ့ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ရမယ်လို့ ပြဋ္ဌာန်းတယ်။”
“ဟင်… အဲဒီတော့ မိဘတွေက မကျေမနပ်မဖြစ်ဘူးလား။ ဘယ်သူဖြစ်ဖြစ် ကိုယ့်သားသမီးကို မိဘက ဘာသာတရားယုံကြည်မှုကိုပါ အမွေပေးချင်တာပဲ မဟုတ်လား။”
“ဆရာလေးပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အစိုးရက ပိုလီသရစ္စကီးယားကို လောကီသီးသန့် နိုင်ငံ တည်ဆောက်ချင်တာ။ သူတို့က အနောက်တိုင်းမှာ ကျောင်းတက်ပြီးပြန်လာကြတဲ့ လစ်ဘရယ် ဒီမိုကရက်တွေ၊ ဆီကျူလာရစ်တွေ ကိုးဗျ။ သူတို့က ဘာသာရေးနဲ့နိုင်ငံရေးကို စည်းခြားချင်တယ်။ နောက်ပြီး လူတစ်ယောက်ဟာ မိဘကိုးကွယ်တဲ့ ဘာသာကို ကိုးကွယ်တာထက်စာရင် အသက်ကြီးမှ ကိုယ့်ဟာကိုယ် လေ့လာပြီး လွတ်လွတ် လပ်လပ်ဆုံးဖြတ်စေချင်တာက ပိုပြီး စစ်မှန်တယ်လို့ ယူဆတယ်။ ကုန်ကုန်ပြောရရင် ဘာဘာသာမှ မကိုးကွယ်ဘဲ ဘာသာမဲ့အနေနဲ့ နေချင်ရင်လည်း ရတယ်။”
ကျွန်တော်တို့ တခါတခါ စိတ်ကူးယဉ်လေ့၊ ကောင်းမကောင်း ငြင်းခုန်လေ့ ရှိကြတဲ့ အတွေးမျိုးပေါ့။ ဒီအတွေးတွေရဲ့ အကျိုးအပြစ်တို့၊ လက်ခံခြင်း၊ ပယ်ချခြင်းတို့ကို ကျွန်တော် ဒီ review မှာ ပြောချင်တာမဟုတ်ပါဘူး။ ဒီအတွေးတွေနဲ့ ဝတ္ထုကို တန်ဆာဆင်လိုက်တဲ့အခါ ဝတ္ထုက လှပသွားတယ်။ ပြီးတော့ ဒါမျိုးအတွေးမျိုး တွေးဖူးပြီးသား ဆိုရင်တောင် စာဖတ်သူကို ပြန်တွေးစေတယ်။ အဲဒီဝတ္ထု ဖတ်ချင်ရင်တော့ online မှာ ကျွန်တော် link တွေ့တယ်။ http://waiyanhpone.blogspot.com/2018/07/blog-post.html ပါ။
စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း ကတော့ ဇာတ်ကြောင်းဆန်းဆန်းနဲ့ ရေးဖွဲ့ထားတာပါ။ ဘယ်လိုပါလိမ့်လို့ သိချင်စိတ်က စာဖတ်သူကို ဆွဲခေါ်သွားနိုင်တဲ့ ဝတ္ထုမျိုး။ ဇာတ်ကောင်က တစ်ယောက်ယောက်ကို Facebook မှာ block လုပ်လိုက်ရင် block ခံရသူရဲ့ အမြင်မှာ (အပြင်လောကမှာပါ) လုံးဝ ကိုယ်ပျောက်သွားတဲ့ ဇာတ်လမ်းပါ။ အားလုံးအတွက် ကိုယ်ပျောက်သွားတာမျိုးမဟုတ်။ block ခံရသူတစ်ယောက်တည်းအတွက်ပဲ ကိုယ်ပျောက်သလို ဖြစ်သွားတာမျိုး။
နောက်ကြိုက်မိတဲ့ တစ်ပုဒ်ကတော့ အချစ်သည် လွတ်လပ်သူဖြစ်၏ ဆိုတဲ့ ဝတ္ထုတို။ Romance ဆန်ဆန် ဝတ္ထုလေး။ အဲဒီဝတ္ထုတိုထဲက အမျိုးသမီးဇာတ်လိုက်ရဲ့ ဇာတ်ကောင်စရိုက်က ဂျူးရဲ့ ဝတ္ထုထဲက အိမ်စိုးမေရဲ့ ဇာတ်ကောင်စရိုက်နဲ့ ဆင်တယ်။ ဆင်တယ်လို့ ပြောတာပါ။ တူတယ်လို့ ပြောတာမဟုတ်။ ဂျူးနဲ့ နှိုင်းခြင်းလည်း မဟုတ်ပါဘူး။ သူ့ဟာနဲ့သူ ကျွန်တော်ကြိုက်တယ်။ ဝေယံဘုန်း ဝတ္ထုဖတ်ချိန်မှာ အိမ်စိုးမေ ကို သတိရတာကိုပဲ ပြောချင်တာ။ ဝေယံဘုန်း ဝတ္ထုထဲက မ...ဟာလည်း အမျိုးသားကို ဦးဆောင်နိုင်တယ်၊ နိုင်ငံရေးကို ဝါသနာပါတယ်၊ အချစ်ရေးကို ဦးစားမပေးဘူး ဆိုတာမျိုးတွေ တူတယ်ပေါ့။ ကောင်မလေးက ကျောင်းသား သမဂ္ဂ ခေါင်းဆောင်။ ဝတ္ထုထဲက နိုင်ငံရေး ဖြစ်စဉ်တွေကတော့ တကယ့်အပြင်လောက က ဖြစ်စဉ်တွေမဟုတ်။ စိတ်ကူးယဉ် ဖြစ်စဉ်တွေ။ အဲဒါကို အရေးအသား သွက်သွက်နဲ့ ဆွဲခေါ်သွားတယ်။ အရေးအသားတစ်ခုက “အင်း၊ ဟုတ်တယ်။ မ... မင်းအကြောင်းကိုချည်း တစ်ချိန်လုံး မတွေးချင်ဘူး။ တွေးလည်း မတွေးနိုင်ဘူး။ မ...မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ မ..ယုံကြည်ရာတွေ လုပ်ရဦးမယ်။ ပြောရရင် … မ..အခုလက်ရှိ နေနေတဲ့ အချိန်ဇယား၊ အလုပ်ဇယားကို ရည်းစားရလာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ မဖျက်ချင်ဘူး။ မဖျက်နိုင်ဘူး။ ကောင်လေးကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်………”
ကျွန်တော်ငြိတာတွေချည်း ပြောပြီး မငြိတာကို မပြောရင်လည်း မရိုးသားရာ၊ လှည့်ဖြားရာ၊ ခင်မင်သူ အချင်းချင်း အသွားလွတ်မြှောက်ရာ ကျသွားပြီး၊ ကျွန်တော်တန်ဖိုးထားတဲ့ အပေါ်မှာဖော်ပြထားတဲ့ ဝတ္ထုတိုလေးတွေပါ တန်ဖိုးမဲ့သွားမယ်။ ကျွန်တော် သိပ်မငြိတဲ့ ဝတ္ထုတို တစ်ပုဒ်အကြောင်းလည်း နည်းနည်းပြောမယ်။ ဒါပေမဲ့ မငြိချင်းဟာ ဝတ္ထုမကောင်းခြင်းလို့ လုံးဝ မဆိုလို။ ကျွန်တော့် စိတ်အခံနဲ့ မငြိခြင်းပေါ့။ ကျန်တဲ့လူတွေတော့ ကြိုက်ချင်ကြိုက်မယ်။ “အလင်းသစ်ရွေးသီရာ လက်ရွေးစင် ဝတ္ထုတို” စာအုပ်ထဲမှာ ရွေးချယ်ခံရတဲ့ ဝတ္ထုတိုပေါ့။ ဒီလိုရွေးချယ်ခံရကတည်းက ကြိုက်သူတွေ ရှိလို့ပေါ့။ တစ်ယောက်တည်းရဲ့ အမြင်အရ သိပ်မငြိချင်းဆိုတာဟာ မကောင်းခြင်းနဲ့ လုံးဝ မတူတာကိုတော့ သတိပြုစေချင်တယ်။ အဲဒါက သီတာ ဆိုတဲ့ ဝတ္ထု။ စာရေးဆရာဖြစ်ချင်သူ တစ်ယောက်ရဲ့ ရုန်းကန်မှုပေါ့။ သူ့အဖေက သူ့ကို အိမ်စီးပွားရေးပဲ လုပ်စေချင်တယ်။ သူက စာရေးဆရာ ဖြစ်ချင်တယ်။ ဒါနဲ့ ရန်ကုန်တက်သွားပြီး ရုန်းကန်ရတယ်ပေါ့။ ငွေရေးကြေးရေးတွေရော နေရေးထိုင်ရေးတွေပါ အဆင်မပြေ။ စာပေလောကက စီနီယာတချို့ရဲ့ လူလည်လုပ်ခြင်းကိုလည်း ခံရ။ ဒီတော့ ဇွဲလျှော့ပြီး အိမ်ကိုပြန်ဖို့စဉ်းစား၊ အဲဒီအချိန်မှာ စာပေမြတ်နိုးသူ ပရိသတ်တစ်ယောက်က လေးလေးနက်နက် ချီးကျူးပြီး အားပြန်တက်တော့ ဆက်ပြီး ရုန်းကန်ဖို့၊ စာရေးဆရာအလုပ်ကို ဇောက်ချလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းပေါ့။ အဲဒီဇာတ်လမ်းက သဘာဝ ကျပါတယ်။ အရေးအသားလည်း သွက်တယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရကျ ခဏခဏ မြင်နေကျ၊ ကြားနေကျ ဇာတ်လမ်းမို့ စိတ်ထဲ သိပ်မငြိတော့တာ။ ကလီရှေး အဖြစ် ကျွန်တော် ခံစားမိတာ။ ဒါပေမဲ့ ဒါက ကျွန်တော့် အမြင်သက်သက်။ မကောင်းဘူးလို့ ဆိုလိုခြင်းမဟုတ်သလို ဇာတ်လမ်းက သဘာဝ ကျပါတယ်။
တစ်အုပ်လုံးခြုံငုံပြောရရင်တော့ ကျွန်တော့်အတွက် ဖတ်ရကျိုးနပ်တဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို သင်္ချာပဟေဠိဆု (သင်္ချာ ဖော်မြူလာတစ်ခု ထုတ်ရတဲ့ ပဟေဠိ) မှာ ကျွန်တော်မှန်လို့ ဆုအဖြစ် ဒီစာအုပ်ကို ကျွန်တော်ကိုယ်တိုင်ပဲ ကိုဝေယံဘုန်းဆီက တောင်းခဲ့တာပါ။ စာအုပ်ကို ဆုလက်ဆောင် အဖြစ် ပေးခဲ့တဲ့ ကိုဝေယံဘုန်းကိုရော၊ ဘန်ကောက်ကို လူကြုံသယ်လာပေးတဲ့ ညီမလေးကိုရော ကျေးဇူးအထူးတင်ပါတယ်။
(Kaung Kin Ko Facebook)
စာရေးဆရာမ သော်တာအေးလဲ့ ရေးသားသည့်အညွှန်း
By အေးလဲ့
ထွက်ကတည်းက ဖတ်ချင်နေတဲ့ စာအုပ်ဟာ လက်ထဲကို တေ့တေ့ဆိုင်ဆိုင် တည့်တည့်မတ်မတ် ရောက်လာတော့ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ အဲဒါကတော့ ဒီနှစ် အမျိုးသားစာပေဆု (ဘာသာပြန်) ဆုရတဲ့ ဆရာဝေယံဘုန်းရဲ့ ပင်ကိုယ်ရေး ဝတ္ထုတိုများ စာအုပ်ပါ။ နာမည်ကလည်း ဆန်းသလိုလို၊ ရိုးသလိုလိုပါပဲ။ “ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထုများ” တဲ့။ လူမှုကွန်ယက်စာမျက်နှာမှာ မကြာခဏ ဖတ်ညွှန်းတွေ တွေ့ရတဲ့ စာအုပ်ပေါ့။ ဘာသာပြန်တင်မဟုတ်ဘဲ ပင်ကိုယ်ရေးမှာလည်း စိတ်ချလက်ချ ဖတ်ဖို့ ယုံကြည်ထိုက်တဲ့ ကလောင်ရှင်လို့ ဆိုချင်ပါတယ်။
ကျွန်မအနေနဲ့ ဒီ့ထက်ပိုပြီး ဘယ်သို့ဘယ်ညာ ပြောရင် မြင်းထိန်းငတာ ဖြစ်ရုံရှိပါမယ်။ အများကြီးတော့ မပြောတတ်ပါ။ သိပ်မထူးခြားလှဘူးထင်တဲ့ ဝတ္ထုတွေရှိသလို အတော်လေး ကြိုက်မိ၊ ခိုက်မိ၊ လှိုက်လှဲမိတဲ့ ဝတ္ထုတွေလည်း ပါပါတယ်။ တစ်ခုက ဝတ္ထုတိုစာအုပ်ဟာ တစ်ပုဒ်ချင်း သီးသန့်စီမို့ ဖြည်းဖြည်းအေးအေး ဖတ်ရင်လည်း ရပေမယ့် ကျွန်မကတော့ တစ်ညတည်းမှာပဲ အစအဆုံး ဖတ်ဖြစ်သွားတယ်။ အထူးသဖြင့် “ပိုလီသရစ်စကီးယား”၊ “ညီမလေးကို ကတိတကယ် မပေးခဲ့မိဘူး”၊ “ခင်လွမ်းမေ”၊ “စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်း ဖြစ်သွားခြင်း” ဝတ္ထုတွေကို တော်တော်လေး စွဲစွဲထင်ထင် ရှိခဲ့တယ်။ “ပိုလီသရစ်စကီးယား” ကိုဖတ်နေရင်း ဒါဟာ စိတ်ကူးယဉ်ပဲလို့ တွေးရင်း အလယ်လောက်ရောက်တော့ တကယ်ရှိတဲ့ နိုင်ငံများလားဆိုပြီး ဂူးဂဲမှာ သွားရှာခဲ့မိသေးတယ်။ “ညီမလေးကို ကတိတကယ် မပေးခဲ့မိဘူး” ကျတော့ စာမျက်နှာပေါ်မရောက်ခင်မှာ စာရေးသူ ပေးဖတ်လို့ ဖတ်ဖူးပါရဲ့၊ ပြန်ဖတ်ရပြန်တော့လည်း အသစ်ဖြစ်ရပြန်တယ်။ အတွေးတကျော့ ပြန်လည်ရပြန်တယ်။ ညီမလေးကိုလည်း သနားတယ်၊ ပြီးတော့ ညီမလေးဟာ လူ့လောကထဲကို တကယ်ပဲ ရောက်လာခဲ့သလား၊ “ကျွန်တော်” ဆိုတဲ့ လူရဲ့ စိတ်ကူးယဉ်မှုပဲလား။ လွန်ကဲလွန်းတဲ့ ချစ်ခြင်းမေတ္တာလား၊ ဥပါဒါန်လား၊ စိတ်က အင်မတန်ပဲ ဆန်းကြယ်တဲ့အရာဆိုတာ ကျွန်မတို့ လက်ခံထားပြီးသားပဲ။ ဒါပေမယ့် ဒီဝတ္ထုဖတ်ပြီးတဲ့အခါ ပဟေဠိတွေ၊ မရေရာမှုတွေ၊ တခုခုကို ပြောပြချင်ပေမယ့် ဘယ်က အစကောက်ပြီး ပြန်ပြောရမှန်း မသိတဲ့ ခံစားချက်မျိုး ကျန်ခဲ့တယ်။ ဆရာမကြီးကြည်အေးရဲ့ “မှန်၏မှောင်ရိပ်၊ စိုးနဲ့ခိုင်၊ အိမ်ဖြူလင်းသစ်” ကို ပြန်သတိရမိတယ်။
နောက်တပုဒ် “ခင်လွမ်းမေ” ကတော့ ကျွန်မနဲ့ တသားတည်းဖြစ်စေခဲ့တဲ့ မိန်းကလေးပါ။ အထူးသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းကိစ္စနဲ့ ပတ်သက်ရင် လူတော်တော်များများရဲ့ ထင်မြင်ချက်တွေ၊ ဘာသာရေးနဲ့ ယှဉ်တွဲပြီး ထိန်းချုပ်မှုတွေ၊ တန်ဖိုးထားစံသတ်မှတ်ချက်တွေ၊ ပျော်ရွှင်စရာကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ပုံတွေနဲ့ လူတစ်ယောက်ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်တဲ့ အသက်ကို ဆွဲဆန့်ချင်သူတွေကို ကျွန်မ သိပ်နားမလည်လှဘူး။ ခင်လွမ်းမေဟာ ကျွန်မနဲ့ အတော်လေး သဘောထားတိုက်ဆိုင်ခဲ့တယ်။ ခင်လွမ်းမေသာ တကယ်ရှိခဲ့ရင် ကျွန်မ သိပ်ပျော်မိမှာ။ ကရားရေလွှတ်သလို စကားတွေလည်း အများကြီးပြောဖြစ်မိမှာ။ ဒါပေမယ့် ခင်လွမ်းမေဟာ ဝတ္ထုတပုဒ်ဖြစ်နေတော့ သူ့အကြောင်းဖတ်ပြီး ဝမ်းနည်းရုံပဲ ကျွန်မ တတ်နိုင်ခဲ့တယ်။
“စိုင်ကော်ရာမှ စသုံးလုံး ဝန်ထမ်းဖြစ်သွားခြင်း” ဆိုတဲ့တပုဒ်ကတော့ သရော်တော်တော်ရေးထားလို့ ပြုံးပြီး ဖတ်ရတဲ့စာပါ။ မထူးဆန်းလှတဲ့ အကြောင်းအရာကို စာရေးဆရာက စိတ်ကူးယဉ်ဇာတ်လမ်းထဲမှာ နောက်ထပ်စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခု ထပ်ဖန်တီးပြီး ရေးတတ်ပုံလေးကိုတော့ သဘောကျမိတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြစေချင်ပါတယ်။ ကွန်းခိုရာ စာအုပ်တိုက်ကနေ ၂၀၁၉ ဇူလိုင်မှာ ထုတ်ပါတယ်။ တန်ဖိုး - ၃၅၀၀ ပါ။ ဆရာဝေယံဘုန်းရဲ့ ပင်ကိုရေး ဝတ္ထုရှည်ကိုလည်း မျှော်နေကြောင်းပါနော်။ အမှာစာမှာ သူရေးတဲ့အထဲက နှစ်သက်မိတဲ့ စာတချို့ကိုလည်း ကောက်နုတ်ပါရစေဦး။
“ဝတ္ထုတစ်ပုဒ်ဟာ တကယ့် ပြင်ပလောကကို အခြေခံပြီးမှ ရေးတာပဲ။ ဒါပေမယ့်လည်း ရေးစရာမရှိလို့ ကုန်ကြမ်းလိုက်ရှာတာမျိုးကိုတော့ ကျနော် မလုပ်ဘူး။ စာရေးရဖို့ ကုန်ကြမ်းရှာရမယ်ဆိုတာကို မယုံကြည်ဘူး။ ကိုယ့်စိတ်ထဲကို တစ်ခုခုတိုးတိုက်ဝင်ရောက်လာမိလာမှသာလျှင် အဲဒါကို ကျနော် ရေးသားဖန်တီးတယ်” (ဝေယံဘုန်း)
Aye Lei Facebook
စာရေးဆရာမ သော်တာအေးလဲ့ ရေးသားသည့်အညွှန်း
By အေးလဲ့
ထွက်ကတည်းက ဖတ်ချင်နေတဲ့ စာအုပ်ဟာ လက်ထဲကို တေ့တေ့ဆိုင်ဆိုင် တည့်တည့်မတ်မတ် ရောက်လာတော့ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ အဲဒါကတော့ ဒီနှစ် အမျိုးသားစာပေဆု (ဘာသာပြန်) ဆုရတဲ့ ဆရာဝေယံဘုန်းရဲ့ ပင်ကိုယ်ရေး ဝတ္ထုတိုများ စာအုပ်ပါ။ နာမည်ကလည်း ဆန်းသလိုလို၊ ရိုးသလိုလိုပါပဲ။ “ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထုများ” တဲ့။ လူမှုကွန်ယက်စာမျက်နှာမှာ မကြာခဏ ဖတ်ညွှန်းတွေ တွေ့ရတဲ့ စာအုပ်ပေါ့။ ဘာသာပြန်တင်မဟုတ်ဘဲ ပင်ကိုယ်ရေးမှာလည်း စိတ်ချလက်ချ ဖတ်ဖို့ ယုံကြည်ထိုက်တဲ့ ကလောင်ရှင်လို့ ဆိုချင်ပါတယ်။
ကျွန်မအနေနဲ့ ဒီ့ထက်ပိုပြီး ဘယ်သို့ဘယ်ညာ ပြောရင် မြင်းထိန်းငတာ ဖြစ်ရုံရှိပါမယ်။ အများကြီးတော့ မပြောတတ်ပါ။ သိပ်မထူးခြားလှဘူးထင်တဲ့ ဝတ္ထုတွေရှိသလို အတော်လေး ကြိုက်မိ၊ ခိုက်မိ၊ လှိုက်လှဲမိတဲ့ ဝတ္ထုတွေလည်း ပါပါတယ်။ တစ်ခုက ဝတ္ထုတိုစာအုပ်ဟာ တစ်ပုဒ်ချင်း သီးသန့်စီမို့ ဖြည်းဖြည်းအေးအေး ဖတ်ရင်လည်း ရပေမယ့် ကျွန်မကတော့ တစ်ညတည်းမှာပဲ အစအဆုံး ဖတ်ဖြစ်သွားတယ်။ အထူးသဖြင့် “ပိုလီသရစ်စကီးယား”၊ “ညီမလေးကို ကတိတကယ် မပေးခဲ့မိဘူး”၊ “ခင်လွမ်းမေ”၊ “စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်း ဖြစ်သွားခြင်း” ဝတ္ထုတွေကို တော်တော်လေး စွဲစွဲထင်ထင် ရှိခဲ့တယ်။ “ပိုလီသရစ်စကီးယား” ကိုဖတ်နေရင်း ဒါဟာ စိတ်ကူးယဉ်ပဲလို့ တွေးရင်း အလယ်လောက်ရောက်တော့ တကယ်ရှိတဲ့ နိုင်ငံများလားဆိုပြီး ဂူးဂဲမှာ သွားရှာခဲ့မိသေးတယ်။ “ညီမလေးကို ကတိတကယ် မပေးခဲ့မိဘူး” ကျတော့ စာမျက်နှာပေါ်မရောက်ခင်မှာ စာရေးသူ ပေးဖတ်လို့ ဖတ်ဖူးပါရဲ့၊ ပြန်ဖတ်ရပြန်တော့လည်း အသစ်ဖြစ်ရပြန်တယ်။ အတွေးတကျော့ ပြန်လည်ရပြန်တယ်။ ညီမလေးကိုလည်း သနားတယ်၊ ပြီးတော့ ညီမလေးဟာ လူ့လောကထဲကို တကယ်ပဲ ရောက်လာခဲ့သလား၊ “ကျွန်တော်” ဆိုတဲ့ လူရဲ့ စိတ်ကူးယဉ်မှုပဲလား။ လွန်ကဲလွန်းတဲ့ ချစ်ခြင်းမေတ္တာလား၊ ဥပါဒါန်လား၊ စိတ်က အင်မတန်ပဲ ဆန်းကြယ်တဲ့အရာဆိုတာ ကျွန်မတို့ လက်ခံထားပြီးသားပဲ။ ဒါပေမယ့် ဒီဝတ္ထုဖတ်ပြီးတဲ့အခါ ပဟေဠိတွေ၊ မရေရာမှုတွေ၊ တခုခုကို ပြောပြချင်ပေမယ့် ဘယ်က အစကောက်ပြီး ပြန်ပြောရမှန်း မသိတဲ့ ခံစားချက်မျိုး ကျန်ခဲ့တယ်။ ဆရာမကြီးကြည်အေးရဲ့ “မှန်၏မှောင်ရိပ်၊ စိုးနဲ့ခိုင်၊ အိမ်ဖြူလင်းသစ်” ကို ပြန်သတိရမိတယ်။
နောက်တပုဒ် “ခင်လွမ်းမေ” ကတော့ ကျွန်မနဲ့ တသားတည်းဖြစ်စေခဲ့တဲ့ မိန်းကလေးပါ။ အထူးသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းကိစ္စနဲ့ ပတ်သက်ရင် လူတော်တော်များများရဲ့ ထင်မြင်ချက်တွေ၊ ဘာသာရေးနဲ့ ယှဉ်တွဲပြီး ထိန်းချုပ်မှုတွေ၊ တန်ဖိုးထားစံသတ်မှတ်ချက်တွေ၊ ပျော်ရွှင်စရာကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ပုံတွေနဲ့ လူတစ်ယောက်ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်တဲ့ အသက်ကို ဆွဲဆန့်ချင်သူတွေကို ကျွန်မ သိပ်နားမလည်လှဘူး။ ခင်လွမ်းမေဟာ ကျွန်မနဲ့ အတော်လေး သဘောထားတိုက်ဆိုင်ခဲ့တယ်။ ခင်လွမ်းမေသာ တကယ်ရှိခဲ့ရင် ကျွန်မ သိပ်ပျော်မိမှာ။ ကရားရေလွှတ်သလို စကားတွေလည်း အများကြီးပြောဖြစ်မိမှာ။ ဒါပေမယ့် ခင်လွမ်းမေဟာ ဝတ္ထုတပုဒ်ဖြစ်နေတော့ သူ့အကြောင်းဖတ်ပြီး ဝမ်းနည်းရုံပဲ ကျွန်မ တတ်နိုင်ခဲ့တယ်။
“စိုင်ကော်ရာမှ စသုံးလုံး ဝန်ထမ်းဖြစ်သွားခြင်း” ဆိုတဲ့တပုဒ်ကတော့ သရော်တော်တော်ရေးထားလို့ ပြုံးပြီး ဖတ်ရတဲ့စာပါ။ မထူးဆန်းလှတဲ့ အကြောင်းအရာကို စာရေးဆရာက စိတ်ကူးယဉ်ဇာတ်လမ်းထဲမှာ နောက်ထပ်စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခု ထပ်ဖန်တီးပြီး ရေးတတ်ပုံလေးကိုတော့ သဘောကျမိတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြစေချင်ပါတယ်။ ကွန်းခိုရာ စာအုပ်တိုက်ကနေ ၂၀၁၉ ဇူလိုင်မှာ ထုတ်ပါတယ်။ တန်ဖိုး - ၃၅၀၀ ပါ။ ဆရာဝေယံဘုန်းရဲ့ ပင်ကိုရေး ဝတ္ထုရှည်ကိုလည်း မျှော်နေကြောင်းပါနော်။ အမှာစာမှာ သူရေးတဲ့အထဲက နှစ်သက်မိတဲ့ စာတချို့ကိုလည်း ကောက်နုတ်ပါရစေဦး။
“ဝတ္ထုတစ်ပုဒ်ဟာ တကယ့် ပြင်ပလောကကို အခြေခံပြီးမှ ရေးတာပဲ။ ဒါပေမယ့်လည်း ရေးစရာမရှိလို့ ကုန်ကြမ်းလိုက်ရှာတာမျိုးကိုတော့ ကျနော် မလုပ်ဘူး။ စာရေးရဖို့ ကုန်ကြမ်းရှာရမယ်ဆိုတာကို မယုံကြည်ဘူး။ ကိုယ့်စိတ်ထဲကို တစ်ခုခုတိုးတိုက်ဝင်ရောက်လာမိလာမှသာလျှင် အဲဒါကို ကျနော် ရေးသားဖန်တီးတယ်” (ဝေယံဘုန်း)
Aye Lei Facebook
ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဖတ်ရှုလိုပါက ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများရှိ စာပေလောက၊ အင်းဝ၊ ရာပြည့်၊ စိတ်ကူးချိုချို အစရှိသည့် စာအုပ် အရောင်းဆိုင်များ၌ ဝယ်ယူနိုင်သလို ကွန်းခိုရာစာပေ ၏ Facebook Page messenger ကနေလည်း အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီး အိမ်တိုင်ရာရောက် မှာယူနိုင်ပါသည်။
ဆက်သွယ်ရန် -
ကွန်းခိုရာစာပေ
အမှတ် ၂၈ သီရိမြိုင် (၄) လမ်း၊ ၁၃ရပ်ကွက်
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
Email: kunkhoya@gmail.com
Facebook page: https://www.facebook.com/kunkhoyapublishing
Tel: 09 799 616 486, 09 420 062 577

Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း