Skip to main content

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။ 

ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။
ကျွန်တော်တို့ ဆွေမျိုးအသိုင်း အဝိုင်းမှာတော့ ထိုကိစ္စသည် အတော်လေးရေပန်းစားသည့် သတင်းတစ်ခု ဖြစ်လာပါသည်။ အမြင်တွေကလည်း အထူးထူးအပြားပြား အမျိုးမျိုးကွဲပြားနေကြပါသည်။

တစ်ခုသော ညချမ်းတွင် သားအမိနှစ်ယောက်သား စကားလက်ဆုံကျနေကြရင်း အမေသည် ဤကိစ္စကို စကားစလာပါသည်။ အမေ သည် သူ့တူမကိစ္စနှင့်ပတ်သက်၍ အူယားအသည်းယားဖြစ်နေပါသည်။

“အံ့ဩပါ့ကွယ်။ အဖေအမေကလည်း ဘာသာတရားကိုင်းရှိုင်း၊ သူကိုယ်တိုင်ကလည်း တရားစခန်းတွေ ဝင်နေလျက်နဲ့ ဘာလို့များ ဘာသာမတူ သူကိုမှကြိုက်ရတယ်မသိပါဘူး။”

“ဘာသာတရားနဲ့ ချစ်တာကြိုက်တာနဲ့ ဆိုင်လို့လား မေမေရယ်။ လူတစ်ယောက်ကို ကိုယ်နဲ့ကိုးကွယ် ယုံကြည်မှုမတူလို့ မချစ်ရဘူးလို့ရှိပါသလား။”

ကျွန်တော်သည် အစ်မဘက်က ကာပြောသည့်ပုံပေါက်နေပါသည်။ အမေက ကျွန်တော့်ကို မျက်မှောင်ကုပ်၍ ကြည့်၏။

“အို ဒီလိုဘယ်ဟုတ်မလဲ။ ငါ့တုန်းကများ ဘာသာမတူသူဆိုရင် ကြိုက်ဖို့အသာထား၊ စိတ်တောင် မဝင်စားဘူး။”

“ဒါက ကိုယ်တိုင်မကြုံခဲ့ဖူးလို့ ဖြစ်ပါ လိမ့်မယ် မေမေ။ မေမေသာ ကိုယ်နဲ့အယူ မတူသူကို ချစ်ဖူးခဲ့မယ်ဆိုရင် နားလည်နိုင် လိမ့်မယ်ထင်ပါတယ်။ နောက် ဖူးစာဆိုတာ ကိုလည်း မယုံလို့မရပါဘူး မေမေ။”

“ဟဲ့ ငါ့သား၊ မင်းဒီစကားမျိုးပြောတာ မင်းမှာဒီလိုအတွေ့အကြုံမျိုးရှိလို့လားဟင်။”

“မဟုတ်ပါဘူး မေမေ။ ကျွန်တော့မှာ ဒီလို အတွေ့အကြုံမျိုးမရှိဖူးပါဘူး။ ဒါပေမဲ့ လည်း အနုမာနနည်းနဲ့ မှန်းဆကြည့်ပေးလို့ ရပါတယ်။ လူတစ်ယောက်ကို ချစ်တဲ့နေရာ မှာ အကြောင်းပြချက်မှမရှိပါဘူး မေမေ။”

“အချစ်မှာ မျက်စိမပါဘူးပေါ့။ မင်းဆိုလို တာက ဒီလိုလား။”

“အချစ်မှာ မျက်စိမပါတာထက် လူတွေ မှာ မျက်စိမပါတာပါမေမေ။ ပုထုဇဉ် ဆိုတာကိုက ‘အကန်း’ လို့ အဓိပ္ပာယ် ရတယ် မဟုတ်လား။”

“အမလေး ကိုယ်တော်။ နင့်ကိုတော့ ငါနိုင်အောင်ပြောနိုင်မယ် မထင်တော့ပါဘူး။ ရှေ့နေပဲလုပ်ဖို့ ကောင်းတယ်။”

“ကျွန်တော့ကို အထင်မလွဲပါနဲ့ မေမေ။ ကျွန်တော်က ကိုယ့်အစ်မမို့လို့ ရှေ့နေလိုက်နေတာမဟုတ်ပါဘူး။ တကယ်ဆို သူ့အနေနဲ့ သူ့မိဘတွေကို စောစောစီးစီးက ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့သင့်တာပါ။ သဘောမတူမှာစိုးလို့ ခုလိုဖုံးကွယ်ထား တယ်ဆိုပေမယ့် မိဘအပေါ် မလိမ့်တပတ် လုပ်သလိုဖြစ်တာပေါ့။ ကျွန်တော်က သူ့ရဲ့ခံစားချက်ကို နားလည်ပေးတာပါ မေမေ။ သူ့လုပ်ပုံကို ထောက်ခံတာတော့ မဟုတ်ပါဘူး။”

“ဘာပဲဖြစ်ဖြစ် ယူတဲ့အခါကျတော့ ပြဿနာတွေရှိလာမှာပေါ့ သားရဲ့။ သားသမီးရလာတဲ့အခါ၊ အဆင်မပြေလို့ ကွဲကြတဲ့အခါ၊ နောက် ဥပဒေရေးရာ အို အများမှ အများကြီး”

“မှန်ပါတယ် မေမေ။ ချစ်တဲ့ကြိုက်တဲ့အဆင့်က ဘာမှပြဿနာမဟုတ်သေးဘူးဆိုပေမယ့် ယူတော့မယ် ဆိုရင်တော့ စဉ်းစားဖို့လိုလာပါပြီ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးမှာ နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုက ပိုပြီးအဓိကကျတယ်လို့ မြင်ပါတယ်။ အယူဝါဒမတူပေမယ့်လည်း အဆင်ပြေကြတဲ့ အိမ်ထောင်ရေးတွေ အများကြီး ရှိပါတယ် မေမေ။ အဓိက,က နားလည်မှုပါပဲ။”

“ဒါတော့ဒါပေါ့ ငါ့သားရဲ့။ ဒါပေမဲ့ မေမေ ပြောချင်တာက ကိုယ့်လူကရော ဘယ်လောက် စိတ်ချရမှာမို့လို့လဲ”
အမေဘာကိုဆိုလိုသလဲ ကျွန်တော် သဘောပေါက်ပါသည်။ အမေသည် သူ့တူမ၏ အနာဂတ် အယူဝါဒရေးရာ အတွက် စိတ်ပူနေပါသည်။ အိမ်ထောင် တစ်ခုတည်မြဲဖို့ ဘာအဓိကကျမှန်း အမေ မသိဘဲနေမည်မဟုတ်ပါ။

“ဒါကတော့ ကိုးကွယ်ယုံကြည်မှုဆိုတာ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ဖြစ်တာ ကြောင့် ကျွန်တော်တို့သူ့ကို ဘာမှသွားပြီး ပြောလို့မရပါဘူး။ သူ့ကိုယ်ပိုင်ယုံကြည်မှုကို ရွေးတဲ့နေရာမှာ ကျွန်တော်တို့ ဘာမှ ဝင်စွက်ဖက်လို့မရပါဘူး မေမေ။”

မိန်းမများသည် အရွယ်ငယ်ငယ်ကြီးကြီး ခံစားချက်ကို ရှေ့တန်းတင်တတ်ကြသည်ဟု ကျွန်တော် ထင်ပါသည်။ အမေစိုးရိမ်နေသောကိစ္စသည် ကျွန်တော့အဖို့တော့ ကြီးကျယ်လှသည် မဟုတ်ပါ။ ဤနေရာတွင် ကျွန်တော်နှင့် အမေတို့ ပြောပုံချင်းမတူကြပါ။ ကျွန်တော်က စဉ်းစား၍ ပြောနေခြင်းဖြစ်ပြီး အမေက ခံစား၍ ပြောနေခြင်းဖြစ်သည်။

“ဒါဖြင့် မင်းကိုအမေမေးမယ်။ မင်းနဲ့ ဘာသာမတူတဲ့ မိန်းမတစ်ယောက်ကို မင်း ချစ်မိတယ်ဆိုပါစို့။ မင်း သူ့ကိုယူမလား။”

အမေသည် မြားဦးကို ကျွန်တော့်ဘက်လှည့်လိုက်ပါသည်။ အမေသည် ကျွန်တော်၏ စိတ်ကိုစမ်းသပ်နေပြီ။

“ဟုတ်ကဲ့။ သူနဲ့ကျွန်တော်နဲ့ လက်တွဲလို့ အဆင်ပြေမယ်ဆိုရင် ယူဖြစ်ပါလိမ့်မယ် မေမေ။ ဒါပေမဲ့ ကျွန်တော်အရမ်းကို စဉ်းစားမှာပါ။ ဒီနေရာမှာ ကျွန်တော်ဟာ ခံစားချက်ကို ဦးစားပေးမှာ မဟုတ်ပါဘူး။ အိမ်ထောင်ရေးမှာ ဦးနှောက်နဲ့ ဆုံးဖြတ် တာအကောင်းဆုံးပါပဲ။ အဲဒီတော့ အယူ ဝါဒတူသူချင်းယူရင်တောင် စဉ်းစားရ သေးရင် မတူတဲ့သူချင်းဆို ပိုတောင် စဉ်းစားရပါလိမ့်မယ် မေမေ။”

“ဒါပေမယ့် မင်းမစဉ်းစားမိတဲ့ကိစ္စ တစ်ခု ရှိသေးတယ် ငါ့သား။”

“ဘာများလဲ မေမေ။”

“အကယ်၍များ သူကသူနဲ့အယူဝါဒ တူမှ မင်းကိုလက်ထပ်မယ်ဆိုရင်ရော။”

အမေသည်ပွဲသိမ်းတိုက်ပွဲကို ဆင်နွှဲလိုက်ပါသည်။ ၎င်းသည် သူအသိချင်ဆုံးအရာ၊ အမေးချင်ဆုံး မေးခွန်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

“ဒါဆိုရင်တော့ ကျွန်တော်သူ့ကို မယူနိုင်ပါဘူး မေမေ။ အဲ ကျွန်တော် ကိုယ်နှိုက်က ယုံကြည်တယ် ဆိုတစ်မျိုးပေါ့။ ဒါပေမဲ့ မယုံကြည်ဘဲနဲ့တော့ အဓိပ္ပာယ် မရှိတဲ့တောင်းဆိုမှုကို အချစ် အတွက်နဲ့ မလိုက်လျောနိုင်ပါဘူး။ သူ့ရဲ့ အချစ်ကိုလည်း ကျွန်တော် သံသယဝင်မိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ လွတ်လပ်ခြင်းမို့လို့ပါပဲ။ သူ့ဘာသာထဲဝင်မှ လို့ပြောတာဟာ ကျွန်တော့ကို ချုပ်နှောင်တာ ဖြစ်သလို ကျွန်တော့အချစ်ကို စော်ကားတာလည်း ဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒီလိုမျိုး ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ပါဘူး။ ဒါဟာ တစ်ဦးနဲ့တစ်ဦး တကယ်ချစ်ကြသူတွေ အချင်းချင်းကြား တောင်းဆိုရမယ့်အရာ မဟုတ်ပါဘူး မေမေ။”

အမေသည် ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေပါသည်။ အမေ့နှုတ်ခမ်း များက ပြုံးယောင်ယောင်ရှိသည်။ ကျွန် တော်က ဆက်ပြောသည်။

“နောက်ပြီး အိမ်ထောင်ပြုတယ်ဆိုတာ တူတဲ့ လူနှစ်ယောက်ရဲ့ ပေါင်းစည်းခြင်း မဟုတ်ပါဘူး မေမေ။ မတူညီတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ဟန်ချက်ညီအောင် ပေါင်းစည်းတာသာ ဖြစ်ပါတယ်။ အဲဒီ မတူတာတွေ ကြားမှာ ဘယ်လိုညှိယူနေ ကြမလဲဆိုတာကသာ သော့ချက်ဖြစ်ပါတယ်။ ကိုးကွယ်မှုကတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ဒါကိုတော့ ထိပါးလို့မရပါဘူး။ အင်မတန် ညံ့ဖျင်းတဲ့ လူတွေသာ ဒီလိုအထိပါးခံပါ လိမ့်မယ်။ အဲဒီလောက် ညံ့ဖျင်းသူတွေထဲ ကျွန်တော်မပါပါဘူး မေမေ။”

အမေသည် ကျေနပ်သွားပုံရပါသည်။ ဘာမှမပြောတော့ဘဲ အိပ်ရာထဲ ဝင်သွားပါသည်။ ကျွန်တော်ကတော့ အမေကျေနပ်အောင် တမင်ပြောခြင်းမျိုး မဟုတ်ပါ။ စိတ်ထဲရှိသည့်အတိုင်းပြော လိုက်ခြင်းသာဖြစ်ပါသည်။
အမေအိပ်ရာဝင်သွားတော့ ကျွန်တော် လည်း ဖတ်လက်စစာအုပ်ကို ဆက်ဖတ်နေလိုက်သည်။ စာအုပ်က ဆန်းလွင်၏ ‘ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်း။’ ဇာတ်လမ်း ကလည်း ကောင်းနေပါသည်။ တစ်ဘက်က ချစ်သူခေါ်ရာခရီး၊ တစ်ဘက်က သစ္စာရှာပုံတော်ခရီး၊ ဤလမ်းနှစ်ခွတွင် ဆန်းလွင်သည် တစ်လမ်းလမ်းကို ရွေးချယ်ရခက်နေပါသည်။

ဆန်းလွင်သည် နှလုံးသားကို ချစ်ဦးသူ အားပေးထားပြီးဖြစ်၏။ ချစ်ခြင်းနှင့် လက်ထပ်ခြင်းကို သူကွဲပြားပါသည်။ သို့သော် သူ့ချစ်သူ “မ” သည် သူ့လိုမဟုတ်ပါ။ တစ်စုံတရာကို မျှော်ကိုးနေပါသည်။ အချစ်မပါဘဲနှင့် လက်ထပ်မည်ဟု ပြောနေပါသည်။ ဆန်းလွင်မည်သို့ဆုံးဖြတ်မည်နည်း။ ကျွန်တော်သည် သိချင်ဇောနှင့် စာကြောင်း များကို အလျင်အမြန်ဖတ်နေမိသည်။

တွေ့ပါပြီ။ ဆန်းလွင်၏ဆုံးဖြတ်ချက်ကို ကျွန်တော်တွေ့လိုက်ပါသည်။

“မ ကို အရမ်းချစ်ပါတယ် မရယ်၊ ဒါပေမဲ့ မ ထက် အမှန်တရားကိုချစ်တဲ့ စိတ်က ပိုကဲနေတယ် ဆိုတာ ကိုတော့ ...”

ဆန်းလွင်သည် နှလုံးသားကိုစတေးခဲ့ပါသည်။ အချစ်ထက်ပိုတန်ဖိုးထားရမည့် အရာများကို ပြခဲ့ပါသည်။ ကျွန်တော် သည် ဆရာဆန်းလွင်အား လေးစား၍မဆုံး ဖြစ်နေမိပါတော့သည်။

၂၀၀၆ ခုနှစ်တုန်းက မြန်မာတိုင်း(မ်)ဂျာနယ် ‘လူမှုဘဝရသစုံလင်’ ကဏ္ဍအတွက် ရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ ဖော်ပြပါရှိခဲ့တဲ့ အတွဲအမှတ်၊ အမှတ်စဉ်တွေကိုတော့ မမှတ်မိတော့ပါဘူး။

ပျော်ရွှင်ခြင်းလမ်းစ

Comments

  1. ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ လွတ်လပ်ခြင်းမို့လို့ပါပဲ ...........။

    ကြိုက်တယ်ဗျာ အဲဒီ ၀ါကျကို။

    ReplyDelete
  2. (ဘာသာတရားကို သူ့ထက် အလေးအနက်ထားခဲ့သူတစ်ယောက်ပါ။ ဘာသာမတူတာကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုတွေကိုတွန်းလှန်ခဲ့ပေမယ့်...) ဘာသာမတူတာတစ်ခုကို မကြည့်ခဲ့ဘူး။ ချစ်ခြင်းမတူတာတစ်ခုကြောင့် လေးနှစ်အကြာမှာ ကျွန်မသူနဲ့ လမ်းခွဲခဲ့တယ်။ ကျွန်မရဲ့ ချစ်ခြင်းတရားတွေ ပွေ့ဖက်ပြီးကျွန်မရဲ့ အချစ်ငှက် လွတ်လပ်စွာပျံသန်းဆဲပဲ။ နှစ်နှစ်ကြာပြီး ခဲ့ပေမယ့် ကျွန်မအချစ်ငှက် ဘယ်ကိုင်းမှာမှ မနားခဲ့ဘူး။ ဆက်ပြီးပျံသန်းနေဦးမှာပဲ... မနားတမ်းပေါ့...

    ReplyDelete
  3. ဆရာ့စာတွေဖတ်ပြီး သဘောထားမှတ်ချက်ရေးဖို့ စိတ်ထဲမှာ အလိုလိုဖြစ်လာတယ်ဆရာ။ ဆရာကနေ ဆရာ့အမေကို ရှင်းလင်းတင်ပြချက်တွေကို ကျနော်အရမ်းသဘောကျတယ်။ ကျနော် အခုလက်ရှိအိမ်ထောင်ဘက်က နိုင်ငံခြားသူပါ။ အဖြူလူမျိုးမဟုတ်ပေမယ့် အေးရှားသားတယောက်ပါ။ ဘာသာမတူပါဘူး။ ဆရာပြောသလို အိမ်ထောင်ရေးမှာ နားလည်သည်းခံမှုက အရေးကြီးပါတယ်။ သူက ခရစ်ယံဘာသာကိုးကွယ်ပါတယ်။ ကျနော်တို့ ဂျပန်နိုင်ငံမှာစတင်တွေ့ပြီး ချစ်ကြိုက်ခဲ့ကြတာပါ။ ဘာသာမတူမှန်းသိပေမယ့် ကိုယ်နဲ့လက်တွဲနိုင်မယ်လို့တွေးဆမိပြီး ချစ်ခဲ့တာပါ။ အိမ်ထောင်ပြုဖို့အချိန် သူ့နိုင်ငံသွားပြီးလက်ထပ်မယ်လို့စိတ်ကူနဲ့ ဗီဇာယူ တဲ့အချိန်မှာ ဗီဇာအဆင်မပြေဘူးလေ။ နောက်တခုက သူက ခရစ်ယံဆိုတော့ ဘာသာတူဖြစ်အောင်လုပ်ပြီးမှ လက်ထပ်ဖို့ဆိုလာတယ်။ သူကတော့ တကယ်တန်းဘာသာပြောင်းခိုင်းတာမဟုတ်ဘူး။ ပေပါပေါ်မှာပြောင်းတဲ့သဘောပဲလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလို ပေပါပေါ်မှာဘာသာပြောင်းတာကိုလည်း ကျနော်က ပြောင်းလဲပေးမှာမဟုတ်ဘူးလို့ သူ့ကိုငြင်းခဲ့တယ်။ ကျနော်တို့ ချစ်စကတည်းက ငါနဲ့လက်တွဲနိုင်မယ်လို့ဆုံဖြတ်ချက်ချပြီးမှ ကိုယ်ထိလက်ရောက်ချစ်ခဲ့တာမို့ ငါ့မှာတာဝန်ရှိတယ်ဆိုပြီး လက်ထပ်ဖို့ကိုတော့ စိတ်မပြောင်းလဲခဲ့ပါဘူး။ ဒါနဲ့ သူ့ကိုပဲ ကျနော်ရှိနေတဲ့ ကနေဒါကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်။ ( ကျနော်က အရင်ရောက်နှင့်နေတယ်) သူလည်း အလည်သဘောလာရင်းနဲ့ ဒီမှာလက်ထပ်ဖြစ်ခဲ့တယ်။ မြန်မာလိုပဲ ၀တ်စားဆင်ယဉ်ပြီး မင်္ဂလာပွဲကို ဒီမှာရောက်နေတဲ့ မြန်မာအသိုင်းအ၀န်းတွေရဲ့အကူအညီနဲ့ ကျင်းပခဲ့ပါတယ်။ အခုဆို အိမ်ထောင်သက် ၇ နှစ်ရှိသွားပါပြီ။ ကျနော်တို့ရဲ့ ကိုးကွယ်မှုဘာသာတရားကို တယောက်နဲ့တယောက် လေးစားနားလည်မှုနဲ့ နေလာခဲ့တာပါ။ အိမ်မှာ ဘုရားစင် နှစ်ခုလုပ်ထားပါ တယ်။ သူ ဘုရားကျောင်းသွားချင်တဲ့အခါ ကိုယ်လိုက်သွားပြီး သူတို့ရှစ်ခိုးသလို ကိုယ်လည်းလိုက်လုပ်တယ်.. စိတ်ထဲကတော့ မြန်မာလိုဆုတောင်းမေတ္တာပို့ပေါ့။ သူလည်း ကျနော် ဘုန်းကြီးကျောင်း သွားတဲ့အခါ လိုက်လာပြီး ဘုရားဆင်းတုတော်နဲ့ ဘုန်းတော်ကြီးကို ဦးချရှစ်ခိုးပြီး ကျောင်းရဲ့ဝေယျာဝစ္စတွေကို မြန်မာလူမျိုးတယောက်လို ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အိမ်ထောင်သက်က ဆက်လက်တည်တန့်နေတယ်လို့ ဆိုရမှာပါ။ သူမကလည်း ကျနော့်အပေါ်မှာ ချစ်ခင်လေးစားနေလျက်ရှိနေတာ ကျနော့်ကုသိုလ်ကံပဲ။
    ဒီမှာလည်း မြန်မာတချို့ မြန်မာလူမျိုးတိုင်းရင်းသား(ဘာသာခြား) လူတွေနဲ့လက်ထပ်ပြီး သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲကြတာတွေရှိ ပါတယ်။ ခရစ်ယံဘာသာ၊ မူစလင်ဘာသာတွေဘက်ကို လိုက်ပြောင်းသွားကြပြီးမှ တိုက်ဆိုင်မှုတွေမရှိလို့ ကွဲကြ လွဲကြတာတွေ ရှိပါတယ်။ သူတို့အတွက် စိတ်မကောင်းပါဘူး။ ကျနော့်စိတ်ကတော့ ဘယ်တော့မှ ကိုယ်ယုံကြည်တဲ့ဘာသာတရားကို စွန့်လွှတ်မှာမဟုတ်ပါ ဘူး။
    အော် ဒါနဲ့ ဆရာ့ကိုပြောပြဖို့ ကျန်နေတယ်။ ကျနော့်အမျိုးသမီးက ဖိလစ်ပိုင်သူ( Fillipines) တယောက်ပါ။

    လေးစားလျက်

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...