Skip to main content

ပျော်ရွှင်ခြင်းလမ်းစ

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်တဲ့ ဂျီအွန်မီဆွန် (Jeon Mi-sun) ဟာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ ယူဆရတဲ့အနေအထားမျိုးနဲ့ ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဖတ်ရပါတယ်။ နာမည်ကျော် အနုပညာရှင်တွေအပြင် သာမန် ပြည်သူတွေထဲကလည်း မကြာခဏ သေကြောင်းကြံစည်မှုတွေ များတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဒီမင်းသမီး သေကြောင်းကြံစည် သွားတာဟာလည်း အဆန်းတကြယ်တော့ မဟုတ်လှပြန်ပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ထက် အများကြီးချမ်းသာ ကြွယ်ဝတဲ့၊ လွတ်လပ်မှုလည်း ပိုမို ရရှိတဲ့ နိုင်ငံတစ်နိုင်ငံက အောင်မြင်ကျော်ကြားတဲ့၊ သူများတကာတွေ လေးစားအားကျရတဲ့ နောက်ထပ်လူသားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြန်ခြင်းဟာ မေးခွန်းတွေမေးစရာ အများကြီးချန်ထားခဲ့ပြန်ပါတယ်။

တောင်ကိုရီးယားမှတင် မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမှာမဆို ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုတွေဟာ အရင်ကလည်းရှိခဲ့၊ ခုလည်း ရှိနေ၊ နောင်လည်း အနည်းနဲ့အများဆိုသလို ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ ဆင်းရဲပြီး စိတ်ရှုပ်စရာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ပြည့်နေနဲ့ ကျနော်တို့ မြန်မာနိုင်ငံလို နိုင်ငံမျိုးက သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ကိုယ်တွေလည်း သူတို့နိုင်ငံလို အဆင့်မျိုး ရောက်ချင်လိုက်တာလို့ အားကျရတဲ့ နိုင်ငံတွေက လူတွေဟာ ကိုယ့်အသက်ကိုယ် အဆုံးစီရင်ပစ်လိုက်တယ် ဆိုတာဟာ နားမလည်နိုင်စရာဖြစ်မှာပါပဲ။ မြန်မာပြည်လိုမျိုး နိုင်ငံတစ်နိုင်ငံက ဒုက္ခတွေနဲ့ယှဉ်ရင် အဲဒီလို နိုင်ငံကြီးတွေက နိုင်ငံသားတွေရဲ့ ဒုက္ခဆိုတာက ပန်းနဲ့ပေါက်တာလောက်ပဲ ရှိမှာကိုး။ “ကြည့်စမ်း ငါတို့ကသာ သူတို့နိုင်ငံလိုအဆင့်အတန်းမျိုးနဲ့ နေရရင် နေပျော်ပြီလို့ အောက်မေ့ထားတာ၊ သူတို့က ဘာလို့များ ခုလို လုပ်ကြပါလိမ့်” လို့ မြန်မာပြည်က စိတ်ညစ်နေတဲ့ သာမန်ပြည်သူ ဆင်းရဲသားတစ်ယောက်ဟာ တွေးမိကောင်း တွေးမိနိုင်တာပါပဲ။

တကယ်တော့လည်း ဒါဟာ လူ့ဘဝရဲ့အနှစ်သာရ၊ လူ့ဘဝရဲ့ပျော်ရွှင်မှုပြည့်ဝခြင်းတွေကို တိုင်းပြည် ဘယ်လောက် ချမ်းသာလဲ၊ ဘယ်လောက် လွတ်လပ်မှုခံစားရသလဲ ဆိုတာနဲ့ပဲ တိုင်းတာကြည့်နေကြလို့ ဖြစ်ပါတယ်။ မြန်မာပြည်က ဒုက္ခပင်လယ်ဝေနေတဲ့ စစ်ပြေးဒုက္ခသည်တစ်ယောက်၊ စားစရာမရှိ/နေစရာ မရှိဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ အမြင်ကနေ ကိုယ့်ထက်သာတဲ့နိုင်ငံတွေက စိတ်ဓာတ်ကျ၊ စိတ်ညစ်နေတဲ့ လူတွေကိုကြည့်ပြီး “မလွယ်တာတွေ့ရင် ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦး” ဆိုတဲ့ စိုင်းခမ်းလိတ်ရဲ့ သီချင်းစာသားကို ဆိုကြည့်ရမယ်ဆိုရင် ကွက်တိပါပဲ။ မဟုတ်ဘူးလား… သူတို့နိုင်ငံတွေက ဒုက္ခဆိုတာ ကျနော်တို့ဆီက ဒုက္ခတွင်းဆုံးကျနေသူတွေနဲ့ယှဉ်ရင် ပန်းနဲ့ပေါက်တာလောက်ပဲ ရှိတာမဟုတ်လား။ ‘အေးကွာ… သူတို့နိုင်ငံက ဒုက္ခမျိုးကတော့ ငါတို့သာဆိုရင် ရင်ကော့ပြီးတော့တောင် ခံလိုက်ဦးမှာ” လို့ ကျနော် အပါအဝင် ဒီနိုင်ငံကလူတွေက ငရဲကလသာသူပြာပူမကြောက်တဲ့ ပုံစံမျိုးနဲ့ ပြောချင်ပြောမိကြဦးမှာပါ။

ပြဿနာရဲ့ဇာစ်မြစ်က တိုင်းပြည်ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ လွတ်လပ်မှုတွေခံစားရခြင်း၊ မခံစားရခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ဆင်လည်းဆင့်အထွာ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ် အထွာ ဆိုတဲ့ စကားပုံလိုပဲ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူတိုင်းမှာ စိတ်ညစ်စရာတွေ၊ ဖြေရှင်းရမယ့် ပြဿနာတွေက အပြည့်ပါပဲ။ ကိုယ့်နေရာကနေ ကြည့်ပြီးတော့သာ ကိုယ့်တိုင်းပြည် သူတို့လိုဖြစ်ရင် လူဖြစ်ကျိုးနပ်ပြီ၊ နေပျော် သေပျော်ပြီ၊ လောကနိဗ္ဗာန်ရောက်ပြီလို့ တွေးကြည့်နေတာ တကယ်တမ်း ကျနော်တို့တစ်တွေ သူတို့လောက် အဆင့်အတန်းကို ရောက်ရင်လည်း ငိုကြွေးမှုတွေ၊ သေကြောင်းကြံစည်မှုတွေကို မြင်တွေ့ကြားနေရဦးမှာပါပဲ။ အခြေခံစားဝတ်နေရေးတွေ ပူစရာမရှိ၊ အခြေခံအဆောက်အအုံတွေကလည်း ကောင်းမွန်၊ ပြည်သူ့ဝန်ဆောင်မှု တွေကလည်း ပြောစရာမရှိဘူးဆိုရင်တောင် ကြာရင် အဲဒါတွေအပေါ် ဘာမှပြောစရာမလိုတဲ့အရာတွေ (things that are taken for granted) ဖြစ်သွားဦးမှာပါပဲ။ အငြိမ်မနေနိုင်တဲ့ လူ့စိတ်သဘောအတိုင်း ဘဝမှာ မရှိသေး၊ မဖြစ်သေးတဲ့အရာတွေကို ထပ်လျှောက်လှမ်းရဦးမယ့် ပန်းတိုင်သစ်တွေအဖြစ် သတ်မှတ်ပြီး ကြိုးစား ရုန်းကန်နေကြဦးမှာပါပဲ။ ကြိုးစားရုန်းကန်ရင်း ဖြစ်မလာတဲ့အခါတွေမှာလည်း တစ်ခါ စိတ်ဖိစီးမှုတွေ ထပ်ခံရပြီး တောင့်ခံနိုင်သူကခံ၊ တောင့်မခံနိုင်သူတွေက တစ်ခါ ရှောင်ထွက်သွားကြဦးမှာပါပဲ။

အကြောင်းရင်းဇာစ်မြစ်ကတော့ ကျနော်တို့ဘဝရဲ့တကယ့် ပျော်ရွှင်မှုစိတ်အခြေအနေဆိုတာ ဘာလဲ ဆိုတဲ့ သတ်မှတ်ချက် ပျောက်ဆုံးနေခြင်းပါပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေဟာ ပျော်ရွှင်မှု၊ နှစ်သိမ့်မှုကို အတိုင်းအတာတစ်ခုအထိပဲ ပေးစွမ်းနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ တကယ့် အကြွင်းမဲ့ သဘော ပျော်ရွှင်ချမ်းသာမှုကို မပေးပါဘူး။ ဒါကြောင့်လည်း အမေရိကန်လို၊ ဂျပန်လို၊ တောင်ကိုရီးယားလို ကိုယ့်ထက် အများကြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာတောင် တစ်နေ့တစ်နေ့ စိတ်ကျပြီး သတ်သေတဲ့ လူတွေ မနည်းမနောဖြစ်နေရတာပေါ့။ သူတို့တွေဟာလည်း ‘ဆင်လည်းဆင့်အထွာ’ ဆိုသလို သူတို့ရဲ့ တိုးတက်တဲ့ဘဝမှာကို သူတို့မျှော်မှန်းတောင့်တတဲ့ ဘဝအခြေတွေ ဖြစ်မလာတဲ့အပေါ် စိတ်ဆင်းရဲ စိတ်ဓာတ်ကျပြီး ကြိုးစားရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ မြန်မာပြည်က ဒုက္ခသည်စခန်းတစ်ခုက ကလေးငယ်တစ်ယောက်ဟာ သူ့ဘဝရဲ့မပြည့်စုံမှုအတွက် စိတ်ဓာတ်ကျဝမ်းနည်းနေချိန်မှာ ချမ်းသာပြီး ဒီမိုကရေစီလည်း ရှိပါတယ်ဆိုတဲ့ နိုင်ငံကြီးတစ်နိုင်ငံက ပြည်သူတစ်ဦးဟာလည်း ကောင်းမွန်တဲ့ ပြည်သူ့ ဝန်ဆောင်မှုတွေရယူရင်း၊ ကိုယ်တွေထက်အများကြီးသာတဲ့ တစ်နှစ်ဝင်ငွေတွေကို ရရှိရင်းနဲ့ကိုပဲ သူ့အတိုင်း အတာနဲ့သူ သူမဖြစ်နိုင်တဲ့၊ သူလက်လှမ်းမမီတဲ့ အရာတစ်ခု၊ အခြေအနေတစ်ရပ်အတွက် စိတ်ဆင်းရဲချင် ဆင်းရဲနေနိုင် တာပါပဲ။ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုဆိုတာ ကျနော်တို့ ဘယ်နေရာမှာ နေသလဲဆိုတာထက် ကျနော်တို့ ဘဝကို ဘယ်လိုဖြစ်သန်းသလဲဆိုတဲ့အပေါ် ပိုမိုမူတည်နေခြင်းပါ။

ဒီလိုပြောလို့ ကျနော်တို့နိုင်ငံကို ချမ်းသာကြွယ်ဝပြီး ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံဖြစ်အောင် မကြိုးပမ်းရဘူးလို့ မဆိုလိုပါဘူး။ တိန်ရှောက်ဖိန်ပြောဖူးသလိုပါပဲ၊ ချမ်းသာခြင်းဟာ ကောင်းပါတယ်။ လမ်းလျှောက်သွားရတာထက်စာရင် ကားနဲ့သွားရတာက ပိုကောင်းပါတယ်။ တဲနဲ့နေရတာနဲ့စာရင် တိုက်နဲ့ နေရတာက ပိုကောင်းပါတယ်။ ဒါပေမဲ့လည်း တိုက်နဲ့နေရရုံနဲ့ ဘဝဟာ ပိုပြီးနေပျော်ပါ့မလားဆိုတာကတော့ မသေချာပါဘူး။ ဒါကတော့ ဘဝကို ကိုယ်ဘယ်လိုမြင်သလဲ၊ တစ်စက္ကန့်တိုင်း၊ တစ်မိနစ်တိုင်းကို ကိုယ်ဘယ်လို ဖြတ်သန်းမလဲ ဆိုတာနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ရောမဧကရာဇ်က သင်္ချာဆရာကြီး ပိုက်သာဂိုရပ်စ်ကို ‘သင်ဘာလို ချင်လဲ၊ လိုချင်တာဖြည့်ဆည်းပေးမယ်’ လို့ မေးတော့ ပိုက်သာဂိုးရပ်စ်က ‘အရှင်မင်းကြီးအရိပ် ကျနော်ဆွဲနေတဲ့ ပုံပေါ် အရိပ်ကျနေလို့ ဘေးကိုနည်းနည်းဖယ်ပေးဖို့သာ လိုချင်ပါတယ်’ လို့ ပြောခဲ့သလိုပေါ့။ ကိုယ်လိုချင်တာကို ကိုယ်ရနေဖို့၊ ဖြစ်နိုင်တဲ့ဘောင်ထဲကနေ ကိုယ်လိုချင်တာ ကိုယ်ရသင့်တာကိုသာ တောင့်တဖို့က ပိုအရေးကြီး ပါတယ်။

ဟာသတစ်ပုဒ်ကြားဖူးတာက အိပ်နေတဲ့နွားကျောင်းသားတစ်ဦးကို သူဌေးတစ်ယောက် ပြောတယ်။ ‘ဟေ့ကောင် မင်းအလုပ်လုပ်ပါလား၊’ ‘အလုပ်လုပ်တော့ဘာဖြစ်လဲ’၊ ‘အလုပ်လုပ်တော့ ပိုက်ဆံရတာပေါ့ကွ’၊ ‘ပိုက်ဆံရတော့ ဘာဖြစ်လဲ’၊ ‘ဟ ပိုက်ဆံရတော့ ဇိမ်နဲ့နေရတာပေါ့ကွ’၊ ‘ဒါဆိုရင်တော့ မရှာတော့ဘူး၊ ကျုပ် ခုလည်း ဇိမ်နဲ့နေနေရတာပဲ’ လို့ နွားကျောင်းသားက ပြန်ပြောတယ်တဲ့။ ဒါက ဟာသပုံပြင်သက်သက်မျှသာ ဖြစ်ပါတယ်။ အိပ်နေခြင်းဟာ တကယ်တော့ မကောင်းပါဘူး။ ဒါဟာ ပျင်းရိခြင်းပါ။ ကျနော်တို့ နေ့စဉ်နဲ့အမျှ တစ်ခုခုကို လုပ်ကိုင် ရှာဖွေနေဖို့ လိုပါတယ်။ ဒါပေမဲ့ ဘာကိုရှာဖွေမှာလဲ၊ ဘာကို လုပ်ကိုင်မှာလဲ ဆိုတာကတော့ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားရမှာပါ။ သူဌေးကြီးပြောသလိုမျိုး အလုပ်လုပ်ခြင်းဟာ ပိုက်ဆံ ရှာဖို့ အတွက် သက်သက်မျှတော့ ဖြစ်စရာမလိုပါဘူး။

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...