Skip to main content

နွေအပူနှင့် လူ့အလို


သူရိယနေမင်းကြီးသည် မဟာပထဝီကမ္ဘာမြေကြီးနှင့်အနီးဆုံးသော နေရာသို့ရောက်နေသည့် ကာလဖြစ်၏။ “ပူလိုက်တာ…” ဆိုသော ညည်းညူသံများ ကြားနေရသည်။ အပြင်မှာလည်းကြားရသည်။ မျက်နှာစာအုပ်ပေါ်မှာလည်း စကားလုံးက တစ်ဆင့်၊ ရုပ်ရှင်/ရုပ်သေပုံလေးများမှတစ်ဆင့်ကြားနေရသည်။ ကျွန်တော်သည်လည်း အပူဒဏ်ကို ခံနေရပါ သည်။ မိုးမြန်မြန်ကျပါစေဟု စိတ်ထဲက ဆုတောင်းနေမိသည်။ မိုးသည် လာတော့လာမည် ကြာဦးမည် ထင်၏။ သက်ဆိုင်ရာကတော့ မေလ ဒုတိယပတ်မှ မုတ်သုန်စဝင်မည်ဟု ကြေညာထားသည်။

နဂိုမှ သောကအပူလှိုင်းမျိုးစုံကြား နေထိုင်နေရသော လူသားတို့သည် နွေအပူလှိုင်း၏ တိုးဝင်ကျည်စယ် နောက်ပြောင်ခြင်းကိုပါ ခံရသဖြင့် ငါးရံ့ပြာလူးဖြစ်နေကြတော့သည်။ အပူကိုလူတိုင်းကြောက်ကြသည် မဟုတ်လား။ ရာသီဥတုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသည်။ ဒီနှစ်မှာတော့ အယ်လ်နီညိုဆိုသည့် မဟာတေဇောလှိုင်းကြီး မမိ၍ အရင်နှစ်ကလောက် မဆိုးဟုဆိုရမည်။ သို့သော်လည်း ပူတာတော့ပူသေးသည်။ ချွေးတို့သည် ရွှဲရွှဲနစ်ကာ အဆီပြန်လျက်။ သွေးတို့သည့် ပွက်ပွက်ဆူကာ အခိုးထလျက်။ သေး တို့သည် ဝါကြင်ပူကာ နံစော်လျက်။

တစ်ခါက ရန်ကုန်သို့ရောက်လာသော အထက်ပြည်အထက်ရွာသူတစ်ဦးက ဆိုဖူး၏။ “ပူချင်သလောက်ပူပါစေ ရတယ်၊ မိုးမရွာရင်ပြီးရော”တဲ့။ ရန်ကုန်မှာက မိုးများသဖြင့် မိုးကိုကြောက်သည့်အညာသူအဖို့ တစ်ချိန်လုံး မိုးရွာနေသောရန်ကုန်သည် သူ့ကိုညှဉ်းဆဲနေသည့်ရန်သူ။ သူ့အဖို့ကတော့ မိုးရွာတာထက်စာလျှင် ပူတာကမှ တော်သေးသည်။ မိုးမရွာသည့်အချိန်များတွင် သူ့မျက်နှာကကြည်လင်နေတတ်သည်။ မိုးရွာလျှင်တော့ မိုးနှင့်သူ ရန်ဖြစ်ပြီ။ ရန်ကုန်သူရန်ကုန်သားများ မိုးလေးလကာလ အပူဒဏ်သက်သာသဖြင့် စိတ်သက်သာရာရချိန် သူက မိုးကိုမလို အပူသာလိုသည်ဆိုတော့ ကျွန်တော့်မှာခေါင်းကုတ်ရလေသည်။ ကျွန်တော်က သူ့ကို “ငရဲကလာသူ ပြာပူမကြောက်ဘူးပေါ့လေ”ဟု ကျီစယ်ဖူးလေသည်။  

အအေးပိုင်းဒေသမှလာသူများကျတော့လည်း တစ်မျိုး။ ‘အေးချင်သလောက်အေး၊ မိုးရွာချင်သလောက်ရွာ၊ မပူရင်ပြီးရော’ဟု စောကြော ကြပြန်သည်။ ဒါမျိုးကြားရတော့ ပြုံးရပြန်သည်။ အအေးပိုင်းမှလာသူများအတွက် အပူဒဏ်သည် ကြောက်စရာအကောင်းဆုံးသောသရဲသဘက် မိစ္ဆာ။ မိုးဆိုသည်မှာ လက်ဖြင့်တောက်ချလို့ရသည့် မလောက်လေး မလောက်စားအရာတစ်ခု။ ကျွန်တော်တို့လို ရန်ကုန်သူ ရန်ကုန်သားကျပြန်တော့လည်း နွေမှလွဲလျှင် မိုးရွာချင် သလောက်ရွာ၊ ဆောင်းတွင်း အေးချင်အေး မအေးချင်နေ။ သိပ် ဂရုမစိုက်ကြပြန်။ အားလုံး သူ့အကြိုက်နှင့်သူ၊ သူ့ အကြောက်နှင့်သူ။

ကျွန်တော်ငယ်ငယ်ကမူ မိုးကိုကြောက်ခဲ့ဖူးသည်။ မိုးတွင်း စိုစိစိုစိ၊ ထီးတစ်ကိုင်ကိုင်နှင့် ရေတွေထဲ သွားရလာ ရတာ စိတ်ညစ်သည်။ မိုးတွင်းလေးလ ကာလပတ်လုံး ကျွန်တော့်ကိုယ်ကျွန်တော် ငရဲပြည်ရောက်နေသူလို ခံစားရသည်။ နွေရောက်လျှင်ပျော်သည်။ အကြောင်းက နွေဥတုသည် ကျောင်းသုံးလပိတ်သည့်ကာလ၊ ကျွန်တော်၏ ခရီးသွားရာသီ။ ငယ်ငယ်ကတော့ ပူတာကိုဂရုမစိုက်အား။ နေပူပူလည်း ထွက်ဆော့သည်။ မေလ လယ်ရောက်၍ မိုးကျတော့မည့်အရိပ်အယောင်များတွေ့လာရလျှင်ဖြင့် ကြည်လင်နေသော ကျွန်တော့်စိတ်သည် ပြည့်ဝန်းသော လဝန်းကို ရာဟုဖမ်းသကဲ့သို့ မည်းမှောင်ကျသွားတော့သည်။ မိုးတွင်းကာလကို မကြိုက်သည့်အကြောင်းတွင် မိုးစိုစွတ်ကာထိုင်းမှိုင်းခြင်းကို မကြိုက်ခြင်းလည်းပါသည်၊ မိုးရာသီသည် ကျောင်းဖွင့်ချိန်နှင့်ဆက်စပ်နေသောကြောင့်လည်း ပါသည်။ ဇွန်လ ဆိုလျှင် ကျောင်းတွေပြန်ဖွင့်ပြီမဟုတ်လား။ လွတ်လပ်ခွင့်တွေဆုံးရှုံးကုန်ပြီမဟုတ်လား။ ကလေးသဘာဝ ကျောင်းတက်ရတော့မည်ဆိုလျှင် စိတ်ပိန်သည်။ မိုးခြိမ်းသံသည် ကျောင်းဖွင့်တော့မည်ဆိုသည့် အမင်္ဂလာသတင်းစကားကိုပါ သယ်ဆောင်လာသည့် ငှက်ဆိုးထိုးသံဖြစ်သည်။ လျှပ်ပြက်ခြင်းသည် ဆရာ့ကြိမ်လုံးတရွှမ်းရွှမ်း၏ နိမိတ်သင်္ကေတဖြစ်သည်။ မိုးစက် မိုးပေါက်များသည် ကျွန်တော့်အပေါ် တနင့်တပိုးကျလာသော ကျက်ရမည့်စာများဖြစ်သည်။ ထို့ကြောင့် ကျွန်တော် ထိုစဉ်က မိုးကို အလွန်မုန်းလေသည်။

ရန်ကုန်သားတစ်ဦးအနေဖြင့် ဆောင်းကိုတော့ တောက်လျှောက် အချစ်ဆုံးဖြစ်ခဲ့သည်။ နောက်ပိုင်း ရန်ကုန် ဆောင်းက မအေးတော့သည့်အခါ ကျွဲမြီးတိုကာ ရာသီဥတုနှင့် တစ်ယောက်တည်းရန်ဖြစ်ပြန်သည်။ “နွေ ပူရမယ့်အချိန်ကျ ပူမြဲပူတယ်၊ မိုး… ရွာရမယ့်အချိန်ကျ မပျက်မကွက်ရွာတယ်… ဆောင်း အေးရမယ့် အချိန်ကျ ခင်ဗျားက မအေးတော့ဘူး အဲဒါ ကောင်းသလား’ဟူ၍ ကျွန်တော်သည် မိုးနတ်မင်းမရှိသည်ကို သိနေပါလျက်နှင့် မိုးကောင်းကင်သို့မော့ကြည့်လျက်က ထို ရာသီဥတုဆိုသော သဘာဝတရားကြီးကို သက်ရှိ တစ်ဦးပမာပုံသွင်းလျက် စကားနာထိုးခဲ့သေးတော့သည်။

ကမ္ဘာအရပ်ရပ်ရှိလူတို့သည် ရာသီဥတုနှင့်ပတ်သက်ကာ အမြဲလိုလို စိတ် အလိုမကျဖြစ်နေတတ်ကြသည်။ ပူတော့လည်းပူလို့၊ မိုးရွာတော့လည်းရွာလို့၊ အေးတော့လည်း အေးလို့ဟု ဆိုကာ ကိုယ်နှင့်အဆင်ပြေအောင် လိုက်လျောညီထွေပြုပြင်ကာ နေထိုင်ကြသူချည်း။ တကယ်ကတော့ ကမ္ဘာပေါ်မှာ အပူကြိုက်သူ၊ အအေးကြိုက်သူ၊ မိုးကိုကြိုက်သူဟူ၍မရှိပါ။ အပူကြိုက်သူသည် ရေပွက်ပွက်ဆူသည့် ၁၀၀ ဒီဂရီ ဆဲလ်ဆီးယပ်တွင် ပျော်နိုင်ပါ့မလား။ မိုးကြိုက်သူကရော တစ်နှစ်လုံး မရပ်မနားမိုးရွာသည့်အရပ်တွင် ပြုံးနေနိုင်ပါ့မလား။ ဆောင်းချစ်သူကရော ရေခဲမှတ်အောက် ၁၀၀ ဒီဂရီအေးသောအရပ်တွင် ကခုန်နေနိုင်ပါ့မလား။ လူ့ခန္ဓာကိုယ် အတွက် အကောင်းဆုံးဖြစ်မည့် ရာသီဥတုကိုသာ လူတို့က လိုလားခြင်းဖြစ်ပါသည်။ အေးလွန်းသည့် ရေခဲနိုင်ငံများမှ လူသားတို့သည် အားလပ်ရက်ရသည်နှင့် ပူနွေးသော ကမ္ဘာ့ဒေသများသို့ ခရီးထွက်ကာ နေရောင်ခြည်ကို နမ်းရှိုက်ကြသည်။ အနွေးဓာတ်ကိုပွေ့ဖက်ကြသည်။ ပူလွန်းသည့် ကျွန်တော်တို့လိုနိုင်ငံများမှ လူများကတော့ အေးမြသည့်နိုင်ငံများသို့ သွားရောက်ကာ နှင်းပွင့်နှင်းဖတ်များနှင့် ဆော့ကစားလိုကြသည်။  ဆောင်းလေအေးအေးကို ရင်မှာတစ်ရှိုက် ရှိုက်ချင်ကြသည်။ အဓိကကတော့ လူတို့ အတွက် ပြီးပြည့်စုံဆုံးဟု ဆိုနိုင်မည့် ရာသီဥတုဟူ၍ရရန်ခဲယဉ်းခြင်းကြောင့် လူသားတို့သည် နေ့စဉ်နှင့်အမျှ ရာသီ ဥတုအပေါ် မျက်စောင်းတထိုးထိုး တညည်းတညူညူဖြင့်သာ အဆင်ပြေအောင် လူးလွန့်လျက် နေထိုင်လာခဲ့ကြ ရ သည်မှာ လူ့သမိုင်းသက်တမ်းတစ်လျှောက်ပင် မဟုတ်ပါလော။

ရာသီဥတုနှင့်ပတ်သက်၍ ကဗျာဉာဏ် စာဉာဏ်ရှိသူတို့က ရေးဖွဲ့ကြရာတွင် “ကိုယ့်ရင်ထဲမှာတော့ နွေရာသီ”၊ “ရင်ထဲက ဆောင်းရာသီ” စသည့် အဖွဲ့အနွဲ့များထွက်လာကြသည်။ ဒါကတော့ လူတို့အတွက် အပြင်မှာ မည်မျှ ပူပြင်းပါစေ ရင်ထဲ (စိတ်နှလုံးမှာ) အေးချမ်းနေလျှင် ဆောင်းဖြစ်သည်၊ အပြင်မှာ ဘယ်လောက်အေးအေး ချစ်ရသူကို ဆုံးရှုံးရခြင်းကြောင့် သောကအပူရောက်ကာ နွေရာသီနှင့်တူနေသည် စသည်ဖြင့် ခိုင်းနှိုင်းတင်စားကာ ပြင်ပဗဟိဒ္ဓထက် အတွင်း အဇ္ဈတ္တက ပိုစကားပြောကြောင်း ၊ ပိုအရေးပါကြောင်း အာဝဇ္ဇန်းဖွဲ့သီကြခြင်းဖြစ်သည်။ ဒါကတော့ ပြင်ပရုပ်လောကကိုကျော်လွန်ကာ ဘဝ၏အတွင်းပိုင်းထဲအထိ ထွင်းဖောက်မြင်ဖို့ကြိုးစားကြည့်သည့် လောကအမြင်ဖြစ်သည်။ 

တကယ်တော့လည်း လူသားတို့အတွက် နွေရာသီအပူသာလျှင် တစ်ခုတည်းသော အပူတော့ မဟုတ်ပါ။ လူသားတို့သည် လူမှန်းသိတတ်စဉ်မှစကာ သေသည်အထိ အလိုမကျမှုများနှင့် နေ့စဉ်နှင့်အမျှ သောကအပူနှင့် အတူ မရပ်မနား နှစ်ပါးသွားနေကြရသူချည်းသာဖြစ်သည်။ စားဝတ်နေရေးဆိုသည့် အခြေခံလိုအပ်ချက်နှင့် ပတ်သက်၍ အလိုမကျရခြင်းမှသည် တခြားတခြား မရေမတွက်နိုင်သော အရေးကိစ္စများ အတွက် အလိုမကျခြင်းများအထိ အလိုမကျမှုပေါင်းများစွာနှင့် ကျွန်တော်တို့နှစ်ပါးသွားနေကြရသည်။ ဆန်အိုး ထဲတွင် စားစရာမရှိ၍ ကျူးကျော်တဲနေ ဆင်းရဲသားတစ်ဦး စိတ်ညစ်နေချိန်တွင် ရှယ်ယာဈေးများထိုးကျသွား သဖြင့် ဘီလျံနာကြီးတစ်ဦး သွေးတက်နေသည်။ ကျောင်းလခသွင်းရန် ပိုက်ဆံအလျင်မမီသည့် ကျောင်းသူ လေးတစ်ဦး ဗျာပါမီးတောက်နေချိန်တွင် နောက်ဆုံးပေါ် အိုင်ဖုန်း မိဘက မဝယ်ပေးသဖြင့် ဆယ်ကျော်သက် ကောင်မလေးတစ်ဦး စိတ်ကောက်နေသည်။ ရုပ်ဆိုးသဖြင့် သူ့ကိုအပေါင်းအသင်းမလုပ်ကြဟုဆိုကာ ကောင်လေး တစ်ယောက် သိမ်ငယ်နေချိန်တွင် နှုတ်ခမ်းနီမလေးများ၏အသဲစွဲ မင်းသားတစ်ဦး ပရိသတ်နှင့်တွေ့ဆုံပွဲနီးကာမှ ဝက်ခြံပေါက်၍ဟုဆိုကာ ဝက်ခြံနှင့်နပမ်းသတ်နေသည်။ ခြေတစ်ဖက်မသန်သည့် ဦးဖြူက သန်စွမ်းသူများကို ကြည့်ကာ အားကျနေချိန် နှာခေါင်းမလှသဖြင့်ဟုဆိုကာ မနီတစ်ယောက် နှာခေါင်းခွဲစိတ်လိုပါသော်လည်း ခွဲစိတ်ခ မတတ် နိုင်သဖြင့် စိတ်ဓာတ်ကျနေရသည်။ တစ်လကို ငွေလေးတစ်သိန်းကျော်ကျော်လောက်သာရသည့် ကုမ္ပဏီ အရောင်းစာရေးလေးက “တစ်လ ဒေါ်လာငါးရာလောက်ရတဲ့အလုပ်ရရင် ကောင်းမှာပဲ’ ဟု တွေးနေချိန်တွင် တစ်ပတ်နေလို့မှ လူနာတစ်ခါမကြည့်ရတတ်သည့် ဒေါ်လာထောင်ချီရသည့် ဆရာဝန်တစ်ဦးကလည်း သူ့ အလုပ်သည် ပြိုင်ဘက်မရှိ၊ စိန်ခေါ်မှုမရှိသဖြင့် ပျင်းစရာကောင်းသည်၊ အလုပ်သစ်ရှာမည်ဟု တွေးချင်တွေးနေ တတ်ပြန်သည်။

ဤသို့လျှင် လူ့ဘဝတွင် ရှိသူလည်းရှိသူအလျောက်၊ မရှိသူလည်း မရှိသူအလျောက် ကိုယ့်စိတ်နှင့်ကိုယ် နေ့စဉ်နှင့် အမျှ ရန်ဖြစ်နေကြရသည်။ အားလုံးဘဝင်ကျပြီ၊ စိတ်တိုင်းကျပြီ၊ လိုချင်တာ လိုအပ်တာ ဘာမှမရှိတော့ဘူး ဟုဆိုကာ ပျော်ပိုက်နေသည့်လူသားဟူ၍လည်း တစ်ဦးမျှမရှိနိုင်ပါ။ ဆင်းရဲသည့်နိုင်ငံမှ လူသားတစ်ဦးက ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံမှ အဆင့်အတန်းမြင့်မြင့်နေရသည့်ဘဝကို အားကျနေသလို ထို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကြီး မှ နိုင်ငံသားများသည်လည်း နေ့စဉ်နှင့်အမျှ ဘဝင်မကျမှု၊ စိတ်တိုင်းမကျမှုများစွာဖြင့် မရသေးသည်များ ရအောင်၊ မဖြစ်သေးသည်များဖြစ်အောင် လုံးပန်းလျက်ရှိကြသည်။

လူ့ဘဝသည် အားလုံးအဆင်ပြေချောမွေ့နေပြီး ဘာပြဿနာမှမရှိတော့လျှင် အတော်ပျင်းစရာကောင်းလိမ့်မည်၊ နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေရခြင်းသည်ပင်လျှင် လူသားတို့ကို တိုးတက်အောင် တွန်းအားပေးသည့် အရာဖြစ်သည်ဟု မြင်လို့လည်းရပါသည်။ မပြီးပြည့်စုံခြင်းသည်ပင်လျှင် လူ့ဘဝ၏အနှစ်သာရဖြစ်သည်ဟု ဆိုသော်လည်း ဆိုနိုင်ပါသည်။ ပြင်ပမှ ကိုယ်ဘာမှမတတ်နိုင်သော ပူခြင်း အေးခြင်းစသည့် ဗဟိဒ္ဓ အကြောင်းတရားများနှင့်ရော ကိုယ့်အတွင်းစိတ် အဇ္ဈတ္တထဲမှ ကိုယ့်ကိုတွန်းအားပေးနေသော ထိုထိုဤဤ လိုအင် ဆန္ဒများ နှင့်ရော နာရီစက္ကန့်နှင့်အမျှ အဆင်ပြေအောင်နေနေရသော လူ့ဘဝသည် ဘာမှမက်မောစရာမရှိ သော အနှစ်မဲ့ဘဝဟု တွေးသော်လည်းတွေးနိုင်ပါသည်။ မည်သည့်ရှုထောင့်ကိုပဲယူသည်ဖြစ်စေ လူတစ်ယောက်အဖို့ ကိုယ့်ယုတ္တိနှင့်ကိုယ်၊ ကိုယ့်အကြိုက်နှင့်ကိုယ်၊ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ်မို့ ရှေ့နောက်အစဉ်ညီညွတ်နေသရွေ့ အဆင်ပြေပါသည်။လူအားလုံးကလည်း တစ်ခုတည်းသောရှုထောင့်မှ ရပ်တည်ကြည့်ကြမည်မဟုတ်ပါ။ စိတ်တိုင်း မကျရသော ဘဝကို အနှစ်သာရမဲ့သောဒုက္ခဟုမြင်သူလည်းရှိမည်ဖြစ်သလို ကြိုးစားရုန်းကန်နေရခြင်းကြောင့် လူ့သမိုင်းကြီးဖြစ်ပေါ် တိုးတက်ခဲ့ခြင်းဖြစ်သည်ဟု မြင်ကာ နှစ်ထောင်းအားရဖြစ်နေသူလည်း ရှိမည်ဖြစ်သည်။ ပထမတစ်မျိုးက နောက်တစ်မျိုးတစ်စားလူတွေကိုကြည့်၍ သူတို့ပူလောင်လိုက်တာဟု တွေးမည်ဖြစ်သလို ဒုတိယ အမျိုးအစားလူတွေကလည်း ပထမအမျိုးအစားလူတွေကိုကြည့်ပြီး ‘အလကားနေ အလကား အဆိုးမြင်ပြီး ဘဝကနေ ရှောင်ပြေးချင်နေကြသူတွေ’ဟု မြင်မည်ဖြစ်သည်။

မည်သို့ဖြစ်စေ လူအမျိုးမျိုး အတွေးအခေါ် အဖုံဖုံ ရှုထောင့်အသွယ်သွယ် ရှိနေခြင်းကပင် ကမ္ဘာလောက ပန်းဥယျာဉ်ကြီးအတွင်း ပန်းရောင်စုံကိုဖူးပွင့်စေခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ အမြင်ချင်း၊ ရှင်သန်ပုံခြင်း မတူခြင်းကြောင့် လူတို့သည် လာရာလည်း မတူသလို လားရာလည်း တူကြမည်မဟုတ်ပါ။ အားလုံး ကိုယ့်တန်ဖိုးနှင့်ကိုယ် ရှိကြသည်ချည်းဖြစ်ပါသည်။ ပိတောက်နှင့်ငုတွင် ပိတောက်က မိုးရွာမှပွင့်သည်၊ အနံ့မွှေးသည်။ ငုက မိုးရွာရွာ မရွာရွာ အချိန်တန်လျှင်ပွင့်သည်၊ ပိတောက်လို အနံ့မမွှေး၊ လူတွေကလည်း ငုကို သူ့အတိုင်းအလှကြည့်သည်၊ မခူးမယူကြ။ ပွင့်ခဲသော ပိတောက်ကိုမှ ထူးထူးခြားခြားစောင့်ပြီး ပွင့်သည်နှင့် အကုန်ခူးကြတော့သည်။ ငုကတော့ ခူးသူမရှိသဖြင့် တစ်နွေလုံး အပင်ပေါ်မှာ လှလှပပ ဆင်မြန်းကာ သက်တမ်းကုန်မှ ပျောက်ကွက်သွားကြသည်။ ပိတောက်ကတော့ ဒီနေ့ပွင့် မနက်ဖြန် ပျောက်။

ပျော်ရွှင်ခြင်းလမ်းစ

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...