Skip to main content

အမုန်းစကားတွေရပ်ကြစို့


ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ သူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အတော်လေး ဝေဖန်ခံလိုက်ရပါတယ်။ မွတ်စလင်တွေကို အမေရိကန်နိုင်ငံထဲပေးမဝင်သင့်ဘူးဆိုတဲ့စကားပါ။ ပါရီမှာဖြစ်ပျက် ခဲ့တာတွေ၊ လတ်တလော အမေရိကန်မှာ လူ ၁၄ ယောက်သေကြေခဲ့ရတဲ့ မွတ်စလင်လင်မယားနှစ်ယောက်ရဲ့ ပစ်ခတ်မှုတွေနဲ့အတူ လာမယ့်ရွေးကောက်ပွဲအတွက် ရီပတ်ဗလစ်ကန် ပါတီ ကိုယ်စားပြုဝင်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့ ဒေါ်နယ် ထရမ့်က ခုလို ထပြောလိုက်ခြင်းဖြစ်ပါတယ်။

ယနေ့ခေတ်မှာ လူမျိုး၊ ဘာသာရေးမုန်းတီးမှုနဲ့အတူ အကြမ်းဖက်မှုဇာတ်လမ်းတွေလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ကြားနေကြရပါတယ်။ အထူးသဖြင့်တော့ အစ္စလာမ်ဘာသာနဲ့မွတ်စလင်တွေအပေါ်မှာ မုန်းတီးမှု၊ မလိုလားမှုနဲ့ မကောင်းပြောမှုတွေ အားလုံးထဲမှာအပြင်းထန်ဆုံးပါပဲ။ အစွန်းရောက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းအချို့ရဲ့ ရန်သူနိုင်ငံနဲ့လူမျိုး၊ ဘာသာဝင်တွေအပေါ်မှာ အကြမ်းဖက် ဘာသာရေးစစ် ဆင်နွှဲရာကနေ ကျန်တဲ့ လူမျိုး၊ ဘာသာဝင်တွေရဲ့ အမြင်စောင်းမှုနဲ့အတူ မလိုလားသံတွေ၊ မုန်းတီးရေးစကားတွေ ပေါ်ထွက် တလာခဲ့ပါတယ်။ အင်တာနက်ရဲ့အသုံးတွင်ကျယ်မှုကို ဘက်နှစ်ဖက် စလုံးက ကောင်းကောင်း အသုံးချကြတဲ့အတွက် လူမျိုးရေး ဘာသာရေးမုန်းတီးမှုတွေ အမုန်းစကားတွေရဲ့ ပျံ့နှံ့မှုကို ပိုလို့မီးထိုး ပေးသလိုလည်းဖြစ်ရပါတယ်။

လူတစ်ယောက်၊ ဒါမှမဟုတ် တူညီတဲ့လက္ခဏာသွင်ပြင်တွေပိုင်ဆိုင်ကြတဲ့ လူမျိုးတစ်မျိုး၊ လူအုပ်စုတစ်စု သို့မဟုတ် အသိုင်းအဝိုင်းတစ်ခုကို သူတို့ရဲ့လိင်၊ လူမျိုး၊ အသားအရောင်၊ ပြောတဲ့ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာစသည်ကိုအကြောင်းပြုလို့ ဝါးလုံးရှည်နဲ့သိမ်းကျုံးပြီး ခွဲခြားဆက်ဆံမှုသဘောဆန်တဲ့၊ ဝေဖန်တိုက်ခိုက်အပုပ်ချမှုအပြည့်ပါတဲ့စကားတွေ ပြောခြင်းကို အမုန်းစကား (Hate speech) လို့ခေါ်ပါတယ်။  အမုန်းစကားတွေကို ပြောဆိုလာကြပြီဆိုရင် ဒါနဲ့ နောက်ဆက်တွဲဆိုသလို အဲဒီပစ်မှတ်ထားခံရတဲ့ လူပုဂ္ဂိုလ်၊ လူအုပ်စုအပေါ် ကျန်တဲ့လူတွေကအကြမ်းဖက်တိုက်ခိုက်တာ သို့မဟုတ် အနုနည်းနဲ့ခွဲခြားဆက်ဆံတာ၊ လူ့ အသိုင်းအဝိုင်းအပြင်ရောက်အောင် ပထုတ်တာ၊ အဆုံးစွန်ဆုံးအားဖြင့် အဲဒီလူပုဂ္ဂိုလ် ဒါမှမဟုတ် လူအုပ်စုတစ်ခု ကို ကမ္ဘာပေါ်ကနေ လုံးဝပျောက်သွားအောင်ရည်ရွယ်ပြီး မျိုးတုန်းသတ်ဖြတ်ပစ်တာတွေအထိ ကျူးလွန်ရလောက် အောင်အထိ အဲဒီအမုန်းစကားပြောခြင်းဟာ ထိရောက်မှုရှိလွန်းလှပါတယ်။ ကျူးလည်းကျူးလွန်ခဲ့တဲ့ သာဓကတွေ သမိုင်းမှာရှိခဲ့ပါတယ်။

ဂျာမနီမှာ ဒုတိယကမ္ဘာစစ်ကာလက နာဇီခေါင်းဆောင်ကြီး ဟစ်တလာရဲ့ ဂျူးမုန်းတီးရေးနဲ့ ဂျူးအမြတ်ဖြတ် သုတ်သင်ရေးစီမံချက်အတွင်းမှာ ဥရောပသားဂျူးပေါင်း ၆ သန်းလောက် အလကားသက်သက် အသက်ပျောက်ခဲ့ ကြရပါတယ်။ ဟစ်တလာဟာ ဂျူးတွေအပေါ်မှာ မလိုလားတဲ့စိတ်တွေကို ဂျာမန်တွေရဲ့ခေါင်းထဲကို ဝါဒဖြန့်ချိ သွတ်သွင်းပေးခဲ့တဲ့အတွက် နာဇီခေါင်းဆောင်တွေဟာ ဂျူးတွေအပေါ် ရွံရှာဖွယ်လူမျိုး၊ ဂျာမနီပြည်နဲ့ ဥရောပကို ဖျက်ဆီးမယ့်လူမျိုးတစ်မျိုးအဖြစ် အထင်သေး မုန်းတီးစိတ်တွေ ဝင်ရောက်ခဲ့ကြပြီး ဂျူးသုတ်သင်ရေးစီမံချက်ကြီး ကို စနစ်တကျနဲ့အကောင်အထည်ဖော်ခဲ့တာပါ။ မဝေးသေးသောကာလများက ဘော့စနီးယားမွတ်စလင် တွေ အပေါ် ဆာ့ဘ်တွေက မျိုးတုန်းသတ်ဖြတ်မှုရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြရာမှာလည်း လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုက အခြေခံအကြောင်းတရားဖြစ်ပါတယ်။ အာဖရိကတိုက်က ရဝမ်ဒါနိုင်ငံမှာလည်း လူနည်းစု တွတ်ဆီတွေကို လူများစု ဟူတူတွေက မုန်းတီးရန်ရှာခဲ့ကြလို့ သွေးချောင်းစီးတိုက်ခိုက်မှုတွေအတွင်းမှာ တွတ်ဆီတွေသန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီလိုမျိုး လူမျိုးရေးအရ၊ ဘာသာရေးအရ မုန်းတီးမှုတွေဖြစ်ရခြင်းဟာ လူတွေရဲ့မွေးရာပါပင်ကိုစိတ်ဓာတ် ကြောင့် မဟုတ်ဘဲ တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကနေဦးဆောင်ပြီးတော့ လူများစုရဲ့စိတ်ထဲကို အဆိပ်နဲ့ တူတဲ့ မုန်းတီးရေးစိတ်ဓာတ်တွေ သွတ်သွင်းပေးလိုက်လို့ပဲဖြစ်ပါတယ်။ ကိုယ်နဲ့လူမျိုး၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှု ဒါမှမဟုတ် လိင်စိတ်ကိုင်းညွတ်မှုစတာတွေမတူတဲ့ လူတစ်ယောက်ဖြစ်စေ၊ လူတစ်စုကို ဖြစ်စေ အကြောင်းတစ်စုံတစ်ရာကြောင့် အမြင်မကြည်လင် ဖြစ်နေတဲ့လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုတစ်ဖွဲ့ ဟာသူတို့နဲ့ မျိုးတူလူ့အဖွဲ့အစည်း အတွင်းက ကျန်တဲ့သူတွေကိုပါ ကိုယ့်လို လိုက်လံယုံကြည်လာအောင်၊ ကိုယ် မြင်သလို လိုက်မြင်လာအောင် ဟောပြောစည်းရုံးမှုတွေပြုလုပ်ကြပါတယ်။ အဲဒီလို ပြုလုပ်ရာမှာ အဓိကအားဖြင့်တော့ အဲဒီအမုန်းခံ လူအုပ်စုနဲ့ပတ်သက်ပြီး တကယ်ဟုတ်တဲ့အချက်တွေရော၊ မဟုတ်တဲ့အချက်တွေရော စုပေါင်းပြီး ဇာတ်လမ်း တစ်ပုဒ်ဖန်တီးပြီး ရိုးသားတဲ့လူထုကြီးကို ခြောက်လှန့်တဲ့နည်းကို အများဆုံးအသုံးပြုကြ ပါတယ်။ ဥပမာအားဖြင့် ‘အဲဒီလူတွေဟာ တို့နိုင်ငံကိုလွှမ်းမိုးသိမ်းပိုက်ဖို့ အကြံရှိနေတယ်’ ဆိုတာမျိုး (conspiracy theory)၊ ‘အဲဒီ လူတွေကြောင့် ခုလိုဖြစ်ရတာ’ ဆိုပြီး ပြဿနာတစ်ခုခုအတွက် အပြစ်ရှာတာမျိုး (blaming)၊ ‘ဒီလူတွေကို ဒီလိုမျိုးနှိပ်ကွပ်ထားမှ/ဒီလိုမျိုးကန့်သတ်ချုပ်ခြယ်ထားမှ/ဒီလိုမျိုးရှင်းထုတ်ပစ်မှ ဒီ ပြဿနာပြေလည်သွားမယ်’ ဆိုပြီး ဖြေရှင်းနည်းထုတ်ပေးတာမျိုး (Problem solving) ပါ။

အဲဒီလိုမျိုး လူတစ်ယောက်/လူတစ်စုရဲ့ မုန်းတီးရေးအမြင်တွေကို ကျန်တဲ့လူများစုကပါ လိုက်လံယုံကြည်လာတဲ့ အခါမှာတော့ မုန်းတီးတဲ့အဆင့်ကနေ အမုန်းကြောင့်ကျူးလွန်တဲ့ရာဇဝတ်မှု (hate crimes) အဖြစ်ကိုပါ ရောက်ရှိ သွားပါတယ်။ အပေါ့ဆုံးအနေအားဖြင့် အဲဒီ အမုန်းခံနေရတဲ့လူနည်းစုကို ကျန်တဲ့လူတွေနဲ့တန်းတူအခွင့်အရေး မပေးတာ (ဥပမာ- အမေရိကမှာ တစ်ချိန်က လူမည်းတွေကိုလူဖြူတွေနဲ့တန်းတူ နိုင်ငံသားအခွင့်အရေးမပေးခဲ့ တာ၊ နှိမ်ချခွဲခြားဆက်ဆံခဲ့တာ) ကနေ၊ အဲဒီလူအုပ်စုအပေါ်မှာ အကြမ်းဖက်တာ (လူမျိုးရေးဘာသရေး အဓိကရုဏ်းတွေ) ကနေ အပြင်းထန်ဆုံးအားဖြင့် မျိုးဖြုတ်သတ်ဖြတ်ပစ်တာ (ဂျူးအမြတ်ဖြတ်သုတ်သင်မှု၊ ကိုဆိုဗိုရာဇဝတ်မှု) အထိ ပုံစံအမျိုးမျိုးနဲ့ကျူးလွန်တဲ့အထိကို ဆက်သွားကြပါတယ်။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုတဲ့စကားအတိုင်း မုန်းတီးရေးဝါဒနဲ့ မုန်းတီးရေးစကားတွေရဲ့သက်ရောက်မှုဟာ နောက်ဆုံး လူသားသမိုင်းမှာ အကြီးဆုံးအမည်းစက်ကြီးတွေထင်ကျန်ရစ်တဲ့အဆင့်အထိ ရောက်ရှိသွားနိုင်တဲ့အစွမ်း ရှိနေပါတယ်။

ကိုယ်နဲ့မတူတဲ့သူတွေအပေါ် မုန်းတီးမှုမှာ အကြောင်းရင်းခံအမျိုးမျိုးရှိနိုင်ပါတယ်။ ကိုယ်နဲ့ဘာသာရေးခံယူချက်၊ ယုံကြည်ချက်ချင်းမတူတာ၊ အတိတ်ကဖြစ်ခဲ့ဖူးတဲ့ပဋိပက္ခတွေကိုမမေ့နိုင်တာ၊ ကိုယ့်ရဲ့ အမှတ်သရုပ်သင်္ကေတ (identity) ကို လွန်လွန်ကဲကဲအစွဲကြီးတာတွေကြောင့် အဲဒီ မတူတဲ့သူတွေအပေါ်မှာ အမြင်မကြည်လင်ရာကနေ တစ်စတစ်စနဲ့ မုန်းတီးမှုအဆင့်ကိုရောက်ရှိသွားတာပါပဲ။ ကိုယ်တစ်ယောက်တည်းမုန်းတီးနေရုံကနေ အားမရဘဲ ကျန်တဲ့သူတွေကိုပါ ကိုယ့်လိုလိုက်မုန်းတီးအောင် သွေးထိုးစည်းရုံးတဲ့အချိန်ကစပြီး အမုန်းစကားတွေပေါ်ပေါက် လာပါတယ်။ အမုန်းစကားတွေဟာ တောမီးလိုပျံ့နှံ့လွယ်လှပါတယ်။ ယမ်းအပြည့်ထည့်ထားတဲ့အိုးလိုလည်း ပေါက်ကွဲမှုအားကြီးလွန်းလှပါတယ်။ အမုန်းမီးတွေကူးစက်အောင်လုပ်ရတာ လွယ်ပေမယ့် ပြန်ငြိမ်းသတ်ရ တာကတော့ အခက်ခဲဆုံးအလုပ်ပါပဲ။ မုန်းနေတဲ့လူတွေရဲ့ရင်ထဲကအမုန်းတရားကိုငြိမ်းစေဖို့ ရော ခံလိုက်ရတဲ့သူတွေရဲ့ရင်ထဲက နာကျည်းမှုတွေ၊ နာကျင်မှုတွေကိုပြေပျောက်အောင်လုပ်ဖို့ရော မျိုးဆက်နဲ့ချီပြီး ကြာသွားနိုင်ပါတယ်။ ဆယ်စုနှစ်မက ရာစုနှစ်များစွာတိုင်အောင်လည်း အချိန်ယူရနိုင်ပါတယ်။ ဒါပေမဲ့ အမုန်းကြောင့်ပေးဆပ်လိုက်ရတဲ့ အဖိုးတန်တဲ့လူ့အသက်တွေကတော့ အစားပြန်မရနိုင်တော့ပါဘူး။

တကယ်တော့ အမုန်းတရားဆိုတာဟာ လူကိုလူလို့မမြင်ဘဲ လူတွေကိုအမျိုးမျိုး တံဆိပ်ကပ်ရာကနေ သူတို့နဲ့ ငါတို့နဲ့မတူဘူးဆိုပြီး ခွဲခြားရှုမြင်မှုကြောင့် ဖြစ်ရတာပါ။ ကိုယ်နဲ့မတူတဲ့လူအုပ်စုဝင်တစ်ဦးတစ်ယောက်ရဲ့ အယူ အဆ၊ နေပုံထိုင်ပုံ၊ ပြုမူပြောဆိုပုံတွေအပေါ်မှာ ကိုယ့်ကိုထိခိုက်စေတဲ့အရာလို့ရှုမြင်ရာကနေ မုန်းတီးမှုအစပြုတာ ဖြစ်ပါတယ်။ အဲဒီကနေမှ ဒီလူကိုမကြိုက်ရာကနေ ဒီလူနဲ့အရောင်အသွေး အမှတ် လက္ခဏာတူတဲ့ ကျန်တဲ့သူတွေကိုပါ အားလုံးစုပေါင်းပြီး တစ်တန်းတစ်စားတည်းသတ်မှတ်လိုက်တဲ့အတွက် ပုံသေကားကျစွဲမှတ်အမြင် (stereotype) တွေရယ်လို့ဖြစ်လာပါတယ်။ ဒီပုံသေအမြင်ကိုလိုက်ပြီး ဒီလူမျိုးကတော့ ဒီလိုဖြစ်တယ်၊ ဒီဘာသာဝင်တွေက ဟိုလိုဖြစ်တယ်စသည်ဖြင့် အသလွတ်အမြင်အစွဲ (prejudice) ဖြစ်လာပါတယ်။ ဒါကို လိုက်ပြီးတော့ အုပ်စုတူသူတွေအပေါ်မှာ ကျင့်သုံးမယ့် မူဝါဒတွေ ပေါ်ထွက်လာပါတယ်။ အစပိုင်းမှာပြောခဲ့တဲ့ ဒေါ်နယ် ထရမ့်ရဲ့ မွတ်စလင်အဝင်မခံဘူးဆိုတဲ့စကားက ဒါကို ထင်ဟပ်နေပါတယ်။



ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မွတ်စလင်တွေအပေါ်မှာ မလိုလားမှုတွေ၊ မုန်းတီးမှုတွေကို ရင်မှာပိုက်ထားတဲ့ လူတွေရှိနေပါတယ်။ သူတို့ထဲကခေါင်းဆောင်တွေဟာ သူတို့လိုပဲ ကျန်တဲ့လူတွေလည်း မွတ်စလင်တွေကို လိုက်မုန်းအောင် အမုန်းတရားတွေဟော၊ အမုန်းစကားတွေပြောပြီး အမုန်းမီးတွေကို လိုက်ကူးပေးနေကြတာကို အားလုံးသိပြီးဖြစ်ပါတယ်။ ဒါရဲ့အကျိုးဆက်ကတော့ မြန်မာနိုင်ငံရေး အကူးအပြောင်းစပြီရယ်လို့မှ လက်ခုပ်သံမစဲသေးမီ နိုင်ငံ့သမိုင်းမှာ လက်ညှိုးထိုးစရာ ဖြစ်ကျန်နေတော့မယ့် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ တာပါပဲ။ ရခိုင်နဲ့ မိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တာတွေဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဆိုတာထက် မွတ်စလင်တွေ အပေါ်မှာ ဝိုင်းဝန်းအနိုင် ကျင့်အကြမ်းဖက်ခဲ့ကြတယ်ဆိုတာက ဘယ်ဘာသာဝင်က ဘယ်နှယောက် သေတယ်၊ ဘယ်ဘာသာဝင် အိုးမဲ့အိမ်မဲ့ အရေအတွက်က ဘယ်လောက်ရှိတယ်ဆိုတဲ့ စာရင်းကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါတွေဟာ အမုန်းတရားတွေ စဟော၊ အမုန်းစကားတွေစပြောတဲ့အချိန်မှာ အချိန်မီ တားဆီးပြီး အရေးယူမှုတွေမပြုလုပ်ခဲ့တဲ့အတွက် အပျက် အပျက်နဲ့နှာခေါင်းသွေးထွက်တဲ့ ကိန်းဆိုက်ရတာပါပဲ။ နိုင်ငံသားအချင်းချင်း အိမ်ရှင်နဲ့ဧည့်သည်ဆိုတဲ့ ခွဲခြားမှုတွေ လုပ်၊ ဘာသာခြား လူနည်းစုတွေကို စီးပွားပျက်စေမယ့် လှုပ်ရှားမှုတွေလုပ်၊ ဘာသာခြားတွေကိုနှိပ်ကွပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းပြီး အစိတ်စိတ်အမြွှာမြွှာပြိုကွဲမယ့် လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ မိုက်မိုက်မဲမဲ ရှေ့ဆောင်ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဘယ်တုန်းကနဲ့မှမတူတဲ့ လွတ်လပ်စွာပြောရေးဆိုခွင့်တွေ၊ ရေးသား ထုတ်ဝေခွင့်တွေရရှိခဲ့တာဟာ ကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ ဒီလွတ်လပ်စွာဟောပြောရေးသားခွင့်ကို ခုတုံးလုပ်ပြီး ကိုယ်မနှစ်မြို့တဲ့လူမျိုး၊ ဘာသာဝင်တွေအပေါ် အမုန်းပွားအောင်လှုံ့ဆော်တာကိုတော့ ဘယ်လူ့အခွင့်အရေး ပညာရှင်ကမှ လက်ခံမှာမဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာဟာ ကိုယ်ယုံကြည်တာကို သူတစ်ပါး မထိခိုက်တဲ့ဘောင်အတွင်းကနေ ပြောဆိုဖို့သာဖြစ်ပြီး ကိုယ့်စကားကြောင့် တစ်ဖက်လူနာကျင်သွားစေတဲ့၊ ဒါမှမဟုတ် ကိုယ့်စကားကြောင့် တစ်ဖက်လူတွေအပေါ်မှာ ဝိုင်းဝန်း အကြမ်းဖက်မှုတွေဖြစ်ပွားစေတဲ့ ပြောဆိုမှုမျိုး မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်တဲ့သူ၊ မကောင်းတဲ့သူကို ဥပဒေအတိုင်းသာ ကျောသားရင်သားမခွဲခြားဘဲ အပြစ်ပေးရမှာဖြစ်ပြီး လူတစ်ယောက်ရဲ့ အပြုအမူအတွက် သူနဲ့မျိုးတူကျန်တဲ့သူတွေကပါ ဝိုင်းပြီး အပြစ်ပေးခံရ တယ်ဆိုတာဟာ လောကပါလ တရားမဟုတ်ဘူး ဆိုတာကို မြန်မာနိုင်ငံက အမုန်းစကားပြောနေသူတွေ သဘော ပေါက်ဖို့ လိုနေပြီဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် အမုန်းဓာတ်ခံဆိုတာဟာ ဒေါသအကုသိုလ်စေတသိက်ဖြစ်ပြီး လောင်မြိုက်စေတဲ့ မီးပဲဖြစ်ပါတယ်။ မီးဆိုတာဟာ ဘယ်သူဘယ်ဝါမခွဲခြားဘဲ သူသူငါငါ ထိစပ်သူအားလုံးကို လောင်ကျွမ်း တတ်ပါတယ်။ ကိုယ်နဲ့လည်း သိကျွမ်းမှုမရှိတဲ့လူတွေအပေါ်မှာ ဟိုလူမျိုးဖြစ်နေလို့၊ ဟိုဘာသာဝင်ဖြစ်နေလို့၊ ယောက်ျားဖြစ်နေလို့၊ မိန်းမဖြစ်နေလို့ဆိုတဲ့အကြောင်းတွေနဲ့ အသားလွတ်မုန်းတီးနေတဲ့သူဟာ ကြီးမားတဲ့ မီးတောက်ကြီးကို ရင်ထဲမှာ သွားလေရာသယ်ဆောင်သွားသူပဲဖြစ်ပါတယ်။ အမုန်းစကားတွေ လိုက်ဖြန့်ဖြူး နေသူတွေကတော့ ကိုယ့်ရင်ထဲကမီးကို တခြားသူတွေရဲ့ရင်ထဲကို လိုက်ကူးထည့်ပေးနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရင်ထဲမှာ မီးရှိနေရင်လည်း အဲဒီမီးကိုအမြန်ငြှိမ်းသတ်ဖို့လိုသလို ကိုယ့်ကို မီးလာပေးသူနဲ့ တွေ့ရင်လည်း လက်မခံဖို့ အရေးအကြီးဆုံးပါပဲ။ အားလုံးထက်ပိုအရေးကြီး တာကတော့ တာဝန်ရှိသူတွေရဲ့ အရေးယူဆောင်ရွက်မှု၊ ပညာပေးမှု အပိုင်းပဲဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ မီးလောင်ရင် မီးသတ်ကား ချက်ချင်းရောက်လာတတ်ပေမယ့်၊ မီးစလောင်တဲ့ အိမ်ကိုအရေးယူလေ့ရှိပေမယ့် ဒီလို လူမျိုးရေး၊ ဘာသာရေး အမုန်းမီးရှို့နေသူတွေကိုတော့ ခုထိအရေးယူမှု မရှိသေးတာဟာ အန္တရာယ် အရှိဆုံးပဲ ဖြစ်တဲ့အတွက် ပြည်သူတွေကရော၊ တာဝန်ရှိသူတွေပါ အမုန်းမီးတွေကို အမြန်ဆုံး ရပ်တန့်အောင် လုပ်ကြဖို့လိုနေပြီဆိုတာ သတိပေးခေါင်းလောင်းထိုးတင်ပြလိုက်ရပါတယ်။

ပျော်ရွှင်ခြင်းလမ်းစ

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...