Skip to main content

အမုန်းစကားတွေရပ်ကြစို့


ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ သူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အတော်လေး ဝေဖန်ခံလိုက်ရပါတယ်။ မွတ်စလင်တွေကို အမေရိကန်နိုင်ငံထဲပေးမဝင်သင့်ဘူးဆိုတဲ့စကားပါ။ ပါရီမှာဖြစ်ပျက် ခဲ့တာတွေ၊ လတ်တလော အမေရိကန်မှာ လူ ၁၄ ယောက်သေကြေခဲ့ရတဲ့ မွတ်စလင်လင်မယားနှစ်ယောက်ရဲ့ ပစ်ခတ်မှုတွေနဲ့အတူ လာမယ့်ရွေးကောက်ပွဲအတွက် ရီပတ်ဗလစ်ကန် ပါတီ ကိုယ်စားပြုဝင်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့ ဒေါ်နယ် ထရမ့်က ခုလို ထပြောလိုက်ခြင်းဖြစ်ပါတယ်။

ယနေ့ခေတ်မှာ လူမျိုး၊ ဘာသာရေးမုန်းတီးမှုနဲ့အတူ အကြမ်းဖက်မှုဇာတ်လမ်းတွေလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ကြားနေကြရပါတယ်။ အထူးသဖြင့်တော့ အစ္စလာမ်ဘာသာနဲ့မွတ်စလင်တွေအပေါ်မှာ မုန်းတီးမှု၊ မလိုလားမှုနဲ့ မကောင်းပြောမှုတွေ အားလုံးထဲမှာအပြင်းထန်ဆုံးပါပဲ။ အစွန်းရောက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းအချို့ရဲ့ ရန်သူနိုင်ငံနဲ့လူမျိုး၊ ဘာသာဝင်တွေအပေါ်မှာ အကြမ်းဖက် ဘာသာရေးစစ် ဆင်နွှဲရာကနေ ကျန်တဲ့ လူမျိုး၊ ဘာသာဝင်တွေရဲ့ အမြင်စောင်းမှုနဲ့အတူ မလိုလားသံတွေ၊ မုန်းတီးရေးစကားတွေ ပေါ်ထွက် တလာခဲ့ပါတယ်။ အင်တာနက်ရဲ့အသုံးတွင်ကျယ်မှုကို ဘက်နှစ်ဖက် စလုံးက ကောင်းကောင်း အသုံးချကြတဲ့အတွက် လူမျိုးရေး ဘာသာရေးမုန်းတီးမှုတွေ အမုန်းစကားတွေရဲ့ ပျံ့နှံ့မှုကို ပိုလို့မီးထိုး ပေးသလိုလည်းဖြစ်ရပါတယ်။

လူတစ်ယောက်၊ ဒါမှမဟုတ် တူညီတဲ့လက္ခဏာသွင်ပြင်တွေပိုင်ဆိုင်ကြတဲ့ လူမျိုးတစ်မျိုး၊ လူအုပ်စုတစ်စု သို့မဟုတ် အသိုင်းအဝိုင်းတစ်ခုကို သူတို့ရဲ့လိင်၊ လူမျိုး၊ အသားအရောင်၊ ပြောတဲ့ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာစသည်ကိုအကြောင်းပြုလို့ ဝါးလုံးရှည်နဲ့သိမ်းကျုံးပြီး ခွဲခြားဆက်ဆံမှုသဘောဆန်တဲ့၊ ဝေဖန်တိုက်ခိုက်အပုပ်ချမှုအပြည့်ပါတဲ့စကားတွေ ပြောခြင်းကို အမုန်းစကား (Hate speech) လို့ခေါ်ပါတယ်။  အမုန်းစကားတွေကို ပြောဆိုလာကြပြီဆိုရင် ဒါနဲ့ နောက်ဆက်တွဲဆိုသလို အဲဒီပစ်မှတ်ထားခံရတဲ့ လူပုဂ္ဂိုလ်၊ လူအုပ်စုအပေါ် ကျန်တဲ့လူတွေကအကြမ်းဖက်တိုက်ခိုက်တာ သို့မဟုတ် အနုနည်းနဲ့ခွဲခြားဆက်ဆံတာ၊ လူ့ အသိုင်းအဝိုင်းအပြင်ရောက်အောင် ပထုတ်တာ၊ အဆုံးစွန်ဆုံးအားဖြင့် အဲဒီလူပုဂ္ဂိုလ် ဒါမှမဟုတ် လူအုပ်စုတစ်ခု ကို ကမ္ဘာပေါ်ကနေ လုံးဝပျောက်သွားအောင်ရည်ရွယ်ပြီး မျိုးတုန်းသတ်ဖြတ်ပစ်တာတွေအထိ ကျူးလွန်ရလောက် အောင်အထိ အဲဒီအမုန်းစကားပြောခြင်းဟာ ထိရောက်မှုရှိလွန်းလှပါတယ်။ ကျူးလည်းကျူးလွန်ခဲ့တဲ့ သာဓကတွေ သမိုင်းမှာရှိခဲ့ပါတယ်။

ဂျာမနီမှာ ဒုတိယကမ္ဘာစစ်ကာလက နာဇီခေါင်းဆောင်ကြီး ဟစ်တလာရဲ့ ဂျူးမုန်းတီးရေးနဲ့ ဂျူးအမြတ်ဖြတ် သုတ်သင်ရေးစီမံချက်အတွင်းမှာ ဥရောပသားဂျူးပေါင်း ၆ သန်းလောက် အလကားသက်သက် အသက်ပျောက်ခဲ့ ကြရပါတယ်။ ဟစ်တလာဟာ ဂျူးတွေအပေါ်မှာ မလိုလားတဲ့စိတ်တွေကို ဂျာမန်တွေရဲ့ခေါင်းထဲကို ဝါဒဖြန့်ချိ သွတ်သွင်းပေးခဲ့တဲ့အတွက် နာဇီခေါင်းဆောင်တွေဟာ ဂျူးတွေအပေါ် ရွံရှာဖွယ်လူမျိုး၊ ဂျာမနီပြည်နဲ့ ဥရောပကို ဖျက်ဆီးမယ့်လူမျိုးတစ်မျိုးအဖြစ် အထင်သေး မုန်းတီးစိတ်တွေ ဝင်ရောက်ခဲ့ကြပြီး ဂျူးသုတ်သင်ရေးစီမံချက်ကြီး ကို စနစ်တကျနဲ့အကောင်အထည်ဖော်ခဲ့တာပါ။ မဝေးသေးသောကာလများက ဘော့စနီးယားမွတ်စလင် တွေ အပေါ် ဆာ့ဘ်တွေက မျိုးတုန်းသတ်ဖြတ်မှုရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြရာမှာလည်း လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုက အခြေခံအကြောင်းတရားဖြစ်ပါတယ်။ အာဖရိကတိုက်က ရဝမ်ဒါနိုင်ငံမှာလည်း လူနည်းစု တွတ်ဆီတွေကို လူများစု ဟူတူတွေက မုန်းတီးရန်ရှာခဲ့ကြလို့ သွေးချောင်းစီးတိုက်ခိုက်မှုတွေအတွင်းမှာ တွတ်ဆီတွေသန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီလိုမျိုး လူမျိုးရေးအရ၊ ဘာသာရေးအရ မုန်းတီးမှုတွေဖြစ်ရခြင်းဟာ လူတွေရဲ့မွေးရာပါပင်ကိုစိတ်ဓာတ် ကြောင့် မဟုတ်ဘဲ တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကနေဦးဆောင်ပြီးတော့ လူများစုရဲ့စိတ်ထဲကို အဆိပ်နဲ့ တူတဲ့ မုန်းတီးရေးစိတ်ဓာတ်တွေ သွတ်သွင်းပေးလိုက်လို့ပဲဖြစ်ပါတယ်။ ကိုယ်နဲ့လူမျိုး၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှု ဒါမှမဟုတ် လိင်စိတ်ကိုင်းညွတ်မှုစတာတွေမတူတဲ့ လူတစ်ယောက်ဖြစ်စေ၊ လူတစ်စုကို ဖြစ်စေ အကြောင်းတစ်စုံတစ်ရာကြောင့် အမြင်မကြည်လင် ဖြစ်နေတဲ့လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုတစ်ဖွဲ့ ဟာသူတို့နဲ့ မျိုးတူလူ့အဖွဲ့အစည်း အတွင်းက ကျန်တဲ့သူတွေကိုပါ ကိုယ့်လို လိုက်လံယုံကြည်လာအောင်၊ ကိုယ် မြင်သလို လိုက်မြင်လာအောင် ဟောပြောစည်းရုံးမှုတွေပြုလုပ်ကြပါတယ်။ အဲဒီလို ပြုလုပ်ရာမှာ အဓိကအားဖြင့်တော့ အဲဒီအမုန်းခံ လူအုပ်စုနဲ့ပတ်သက်ပြီး တကယ်ဟုတ်တဲ့အချက်တွေရော၊ မဟုတ်တဲ့အချက်တွေရော စုပေါင်းပြီး ဇာတ်လမ်း တစ်ပုဒ်ဖန်တီးပြီး ရိုးသားတဲ့လူထုကြီးကို ခြောက်လှန့်တဲ့နည်းကို အများဆုံးအသုံးပြုကြ ပါတယ်။ ဥပမာအားဖြင့် ‘အဲဒီလူတွေဟာ တို့နိုင်ငံကိုလွှမ်းမိုးသိမ်းပိုက်ဖို့ အကြံရှိနေတယ်’ ဆိုတာမျိုး (conspiracy theory)၊ ‘အဲဒီ လူတွေကြောင့် ခုလိုဖြစ်ရတာ’ ဆိုပြီး ပြဿနာတစ်ခုခုအတွက် အပြစ်ရှာတာမျိုး (blaming)၊ ‘ဒီလူတွေကို ဒီလိုမျိုးနှိပ်ကွပ်ထားမှ/ဒီလိုမျိုးကန့်သတ်ချုပ်ခြယ်ထားမှ/ဒီလိုမျိုးရှင်းထုတ်ပစ်မှ ဒီ ပြဿနာပြေလည်သွားမယ်’ ဆိုပြီး ဖြေရှင်းနည်းထုတ်ပေးတာမျိုး (Problem solving) ပါ။

အဲဒီလိုမျိုး လူတစ်ယောက်/လူတစ်စုရဲ့ မုန်းတီးရေးအမြင်တွေကို ကျန်တဲ့လူများစုကပါ လိုက်လံယုံကြည်လာတဲ့ အခါမှာတော့ မုန်းတီးတဲ့အဆင့်ကနေ အမုန်းကြောင့်ကျူးလွန်တဲ့ရာဇဝတ်မှု (hate crimes) အဖြစ်ကိုပါ ရောက်ရှိ သွားပါတယ်။ အပေါ့ဆုံးအနေအားဖြင့် အဲဒီ အမုန်းခံနေရတဲ့လူနည်းစုကို ကျန်တဲ့လူတွေနဲ့တန်းတူအခွင့်အရေး မပေးတာ (ဥပမာ- အမေရိကမှာ တစ်ချိန်က လူမည်းတွေကိုလူဖြူတွေနဲ့တန်းတူ နိုင်ငံသားအခွင့်အရေးမပေးခဲ့ တာ၊ နှိမ်ချခွဲခြားဆက်ဆံခဲ့တာ) ကနေ၊ အဲဒီလူအုပ်စုအပေါ်မှာ အကြမ်းဖက်တာ (လူမျိုးရေးဘာသရေး အဓိကရုဏ်းတွေ) ကနေ အပြင်းထန်ဆုံးအားဖြင့် မျိုးဖြုတ်သတ်ဖြတ်ပစ်တာ (ဂျူးအမြတ်ဖြတ်သုတ်သင်မှု၊ ကိုဆိုဗိုရာဇဝတ်မှု) အထိ ပုံစံအမျိုးမျိုးနဲ့ကျူးလွန်တဲ့အထိကို ဆက်သွားကြပါတယ်။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုတဲ့စကားအတိုင်း မုန်းတီးရေးဝါဒနဲ့ မုန်းတီးရေးစကားတွေရဲ့သက်ရောက်မှုဟာ နောက်ဆုံး လူသားသမိုင်းမှာ အကြီးဆုံးအမည်းစက်ကြီးတွေထင်ကျန်ရစ်တဲ့အဆင့်အထိ ရောက်ရှိသွားနိုင်တဲ့အစွမ်း ရှိနေပါတယ်။

ကိုယ်နဲ့မတူတဲ့သူတွေအပေါ် မုန်းတီးမှုမှာ အကြောင်းရင်းခံအမျိုးမျိုးရှိနိုင်ပါတယ်။ ကိုယ်နဲ့ဘာသာရေးခံယူချက်၊ ယုံကြည်ချက်ချင်းမတူတာ၊ အတိတ်ကဖြစ်ခဲ့ဖူးတဲ့ပဋိပက္ခတွေကိုမမေ့နိုင်တာ၊ ကိုယ့်ရဲ့ အမှတ်သရုပ်သင်္ကေတ (identity) ကို လွန်လွန်ကဲကဲအစွဲကြီးတာတွေကြောင့် အဲဒီ မတူတဲ့သူတွေအပေါ်မှာ အမြင်မကြည်လင်ရာကနေ တစ်စတစ်စနဲ့ မုန်းတီးမှုအဆင့်ကိုရောက်ရှိသွားတာပါပဲ။ ကိုယ်တစ်ယောက်တည်းမုန်းတီးနေရုံကနေ အားမရဘဲ ကျန်တဲ့သူတွေကိုပါ ကိုယ့်လိုလိုက်မုန်းတီးအောင် သွေးထိုးစည်းရုံးတဲ့အချိန်ကစပြီး အမုန်းစကားတွေပေါ်ပေါက် လာပါတယ်။ အမုန်းစကားတွေဟာ တောမီးလိုပျံ့နှံ့လွယ်လှပါတယ်။ ယမ်းအပြည့်ထည့်ထားတဲ့အိုးလိုလည်း ပေါက်ကွဲမှုအားကြီးလွန်းလှပါတယ်။ အမုန်းမီးတွေကူးစက်အောင်လုပ်ရတာ လွယ်ပေမယ့် ပြန်ငြိမ်းသတ်ရ တာကတော့ အခက်ခဲဆုံးအလုပ်ပါပဲ။ မုန်းနေတဲ့လူတွေရဲ့ရင်ထဲကအမုန်းတရားကိုငြိမ်းစေဖို့ ရော ခံလိုက်ရတဲ့သူတွေရဲ့ရင်ထဲက နာကျည်းမှုတွေ၊ နာကျင်မှုတွေကိုပြေပျောက်အောင်လုပ်ဖို့ရော မျိုးဆက်နဲ့ချီပြီး ကြာသွားနိုင်ပါတယ်။ ဆယ်စုနှစ်မက ရာစုနှစ်များစွာတိုင်အောင်လည်း အချိန်ယူရနိုင်ပါတယ်။ ဒါပေမဲ့ အမုန်းကြောင့်ပေးဆပ်လိုက်ရတဲ့ အဖိုးတန်တဲ့လူ့အသက်တွေကတော့ အစားပြန်မရနိုင်တော့ပါဘူး။

တကယ်တော့ အမုန်းတရားဆိုတာဟာ လူကိုလူလို့မမြင်ဘဲ လူတွေကိုအမျိုးမျိုး တံဆိပ်ကပ်ရာကနေ သူတို့နဲ့ ငါတို့နဲ့မတူဘူးဆိုပြီး ခွဲခြားရှုမြင်မှုကြောင့် ဖြစ်ရတာပါ။ ကိုယ်နဲ့မတူတဲ့လူအုပ်စုဝင်တစ်ဦးတစ်ယောက်ရဲ့ အယူ အဆ၊ နေပုံထိုင်ပုံ၊ ပြုမူပြောဆိုပုံတွေအပေါ်မှာ ကိုယ့်ကိုထိခိုက်စေတဲ့အရာလို့ရှုမြင်ရာကနေ မုန်းတီးမှုအစပြုတာ ဖြစ်ပါတယ်။ အဲဒီကနေမှ ဒီလူကိုမကြိုက်ရာကနေ ဒီလူနဲ့အရောင်အသွေး အမှတ် လက္ခဏာတူတဲ့ ကျန်တဲ့သူတွေကိုပါ အားလုံးစုပေါင်းပြီး တစ်တန်းတစ်စားတည်းသတ်မှတ်လိုက်တဲ့အတွက် ပုံသေကားကျစွဲမှတ်အမြင် (stereotype) တွေရယ်လို့ဖြစ်လာပါတယ်။ ဒီပုံသေအမြင်ကိုလိုက်ပြီး ဒီလူမျိုးကတော့ ဒီလိုဖြစ်တယ်၊ ဒီဘာသာဝင်တွေက ဟိုလိုဖြစ်တယ်စသည်ဖြင့် အသလွတ်အမြင်အစွဲ (prejudice) ဖြစ်လာပါတယ်။ ဒါကို လိုက်ပြီးတော့ အုပ်စုတူသူတွေအပေါ်မှာ ကျင့်သုံးမယ့် မူဝါဒတွေ ပေါ်ထွက်လာပါတယ်။ အစပိုင်းမှာပြောခဲ့တဲ့ ဒေါ်နယ် ထရမ့်ရဲ့ မွတ်စလင်အဝင်မခံဘူးဆိုတဲ့စကားက ဒါကို ထင်ဟပ်နေပါတယ်။



ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မွတ်စလင်တွေအပေါ်မှာ မလိုလားမှုတွေ၊ မုန်းတီးမှုတွေကို ရင်မှာပိုက်ထားတဲ့ လူတွေရှိနေပါတယ်။ သူတို့ထဲကခေါင်းဆောင်တွေဟာ သူတို့လိုပဲ ကျန်တဲ့လူတွေလည်း မွတ်စလင်တွေကို လိုက်မုန်းအောင် အမုန်းတရားတွေဟော၊ အမုန်းစကားတွေပြောပြီး အမုန်းမီးတွေကို လိုက်ကူးပေးနေကြတာကို အားလုံးသိပြီးဖြစ်ပါတယ်။ ဒါရဲ့အကျိုးဆက်ကတော့ မြန်မာနိုင်ငံရေး အကူးအပြောင်းစပြီရယ်လို့မှ လက်ခုပ်သံမစဲသေးမီ နိုင်ငံ့သမိုင်းမှာ လက်ညှိုးထိုးစရာ ဖြစ်ကျန်နေတော့မယ့် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ တာပါပဲ။ ရခိုင်နဲ့ မိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တာတွေဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဆိုတာထက် မွတ်စလင်တွေ အပေါ်မှာ ဝိုင်းဝန်းအနိုင် ကျင့်အကြမ်းဖက်ခဲ့ကြတယ်ဆိုတာက ဘယ်ဘာသာဝင်က ဘယ်နှယောက် သေတယ်၊ ဘယ်ဘာသာဝင် အိုးမဲ့အိမ်မဲ့ အရေအတွက်က ဘယ်လောက်ရှိတယ်ဆိုတဲ့ စာရင်းကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါတွေဟာ အမုန်းတရားတွေ စဟော၊ အမုန်းစကားတွေစပြောတဲ့အချိန်မှာ အချိန်မီ တားဆီးပြီး အရေးယူမှုတွေမပြုလုပ်ခဲ့တဲ့အတွက် အပျက် အပျက်နဲ့နှာခေါင်းသွေးထွက်တဲ့ ကိန်းဆိုက်ရတာပါပဲ။ နိုင်ငံသားအချင်းချင်း အိမ်ရှင်နဲ့ဧည့်သည်ဆိုတဲ့ ခွဲခြားမှုတွေ လုပ်၊ ဘာသာခြား လူနည်းစုတွေကို စီးပွားပျက်စေမယ့် လှုပ်ရှားမှုတွေလုပ်၊ ဘာသာခြားတွေကိုနှိပ်ကွပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းပြီး အစိတ်စိတ်အမြွှာမြွှာပြိုကွဲမယ့် လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ မိုက်မိုက်မဲမဲ ရှေ့ဆောင်ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဘယ်တုန်းကနဲ့မှမတူတဲ့ လွတ်လပ်စွာပြောရေးဆိုခွင့်တွေ၊ ရေးသား ထုတ်ဝေခွင့်တွေရရှိခဲ့တာဟာ ကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ ဒီလွတ်လပ်စွာဟောပြောရေးသားခွင့်ကို ခုတုံးလုပ်ပြီး ကိုယ်မနှစ်မြို့တဲ့လူမျိုး၊ ဘာသာဝင်တွေအပေါ် အမုန်းပွားအောင်လှုံ့ဆော်တာကိုတော့ ဘယ်လူ့အခွင့်အရေး ပညာရှင်ကမှ လက်ခံမှာမဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာဟာ ကိုယ်ယုံကြည်တာကို သူတစ်ပါး မထိခိုက်တဲ့ဘောင်အတွင်းကနေ ပြောဆိုဖို့သာဖြစ်ပြီး ကိုယ့်စကားကြောင့် တစ်ဖက်လူနာကျင်သွားစေတဲ့၊ ဒါမှမဟုတ် ကိုယ့်စကားကြောင့် တစ်ဖက်လူတွေအပေါ်မှာ ဝိုင်းဝန်း အကြမ်းဖက်မှုတွေဖြစ်ပွားစေတဲ့ ပြောဆိုမှုမျိုး မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်တဲ့သူ၊ မကောင်းတဲ့သူကို ဥပဒေအတိုင်းသာ ကျောသားရင်သားမခွဲခြားဘဲ အပြစ်ပေးရမှာဖြစ်ပြီး လူတစ်ယောက်ရဲ့ အပြုအမူအတွက် သူနဲ့မျိုးတူကျန်တဲ့သူတွေကပါ ဝိုင်းပြီး အပြစ်ပေးခံရ တယ်ဆိုတာဟာ လောကပါလ တရားမဟုတ်ဘူး ဆိုတာကို မြန်မာနိုင်ငံက အမုန်းစကားပြောနေသူတွေ သဘော ပေါက်ဖို့ လိုနေပြီဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် အမုန်းဓာတ်ခံဆိုတာဟာ ဒေါသအကုသိုလ်စေတသိက်ဖြစ်ပြီး လောင်မြိုက်စေတဲ့ မီးပဲဖြစ်ပါတယ်။ မီးဆိုတာဟာ ဘယ်သူဘယ်ဝါမခွဲခြားဘဲ သူသူငါငါ ထိစပ်သူအားလုံးကို လောင်ကျွမ်း တတ်ပါတယ်။ ကိုယ်နဲ့လည်း သိကျွမ်းမှုမရှိတဲ့လူတွေအပေါ်မှာ ဟိုလူမျိုးဖြစ်နေလို့၊ ဟိုဘာသာဝင်ဖြစ်နေလို့၊ ယောက်ျားဖြစ်နေလို့၊ မိန်းမဖြစ်နေလို့ဆိုတဲ့အကြောင်းတွေနဲ့ အသားလွတ်မုန်းတီးနေတဲ့သူဟာ ကြီးမားတဲ့ မီးတောက်ကြီးကို ရင်ထဲမှာ သွားလေရာသယ်ဆောင်သွားသူပဲဖြစ်ပါတယ်။ အမုန်းစကားတွေ လိုက်ဖြန့်ဖြူး နေသူတွေကတော့ ကိုယ့်ရင်ထဲကမီးကို တခြားသူတွေရဲ့ရင်ထဲကို လိုက်ကူးထည့်ပေးနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရင်ထဲမှာ မီးရှိနေရင်လည်း အဲဒီမီးကိုအမြန်ငြှိမ်းသတ်ဖို့လိုသလို ကိုယ့်ကို မီးလာပေးသူနဲ့ တွေ့ရင်လည်း လက်မခံဖို့ အရေးအကြီးဆုံးပါပဲ။ အားလုံးထက်ပိုအရေးကြီး တာကတော့ တာဝန်ရှိသူတွေရဲ့ အရေးယူဆောင်ရွက်မှု၊ ပညာပေးမှု အပိုင်းပဲဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ မီးလောင်ရင် မီးသတ်ကား ချက်ချင်းရောက်လာတတ်ပေမယ့်၊ မီးစလောင်တဲ့ အိမ်ကိုအရေးယူလေ့ရှိပေမယ့် ဒီလို လူမျိုးရေး၊ ဘာသာရေး အမုန်းမီးရှို့နေသူတွေကိုတော့ ခုထိအရေးယူမှု မရှိသေးတာဟာ အန္တရာယ် အရှိဆုံးပဲ ဖြစ်တဲ့အတွက် ပြည်သူတွေကရော၊ တာဝန်ရှိသူတွေပါ အမုန်းမီးတွေကို အမြန်ဆုံး ရပ်တန့်အောင် လုပ်ကြဖို့လိုနေပြီဆိုတာ သတိပေးခေါင်းလောင်းထိုးတင်ပြလိုက်ရပါတယ်။

ပျော်ရွှင်ခြင်းလမ်းစ

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...