သေခြင်းအက်ဆေးဟုပြောလိုက်သဖြင့် စာရှုသူများ လန့်ဖျန့်သွားနိုင်ပါသည်။ သို့သော်လည်း လူ့ဘဝသည် မွေးဖွားခြင်းဖြင့် အစပြုကာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြသည်ဖြစ်ရာ သေခြင်းတရားသည်လည်း လူ့ဘဝ၏ အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်၍ လူတို့အတွက် အရေးတယူလုပ်ရန်လိုအပ်သည့်ကိစ္စလည်းဖြစ်ပါသည်။ လူအများစုသည် သေခြင်းအကြောင်းခေါင်းထဲမထည့်လိုကြပါ။ သေခြင်းသည် အမင်္ဂလာကိစ္စ၊ လူတို့ မလိုလားအပ် သော၊ မစဉ်းစားချင်သောကိစ္စဖြစ်သည်။ သေခြင်းသည် မိမိချစ်ခင်နှစ်သက်သူများနှင့် ထာဝရခွဲခွာရခြင်းဖြစ်သည်။ ပြန်မလာနိုင် တော့မည့် ခရီးရှည်ကြီးကိုသွားရခြင်း ဖြစ်သည်။ လူတိုင်း သေခြင်းအကြောင်းကို မပြောလိုကြပါ။
သို့သော်လည်း လူတို့မလိုလားသော သေခြင်းသည် လူ့လောက လူ့ဘုံတွင်မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး၊ မပတ်သက်ချင်မှအဆုံး။ သေခြင်းကို လွန်ဆန်နိုင်သည့်ပုဂ္ဂိုလ်ဟူသည်ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည်မဟုတ်။ ယနေ့မြင်နေရသည့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်မရွေး လူအပေါင်းတို့သည် နောင်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ဖြုတ်ကနဲပျောက်ကွယ်သွားကြမည့်သူချည်းသာ ဖြစ်သည်။ ယင်းသည်ငြင်း၍ မရ။ သို့သော် ထိုလူတို့ ပျောက်ကွယ် သွားပုံ သွားနည်းများသည် တစ်ဦးနှင့်တစ်ဦးတူညီကြမည် မဟုတ်ပါ။ ထို မတူညီကြသည့် သေပုံသေနည်းများသည် ပင်လျှင် ယခုအက်ဆေး၏အဓိကအကြောင်းဖြစ်သည် ဤစာသည် သေခြင်းတရားအကြောင်းကို ပြဆို၍ လူတို့အား ကုသိုလ်ကောင်းမှုပြုရန်၊ တရားဘာဝနာ အားထုတ်ရန် နှိုးဆော်သည့် တရားပြစာလည်းမဟုတ်၊ သေခြင်းအကြောင်းကို လူတို့အား သတိပေးပြီး ကြောက်လှန့်အောင်လုပ်မည့် ခြောက်စာလည်းမဟုတ်။ ကျွန်တော် မြင်ခဲ့ဖူးသည့် သွားလေသူ အချို့၏နောက်ဆုံးအချိန်များအကြောင်းပြန်လှန်စဉ်းစား၍ ခံစားရေးခြင်းတစ်ခုမျှသာဖြစ်ပါသည်။
သေခြင်းနှင့်ပတ်သက်၍ လူတို့တွင်အယူအဆအမျိုးမျိုး၊ အစွဲအလန်းအမျိုးမျိုးရှိကြသည်။ ဘာသာတရားများသည် သေပြီး သည်၏နောက် တမလွန်နှင့်ပတ်သက်၍ အမျိုးမျိုးဟောပြောကြသော်လည်း သတ္တဝါတစ်ဦး စုတိပြတ်ကြွေ သေလွန်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်အကျယ်ချဲ့ဖွင့်ဆိုရာတွင်မူ ဗုဒ္ဓဘာသာလောက် မည်သည့်ဘာသာကမျှ အသေးမစိတ်ဟု ကျွန်တော်ထင်ပါသည်။ အဘိဓမ္မာလာ စုတိစိတ်ကျပုံကို ရှင်းပြခြင်းကိုအသာထားဦး၊ လူတို့ သေပုံသေနည်းအမျိုးမျိုးနှင့် ပတ်သက်ပြီး အကြောင်းရင်းကို ရှင်းပြခြင်းသည် ဗုဒ္ဓဘာသာမှာသာရှိပါသည်။ ကျန်သော ဘာသာတရားများတွင် သေခြင်း သည် ဖန်ဆင်းရှင်ဘုရားသခင် အလိုတော်အရသာဖြစ်သဖြင့် ရှင်းသည်၊ ပြတ်သည်။ ဖန်ဆင်းရှင်အယူကိုငြင်းပယ်သည့် ဗုဒ္ဓအယူတွင်မူ ပဋိသန္ဓေနှင့်စုတေဟူသော သံသရာကိုလက်ခံသဖြင့် သေခြင်းသည် အကြောင်းမဲ့မဟုတ်၊ သေခြင်း သည် မည်သည့်အကြောင်းကြောင့်ဖြစ်၍မွေးဖွားခြင်းသည် မည်သည့်အကြောင်းကြောင့်ဖြစ်သည်ဟု အတိအလင်း ပြဆိုခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးအဖို့ လူတစ်ဦး၏ သက်တမ်းစေ့မစေ့၊ အနာရောဂါကင်းမကင်း၊ သေလွန်သည့် အခါတွင်လည်း ဥပစ္ဆေဒက ကံဖြင့်သေသလား၊ အနာရောဂါကျရောက်သဖြင့် သေသလား၊ ရောဂါအနာဟူ၍ မည်မည်ရရမရှိပါဘဲ တိတ်ဆိတ်စွာဖြင့်သာ မည်သူ့ကိုမျှ နှုတ်မဆက်ဘဲ သေသလားစသည်တို့သည် ထိုလူပုဂ္ဂိုလ်၏အတိတ်ကံ၊ ပစ္စုပ္ပာန် ကံ တို့အပေါ်မူတည်ကြောင်းကို အကြမ်းဖျဉ်းမျှ သိကြသည်ချည်းဖြစ်သည်။ အတိတ်က ပါဏာတိပါတကံကို ကျူးလွန်ခဲ့ကြ သူများ၊ ပစ္စုပ္ပာန်တွင် ထိုကံကိုကျူးလွန်လေ့ ရှိသူများသည် အသက်လည်းမရှည်တတ်၊ နေရသမျှကာလတွင်လည်း အနာရောဂါမကင်းတတ်၊ သေလျှင်လည်း သူတပါး လက်ချက်ဖြင့် သေရတတ်သည်ဟူ၍ ကြားဖူးနားရြှိုကြသည်ချည်း ဖြစ်သည်။ “အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ချမ်းသာကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း” စသည့် ဆွမ်းအကျိုးငါးပါး ပြဆိုချက်တို့ကိုကြည့်၍လည်း ဘဝအဆက်ဆက် ဆွမ်းအလှူ (သူတစ်ပါးအား ပေးကမ်းကျွေးမွေးမှု) အားနည်းသူ တို့သည် အသက်မရှည်တတ် စသဖြင့် ဆင်ခြင်စဉ်းစား တတ်ကြပါသည်။ မည်သို့ပင်ဆိုစေ လူအမျိုးမျိုးတို့ အသက်အရွယ်အမျိုးမျိုးတို့တွင် ပုံစံအမျိုးမျိုးတို့ဖြင့် သေဆုံးကြပုံမှာ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်ပါသည်။ လူတို့သည် တစ်နေ့သေမည်ဆိုတာကိုသိကြ သော်လည်း မည်သည့်အချိန်တွင်၊ မည်သည့်ပုံစံဖြင့် သေမည်ကို မသိကြသည်မှာလည်း လောက၏ လျှို့ဝှက်ဆန်းကြယ်မှု တစ်ပါးဟု ဆိုလျှင် မှားမည်မထင်ပါ။
သေခြင်းပုံစံအမျိုးမျိုးရှိသည့်အနက် ဥပစ္ဆေဒကကံ (ခေါ်) အသေဆိုးဖြင့်သေခြင်းကိုလူတိုင်းကြောက်ရွံ့ကြသည်၊ မလို လားကြ။ လူတစ်ယောက်၏ ကံဇာတာကိုစစ်လျှင် ဥပစ္ဆေဒကကံဖြင့်သေဖို့ရှိမရှိ ကြည့်တတ်၊ စစ်ဆေးတတ်ကြသည်။ ဥပစ္ဆေဒကကံဖြင့်သေခြင်းသည် သေတာခြင်းအတူတူကြောက်ရွံ့ထိတ်လန့်ဖွယ်၊ နှလုံးမသာဖွယ်ဖြစ်သဖြင့် အနိဋ္ဌာရုံ တစ်ခုဖြစ်သည်ဟု လူတို့ယူဆကြသည်။ ဥပစ္ဆေဒကကံဖြင့်သေခြင်းတွင် သူတစ်ပါးလက်ချက်ဖြင့် အသက်ကုန်ခြင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကျရောက်၍သေဆုံးရခြင်း၊ တစ်ဦးတစ်ယောက်၏ မဆင်ခြင်မှု၊ ပေါ့ဆမှုကြောင့်ဖြစ်ရသော မတော်တဆမှုဖြင့်သေရခြင်း စသည်ဖြင့် အမျိုးမျိုးရှိကြသည်။ သူတစ်ပါးလက်ချက်ဖြင့်သေရာတွင်လည်း မိမိကို မလိုမုန်းထားသူတစ်ဦးဦးက မိမိကို လုပ်ကြံသတ်ဖြတ်၍ သေရခြင်းမျိုးရှိသလို စစ်မြေပြင်တွင် ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်ရင်း တစ်ဖက်ရန်သူ လက်ချက်ဖြင့် သေရခြင်းမျိုးလည်းရှိသည်။ သူတစ်ပါးသတ်၍ သေရတာချင်းတွင် ဒုတိယတစ်မျိုးဖြင့် သေရခြင်းကမူ ဂုဏ်သိက္ခာရှိသည်ဟု လူတို့ယူဆကြသည်။ ရာဇဝင်ကိုကြည့်လျှင်တိုင်းပြည်နှင့်လူမျိုးအတွက်၊ “အမျိုး ဘာသာ သာသနာ”အတွက် စသည်ဖြင့် အကြောင်းတစ်ခုခုအတွက် မိမိအသက်ကိုရှေ့တန်း စစ်မျက်နှာတွင် စွန့်လွှတ်ခဲ့ကြသူများ ဒုနှင့်ဒေးရှိသည်ကို တွေ့ ရမည်ဖြစ်သည်။ ယင်းသည် ဥပစ္ဆေဒကကံဖြင့် သေခြင်း အမျိုးအစားတွင် အကျုံးဝင်သော်လည်း တိုက်ပွဲတွင်သေခြင်းကိုလူတို့က အမွှမ်းတင်ဂုဏ်ပြုသော အားဖြင့် ရိုးရိုးသေသည်ဟုပင်မခေါ်ဘဲ “ကျဆုံးသည်” ဟုပင် ဝေါဟာရတစ်မျိုးဖြင့်ခေါ်ဆိုပါသေးသည်။ မည်သို့ဆိုစေ တိုက်ပွဲတွင်ကျဆုံး (သေဆုံး)သည့် လူတစ်ဦး၏အလောင်းသည်အကောင်းပကတိအတိုင်း ရှိနေမည်တော့မဟုတ်ပါ။ သွေးအလိမ်းလိမ်း၊ ဒဏ်ရာအထောင်အသိန်းဖြင့်မရှုမလှ မြင်မကောင်းအောင်တော့ ဖြစ်နေမည်ဖြစ်ပါသည်။ နာမည်အရ၊ သမိုင်းကြောင်းအရ အသေလှသော်လည်းအမြင်အရတော့ လှပမည်မဟုတ်ပါ။
အထက်တွင်ဆိုခဲ့သည့် သူတစ်ပါးလက်ချက်ဖြင့် သေခြင်းနှစ်မျိုးအပြင်ယနေ့ခေတ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြု နေသည့် ‘terrorist (ခေါ်) မိမိ၏နိုင်ငံရေး၊ ဘာသာရေးရည်မှန်းချက်တစ်ခုအတွက် ဆိုင်သူမဆိုင်သူမခွဲခြားဘဲ အန္တရာယ်ပြုတတ်သည့် အကြမ်းဖက်သမားများကြောင့်သေဆုံးရခြင်းလည်း ရှိပါသည်။ တခြာဝေးဝေးမကြည့်ပါနှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကအစွန်းရောက် အယ်လ်ကိုင်ဒါအဖွဲ့ဝင်တို့၏ လက်ချက်ဖြင့် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အအုံပြိုကျကာ လူပေါင်း ထောင်ချီကာ သေဆုံး ခဲ့ရသည့်ဖြစ်စဉ်က မလှမ်းမကမ်း အတိတ်မှာရှိနေပါသေးသည်။ ထိုသူများ၏ သေခြင်းကတော့ သေရချက်နာပါသည်။ သူတို့သည်အယ်လ်ကိုင်ဒါတို့နှင့် ပုဂ္ဂိုလ်ရေးရန်ငြိုးလည်းမရှိ၊ အကြမ်းဖက်မှု၏နောက်ကွယ်က ရည်ရွယ်ချက်နှင့် လည်းတိုက်ရိုက်မသက်ဆိုင်ပါဘဲနှင့် ကြားက ဓားစာခံဖြစ်ရရှာသည်။ ဒါ့ပြင် စစ်ပွဲအတွင်း သေနတ်ဒဏ်၊ ဗုံးဒဏ်တို့ကြောင့် ဘာမျှမဆိုင်သည့် အပြစ်မဲ့အရပ်သားတွေသေကြေကြခြင်းလည်းရှိသည်။ အပြစ်မဲ့အရပ်သားတို့ သေရခြင်းတွင်ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များပေါ် အမေရိကန်တို့ကြဲချသည့် အဏုမြူဗုံးကြောင့် ပြည်သူပြည်သားတို့သေရခြင်း ကတော့ အသေဆိုးဖြင့်သေရခြင်းများထဲ အဆိုးဆုံးပင်ဖြစ်သည်။
သူတစ်ပါးလက်ချက်ဖြင့် သေရခြင်းတွင် မိမိနှင့်ရန်ငြိုးရန်စရှိသူ၊မိမိအပေါ်အခဲမကြေသူက ကိုယ်တိုင်ဖြစ်စေ၊ လူငှား၍ ဖြစ်စေ သတ်ဖြတ်သဖြင့် အသက်ဆုံးရသည်မျိုးရှိသလိုမိမိနှင့်ဘာရန်မှမရှိပါဘဲ မိမိထံမှ တစ်စုံတစ်ရာကို ရလိုမှုဖြင့် မိမိကို သတ်ဖြတ်တာခံလိုက်ရတာလည်းရှိသည်။ တချို့က မိမိပိုင်ပစ္စည်းဥစ္စာကို မတရားလိုချင်သည့် သူခိုးဓားပြတို့က သတ်သဖြင့် သေရသည်။တချို့တော့ ခိုးသားဓားပြတို့၏ ဓားစာခံအဖြစ်အဖမ်းခံရပြီး ငွေကြေးနှင့်အလဲအလှယ် လုပ်သည့်ကိစ္စတွင်ကံမကောင်းအကြောင်းမလှစွာ အချောင်အသတ်ခံရသည်။ တချို့သော မိန်းကလေးများ ကာမ ဘီလူးတို့၏အစွယ်ဖျားတွင်အသက်ကိုပေးလိုက်ရသည်။ မကြာသေးမီက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဘတ်စ်ကား တစ်စီးပေါ်တွင်မုဒိမ်းကျင့်ခံရကာ အသတ်ခံရသည့် ဆေးကျောင်းသူလေး၏ဖြစ်ရပ်မျိုးက သာဓက။ ဒါမျိုးကျတော့သတ်သူနှင့်သေသူတို့ကြား ဘာရန်ငြိုးမှလည်းမရှိ။ သတ်ရလောက်အောင် အကြောင်းလည်းမရှိ။ လူမပီသည့်လူမဆန်သူ တို့၏ စိတ်ရူးဖောက်မှုကြောင့် တစ်ဘက်သားမှာ အချောင်သေရသည်။ မင်းမဟာဂီရိနတ်မောင်နှမဇာတ်လမ်းကိုကြည့်လျှင်လည်း မောင်တော် နတ်ဖြစ်သူ မောင်တင့်တယ်သည် လူ့ဘဝတုန်းက ယောက်ဖဖြစ်သူဘုရင်၏မနာလိုခြင်းကို ခံရ၍အချောင် အသတ်ခံရသည်။
ရာဇဝင်မှာတော့ ထီးနန်းကိုလိုချင်သူက လုပ်ကြံသဖြင့် သေရသည့်မင်းတွေ အမြောက်အမြား ရှိသည်။ တချို့မင်းတွေဆိုလျှင် မိမိ၏သွေးသားရင်းချာကပင် ပြန်လုပ်ကြံသဖြင့်သေရသည်။ ဗိမ္ဗိသာရမင်းကို သားတော် အဇာတသတ်က သတ်သည်။ အဇာတသတ်ကိုလည်း သူ့သားတော် ဥဒယဘဒ္ဒကလုပ်ကြံသည်။ မြန်မာရာဇဝင်မှာလည်း အလောင်းစည်သူ၊ နရသီဟပတေ့၊ ကနောင်မင်းသားကြီး စသူတို့သည် မိမိ၏သားတော်များ(သို့မဟုတ်) ဆွေမျိုးရင်းချာ များ၏လက်ချက်ဖြင့် ကံတော်ကုန်ရသည်။ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည်အာဏာမက်မောသူ ဂဠုန် ဦးစော၏လက်ချက်ကြောင့် စက်သေနတ်ဖျားတွင် အသက်ပျောက်ရသည်။ မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်း၊ သမ္မတ ဂျွန်အက်ဖ် ကနေဒီ၊ သမ္မတလင်ကွန်း၊ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ၊ ၎င်း၏သားရာဂျစ်ဂန္ဒီ စသူတို့သည် သူများ သတ်သဖြင့် သေရသူများထဲတွင် ထင်ရှားကျော်ကြားသည့် နိုင်ငံခေါင်းဆောင်/လူမှုခေါင်းဆောင်များဖြစ်ကြသည်။
သူတစ်ပါးလက်ချက်ဖြင့် သေရခြင်းတွင် လူသတ္တဝါကြောင့်သေရခြင်းဖြစ်နိုင်သလို အဟိတ် တိရစ္ဆာန်တို့၏ရန်ပြုမှုကြောင့် သေရခြင်းမျိုးလည်း ရှိသည်။ ဆင်နင်းခံရ၍၊ မြွေကိုက်ခံရ၍၊ ကျားကိုက်၊ မြွေကိုက်ခံရ၍၊ ခွေးရူးကိုက်ခံရ၍စသည်ဖြင့် သေဆုံးကြသည်များ ရှိသည်။ ဗုဒ္ဓလက်ထက်တော်က တောရဆောက်တည်ကြသည့်သံဃာတစ်စုအနက် အငယ်ဆုံးသောကိုရင်လေးသည် ကျားအစားကို ခံရရာ ဝိပဿနာရှုပွားပြီး မသေမီကလေးတွင်ရဟန္တာဖြစ်သွားသည်ဟုလည်း စာထဲတွင်ပါရှိသည်။ ဗာဟီရ ဒါရုစီရိယ ဆိုသည့် ပရဗိုဇ် တစ်ဦးသည် ဗုဒ္ဓနှင့်တွေ့၍ရဟန္တာဖြစ်ပြီးနောက်ရဟန်းဝတ်ရန် ပံ့သုကူသင်္ကန်းလိုက်ရှာရင်း နွားရိုင်းအဝှေ့ခံရကာ ပရိနိဗ္ဗာန်ပြုသည်ဟုဆိုသည်။ ပုဂံပြည့်ရှင်ဘုရင်အနော်ရထာသည် ကျွဲရိုင်းအခတ်ခံရ၍ နတ်ရွာစံသည်ဟု ရာဇဝင်တွင်ပါရှိသည်။ တစ်ခါတလေကျတော့လည်းဘယ်လိုမှထင်မထားသည့် သတ္တဝါတို့ကြောင့် သေရသည်လည်းရှိသည်။ နှစ်အနည်းငယ် အကြာက ပြင်ဦးလွင်မြို့နယ် ဓာတ်တော်ချိုင့် ရေတံခွန်သို့ ပျော်ပွဲစားထွက်သည့် လူငယ်တစ်စုတွင် ပါလာသည့် အသားနံ့ကြောင့် အသားစားပျားတူကောင်များ အုပ်လိုက် ထွက်လာပြီး ထိုလူတို့ကို ဝိုင်းကိုက်ကြသဖြင့်သေကြသူ သေကြသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။ ဒါ့ပြင် တချို့လည်း နတ်ဖမ်းစား၍၊ သရဲနှောင့်ယှက်၍၊ စုန်းပြုစား၍ သေကြသည်ဆိုတာ များလည်းရှိသေးသည်။ တကယ်ဟုတ်မဟုတ် မည်သူမျှ အတပ်မပြောနိုင်။
ဥပစ္ဆေဒကကံမျိုးဖြင့်နောက်ထပ်သေပုံသေနည်းတွေကတော့ သဘာဝဘေးတို့ကြောင့်သေရခြင်းဖြစ်သည်။ ရေဘေး၊ မီးဘေး၊ လေဘေး၊ မြေငလျင်ဘေးတို့ကြောင့်သေခြင်း၊ မိုးကြိုးပစ်ခံရ၍ သေခြင်းများ။ဒါတွေလည်း အသေဆိုးအမျိုးအစားတစ်ခု။ မျှော်လင့်မထားသည့်အချိန်တွင် မရှုမလှသေရခြင်းမျိုး။ နာဂစ်မုန်တိုင်းကြောင်း တစ်ရက်အတွင်း လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံးခဲ့သည်မှာ လောလောလတ်လတ်။ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက မြေမျို၍ သေသည်ဆိုခြင်း ဖြစ်သည်။ ဗုဒ္ဓဝင်ထဲမှာတော့ ဗုဒ္ဓလက်ထက်တော်က မပြစ်မှားထိုက်သူတို့ကိုပြစ်မှားမိ၍ မြေမျိုသည့်ဇာတ်လမ်းများ တွေ့ရသည်။ ဗုဒ္ဓကို အကောက်ကြံခဲ့သည့် ဒေဝဒတ်နှင့် စိဉ္စမာနတို့ မြေမျို၍သေသည်။ ရဟန္တာအရှင်မ ဥပ္ပလဝဏ် ကို ပြစ်မှားသည့် နန္ဒလုလင် မြေမျို၍ သေသည်။ ဒါတွေကတော့ ကြာခဲ့ပြီ။ ခေတ်သစ်မှာရော။ မိခင်ဖခင် စသူတို့ကိုပြစ်မှားစော်ကား၍ မြေမျိုသည် ဆိုသော ဇာတ်လမ်းများ ဒဏ္ဍာရီလိုလို တကယ်လိုလို ကြားဖူးသည်။ တလောကတော့ အမေရိကန်မှာ လူတစ်ယောက် အိမ်ထဲမှာအိပ်နေရင်း သူ့အိပ်ခန်းအောက်တည့်တည့်က မြေကြီး အောက်သို့ နိမ့်ဆင်းပြိုကျသည့် အထဲပါသွားပြီးအရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရသည့်သတင်း ဖတ်လိုက်ရသည်။ ဒါလည်း မြေမျိုခြင်းပုံစံ တစ်မျိုး ဖြစ်ချင်ဖြစ်နိုင်သည်။
ဒီလိုမျိုးသေခြင်းတွေရှိသလို ပေါ့လျော့မှုကြောင့်၊ မတော်တဆမှုကြောင့်သေဆုံးရသူများလည်း ရှိသည်။ ချောက်ထဲ ပြုတ်ကျပြီးသေသူ၊ ဓာတ်လိုက်သေသူ၊ ကရိန်းပိသေသူ၊ သစ်ပုံပိသေသူ၊ သစ်ကိုင်းခေါင်းပေါ် ကျိုးကျကာ သေသူ၊ တိုက် ပြိုကျသဖြင့် သေသူ၊ ကားမှောက်။ လှေမှောက်သေသူ၊ ကားတိုက်/ရထားတိုက်ခံရပြီး သေသူ၊ လေယာဉ်ပျက် ကျပြီးသေသူ၊ ရေကူးရင်း ရေနစ်သေသူ၊ သစ်ပင်ပေါ်တက်ရင်းပြုတ်ကျ၍ သေသူ၊ အဆိပ်သင့်နေသည့်ပစ္စည်းကိုကိုင်မိ၍။ အဆိပ်ပါသည့် အစာကိုစားမိ၍သေသူ၊သေနတ်ကိုကိုင်ဆော့ကစားရင်း ကျည်ဆန်ထွက်ကာသေသူ၊ ကားလမ်းပေါ်ဆိုင်ကယ်မောင်းရင်း ပျက်ကျသည့်လေယာဉ်ပျံ၏ တောင်ပံနှင့် ခတ်မိကာသေသူစသည်ဖြင့် သေပုံသေနည်းများလည်းရှိသည်။ အလင်္ကာကျော်စွာမြို့မငြိမ်းသည် စက်ဘီးအတိုက်ခံရ၍ သေကြောင်း၊ စာရေးဆရာ ပီမိုးနင်းသည် ဆိုက်ကားအတိုက်ခံရ၍ သေကြောင်း အဆိုရှိသည်။ ဒါတွေကတော့ ရှားရှားပါးပါးသေပုံမျိုးဟုခေါ်ရမည်လားမပြောတတ်။
ဥပစ္ဆေဒကကံကြောင့်သေပုံသေနည်းများထဲ ထည့်သင့်တာတစ်ခုက ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံပြီး သေကြခြင်းမျိုး ဖြစ်သည်။ သတ်သေခြင်းကလည်း ပုံစံအမျိုးမျိုးရှိသည်။တချို့က ကြိုးကွင်းစွပ်၍သတ်သေသည်။ တချို့က သေနတ်ဖြင့်ပစ်သတ်ပြီးသေသည်။ တချို့က ကိုယ့်လက်ကောက်ဝတ်ကို ဓား၊ မှန်စ စသည်ဖြင့်လှီးဖြတ်ပြီး သတ်သေသည်။ တချို့က လာနေသည့်ရထားအောက်ခေါင်းဝင်ပြီးသတ်သေသည်။ တချို့က ကားအတိုက်ခံပြီး သတ်သေသည်။ တချို့က အိပ်ဆေး၊ အဆိပ်စသည် သောက်ပြီးသတ်သေသည်။ တချို့က အမြင့်မှခုန်ချပြီး သတ်သေသည်။ မည်သို့ပဲသတ်သေသည်ဖြစ်စေ အသေကတော့မလှ။ များသောအားဖြင့် ကိုယ့်အသက်ကိုယ် အဆုံးစီရင်သူများ သည် စိတ်ဖောက်ပြန်နေသူ၊ အဆိုးလောကဓံတို့နှင့်ကြုံသည့် အခါစိတ်ကိုခိုင်မာအောင်မစုစည်းနိုင်သူ (ဝါ) လောကကို၊ ဘဝကိုအရှုံးပေးသူများဖြစ်သည်ဟု လူတို့ယေဘုယျ ယူဆထားကြသည်။ သို့သော် ထူးခြားချက်တစ်ခုကတော့ ဘုရားလက်ထက်က ရဟန်းအချို့သည် တရားရှုရင်း ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်လာကာ သတ်သေကြသဖြင့် ဗုဒ္ဓက ရဟန်းများအား စတုတ္ထပါရာဇိကသိက္ခာပုဒ် (လူ၏အသတ်ကို မသတ်ရ) ကိုပညတ်ရသည်ဟု ကြားဖူးသည်။ စိတ်ညစ်သဖြင့် (ဒေါမနဿနှင့်ယှဉ်၍) သတ်သေကြပုံမျိုး မဟုတ်ဘဲတရားလိုချင်သဖြင့် (သဒ္ဓါစိတ်နှင့်ယှဉ်၍) မိမိကိုယ် မိမိ သတ်သေသည့်လမ်းကိုရွေးသည့် စိတ်သဘာဝကတော့အတော်ထူးဆန်းသည်ဟုပဲ ပြောရမည်။
ဥပစ္ဆေဒကကံဖြင့်သေရသူများထဲ သနားစရာအကောင်းဆုံးကတော့ လူတောင်မဖြစ်သေးမီကပင် အသတ်ခံရသူများဟု ဆိုရမည်။ အမိဝမ်းထဲမှာပဲရှိနေစဉ် ကိုယ်ဝန်ကိုမလိုလားသဖြင့် ဖျက်ချခံရကာသေရသည့် ပဋိသန္ဓေသားများ၏ အသေဆိုး ကတော့ ယနေ့ အမေရိကန်လို တစ်ဦးချင်း၏ အခွင့်အရေးကို အလေးပေးသည့် နိုင်ငံမျိုးမှာတောင် သန္ဓေဖျက်ချခြင်းကို ခွင့်ပြုပေးသင့် မပေးသင့် အငြင်းပွားမှု၊ အငြင်းအခုံဖြစ်မှုများကို ဖြစ်နေစေပါသေးသည်။ နုနယ်သည့်သန္ဓေသားတို့မှာ သေရချက်ကလည်း မသက်သာ၊ တချို့က ဆေးထိုး၊ ဆေးသောက်ပြီးဖျက်ချတာကိုခံရသည်။ တချို့က ချွန်ထက်သည့် အရာ တစ်ခုဖြင့်ထိုးမွှေ့ကာ ဖျက်ချတာကို ခံရသည်။ တချို့ကျတော့လည်း အမိဝမ်းတွင်းမှာ အသတ်မခံရဘဲ မွေးလာပြီးခါမှ စွန့်ပစ်ခံရခြင်းကြောင့် သေကြသည်။ တချို့ကျ မိခင်ကမွေးဖွားရင်း မိခင်ရောမိမိပါနှစ်ဦးပြိုင် သေဆုံးတာလည်း ရှိသည်။
အနှစ်ချုပ်ရလျှင် ဥပစ္ဆေဒကကံကြောင့်သေရခြင်းသည် အတိတ်ကပြုလုပ်ခဲ့ဖူးသည့် ကြီးမားသည့် အကုသိုလ်ကံတစ်ခု ကြောင့်ဖြစ်သည်ဟု ဗုဒ္ဓဘာသာက ယုံကြည်သည်။ တခြား ဘာသာများကမူဘာကြောင့်ဟူ၍ အတိအကျမဆို၊ ဖန်ဆင်းရှင် အလိုအရဟုသာဟောသည်။ ဗုဒ္ဓဝါဒအလိုအရ သက်တမ်းကုန်၍ သေခြင်း၊ ကံကုန်၍သေခြင်း၊ သက်တမ်းရော ကံရော ကုန်၍သေခြင်း၊ သက်တမ်းရော ကံရောမကုန်မီ တခြားကံတစ်ခုက ဝင်အကျိုးပေးသဖြင့်သေရခြင်းဆိုသည့် သေခြင်း လေးမျိုးတွင် ဥပစ္ဆေဒကကံကြောင့် သေခြင်းသည် စတုတ္ထအမျိုးအစားတွင် အကျုံးဝင်သည်ဟု ဆိုသည်။ အဆိုပါ သေနည်းကတော့ မရှုမလှသေရခြင်း၊ အသေဆိုးဖြင့်သေရခြင်း၊အသေမလှပခြင်းတို့ကြောင့် လူတို့ မနှစ်မြို့ မလိုလား ကြောက်ရွံ့ကြသည့် သေပုံသေနည်းဖြစ်သည်။
လူတစ်ယောက်သည် ဥပစ္ဆေဒကကံကြောင့် မသေပါက တခြား မည်သည့်အကြောင်းဖြင့်သေဆုံးနိုင်ပါသနည်း။ အတွေ့ ရအများဆုံးသော အကြောင်းကတော့ ရောဂါအနာဘယတစ်ခုခုကြောင့် သေရခြင်းသာဖြစ်သည်။ ယင်းသည် နေ့စဉ်နှင့် အမျှသေကြသူတို့ထဲတွင် အတွေ့ရအများဆုံးသော ပုံစံလည်းဖြစ်နိုင်ပါသည်။ ရောဂါဆိုရာတွင်လည်း ၉၆ ပါးသော ဝေဒနာ ဟု စကားရှိသော်လည်း ယနေ့ ရောဂါပေါင်း သောင်းခြောက်ထောင်ဖြစ်နေသည်။ ရောဂါအသစ်အဆန်းများကလည်း တစ်နေ့တစ်ခြားတိုးတိုးလာနေပြီး ဆေးပညာရှင်တို့မှာလည်း ထိုရောဂါသစ်များနှင့်သော်လည်းကောင်း၊ ရောဂါအဟောင်း များထဲမှ ပုံစံပြောင်းလဲသွားသော ရောဂါများနှင့်သော်လည်းကောင်း နေ့စဉ်နှင့်အမျှနပမ်းလုံးနေရသည်။ ရောဂါဝေဒနာ ခံစားနေရသူများသည် နေအိမ်မှာပင်နေရင်း ရောဂါကိုကုသနေတာမျိုးရှိသလိုဆေးရုံဆေးခန်းစသည်တို့တွင် တက်ရောက် ကုသနေကြရသူများလည်းရှိသည်။ တချို့ကလည်း ကုသ၍မရနိုင်တော့သဖြင့်သေကြရပြီး တချို့ကျတော့လည်း ကုသ၍ ရနိုင်ပါသေးလျက် မိမိ (သို့မဟုတ်) ဆရာဝန်၏ပေါ့ဆမှုကြောင့်ဖြစ်စေ၊ ငွေကြေးမတတ်နိုင်မှုကြောင့်ဖြစ်စေ အသေစောကြရသည်။
ရောဂါဝေဒနာခံစားပြီး သေကြရသူများကိုကြည့်လျှင် လောက၏ဆန်းကြယ်ပုံ၊ ကံတို့၏ ဆန်းကြယ်ပုံကို တွေ့နိုင်သည်။ ရောဂါချင်းတူတာတောင် တချို့က ဒီရောဂါနှင့်သေပြီးတချို့က ဒါနှင့်မသေဘဲ တခြားဟာနှင့် သေကြသည်။ ရောဂါချင်း တူသော်လည်း တချို့က မြန်မြန်သေပြီးတချို့က ကြာကြာခံစားရပြီးမှ သေသည်။ ရောဂါတစ်ခုကိုဖြစ်စေနိုင်လောက်သည့် အကြောင်းတရားများပြုလုပ်ကြသည်ချင်းအတူတူ တချို့က ရောဂါရပြီး တချို့က ရောဂါမရ။ ကျွန်တော့်အဘွားတစ်ဦး သည် တစ်သက်လုံးဆေးလိပ်မသောက်ခဲ့သော်လည်း သေတော့ အဆုတ်ကင်ဆာနှင့်သေရသည်။ တချို့သွေးတိုးရှိသူများ ထိုင်ရာမှအထ ခေါင်းထဲမိုက်ကနဲဖြစ်သွားပြီး ဦးနှောက်သွေးကြောပြတ်သေသည်။ တချို့ လေဖြတ်ပြီး နာတာရှည်ဘဝဖြင့် အိပ်ရာထဲလဲကာ သေသည်။တချို့က နှလုံးအမောဖောက်ကာ သေသည်။ တချို့က မျှော်လင့်ထားသည့် ရောဂါဖြင့် သေသော်လည်းတချို့က မျှော်လင့်မထားသည့်ရောဂါတစ်မျိုးဖြင့်သေသည်။
မည်သို့သော ရောဂါဝေဒနာကြောင့်သေသည်ဖြစ်စေ ရောဂါဝေဒနာခံစားပြီးကွယ်လွန်ရခြင်းကိုလည်း လူအများ ကြောက်ရွံ့ကြသည်။ “ငါတော့ ဘယ်ရောဂါနဲ့ပဲ သေချင်တယ်၊ ဘယ်ရောဂါနဲ့တော့ မသေချင်ဘူး” ဟု မည်သူမျှ မပြောကြ။ ရောဂါဝေဒနာဖြစ်လာလျှင် ငွေကုန်သည်၊ ပတ်ဝန်းကျင်မှလူအများကိုဒုက္ခပေးမိလျက်သားဖြစ်သည်။ ဒါ့ထက်ဆိုးတာက နာကျင်မှုဝေဒနာကို ခံစားရခြင်းဖြစ်သည်။ ဝေဒနာတိုးလာသည်နှင့်အမျှ၊ ခန္ဓာကိုယ်ကြီး ပျက်စီးလိုက်လာသည်နှင့်အမျှ သတိတွေချွတ်ယွင်း၊ အမှတ်မှားခြင်းများဖြစ်လာသည်။ တရားအသိရှိသူတို့ လောက်သာလျှင် နောက်ဆုံးအချိန်အထိ သတိလက်မလွတ်ဘဲဝေဒနာကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြသည်။ သာမန်လူ တို့မှာတော့ နာကျင်မှုဝေဒနာကို သည်းမခံနိုင်၊ ရုန်းကန်အော်ဟစ်၊ ပါးစပ်က ပြောချင်ရာတွေပြော၊ ဗလုံးဗထွေးတွေပြော၊ နောက်ဆုံး ငြိမ်ကျသွားသည်အထိဖြစ်သည်။
ရောဂါဝေဒနာတစ်ခုခုကြောင့် သေဆုံးရသူအများစုတွင် တူညီသည့်အချက်တစ်ခုမှာအချိန်လွန်မှ ရောဂါရှိမှန်းသိကြခြင်း ဖြစ်သည်။ သိပြီးနောက်မကြာမီ လူတစ်ကိုယ်လုံး ယူပစ်လိုက်သလိုထိုးကျသွားသည်။ ရောဂါတို့မည်သည် ၎င်းတို့ ရှိနေမှန်း ကို စောစောစီးစီး ထုတ်ပြရိုးမရှိချေ။ လူအများစုမှာ ဤသို့ဖြင့် အငိုက်မိကြသည်။ ယခုခေတ်တွင် ရောဂါတို့ ကြောင့် လူတို့အငိုက်မိသေဆုံးကြရမှုများကပိုများသည်ဟုဆိုရမည်။ လူတို့၏ နေပုံ၊ ထိုင်ပုံ၊ စားပုံတို့ ပြောင်းလဲလာပြီး ကျန်းမာရေးနှင့်မညီညွတ်သည့်နေထိုင်စားသောက်ပုံများကြောင့် ရောဂါတို့ကို ပိုပြီး လက်ယပ်ခေါ်သလိုလည်း ဖြစ်သည်။ ရောဂါရန်သူနှင့်မျက်နှာချင်းဆိုင်ရင်ဆိုင်ရချိန်မှာတော့ ကိုယ်က ဘာမှမပြင်ဆင်ရသေး။ ဒီလိုနှင့် လူ့လောကကို လက်ပြ နှုတ်ဆက်ကြသည်။
ရုပ်ခန္ဓာကိုယ်ကို တည်တံ့ခိုင်မြဲအောင် ထောက်ပံ့ပေးနေသောအကြောင်းတရားလေးမျိုးရှိရာ၎င်းတို့မှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြစ်သည်ဟု ဗုဒ္ဓက ဟောခဲ့သည်။ ကံဆိုသည်မှာ အသက်ရှင်အောင် ထောက်ပံ့ပေးနေသော ကံဖြစ်၍ အတိတ်က ဥပစ္ဆေဒကကံမပါခြင်း၊ ပစ္စုပ္ပန်တွင်လည်း သင့်တင့်မျှတစွာနေခြင်းစသည်တို့နှင့်ပြည့်စုံလျှင် သက်တမ်းစေ့ နေရန်အကြောင်းဖြစ်သည်။ ကံကုန်သည့်အခါ ဉာဏ်ကူသော်လည်းမတတ်နိုင်၊ အရုပ်ကြိုးပြတ် သကဲ့သို့ ဖြစ်သည်။ ဒုတိယ တစ်ခုက စိတ်၊ လူတစ်ဦးအသက်ရှင်ရခြင်းတွင် ရှင်သန်လိုသည့် စိတ်ကလည်း အကြောင်းတစ်ပါးဖြစ်သည်။ သေခါနီး လူမမာတစ်ဦး မသေနိုင်သေးဘဲအဝေးလာမည့်သားကိုတွေ့ရပြီးမှ သေခြင်းမှာ စိတ်ကြောင့်ဖြစ်သည်။ ရည်းစားပစ်တာ ကို ခံရသူတစ်ဦးမစားနိုင်၊ မအိပ်နိုင်ဖြစ်ပြီး တဖြည်းဖြည်း ပိန်ချုံးကာသေခြင်းမှာလည်း စိတ်ကြောင့်ဖြစ်သည်။လူမမာ တစ်ဦး စိတ်ဓာတ်ကျသွားလျှင် သေဖို့မြန်မြန် နီးစပ်သဖြင့် စိတ်ဓာတ်မကျအောင် ဝိုင်းဝန်းအားပေးကြသည်။နောက်တစ်ခုက ဥတု၊ - ပြင်းထန်သော ရာသီဥတုဒဏ်ကလည်း လူတို့ သတ္တဝါတို့အသက်ကို နုတ်ယူနိုင်သည့်အကြောင်း ဖြစ်သည်။ ပူပြင်းသည့် နွေရာသီအခါမျိုးတွင် သက်ကြီးရွယ်အိုများ အပူဒဏ်ကြောင့်သေကြသည်။ တချို့လူငယ်များ ပူလွန်းသဖြင့် ရေထချိုးရာမှ သေကြသည်။ တချို့ အအေးပိုင်းနိုင်ငံများမှလူများအအေးဒဏ်လွန်ကဲမှုကြောင့် သွေးခဲပြီး သေကြသည်။ နောက်ဆုံးတစ်ခုက အာဟာရ - အာဟာရမျှတစွာမရလျှင်မည်သူမျှ အသက်မရှင်နိုင်။ လူတစ်ယောက်ကို အစာမကျွေးဘဲထားလိုက်လျှင် တဖြည်းဖြည်းအားနည်းကာသေသွားမည်သာဖြစ်သည်။ ထမင်းအသက်ခုနစ်ရက် ဟုလည်း ဆိုရိုးရှိသည်။ ဒါကြောင့် လူမမာများကိုအစာအာဟာရမယုတ်လျော့အောင် ကြိုးစားကျွေးမွေးကြသည်။
သေဆုံးမှုပုံစံအမျိုးမျိုးတို့တွင် အလှပဆုံးသေနည်းဟု ဆိုရမည်ကတော့အိပ်ပျော်နေစဉ် သေသွားခြင်းဟုပင် ဆိုရမည်။ လူတစ်ဦး အိပ်ရာဝင်သွားပြီး ပြန်နိုးမလာတော့ဘဲသေသွားသည့်သတင်းကြားရသူတိုင်းက “ကောင်းလိုက်တာနော် ဘာဝေဒနာမှ မခံစားရတော့ဘူး၊ အဲလိုမျိုးပဲသေချင်လိုက်တာ”ဟု ပြောလေ့ရှိကြသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး သည် ပျံလွန်တော်မမူမီမိနစ်ပိုင်းအလိုအထိ အကောင်းပကတိအတိုင်းရှိနေပြီး သီတင်းသုံးဖော် ဆရာတော်များနှင့် လက်ဘက်ရည်ပင်ဘုဉ်းပေးနေလိုက်သေးသည်။ ပြီးမှ ကိုယ်လက် မအီမသာရှိ၍ ဟုဆိုကာ အိပ်ရာထဲဝင်သွားပြီးနောက်ပျံလွန်တော်မူနေသည်ကိုသာ တွေ့ရတော့သည်ဟု ဆိုသည်။ အရပ်ထဲတွင်လည်း အလားတူသေပုံမျိုး ကြားရလေ့ရှိတတ်သည်။ လူအများကလည်း ထိုပုံထိုနည်းသာ သေလိုကြသည်ဟုဆိုသည်။ တချို့ကကျတော့လည်း အိပ်ပျော်နေစဉ် သေခြင်းဖြစ်သဖြင့် မောဟနှင့် ယှဉ်ခြင်းကြောင့် ကောင်းသောသေခြင်းမဟုတ်ဟု ဆိုကြသည်။ အဘိဓမ္မာအဆိုအရမူ မည်သည့်သတ္တဝါဖြစ်စေ မသေမီ ဇောခုနစ်တန်ပြန်ကိုပြန်သည်၊ မရဏာသန္နဇော စောသည်ဟု အဟောရှိကြသည်။ မည်သူမဆို မည်မျှသက်သက်သာသာ သေသည်ဖြစ်စေ မသေမီအချိန် မချိမဆံ့ခံကိုခံရသည်၊ မခံစားရဘဲ သေသူမရှိဟု လည်း ဆိုကြသည်ကိုကြားဖူးသည်။ ဘယ်ဟာက မှန်သလဲ မသိ။ သို့သော် သည်လိုပုံစံ အိပ်ပျော်နေရင်း သေခြင်းမျိုးကို အများက တောင့်တ ကြသည်ကတော့အမှန်ပင်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့သည် သေခါနီးအချိန် ဝေဒနာကို တရားအသိဖြင့်ကျော်လွှားနိုင်ရန်အတွက် ကျန်းမာရေး ကောင်းနေစဉ် ဝိပဿနာတရားအားထုတ်ရန် တိုက်တွန်းလေ့ရှိကြသည်။ ဝိပဿနာအထိ မလုပ်နိုင်သေးလျှင်တောင် ရှင်နေစဉ်အတွင်း ကုသိုလ်ကောင်းမှုများများပြုရန်၊ သို့မှသာ သေခါနီးအချိန် မရဏာသန္နဇော စောသည့်အခါ ကုသိုလ်နိမိတ်ကို ယူပြီး ဘဝကူးကောင်းရန်ရည်ရွယ်ချင်းဖြစ်သည်။ ကျန်သည့်ဘာသာဝင်တို့အကြောင်းတော့ အသေးစိတ်မသိပါ။ သို့သော် သေခါနီးလူမမာတစ်ဦးဘေးတွင် ဘုရားတရားနှင့်ပတ်သက်သည့် စကားများပြောခြင်း၊ ကျမ်းစာပါ စာသားများကို ရွတ်ဆိုပြခြင်း၊ မိမိကိုးကွယ်သည့်ဘုရားကို အောက်မေ့သတိရခိုင်းခြင်း စသည်တို့ကတော့ ယေဘုယျ တူကြသည်။
သေခြင်းတရားနှင့်ပတ်သက်လျှင် “သေပန်းပွင့်သည်” ဆိုသည့်စကားလည်းရှိသည်။ လူတစ်ယောက် သေသွားသည့် အခါ သူ့နာရေးအသုဘ စည်ခြင်းမစည်ခြင်းကို ပြောခြင်းဖြစ်သည်။ လူတစ်ယောက်နှင့် တစ်ယောက်သေပုံသေနည်း မတူသကဲ့သို့၊ ၎င်းတို့၏ နှုတ်ဆက်ပွဲမှာလည်း မတူကြချေ။တချို့က နေစဉ်ကာလမှာ ဘုန်းကြီးသည်၊ အသက်ရှည်သည်၊ ချမ်းသာသည်၊ အခြွေအရံများသည်။ သို့သော်သေတော့ သူ့အသုဘက ကျီးနဲ့ဖုတ်ဖုတ်။ တချို့ကျတော့ အသက်ရှင်နေစဉ် မည်သူကမျှ အဖက်မလုပ်၊ သေတော့မှ ထပြီး ငိုကြယိုကြနှမြောတသသူတွေပေါသည်။ တချို့ကလည်း ယင်းကိုကြည့်၍ သံဝေဂယူကြသည်။ လောကီရှုထောင့် သက်သက်မှကြည့်လျှင် လူတစ်ယောက်၏ ဘဝသမိုင်းကို သူ့နာရေးကိုကြည့်၍ ဆုံးဖြတ်ကြသည်။ အသက်ရှင်စဉ်က လူ့လောကအတွက် ဘာမှကောင်းကျိုးမပေးခဲ့သောလူတို့သည် သေသည့်အခါ သူတို့ အသုဘကို ဘယ်သူမျှ လိုက်မပို့ချင်ကြ။ ရှင်စဉ်က လူချင်လူခင်များသူ၊ အများအကျိုး ရွက်သည်ပိုးသူတို့မှာသေတော့ လှလှပပသေရသည်။ ဒါကိုပြ၍ အသက်ရှင်နေစဉ် မိမိဘကြို အဓိပ္ပာယ်ရှိစွာရှင်သန်ရန် နှိုးဆော်ကြ၊ တိုက်တွန်းကြသည်။ ဆရာဇော်ဂျီက သင်သေသွားသော် ကဗျာဖြင့် မိမိလူမျိုး၊ မိမိနိုင်ငံ၊ မိမိဘာသာစည်ပင် ဖွံ့ဖြိုးရန်အားထုတ်ဖို့တိုက်တွန်းသည်။ လောကကိုကြည့်လျှင် လူရှင်ပြီး နာမည်ရှင်သူ၊ လူရှင်ပြီးနာမည်သေသူ၊ လူသေပြီးနာမည်မသေသူ၊ လူသေပြီး နာမည်ပါသေသူဟူ၍ အမျိုးအစားခွဲလျှင် ရနိုင်မည်ထင်သည်။
သေခြင်းတရားသည် လူ့ဘဝတွင်မဖြစ်မနေဖြတ်သန်းရဦးမည့် မှတ်တိုင်တစ်ခုဖြစ်သည်။ လူတစ်ဦး၏သေဆုံးချိန်သည် ထိုလူ၏ ရှင်သန်ခဲ့ချိန်၏မှတ်ကျောက်ဟုလည်း ပြောသူကပြောကြသည်။ ဗုဒ္ဓဘာသာတွင် သေခြင်းတရားကို မပြတ် အောက်မေ့ရန်သတိပေးသည်။ တချို့က ဒါကိုမကြိုက်။ ဗုဒ္ဓဘာသာသည် သေခြင်းတရားနှင့်ခြိမ်းခြောက်ပြီး လူတို့၏ ရှင်သန်ဆဲအခိုက်အတန့်ကို ပျော်ရွှင်မှုတို့ဆိတ်သုဉ်း သွားအောင်လုပ်သည်ဟု မြင်ကြသည်။ ဗုဒ္ဓဘာသာဘက်မှ ခုခံကြသူများကမူ သေခြင်းကို အောက်မေ့ခိုင်းခြင်းသည် သေခြင်းဖြင့်ပြ၍ ခြောက်နေခြင်းမဟုတ်၊ သေခြင်းကိုပြ၍ နေခြင်းကိုပို၍ အဓိပ္ပာယ်ရှိအောင်သတိပေးနေခြင်းဖြစ်သည်၊ လူတို့၏ ကာမဂုဏ်ခံစားပျော်ရွှင်မှုသည် ပျော်ရွှင်မှု အစစ်မဟုတ်၊ သစ္စာတရားကိုထိုးထွင်းသိမြင်မှသာ ပျော်ရွှင်မှုအစစ်ဟု ဆိုကြ သည်။ ဗုဒ္ဓဘာသာမှတစ်ပါးသောဘာသာတို့တွင်မူ သေခြင်းကို ဗုဒ္ဓဘာသာလောက်ဟောသည်ကိုမတွေ့ရချေ။ အဆိုပါ အယူတို့အရ သေခြင်းသည်မနှစ်မြို့ဖွယ်၊ စိုးရိမ်ဖွယ်၊ ထိတ်လန့်ဖွယ်မဟုတ်၊ အကြောင်းမှာ သေလွန်ပြီးနောက်တွင်ထိုလူ၏ဝိညာဉ်သည် ဖန်ဆင်းရှင်ဘုရား သခင်၏နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မိမိချစ်ခင်ရသူများနှင့်လည်းပြန်လည် ဆုံတွေ့ ရမည်ဖြစ် သောကြောင့်ဟု ဟောသည်။
ဗုဒ္ဓဘာသာအလိုအရမူ သေဆုံးခြင်းသည် ကောင်းမြတ်ခြင်းထံ အလိုအလျောက်ရောက်ရှိသွားခြင်းမဟုတ်၊ သေခြင်းသည် ထွက်ရပ်လမ်းမဟုတ်။ သတ္တဝါတို့သည် အဆုံးအစမထင်သံသရာတွင် အဖန်ဖန်မွေးခြင်း၊ အဖန်ဖန်သေခြင်းဖြင့် မဆုံးနိုင်သောခရီးကိုဆက်နေရသည်။ သေပြီးနောက်ပြန်လည် မမွေးဖွားတော့သူသာလျှင် ထွက်ရပ်ကိုရောက်သည်။ ထိုသို့ဖြစ်အောင် မကျင့်ကြံနိုင်သမျှကာလပတ်လုံးသေခြင်းတရား ဟူသည် ရှည်လျားလှသည့် ပြဇာတ်ကြီးတစ်ခု၏ အခန်းအကူးအပြောင်းတွင် ကားလိပ်ကိုဆွဲမတင်လိုက်သည့် အခိုက်အတန့်တစ်ခုသာ ဖြစ်သည်။
လူတိုင်းသေခြင်းတရားကို ကြောက်ကြသည်။ သို့ရာတွင် ထိုသို့ကြောက်ခြင်းသည်သေသည်၏ အခြားမဲ့၌ ဘာဖြစ်မည်၊ ဘယ်သို့ရောက်မည်ကို မသိခြင်းကြောင့်လား၊ မိမိချစ်ခင်နှစ်သက်သူများ၊ဥစ္စာ စည်းစိမ်ပိုင်ဆိုင်မှုများနှင့် မခွဲနိုင်ခြင်းကြောင့်လား၊ သေခါနီးအချိန်ခံစားရမည့်ဝေဒနာကြမ်းရှရှများကြောင့်လား ဆိုတာကိုတော့ မည်သူ့ကိုမေးမေးရေရေရာရာ ဖြေနိုင်မည်မဟုတ်ပါ။အကြောင်းက ကျွန်တော် အပါအဝင် လူတို့သည် သေခြင်းတရားအကြောင်းကို မတွေးတောကြ၊ မတွေးတောလိုကြသောကြောင့်ဖြစ်သည်။ ယုတ်စွအဆုံး “ငါဘာကြောင့် သေရမှာကို ကြောက်တာလဲ” ဟုပင် မတွေးတောဖြစ် (လို) ကြသောကြောင့်ဖြစ်သည်။(ပုထုဇဉ်တို့အတွက်) သေခြင်းတရားသည်တွေးတောချင်စရာ အကြောင်းမဟုတ်။ အမင်္ဂလာဖြစ်သည်။ အနိဋ္ဌာရုံဖြစ်သည်။“အို ငါမသေသေးပါဘူး” ဟု တွေးကာ သေခြင်းအကြောင်းကို ခေါင်းထဲမှဖယ်ထုတ်တတ်ကြသည်။ တချို့လည်းနေစဉ်ကာလ ဃရာဝါသများကြောင့် သေခြင်းကို မေ့လျော့ကြသည်မျိုး လည်း ရှိသည်။ တချို့ကလည်း“တစ်ချိန်ကျ သေမယ့်အတူတူ မသေခင် လူ့ဘဝရဲ့ အရသာကို ကောင်းကောင်းကြီး ခံစားသွားဦး” ဟုဆိုတတ်သည်။ မည်သို့ဆိုစေ လူတိုင်း မသေမီ ဘဝတွင် အဓိပ္ပာယ်ရှိရှိရှင်သန်ရမည်ဆိုတာကိုတော့သဘောပေါက်ကြသည်။ သို့သော် မည်သို့သောနေခြင်းသည် အဓိပ္ပာယ်ရှိရှိ နေခြင်းဖြစ်သလဲ ဆိုသည့်အပေါ်မှာတော့အမြင်ကွဲပြားကြပြန်သည်။ တချို့ကလည်း မိမိကိုးကွယ်ရာ ဘာသာတရားအဆုံးအမဖြင့်နေသည်။ တချို့လည်းမိမိ နှစ်သက်ရာ အတွေးအခေါ်ဒဿန တစ်ခုကိုရင်မှာ ပိုက်ရင်းနေသည်။ တချို့ကျ ဘာရယ်လို့ မည်မည်ရရမရှိလှပဲ မွေးလာပြီး လူဖြစ်လာလို့သာ နေလိုက်ရသည်ဆိုသည့် ပုံစံမျိုးဖြင့် ဘာမှထွေထွေထူးထူးမစဉ်းစားဘဲရှင်သန်နေ ထိုင်ကြသည်။
အင်း … သေခြင်းသည် ဘာမှမဟုတ်သည့် အာပလာကိစ္စလေးတစ်ခုတော့မဟုတ်တာ သေချာပါသည်။
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း