Skip to main content

အနက်မထင် ပဟေဠိများ



မစဲသော တံခါးခေါက်သံများ
လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု
မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို
ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည်

ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော
အိမ်ရှေ့က အဝင်စာတိုက်ပုံး
ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင်
အထဲမှာ ဗလာစာရွက်တရွက်

နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည်
စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ်
သို့သော် ... စံပယ်
ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား

အခန်းထဲဝင်အလာ
‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ
ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော
မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ
မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ
အသားတွေပပ်ကြားအက်နေသော
လေကြောင်းသင့် ငါ့မျက်နှာ

လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ
ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ
အကောင်းစား ဇိမ်ခံကားများ
အဲကွန်းပါသော ဘတ်စ်ကားများ
ဓာတ်တိုင်များ၊ LED လမ်းမီးများ
ဓာတ်ကြိုးများပေါ်ရှိ ခိုများ
လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ
လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ
နို့ဆာနေသူများ ... အာသာဖြေနေကြသူများ

‘အိမ်ရှင်’ ဟုခေါ်၍
တံခါးကို အသာအယာ ခေါက်၏
တံခါးအောက်ခြေအလွတ်မှ
ဖောချင်းသောချင်း ခုန်ခုန်ထွက်လာသော
ချောင်းရေများ မြောင်းရေများ
မြစ်ရေများ ...

ကျနော် ရေမကူးတတ်သေးပါ။


၉ မေ ၂၀၂၃ #waiyanhponepoetry #ဝေယံဘုန်း #ကဗျာ

Comments

အဖတ်အများဆုံး

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထု

Picture: FinArtAmerica.com ရယ်မောသံများ ထွက်ပြေးတိမ်းရှောင်သွားသောအခါ တိတ်ဆိတ်ခြင်းများ ကျန်ခဲ့မည်မှာ သေချာပါသည်။ အရာဝတ္ထုများ မြေပြင်ပေါ်သို့ အတားအဆီးမရှိ လွတ်လပ်စွာကျဆင်းနေစဉ် မလွတ်လပ်နိုင်ရှာသည့် စစ်တုရင်ရုပ်များလည်း ရှိသည်။ အရှိန်နှင့်လိမ့်နေသော အံစာတုံးတစ်တုံး အရှိန်ကုန်၍ရပ်သွားလျှင် ကျမည့်ဂဏန်းနံပါတ်ကိုလည်းကောင်း၊ အကြောင်းရင်း ကိုလည်းကောင်း သိနေပါသည်။ သို့ရာတွင် ထိုသို့သိခြင်းသည် သင်္ချာကျောင်းသားတစ်ယောက်၏ တစ်နှင့်တစ်ပေါင်းလျှင် ' နှစ် ' ဖြစ်သည်ဟု သိခြင်းမျိုး၊ ရူပဗေဒကျောင်းသားတစ်ယောက်၏ ' ရီလေတီဗတီသီအိုရီ ' ကို နားလည်ခြင်းမျိုးထက် စိုးစဉ်းမျှ မပိုကြောင်းကိုလည်း သိနေပြန်သည်။ သိခြင်း၊ နားလည်ခြင်းသည် အကန့်အသတ် ခြွင်းချက်ရှိခြင်း (ဝါ) စင်းလုံးချော မဖြစ်နိုင်ခြင်း အကြောင်းကို သိပြီဆိုလျှင် တွက်လက်စပုစ္ဆာတစ်ပုဒ်ကို ခေါင်းရှုပ်ခံပြီး ဆက်စဉ်းစားစရာ မလိုတော့ပါ။ မှန်ကွဲစများအား တပါးသူမထိခိုက်မိစေရန် စေတနာဖြင့် ကောက်ယူ သိမ်းဆည်းမည်ဆိုပါက သင့်လက်ကို လက်အိတ်စွပ်ရန် မမေ့ဖို့သတိပေးပါရစေ။ ကမ္ဘာလောကကြီး ဖြစ်တည်လာသည်။ သစ်ပင်များပေါက်လာကြသည်။ သစ်ကိုင်းပေါ်တွင် သစ်ရွက်တို့...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...

ကလေးစာတတ်ခြင်းအစ မိဘက

ကလေးတစ်ယောက် လွယ်အိတ်လွယ် လို့ ကျောင်းတက်တဲ့အခါ ကျောင်းစာ တွေကို မကြောက်ရွံ့ဖို့၊ စာအုပ်တွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေတတ်ဖို့၊ စာဖတ်တဲ့အခါ ဖတ်မှတ်နားလည် နိုင်စွမ်း၊ ခြုံငုံဆင်ခြင်နိုင်စွမ်း၊ ဝေဖန် ပိုင်းခြားနိုင်စွမ်းမြင့်ပြီး ဝေါဟာရကြွယ် ကြွယ်၊ ဝါကျရှည်ရှည်မြင့်မြင့်တွေ သုံးနှုန်းပြောဆိုတတ်ဖို့ ဘယ်အချက် အလက်တွေက ပြဋ္ဌာန်းပါသလဲ။ ကလေး တစ်ယောက် ယဉ်ကျေးသိမ် မွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ပညာထူးချွန် ခြင်း၊ ညံ့ဖျင်းခြင်း၊ စည်းကမ်းကောင်း ခြင်း၊ စည်းကမ်းမဲ့ခြင်း၊ အဖိုးတန်ခြင်း၊ အဖိုးမဲ့ခြင်းစတာတွေဟာ သူ့ရဲ့ပင်ကို ဗီဇအပြင် ငယ်စဉ်ကတည်းက မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ် များစွာ မူတည် တယ်လို့ အများကလက်ခံကြ ပါတယ်။ မြန်မာမှာဆိုရင် "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့် ဖ" လို့တောင် ဆိုစကားရှိကြတာပါ။ ဒီစကားမမှားပါဘူး။ မမှားကြောင်း ကို ပညာရှင်အတော်များများက သူတို့ ရဲ့ လေ့လာဆန်းစစ်ချက်တွေမှာ ဖော် ပြထားကြပါတယ်။ ကလေးရဲ့ စာဖတ် ဝါသနာထုံမှု၊ ကျောင်းမှာ စာလိုက်နိုင်မှု ဟာ မိဘရဲ့လွှမ်းမိုးမှုနဲ့အဓိကသက်ဆိုင် တယ်လို့ သူတို့ရဲ့အဖြေတွေမှာ တွေ့ရှိ ရပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝမှာ ပတ်ဝ...