လူ့လောကသည် ငြိမ်ငြိမ်သက်သက် …
လကလေးက ထွန်းမြကြည်သာ ...
လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည်
ကျေးလက်ရိုးရာဗုံသံအချို့
တိုးချည် ကျယ်ချည်ကြားရသည်။
ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း
တစ်စက္ကန့်ထပ်နှေးသွား၏။
တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …
ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက
တက်သုတ်ရိုက် ခရီးနှင်၏။
သတင်းစကားကို သယ်လာရသောကြောင့် …
စစ်သည်တော်သည် သေနတ်ပြောင်းဝကိုအောက်သို့စိုက်၏။
နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် …
ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက
အထက်သို့မော့ကြည့်သည်။
စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို
သူ့ချစ်သူက စေ့စေ့ကြည့်၏။
ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။
စောင်းသံသည် အဘယ်အရပ်မှလာသနည်း။
လေပြည်လာရာ လမ်းကြောင်းမှ …
ရွှေလမှာယုန်ဝပ်နေဆဲ
ဆန်ဖွပ်သူမရှိတော့ချေ။
1.1.2021
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း