Skip to main content

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။

လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချင်း မတူကြချေ။


ငိုကြွေးပုံချင်းမတူကြသည်မှာ သူတို့ အသက်ရှင်စဉ်က အသက်ရှင်သန်ခဲ့ပုံ ခြင်းမတူခဲ့၍ဖြစ်သည်။ လောကတွင် လူအများစုသည် ကိုယ့်အတွက်သာအသက်ရှင်ကြသည်။ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး အတွက်သာ အသက်ရှင်ကြသည်။ အလွန့်အလွန်နည်းသောလူတချို့တချို့သာလျှင် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ အတွက် အသက်ရှင်သည်။ ထို့ထက်နည်းသောလူ တစ်ယောက်စ နှစ်ယောက်စ ကတော့ တစ်လောကလုံး အတွက် အသက်ရှင်ခဲ့ကြလေသည်။

မိမိနှင့်တကွ မိမိဆွေမျိုးသားချင်း အတွက် အသက်ရှင်သူတို့မှာ လူ့ဓမ္မတာ အတိုင်းဖြစ်သဖြင့် ထူးမခြားနား။ မထူးခြား၍လည်း သူတို့သေတော့လည်း အသိုင်းအဝိုင်းကွက်ကွက်က လေးထက်ပို၍ မငိုကြွေးကြချေ။ အနည်းစုသော လူတို့ကမူ မိမိအသိုင်း အဝိုင်းဆိုသည့် ကျဉ်းမြောင်းသော အလွှာထက်ကျော်လွန်၍ ပေးဆပ်ခဲ့ကြ သည်။ မိမိမိသားစုအတွက် ရှင်သန်ခဲ့သူများက လောဘဦးစီးသောစိတ်နှင့်လှုပ်ရှားရုန်းကန် ခဲ့ကြသော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်သော်လည်းကောင်း၊ တစ်လောကလုံး အတွက်သော် လည်းကောင်း အလုပ်လုပ်ခဲ့ကြ သူများကမူ စေတနာရှေ့ထား၍လုပ်ခဲ့ကြခြင်းဖြစ်သည်။ မေတ္တာထား၍ ပေးဆပ်ခဲ့ကြ ခြင်းဖြစ်သည်။ ဒါကြောင့်လည်း သူတို့သေတော့ သူတို့အတွက် ဝမ်းနည်းသူ၊ ပူဆွေးကြသူပို များသည်။

လူထဲက လူတစ်ယောက် သေသည့်အခါ သူ့အသိုင်းအဝိုင်းကသာ သူ့အတွက်ငိုကြသည်။ သေပြီးနောက် မကြာခင်လည်း သူ့ကို မေ့သွားကြသည်။ ထိုသူ၏အကြောင်းသည် သူ့နာရေးယပ်တောင်ပေါ်ရှိ သူ့နာမည်စာလုံးများ ထက်သော်မှ ပို၍ ဆောလျင်စွာ လူတို့ပါးစပ်ဖျားမှ ကွယ်ပျောက်သွားနိုင်ပါသည်။ သို့သော် အများအကျိုးအတွက် စွန့်လွှတ်ဆောင်ရွက်ခဲ့သူများသေလျှင်မူ လူအပေါင်းက ပို၍ ရှည်ရှည်ကြာကြာ အောက်မေ့တသဖြစ်ကြသည်။ “သေသောသူကြာရင်မေ့”ဆိုသည့် စကားသည် သူတို့ အတွက် မဟုတ်ပေ။ သူတို့သည် လူသေသော်လည်း နာမည်မသေသူများဖြစ်ကြသည်။

လောကတွင် မိမိအကျိုးစီးပွားကို စွန့်လွှတ်၍ အများအကျိုးအတွက် စွန့်လွှတ် စွန့်စားသူများကို ‘အာဇာနည်’ ဟူ၍ ခေါ်ဝေါ်ဂုဏ်ပြုတတ်ကြသည်။ ထိုအာဇာနည်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့လို နာမည်အထင်ကရ ကျန်ရစ်ခဲ့သူ များလည်း ရှိနိုင်သလို လူမသိသူမသိ ပေးဆပ်သွားကြသည့် အညတရ အာဇာနည် လေးများလည်း အမြောက်အမြားရှိနိုင်ပါသည်။ အာဇာနည်ဟူသည် နာမည်ကျော်ခြင်းမကျော် ခြင်းထက် လောကအကျိုး၊ လူသားအကျိုးကို ဆောင်ရွက်ခြင်း မဆောင်ရွက်ခြင်းနှင့်သာ ပိုသက်ဆိုင် ပါသည်။

ဆရာဇော်ဂျီသည် “အာဇာနည်” ဆို သောစကားလုံးတစ်လုံးမျှ မပါဘဲ အာဇာနည်ပုဂ္ဂိုလ်တို့အကြောင်း ကဗျာတစ်ပုဒ် စပ်ဆိုခဲ့၏။ ထိုကဗျာ စာဆိုကိုယ်တိုင်ပင်လျှင် မြန်မာစာပေ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားခဲ့သော စာပေသူရဲကောင်း၊ စာပေအာဇာနည်တစ်ဦး ဖြစ်ပါသည်။ ဆရာဇော်ဂျီ၏ကဗျာ သည် လောဘ၊ ဒေါသ၊ မာန်မာနများနှင့် “ငါ့ဖို့” သာကြည့်၍ ရှင်သန်လှုပ်ရှားနေကြသူတို့အား “အတ္တ”ဆိုသည့် ကျဉ်းမြောင်းသည့် ဘောင်ကိုကျော်၍ ကြည့်တတ်အောင် သတိပေးထားသည့် ကဗျာဖြစ်သည်။ လောကတွင် “အလေးထားစရာတွေ အများကြီးရှိပါသေးလား”ဟူ၍ သတိမူမိအောင် နှိုးဆော်ထားသည့် ကဗျာဖြစ်သည်။ ထိုကဗျာသည် ယနေ့ လူသားတို့အတွက် ခေါင်းလောင်းထိုးသံပင် ဖြစ်ပါသည်။

မိမိသေသွားချိန်တွင် ကျန်ခဲ့မည့် နောင်လာနောက်သား တို့အရေးအတွက် စိတ်ပူပန်၍ ရင်းနှီးပေးဆပ်ခဲ့ကြသူ အာဇာနည်တို့ ကိုလည်းကောင်း၊ အာဇာနည်နေ့ကိုလည်းကောင်း ဆရာဇော်ဂျီ၏ ကဗျာဖြင့်ဂုဏ်ပြု လိုက်ပါသည်။




သင်သေသွားသော်

ဪ လူ့ပြည်လောက၊လူ့ဘဝကား၊
အိုရနာရ၊ သေရဦးမည်၊
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း၊
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊
ပြောင်လျက်ဝင်းလျက်၊ ကျန်စေသတည်း။  ။



Comments

  1. Thanks for your sharing. It's a brilliant article. ကျမ လူတစ်ယောက်ဆီက ကြားခဲ့၇တဲ့တန်ဖိုးရှိတဲ့စကားကို ပြန်သတိရမိတယ်။ လူဟာ သေတဲ့အခါမှာ သူများတွေနှမြောတမ်းတပြီး ကျသွားတဲ့မျက်ရည်တစ်စက်ဟာ အင်မတန်မှမြတ်တဲ့ မျက်ရည်စက်ဖြစ်ပါတယ်တဲ့။

    ReplyDelete
  2. လေးစားထိုက်သူကို လေးစားခြင်း၊
    ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း ဟာ လောကရဲ့ မဂ်လာ တစ်ပါးပါတဲ့။

    ဆရာ ၀ါသနာပါတဲ့၊ လေးစားမြတ်နိုးတဲ့ စာပေနဲ့ အခုလို ဂုဏ်ပြုလွှာ ရေးပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် သူရဲကောင်းတွေကို ဂုဏ်ပြု ခွင့်ရတာ ဆရာ့ အတွက် ဂုဏ်ယူပါတယ်ဆရာ။ ကျေးဇုး လည်းအထူးတင်ပါတယ်။

    ReplyDelete
  3. ဒီကနေ့ အာဇာနည်နေ့ မှာ ဆရာဇော်ဂျီရဲ့ ကဗျာကို ခံစားရင်း အာဇာနည်ခေါင်းဆောင်ကြီးများကို စာရေးသူနဲ့အတူ အလေးပြုလိုက်ပါတယ် လူငယ်မျိုးဆက်သစ် တွေ အတွက် ဆက်လက်ပြီး မျိုးချစ်စာပေများကို ပိုလို့ ပိုလို့ရေးသားနိုင်ပါစေ

    ဂုဏ်ယူပါတယ်ဆရာ ဂုဏ်ပြုလိုက်ပါတယ်ဆရာ

    ReplyDelete
  4. သူငယ်ချင်းတယောက်ကတယောက် လက်ဆင့်ကမ်းမေးလ်တွေက နေတဆင့် ကျနော် ဆရာရေးသားဖော်ပြတဲ့ ဗဟုသုတစာပေ၊ ဗိုလ်ချုပ် အောင်ဆန်းနဲ့ပတ်သက်တဲ့ ရှားပါးဓာတ်ပုံတွေ၊ ဆရာဇော်ဂျီရဲ့အာဇာနည် ဂုဏ်ပြုကဗျာ၊ ခေတ်ဟောင်းမြန်မာမှုဆန်တဲ့မြန်မာသီချင်းတွေကို ဖတ်ခွင့်၊ ကြည့်ခွင့်၊ နားထောင်ခွင့်ရတဲ့ အတွက် ဆရာ့ကို ကျေးဇူး အထူတင်ရှိပါတယ်။
    အထူးသဖြင့် အခုလိုခေတ်ဆိုးစနစ်ဆိုးကြီးထဲမှာ ကြီးပြင်းလာကြရတဲ့ နောက်ခေတ်လူငယ်တွေသိဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကွယ်လွန် သွားကြပြီဖြစ်တဲ့ အာဇာနည်ကြီးများနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ကိုဖော်ပြပေးတာ အရမ်းကိုကျေနပ်ဝမ်းသာမိပါတယ်။
    ဆရာရေးသားဖော်ပြတဲ့ အနုသုခမမြို့များပေါ်ထွန်းရေးဆီသို့ ဆိုတဲ့ ဗဟုသုတခရီးသွားမှတ်တမ်းစာပေကိုဖတ်ပြီး ကိုယ့်နိုင်ငံမှာလည်း ရှေးဟောင်းအဆောက်အဦးတွေနဲ့တန်ခိုးကြီးဘုရားတွေကို ကမ္ဘာတခွင် ကသိအောင်တင်ပြချင်တဲ့ ဆရာ့ဆန္ဒကိုလည်း လေးစားမိပါတယ်။ ဆရာရဲ့ရည်ရွယ်ချက်ပြည့်မြောက်အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။ မျိုးချစ်စာပေ၊ လူသားအကျိုးပြုစာပေများ ရေးသားဖော်ပြပေးပါလို့ တောင်းဆိုပါရစေ။

    ReplyDelete
  5. ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ထက် အသက်အများကြီး ကြီးပေမယ့် ကျွန်တော့်ကို ဆရာလို့ ခေါ်တဲ့အတွက် လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ကျွန်တော် ဆက်ကြိုးစားပါ့မယ်

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

စောင်းကြိုးညှိခြင်း

လာပါကွယ် သွားရအောင်ပါ အလင်းရှိတဲ့နေရာ အာဃာတတွေ စေးပိုင် အနုညာတတွေက ဈေးကိုင် မရ, ရသက ချိုင်နေကြတဲ့ တို့တွေနေတဲ့ အပူသည် ကမ္ဘာ မင်းရယ်ကိုယ်ဟာ စွန့်ခွာထွက်ပြေး မဝေးလည်းမဝေး မနီးလည်းမနီး ငြီးလည်း မငြီးငွေ့နိုင်တဲ့တစ်နေရာ လိုက်မှာလား မင်းငါ့အပါး နှလုံးသားချင်း ခပ်ပြင်းပြင်းပူးချည် မေတ္တာဖြင့် နွေးထွေးစေမည် သစ္စာဖြင့် စုစည်းရစ်ချည် နေခြည်မှာရွှေရည်လောင်းသော တစ်နှစ်မှာ အကြိမ်ကြိမ်သီးသော မြေဆီမှာ အဆိပ်ကင်းသော မွှေးပျံ့သော ငါတို့ဥယျာဉ် စိမ်းဖန့်သော ငါတို့လွင်ပြင် ဆိတ်ညံသော ငါတို့ရင်ခွင် လူမျိုးသည်လည်းကောင်း၊ ဘာသာသည်လည်းကောင်း၊ စကားသည် လည်းကောင်း၊ ဓလေ့သည်လည်းကောင်း ငါတို့စိတ်ကြိုက် ငါတို့ဦးခိုက် ဘယ်အမိုက်မှ မဖျက်စေရ ဒီတစ်သက်စာ ငါတို့ဆောက်တဲ့ကမ္ဘာ လာပါကွယ် သွားရအောင်ပါ။ (၂၉ မေ ၂၀၁၃) ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်က ခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ သတိဖြင့်ချစ်ခြင်း လူတွေနေနေတဲ့မြို့ နှစ် အပေါင်း နှစ် ညီမျှခြင်း တစ် My Dear Guest ဒွိဟ “လ” နှစ်သစ်ဆုတောင်း

မတူတာအပြစ်လား

ရှေ့နေလုပ်ဖို့ဆိုပြီး တောင်အာဖရိက နိုင်ငံကို ရောက်လာတဲ့ မစ္စတာဂန္ဒီဟာ ခါးသီးတဲ့ အတွေ့အကြုံ တစ်ခုကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ ဒါကတော့ ဥရောပတိုက်သားတွေပဲစီးခွင့်ရတဲ့ ရထားတွဲ ပေါ်ကို တက်မိတဲ့အတွက် တွဲပေါ်ကနေ ခွေးဆွဲ ဝက်ဆွဲ ဆွဲချခံခဲ့ရတာပါပဲ။ သူဘာမှ မတတ်နိုင်တဲ့၊ မည်းနက်တဲ့ သူ့ရဲ့မွေးရာပါ အသား အရောင် အတွက် ဂုဏ်သိက္ခာ ကျခဲ့ရတာဟာ အနာဂတ်မှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်လာမယ့် ဂန္ဒီအတွက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးပမ်းချင် စိတ်တွေ တဖွားဖွား ပေါ်ပေါက်စေ ခဲ့တဲ့ ကြီးမားတဲ့ တွန်းအား တစ်ရပ် ဖြစ်ခဲ့ ပါတယ်။ ဒီလိုမျိုး လူမျိုးရေးအရ၊ အသားအရောင်၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုဆိုတာ ဟိုးကမ္ဘာဦး အစကတည်းက ရှိလာခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ခွဲခြားမှုတွေဘာလို့ရှိနေပါသလဲ။ မတူညီမှုတွေ ရှိနေလို့ပါပဲ။ ပိုပြီး တိတိကျကျပြောရရင် အဲဒီ့ မတူညီမှုတွေကို သဘောထားကြီးကြီးနဲ့ခွင့်မလွှတ်နိုင်လို့ပါပဲ။ လူတွေဟာ တူညီမှုကိုလိုလားကြပါတယ်။ တူတာကိုပဲရှာဖွေကြပါတယ်။ ကလေးတစ်ယောက် မွေးလာပြီဆိုကတည်းက မိဘက သူနဲ့တူမတူအရင်ကြည့်ပါတယ်။ အဲဒီ့ကလေးကြီးလာရင်လည်း သူနဲ့တူတဲ့ သူတွေကို ရှာဖွေပါတယ်။ ကိုယ်နဲ့ စရိုက်သဘာ၀၊ အတွေးအခေါ်၊ ဓနဂုဏ်၊...

ကွန်းခိုရာ။ ရာဘင်ဒြာနတ် တဂိုး

ဘာသာပြန်သူ၏အမှာ ဘင်္ဂါလီစာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုး (၁၈၆၁-၁၉၄၁) ကို ဝတ္ထုရေးဆရာတစ်ဦးအဖြစ်ထက် ကဗျာစာဆိုတော်ကြီး တစ်ဦးအဖြစ်သာ ကျွန်တော်ပို၍ ရင်းနှီးခဲ့သည်။ မြန်မာနိုင်ငံတွင် တဂိုး၏ ကဗျာစာစုများ၊ ဝတ္ထုတိုများကို ရှေ့ရှေ့က ဘာသာပြန် ဆရာကြီးများ မြန်မာဘာသာသို့  ပြန်ဆိုမှုများ ရှိသော်လည်း ဝတ္ထုရှည်အဖြစ်မူဘာသာပြန်သည်ကို မတွေ့ဖူးပါ။ (ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါသည်။) မူရင်း ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထု၏ အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ပြီး သည့်အခါ နှစ်သက်သဖြင့် မြန်မာဘာသာပြန်ဆိုရန် ဆုံးဖြတ်လိုက်သည်။