Skip to main content

သီတင်းကျွတ်ပြီ မီးပုံးလွှတ်စို့

ဓာတ်ပုံ - ကိုကိုဝင်း (Panoramio.com)
ဝဿန့်လက်ကျန် တိမ်ပုပ်တို့ပင် မကုန်ချင်သေး၊ ကလေးတို့က တဖြောင်းဖြောင်း တဒိုင်းဒိုင်း  ဗျာက်သံတညံညံဖြင့် သီတင်းကျွတ်ကို ကြိုဆိုကြပြီ။ မိုးကလေးတိတ် သည်နှင့် တွင်းအောင်းရာက ထွက်လာကြသည့် ပုရစ်လေးများလို အိမ်နီးချင်း ပုစုခရုတို့ကလည်း မိုးစဲသည်နှင့် အိမ်ပြင်ထွက်လို့  သီတင်းကျွတ်ကို ရင်ခုန်နှင့်ပြီ။

ကောင်းကင်တွင် တော်သလင်းကြွင်း ဖိုးလမင်းက  ပြည့်ဝန်းဖို့ အတော်လိုသေး၏။ အာသဝဏီ နက္ခတ်ကလည်း ပုံသဏ္ဌာန်မမှန်လှသေး။ ဗျောက် တဒိုင်းဒိုင်း၊ မီးပုံးတကိုင်ကိုင် လုပ်နေကြသည့် အိမ်နားက ကလေးတစ်သိုက်ကို ကြည့်ရင်း ကျွန်တော့်စိတ်သည် လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်သို့ ပြန်ရောက်သွားပါသည်။ ထိုစဉ်က ကျွန်တော်သည်လည်း သူတို့လိုပင် သီတင်းကျွတ်ကို ရင်ခုန်ခဲ့သည် မဟုတ်ပါလား။

မြန်မာ ၁၂ လရာသီပွဲများအနက် သင်္ကြန်ပွဲတော်ပြီးလျှင် သီတင်းကျွတ်ပွဲတော်သည် ပျော်စရာအကောင်းဆုံး။ ဒါတောင် ပြောရလျှင် ယနေ့ခေတ် သီတင်းကျွတ်သည် ဟိုတုန်းကလောက် ပျော်စရာမကောင်းတော့။ ခုခေတ်ကလေးတို့မှာ အားရပါးရ မပျော်ရရှာဟု ကျွန်တော်တွေးမိသည်။

ပထမအစမ်းစာမေးပွဲနောက်ဆုံးနေ့သည် ကျွန်တော်တို့အတွက် သီတင်းကျွတ်အပျော်ကာလ၏ အစခရီးဖြစ် သည်။ စာမေးပွဲချိန်စေ့လို့ ခေါင်းလောင်းတီးသည်နှင့် ဇောင်းက လွှတ်သည့်မြင်းတွေလို ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် လွှတ်ကဲတော့သည်။ သီတင်းကျွတ်ကျောင်းပိတ်ရက်က စပြီကိုး။ ကျောင်းပိတ်ရက်က ရှည်လှသည်တော့မဟုတ်၊ အလွန်ဆုံးမှ ၈ ရက်၊ ၉ ရက်။ ဒါပေမယ့်တိုတောင်းသဖြင့်လည်း ထိုပိတ်ရက်ကို တန်ဖိုးထားရသည်။

သီတင်းကျွတ်လပြည့်နား နီးကပ်လာလေ ရပ်ထဲရွာထဲ ဗျောက်အိုးသံ၊ မီးရှူးမီးပန်းဖောက်သံတို့က ပိုညံလာလေ။ ကျွန်တော်က ဗျောက်အိုးကိုတော့ သိပ်မကြိုက်လှ။ အသံက ကျယ်လွန်းသည့်အပြင် မတော်တဆဆို ကိုယ့်နားပါ ထိခိုက်နိုင်သည်။ လူကြီးတွေကလည်း ဗျောက်အိုးဖောက်လျှင် ဆူကြ၊ ဆဲကြ၊ အော်ကြနှင့်ဆိုတော့ ဗျောက်ကိုရှောင်တာ များသည်။ ကျွန်တော့်အကြိုက်ဆုံးက မိုးပေါ်ကို ဒုံးပျံလွတ်သလို လွှတ်ရသည့် မီးရှူး။

ကျွန်တော်ငယ်ငယ်က နိုင်ငံခြား တိုင်းပြည်များ အာကာသဂြိုဟ်တုလွှတ်တင်သည့် သတင်းကို အထူးစိတ်ဝင် စားသည်မို့လားမသိ၊ မီးရှူးလွှတ်ရသည်ကို အတော်ကိုကြိုက်၏။ တီဗီထဲ ရှည်ရှည်မျောမျောဒုံးပျံကြီး မီးခိုးလုံးများထဲမှ ကောင်းကင်သို့မြင့်တက်သွားသလို ကိုယ်လွှတ်လိုက်သည့် မီးရှူး မိုးကောင်းကင်ပေါ် တက်သွားပြီး မိုးပေါ်ရောက်တော့ 'ဒိုင်း'ဆိုသည့်အသံနှင့်အတူ ပေါက်သွားတာကို သဘောအလွန် ကျမှကျ။ သီတင်းကျွတ်တာနှင့် အရင်ဆုံးဝယ်တာက မီးရှူး။ ဒါပေမဲ့ မီးရှူးနှင့် ကျွန်တော်က သိပ်အကျိုးမပေးပါ။

ပထမဆုံးအကြိမ် မီးရှူးဝယ်ပေးဖို့ အတင်းပူဆာပြီး ဝယ်လာသည့်ညက ရှိသမျှလူအကုန်မနေရအောင် ခေါ်ပြီး ကျွန်တော့်ဒုံးပျံ အာကာသထဲလွှတ်တာကို ကြည့်ရှုအားပေးခိုင်းသည်။ သို့သော် ဖြစ်ချင်တော့ မီးရှူးအောက်က တိုင်စိုက်သည့် မြေက အမာဖြစ်နေတော့ မီးရှူးခမျာ မရုန်းနိုင်ဘဲ မြေပေါ်မှာသာ တရှူးရှူးနှင့် မီးပွားတွေ မှုတ်ထုတ်ရင်း ပြီးသွားပါသည်။ မကျေနပ်သေး။ နောက်တစ်နေ့ တစ်ခု ထပ်ဝယ်ပြန်သည်။ ဒါပေမဲ့ မလွှတ်ခင်မှာ မိုးက တအားရွာနေတော့ ယမ်းကအစိုဓာတ်ဝင်ပြီး မီးမကူးတော့။ ထို့နောက်ပိုင်း ကိုယ်တိုင် မီးရှူးလွှတ်ဖို့စိတ်မကူးတော့။ သူများတကာ လွှတ်တာကိုပဲ ငေးကြည့် တော့သည်။

မီးရှူးလိုပင် ကြိုက်သည့်နောက် တစ်မျိုးက အမွှေးတိုင်နှင့်တူသည့် မီးရှို့လိုက်လျှင် တဖြစ်ဖြစ်အသံနှင့် အတူ လက်ထဲတွင် ဝှေ့ယမ်းကစားရ သည့် မီးပန်းမျိုးနှင့် နောက်တစ်မျိုးက ငွေရောင် သတ္တုတုံး အသေးလေးများ ကို ထိပ်တွင်ကြိုးနှင့်ပတ်ထားပြီး တအောင့်လောက်ကြာအောင် မီးရှို့ပြီး ရဲလာသည်အထိ စောင့်ရသည့် မာကျူရီ ခေါ် မီးပန်းမျိုး။

အဲသည် ဒုတိယတစ်မျိုးက ဘာရယ်ကြောင့်မသိ။ မီးအပူပေးထားသည့် ထိပ်ကသတ္တုခဲကလေးများ နီရဲလာပြီ ဆိုလျှင် အတော်စိတ်လှုပ်ရှားစရာ ကောင်းသည်။ တချို့က နီနီရဲရဲမီးကျီးခဲ ကလေးများကို ဇယ်တောက်သလို တောက်ကစား၏။ တချို့ကဖိနပ်ဖြင့်ရိုက်၏။ တချို့ အစအနောက် သန်သူများက ကြောက်တတ်သူများကို လိုက် တို့မည်ပြုပြီး ထွက်ပြေးကြသူများကို ကြည့်ရှုရယ်မောကြသည်။

ကျွန်တော်ကတော့ အဆန်းထွင်ပြန် သည်။ တစ်နေ့တော့ အိမ်ရှေ့မှာ မာကျူရီကို မီးအပူပေးပြီး ရဲလာတော့ လက်ထဲ ဝှေ့ယမ်းပြီးကြည့်၏။ ထိပ်က မီးကျီးခဲကလေးက အောက်သို့ကြွေအကျ၊ ကျွန်တော့်ခြေထောက်က လည်း တည့်တည့် နင်းမိလျက်သား ဖြစ်သွားပါသည်။ ပူလွန်းသဖြင့် ကျွန်တော့်အော်သံက ဘဝဂ်ထိအောင် ညံသလား ထင်ရသည်။ အမေက အနာကို ဆေးထည့်ပေးရင်း “အဲဒါ ဝှေ့ရယမ်းရတဲ့ မီးပန်းမျိုး မဟုတ်ဘူးဟဲ့” ဟု ဆိုရင်း ခေါင်းကို ခေါက်သည်။ ကျွန်တော်မှာတော့ ငိုမဲ့မဲ့။

ယနေ့တွင် သီတင်းကျွတ်၌ ပွဲဈေး တန်းများ၊ ကစားကွင်းများ၊ ပွဲလမ်း သဘင်များက သိပ်မစည်တော့။ လွန်ခဲ့ သည့် အနှစ် ၂ဝ ကျော်က ပွဲဈေးတန်းလျှောက်ရင်း ရွှေကြည်ဆနွင်းမကင်းတို့၊ ကောက်ညင်း ကျည်တောက်တို့၊ ရေမုန့်တို့ စသည့် ရာသီစာတွေ စား၊ ချားရဟတ်တွေစီး၊ အငြိမ့်တို့၊ ဇာတ်တို့ ကြည့်ရ သည့် အရသာကို မမေ့သေး။ လူတွေ ကျိတ်ကျိတ်တိုးနေသည့် လမ်းမထက် ဘီးတပ်ထားပြီး အထဲမှာ ဖယောင်းတိုင်ထွန်းရသည့် မြန်မာရိုးရာမီးပုံးလေးတွေကို တွန်းပြီးသွားရင်း ထွက်လာသည့် မြည်သံကို နားထောင်ရတာက တစ်မျိုးချစ်စရာ။ ဗန္ဓုလဦးထုပ်ဟု ခါ်သည့် ရှေးခေတ် စစ်သည်တို့ ဆောင်းသည့် မောက်တို၊ မောက်ရှည်တွေကလည်း ဆောင်းလိုက်သေးသည်။ ဝါးဖြင့် လုပ်ထားသည့် ရှေးခေတ်ပုံစံ ဓားတို့၊ လှံတို့ကိုလည်း တစ်ကိုင်ကိုင်။ ဒီနေ့တော့ မြန်မာမီးပုံးများ နေရာတွင် တရုတ်ဖြစ် မီးပုံးများက အစားထိုး ဝင်ရောက်လာကြသလို ဗန္ဓုလဦးထုပ်နေရာမှာ ကျန်ကျောင်းဦးထုပ်တို့၊ ကျန်ကျောင်းဓားတို့က ရောက်လာ သည်။ ရိုးရာ ကစားစရာတွေ ကိုင်တာလည်း သိပ်မတွေ့တော့။

ကျွန်တော်က အမြင့်ကိုတက်တက် သွားရတာကို အတော်ကြိုက်ပုံရသည်။ မီးရှူးလွှတ်တာကြိုက်သလို ရဟတ်မြင်ရင်လည်း မစီးရမနေနိုင်။ လေထဲကို မြောက်မြောက်တက်သွားပြီး ပြန်အကျမှာ ရင်ထဲ အေးကနဲ ဖြစ်သွားသည့် ခံစားမှုက စကားလုံးဖြင့် ဖော်ပြလို့မရ။ စိတ်ထဲမတော့ တစ်ပတ်ပြီးတစ်ပတ် လှည့်နေသည့် ရဟတ်သည် စီးနေရင်းမှာပဲ ပိုပိုပြီးကြီးကြီးသွားသလိုလို၊ ပိုပြီး အမြင့်သို့ ရောက်ရောက်သွားသလိုလို။

သီတင်းကျွတ်ပြီဆိုလျှင်ဖြင့် ကျွန်တော့်မှာ လက်ဖဝါးယားလှပြီ။ လူကြီးတွေကိုကန်တော့ချင် လွန်းလို့တော့ မဟုတ်၊ လူကြီးများချီးမြှင့်သည့် မုန့်ဖိုးလေးများကို မက်၍သာ။ ထိုစဉ်က မုန့်ဖိုးက ငါးမူး၊ တစ်ကျပ်။ လူကြီးတွေ ပတ်ကန်တော့လိုက်လို့ ငါးကျပ်လောက်ရပြီဆိုရင်ပဲ အတော်စီသွားပြီ။ ယခုတော့ သည်အရွယ်မှာ ဘယ်သူ့သွား ကန်တော့ ကန်တော့ မုန့်ဖိုးက မရတော့။ ကိုယ်ကပင် ကလေးတွေ လာဦးချလျှင် ပြန်ပေးရတဲ့ အလှည့်။ ခေတ်တွေလည်း ပြောင်းသွားပြီ။ သူတို့ကျတော့ ကိုယ့်တုန်းကလို ငါးမူး၊ တစ်ကျပ်မရတော့၊ အနည်းဆုံးတော့ ၅ဝဝ မျိုး၊ ၁,ဝဝဝ မျိုးမှ။

အိမ်နားက ကလေးတစ်သိုက် မီးပုံးပျံလွှတ်ဖို့ ပင်နေကြသည်။ မီးပုံးပျံကို မှိုင်းတိုက်ရင်း မှိုင်းဝမည့် အချိန်ကို စောင့်နေကြသည်။ အမြင့်တက်ရတာ သိပ်ကြိုက်သည့် ကျွန်တော်သည် ငယ်စဉ်က မီးပုံပျံလွှတ်တိုင်း လူပါလိုက်သွားချင်တတ်၏။ မီးပုံးပျံဦးကျော်ရင်ကို အားကျသူထဲ ကျွန်တော် တစ်ယောက် အပါအဝင်။

ငယ်စဉ်ကမူ သီတင်းကျွတ်တွင် လွှတ်သည့်မီးပုံပျံများသည် လပေါ်သို့ ရာက်သွားလိမ့်မည်ဟု အထင်ရှိခဲ့လေသည်။ စိတ်ကူးထဲတွင် မီးပုံပျံနှင့်အတူ လပေါ်သို့လည်း အကြိမ်ကြိမ်ရောက်ခဲ့ဖူးလေသည်။ မိုးပေါ်အမြင့်ကြီးမှနေ၍ ကမ္ဘာကြီးကို ပြန်ငုံ့ကြည့်ရသည့် မြင်ကွင်းသည် မည်သို့ရှိမည်နည်း။ သေချာတာကတော့ လူတွေသည် ပုရွက်ဆိတ်လောက် သေးသွားပြီး ပြားသယောင်ထင်ရသည့် ကမ္ဘာသည် လုံးဝန်းသွားလိမ့်မည်။

"ဦး မီးပုံးပျံလွှတ်ပေးပါ"

ကလေးတစ်ယောက် အသံကြောင့် ကျွန်တော်သတိဝင်လာမိသည်။ သူတို့နှင့်အတူ မီးပုံးပျံကို လွှတ်တင် ပေးရင်း ကျွန်တော်သည် အနှစ် ၂ဝ ကျော် ပြန်လည် ငယ်ရွယ်သွားလေသည်။ ထိုစဉ် အားလုံးကိုင်ထားသည့် မီးပုံးပျံသည် မှိုင်းဝသည်နှင့် တဖြည်းဖြည်းမြင့်တက် သွားလေသည်။ ကလေးများက 'ဝေး' ဟု အာ်ကြ၏။ ကျွန်တော်လည်း သူတို့နှင့် ရောယောင်လိုက်အော်မိသည်။

ကလေးများအော်တာက မီးပုံးပျံ အောင်မြင်စွာတက်သွားလို့ဖြစ်ပြီး ကျွန်တော် အော်တာကတော့ မီးပုံးပျံနှင့် အတူ မိုးပေါ်သို့ လိုက်ပါသွားသောကြောင့် ဖြစ်ပါသည်။

မြန်မာတိုင်း(မ်) အတွဲ ၂၇ ၊ အမှတ် ၅၃၈

Comments

  1. ၀သန်မဟုတ်ဘူးလား ... ခုတလော ဒါကိုပဲ ဿနဲ့ ပေါင်းပြီး ဿန်နေကြတာ တွေ့နေရတယ်။ သူများမှားတိုင်းတော့ လိုက်မမှားစေချင်ပါ ကိုဝေယံဘုန်းရှင့်

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...