Skip to main content

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။

Isle of the Cross by Herman Melville

ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့ စွန့်ပစ်ခံခဲ့ရတဲ့ အမျိုးသမီး တစ်ဦးအကြောင်းပါ။ မဲလ်ဗီးဟာ အဲဒီစာမူကို အပြီးသတ်နိုင်ခဲ့ပေမယ့် Harper and Brothers စာအုပ်တိုက်ကတော့ ပုံနှိပ်မထုတ်ဝေဖို့ပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ထူးဆန်းတာကတော့ အဲဒီ ကိစ္စပြီးတဲ့နောက် စာမူဟာ လုံးဝပျောက်ဆုံးသွားခဲ့တာပါပဲ။ မဲလ်ဗီးကိုယ်တိုင်က ဖျက်ဆီးပစ်လိုက်တာလား၊ ထုတ်ဝေသူ လက်ထဲမှာပဲ ပျောက်သွားခဲ့တာလား ဆိုတာကတော့ ဘယ်သူမှမသိကြပါဘူး။


Falcon Yard and Double Exposure by Sylvia Plath

ဆေးလ်ဗီးယာ ပလာ့သ်မှာ The Bell Jar ဆိုတဲ့ ဝတ္ထုတစ်အုပ်သာ ထုတ်ဝေခဲ့ဖူးတာရှိပေမဲ့ လုံးဝ မထုတ်ဝေ ဖြစ်လိုက်တဲ့ ဝတ္ထုစာမူ အနည်းဆုံးနှစ်ခုလည်း ရှိသေးတယ်လို့ ပလာ့သ်ရဲ့ ကိုယ်ရေးကိုယ်တာ မှတ်တမ်းအချို့အရ သိရပါတယ်။ ပထမတစ်ခုကတော့ Falcon Yard ဖြစ်ပြီး ပလာ့သ်နဲ့ သူ့ခင်ပွင်း ကဗျာ ဆရာ တက်ဒ် ဟုချ်တို့ရဲ့ အစောပိုင်းကာလ ဆက်ဆံရေးအပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ ပလာ့သ် ဟာ The Bell Jar ကိုမရေးမီကတည်းက အဲဒီစာမူကိုစရေးခဲ့တာဖြစ်ပြီး The Bell Jar ထွက်တဲ့ ၁၉၆၃ ခုနှစ်ပြီးမှ ပြန်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးတာက ပလာ့သ်ရဲ့ ဒုတိယမြောက်ဝတ္ထုဟာ စာဖတ်သူတွေလက်ထဲ လုံးဝရောက်မလာခဲ့တာပါပဲ။ ဝတ္ထုရေးနေတုန်းမှာပဲ သူ့ယောက်ျားဟာ ဖောက်ပြန်နေမှန်း ပလာ့သ် သိလိုက်ရ ပါတယ်။ ဒါနဲ့ပဲ ပလာ့သ်ဟာ ဝတ္ထုကိုဆက်မရေးတော့ဘဲ စာမူကို မီးရှို့ပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။


နောက်ထပ် ဆုံးရှုံးသွားခဲ့တဲ့ တစ်ပုဒ်ကတော့ Double Exposure ဆိုတဲ့ဝတ္ထုဖြစ်ပြီး ကိုယ်ရေးအတ္ထုပ္ပတ္တိ ဆန်ဆန်ရေးထားတဲ့ ဝတ္ထုဖြစ်ပြန်ပါတယ်။ ဒီတစ်ခါတော့ ပလာ့သ်ဟာ သူ့ယောက်ျားရဲ့ သစ္စာမရှိမှုနဲ့ သူတို့ အိမ်ထောင်ရေးပြိုကွဲရတဲ့ကိစ္စတွေအပေါ် အခြေခံရေးထားပါတယ်။ ဒီဝတ္ထုကိုတော့ ပလာ့သ်က ဖျက်ဆီး ပစ်ခဲ့ တာမဟုတ်ဘဲ သူ့ယောက်ျားက ပလာ့သ်သေပြီးတဲ့နောက်မှာ ဒီစာမူကိုဖျောက်ဖျက်ပစ်လိုက်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ ဒီစာမူကို လက်ဝယ်ရရှိထားသူဟာ ပလာ့သ်ရဲ့မိခင်ဖြစ်တယ်လို့ ယောက်ျား ဖြစ်သူက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာမူအပြည့်အစုံကတော့ ဘယ်လိုမှအစအနကောက်လို့မရတော့ ပါဘူး။

Untitled by Emily Brontë

အမ်မလီ ဘရွန်တီမှာ Wuthering Heights အပြင် လူမသိသူမသိဝတ္ထုတစ်အုပ်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သမိုင်းအထောက် အထား သိပ်မရှိပါဘူး။ ဒီလိုရှိတယ်လို့ လူတွေပြောကြတာကလည်း Wuthering Heights စာအုပ် ထုတ်ဝေသူ သောမတ်စ် ကော့တလီ နယူးဘီဆီက ၁၈၄၈ ခုနှစ်မှာ အမ်မလီဘရွန်တီ ဆီကိုရေးတဲ့ စာတစ်စောင် ပေါ်မှာပဲ လုံးလုံးအားပြုပြီးပြောနေကြတာဖြစ်ပါတယ်။ အဲဒီစာမှာပါတဲ့ အချက်တွေ အရတော့ ဘရွန်တီဟာ သူ့ရဲ့ဒုတိယမြောက် ဝတ္ထုကို စရေးတော့မယ့်ဆဲဆဲ ဒါမှမဟုတ် စရေးနေပြီ ဆိုတဲ့ သဘော နားလည်ရပါတယ်။ ထုတ်ဝေသူ မစ္စတာနယူးဘီ ကတော့ ဘရွန်တီ့ကို ဒီစာအုပ်နဲ့ ပတ်သက်ပြီး မလောဖို့ တိုက်တွန်းထားပါတယ်။ ဘာဝတ္ထု အမျိုးအစားလဲဆိုတာကိုရော ဘရွန်တီတစ်ယောက် ရေးပြီးမပြီးဆိုတာကို ရော မသိရပါဘူး။ ဒါပေမဲ့ အမ်မလီဟာ ဘရွန်တီ ညီအစ်မတွေထဲမှာ ဝတ္ထုတစ်အုပ်တည်းသာ ထုတ်ဝေခဲ့သူ ဖြစ်တာရယ်၊ အဲဒီ တစ်အုပ်ကလည်း တစ်အုပ်ဆိုဆိုသလောက်ဖြစ်တာရယ်ကြောင့် အဲဒီဒုတိယအုပ်သာ ထွက်ဖြစ်ခဲ့ရင် ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုတော့ မသိချင်ဘဲမနေနိုင်လောက်စရာပါပဲ။


Save Me the Waltz by Zelda Fitzgerald

ဇယ်လ်ဒါ ဖစ်ဂျရယ်ရဲ့ Save Me the Waltz ကို ၁၉၃၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာကတော့ အမှန်ပါပဲ။ ခုထိလည်း ရိုက်နှိပ်နေဆဲ၊ အလွယ်တကူဝယ်ယူလို့ရတဲ့ စာအုပ်ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ မေးခွန်းက ဇယ်လ်ဒါရဲ့ မူရင်း စာမူ အတိုင်း အခုစာအုပ်ကို ထုတ်ထားတာဟုတ်ရဲ့လားဆိုတာပါ။ဇယ်လ်ဒါရဲ့ ခင်ပွန်းလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ အက်ဖ် စကော့ ဖစ်ဂျရယ်ဟာ သူ့မိန်းမရဲ့စာမူကို အနည်းငယ်အပြောင်းအလဲ လုပ်ခဲ့တယ်လို့ တချို့က ဆိုပေမယ့် စကော့ ကိုယ်တိုင်က သူ့စာအုပ် Tender is the Night အတွက် သူ့မိန်းမရဲ့စာမူထဲက စာပိုဒ်တွေကို ခိုးချခဲ့တဲ့အတွက် ဇယ်လ်ဒါရဲ့ စာအုပ်ဟာ မူရင်းရဲ့ အမြီးနုတ် ခေါင်းနုတ် ကျန်သလောက်ပဲ ထုတ်ထားရတာဖြစ်တယ်လို့လည်း ပညာရှင်အချို့က ပြောပါတယ်။ Save Me the Waltz ကို ဝေဖန်ရေးဆရာတွေက ထိုးနှက်အပုပ်ချကြပြီး ဇယ်လ်ဒါကလည်း နောက်တစ်အုပ် ထပ်မရေးတော့ပါဘူး။ ဒီတော့ ဇယ်လ်ဒါဟာ သူထုတ်ချင်ခဲ့တဲ့ပုံစံအတိုင်း ဒီဝတ္ထုကိုထုတ်ဝေခဲ့ရတာ ဟုတ်ရဲ့လား။ ဇယ်လ်ဒါဟာ နေ့စဉ်မှတ်တမ်းရေးသလို ပေးစာတွေလည်းအများအပြားရေးသူ ဖြစ်ပေမဲ့ Save MeThe Waltz ရဲ့ အစိတ်အပိုင်းဘယ်လောက်က သူ ကနဦးရေးဖို့ပြင်ဆင်ခဲ့သလောက်အတိုင်း ဖြစ်သလဲ သို့မဟုတ် သူ့ယောက်ျားရဲ့ဝတ္ထုတွေထဲမှာ တစ်ပိုင်းတစ်စ ပါသွားခဲ့သလားဆိုတာကတော့ အတိအကျ​ ပြောဖို့မဖြစ်နိုင်ပါဘူး။


Memoirs by Lord Byron

အသက်ရှိနေစဉ်အတွင်းရော သေပြီးနောက်အတော်ကြာအထိအောင် လော့ဒ်ဘိုင်ရွန်ဟာ မကောင်း သတင်းတွေနဲ့ ကျော်စောတဲ့ မဟာပုဂ္ဂိုလ်ကျော်တစ်ဦး ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်း တွေသာ ထုတ်ဝေဖြစ်ခဲ့ရင် သူ့ဘဝရဲ့အမှောင်ဘက်ခြမ်းကို အသေးစိတ်သိခွင့်ရမှာဖြစ်ပေမဲ့ ကံမကောင်း ချင်တော့ အဲဒီမှတ်တမ်းတွေကို ဘယ်တော့မှ ဖတ်ခွင့်ရမှာမဟုတ်တော့ပါဘူး။ ၁၈၂၄ ခုနှစ် အသက် ၃၆ နှစ် အရွယ်မှာ ဘိုင်ရွယ် ကွယ်လွန်တဲ့အခါ သူ့ရဲ့ထုတ်ဝေသူက သူ့ရဲ့မှတ်တမ်းတွေကို မီးရှို့ခဲ့ပါတယ်။ ဘိုင်ရွန့် သူငယ်ချင်းတွေထဲက လူနည်းနည်းပါးပါးလောက်ကတော့ သူ့မှတ်တမ်းတွေကို ဖတ်ရှုခွင့်ရခဲ့ရပေမဲ့ ဘယ်သူကမှ သူတို့သိခဲ့ရသမျှ အသေးစိတ်ကို ပြန်မရေးပြခဲ့ပါဘူး။ 



ထုတ်ဝေသူအပိုင်းကိုကြည့်ရင်တော့ အယ်ဒီတာတွေဟာ အကောင်းဆုံးဖြစ်မယ် ထင်တဲ့ဟာကို လုပ်ခဲ့တာပါပဲ။ ဒီစာတွေကိုသာ ထုတ်ဝေခဲ့မယ်ဆိုရင် ဘိုင်ရွန်ရဲ့နာမည်ကို ထိခိုက်လိမ့်မယ်လို့ သူတို့ လုံးဝဥဿုံယုံကြည်ခဲ့ကြပါတယ်။ တကယ်ဆို ဘိုင်ရွန့်အနေနဲ့ သူနဲ့ခေတ်ပြိုင်တွေ ကြားထဲမှာကို နာမည်ဆိုးနဲ့ကျော်ကြားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒီမှတ်တမ်းတွေကို ထုတ်ဝေလိုက်ရင် ဘိုင်ရွန့်ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မလားလို့ စိုးရိမ်ရတယ်ဆိုကတည်းက သူ့မှတ်တမ်းတွေမှာ ဘယ်လောက် တောင် ဆိုးဆိုးရွားရွားတွေပါမလဲလို့ တွေးကြည့်ရုံသာရှိပါတယ်။ ဘိုင်ရွန် ဘာတွေများ ရေးခဲ့ပါလိမ့်။ နောက်ပြီး ယုံတမ်းစကားတွေကတစ်ဆင့် အဲဒီအကြောင်းတွေကို ဘယ်လောက် သိပြီးသားဖြစ်မှာပါလိမ့်။


Bookbub.com ဝက်ဘ်ဆိုက်တွင် Emily Verona ရေးသားသည့် 6 Classics We’ll Never Get to Read ကို ဘာသာပြန်ဆိုပါသည်။



'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

အဖတ်အများဆုံး

ရသဝတ္ထုတို့ရဲ့သဘော

ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...