Skip to main content

ခွေးတစ်ကောင်နှင့် ကလေးကိုးယောက်

စကော့တီသည် သန်မာထွားကြိုင်းလှသော ခွေးဘီလူးမတစ်ကောင်ဖြစ်သည်။ ကျန်းလည်းကျန်းမာ၊ ချစ်ဖို့ လည်းကောင်း၊ ဖျတ်ဖျတ်လတ်လတ်လည်း ရှိသည်။

စကော့တီ၏ သခင်လင်မယားဖြစ်ကြသော ရောဘတ်နှင့် အေဒယ်လင်းတို့သည် အိုင်ဗရီကို့စ်မှ ထွက်ခွာ သွားကြတော့မည်။ သူတို့က တဟီတီသို့ သွားကြမည်။ လမ်းမှာ ပြင်သစ်ခဏဝင်ဦးမည်။ သို့ဖြစ်၍ သူတို့ အဖို့ စကော့တီကို တစ်ပါတည်းခေါ်သွားဖို့ရာမှာ အတော်လေး ခက်ခဲနေကြသည်။ သို့သော် သိပ်ကြာကြာ မရှာလိုက်ရဘဲ သူတို့ခွေးအတွက် သခင်အသစ်ကို တွေ့သွားကြသည်။ အသက်လေးနှစ်အရွယ် ကျွန်တော့သား ရိုမိန်းကလည်း ခွေးကိုချစ်သည်။ ကျွန်တော်တို့ကလည်း သဘောကျသည်။ ထို့ပြင် ကျွန်တော်တို့ ကလည်း ခြံနှင့်ဝင်းနှင့် လုံးချင်းအိမ်မှာနေကြသည်က တစ်ကြောင်း၊ ကျွန်တော်တို့ခြံစောင့် ဘူရီမာကလည်း တစ်ခုခု ကြားလျှင် ထကြည့်ဖို့ထက် ဆက်နှပ်ချင်နေတတ်သူ ဖြစ်တာကတစ်ကြောင်း (ကျွန်တော်တို့ကလည်း သူ့ကို ဘယ်လိုလုပ်အပြစ်သွားပြောမလဲ) စကော့တီကိုသာ မွေးထားလိုက်လျှင် အိမ့်လုံခြုံရေးမှာ တစ်တပ်တစ်အား ဖြစ်သွားမည်ဟု တွေးမိပါသည်။

တိုတိုပြောရလျှင် စကော့တီမည်သော ခွေးမသည် ကျွန်တော်တို့နှင့် လာနေဖြစ်သွားသည်။ အားလုံးကလည်း ကျေနပ်ကြသည်။

ကျွန်တော်တို့အိမ်မှာ ခိုင်းသည့် ဘာနာဒင်ဆိုသည့် အိမ်ဝန်ထမ်းလက်ထဲသို့ ခွေးကိစ္စ တာဝန်တွေထည့်ပေး လိုက်သည်။ ဘာနာဒင်သည် ခွေးကိုကြည့်ရှုစောင့်ရှောက်ရသည်၊ ရေချိုးပေးရသည်၊ အစာကျွေးရသည်။ ကျွန်တော်တို့၏ မိသားစုဝင်သစ်ကလေး စကော့တီသည် ကောင်းတကာ့ ကောင်းပေ့ဆိုသည့် ဘဝမှာ နေထိုင် ရဖို့ဖြစ်သည်။ လိုအပ်သည့် ကာကွယ်ဆေးအားလုံးကို ထိုးပေးသည်။ မကြာမကြာလည်း ကမ်းခြေခေါ်သွားပြီး ပြေးလွှားဆော့ကစားကြသည်။ ခြုံပြောရလျှင် ကျွန်တော်တို့သည် စကော့တီတစ်ကောင် ကျန်းခန့်သာ၍ မာပါစေကြောင်း အထူးဂရုစိုက်ကြပါသည်။ ရောဘတ်နှင့် အေဒယ်လင်းတို့ကလည်း ခွေးကို ပုံမှန် ကျန်းမာရေး စစ်ဖို့ တိုက်တွန်းခဲ့သည်ကလည်း အထူးသဖြင့် အကြောင်းရင်းတစ်ချက်။

ထို့နောက်မှာတော့ ပထမဆုံးအကြိမ် သတိပေးခေါင်းလောင်းသံကို ကြားရသည်။ တစ်နေ့ နေ့လယ်စာ စားချိန် အိမ်သို့ ကျွန်တော်ပြန်လာတော့ သမီးလေး စကော့တီသည် စကျင်ကျောက်ပြား ခင်းကြမ်းပြင် ထက်တွင် ခြေကားရား လက်ကားရားဖြင့် ဟောဟဲလိုက်နေသည်ကို မြင်လိုက်ရသည်။ ကျွန်တော့သားက သူ့နားမှာ ငိုလျက်။

“ဖေဖေ စကော့တီကို ဆရာဝန်ဆီခေါ်သွားမှဖြစ်မယ်။ သူဘာလို့ နေမကောင်းဖြစ်သွားလဲ သားမသိဘူး။ အစား စားပြီးတော့ ခုလိုဖြစ်တာပဲ။ လွန်ခဲ့တဲ့ နာရီဝက်လောက်က။”

ကျွန်တော်လည်း တစ်စက္ကန့်တောင် စဉ်းစားမနေတော့ဘဲ ခွေးကို အိမ်နားမှာ ဖွင့်တာမကြာသေးသည့် တိရစ္ဆာန်ကု ဆရာဝန်ငယ်တစ်ဦးဆီ ခေါ်သွားပါသည်။ ဆရာဝန်က စေ့စေ့စပ်စပ် စစ်ဆေးကြည့်၏။

“ဘာဖြစ်တာလဲတော့ ကျွန်တော်လည်း သေချာမသိဘူးဗျ။ အာဂန္တုသဘော ခဏတဖြုတ် နေမကောင်းတာနဲ့ တူပါတယ်။ ကျွေးတဲ့အစာကိုတော့ ဂရုစိုက်ပေါ့။ စိတ်ပူစရာတော့ မလိုပါဘူး။ ဒီဆေးလေးတွေ သူ့ကို သေချာ တိုက်ပါ။ ပြန်ဖြစ်ရင် ခေါ်လာခဲ့ပါ။ ဒါနဲ့ ခုလိုဖြစ်တာ ဒါ ပထမဆုံးလား။”

“ပထမဆုံးမှ ပထမဆုံးပါ။ သမီးက တစ်ခါမှ မအီမသာတောင်ဖြစ်ဖူးတာ မဟုတ်ဘူး။”

“လှတော့ အတော်လှတဲ့ ခွေးမကလေးပဲ။ စိုးရိမ်စရာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။”

သမီးလေး စကော့တီသည်လည်း မကြာမီမှာပင် အရင်လို တက်ကြွလန်းဆန်းလာပါသည်။ ကျွန်တော်လည်း ထိုနေ့က အဖြစ်ကိုမေးသွားသည်။ နှစ်ပတ်လောက်အကြာတွင် ကြမ်းပြင်ပေါ် ခြေလက်ကားရားဖြင့်တွေ့ရပြန် ပါသည်။ ဟောဟဲဆိုက်လျက်၊ နုံးချည့်ခွေလျက်။ ပထမနေ့က ဆရာဝန်ငယ်လည်း သည်တစ်ခါတော့ ပဟေဠိ ဖြစ်သွားသည်။

“ကျွန်တော်တော့ နားမလည်ဘူး။ စစ်ကြည့်တော့လည်း အကုန်ကောင်းနေတာပဲ။ ဟိုတစ်ခါတုန်းကလိုပဲ အာဂန္တုပဲနေမှာပါ။ အစာကျွေးတာလေးပဲ ဂရုစိုက်ပေးပါ။ ဒီတစ်ခါတော့ ပိုးသတ်ဆေး နည်းနည်းပိုကြာကြာ သောက်ရအောင် ပေးလိုက်မယ်။”

စကော့တီလည်း နေပြန်ကောင်းလာပါသည်။ သို့သော် ကျွန်တော်ကတော့ စိတ်မအေးနိုင်ပါ။ စကော့တီ အတွက် ပဟေဠိဖြစ်ရသည်။ စိတ်ပူရသည်။ ဘာကြောင့်မှန်းလည်း မသိ။ အိမ်ရှိ ဝန်ထမ်းအားလုံးကို မေးသော်လည်း အကြောင်းမထူး။ သို့နှင့် သူငယ်ချင်းအချို့ ညွှန်းသည့်အတိုင်း အတွေ့အကြုံပိုများသည့် တိရစ္ဆာန်ဆေးကု ဆရာဝန် တစ်ယောက်ဆီ သွားတိုင်ပင်ဖို့ ဆုံးဖြတ်လိုက်သည်။

“ဒီမယ်ဗျ။ ခင်ဗျားပြောသမျှတွေက အတော်ထူးဆန်းနေတယ်။ ခက်တာက ခွေးကိုစစ်မကြည့်ဘဲ ဘာဖြစ်တယ် ပြောဖို့ခက်တယ်။ ဒီတော့ ဒီလိုလုပ်။ နောက်တစ်ကြိမ် သူအဲဒီလို ဖောက်တဲ့အခါကျရင် ကြည့်ချင်တယ်။ ဖြစ်ဖြစ်ချင်း ကျွန်တော့ဆီသာ ခေါ်လာခဲ့။ စိတ်တိုဒေါသထွက်တာပဲဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ထို ဆရာဝန်က ပြော၏။

သူ့စိတ်ထဲ တကယ်ရှိသည့်အရာနှင့်ပတ်သက်ပြီး ထိုဆရာဝန်ကို ကျွန်တော်မေးကြည့်သည်။ သူကတော့ စကော့တီ နေမကောင်းအောင် ဖြစ်စေသည့်အရာနှင့်ပတ်သက်ပြီး တွေးမိတာတစ်ခုတော့ရှိကြောင်း၊ သူထင်တာ မှားပါစေဟု ဆုတောင်းကြောင်း ပြန်ဖြေသည်။ ထို့နောက်မှာတော့ စကော့တီကို ဘယ်လိုအစာ ကျွေးသလဲ၊ ဘယ်လိုဂရုစိုက်လဲဆိုသည့် အသေးစိတ်မေးခွန်းများ၊ သူ့ကို ဘယ်လိုထားသလဲ ဆိုသည့် ယေဘုယျ မေးခွန်းများဖြင့် ကျွန်တော့ကို တစ်ခုပြီးတစ်ခု မေးပါတော့သည်။

ရက်အနည်းငယ်အကြာမှာတော့ အရင်နှစ်ခါဖြစ်သည့်အတိုင်း စကော့တီ ပစ်လဲကျသွားပါသည်။ သို့သော် သည် တစ်ခါမှာတော့ အခြေအနေပိုဆိုးပုံရသည်။ သွားရည်တွေ ထိန်းမရသိမ်းမရ ကျသည်။ သွေးတွေအန်သည်။ ညည်းသံကြီးကလည်း အကျယ်ကြီး။ ကျွန်တော်လည်း ဒုတိယတိရစ္ဆာန် ဆေးကု ဆရာဝန်ဆီ စကော့တီကို ချက်ချင်းခေါ်သွားသည်။ ဟိုရောက်တော့ ဆရာက စကော့တီကို ဂရုတစိုက် ကြည့်သည်၊ အသေးစိတ် စမ်းသပ် သည်။

“ထင်တဲ့အတိုင်းပါပဲ။ သေချာအောင်တော့ သွေးတို့ဘာတို့ နည်းနည်းစစ်ကြည့်ရမယ်။ ဒါပေမဲ့ ခင်ဗျား ခွေးမလေးအတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူးဗျ။ ခင်ဗျား သူ့ကို ဒီအတိုင်း ခံစားခိုင်းထားမယ့်အတူတူ အညင်သာဆုံး အသက်ထွက်သွားအောင် လုပ်လိုက်ရင်တော့ကောင်းမယ်။ ကျွန်တော်တို့ သူ့အတွက် ဘာမှ ထပ်လုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး။”

ကျွန်တော်သည် ဝမ်းလည်းဝမ်းနည်း၊ မှင်လည်းသက်မိသွားပါသည်။

“ဒါပေမဲ့ ဆရာရယ် ကျွန်တော် တကယ်ပဲ နားမလည်တော့ပါဘူး။ ဒီလောက် ကျန်းမာရေး ကောင်း၊ သန့်လည်း သန့်၊ အစားကောင်းလည်းစားရ၊ ကောင်းကောင်းလည်း ဂရုစိုက်ခံရတဲ့ စကော့တီမကြီးက ဘယ်လိုလုပ် ရုတ်တရက်ကြီး… ခုလို… ကျွတ်… ဒီအတိုင်း လက်ပိုက်ကြည့်လိုက်ရတော့မတဲ့လား…”

“ခင်ဗျား နားလည်ပါလိမ့်မယ်။ ဟိုးတစ်ခေါက် ဒီကိုလာတုန်းက ကျွန်တော် ခင်ဗျားကို မေးခွန်းတွေ တရစပ် မေးခဲ့တာ မှတ်မိလား။ ခင်ဗျား ခွေးကိုဘာကျွေးလဲ၊ ဘာတိုက်လဲ။ ဘယ်သူက အနီးကပ်ဂရုစိုက်လဲ။ ရေချိုးပေး ရင် ဘာရှမ်ပူသုံးလဲ ဆိုတဲ့မေးခွန်းတွေလေ။ ခင်ဗျားခွေးကို ဘုရင်မလိုကို ထားတာမှ ဟုတ်ကဲ့လား။”

“ဟုတ် ပါတယ် ဆရာ…”

ဆရာဝန်က ကျွန်တော့စကားမဆုံးမီဖြတ်ပြောသည်။

“ဒါပဲလေ။ တုံးတိတိပြောရလို့တော့ စိတ်မကောင်းလှပါဘူး။ သို့ပေမဲ့လို့ ဒါဟာ စိတ်ပိုင်းဆိုင်ရာအရ သိပ်ကို ကြီးမားတဲ့အမှားအယွင်းတစ်ခုကို ခင်ဗျားကျူးလွန်လိုက်တာပဲ။ ခင်ဗျားရဲ့ ခွေးကို ကျွေးတဲ့မွေးတဲ့စရိတ်၊ ကျန်းမာရေး၊ သန့်ရှင်းရေးစရိတ်တွေပေါင်းလိုက်ရင် တစ်လတစ်လကို ငွေလေးသောင်းလောက်တော့ ကျတာပဲ။ ခင်ဗျားခွေးကို ကြည့်ရတဲ့အိမ်ကဝန်ထမ်းကို ခင်ဗျားတစ်လ ဘယ်လောက်ပေးလဲ။”

“တစ်လကို ငါးသောင်းပါဆရာ။”

“သူ့မှာ ကလေးဘယ်နှယောက်ရှိလဲ။”

“ကိုးယောက်လား ဆယ်ယောက်လား ရှိတယ်”

“ကိုင်း ဒါဖြင့်ခင်ဗျားကိုမေးမယ်… ကလေးဆယ်ယောက်ရှိတဲ့ တစ်အိမ်ထောင်ကို ကျွေးမွေးလို့ရတဲ့ ပိုက်ဆံကို ခွေးတစ်ကောင်အတွက် အကုန်အကျခံတဲ့ကိစ္စကို ဘယ်သူက ဒီလောက်အကြာကြီး သည်းခံနိုင်မှာတဲ့လဲ။”

“ဒါဖြင့် ခုကိစ္စက ဒီဝန်ထမ်းလက်ချက်ပေါ့ ဟုတ်လား ဆရာ”

“သူလည်းဖြစ်နိုင်သလို ခြံစောင့်လည်းဖြစ်နိုင်တယ်။ မာလီလည်းဖြစ်နိုင်သလို အကုန်လုံးလည်းဖြစ်နိုင်တာပဲ။ ခင်ဗျားခွေး အဆိပ်မိသွားတယ်ဆိုတာတော့ သေချာတယ်။ ခင်ဗျား ဒီခွေးအတွက် ဘယ်လောက်စရိတ်စက ခံနိုင်မှန်း တစ်အိမ်လုံးက လူကုန်သိကြတာပဲ။ ခင်ဗျားသားအတွက် ခင်ဗျားသုံးတာစွဲတာ သူတို့ သည်းခံနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီခွေးအတွက် အကုန်ခံတာကိုတော့ နားလည်ကြမှာမဟုတ်ဘူး။ ဒီလိုဆိုလိုက်လို့ ခွေးမွေးတဲ့ အိမ် ကြီးအိမ်ကောင်းတိုင်း ဒီလို ဖြစ်မယ်လို့မဟုတ်ဘူးနော်။ ဒါပေမဲ့ ဒီလိုဒီလိုတွေ ရှိတတ်တယ်ဗျ။ ခင်ဗျားကို အဆိပ်ခတ်မှာတော့ မစိုးရိမ်ရပါဘူးဗျာ။ လူချင်းလူချင်းကြားမှာ မညီမျှမှုရှိတာ သူတို့လို ဝန်ထမ်းတွေက လက်ခံ ပေးနိုင်လိမ့်မယ်ဆိုပေမဲ့ ခွေးမွေးချင်တယ်ဆိုရင်တော့ ဘယ်သူ့မှမခိုင်းဘဲ ကိုယ်တိုင် ကြည့်တာ အကောင်းဆုံးပဲ။ တစ်ယောက်ယောက်က သူ့သဘောနဲ့သူ လုပ်ပေးချင်တယ်ဆိုရင် တစ်မျိုးပေါ့။”

စစ်ဆေးမှုအရ စကော့တီ၏ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ဖြည်းဖြည်းချင်းမှ အစွမ်းပြသည့် အဆိပ်ကို တွေ့ရသည်။ ရက်သတ္တပတ်နှင့်ချီပြီးမှ စကော့တီသေရခြင်းမှာ အဆိပ်ကို နည်းနည်းချင်းသာ ထည့်ကျွေးခဲ့၍ ဖြစ်သည်ဟု ဆရာဝန်က ရှင်းပြပါသည်။

ကျွန်တော်လည်း စိတ်သဘောသဘာဝနှင့် ပတ်သက်၍ သင်ခန်းစာတစ်ခုရသွားပြီး နောင်တွင် ပိုသတိထားရန် ဆုံးဖြတ်လိုက်သည်။ စကော့တီအကြောင်း မည်သူ့ကိုမျှမပြောပြတော့ပါ။ အိမ်ဝန်ထမ်း ဘာနာဒင်၊ မာလီ၊ ခြံစောင့် မည်သူကမျှလည်း စကော့တီနှင့်ပတ်သက်ပြီး ဘာမျှမမေးကြပါ။ ကျွန်တော့သား ရိုမိန်းတစ်ယောက်သာ စကော့တီအကြောင့်မေးပါသည်။ ကျွန်တော်ကမူ စကော့တီသည် လူတွေလို အိမ်နှင့်ခြံနှင့်မနေနိုင်ကြောင်းနှင့် တောထဲပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ရိုမိန်းကို ကျွန်တော်ပြောပြ လိုက်သည်။ စကော့တီသည် ဆင်းရဲနွမ်းပါးမှု၏အတိုင်းအဆကို ကျွန်တော့အား ပြသခဲ့ပါသည်။ အိမ်စေ ဝန်ထမ်းများ၏ ဘဝနှင့် တိရစ္ဆာန်တို့၏ဘဝကို နှိုင်းယှဉ်ရခြင်းသည် မည်မျှ မခံစားနိုင်စရာ၊ မည်မျှခါးသီးချင် စရာဖြစ်ကြောင်း ကျွန်တော်သည် အချိန်မီ နားလည်လက်ခံလာခဲ့ပါသည်။ ။
ခေတ်ရနံ့မဂ္ဂဇင်း၊ အမှတ် (၆၈) ဒီဇင်ဘာ ၂၀၁၉
(တူနီးရှားစာရေးဆရာ အဲလ်ဘတ် တာအိဘ် (Albert Taïeb) ပြင်သစ်ဘာသာဖြင့် ရေးသားသည့် ဝတ္ထုတိုကို ပြင်သစ်ဘာသာမှ အင်္ဂလိပ်ဘာသာ သို့ Catherine Lauga du Plessis က When a Dog is Worth Nine Children အမည်ဖြင့် ပြန်ပြီး ထိုအင်္ဂလိပ်ပြန်မူမှ ယခုမြန်မာဘာသာသို့ ပြန်ဆိုသည်။) 



Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အိုင်းစတိုင်းကွယ်လွန်ခြင်း ၆၅ နှစ်ပြည့် - အိုင်းစတိုင်းနှင့်မိန်းမများ

Genius Season 1 မှ ဇာတ်ဝင်ခန်းတစ်ခု “I would never have achieved anything without her. She was the love of my life.” ၂၀၂၀ ဧပြီ ၁၈ ရက်ဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလဘတ် အိုင်းစတိုင်း (ဂျာမန်အသံထွက် အိုင်းရှတိုင်း) ကွယ်လွန်တာ ၆၅ နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ အိုင်းစတိုင်းအကြောင်းကိုတော့ အထူးတလည် ပြောပြ နေစရာလိုမယ်မထင်ပါဘူး။ မည်သူမဆို သူ့အကြောင်း၊ သူ့ရဲ့ရူပဗေဒထောက်တိုင်ကြီးဖြစ်တဲ့ relativity theory ပဲဖြစ်ဖြစ် E=mc 2  အကြောင်းပဲဖြစ်ဖြစ် အင်တာနက်မှာအလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အခုက အိုင်းစတိုင်းအကြောင်း ပြောပြဖို့မဟုတ်ပါဘူး။ သူကွယ်လွန်တဲ့နှစ်ပတ်လည် နေ့မှာ သူ့အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုအကြောင်းပြောပြချင်လို့ပါ။ ဒီဇာတ်ကားကတော့ National Geographic က ရိုက်ကူးတဲ့ Genius Season တွေထဲက ပထမဆုံးဖြစ်တဲ့ ဇတ်လမ်းတွဲဖြစ်ပြီး အိုင်းစတိုင်းရဲ့ဘဝအကြောင်းကို Walter Isaacson ရေးသားတဲ့ Einstein: His Life and University ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်းပါပါတယ်။ (Season 2 ကတော့ ကမ္ဘာကျော်ပန်းချီဆရာ ပက်ဘလို ပီကာဆိုအကြေ...

သေခြင်းအက်ဆေး

သေခြင်းအက်ဆေးဟုပြောလိုက်သဖြင့် စာရှုသူများ လန့်ဖျန့်သွားနိုင်ပါသည်။ သို့သော်လည်း လူ့ဘဝသည် မွေးဖွားခြင်းဖြင့် အစပြုကာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြသည်ဖြစ်ရာ သေခြင်းတရားသည်လည်း လူ့ဘဝ၏ အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်၍ လူတို့အတွက် အရေးတယူလုပ်ရန်လိုအပ်သည့်ကိစ္စလည်းဖြစ်ပါသည်။ လူအများစုသည် သေခြင်းအကြောင်းခေါင်းထဲမထည့်လိုကြပါ။ သေခြင်းသည် အမင်္ဂလာကိစ္စ၊ လူတို့ မလိုလားအပ် သော၊ မစဉ်းစားချင်သောကိစ္စဖြစ်သည်။ သေခြင်းသည် မိမိချစ်ခင်နှစ်သက်သူများနှင့် ထာဝရခွဲခွာရခြင်းဖြစ်သည်။ ပြန်မလာနိုင် တော့မည့် ခရီးရှည်ကြီးကိုသွားရခြင်း ဖြစ်သည်။ လူတိုင်း သေခြင်းအကြောင်းကို မပြောလိုကြပါ။ သို့သော်လည်း လူတို့မလိုလားသော သေခြင်းသည် လူ့လောက လူ့ဘုံတွင်မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး၊ မပတ်သက်ချင်မှအဆုံး။ သေခြင်းကို လွန်ဆန်နိုင်သည့်ပုဂ္ဂိုလ်ဟူသည်ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည်မဟုတ်။ ယနေ့မြင်နေရသည့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်မရွေး လူအပေါင်းတို့သည် နောင်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ဖြုတ်ကနဲပျောက်ကွယ်သွားကြမည့်သူချည်းသာ ဖြစ်သည်။ ယင်းသည်ငြင်း၍ မရ။ သို့သော် ထိုလူတို့ ပျောက်ကွယ် သွားပုံ သွားနည်းများသည် တစ်ဦးနှင...