Skip to main content

ခွေးတစ်ကောင်နှင့် ကလေးကိုးယောက်

စကော့တီသည် သန်မာထွားကြိုင်းလှသော ခွေးဘီလူးမတစ်ကောင်ဖြစ်သည်။ ကျန်းလည်းကျန်းမာ၊ ချစ်ဖို့ လည်းကောင်း၊ ဖျတ်ဖျတ်လတ်လတ်လည်း ရှိသည်။

စကော့တီ၏ သခင်လင်မယားဖြစ်ကြသော ရောဘတ်နှင့် အေဒယ်လင်းတို့သည် အိုင်ဗရီကို့စ်မှ ထွက်ခွာ သွားကြတော့မည်။ သူတို့က တဟီတီသို့ သွားကြမည်။ လမ်းမှာ ပြင်သစ်ခဏဝင်ဦးမည်။ သို့ဖြစ်၍ သူတို့ အဖို့ စကော့တီကို တစ်ပါတည်းခေါ်သွားဖို့ရာမှာ အတော်လေး ခက်ခဲနေကြသည်။ သို့သော် သိပ်ကြာကြာ မရှာလိုက်ရဘဲ သူတို့ခွေးအတွက် သခင်အသစ်ကို တွေ့သွားကြသည်။ အသက်လေးနှစ်အရွယ် ကျွန်တော့သား ရိုမိန်းကလည်း ခွေးကိုချစ်သည်။ ကျွန်တော်တို့ကလည်း သဘောကျသည်။ ထို့ပြင် ကျွန်တော်တို့ ကလည်း ခြံနှင့်ဝင်းနှင့် လုံးချင်းအိမ်မှာနေကြသည်က တစ်ကြောင်း၊ ကျွန်တော်တို့ခြံစောင့် ဘူရီမာကလည်း တစ်ခုခု ကြားလျှင် ထကြည့်ဖို့ထက် ဆက်နှပ်ချင်နေတတ်သူ ဖြစ်တာကတစ်ကြောင်း (ကျွန်တော်တို့ကလည်း သူ့ကို ဘယ်လိုလုပ်အပြစ်သွားပြောမလဲ) စကော့တီကိုသာ မွေးထားလိုက်လျှင် အိမ့်လုံခြုံရေးမှာ တစ်တပ်တစ်အား ဖြစ်သွားမည်ဟု တွေးမိပါသည်။

တိုတိုပြောရလျှင် စကော့တီမည်သော ခွေးမသည် ကျွန်တော်တို့နှင့် လာနေဖြစ်သွားသည်။ အားလုံးကလည်း ကျေနပ်ကြသည်။

ကျွန်တော်တို့အိမ်မှာ ခိုင်းသည့် ဘာနာဒင်ဆိုသည့် အိမ်ဝန်ထမ်းလက်ထဲသို့ ခွေးကိစ္စ တာဝန်တွေထည့်ပေး လိုက်သည်။ ဘာနာဒင်သည် ခွေးကိုကြည့်ရှုစောင့်ရှောက်ရသည်၊ ရေချိုးပေးရသည်၊ အစာကျွေးရသည်။ ကျွန်တော်တို့၏ မိသားစုဝင်သစ်ကလေး စကော့တီသည် ကောင်းတကာ့ ကောင်းပေ့ဆိုသည့် ဘဝမှာ နေထိုင် ရဖို့ဖြစ်သည်။ လိုအပ်သည့် ကာကွယ်ဆေးအားလုံးကို ထိုးပေးသည်။ မကြာမကြာလည်း ကမ်းခြေခေါ်သွားပြီး ပြေးလွှားဆော့ကစားကြသည်။ ခြုံပြောရလျှင် ကျွန်တော်တို့သည် စကော့တီတစ်ကောင် ကျန်းခန့်သာ၍ မာပါစေကြောင်း အထူးဂရုစိုက်ကြပါသည်။ ရောဘတ်နှင့် အေဒယ်လင်းတို့ကလည်း ခွေးကို ပုံမှန် ကျန်းမာရေး စစ်ဖို့ တိုက်တွန်းခဲ့သည်ကလည်း အထူးသဖြင့် အကြောင်းရင်းတစ်ချက်။

ထို့နောက်မှာတော့ ပထမဆုံးအကြိမ် သတိပေးခေါင်းလောင်းသံကို ကြားရသည်။ တစ်နေ့ နေ့လယ်စာ စားချိန် အိမ်သို့ ကျွန်တော်ပြန်လာတော့ သမီးလေး စကော့တီသည် စကျင်ကျောက်ပြား ခင်းကြမ်းပြင် ထက်တွင် ခြေကားရား လက်ကားရားဖြင့် ဟောဟဲလိုက်နေသည်ကို မြင်လိုက်ရသည်။ ကျွန်တော့သားက သူ့နားမှာ ငိုလျက်။

“ဖေဖေ စကော့တီကို ဆရာဝန်ဆီခေါ်သွားမှဖြစ်မယ်။ သူဘာလို့ နေမကောင်းဖြစ်သွားလဲ သားမသိဘူး။ အစား စားပြီးတော့ ခုလိုဖြစ်တာပဲ။ လွန်ခဲ့တဲ့ နာရီဝက်လောက်က။”

ကျွန်တော်လည်း တစ်စက္ကန့်တောင် စဉ်းစားမနေတော့ဘဲ ခွေးကို အိမ်နားမှာ ဖွင့်တာမကြာသေးသည့် တိရစ္ဆာန်ကု ဆရာဝန်ငယ်တစ်ဦးဆီ ခေါ်သွားပါသည်။ ဆရာဝန်က စေ့စေ့စပ်စပ် စစ်ဆေးကြည့်၏။

“ဘာဖြစ်တာလဲတော့ ကျွန်တော်လည်း သေချာမသိဘူးဗျ။ အာဂန္တုသဘော ခဏတဖြုတ် နေမကောင်းတာနဲ့ တူပါတယ်။ ကျွေးတဲ့အစာကိုတော့ ဂရုစိုက်ပေါ့။ စိတ်ပူစရာတော့ မလိုပါဘူး။ ဒီဆေးလေးတွေ သူ့ကို သေချာ တိုက်ပါ။ ပြန်ဖြစ်ရင် ခေါ်လာခဲ့ပါ။ ဒါနဲ့ ခုလိုဖြစ်တာ ဒါ ပထမဆုံးလား။”

“ပထမဆုံးမှ ပထမဆုံးပါ။ သမီးက တစ်ခါမှ မအီမသာတောင်ဖြစ်ဖူးတာ မဟုတ်ဘူး။”

“လှတော့ အတော်လှတဲ့ ခွေးမကလေးပဲ။ စိုးရိမ်စရာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။”

သမီးလေး စကော့တီသည်လည်း မကြာမီမှာပင် အရင်လို တက်ကြွလန်းဆန်းလာပါသည်။ ကျွန်တော်လည်း ထိုနေ့က အဖြစ်ကိုမေးသွားသည်။ နှစ်ပတ်လောက်အကြာတွင် ကြမ်းပြင်ပေါ် ခြေလက်ကားရားဖြင့်တွေ့ရပြန် ပါသည်။ ဟောဟဲဆိုက်လျက်၊ နုံးချည့်ခွေလျက်။ ပထမနေ့က ဆရာဝန်ငယ်လည်း သည်တစ်ခါတော့ ပဟေဠိ ဖြစ်သွားသည်။

“ကျွန်တော်တော့ နားမလည်ဘူး။ စစ်ကြည့်တော့လည်း အကုန်ကောင်းနေတာပဲ။ ဟိုတစ်ခါတုန်းကလိုပဲ အာဂန္တုပဲနေမှာပါ။ အစာကျွေးတာလေးပဲ ဂရုစိုက်ပေးပါ။ ဒီတစ်ခါတော့ ပိုးသတ်ဆေး နည်းနည်းပိုကြာကြာ သောက်ရအောင် ပေးလိုက်မယ်။”

စကော့တီလည်း နေပြန်ကောင်းလာပါသည်။ သို့သော် ကျွန်တော်ကတော့ စိတ်မအေးနိုင်ပါ။ စကော့တီ အတွက် ပဟေဠိဖြစ်ရသည်။ စိတ်ပူရသည်။ ဘာကြောင့်မှန်းလည်း မသိ။ အိမ်ရှိ ဝန်ထမ်းအားလုံးကို မေးသော်လည်း အကြောင်းမထူး။ သို့နှင့် သူငယ်ချင်းအချို့ ညွှန်းသည့်အတိုင်း အတွေ့အကြုံပိုများသည့် တိရစ္ဆာန်ဆေးကု ဆရာဝန် တစ်ယောက်ဆီ သွားတိုင်ပင်ဖို့ ဆုံးဖြတ်လိုက်သည်။

“ဒီမယ်ဗျ။ ခင်ဗျားပြောသမျှတွေက အတော်ထူးဆန်းနေတယ်။ ခက်တာက ခွေးကိုစစ်မကြည့်ဘဲ ဘာဖြစ်တယ် ပြောဖို့ခက်တယ်။ ဒီတော့ ဒီလိုလုပ်။ နောက်တစ်ကြိမ် သူအဲဒီလို ဖောက်တဲ့အခါကျရင် ကြည့်ချင်တယ်။ ဖြစ်ဖြစ်ချင်း ကျွန်တော့ဆီသာ ခေါ်လာခဲ့။ စိတ်တိုဒေါသထွက်တာပဲဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ထို ဆရာဝန်က ပြော၏။

သူ့စိတ်ထဲ တကယ်ရှိသည့်အရာနှင့်ပတ်သက်ပြီး ထိုဆရာဝန်ကို ကျွန်တော်မေးကြည့်သည်။ သူကတော့ စကော့တီ နေမကောင်းအောင် ဖြစ်စေသည့်အရာနှင့်ပတ်သက်ပြီး တွေးမိတာတစ်ခုတော့ရှိကြောင်း၊ သူထင်တာ မှားပါစေဟု ဆုတောင်းကြောင်း ပြန်ဖြေသည်။ ထို့နောက်မှာတော့ စကော့တီကို ဘယ်လိုအစာ ကျွေးသလဲ၊ ဘယ်လိုဂရုစိုက်လဲဆိုသည့် အသေးစိတ်မေးခွန်းများ၊ သူ့ကို ဘယ်လိုထားသလဲ ဆိုသည့် ယေဘုယျ မေးခွန်းများဖြင့် ကျွန်တော့ကို တစ်ခုပြီးတစ်ခု မေးပါတော့သည်။

ရက်အနည်းငယ်အကြာမှာတော့ အရင်နှစ်ခါဖြစ်သည့်အတိုင်း စကော့တီ ပစ်လဲကျသွားပါသည်။ သို့သော် သည် တစ်ခါမှာတော့ အခြေအနေပိုဆိုးပုံရသည်။ သွားရည်တွေ ထိန်းမရသိမ်းမရ ကျသည်။ သွေးတွေအန်သည်။ ညည်းသံကြီးကလည်း အကျယ်ကြီး။ ကျွန်တော်လည်း ဒုတိယတိရစ္ဆာန် ဆေးကု ဆရာဝန်ဆီ စကော့တီကို ချက်ချင်းခေါ်သွားသည်။ ဟိုရောက်တော့ ဆရာက စကော့တီကို ဂရုတစိုက် ကြည့်သည်၊ အသေးစိတ် စမ်းသပ် သည်။

“ထင်တဲ့အတိုင်းပါပဲ။ သေချာအောင်တော့ သွေးတို့ဘာတို့ နည်းနည်းစစ်ကြည့်ရမယ်။ ဒါပေမဲ့ ခင်ဗျား ခွေးမလေးအတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူးဗျ။ ခင်ဗျား သူ့ကို ဒီအတိုင်း ခံစားခိုင်းထားမယ့်အတူတူ အညင်သာဆုံး အသက်ထွက်သွားအောင် လုပ်လိုက်ရင်တော့ကောင်းမယ်။ ကျွန်တော်တို့ သူ့အတွက် ဘာမှ ထပ်လုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး။”

ကျွန်တော်သည် ဝမ်းလည်းဝမ်းနည်း၊ မှင်လည်းသက်မိသွားပါသည်။

“ဒါပေမဲ့ ဆရာရယ် ကျွန်တော် တကယ်ပဲ နားမလည်တော့ပါဘူး။ ဒီလောက် ကျန်းမာရေး ကောင်း၊ သန့်လည်း သန့်၊ အစားကောင်းလည်းစားရ၊ ကောင်းကောင်းလည်း ဂရုစိုက်ခံရတဲ့ စကော့တီမကြီးက ဘယ်လိုလုပ် ရုတ်တရက်ကြီး… ခုလို… ကျွတ်… ဒီအတိုင်း လက်ပိုက်ကြည့်လိုက်ရတော့မတဲ့လား…”

“ခင်ဗျား နားလည်ပါလိမ့်မယ်။ ဟိုးတစ်ခေါက် ဒီကိုလာတုန်းက ကျွန်တော် ခင်ဗျားကို မေးခွန်းတွေ တရစပ် မေးခဲ့တာ မှတ်မိလား။ ခင်ဗျား ခွေးကိုဘာကျွေးလဲ၊ ဘာတိုက်လဲ။ ဘယ်သူက အနီးကပ်ဂရုစိုက်လဲ။ ရေချိုးပေး ရင် ဘာရှမ်ပူသုံးလဲ ဆိုတဲ့မေးခွန်းတွေလေ။ ခင်ဗျားခွေးကို ဘုရင်မလိုကို ထားတာမှ ဟုတ်ကဲ့လား။”

“ဟုတ် ပါတယ် ဆရာ…”

ဆရာဝန်က ကျွန်တော့စကားမဆုံးမီဖြတ်ပြောသည်။

“ဒါပဲလေ။ တုံးတိတိပြောရလို့တော့ စိတ်မကောင်းလှပါဘူး။ သို့ပေမဲ့လို့ ဒါဟာ စိတ်ပိုင်းဆိုင်ရာအရ သိပ်ကို ကြီးမားတဲ့အမှားအယွင်းတစ်ခုကို ခင်ဗျားကျူးလွန်လိုက်တာပဲ။ ခင်ဗျားရဲ့ ခွေးကို ကျွေးတဲ့မွေးတဲ့စရိတ်၊ ကျန်းမာရေး၊ သန့်ရှင်းရေးစရိတ်တွေပေါင်းလိုက်ရင် တစ်လတစ်လကို ငွေလေးသောင်းလောက်တော့ ကျတာပဲ။ ခင်ဗျားခွေးကို ကြည့်ရတဲ့အိမ်ကဝန်ထမ်းကို ခင်ဗျားတစ်လ ဘယ်လောက်ပေးလဲ။”

“တစ်လကို ငါးသောင်းပါဆရာ။”

“သူ့မှာ ကလေးဘယ်နှယောက်ရှိလဲ။”

“ကိုးယောက်လား ဆယ်ယောက်လား ရှိတယ်”

“ကိုင်း ဒါဖြင့်ခင်ဗျားကိုမေးမယ်… ကလေးဆယ်ယောက်ရှိတဲ့ တစ်အိမ်ထောင်ကို ကျွေးမွေးလို့ရတဲ့ ပိုက်ဆံကို ခွေးတစ်ကောင်အတွက် အကုန်အကျခံတဲ့ကိစ္စကို ဘယ်သူက ဒီလောက်အကြာကြီး သည်းခံနိုင်မှာတဲ့လဲ။”

“ဒါဖြင့် ခုကိစ္စက ဒီဝန်ထမ်းလက်ချက်ပေါ့ ဟုတ်လား ဆရာ”

“သူလည်းဖြစ်နိုင်သလို ခြံစောင့်လည်းဖြစ်နိုင်တယ်။ မာလီလည်းဖြစ်နိုင်သလို အကုန်လုံးလည်းဖြစ်နိုင်တာပဲ။ ခင်ဗျားခွေး အဆိပ်မိသွားတယ်ဆိုတာတော့ သေချာတယ်။ ခင်ဗျား ဒီခွေးအတွက် ဘယ်လောက်စရိတ်စက ခံနိုင်မှန်း တစ်အိမ်လုံးက လူကုန်သိကြတာပဲ။ ခင်ဗျားသားအတွက် ခင်ဗျားသုံးတာစွဲတာ သူတို့ သည်းခံနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီခွေးအတွက် အကုန်ခံတာကိုတော့ နားလည်ကြမှာမဟုတ်ဘူး။ ဒီလိုဆိုလိုက်လို့ ခွေးမွေးတဲ့ အိမ် ကြီးအိမ်ကောင်းတိုင်း ဒီလို ဖြစ်မယ်လို့မဟုတ်ဘူးနော်။ ဒါပေမဲ့ ဒီလိုဒီလိုတွေ ရှိတတ်တယ်ဗျ။ ခင်ဗျားကို အဆိပ်ခတ်မှာတော့ မစိုးရိမ်ရပါဘူးဗျာ။ လူချင်းလူချင်းကြားမှာ မညီမျှမှုရှိတာ သူတို့လို ဝန်ထမ်းတွေက လက်ခံ ပေးနိုင်လိမ့်မယ်ဆိုပေမဲ့ ခွေးမွေးချင်တယ်ဆိုရင်တော့ ဘယ်သူ့မှမခိုင်းဘဲ ကိုယ်တိုင် ကြည့်တာ အကောင်းဆုံးပဲ။ တစ်ယောက်ယောက်က သူ့သဘောနဲ့သူ လုပ်ပေးချင်တယ်ဆိုရင် တစ်မျိုးပေါ့။”

စစ်ဆေးမှုအရ စကော့တီ၏ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ဖြည်းဖြည်းချင်းမှ အစွမ်းပြသည့် အဆိပ်ကို တွေ့ရသည်။ ရက်သတ္တပတ်နှင့်ချီပြီးမှ စကော့တီသေရခြင်းမှာ အဆိပ်ကို နည်းနည်းချင်းသာ ထည့်ကျွေးခဲ့၍ ဖြစ်သည်ဟု ဆရာဝန်က ရှင်းပြပါသည်။

ကျွန်တော်လည်း စိတ်သဘောသဘာဝနှင့် ပတ်သက်၍ သင်ခန်းစာတစ်ခုရသွားပြီး နောင်တွင် ပိုသတိထားရန် ဆုံးဖြတ်လိုက်သည်။ စကော့တီအကြောင်း မည်သူ့ကိုမျှမပြောပြတော့ပါ။ အိမ်ဝန်ထမ်း ဘာနာဒင်၊ မာလီ၊ ခြံစောင့် မည်သူကမျှလည်း စကော့တီနှင့်ပတ်သက်ပြီး ဘာမျှမမေးကြပါ။ ကျွန်တော့သား ရိုမိန်းတစ်ယောက်သာ စကော့တီအကြောင့်မေးပါသည်။ ကျွန်တော်ကမူ စကော့တီသည် လူတွေလို အိမ်နှင့်ခြံနှင့်မနေနိုင်ကြောင်းနှင့် တောထဲပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ရိုမိန်းကို ကျွန်တော်ပြောပြ လိုက်သည်။ စကော့တီသည် ဆင်းရဲနွမ်းပါးမှု၏အတိုင်းအဆကို ကျွန်တော့အား ပြသခဲ့ပါသည်။ အိမ်စေ ဝန်ထမ်းများ၏ ဘဝနှင့် တိရစ္ဆာန်တို့၏ဘဝကို နှိုင်းယှဉ်ရခြင်းသည် မည်မျှ မခံစားနိုင်စရာ၊ မည်မျှခါးသီးချင် စရာဖြစ်ကြောင်း ကျွန်တော်သည် အချိန်မီ နားလည်လက်ခံလာခဲ့ပါသည်။ ။
ခေတ်ရနံ့မဂ္ဂဇင်း၊ အမှတ် (၆၈) ဒီဇင်ဘာ ၂၀၁၉
(တူနီးရှားစာရေးဆရာ အဲလ်ဘတ် တာအိဘ် (Albert Taïeb) ပြင်သစ်ဘာသာဖြင့် ရေးသားသည့် ဝတ္ထုတိုကို ပြင်သစ်ဘာသာမှ အင်္ဂလိပ်ဘာသာ သို့ Catherine Lauga du Plessis က When a Dog is Worth Nine Children အမည်ဖြင့် ပြန်ပြီး ထိုအင်္ဂလိပ်ပြန်မူမှ ယခုမြန်မာဘာသာသို့ ပြန်ဆိုသည်။) 



Comments

အဖတ်အများဆုံး

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထု

Picture: FinArtAmerica.com ရယ်မောသံများ ထွက်ပြေးတိမ်းရှောင်သွားသောအခါ တိတ်ဆိတ်ခြင်းများ ကျန်ခဲ့မည်မှာ သေချာပါသည်။ အရာဝတ္ထုများ မြေပြင်ပေါ်သို့ အတားအဆီးမရှိ လွတ်လပ်စွာကျဆင်းနေစဉ် မလွတ်လပ်နိုင်ရှာသည့် စစ်တုရင်ရုပ်များလည်း ရှိသည်။ အရှိန်နှင့်လိမ့်နေသော အံစာတုံးတစ်တုံး အရှိန်ကုန်၍ရပ်သွားလျှင် ကျမည့်ဂဏန်းနံပါတ်ကိုလည်းကောင်း၊ အကြောင်းရင်း ကိုလည်းကောင်း သိနေပါသည်။ သို့ရာတွင် ထိုသို့သိခြင်းသည် သင်္ချာကျောင်းသားတစ်ယောက်၏ တစ်နှင့်တစ်ပေါင်းလျှင် ' နှစ် ' ဖြစ်သည်ဟု သိခြင်းမျိုး၊ ရူပဗေဒကျောင်းသားတစ်ယောက်၏ ' ရီလေတီဗတီသီအိုရီ ' ကို နားလည်ခြင်းမျိုးထက် စိုးစဉ်းမျှ မပိုကြောင်းကိုလည်း သိနေပြန်သည်။ သိခြင်း၊ နားလည်ခြင်းသည် အကန့်အသတ် ခြွင်းချက်ရှိခြင်း (ဝါ) စင်းလုံးချော မဖြစ်နိုင်ခြင်း အကြောင်းကို သိပြီဆိုလျှင် တွက်လက်စပုစ္ဆာတစ်ပုဒ်ကို ခေါင်းရှုပ်ခံပြီး ဆက်စဉ်းစားစရာ မလိုတော့ပါ။ မှန်ကွဲစများအား တပါးသူမထိခိုက်မိစေရန် စေတနာဖြင့် ကောက်ယူ သိမ်းဆည်းမည်ဆိုပါက သင့်လက်ကို လက်အိတ်စွပ်ရန် မမေ့ဖို့သတိပေးပါရစေ။ ကမ္ဘာလောကကြီး ဖြစ်တည်လာသည်။ သစ်ပင်များပေါက်လာကြသည်။ သစ်ကိုင်းပေါ်တွင် သစ်ရွက်တို့...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...

ကလေးစာတတ်ခြင်းအစ မိဘက

ကလေးတစ်ယောက် လွယ်အိတ်လွယ် လို့ ကျောင်းတက်တဲ့အခါ ကျောင်းစာ တွေကို မကြောက်ရွံ့ဖို့၊ စာအုပ်တွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေတတ်ဖို့၊ စာဖတ်တဲ့အခါ ဖတ်မှတ်နားလည် နိုင်စွမ်း၊ ခြုံငုံဆင်ခြင်နိုင်စွမ်း၊ ဝေဖန် ပိုင်းခြားနိုင်စွမ်းမြင့်ပြီး ဝေါဟာရကြွယ် ကြွယ်၊ ဝါကျရှည်ရှည်မြင့်မြင့်တွေ သုံးနှုန်းပြောဆိုတတ်ဖို့ ဘယ်အချက် အလက်တွေက ပြဋ္ဌာန်းပါသလဲ။ ကလေး တစ်ယောက် ယဉ်ကျေးသိမ် မွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ပညာထူးချွန် ခြင်း၊ ညံ့ဖျင်းခြင်း၊ စည်းကမ်းကောင်း ခြင်း၊ စည်းကမ်းမဲ့ခြင်း၊ အဖိုးတန်ခြင်း၊ အဖိုးမဲ့ခြင်းစတာတွေဟာ သူ့ရဲ့ပင်ကို ဗီဇအပြင် ငယ်စဉ်ကတည်းက မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ် များစွာ မူတည် တယ်လို့ အများကလက်ခံကြ ပါတယ်။ မြန်မာမှာဆိုရင် "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့် ဖ" လို့တောင် ဆိုစကားရှိကြတာပါ။ ဒီစကားမမှားပါဘူး။ မမှားကြောင်း ကို ပညာရှင်အတော်များများက သူတို့ ရဲ့ လေ့လာဆန်းစစ်ချက်တွေမှာ ဖော် ပြထားကြပါတယ်။ ကလေးရဲ့ စာဖတ် ဝါသနာထုံမှု၊ ကျောင်းမှာ စာလိုက်နိုင်မှု ဟာ မိဘရဲ့လွှမ်းမိုးမှုနဲ့အဓိကသက်ဆိုင် တယ်လို့ သူတို့ရဲ့အဖြေတွေမှာ တွေ့ရှိ ရပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝမှာ ပတ်ဝ...