ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်ဖရေ
ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။
ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။
ခင်ဗျားနဲ့ကျနော်နဲ့ကလည်း
မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ်
မဆုံဖြစ်ခဲ့တာကြာပြီ။
တိုက်တိုက်ဆိုင်ဆိုင်ဗျာ
ဒီနေ့မှပဲ ခင်ဗျားမှာ...
စကောလားရှစ် စာမေးပွဲရှိနေတယ်…
သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်…
တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်…
နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်…
စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။
ဒါဆို ကျနော့်ကို ခင်ဗျား
လာတွေ့မှာလား လာမှာလား...
ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့
အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်…
ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊
ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ
အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊
ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား …
ကျနော်ကတော့ ခင်ဗျားဆီ
ထမလာနိုင်တော့တာအမှန်။
ကျနော့်မှာ ခုတင်ပေါ်
မလှုပ်မယှက်လဲလျောင်းရင်းက
လက်သီးဆုပ်ကို ဖြေထားရင်းက
ခင်ဗျားကို မျှော်နေမိမှာပါ…
မျှော်ဦးမှာပါ မျှော်မှာပါ…
သေသူတစ်ယောက်မှာ
စာမေးပွဲလည်းမရှိတော့...
အင်တာဗျူးလည်းမရှိတော့...
ဘဝတက်လမ်းလည်းမရှိတော့...
အရေးကြီးအစည်းအဝေးလည်းမရှိတော့...
သေသူတစ်ယောက်မှာ
အသိတွေကိုနှုတ်ဆက်ဖို့ကလွဲပြီး
လုပ်စရာဘာမှမရှိတော့...
မာနတွေခဝါချဖို့ကလွဲပြီး
ရန်လုပ်စရာ ဘာမှ မရှိတော့…
ခင်ဗျားကိုတွေ့ရဖို့က ဒါ...
နောက်ဆုံးအခွင့်အရေး။
အကြောင်းပြချက်တွေပေးပြီး
ခင်ဗျား မလာခဲ့ရင်လည်း
ကျနော်က ခွင့်လွှတ်ရဦးမှာ။
ခင်ဗျားက ရှင်သန်ရဦးမယ့်လူ၊
ကျနော်က အားလုံးပြီးဆုံးသွားတဲ့လူ မဟုတ်လား…
သေတဲ့လူထက် နေရဦးမယ့်လူက ပိုအရေးကြီးတယ် မဟုတ်လား...
ခင်ဗျားကို နားလည်ပေးရမှာ…
ကျနော်ကတော့
ခင်ဗျား လာလာ မလာလာ
စောင့်မျှော်လျက်ရှိမှာပါ
ခင်ဗျားလာတွေ့မယ်လို့ မျှော်လင့်နေတာ။
ကျနော်ကတော့ ခင်ဗျားကို တွေ့ချင်တာ။ ။
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း