Skip to main content

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။ 

၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။ 

အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။ 

အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။ 

အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွားတဲ့ အရင်းနှီးဆုံး အစ်ကိုတစ်ဝမ်းကွဲကို သွားသတိရတယ်။ သူ့ဆီ စာလှမ်းရေးလိုက်တယ်။ စာထဲမှာ အလ္လာပ သလ္လာပပြောရင်း၊ ကျွန်တော့်မှာ ဖြစ်နေတဲ့ စိတ်ဒွိဟအကြောင်း တတ်သလောက် မှတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ပြောပြလိုက်မိတယ်။ အဲဒီတုန်းက ဇော်ဂျီဖောင့်တောင် မပေါ်သေးမှပဲကိုး။ နောက်တစ်ခေါက် အင်တာနက်ကဖေးရောက်လို့ မေးလ်ပြန်စစ်ကြည့်တော့ အစ်ကို့ဆီက စာပြန်ဝင်နေတယ်။ အဲဒီစာက ခု ဒီမှာ ဓာတ်ပုံထဲက စာပါပဲ။ စကားပြောရင်တောင် သိပ်များများ မပြောတတ်တဲ့ အစ်ကိုဟာ ဒီစာထဲမှာတော့ (သူ့စံနဲ့ဆိုရင်) အတော်ကိုရှည်ရှည်လေး ရေးထားတယ် ဆိုရမယ်။ 

အဲဒီ သူ့ရဲ့ အီးမေးလ်ကို Microsoft Word ထဲ ကူးထည့်၊ ပရင့်ထုတ်ပြီး ဖိုင်တွဲတစ်ခုထဲ ညှပ်သိမ်းထားခဲ့ ပါတယ်။ နှစ်ပေါင်း ၂၀ နီးပါးအကြာ ကျွန်တော့်ရဲ့ ပထမဆုံး ပင်ကိုရေးစာအုပ် ထွက်တဲ့အခါမှာတော့ စာထဲမှာပါတဲ့ အစ်ကိုပြောထားတဲ့အတိုင်း ကျွန်တော့်စာအုပ်ကော်ပီတစ်စုံနဲ့ အတူ ဒီ စာရွက်ကလေးကိုပါ ပြန်ပြီး သူ့ဆီ ပို့ပေးလိုက်ပါတယ်။ စာရွက်ကိုတော့ သူ့ဆီမပို့ခင် ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ အဲ ... သင်္ကြန် မတိုင်မီကတည်းက ပို့ခဲ့တာဆိုပေမဲ့ လူကြုံလက်ထဲမှာ ကြန့်ကြာနေခဲ့ရာကနေ ဒီနေ့ကျမှ အစ်ကို့လက်ထဲ ရောက်တယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာက သူ့ရဲ့ အီးမေးလ်ပြန်စာကို ခုထိ ကျွန်တော် သိမ်းထားခဲ့လို့ သူအတော်အံ့ဩသွားပုံရပါတယ်။ ရေးသူကိုယ်တိုင်တောင် မှတ်မိချင်မှ မှတ်မိတော့မယ် ထင်ပါတယ်။

ကျွန်တော့်အတွက်ကတော့ သူ့ရဲ့ စာထဲက အားပေးစကားတွေ အကြံဉာဏ်တွေဟာ ကျွန်တော့်ဘဝအတွက် သိပ်အရေးပါတာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့အနေနဲ့ ဒီစာကို ပရင့်ထုတ်ပြီးသိမ်းထားခဲ့တာပါပဲ။ အဲဒီတုန်းက ဘာ free email address နဲ့ပို့ခဲ့မိမှန်းတောင် မမှတ်မိတော့ပေမဲ့ ဒီ reply ကတော့ ခုထိ ရှိနေရတာပါ။ 

ကျွန်တော်ဟာ ဒီစာထဲမှာ အစ်ကိုတိုက်တွန်းတဲ့အတိုင်း အိပ်မက်ဆန္ဒနဲ့ တာဝန်ဝတ္တရားတွေကြားမှာ၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကြားမှာ တတ်နိုင်သမျှ ဟန်ချက် ညီအောင် ထိန်းခဲ့ပါတယ်။ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကိုပဲ စွတ်လုပ်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ် တာဝန်ပျက်ကွက်တာမျိုးလည်း ကျွန်တော်မဖြစ်ချင်ခဲ့ပါဘူး။ ဒါကြောင့် ဘွဲ့ရပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ပိုက်ဆံလည်းရှာခဲ့ရပါတယ်။ ပညာအားဖြင့်လည်း ထပ်ပြီး တစ်ဆင့်တက် ဖြည့်ဆည်းခဲ့ပါတယ်။ အဲဒီအချိန် အတောအတွင်းမှာတော့ ကျွန်တော့်ရဲ့စိတ်ကူးအိပ်မက်တွေကို ရာနှုန်းပြည့်အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ 

တဖြည်းဖြည်းနဲ့ ဘဝက အနည်ထိုင်လာ၊ တည်ငြိမ်လာ၊ အခြေခံစားဝတ်နေရေးတွေမှာ သိပ်ပူပင်စရာ မလိုတော့ဘူးဆိုတဲ့ အချိန်ကျမှပဲ ကျွန်တော်ဟာ စာရေးတဲ့အလုပ်ဘက်ကို ပိုပြီး စိတ်ဖြောင့်ဖြောင့်နဲ့ လှည့်လာနိုင်ခဲ့ပါတယ်။ ဒါဟာလည်း စာရေးခြင်းမှာ ပြန်ပြီးအကျိုးဖြစ်ထွန်းစေပါတယ်။ အသက်ကြီး လာတာနဲ့အမျှ၊ ဘဝအတွေ့အကြုံများလာတာနဲ့အမျှ စာရေးတဲ့နေရာမှာ ပိုပြီး လောကအမြင် ဘဝအမြင် အားကောင်းလာခဲ့တာ ကြောင့်ပါ။ ဒီစာထဲက အစ်ကို့အကြံဉာဏ်က သိပ်မှန်ပါတယ်။ ကိုယ့်ဘဝလမ်း ကိုယ်ရွေးချယ်ရတာပဲ၊ ဒါပေမဲ့ ဘဝတာဝန်တွေကိုထမ်းဆောင်ဖို့လည်း မမေ့နဲ့ဆိုတာပါ။ 

နှစ်ပေါင်း ၂၀ နီးပါး ကျွန်တော်သိမ်းထားခဲ့တဲ့ ဒီစာကို စာထဲက စကားလုံးတွေရဲ့မူလပိုင်ရှင်ဖြစ်သူဆီ ကျွန်တော် ပြန်ပို့ပေးခဲ့ပါပြီ။ ဒီစာလေးဟာ ဒီနှစ်အပိုင်းအခြားတွေအတွင်း ကျွန်တော့်ကို လမ်းပြခဲ့တဲ့ စာပါပဲ။ ခုတော့ ကျွန်တော်ဟာ လမ်းကြောင်းပေါ်ကို ရောက်ပြီလို့ယူဆလို့မို့ သက်ဆိုင်ရာပိုင်ရှင်ဆီ စာကိုပြန်ပို့ပေးလိုက်တာ ဖြစ်ပါတယ်။ စာရွက်က ကျွန်တော့်ဆီမှာ မရှိတော့ပေမဲ့ ဒီစာကပေးတဲ့ စဉ်းစားစရာတွေကတော့ ကျွန်တော့် အသက်နဲ့အမျှ မှတ်မိနေမှာ ဖြစ်ပါတယ်။ ။





Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...