Skip to main content

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။ 

၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။ 

အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။ 

အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။ 

အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွားတဲ့ အရင်းနှီးဆုံး အစ်ကိုတစ်ဝမ်းကွဲကို သွားသတိရတယ်။ သူ့ဆီ စာလှမ်းရေးလိုက်တယ်။ စာထဲမှာ အလ္လာပ သလ္လာပပြောရင်း၊ ကျွန်တော့်မှာ ဖြစ်နေတဲ့ စိတ်ဒွိဟအကြောင်း တတ်သလောက် မှတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ပြောပြလိုက်မိတယ်။ အဲဒီတုန်းက ဇော်ဂျီဖောင့်တောင် မပေါ်သေးမှပဲကိုး။ နောက်တစ်ခေါက် အင်တာနက်ကဖေးရောက်လို့ မေးလ်ပြန်စစ်ကြည့်တော့ အစ်ကို့ဆီက စာပြန်ဝင်နေတယ်။ အဲဒီစာက ခု ဒီမှာ ဓာတ်ပုံထဲက စာပါပဲ။ စကားပြောရင်တောင် သိပ်များများ မပြောတတ်တဲ့ အစ်ကိုဟာ ဒီစာထဲမှာတော့ (သူ့စံနဲ့ဆိုရင်) အတော်ကိုရှည်ရှည်လေး ရေးထားတယ် ဆိုရမယ်။ 

အဲဒီ သူ့ရဲ့ အီးမေးလ်ကို Microsoft Word ထဲ ကူးထည့်၊ ပရင့်ထုတ်ပြီး ဖိုင်တွဲတစ်ခုထဲ ညှပ်သိမ်းထားခဲ့ ပါတယ်။ နှစ်ပေါင်း ၂၀ နီးပါးအကြာ ကျွန်တော့်ရဲ့ ပထမဆုံး ပင်ကိုရေးစာအုပ် ထွက်တဲ့အခါမှာတော့ စာထဲမှာပါတဲ့ အစ်ကိုပြောထားတဲ့အတိုင်း ကျွန်တော့်စာအုပ်ကော်ပီတစ်စုံနဲ့ အတူ ဒီ စာရွက်ကလေးကိုပါ ပြန်ပြီး သူ့ဆီ ပို့ပေးလိုက်ပါတယ်။ စာရွက်ကိုတော့ သူ့ဆီမပို့ခင် ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ အဲ ... သင်္ကြန် မတိုင်မီကတည်းက ပို့ခဲ့တာဆိုပေမဲ့ လူကြုံလက်ထဲမှာ ကြန့်ကြာနေခဲ့ရာကနေ ဒီနေ့ကျမှ အစ်ကို့လက်ထဲ ရောက်တယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာက သူ့ရဲ့ အီးမေးလ်ပြန်စာကို ခုထိ ကျွန်တော် သိမ်းထားခဲ့လို့ သူအတော်အံ့ဩသွားပုံရပါတယ်။ ရေးသူကိုယ်တိုင်တောင် မှတ်မိချင်မှ မှတ်မိတော့မယ် ထင်ပါတယ်။

ကျွန်တော့်အတွက်ကတော့ သူ့ရဲ့ စာထဲက အားပေးစကားတွေ အကြံဉာဏ်တွေဟာ ကျွန်တော့်ဘဝအတွက် သိပ်အရေးပါတာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့အနေနဲ့ ဒီစာကို ပရင့်ထုတ်ပြီးသိမ်းထားခဲ့တာပါပဲ။ အဲဒီတုန်းက ဘာ free email address နဲ့ပို့ခဲ့မိမှန်းတောင် မမှတ်မိတော့ပေမဲ့ ဒီ reply ကတော့ ခုထိ ရှိနေရတာပါ။ 

ကျွန်တော်ဟာ ဒီစာထဲမှာ အစ်ကိုတိုက်တွန်းတဲ့အတိုင်း အိပ်မက်ဆန္ဒနဲ့ တာဝန်ဝတ္တရားတွေကြားမှာ၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကြားမှာ တတ်နိုင်သမျှ ဟန်ချက် ညီအောင် ထိန်းခဲ့ပါတယ်။ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကိုပဲ စွတ်လုပ်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ် တာဝန်ပျက်ကွက်တာမျိုးလည်း ကျွန်တော်မဖြစ်ချင်ခဲ့ပါဘူး။ ဒါကြောင့် ဘွဲ့ရပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ပိုက်ဆံလည်းရှာခဲ့ရပါတယ်။ ပညာအားဖြင့်လည်း ထပ်ပြီး တစ်ဆင့်တက် ဖြည့်ဆည်းခဲ့ပါတယ်။ အဲဒီအချိန် အတောအတွင်းမှာတော့ ကျွန်တော့်ရဲ့စိတ်ကူးအိပ်မက်တွေကို ရာနှုန်းပြည့်အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ 

တဖြည်းဖြည်းနဲ့ ဘဝက အနည်ထိုင်လာ၊ တည်ငြိမ်လာ၊ အခြေခံစားဝတ်နေရေးတွေမှာ သိပ်ပူပင်စရာ မလိုတော့ဘူးဆိုတဲ့ အချိန်ကျမှပဲ ကျွန်တော်ဟာ စာရေးတဲ့အလုပ်ဘက်ကို ပိုပြီး စိတ်ဖြောင့်ဖြောင့်နဲ့ လှည့်လာနိုင်ခဲ့ပါတယ်။ ဒါဟာလည်း စာရေးခြင်းမှာ ပြန်ပြီးအကျိုးဖြစ်ထွန်းစေပါတယ်။ အသက်ကြီး လာတာနဲ့အမျှ၊ ဘဝအတွေ့အကြုံများလာတာနဲ့အမျှ စာရေးတဲ့နေရာမှာ ပိုပြီး လောကအမြင် ဘဝအမြင် အားကောင်းလာခဲ့တာ ကြောင့်ပါ။ ဒီစာထဲက အစ်ကို့အကြံဉာဏ်က သိပ်မှန်ပါတယ်။ ကိုယ့်ဘဝလမ်း ကိုယ်ရွေးချယ်ရတာပဲ၊ ဒါပေမဲ့ ဘဝတာဝန်တွေကိုထမ်းဆောင်ဖို့လည်း မမေ့နဲ့ဆိုတာပါ။ 

နှစ်ပေါင်း ၂၀ နီးပါး ကျွန်တော်သိမ်းထားခဲ့တဲ့ ဒီစာကို စာထဲက စကားလုံးတွေရဲ့မူလပိုင်ရှင်ဖြစ်သူဆီ ကျွန်တော် ပြန်ပို့ပေးခဲ့ပါပြီ။ ဒီစာလေးဟာ ဒီနှစ်အပိုင်းအခြားတွေအတွင်း ကျွန်တော့်ကို လမ်းပြခဲ့တဲ့ စာပါပဲ။ ခုတော့ ကျွန်တော်ဟာ လမ်းကြောင်းပေါ်ကို ရောက်ပြီလို့ယူဆလို့မို့ သက်ဆိုင်ရာပိုင်ရှင်ဆီ စာကိုပြန်ပို့ပေးလိုက်တာ ဖြစ်ပါတယ်။ စာရွက်က ကျွန်တော့်ဆီမှာ မရှိတော့ပေမဲ့ ဒီစာကပေးတဲ့ စဉ်းစားစရာတွေကတော့ ကျွန်တော့် အသက်နဲ့အမျှ မှတ်မိနေမှာ ဖြစ်ပါတယ်။ ။





Comments

အဖတ်အများဆုံး

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...