Skip to main content

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း


အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။ 



အခုဆောင်းပါးမှာတော့ လူမှုအကျိုးပြုဗုဒ္ဓဘာသာဝင် (socially engaged Buddhists) တွေရဲ့ ရှုထောင့်ကနေ တင်ပြမှာဖြစ်ပါတယ်။ လူမှုအကျိုးပြုဗုဒ္ဓဘာသာဝင်တွေဆိုတာ ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးခုလောက်မှာ သျှာမ် * နိုင်ငံရဲ့ လူမှုအပြောင်းအလဲအဖွဲ့အစည်း (social change NGOs) တွေအတွက် အလုပ်လုပ်ပေးခဲ့ကြသူတွေပါ။ ကျွန်တော်တို့ရဲ့ NGO တွေဟာ ဆရာ ဆုလက် ဆီဝရက်ဆရဲ့ ဦးဆောင်မှုနဲ့အတူ ရေရှည်တည်တံ့ပြီး မျှတမှု ရှိတဲ့ လူ့ဘောင်အသိုင်းအဝိုင်းကို ဦးတည်တဲ့ လူမှုလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့ကြသူတွေပါ။ ကျွန်တော်တို့ရဲ့ လုပ်နည်းလုပ်ဟန်တွေက အနောက်တိုင်းက အစိမ်းရောင် ပါတီတွေ မြစ်ဖျားခံရာ NGO တွေရဲ့ လုပ်နည်း လုပ်ဟန်အတိုင်းပါပဲ။ သူတို့လိုမျိုး ကျွန်တော်တို့ဆီက NGO တွေဟာလည်း သျှာမ်နိုင်ငံ မှာ အစိမ်းရောင်ပါတီ တစ်ခု ဖြစ်လာစေဖို့ အခြေခံအုတ်မြစ် ဖြစ်နိုင်မဖြစ်နိုင်၊ ဖြစ်သင့်မဖြစ်သင့်ဆိုတာကတော့ ကျွန်တော်တို့ ခု စဉ်းစားနေတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီဆောင်းပါးဟာလည်း ကျွန်တော်တို့ လူ့ဘောင်အတွက် အစိမ်းရောင် မူဝါဒ အားပြုနိုင်ငံရေးဟာ ဘယ်လောက် သင့်လျော်သလဲဆိုတာကို အကဲဖြတ်တဲ့ လုပ်ငန်းစဉ်တွေထဲက တစ်ခုပါ။ 

ဒီဆောင်းပါးဟာ ထိုင်းဗုဒ္ဓဘာသာရှုထောင့်ကနေလည်း ရေးသားထားတဲ့ လက်ရာတစ်ပုဒ်ပါ။ သျှာမ်နိုင်ငံဟာ ဘယ်တုန်းကမှ အနောက်ကိုလိုနီနယ်ချဲ့နိုင်ငံတစ်ခုခုရဲ့ သိမ်းပိုက်ခြင်းကို မခံခဲ့ရပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ အတွေးအခေါ်အရ၊ ယဉ်ကျေးမှုအရ အနောက်ကိုလိုနီအုပ်စုရဲ့ လွှမ်းမိုးမှုမခံရဘူးလို့လည်း မပြောနိုင်ပါဘူး။ လက်ရှိ ကျောင်းသင်ပညာရေးစနစ်နဲ့ လူထုဆက်သွယ်ရေးမီဒီယာတို့ကို ကြည့်ရင် အမေရိကန်ဩဇာလွှမ်းမိုးမှု အကြီးကြီးရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့ မိဘတွေလက်ထက်နဲ့ ဘိုးဘွားတွေ လက်ထက်တုန်းက ကျွန်တော်တို့ရဲ့ ပညာတတ်အလွှာ၊ ထိပ်သီးအလွှာကို လွှမ်းမိုးခဲ့တာက ဗြိတိသျှစနစ်ပါ။ အဲဒီလို အနောက်တိုင်းရဲ့လွှမ်းမိုးမှုရှိခဲ့တဲ့ လမ်းကြောင်းကို ပြန်လှန်မေးခွန်းထုတ် ဝေဖန်စဉ်းစားဖို့ လိုအပ် နေပါပြီ။ အာရှတိုက်အသစ်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုကို၊ ကိုယ့်မှာ ယဉ်ကျေးမှုတန်ဖိုးတွေ စုံလင်ကွဲပြားတာကို ကိုယ်ပြန်လေးစားတဲ့ အာရှတိုက်ဖြစ်ဖို့ လိုပါတယ်။ အဲဒီအာရှဟာ အနောက်နိုင်ငံတွေကိုမီအောင်လိုက်နေတဲ့၊ အနောက်ကို ပုံတူကူးချနေတဲ့ အာရှမဖြစ်ဖို့ လိုပါတယ်။ 

ဒါကြောင့်လည်း အခုပြောမယ့်ဟာတွေဟာ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်မှာရှိတဲ့ အစိမ်းရောင် မူဝါဒသမားတွေ၊ အထူးသဖြင့် ကျွန်တော်တို့နဲ့ လူချင်းအတော်များများသိတဲ့ အာရှသား အစိမ်းရောင် သမားတွေနဲ့ မျှဝေမယ့်၊ ငြင်းခုံဆွေးနွေးမယ့် ကျွန်တော်တို့စဉ်းစားထားတာတွေရဲ့ ကနဦးရှေ့ပြေးမူကြမ်းလို့ ခေါ်ချင်ပါတယ်။ ကျွန်တော်တို့ အာရှသား အစိမ်းရောင်သမားတွေအနေနဲ့ ကျွန်တော်တို့ လျှောက်မယ့်လမ်း အတွက် ကိုယ့်ဇာစ်မြစ်တွေကို ပြန်ရှာဖွေရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ကိုယ်တိုင် အင်တာဗျူးခဲ့ဖူးတဲ့ အာရှတိုက်သားအတွေးအခေါ်သမားတချို့ရဲ့ ပြောစကားတွေထဲက ပြန်ကောက်နုတ် တာက လွဲရင် တခြား ဘယ်စာအုပ်၊ ဘယ်ဆောင်းပါးကိုမှ ရည်ညွှန်း ကိုးကားမှာမဟုတ်ပါဘူး။ ဒီလိုပြောလို့ အာရှရဲ့ဒဿနနဲ့ အနောက်တိုင်းရဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အတွေးအခေါ်တို့အကြား ပတ်သက် ဆက်နွှယ်မှုအကြောင်းကို အနောက်တိုင်းက စာရေးသားထုတ်ဝေထားတာတွေ မရှိဘူးလို့ မဆိုလိုပါဘူး။ များများစားစားရှိထားမှန်း သိပြီးသားပါ။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ အဲဒီ စိတ်ကူးအကြံအစည်တွေကို ပေါင်းစည်းနိုင်စေမယ့် ယုံကြည်မှုမျိုးပေးခဲ့တဲ့ အတွေးအခေါ်ပိုင်ရှင် အာရှသား ဆရာသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ရှုထောင့်တစ်ခုကနေ တင်ပြမှာဖြစ်ပါတယ်။ အဲဒီအာရှသား ဆရာသမားတွေ အတော်များများကို ဒီဆောင်းပါးမှာ အမည်မဖော်ပြ ပေမဲ့လည်း သူတို့ကျေးဇူးအထူးရှိကြောင်းကိုတော့ ဝန်ခံပါရစေ။ အခု စာတမ်းဟာ အဆိုပါပုဂ္ဂိုလ်တွေရဲ့အတွေးအခေါ်တွေမှာ မြစ်ဖျားခံတာသာ ဖြစ်ပြီး ကျွန်တော်တို့ ကိုယ်ပိုင်စဉ်းစားမှုတွေရယ်လို့ မောင်ပိုင် မစီးပါဘူး။ ကျွန်တော်တို့ တာဝန်က အဲဒီအတွေးအခေါ်တွေကို သဟဇာတဖြစ်ဖြစ် ပေါင်းစည်းပေး ဖို့ပါ။ 

အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးကို ဘာလို့အလေးထားရသလဲ

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုရယ်၊ စီးပွားရေးနဲ့ နည်းပညာပိုင်း ဖွံ့ဖြိုးမှုရယ်ရှုထောင့်က ကြည့်ရင် အာရှ တိုက်ရဲ့ ဒေသတချို့ဟာ အနောက်ကို ကောင်းကောင်း အမီလိုက်နိုင်နေတယ်ဆိုတာ မှန်ပါတယ်။ တချို့ နိုင်ငံတွေနဲ့ ဒေသတွေဟာဆိုရင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီး ဓနဥစ္စာခွဲဝေမှုအပိုင်းမှာ အတော်လေး မျှမျှတတ ဖြစ်နေပြီလို့တောင် ပြောနိုင်ပါတယ်။ ဥပမာ ဂျပန်ဆိုရင် အလွန်ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ကေရာလပြည်နယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ကြွယ်ဝပါတယ်။ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်ဝမ်တို့ဟာဆိုရင် တစ်ချိန်ကထက် ပိုမိုကြွယ်ဝလာခဲ့ကြတာမှန်ပေမဲ့ တစ်ချိန်တည်းမှာလည်း ဗဟိုချုပ်ကိုင်အာဏာရှင်ဆန်တဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ 

ဒီလိုဆိုပေမဲ့ ဗုဒ္ဓဝါဒရှုထောင့်ကကြည့်ရင်တော့ အဲဒီလို စီးပွားရေးအရ အောင်မြင်မှုတွေဟာ ကံထူးမှုပဲလို့ အပ်ချမတ်ချ မပြောနိုင်ပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစီးပွားရေးအောင်မြင်မှုတွေရဲ့ လာရာဟာ လောဘစိတ်၊ ယှဉ်ပြိုင်အနိုင်ယူလိုစိတ်၊ အကြမ်းဖက်တတ်တဲ့သဘာဝနဲ့ ငါဗဟိုပြုမှု ဆိုတဲ့ လက္ခဏာရပ်တွေကို လှုံ့ဆော်ပေးမှု ဖြစ်လို့ပါ။ အဲဒီ လက္ခဏာသဘောတွေကို ကျွန်တော်တို့ကတော့ ‘အကုသလမူလ’ လို့ သတ်မှတ်ပါတယ်။ စိတ်ဆင်းရဲသောက၊ အလိုမပြည့်မှုတွေရဲ့ ဇာစ်မြစ်တွေပါ။ ဒါတွေဟာ အခြားသော ပြဿနာမျိုးစုံကို ဖြစ်စေတဲ့အရာတွေလည်း ဖြစ်ပါတယ်။ လောဘစိတ်၊ ငါဗဟိုပြုစိတ်တွေကို လှုံ့ဆော်ပေးတာဟာ သတ္တဝါတွေရဲ့ မူလအရင်းခံဖြစ်တဲ့ တဏှာကို အားကောင်းအောင် လုပ်ပေးတာနဲ့ အတူတူပါပဲ။ တဏှာကြောင့်ပဲ ကျွန်တော်တို့ဟာ ကိုယ့်မှာ လိုအပ်တာထက် သို့မဟုတ် လိုချင်တာထက် ပိုပိုလျှံလျှံ ဖြစ်နေရင်တောင်မှ အလိုမပြည့်နိုင်သေးဘဲ အားမလိုအားမရဖြစ်နေကြပါတယ်။ ဘယ်လောက်ပဲ ရှိရှိ ငွေကြေး၊ ဓနဥစ္စာ၊ အာဏာဩဇာ၊ အသိအမှတ်ပြုခံရမှုနဲ့ ကာမဂုဏ်ခံစားမှုတွေကို ဆတက်ထမ်းပိုး တိုးလိုချင် နေမြဲပါပဲ။ အဲဒီ သံသရာဟာ ဘယ်တော့မှမဆုံးပါဘူး။ ဒါကြောင့်လည်း ကိုယ့်အသက်ကိုယ် အဆုံးစီရင်မှု၊ စိတ် မကျန်းမာမှု၊ စိတ်ဖိစီးမှု၊ အရက်အလွန်အကျွံသောက်သုံးမှု၊ မူးယစ်ဆေးစွဲမှု တွေဟာ အာရှရဲ့ အဲဒီ ‘အောင်မြင်’ ပါတယ်ဆိုတဲ့ နေရာဒေသတွေမှာပါ မြင့်တက်နေရခြင်းဖြစ်ပါတယ်။ 

နောက်ထပ် ကျွန်တော်တို့ မမေ့သင့်တဲ့အရာတစ်ခု ရှိပါတယ်။ အာရှနိုင်ငံတွေထဲက ချမ်းသာကြွယ်ဝလာတဲ့ နိုင်ငံတွေ၊ နေရာဒေသတွေဟာ ဆင်းရဲသားလူများစုနဲ့ သဘာဝပတ်ဝန်းကျင်တွေကို ချနင်းအသုံးချ ဖျက်ဆီးပြီးမှ အဲဒီအောင်မြင်မှုကို ရရှိခဲ့တယ်ဆိုတာပါ။ ကံမကောင်း အကြောင်းမလှစွာပဲ အဲဒီလောက် မချမ်းသာ မကြွယ်ဝတဲ့ နိုင်ငံတွေက လူတွေကတော့ ပညာရေးအင်စတီကျူးရှင်းတွေ၊ မီဒီယာတွေရဲ့ ဖိအားတွေကြောင့် တခြားသော အောင်မြင်ဖွံ့ဖြိုးတဲ့နိုင်ငံတွေကို စံနမူနာပြယုဂ်တွေအနေနဲ့ ရှုကြည့်အားကျ နေကြပြီး မိမိရဲ့ရှိရင်းစွဲ ဘဝနေထိုင်မှုနည်းလမ်းတွေကို အထင်အမြင်သေးနေကြပြန်တယ်။ ခပ်ရှင်းရှင်းပြောရရင် လူပြိန်းတွေနားလည်တာက သဘာဝ ပတ်ဝန်းကျင် ဆိုတာဟာ စီးပွားရေးတိုးတက်ဖို့ အတွက် ချနင်းအသုံးချစရာ ရင်းမြစ်တစ်ခုပဲ။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုအပေါ် စိုးရိမ်ပူပန်လာကြတဲ့ လူ့ဘောင်တွေ အသိုင်းအဝိုင်းတွေ မရှိဘူးမဟုတ် ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ မျက်နှာပြင်ပေါ် ခြစ်ရာလေးတစ်ခုမျှထက်ပိုပြီး အရာမထင်ပါဘူး။ လောဘကို တိုးပွားစေတဲ့ ဖွံ့ဖြိုးရေးမူဝါဒတွေဟာ သစ်တောပြုန်းတီးမှုတွေရဲ့ နောက်မှာ လက်သည်တရားခံအဖြစ် ရှိနေတယ်ဆိုတာကို လူအများစုကတော့ ချိတ်ဆက်မဆင်ခြင်ကြပါဘူး။

အာရှဒေသမှာ အစိမ်းရောင် အပြောင်းအလဲကို မြင်ချင်တယ်ဆိုလို့ရှိရင် အဓိကကိုင်တွယ်ရမယ့် ကိစ္စရပ်က ကိုယ့်ထက် ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေကို ‘အမီလိုက်’ ချင်တဲ့ စိတ်ကို ပြင်ရမှာလို့ပဲ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အနောက်တိုင်းရဲ့ ကိုလိုနီနယ်မြေတွေအဖြစ်ကနေ အာရှနိုင်ငံအများစု လွတ်မြောက်လာချိန် တုန်းက ဆိုရင် အာရှတိုက်သား ထိပ်ပိုင်းအလွှာကလူတွေဟာ မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှု တန်ဖိုးတွေအပေါ် ယုံကြည်မှုပျောက်ဆုံးနေခဲ့ကြပါတယ်။ အဲဒီ ထိပ်ပိုင်းအလွှာက လူ့မလိုင်တွေဟာ အနောက်တိုင်းမှာ သွားပြီး ပညာသင်ခဲ့ကြသူတွေ ဒါမှမဟုတ် ကိုယ့်နိုင်ငံထဲမှာကိုပဲ အနောက်တိုင်းပညာရေးကို ရရှိခဲ့ ကြသူတွေ ဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ သူတို့နိုင်ငံ၊ သူတို့လူမျိုးဟာ အနောက်တိုင်းနဲ့ယှဉ်ရင် ပင်ကို အရကို နိမ့်ကျသူဖြစ်တယ်ဆိုတဲ့ ခံစားချက်တွေ ဝင်လာခဲ့ကြတယ်။ ဒီတော့ သူတို့လုပ်တာက အနောက်တိုင်းမှာ နောက်ဆုံးပေါ်ဖြစ်နေတဲ့ အတွေးအခေါ်၊ အလေ့အထ၊ ရေစီးကြောင်းအတိုင်း အမီလိုက်ကြတာပါပဲ။ ဘယ်လောက်တောင်လဲဆို အာရှတိုက်ရဲ့ ခေတ်ရှေ့ပြေးသူတွေတောင် ကိုယ့်ဟာကိုယ် လွတ်လွတ်ကျွတ်ကျွတ် ခေတ်ရှေ့မပြေးနိုင်ဘဲ အနောက်တိုင်းသားတွေထဲက ခေတ်ရှေ့ပြေးအတွေးအခေါ် တွေကို မီအောင် လိုက်ကြတာမျိုးပါ။ 

တိုကျို၊ ဘန်ကောက်၊ ဆိုးလ်၊ မနီလာအပါအဝင် တခြား အာရှမြို့ကြီးတွေမှာ လမ်းလျှောက်ကြည့်မယ်ဆိုရင် လူငယ်အတော်များများ သူတို့ဆံပင်ကို ရွှေရောင်တို့၊ အနီရောင်တို့ ဆိုးကြတာ မြင်ရလိမ့်မယ်။ သူတို့ဟာ Pizza Hut မှာ၊ KFC မှာ၊ McDonalds မှာ စားကြသောက်ကြမယ်။ သူတို့ ဆံပင်ပုံစံ၊ သူတို့ရဲ့ အစားအသောက် အလေ့အထတွေဟာ လူငယ်လူရွယ်တွေကြားမှာ ခုပေါ် ခုပျောက် ခေတ်ရေစီးကြောင်း တစ်ခုပါပဲလို့ မြင်လို့မရပါဘူး။ ဒါတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ယဉ်ကျေးမှုပိုင်း၊ စိတ်ပိုင်းဆိုင်ရာမှာ အကြီးအကျယ် နာမကျန်းဘူးဆိုတာကိုလည်း ပြတ်ပြတ်သားသား မြင်အောင် ပြနေတာပါ။ အဲဒီ နိုင်ငံ မြို့ကြီးတွေရဲ့ လူငယ်တွေကြားမှာ သူတို့ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ဂုဏ်မယူကြတော့ဘူး။ သူတို့ဟာ တခြားသူအဖြစ်ကို ရဖို့၊ တခြား ယဉ်ကျေးမှုအရေခွံကို ခြုံဖို့ ကြိုးစားနေကြပါပြီ။ ဗုဒ္ဓဝါဒရှုထောင့်အရ ကြည့်ရင်တော့ ဒါဟာ လူ့အဖွဲ့အစည်းနဲ့ လူ့အဖွဲ့အစည်းဝင်တွေကြားမှာ သူစိမ်းတစ်ရံဆန်ဖြစ်သွားတာပါပဲ။ အနောက်ရဲ့ လွှမ်းမိုးမှုခံ မီဒီယာတွေ၊ ကြော်ငြာတွေကြောင့် လူငယ်လူရွယ်တွေဟာ သူတို့ဖြစ်တည်မှုရဲ့ အခြေခံအကျဆုံး အချက်တွေကို ငြင်းပယ်လာကြပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် အလိုမပြည့်ခြင်း၊ အားမရခြင်း၊ မရောင့်ရဲနိုင်သေးခြင်းဆိုတဲ့ စိတ်တွေကိန်းအောင်းလာဖို့ တွန်းအားပေး လှုံ့ဆော်ခံရတာပါပဲ။ ဟယ်လင်နာ နော်ဘတ်ချ် ဟော့ချ် (Helena Norberg-Hodge) ရဲ့ စာအုပ် “Ancient Futures: Learning from Ladakh (1999)” ထဲမှာ အဲဒီလို ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် သူစိမ်းပြန်ဖြစ်သွားခြင်း သဘောကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရှင်းပြထားပါတယ်။ 

ဒီ သဘောကို ကျွန်တော်တို့မြင်သလိုမဟုတ်ဘဲ တခြားနည်း ဖွင့်ဆိုကြတာလည်း ရှိပါတယ်။ ဒါဟာ လူငယ်တွေအနေနဲ့ ကိုယ့်ယဉ်ကျေးမှုကိုယ် ငြင်းပယ်တာထက်စာရင် တခြားသော ယဉ်ကျေးမှုတွေကိုလည်း နားလည် လက်ခံကြိုဆိုဖို့ လိုလားတယ်ဆိုတာကို ပြတာပဲလို့တချို့က မြင်ကြပါတယ်။ သူတို့အလိုအရ တစ်ချိန်ကျရင် အဲဒီလိုလွတ်လပ်မှုကို ကျင့်သုံးနိုင်ကြတဲ့ လူတွေဟာ မတူတဲ့ယဉ်ကျေးမှုခြင်း သမူဟပြုခြင်းအားဖြင့် မိမိတို့ရဲ့အာရှယဉ်ကျေးမှုရှိရာကိုပဲ ပြန်လာကြလိမ့်လို့ ဆိုပါတယ်။ 

ဗုဒ္ဓရှုထောင့်ကနေပဲ ပြောပါမယ်။ အာရှ ယဉ်ကျေးမှုရဲ့ အတွင်းစည်းထဲက လူတွေအနေနဲ့ ကျွန်တော်တို့ ပြောနိုင်တာက အဲဒီအမြင်ကို သဘောမတူဘူး ဆိုတာပါပဲ။ ပထမအနေနဲ့ ‘အဲဒီလိုလွတ်လပ်မှု’ ဆိုတာဟာ စစ်မှန်တဲ့ လွတ်လပ်မှုမဟုတ်ပါဘူး။ ဒါဟာ မီဒီယာအားနဲ့ ဖန်တီးတည်ဆောက်ပြထားတဲ့ ပုံရိပ်ယောင်လွတ်လပ်မှုဖြစ်ပါတယ်။ 

ဒုတိယအချက်ကတော့ ယဉ်ကျေးမှုချင်း အပြန်အလှန် ဖလှယ်ကြ၊ သမူဟပြုကြတယ်ဆိုတာဟာ ယဉ်ကျေးမှု မတူကွဲပြားတာတွေကို စစ်စစ်မှန်မှန် အပြန်အလှန် လက်ခံပေးတဲ့ အနေအထားရှိမှ ဖြစ်နိုင်တာမျိုးပါ။ ကမ္ဘာ့တစ်နေရာက လူတွေရဲ့အမြင်မှာ တခြား ကမ္ဘာ့တစ်နေရာက လူတွေဟာ ငါတို့လောက် ယဉ်ကျေးမှုအဆင့် မမြင့်ဘူး၊ သို့မဟုတ် ငါတို့ထက် ယဉ်ကျေးမှုပိုအဆင့်မြင့်တယ်လို့ ခံစားနေရတယ်ဆိုရင် ယဉ်ကျေးမှုသမူဟ၊ ယဉ်ကျေးမှုမိတ်သဟာယဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါမျိုးဖြစ်ဖို့ဆိုတာ မိမိကိုယ်ကိုယ် လေးစားတတ်မှု၊ အပြန်အလှန် လေးစားတတ်မှု၊ စိတ်ကိုဖွင့်ထားတတ်မှုတို့ အပေါ် မှီတည်ရတာမျိုးပါ။ (မယ်လ်ကွမ် အိပ်စ် ပြောပြတဲ့ လူမည်း အမေရိကန် လူငယ်တွေ သူတို့ဆံပင်ကို လူဖြူတွေလို အနီရောင်ရဖို့၊ ဆံပင်ဖြောင့်ဖို့ ဓာတုဆေးရည်နဲ့ ဆံပင်ကို ချွတ်ကြတယ် ဆိုတဲ့ ဖြစ်စဉ်က ဘာကို ပြလဲဆိုတော့ ဒီလိုလုပ်တာဟာ ကိုယ့်ဖြစ်တည်မှုကိုယ် မနှစ်မြို့လို့ လုပ်တာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားလို့ လုပ်တာ မဟုတ်ဘူးဆိုတာပါ။ ကျွန်တော်တို့အာရှသားတွေ အနေနဲ့ကတော့ လူမည်းတွေထက် စာရင် “လူဖြူ” ဆံပင်နဲ့ တူအောင် လုပ်ဖို့ ပိုလွယ်ကောင်း လွယ်ပါလိမ့်မယ်။ ဒါပေမဲ့ အာရှသား လူငယ်တွေဟာ ကိုယ့်ရဲ့မွေးရာပါ ဖြစ်တည်မှု အမှတ်အသားကို မလေးစား တန်ဖိုးမထားတော့လို့ လုပ်တာလား ဆိုတာကိုလည်း မေးရမှာဖြစ်ပါတယ်။)

လူ့အဖွဲ့အစည်းတစ်ခုမှာ ထိပ်သီးအလွှာရဲ့စိတ်ထဲ သူတို့လူ့ဘောင်ဟာ ခေတ်နောက်ကျနေပြီ၊ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးလို့ လက်ခံလိုက်တာနဲ့တစ်ပြိုင်နက် သူတို့တွေဟာ ခေတ်မီဖို့၊ ‘ဖွံ့ဖြိုး’ ဖို့ရာ တက်သုတ်ရိုက် လုပ်ရတော့မယ်လို့ ခံစားတတ်ကြပါတယ်။ အဲဒီ ထိပ်သီးအလွှာဝင်တွေဟာ သူတို့ရဲ့ အငုံ့စိတ်ကို ကျန်တဲ့ လူများစုကြီးဆီကိုလည်း ပညာရေးစနစ်တို့၊ မီဒီယာတို့ကတစ်ဆင့် ဖြန့်ဖြူးပျံ့နှံ့စေပါတယ်။ 

ဒါဟာ ယဉ်ကျေးမှုတစ်ခုကို အမြစ်လှန်ပစ်လိုက်ခြင်းပါပဲ။ ဘာလို့လဲဆိုတော့ လူ့အဖွဲ့အစည်းရဲ့ အလွှာတိုင်းမှာ ရှိတဲ့ လူအားလုံးက သူတို့ကိုယ်သူတို့ အဆိုးမြင်လာကြလို့ပါ။ သူတို့ထက် ပို ‘မြင့်’ တယ်လို့ ယူဆတဲ့ နိုင်ငံက လူတွေနဲ့ အမီလိုက်နိုင်ဖို့ လိုတယ်လို့ ခံစားလာကြရတယ်။ တစ်ချိန်တည်းမှာပဲ ‘နိမ့်ကျ’ တယ်လို့ ယူဆကြတဲ့ သူတွေ၊ ယဉ်ကျေးမှုတွေကို အထင်အမြင်သေးမယ်၊ အတော်များများတွေ့ရတာက ခွဲခြားဆက်ဆံကြမယ်။ အဲဒီရဲ့ သားကောင်တွေထဲမှာ မိဘတို့၊ ဘိုးဘွားတို့တောင် ပါနိုင်ပါတယ်။ ဒါဆို လူကြီးသူမတွေကို အလေးထား ဆက်ဆံကြတဲ့ ယဉ်ကျေးမှုထွန်းကားရာ လူ့ဘောင်တွေထဲ မုန်တိုင်းထန်တော့တာပါပဲ။ ဘန်ကောက်က လူတွေစိတ်ထဲ သူတို့ကိုယ်သူ တိုကျိုတို့ လန်ဒန်တို့ကလူတွေထက် နိမ့်ကျတယ်လို့ ခံစားမယ်၊ တစ်ချိန်တည်းမှာ သျှာမ်နိုင်ငံ ကျေးလက်ကလူတွေကိုတော့ ငါတို့လောက် အဆင့်မမြင့်ဘူးဆိုပြီး အထင်အမြင် သေးမယ်။ အဲဒီ ကျေးလက်က လူတွေကျပြန်တော့လည်း ဘန်ကောက်ကလူတွေနဲ့ ယှဉ်ရင် အငုံ့စိတ်ဝင်ပြီး တိုင်းရင်းသားလူနည်းစုတွေ၊ တောင်ပေါ်သားတွေကိုတော့ တစ်ခါ အထင်အမြင်သေးကြပြန်ဦးမယ်။ တောင်ပေါ်သားချင်း ကြားမှာလည်း တစ်မျိုးနဲ့တစ်မျိုး ငါကမြင့်တယ်၊ သူက နိမ့်တယ်ဆိုပြီး ခံစားဦးမယ်။ အဲဒီလို သံသရာလည်နေတာပါ။ 

“မလေးရှားမှာဆိုရင် တချို့သော ရုပ်ရည်သွင်ပြင်နဲ့ အသားအရောင်ရှိတဲ့ အသိုင်းအဝိုင်းတွေက လူတွေဆိုရင် ကြော်ငြာတွေမှာ ပါလေ့မရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ လူမျိုးကွဲအသီးသီးရဲ့ ပကတိ အရှိတရားကို ထင်ဟပ်ဖော်ပြတဲ့ ကြော်ငြာမျိုးတွေ ရှိသင့်ပါတယ်။ ကိုယ့်ဖြစ်တည်မှုနဲ့ ချိတ်ဆက်တာ၊ လူနဲ့လူချင်း ဆက်ဆံရေး၊ မိသားစုတန်ဖိုး၊ အသိုင်းအဝိုင်းတန်ဖိုး … အဲဒါတွေအားလုံးကို ပြောင်းလဲခဲ့ကြပြီ ဖြစ်သလို တဖြည်းဖြည်းချင်းလည်း အသွင်သဏ္ဌာန်ကွဲထွက်လာခဲ့ပါပြီ။ ဒါ ထင်ဟပ်ဖော်ပြရမယ့် ပကတိတရားတွေပါ။ အလားတူ ကျွန်တော်တို့နဲ့ လူကြီးသူမတွေကြား ဆက်ဆံမှု၊ လိုက်နာရတဲ့ဓလေ့၊ ရည်မွန်မှု၊ ယဉ်ကျေးတဲ့ အပြုအမူ စတဲ့ ကျွန်တော်တို့ ထုံးတမ်းဓလေ့ အစဉ်အလာအားလုံးနီးပါးမှာ အစိတ်အပိုင်းအဖြစ်ပါနေတဲ့ ပကတိတရားတွေပါ။” 

ချန်ဒြာ မူဇဖ္ဖာ

Alternative Politics for Asia: A Buddhist Muslim Dialogue between Sulak Sivaraksa and Chandra Muzaffar 11-13 October 1996, Penang, Malaysia. 

ဒါတွေဟာ ဘာလို့ ဖြစ်နေရတာပါလဲ။ ဗုဒ္ဓဘာသာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လူ့ဘောင်ကောင်း တစ်ခု ဖြစ်ဖို့အတွက် အားနည်းသူတွေကို ကာကွယ်ပေးပြီး လူတိုင်းအတွက် ကောင်းမွန်တဲ့ ဘဝကို အာမခံချက်ပေးတဲ့ လူမှုအရိပ်အာဝါသကောင်းတစ်ခု လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ကျင့်တရားနဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ထုံမွှမ်းထားတဲ့ဘဝမှာ နေထိုင်ကြတဲ့ တာဝန်သိနိုင်ငံသားတွေကိုလည်း လုံလောက်တဲ့ အထိရှိဖို့လိုပါတယ်။ အဲဒီလို လူတွေက သူတို့ဖြစ်ချင်တဲ့ လူမှုအရိပ်အာဝါသကို တည်ဆောက် လည်ပတ်တာပါ။ ကျင့်ဝတ်စည်းမျဉ်းနဲ့သွားတဲ့ ဘဝဆိုတာမျိုးဟာ ကိုယ့်ကိုယ်ကိုယ်လေးစားမှု (ဟိရိဩတပ္ပ) မရှိဘဲ မဖြစ်နိုင်ပါဘူး။ တစ်နည်းပြောရရင် လူမျိုးတစ်မျိုးဟာ မိမိ ယဉ်ကျေးမှု၊ မိမိ ဘာသာတရားကို ဆုံးရှုံးလိုက်ရပြီဆိုရင်၊ အဲဒီလူမျိုးဟာ သူတို့ရဲ့ ဖြစ်တည်မှုကိုလက်မခံ ထွက်ပြေးငြင်းဆန်ဖို့ ကြိုးစားပြီဆိုရင် အဲဒီ လူ့ဘောင်မှာ အကျင့်ပျက်မှုတွေ၊ မာယာသာဌေယျတွေ လုံးဝ ကြီးစိုးတော့တာပါပဲ။

အသင်တို့ဟာ တော်သည်ဖြစ်စေ ညံ့သည်ဖြစ်စေ၊ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ လူမည်းဖြစ်စေ လူညို လူဖြူ လူဝါဖြစ်စေ၊ သူဌေးဖြစ်စေ လူမွဲဖြစ်စေ၊ မျက်နှာကြီးဖြစ်စေ နင်းပြားဖြစ်စေ၊ ဘာသာအယူ ကိုးကွယ်သူဖြစ်စေ ဘာသာမဲ့ဖြစ်စေ၊ အခြေခံအားဖြင့် လူတိုင်းရဲ့အဇ္ဈတ္တမှာ ဗုဒ္ဓသဘာဝဟာ ပါလာကြပြီးသားပါ။ ဒါကြောင့် သင်ဟာ တန်ဖိုးရှိသူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဒေါင်းမဟုတ်ဘဲ ဒေါင်းဖြစ်အောင် ကြိုးစားနေဖို့ မလိုပါဘူး။ သတ္တုချရရင် ကိုယ့်ဖြစ်တည်မှုကို ကိုယ်လေးစားခြင်းဟာ ပဓာနကျတဲ့ ဟိရီဩတ္တပ္ပတရားပါပဲ။ မည်သည့် လူ့ဘောင်ဖြစ်စေ အဲဒီ ဟိရိဩတ္တပ္ပကို ယုတ်လျော့ပျက်စီးအောင် လုပ်တဲ့ လူမှုပတ်ဝန်းကျင်ရှိနေခဲ့ရင် အဲဒါ နာမကျန်းတဲ့ လူ့ဘောင်ပါပဲ။ ကိုယ့်ဖြစ်တည်မှုကိုယ် ငြင်းပယ်ခြင်းအားဖြင့် ‘ဝမရှိဘဲ ဝိလုပ်တဲ့သူ’ ဖြစ်အောင် လုပ်လို့မရပါဘူး။ ဒီလိုဆိုလိုက်လို့ ကျွန်တော်တို့ဟာ အစဉ်အလာဘောင်တွေ၊ တာဝန်ဝတ္တရားတွေထဲမှာပဲ အသေပိတ်မိ နေရမယ်လို့ မဆိုလိုပါဘူး။ ပြောချင်တာက ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတဲ့လူမျိုး၊ အလွှာ၊ လိင်၊ ဘာသာတရား၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုက လာတယ်လို့ မမြင်မိဖို့၊ အဲဒီ အတွေးကိုစွန့်လွှတ်ပစ်ဖို့ပါ။ ကျွန်တော်တို့ ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကြီးပဲဖြစ်ဖြစ် အဲဒါကို လက်ခံတတ်ဖို့ပါ။ မိမိကိုယ်ကိုယ် လေးစားတတ်မှုဟာ အခြေတည်ခိုင်မြဲပြီဆိုတာနဲ့ ကျွန်တော်တို့ဟာ ဘိုးစဉ်ဘောင်ဆက် အမွေရခဲ့တဲ့ ရိုးရာတွေဆီကရော အနောက်တိုင်းရဲ့ ခေတ်မီဆန်းသစ်မှုတွေဆီကနေပါ ကောင်းနိုးရာရာ သေချာစဉ်းစားရွေးချယ်နိုင်စွမ်းရှိတဲ့ ကျန်းမာတဲ့လူ့ဘောင်တွေ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ ရေရှည်အာမခံချက်ရှိတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ဆိုတာ နိုင်ငံရေးနဲ့စီးပွားရေး ကဏ္ဍမှာသာ အပြောင်းအလဲ လုပ်ရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ အာရှသားတွေဟာ အနောက်တိုင်းရဲ့ ယဉ်ကျေးမှု အရ လွှမ်းမိုးချုပ်ကိုင်မှုကနေရော၊ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ကိုလိုနီဖြစ်ရတာကို သာယာနေတဲ့ ကျွန်စိတ်နေစိတ်ထားကနေပါ လွတ်မြောက်စေတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီး အသစ်တစ်ရပ် လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ငါတို့ကတော့ သူတို့လောက် မဖွံ့ဖြိုးမတိုးတက်ဘူး၊ အနောက်ကို မီအောင် လိုက်ရမယ် ဆိုတာမျိုး စဉ်းစားနေတာကို ရပ်တန့်ပစ်ရပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ ထုတ်လုပ်မယ့်၊ သုံးစွဲမယ့် ကုန်စည်ဝန်ဆောင်မှုတွေကိုသာ ဆိုလိုတာမဟုတ်ဘဲ အပြောင်းအလဲ အတွက် ကျွန်တော်တို့ အသုံးချမယ့် အယူအဆတွေ၊ အတွေးအခေါ်တွေပါ အကျုံးဝင်ပါတယ်။ အနောက်တိုင်းက ကျွန်တော်တို့ မိတ်ဆွေတွေက ဆိုရှယ်လစ်ဝါဒ၊ မာက်စ်ဝါဒ၊ လက်ဝဲသစ်၊ ပို့စ်မော်ဒန် ဝါဒ၊ အစိမ်းရောင်နိုင်ငံရေး စသည်ဖြင့် ပြောကြတဲ့အခါ အာရှတိုက်မှာရှိတဲ့ ကိုယ့်ကိုယ်ကိုယ် ခေတ်ရှေ့ပြေးတဲ့ အတွေးအခေါ်သမားတွေ တက်ကြွလှုပ်ရှားသူတွေကလည်း အနောက်ကလူတွေ ပြောတဲ့အတိုင်း လိုက်ပြောရမယ်၊ သိအောင် လိုက်လုပ်ရမယ်လို့ ခံယူကြပါတယ်။ ဒါဆိုရင်တော့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ နီယိုလစ်ဘရယ်အကြောင်း လိုက်ပြောကြတဲ့ လစ်ဘရယ်သူငယ်ချင်းတွေ၊ ကွန်ဆာဗေးတစ် သူငယ်ချင်းတွေလိုပဲ ဖြစ်တော့မှာပါပဲ။ ကျွန်တော်တို့က အဲဒီအတွေးအခေါ် အယူအဆတွေကို လိုက်ပြောရုံမျှသာမကတော့ဘဲ ကျွန်တော်တို့ဆီမှာပါ လိုက်အသုံးချကြတာမျိုးပါ။

လူ့ဘောင်တစ်ရပ်ဟာ တခြားလူ့ဘောင်တွေနဲ့ယှဉ်ကြည့်ပြီး သူ့ကိုယ်သူ မယဉ်ကျေးသေးဘူး၊ ဖွံ့ဖြိုးဆဲပဲရှိသေးတယ်၊ ဒါမှမဟုတ် ဖွံ့ဖြိုးမှုနိမ့်နေတယ်လို့ ခံယူလိုက်မယ်ဆိုတာနဲ့ ကိုယ်က ဖွံ့ဖြိုးပြီးသား၊ ပိုယဉ်ကျေးပြီးသားလို့ထင်တဲ့ တခြားသူတွေကို အမီလိုက်နိုင်ဖို့ရာ မိမိတို့ မျိုးရိုးအစဉ်အဆက် လက်ခံကျင့်သုံးခဲ့တဲ့ အစဉ်အလာတွေ၊ အသိပညာတွေကိုပစ်ပယ်လိုက်ကြပါတယ်။ အာရှမှာ နိုင်ငံ အကုန်မဟုတ်တောင် အတော်များများက အဲဒီလို တစ်မျိုးသားလုံးအငုံ့စိတ်စွဲမှုရောဂါကို ခံစားနေကြပါတယ်။ 

သျှာမ်နိုင်ငံကို ကောင်းကောင်း နမူနာပြလို့ရပါတယ်။ ဒီနိုင်ငံက ယဉ်ကျေးမှုနဲ့ အစဉ်အလာတွေကို ထိန်းသိမ်းရာမှာ အပေါ်ယံအသွင်သဏ္ဌာန်ကို၊ အခွံအကာကိုတော့ ထိန်းသိမ်းပြီး အတွင်းသားကို၊ အနှစ်သား တန်ဖိုးတွေကိုတော့ ပယ်စွန့်ပစ်တဲ့ နိုင်ငံတွေထဲမှာတော့ စံပါ။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်မှာ သျှာမ် ထိပ်သီး လူ့မလိုင်အလွှာကလူတွေ အနောက်တိုင်း ကိုလိုနီနယ်ချဲ့သမားတွေနဲ့ စတွေ့ကြတုန်းက တိုင်းတပါးကျွန် မဖြစ်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ သဘောပေါက်တယ်။ ဒါပေမဲ့ သူတို့ဟာ ခေတ်မီတိုးတက်ရေး အတွက် လုပ်တဲ့နေရာမှာ ဗုဒ္ဓဘာသာကိုလည်း လူ့အဖွဲ့အစည်းရဲ့ အဓိက စိတ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်း ဆိုင်ရာ ကျောရိုးအဖြစ်ကိုလည်း ထိန်းသိမ်းထားချင်ကြတယ်။ အဲဒီအတွက် သူတို့က ဗုဒ္ဓဘာသာကို ဆင်ခြင်တုံတရားကို ပိုဦးစားပေးတဲ့၊ ဒဏ္ဍာရီဆန်မှုနည်းတဲ့ ဘာသာရေးအဖြစ်ကို ပြောင်းလဲလိုက်ကြတယ်။ တစ်နည်းပြောရရင် ခေတ်မီအောင် (အနောက်ဆန်အောင်) လုပ်ရာမှာ လမ်းစဉ်ကို ဗုဒ္ဓဘာသာဆန်အောင် မလုပ်ဘဲ ဗုဒ္ဓဘာသာကိုသာ ခေတ်မီအောင် (အနောက်တိုင်းဆန်အောင်) ပြောင်းပစ်လိုက်ကြပါတယ်။ ရလဒ်က ဘာလဲဆိုတော့ ယနေ့ ကျွန်တော်တို့ သျှာမ်နိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလို့ ခေါ်ဖို့ခပ်ခက်ခက် ဖြစ်သွားတာပါပဲ။ ဒုတိယတန်းစားနိုင်ငံ၊ အတင်းခေတ်မီအောင်ပုံသွင်းထားတဲ့ နိုင်ငံ၊ လူတန်းစားကွာဟမှုတွေ ကြီးပြီး အထက်အောက်ဖိနှိပ်တဲ့၊ ရုပ်ဝတ္ထုပစ္စည်းနောက် ကောက်ကောက်ပါအောင်လိုက်ပြီး လိုလိုမလိုလို ထုတ်ကြဝယ်ကြဟေ့ဆိုတဲ့ဝါဒ ကို အနှစ်သာရထားထားတဲ့ လူ့အဖွဲ့အစည်းဖြစ်သွားတာပါ။ အသွင်သဏ္ဌာန်ဖြစ်တဲ့ အစဉ်အလာတွေ၊ ရိုးရာဓလေ့တွေ ကတော့ ပြယုဂ်အနေနဲ့ ရှိနေဆဲပါပဲ။ ဗုဒ္ဓသာသနာတော် တိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တည်နေတဲ့ အရုပ်ဆိုးဆိုး ငွေကုန်ကြေးကျများများ စေတီပုထိုးတွေကတော့ ပြောမနေနဲ့တော့။ ဒါပေမဲ့ ဒါတွေဟာ လူတွေရဲ့အတောမသတ်လိုအင်ကို အသုံးချပြီး အမြတ်ထွက်အောင် လုပ်တဲ့ အရင်းရှင်စနစ်ရဲ့ ရေစီးကိုဆန့်ကျင်ဖို့မဟုတ်ဘဲ ရှေ့နေလိုက်ပေးဖို့သက်သက် ဖြစ်နေတော့တာပါပဲ။ 

ကျွန်တော်တို့ဟာ ရောင့်ရဲလွယ်တဲ့ဘဝ၊ ရိုးရှင်းတဲ့ဘဝကို စိတ်မဝင်စားတော့ဘဲ ချမ်းသာသည်ထက် ချမ်းသာချင် လာကြပါတယ်။ ဘုန်းတော်ကြီးတွေတောင်မှ တစ်ပါးနဲ့တစ်ပါး တန်ဖိုးကြီးကားချင်းပြိုင်၊ တခြား ခေတ်ပေါ်ပစ္စည်းတွေချင်းပြိုင်ပြီး သူတို့ဘယ်လောက်ချမ်းသာကြောင်း ထုတ်ကြွားလာကြပါတယ်။ ထိုင်းတွေဟာ တစ်နေ့တစ်ခြား ပျော်ရွှင်မှုနည်းနည်းလာပြီး ရုပ်ဆိုးသထက် ဆိုးလာကြပါတယ်။ ခေတ်မီရေး ခေတ်ပေါ်ရေစီးထဲမှာ တဏှာဟာ သေးမသွားဘဲ အားကြီးသထက်ကြီးလာတာကြောင့် ချမ်းသာပြီးသား သူတွေတောင်မှ မကျေနပ် မရောင့်ရဲတော့ဘဲ ကိုယ့်ဘဝကိုယ် အားမရတော့ပါဘူး။ ဆင်းရဲတဲ့လူတန်းစား ဆိုရင်လည်း အမြတ်ထုတ်ခံရရုံတင်မက (သဘာဝနဲ့ပိုပြီး အညမညဖြစ်တယ်လို့တောင် ဆိုနိုင်တဲ့) ရိုးရှင်းတဲ့ဘဝမျိုးတွေကို မကျေနပ်နိုင်တော့ပါဘူး။ မိဘတွေကလည်း ခေတ်မီအိမ်ကောင်းတွေရဖို့၊ ခေတ်ပေါ် ပစ္စည်းတွေနောက် အမီလိုက်ဖို့ သူတို့သားသမီးကို ရောင်းချကြပါတယ်။ တစ်ပိုင်တစ်နိုင် သီးထပ်သီးညှပ်လယ်ယာစိုက်ခင်းတွေ နေရာမှာ ပိုးသတ်ဆေးသုံးတဲ့ သီးနှံတစ်မျိုးတည်းအားပြု စိုက်ခင်းတွေ အစားထိုးလာကြပါတယ်။ ကလေးသူငယ် ပြည့်တန်ဆာဦးရေဟာလည်း ကြောက်မခန်းလိလိ မြင့်တက်လာ ပါတယ်။ AIDS ကူးစက်မှုဟာလည်း အလားတူပါပဲ။ ဒါ့အပြင် ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘာဝ သယံဇာတတွေ၊ ဈေးပေါတဲ့လုပ်သားတွေကို မညှာမတာ ခေါင်းပုံဖြတ် အောက်ဈေးနှိုက်ကြပါတယ်။

အနောက်တိုင်းဆန်ဆန် ခေတ်မီအောင် မလုပ်ခဲ့ခင်တုန်းက သျှာမ်နိုင်ငံဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြွယ်ဝတယ်၊ ဖွံ့ဖြိုးပြီး ထိရောက်အောင်မြင်တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ အနောက်လမ်းစဉ်ကို လိုက်ရာမှာတော့ အထက်ကဆိုခဲ့တဲ့ ဆုတ်ယုတ်မှုတွေကို လျစ်လျူရှုပစ်လို့ရလောက်အောင် ဘယ်လိုအကျိုးအမြတ်တွေ တစ်ဖက်က ပြန်ရခဲ့လဲဆိုတာ စဉ်းစားဖို့ ခက်ပါတယ်။ ဗုဒ္ဓဘာသာရှုထောင့်အရ တဏှာဟာ ဆင်းရဲခြင်းရဲ့အကြောင်း သမုဒယဖြစ်ပါတယ်။ စစ်မှန်တဲ့ စိတ်ချမ်းသာမှုရဲ့ အကြောင်း မဟုတ်ပါ။ ဒါဟာ တက္ကနိုခရက်တွေ နားမလည်နိုင်တဲ့ ကိစ္စပါ။ အရှေ့တိုင်းဖြစ်ဖြစ် အနောက်တိုင်းဖြစ်ဖြစ် နိုင်ငံတစ်ခုရဲ့ အဓိကဆုံးဖြတ်ချက်ချမှတ်တဲ့ ယန္တရားတွေကို ထိန်းချုပ်ထားသူတွေဟာ တက္ကနိုခရက်တွေပါ။ 

ထိုင်းဥပမာက ဘာပြသလဲဆိုတော့ လူမျိုးတစ်မျိုးဟာ မိမိရဲ့ ယဉ်ကျေးမှုတန်ဖိုး၊ စိတ်ပိုင်းတန်ဖိုးတွေကို ကျေကျေညက်ညက် နားမလည်ဘဲ အနောက်ကိုသာ အကုန်အမှန်၊ အကုန်အကောင်းလို့ သဘောထားပြီး အနောက်ပုံစံအတိုင်း လိုက်ကူးချမယ်ဆိုရင် ဒါဟာ အပူပိုင်းဒေသမှာ ပန်းသီးပင်စိုက်သလိုပါပဲ။ အပင်လည်း မဖြစ်ထွန်းသလို အသီးကောင်းလည်း မသီးဘဲ နေပါလိမ့်မယ်။ ဒါထက်ဆိုးမှာက မဖြစ်ထွန်းတဲ့ ပန်းသီးပင်က သီးတဲ့ ပန်းသီးအဖျင်းကြောင့် ဒေသရဲ့မျိုးရင်းဖြစ်တဲ့ တခြားအသီးကောင်းတွေ နေရာပျောက်နိုင်တာပါပဲ။ ဒီ ဥပမာကို တခြား ကိစ္စရပ်တွေမှာလည်း အသုံးချကြည့်နိုင်ပါတယ်။ အနောက်တိုင်းလို ခေတ်မီရေး၊ ခု နောက်ဆုံး ပြောပြောနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းထဲ ပါဝင်ရေး ဆိုတဲ့ခေါင်းစဉ်အောက်မှာ အနောက်တိုင်းက အင်စတီကျူးရှင်းတွေအတိုင်း လိုက်လံတည်ဆောက်တဲ့ ပုံစံတူအင်စတီကျူးရှင်းတွေကိုပဲ ကြည့်ပေါ့။ အဲဒီထဲမှာ ထိုင်းပညာရေးစနစ်၊ စစ်တပ်၊ ရဲ၊ ပါလီမန်ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး စနစ်တွေ ပါတာပေါ့။ အာရှ နိုင်ငံ အားလုံးမဟုတ်တောင် အများစုမှာလည်း ဒီအတိုင်းပဲလို့ ယုံကြည်ပါတယ်။

အာရှမှာကိုပဲ အဖြစ်များတဲ့ နောက်အကျိုးဆက်တစ်ခုရှိပါသေးတယ်။ အဲဒါက လူမျိုးတစ်မျိုးဟာ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် သူစိမ်းပြင်ပြင်ပြန်ဖြစ်သွားတဲ့အခါ တစ်ခုခုကို အစွန်းရောက်အောင် ယုံကြည်တဲ့ ဘက်ဆီကို ယိမ်းသွားတတ်တာမျိုးပါ။ အဲဒီ အစွန်းရောက် အတွေးအခေါ်တွေဟာ ယုံကြည်သူတွေရဲ့စိတ်မှာ တစ်ဦးချင်းဖြစ်စေ လူမျိုးအလိုက်ဖြစ်စေ ဘဝအဓိပ္ပာယ်တစ်ခုပေးတဲ့အရာ၊ မိမိကိုယ်မိမိ လေးစားမှုကို ပေးတဲ့အရာ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း အဲဒီဝါဒတွေဟာ ‘ငါ’ ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုရာမှာ အခြေခံခိုင်မှုမရှိဘူး။ ကိုယ် ‘ဘာလဲ’ ဆိုတာထက် ကိုယ် ‘ဘာမဟုတ်ဘူးလဲ’ ဆိုတာကနေ ဆွဲယူ တည်ဆောက်ထားတာဖြစ်နေပါတယ်။ ဥပမာ - ငါဟာ ဒီ ဘာသာဝင်မဟုတ်ဘူး၊ ဒီ အဆင့်နိမ့်ဘာသာဝင် ဖြစ်နေတယ်၊ ဒီ လူမျိုးမဟုတ်ဘူး၊ ဒီ အဆင့်နိမ့် လူမျိုးဖြစ်နေတယ်လို့ တွေးတာမျိုးပါ။ တကယ်က မိမိရဲ့ ယဉ်ကျေးမှုအစဉ်အလာအပေါ် အကောင်းမြင်စိတ်မှာ အမြစ်တွယ်ထားတဲ့ ‘ငါ’ ဖြစ်နေရမှာပါ။ အဲဒီ အစွန်းရောက် အတွေးအခေါ်တွေဟာ လူ့အသိုင်းအဝိုင်းတစ်ခုဆီကို ပဋိပက္ခတွေကိုသာ ပိုမိုသယ်ဆောင် လာတတ်ပါတယ်။ 

ကိုလိုနီခေတ်ကနေ လွတ်မြောက်လာတဲ့အာရှဟာ အဲဒီအစွန်းရောက်အယူဝါဒတွေကို အသုံးချမှုကြောင့် ကြီးမားတဲ့သွေးထွက်သံယိုမှုဖြစ်စဉ်တွေ သာဓကပြစရာမှ အများကြီးပါ။ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သီရိလင်္ကာမှာဖြစ်နေတဲ့ လူများစုဆင်လာလီနဲ့ တမီလ်တွေကြားက ပဋိပက္ခ၊ အိန္ဒိယမှာ ခေါင်းထောင်လာတဲ့ ဟိန္ဒူအစွန်းရောက်အမျိုးသားရေးဝါဒ၊ အရှေ့အလယ်ပိုင်းမှာ ကြီးထွားလာနေတဲ့ အစ္စလာမ်အစွန်းရောက်ဝါဒ တွေကိုသာ ခေတ်ပြိုင်သာဓကအနေနဲ့ ကြည့်ပါ။ ကျွန်တော်တို့အမြင်မှာတော့ အဲဒီ အစွန်းရောက်ဝါဒတွေဟာ အနောက်တိုင်းရဲ့ ယဉ်ကျေးမှုအရ လွှမ်းမိုးကျွန်ပြုဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြိုးစားမှုကို တန်ပြန်ရာကနေ ပေါ်ထွက်လာတာတေါပါပဲ။ အနောက်ကမ္ဘာက မီဒီယာနဲ့ ခေါင်းဆောင်တွေအနေနဲ့ အစ္စလာမ် အစွန်းရောက်ဝါဒကို လက်ညှိုးတစ်ချောင်းထိုးတိုင်း သူတို့ကိုလည်း အစွန်းရောက်အစ္စလာမ် ဝါဒ ပေါ်ထွန်းခြင်းရဲ့ တရားခံအဖြစ် ပြန်ထိုးတဲ့ လက်ညှိုးတွေပိုများတယ်ဆိုတာ သူတို့သတိမူသင့်ပါတယ်။ လူမျိုး တစ်မျိုးဟာ သူတို့ရဲ့ ဖြစ်တည်မှု အမှတ်လက္ခဏာ ပျောက်ဆုံးတဲ့အခါမှာ အဲဒီ အမှတ်လက္ခဏာကို ပြန်ရယူဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းက ရန်-ငါစည်းသားတဲ့ အစွန်းရောက်အယူဝါဒပါပဲ။ 

ကိုလိုနီနယ်ချဲ့မှု၊ အနောက်တိုင်းဇာတ်သွတ်သွင်းမှု၊ ကမ္ဘာရွာအဖွဲ့ဝင်ဖြစ်ရေး၊ ခေတ်မီရေးလှိုင်းစီးရေးတို့နဲ့ အတူ ပါလာတဲ့ မကောင်းတဲ့ အရာတွေကို ကျွန်တော်တို့ တင်ပြတဲ့အခါမှာ ကျွန်တော်တို့ဟာ အတိတ်က ရွှေထီးဆောင်းခဲ့တာ ကိုသာ ပြန်တမ်းတနေပြီး ခေတ်နဲ့လျော်ညီအောင် ဘာမှ မပြုပြင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ကိုလိုနီ နယ်ချဲ့ တွေရောက်မလာခင်က အာရှဒေသဟာ လုံးလုံးကြီး ပဒေသာပင်ပေါက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မှာလည်း ကျွန်ပြုတာတွေ၊ အဓမ္မခိုင်းစေတာတွေ သူ့ဟာနဲ့သူ ရှိပါတယ်။ တချို့ဒေသတွေမှာဆို ရောဂါကပ် တွေကြောင့် လူတွေ အရွယ်မတိုင်ခင် သေခဲ့ကြပါတယ်။ အနောက်တိုင်းမှာ ကျန်းမာရေးအသိပညာပိုင်း လိုက်နာဆောင်ရွက်မှုမရှိစဉ်က ကပ်တွေကြောင့် လူတွေသေခဲ့ကြသလိုမျိုးပေါ့။ 

နိုင်ငံရေးပိုင်းမှာလည်း သက်ဦးဆံပိုင်စနစ်တွေ၊ ပဒေသရာဇ်စနစ်တွေနဲ့ အုပ်ချုပ်တဲ့စနစ်တွေ ရှိခဲ့ကြသလို တရုတ်မှူးမတ်စနစ်မှာလိုမျိုး မည်သူမဆို ဝင်ရောက်အရွေးခံနိုင်ပြီး အရည်အချင်းအလိုက် ရာထူးခန့်တဲ့စနစ်တွေလည်း ကျင့်သုံးခဲ့ကြဖူးပါတယ်။ ကျွန်တော်တို့ရဲ့ အတိတ်မှာလည်း ခုခေတ်ထိအောင် ပြုပြင်ပြောင်းလဲကျင့်သုံးနေသင့်တဲ့ စနစ်အလေ့အထ ဟောင်းတချို့ ရှိပါတယ်။ အနောက်တိုင်း သိပ္ပံပညာက လိုက်မမီ မတွေ့ရှိသေးတဲ့ တချို့သော သိမ်မွေ့တဲ့ အယူအဆတွေ၊ နာမ်ပိုင်းဆိုင်ရာ ဉာဏ်ပိုင်းဆိုင်ရာတွေ၊ လူချင်းဆက်ဆံရေးဆိုင်ရာ အာရှအမွေအနှစ် အသိပညာတွေကိုတော့ အထူးသဖြင့် မပျောက်ပျက်အောင် ထိန်းသိမ်းပြီး ဆက်လက်အသုံးချသင့်ပါတယ်။ ဗုဒ္ဓဘာသာအလိုအရ အရာရာဟာ အနိစ္စပါ။ အမြဲဖြစ်ပျက်ပြောင်းလဲနေတာပါ။ ကျွန်တော်တို့မေးရမှာက ဘယ်လို အပြောင်းအလဲ အမျိုးအစားလဲ၊ သူတို့ကို ဘယ်လိုဖော်ဆောင်ကြမလဲ ဆိုတာပါပဲ။

ဘယ်သူတွေနဲ့ဆိုင်တဲ့ အာရှယဉ်ကျေးမှုတန်ဖိုးလဲ

အာရှယဉ်ကျေးမှုတန်ဖိုးတွေအကြောင်း ပြောကြရာမှာ အဓိကထင်ရှားတဲ့ အတွေးအခေါ်နဲ့ လက်တွေ့ လမ်းကြောင်းကြီး နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ပိုမိုအားကောင်းပြီး ‘ခေတ်မီ တိုးတက်ရေးဂိုဏ်း’ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဝင်တွေဟာ သူတို့ဖော်ဆောင်မယ့် စီးပွားရေးခေတ်မီ တိုးတက်ရေး လမ်းစဉ်ကို အထောက်အကူပေးမယ်လို့ ယူဆတဲ့ အာရှအစဉ်အလာတွေ၊ တန်ဖိုးတွေကိုပဲ သီးသန့်ရွေးချယ် ကြတယ်။ တချို့ဟာတွေဆိုရင် တကယ့် အာရှရဲ့ မူလအရိုးအစဉ်တွေ (ဥပမာ ပညာရေးကိုလေးစားခြင်း) ဖြစ်ပြီး တချို့ကျတော့ ရှေးရိုးစွဲမူဝါဒတွေကို အားဖြည့်ပေးဖို့ရာအတွက် အဓိပ္ပာယ်ပြန်လည်ဖွင့်ဆိုထားတဲ့ အရိုးအစဉ်တွေ (ဥပမာ တဦးချင်းလွတ်လပ်ခွင့်ထက် နိုင်ငံတော်ရဲ့အာဏာကို ပိုအလေးထားခြင်း) ပဲ ဖြစ်ပါတယ်။ အဲဒီ ဂိုဏ်းမှာ ထင်ရှားသူတွေကတော့ စင်ကာပူရဲ့ လီကွမ်းယု၊ မလေးရှားရဲ့ မဟာသီယာ မိုဟာမက်၊ တရုတ်ပြည်မကြီးရဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို၊ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးတွေကို ‘အာရှယဉ်ကျေးမှု’ ဆိုတာကိုသုံးပြီး ကာကွယ်ပါတယ်။ တစ်ချိန်တည်းမှာ သူတို့ဟာ သက်ဆိုင်ရာ နိုင်ငံတွေကို ခေတ်မီတိုးတက်အောင် အနောက်ရဲ့လမ်းစဉ်ကို တစ်ထပ်တည်းနီးပါး ပုံတူယူကြတယ်။ အနောက်တိုင်း သိပ္ပံနဲ့ နည်းပညာတွေကို ချီးမွမ်းကြတယ်။ 

အဲဒီဂိုဏ်းသား အာရှခေါင်းဆောင်တွေက အချို့ဟာ (ဥပမာ အင်ဒိုနီးရှားက ဆူဟာတိုမိသားစု၊ ဖိလစ်ပိုင်က ဖာဒီနန်မားကို့စ်နဲ့ အီမယ်ဒါ မားကို့စ်) သူတို့ကိုယ်တိုင်က အကျင့်ပျက်သူတွေဖြစ်သလို ရာဇဝတ်မှုမြောက်သူ တွေလည်း ဖြစ်ပါတယ်။ တခြားသူတွေကျတော့ တစ်ဦးချင်းအနေနဲ့ ကိုယ်ကျင့်သီလရှိသူတွေ ဖြစ်ပေမဲ့ သူတို့ ဦးစားပေးဖော်ဆောင်တဲ့ လောဘဦးစီးတဲ့ စီးပွားရေးစနစ်၊ ဓနဥစ္စာစုဆောင်းတဲ့စနစ်ကြောင့် တစ်ဖက်က လူမှုသဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးတဲ့ ရလဒ် ထွက်ရတာကို လျစ်လျူရှုထားကြသူတွေ ဖြစ်ပါတယ်။ အများစုဟာ အဲဒီပုံစံနှစ်မျိုးကို ရောထားကြသူတွေပါ။ 

နောက်ထပ် တစ်ဂိုဏ်းကတော့ မဟတ္တမ ဂန္ဓီလို ပုဂ္ဂိုလ်မျိုး ပါဝင်ပါတယ်။ ဂန္ဓီရဲ့လမ်းစဉ်ဟာ အနောက်တိုင်းသား အစိမ်းရောင်မူဝါဒအတွေးအခေါ် သမားတွေဖြစ်တဲ့ အီး အက်ဖ် ရှူမက်ကာတို့ လို လူတွေအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဂန္ဓီဟာ စက်မှုစီးပွားရေးကို မေးခွန်းထုတ်ခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ခေါင်းဆောင်တွေ ထဲမှာ ပါဝင်ပါတယ်။ ဂန္ဓီ့လို တခြားပုဂ္ဂိုလ်တွေက အရှစ် နန္ဒီ နဲ့ ဝန္ဒန ရှီဗာ (အိန္ဒိယ)၊ ဗုဒ္ဓဒါသ နဲ့ ဆုလက် ဆီဝရက်ဆ (သျှာမ်)၊ ဝါလ်ဒင် ဘယ်လိုနဲ့ ဘိရှော့ လာဘာယင် (ဖိလစ်ပိုင်)၊ ချန္ဒြာ မူဇဖ္ဖာ (မလေးရှား)၊ လာဒက်မှာ ဆောင်ရွက်ချက်တွေနဲ့အတူ လူသိများတဲ့ ဟယ်လင်နာ နော်ဘတ်ချ်ဟော့ချ် နဲ့ယူကေနိုင်ငံ ရှူမက်ကာကောလိပ်က ဆာတစ်ရှ် ကုမာရ်တို့ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ သူတို့ထဲက တချို့က လူသိများပြီး တချို့ကိုတော့ အသိနည်းပါတယ်။ ဒါပေမဲ့ သူတို့ဟာ အာရှတိုက်ရဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ အော်လ်တာနေးတစ် အတွေးအခေါ်သမားတွေကြားမှာတော့ ထင်ရှားပြီးသားပါ။ အပေါ်မှာ ပြောခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲက ဝန္ဒန ရှီဗာကလွဲရင် ကျန်သူအားလုံးကို ဒီဆောင်းပါးရှင်တွေက အင်တာဗျူးပြီးသားပါ။ အင်တာဗျူးတွေကို ၂၀၀၁ ခုနှစ်မှာထွက်မယ့် Alternative Politics for Asia စာအုပ်ထဲမှာ ဖော်ပြမှာပါ။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံသား အဗ္ဗဒူရာမန် ဝါဟစ်ကိုလည်း အင်တာဗျူးခဲ့ပါတယ်။ သူဟာဆိုရင် နယူးဇီလန်နဲ့ ဩစတြေးလျရဲ့ အစိမ်းရောင်သမားတွေအတွက် အံ့ဩစရာကောင်းလောက်တဲ့ အငြင်းပွားစရာ ရွေးချယ်မှုလည်း ဖြစ်ပါတယ်။ အဗ္ဗဒူရာမန် ဝါဟစ်ကို အနောက်တိုင်းမီဒီယာတွေက သိပ် နားမလည်ကြပါဘူး။ အနောက်ပညာရေးကိုရခဲ့တဲ့ အင်ဒိုနီးရှားသား ထိပ်သီးအလွှာတွေတောင် နားမလည်နိုင် ကြပါဘူး။ ကျွန်တော်တို့အတွက်ကတော့ သူဟာ အတော်ဆုံး နိုင်ငံရေးသမား၊ အတွေးအခေါ်ရှင်နဲ့ တရားပိုင်း ရှေ့ဆောင်လမ်းပြတွေထဲက တစ်ဦးပါ။ သူဟာ ပြီးခဲ့တဲ့နှစ်သုံးဆယ်လုံးလုံး ပြည်သူ့လှုပ်ရှားမှုထဲမှာ စစ်စစ်မှန်မှန် ပါဝင်ခဲ့သူ၊ အာဏာရလာပြီးနောက်ပိုင်းလည်း ကိုယ့်ရပ်တည်ချက်ကို လုံးဝမပြောင်းလဲခဲ့သူ ဖြစ်ပါတယ်။ အာရှရဲ့ နိုင်ငံရေးပုံစံသစ်ကိုရှာဖွေနေကြသူတွေဟာ အနောက်တိုင်းစံတွေနဲ့ တထပ်တည်း မကျတဲ့ သူ့ကို၊ သူအလုပ်လုပ်ပုံကို နားလည်ဖို့ လိုတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ 

အဲဒီ ဆရာတွေတစ်ဦးချင်းစီဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေ နဲ့ အညီ အာရှ ယဉ်ကျေးမှု တန်ဖိုးကို ထုတ်ဖော်ကြပါတယ်။ အဲဒီ အစဉ်အလာတွေ တစ်ခုနဲ့တစ်ခု ဘယ်လိုပဲ မတူညီသည်ဖြစ်စေ၊ စုံလင်ကွဲပြားသည်ဖြစ်စေ ထပ်တူညီနေတဲ့ရပ်ဝန်းကြီး တစ်ခုလည်းရှိပါတယ်။ အဲဒီ ဆရာတွေဟာ အနောက်တိုင်းစံပြု ခေတ်မီတိုးတက်ရေး လမ်းစဉ်ကြီးရဲ့ အခြေခံ တန်ဖိုးစံတွေကိုလည်း ဝေဖန်တဲ့နည်းနဲ့ချဉ်းကပ်ကြပါတယ်။ ဥပမာ သိပ္ပံပညာသည်သာ သစ္စာအယူအဆ၊ လူ့သမိုင်းဟာအဖြောင့်အတိုင်း တိုးတက်သွားမယ်ဆိုတဲ့ အယူအဆ၊ စီးပွားရေးတိုးတက်မှု အဆုံးမရှိအယူ၊ လောဘကိုအားပေးတာ၊ တိရစ္ဆာန်တွေထက် လူကိုပိုဦးစားပေးခြင်း၊ စက်မှုထွန်းကားတဲ့ လူ့ဘောင်ကို ချီတက်ရေး၊ တိုင်းပြည်စစ်တပ်တွေ ခေတ်မီဆန်းသစ်ရေး၊ စစ်မက်ပြုရေး၊ လူ့အဖွဲ့အစည်းအတွင်း အတ္တဟိတပဓာန၊ ကုန်စည်တွေကို အလွန်အကျွံဝယ်ယူ သုံးစွဲနေတာဟာ ကောင်းတယ်လို့မြင်တာ စတဲ့ အယူအဆနဲ့ တန်ဖိုးစံတွေဖြစ်ပါတယ်။ အဲဒီ ဆရာတွေ အတွက်ရော တခြားသော အာရှသားအတော်များများအတွက်ရော ဆိုခဲ့ပါ ခေတ်မီရေး စံတွေဟာ အာရှရဲ့ နှလုံးသည်းပွတ် ယဉ်ကျေးမှုနဲ့ ဘာသာရေးတန်ဖိုးစံတွေနဲ့တော့ ဖီလာဆန့်ကျင် ဖြစ်နေပါတယ်။ ချန္ဒြာ မူဇဖ္ဖာရဲ့ စကားကို ယူသုံးရရင် … 

“ကျွန်တော်တို့မှာ တတိယ ချဉ်းကပ်နည်း လိုအပ်နေပြီလို့ထင်တယ်။ ဒါဟာ လူတွေကို အကျဉ်းစခန်းထဲ ပိတ်လှောင်ထားသလို ပိတ်ထားရမယ်လို့ ပြောတာမဟုတ်သလို အကြွင်းမဲ့သဘောနဲ့ အနောက်တိုင်း ဆန်ကြစို့ဟေ့၊ ဂလိုဘယ်လိုက်ဇေးရှင်းကို ကြိုဆိုကြစို့ဟေ့လို့ ပြောတာလည်း မဟုတ်ပါဘူး။ တတိယ ချဉ်းကပ်နည်းဆိုတာဟာ တဖက်က မိမိကိုယ်မိမိ အသိအမှတ်ပြုပြီး၊ မိမိယဉ်ကျေးမှုရဲ့ အခြေခံ တန်ဖိုးတွေကို ထုတ်ဖော်ကျင့်သုံးတဲ့ ချဉ်းကပ်မှုဖြစ်သလို၊ တစ်ချိန်တည်းမှာလည်း မိမိဘာသာတရား၊ မိမိ ယဉ်ကျေးမှုရဲ့ ပင်စည် ခက်မ အရိုးအရွက်တွေနဲ့လည်း ဝေးကွာမသွားတဲ့ ချဉ်းကပ်မှုဖြစ်ပါတယ်။ ဒီချဉ်းကပ်မှုအားဖြင့်သာလျှင် အစ္စလာမ်ဘာသာရဲ့ ဘာသာရေးတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုးတွေကို မြတ်နိုးမှုမလျော့ကျဘဲ တဖက်ကလည်း ဘယ်လူမျိုးကိုပဲဖြစ်ဖြစ် အားလုံးလူတွေပဲလို့မြင်လာမှာ ဖြစ်ပါတယ်။” 

လမ်းကြောင်းသစ်အတွေးအခေါ်ဆရာတွေ အားလုံးမှာ တူညီတဲ့အချက်ကတော့ ချန္ဒြာ မူဇဖ္ဖာပြောတဲ့ အမြင်မျိုးပါ။ ပေါင်းစည်းလာတဲ့ ကမ္ဘာကြီးမှာ မတူကွဲပြားတဲ့ တခြားယဉ်ကျေးမှုတွေကိုလည်း ကောင်းနိုးရာရာ လက်ခံမယ်၊ မိမိရဲ့ ရိုးရာအစဉ်အလာ အသိပညာတွေကိုလည်း ထိန်းသိမ်းထားမယ်ဆိုတာမျိုးပါ။ အရေးကြီးတာ တစ်ချက်က အဲဒီ ဆရာတွေရဲ့ အမြင်တွေ အာဘော်တွေဟာ အတိတ်ကိုသာ တမ်းတ လွမ်းဆွတ်ပြီး ပြန်သွားချင်နေတာမျိုး မဟုတ်ပါဘူး။ ယဉ်ကျေးမှုအမျိုးမျိုးအတွက် သင့်လျော်မယ့် တာရှည်ခံမယ့် စွယ်စုံရချဉ်းကပ်မှုမျိုးအပေါ် အခြေခံတဲ့ အမြော်အမြင်တစ်ရပ်ကို အဲဒီဆရာတွေက ထောက်ခံ ရပ်တည်နေကြတာဖြစ်ပါတယ်။ ဟယ်လင်နာ နော်ဘတ်ချ် ဟော့ချ် ပြောသလိုဆိုရင် … 

“လာဒက်မှာတုန်းက ရခဲ့တဲ့ အတွေ့အကြုံအရ အသေးစားရေအားလျှပ်စစ် စနစ်တွေ၊ နေရောင်ခြည်ကနေ စွမ်းအင်ထုတ်ယူတာတွေ၊ လေအားလျှပ်စစ်တို့နဲ့ဆိုရင် ဖန်လုံအိမ်စိုက်ပျိုးရေးတို့၊ ရေအပူပေးဖို့တို့၊ တချို့သော ကိစ္စတွေဆောင်ရွက်ဖို့အတွက် ဒေသရဲ့ လူမှုစီးပွားဘဝတွေကို မဖျက်ဆီးဘဲ၊ သဘာဝ ရင်းမြစ်တွေလည်း မပျက်စီးစေဘဲ လုပ်လို့ရပါတယ်။ အဲဒီ နည်းပညာတွေကို ကျွမ်းကျင်လိမ္မာပါးနပ်စွာနဲ့ အသုံးချဖို့ တအားအရေးကြီးပါတယ်။ လက်ရှိ ဖော်ဆောင်နေတဲ့ စီမံကိန်းကြီးတွေအစား ခုနကလို ဟာလေးတွေကို ကုန်ကျစရိတ် အများကြီးချွေတာပြီး ဒေသပြည်သူနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ သွားချင်တဲ့ လမ်းကြောင်းသစ်ကို မြန်မြန်ပဲ ဖောက်လို့ရမယ်၊ အကုန်အကျလည်း နည်းမယ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလဲ နည်းမယ်၊ လူမှုစီးပွားဘဝတွေအပေါ် သက်ရောက်ဖျက်ဆီးမှုလည်း အတော်လေး နည်းသွားပါလိမ့်မယ်။” 

သန္ဓေတန်ဖိုးများ

ဒါဖြင့်ရင် အာရှသား တွေးခေါ်ရှင်တွေ ဖော်ထုတ်နေပြီး ထွန်းကားအောင်ဆောင်ရွက်နေတဲ့ သန္ဓေ တန်ဖိုးတွေ ဆိုတာ ဘာတွေများလဲ။ 

အဲဒီဆရာသမားတွေနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတွေ၊ သူတို့ရဲ့ ရေးသားမှုတွေကနေ ထုတ်နုတ်ကြည့်မယ် ဆိုရင်တော့ အခုလို အနှစ်ချုပ်နိုင်မှာ ဖြစ်ပါတယ်။ 

လူသားတွေဟာ ပင်ကိုသဘာဝအရကို ရုပ်ထက် နာမ်တန်ဖိုးကို ပိုဦးစားပေးသူတွေဖြစ်တယ်

လူ့ဘဝရဲ့ ရည်မှန်းချက်ဟာ ရုပ်ဝတ္ထုပစ္စည်းထွန်းကားဖို့နဲ့ ကိုယ်ကျိုးကြည့်ဖို့ (ဓန၊ အာဏာဩဇာ၊ အသိအမှတ်ပြုခံရမှု၊ ကာမဂုဏ်အာရုံတွေနောက် တဆုံးလိုက်ဖို့) မဟုတ်ဘဲ ဗြဟ္မစိုရ်တရား ကိန်းအောင်းဖို့နဲ့ သီလ၊ သမာဓိ၊ ပညာတိုးတက်ဖို့ဖြစ်တယ်။

ဒီ ရည်မှန်းချက် ပြည့်မြောက်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ တစ်ဦးချင်း ကိန်းအောင်းသတ္တိတွေကို ဖော်ထုတ်ရပါမယ်။ ဖော်ထုတ်ရာမှာ ကျောသားရင်သားမခွဲခြား သတ္တဝါအားလုံးအကျိုးကို ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းနဲ့ ဖော်ဆောင်နိုင်မယ့်နည်းလမ်းနဲ့ ဖော်ထုတ်လေ့ကျင့်ရပါမယ်။

ဒီအတွက် တစ်ဦးချင်း စိတ်ဂုဏ်သတ္တိတွေ ထက်မြက်လာအောင် လေ့ကျင့်ပေးရမှာ ဖြစ်သလို မိမိကိုယ်ကိုယ်ရော သူတစ်ပါးကိုရော မထိခိုက်စေတဲ့ ကိုယ်ကျင့်သီလအခြေခံလည်း လိုအပ်ပါတယ်

ကိုယ်ကျင့်သီလအခြေခံဟာ ယှဉ်ပြိုင်ဖို့ထက် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးပိုထားရမယ်၊ လောဘကို ရှုတ်ချပြီး လျှော့ချဖို့လုပ်ရမယ်၊ အကြမ်းဖက်ခြင်းကို ရှုတ်ချပြီး အကြမ်းမဖက်ခြင်းကို မြှင့်တင်ရမယ်၊ ဘုံကောင်းကျိုး မြှင့်တင်ခြင်းအားဖြင့် လူတဦးချင်းရဲ့အခွင့်အရေးကိုလည်း မဆုံးရှုံးစေဘဲ အများကောင်းကျိုးကို ဖော်ဆောင်ရပါမယ်။

လူ့ဘောင်လောကကို ပြန်တည်ဆောက်နိုင်ဖို့အတွက် အဲဒီ တန်ဖိုးတွေဟာ တဦးချင်းအဆင့်မှာသာ ရပ်မနေရဘဲ လူ့ဘောင်အသိုင်းအဝိုင်း အဆင့်မှာပါ ထွန်းကားရပါမယ်။

မိမိကိုယ်ကိုယ်သိအောင်၊ လောကကိုသိအောင် နည်းလမ်းအမျိုးမျိုးနဲ့ သွားနိုင်ပါတယ်။ အဲဒီလို နည်းလမ်း တစ်မျိုးမကရှိတယ်ဆိုတာဟာ တန်ဖိုးတစ်ခုဖြစ်ပြီး တန်ဖိုးတွေကိုပြန်ဖော်ထုတ်တာ၊ ဖော်ထုတ်နိုင်အောင် ကူညီပေးတာ၊ အခြေခံအုတ်မြစ်အဖြစ် ပါဝင်စေတာတွေဟာ မိမိတို့တန်ဖိုးကို မိမိယုံကြည်မှုရှိတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာက ကိုယ်တိုင် လက်တွေ့ မျက်တွေ့သိမှုကို ရှာဖွေရာမှာ အနောက်တိုင်း သိပ္ပံပညာ နည်းကျ ဖော်ထုတ်တဲ့နည်းလမ်းကိုသာ တစ်ခုတည်းသော နည်းအဖြစ် ယူဆထားကြပါတယ်။ ကိုယ်ကျင့်သီလရှိပြီး အနှစ်သာရပြည့်တဲ့ ဘဝတစ်ခုမှာ နေထိုင်ဖို့ဆိုရာမှာ ခုနကပြောတဲ့ အနောက်တိုင်းသိပ္ပံနည်းလမ်းအပြင် တခြားသော နည်းလမ်းပေါင်း အမြောက်အမြားဟာလည်း အရေးကြီးတာချင်းတူတူပဲ၊ သို့မဟုတ် ပိုတောင် အရေးကြီးပါတယ်။ ကမ္မဋ္ဌာန်းကျင့်တာ၊ ငြိမ်ငြိမ်လေးကြံစည်စဉ်းစားတာ၊ ယောဂတို့ ထိုက်ချိတို့ ရှားမန်းကျင့်စဉ်တို့ ကျင့်တာ၊ ထိုးထွင်းသိမြင်တာ၊ အိပ်မက်ကနေရှာဖွေတာ စတဲ့ အခြားသောနည်းနဲ့ ဉာဏ်ထူးကို ရှာဖွေတာဟာလည်း လက်သင့်ခံလို့ရတဲ့၊ ဘဝရဲ့အရေးကြီးလမ်းညွှန်မှုတွေဖြစ်ပါတယ်။ တစ်ပါးသူကို ထိခိုက်စေတဲ့ အသိပညာနဲ့ နည်းပညာတွေ (ဥပမာ လက်နက်တွေထုတ်လုပ်တာ) မျိုးကို ခွင့်မပြုသင့် ပါဘူး။ လူသတ်လက်နက်တွေ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းကိုယ်၌က လူ့အခွင့်အရေးချိုးဖောက်တာ ဖြစ်သလို အကြမ်းမဖက်လမ်းစဉ် ဗဟိုပြု ကိုယ်ကျင့်သီလကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။

အဲဒီ သန္ဓေတန်ဖိုးတွေအပေါ် အခြေခံထားတဲ့ ‘အပြစ်ကင်းတဲ့ဘဝ’ ထဲမှာ ဘာတွေပါဝင်ပါသလဲ။ ဗုဒ္ဓဘာသာ၊ တာအိုဝါဒ၊ ဂျိန်းဘာသာ၊ ဟိန္ဒူဘာသာ စတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဘာသာတရားတွေက ရှင်းရှင်း ဆိုပြီးသားပါပဲ။ အပြစ်ကင်းတဲ့ဘဝဆိုတာ မြို့ကြီးပြကြီးတွေမှာ နေတဲ့ဘဝကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီ ဘာသာတရားတွေက ချီးမွမ်းတဲ့ စံပြဘဝဆိုတာ တောတောင်ကိုမှီပြီးနေထိုင်တဲ့ ရိုးရှင်းတဲ့ အရညမှီ သမဏဘဝပါ။ သဘာဝနဲ့နီးစပ်ပြီး တခြားသောသတ္တဝါတွေကိုလည်း မိတ်ဆွေအဖြစ် ဆက်ဆံတဲ့ဘဝပါ။ ယဉ်ကျေးမှုတစ်ခုရဲ့ အမြင့်ဆုံးပုံသဏ္ဌာန်ဆိုတာ မြို့ပြမှာနေတဲ့ဘဝ မဟုတ်ပါဘူး။ မြေကြီးနဲ့နီးစပ်တဲ့ တောနေဘဝဟာ တကယ့်ကို စိတ်အေးချမ်းစေပါတယ်။ ကျေနပ်ရောင့်ရဲတတ်မယ်၊ ပေးကမ်းစွန့်ကြဲတတ်မယ်၊ လောဘမကြီးဘူး၊ မောင်ပိုင်မစီးဘူးဆိုတဲ့ အပြစ်ကင်းတဲ့ဘဝက ချီးမွမ်းအပ်တဲ့ ကျင့်စဉ်ဘဝဖြစ်ပါတယ်။ ဗုဒ္ဓရဲ့သာဝကတွေ အတွက်ကတော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနစတဲ့ ကိလေသာတွေ ချုပ်ငြိမ်းဖို့ဆိုရင် ရိုးရှင်းတဲ့ဘဝမှာနေထိုင်ပြီး မိမိရဲ့ လိုအပ်ချက်တွေ၊ လိုအင်တွေကို လျှော့ချရင်းနဲ့ ရရှိနိုင်ပါတယ်။ 

လူတွေရဲ့ ပိုနေတဲ့အချိန်တွေ၊ ဓနဥစ္စာတွေကို မေတ္တာထွန်းကားဖို့၊ အနတ္တသဘောကိုနားလည်ဖို့၊ သည်းခံ ခွင့်လွှတ်တတ်ဖို့၊ သမာဓိပညာတိုးတက်အောင် လေ့ကျင့်ဖို့နေရာမှာ သုံးစွဲအောင် တိုက်တွန်းတဲ့ ယဉ်ကျေးမှု တစ်ခုဟာ လကမ္ဘာဆီ ဂြိုဟ်တုတွေလွှတ်ဖို့၊ လူသတ်လက်နက်ဆန်းတွေ ထုတ်လုပ်ဖို့၊ မျိုးရိုးဗီဇကို စိတ်ကြိုက်ပြောင်းလဲနိုင်စေဖို့ သိပ္ပံပညာရှင်တွေကို အားပေးတိုက်တွန်းတဲ့ ယဉ်ကျေးမှုထက် နိမ့်ကျတယ်လို့ယူဆစရာ မဟုတ်ပါဘူး။

ရိုးရာတေးတွေ၊ သီချင်းသည်တွေ၊ သဘင်သည်တွေ၊ ကဗျာဆရာတွေပိုင်ဆိုင်တဲ့ ကျေးလက်အများစုရှိတဲ့ လူ့ဘောင်ယဉ်ကျေးမှုတစ်ခုဟာ မိုးဇတ်တို့၊ ဘီသိုဗင်တို့ရဲ့ ဂီတတွေကို ခံစားတတ်တဲ့ လူ့ဘောင်ယဉ်ကျေးမှုလောက် ‘မယဉ်ကျေး’ ဘူးလို့ ယူဆစရာမလိုပါဘူး။ သျှာမ်မြောက်ပိုင်း တောတောင်ထဲက ကရင်တဲအိမ်လုံးတစ်လုံးဟာ ဘာလင်တို့၊ လန်ဒန်တို့၊ နယူးယောက်တို့က ဒေါ်လာ သန်းချီတန် အိမ်ကြီးဂေဟာတစ်လုံးထက် ‘ပိုနိမ့်ကျ’ တယ်လို့ စဉ်းစားစရာမလိုပါဘူး။ ဘယ်လို ဘဝမျိုးကမှ သန္ဓေတန်ဖိုးတွေကို လက်တွေ့ကျင့်သုံးဖို့ရာ ပိုနီးစပ်သလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

ခု ဆွေးနွေးခဲ့တဲ့သန္ဓေတန်ဖိုးတွေဟာ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို နားလည်စေမယ့် နည်းလမ်း တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီတစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ အာရှတန်ဖိုးတွေထဲမှာ အပြုသဘော မဆောင်တဲ့ တန်ဖိုးတွေ မရှိဘူးလို့လည်း မပြောပါဘူး။ အပျက်ဆန်တဲ့ တန်ဖိုးတွေဟာ ပတ်ဝန်းကျင်နဲ့ အညမညဖြစ်တဲ့ အနာဂတ်ကိုရောက်ဖို့ရာ ဆက်လက်သယ်ဆောင်သွားရမယ့် တန်ဖိုးမျိုး မဟုတ်ပါဘူး။ သူတို့ကိုတော့ ကျွန်တော်တို့က ပြန်လည်ဆန်းသစ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ တင်ပြတဲ့ တန်ဖိုးတွေဟာ အာရှမှာသာ ရှိတယ်လို့လည်း မဆိုလိုပါဘူး။ အဲဒီတန်ဖိုးတွေဟာ အာရှဒေသနဲ့ ယှဉ်တွဲနေခဲ့တာ နှစ်ပရိစ္ဆေဒကြာခဲ့ပြီဆိုတာရယ်၊ သူတို့ရဲ့တန်ဖိုးတွေ အသုံးကျမှုတွေကို ဆက်လက် ထိန်းသိမ်းဖို့လိုတယ် ဆိုတာရယ်ကိုသာ ထောက်ပြချင်တာပါ။ 

အနောက်တိုင်းရဲ့ ခေတ်မီတိုးတက်ရေး လမ်းစဉ်အတိုင်း ကျွန်တော်တို့က မျက်စိမှိတ်ပြီး လိုက်လျှောက်ကြတဲ့ အခါမှာ ကျွန်တော်တို့ဟာ အပြန်အလှန်လေးစားခြင်းနဲ့ မိမိကိုယ်မိမိ ဖွံ့ဖြိုးတိုးတက်စေခြင်းဆိုတဲ့ မူတွေအပေါ် ထိုင်ထားတဲ့ လူမှုကျင့်စဉ်ကြီးရဲ့ ကလေးငယ်ကို လွှင့်ပစ်လိုက်တာနဲ့ တူပါတယ်။ 

သန္ဓေတန်ဖိုးများနှင့် အစိမ်းရောင်နိုင်ငံရေး

အာရှရဲ့သန္ဓေတန်ဖိုးတွေကို တန်ဖိုးထားပြီး၊ မိမိယဉ်ကျေးမှု မိမိ ဘာသာတရားအစဉ်အလာတို့နဲ့ အညီ ကျင့်သုံးမယ်ဆိုရင် ပစ္စက္ခတ်နိုင်ငံရေး အခြေအနေတွေရဲ့ ကောင်းကွက်တွေ၊ ဆိုးပြစ်တွေအပြင် သူတို့ရဲ့ လာရာတွေကို ခွဲခြမ်းစိတ်ဖြာ ပြတ်ပြတ်သားသား မြင်ရမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလိုရှိအပ်တဲ့ အနာဂတ်ကိုလည်း စိတ်ကူးကြံစည်နိုင်ပါလိမ့်မယ်။ အဲဒီ ပန်းတိုင်ရောက်ဖို့ လိုအပ်တဲ့လူအမှုအပြောင်းအလဲအတွက် နည်းနာတွေကိုလည်း ဖော်ထုတ်နိုင်မှာပါ။

အားကောင်းတည်ငြိမ်တဲ့ ယဉ်ကျေးမှုကိုယ်ခံ၊ ဘာသာတရားကိုယ်ခံပိုင်း မိမိမှာရှိထားလို့ တစ်ပါးသော လူမျိုး၊ တစ်ပါးသော ယဉ်ကျေးမှုနဲ့ တစ်ပါးသော ဘာသာတရားပုံသဏ္ဌာန်တွေကို တံခါးပိတ်ထားရမယ်လို့ မဆိုလိုပါဘူး။ တကယ်က ကိုယ့်မှာ ကိုယ်ခံအားကောင်းတာနဲ့အမျှ စိတ်သဘောထားကြီးကြီးနဲ့ မတူတာတွေကိုပါ လက်ခံကြိုဆိုနိုင်ပါတယ်။ မိမိကိုယ်ကိုယ်မသိခြင်းကနေ ပေါ်ထွက်လာတဲ့ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ မလုံခြုံစိတ်ကနေ ကင်းလွတ်စေနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အတွင်းအပ နှစ်ဌာနမှာရှိတဲ့ တခြားသော ရင်းမြစ်တွေကနေလည်း သင်ယူလေ့လာပြီး ဝေဖန်ပိုင်းခြားမှုပါတဲ့ အသိသတိနဲ့အတူ ကျင့်သုံးနိုင်မှာလည်း ဖြစ်ပါတယ်။ ပြီးရင်တော့ တစ်ပါးသော ရင်းမြစ်တွေဆီက ကောင်းတာတွေကို ရွေးချယ်ပြီး မိမိလူ့အဖွဲ့အစည်းနဲ့ ကိုက်ညီအောင် ပေါင်းစပ်ကျင့်သုံးနိုင်ပါလိမ့်မယ်။ အဲဒီ အထိုင်ပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ဟာ အစိမ်းရောင်ဗဟိုပြုနိုင်ငံရေး ဘာလဲ ဘယ်လဲဆိုတာ၊ အစိမ်းရောင်နိုင်ငံရေး အာရှရေခံမြေခံမှာ ပွင့်လန်းဝေဆာနိုင်မှာလားဆိုတာကို အကဲဖြတ်နေကြတာဖြစ်ပါတယ်။ ဘယ်လို အချိတ်အဆက်တွေ ကျွန်တော်တို့ တွေ့ပြီး ပါပြီလဲ။

တိရစ္ဆာန်တွေဟာ လူတွေအတွက် အသုံးချခံ၊ အဖြည့်ခံသာဖြစ်တယ်ဆိုတဲ့ အမြင်ကို အစိမ်းရောင်ဂိုဏ်းသားတွေက လက်မခံကြပါဘူး။ ကျွန်တော်တို့နဲ့လည်း အမြင်တစ်ထပ်တည်းပါပဲ။ ဗုဒ္ဓဘာသာမှာလည်း လူအပြင် တခြား သက်ရှိသတ္တဝါတွေရဲ့အသက်ကိုလည်း လေးစား တန်ဖိုးထားရပါတယ်။ ဒါကြောင့် သက်ရှိသတ္တဝါမှန်သမျှမှာ ပကတိတန်ဖိုးကိုယ်စီရှိတယ်ဆိုတာကို လက်ခံ ဖို့ရာ မခက်ခဲပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘဝသံသရာကျင်လည်မှုကို ယုံကြည်ကြသလို လူနဲ့ တိရစ္ဆာန်လောကအပြင် တခြားသော ဘုံလောကတွေ ရှိသေးတယ်လို့လည်း ယုံကြည်ကြပါတယ်။ လူ တစ်ယောက်ဟာ သေပြီးတဲ့နောက် တိရစ္ဆာန်ဘဝကို ရောက်နိုင်သလို နတ်ဗြဟ္မာစတဲ့ မြင့်မြတ်တဲ့ ဘုံတစ်ခုခုကိုလည်း ရောက်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြင်မှာ နတ်ဗြဟ္မာတွေဟာ မိုးကောင်းကင်က တန်ခိုးရှင် ဖန်ဆင်းရှင်ကြီးတွေ မဟုတ်ပါဘူး။ သူတို့လည်း ကျွန်တော်တို့ လူသားတွေလို သဘာဝလောက ဖြစ်စဉ်ကွင်းဆက်ကြီး ထဲက သက်ရှိတွေပါပဲ။ ဒီဘဝကနေ သေလွန်ပြီးနောက် နောက်ထပ် ဘဝတွေ ဆက်ကျင်လည် ရဦးမယ်ဆိုတဲ့ အသိကြောင့် ကျွန်တော်တို့ဟာ လူ့ဘဝကို ခေါင်းမာမာနဲ့၊ လူလောက် ဘာမှ အရေးမကြီးဘူးဆိုတဲ့ အမြင်နဲ့ မချဉ်းကပ်တတ်အောင် သင်ပေးဖို့ လွယ်ကူပါတယ်။ 

ဗုဒ္ဓရဲ့ အနတ္တသဘောကို မြင်အောင် ရှုကြည့်ခြင်းအားဖြင့် လူနှင့်တိရစ္ဆာန် အညမညစံအမြင်ကို ကိုင်ပြီး နေထိုင်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ တောတောင်တွေဟာ ဉာဏ်အမြင်ရင့်သန်ဖို့ အရေးကြီးတဲ့ ရေခံမြေခံကောင်း တစ်ခုပါ။ ‘အသိဉာဏ်ပညာ’ အားလုံးရဲ့ နှလုံးသည်းပွတ်လို့တောင် ဆိုနိုင်ပါတယ်။ တောတောင်တွေဟာ ကာကွယ်ရမယ့်အရာတွေပါ။ မိုးမျှော်အဆောက်အအုံတွေ၊ ယာဉ်ရထားတွေနဲ့ ပြည့်နေတဲ့ မြို့ကြီးပြကြီးတွေကို တည်ဆောက်ဖို့ရာ ဖျက်ဆီးရင်းနှီးပစ်ရမယ့်အရာတွေ မဟုတ်ပါဘူး။

အနောက်တိုင်း အမြင်မှာတော့ လူ့သမိုင်းဟာ မျဉ်းဖြောင့်နဲ့ တူပါတယ်။ မယဉ်ကျေးရာကနေ ယဉ်ကျေးလာတဲ့ ဖြစ်စဉ်၊ မဖွံ့ဖြိုးရာကနေ ဖွံ့ဖြိုးလာတဲ့ဖြစ်စဉ်ဆိုတဲ့ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲတိုးတက်ခြင်း ပါ။ ဒါပေမဲ့ အရှေ့တိုင်းရဲ့ ဘာသာတရားအများစုကတော့ လူ့သမိုင်းကို အနိမ့်အမြင့်တွေပါတဲ့ ဂရပ်လှိုင်းမျဉ်းတွေလို့ပဲ မြင်ပါတယ်။ ဘယ်ခေတ်မှာမဆို လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပိုကောင်းတာလည်း ဖြစ်နိုင်သလို ပိုဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ ဖန်တီးပေးထားတဲ့ အခြေအနေတွေကို ကြည့်ဆုံးဖြတ်ရမှာပါ။ အရှေ့တိုင်း အယူအဆအရတော့ ခေတ်တစ်ခေတ်ကို အတူတူဖြတ်သန်းနေတဲ့ လူအားလုံးရဲ့ စုပေါင်းကံတွေဟာ အဲဒီလူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းကို ဆုံးဖြတ်ပေးတဲ့ အရေးကြီးတဲ့ ညွှန်ကိန်းပါ။ လူ့အဖွဲ့အစည်းတစ်ရပ်က ကျင့်သုံးတဲ့စနစ်ဟာ လူသားတွေ မေတ္တာထွန်းကားဖို့၊ ရောင့်ရဲတတ်ဖို့၊ အသိဉာဏ်ကို ရှာဖွေပြီး တရားမျှတမှုကို ဦးထိပ်ပန်ဆင်ဖို့ ဖန်တီးပေးထားတဲ့ စနစ်ဆိုရင် အဲဒီ လူ့အဖွဲ့အစည်းဟာ ပိုမိုနေပျော်စရာကောင်းတဲ့နေရာတစ်ခု ဖြစ်မှာပါပဲ။ အဲဒီလိုမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေ တိုးပွားအောင်သာ ဖန်တီးပေးထားတဲ့ စနစ်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ လူ့ဘောင်ဟာ ရွှေကျောင်း ပြောင်ပြောင်ဖြစ်နေရင်တောင်မှ ငရဲမီးလောင်နေသလို မြိုက်နေမှာပါပဲ။ ဒါကြောင့်မို့လို့ မလိုအပ်တဲ့၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတတ်တဲ့ အရာတွေ ထုတ်လုပ်ဝယ်ယူအားပေးနေကြမှုကို ငြင်းပယ်ခြင်းဆိုတဲ့ အစိမ်းရောင်မူဝါဒဟာ ကျွန်တော်တို့နဲ့ ကိုက်ညီပါတယ်။

အစိမ်းရောင်မူဝါဒက လိုလားတောင့်တတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်ရအောင်။ ဗဟိုကနေ အာဏာ ခွဲဖြာစီးဆင်းတာ၊ အများပါဝင်ဆုံးဖြတ်ချက်ချတဲ့ဓလေ့ကျင့်သုံးတာတွေကို ကျွန်တော်တို့ သဘောကျပါတယ်။ ဗုဒ္ဓကိုယ်တိုင်ကလည်း ဘိက္ခု၊ ဘိက္ခုနီသံဃာနှစ်ရပ်စလုံးကို ဒီမိုကရေစီသဘောတရားအပေါ် အခြေခံပြီး တည်ထောင်ထားခဲ့တာပါပဲ။ အတိတ်တုန်းကရော မျက်မှောက်ခေတ်မှာရော အာရှရဲ့အုပ်စိုးသူ လူတန်းစား အချို့ဟာ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး လူတန်းစားမညီမျှမှု၊ အာဏာရှင်အုပ်ချုပ်ရေး၊ အကြမ်းဖက်ခြင်းတွေကို တရားသယောင် လုပ်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ပိဋကတ်တွေထဲမှာရော၊ လက်တွေ့ကျင့်သုံးမှုထဲမှာရော ဒါတွေကို အားပေးထောက်ခံတာမျိုး ဘယ်မှာမှ ရှာမတွေ့နိုင်ပါဘူး။

ကမ္ဘာမှာ ကျင့်သုံးနေတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကိုကြည့်ရင် အကန့်အသတ်ပေါင်းများစွာကို မြင်ရပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလောကသားတွေ ပုလင်းတူဘူးဆို့ပေါင်းပြီး အရပ်ဘက်ကဏ္ဍကို လွှမ်းမိုးထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါမျိုးမှာပါ။ ဒါပေမဲ့လည်း လက်ရှိ ကျင့်သုံးဖူးသမျှ နိုင်ငံရေးစနစ်တွေထဲမှာတော့ ပါလီမန်စနစ်ဟာ အနူတောလူချောဖြစ်နေဆဲပါ။ ဒါကြောင့်မို့ ဒါကိုစွန့်လွှတ်ဖို့မလိုသလို ဒါကို ပိုကောင်းအောင် လုပ်ဖို့လိုပါတယ်။ လူများစုရဲ့ တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ပါဝင်တဲ့ ပုံသဏ္ဌာန်တွေ အားကောင်းလာအောင် အားပေးကြိုးပမ်းရမှာပါ။ အုပ်ချုပ်ရေးစနစ်ဆိုတဲ့နေရာမှာ လက်ရှိ သိမှတ်ထားတဲ့ အမျိုးသားနိုင်ငံ (nation-state) ဆိုတာ တစ်ခုတည်းသော စနစ်ဖြစ်သင့်တယ်၊ သို့မဟုတ် ဖြစ်နိုင်တယ် လို့ သတ်မှတ်လို့မရဘူးဆိုတာ မမေ့အပ်ပါ။ အရှေ့တောင်အာရှရဲ့ လက်ရှိအသွားအလာကိုကြည့်ရင် သဘာဝနဲ့နီးစပ်တဲ့ ကျေးလက်ယဉ်ကျေးမှုက မပျက်သုဉ်းသေးပါဘူး။ အဲဒီလို ရပ်ရွာအသိုင်းအဝိုင်းတွေကို ကိုယ်ပိုင်အလင်းနဲ့ တောက်ပအောင် လုပ်ပေးမယ့် လှုပ်ရှားမှုရှိမှ မျှတတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ မျိုးစေ့ကောင်းတွေ လက်ဆင့်ကမ်းတဲ့ လူ့ဘောင်ဆိုတာ ဖြစ်လာနိုင်ပါမယ်။ အဲဒီ ကျေးရွာလူမှုအသိုင်းအဝိုင်းတွေဟာ အစိမ်းရောင်သဘောတရား၊ ကြောင်းကျိုးဆက်သဘောတရားနဲ့ နေထိုင်တဲ့ ဘဝတွေမှာ နေထိုင်နေကြဆဲဖြစ်ပြီး မိခင်ကမ္ဘာမြေကြီးနဲ့ ဘယ်လို အညမည နေမလဲ၊ ဘယ်လိုသဟဇာတဖြစ်အောင် နေမလဲဆိုတာကို အနောက်တိုင်းနဲ့ အရှေ့တိုင်းက ခေတ်ပြိုင်အစိမ်းရောင်မူဝါဒသမားတွေအတွက် မြင်ဆရာ ကြားဆရာအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။

ဒီကနေ့ အရပ်ဘက်လူ့အဖွဲ့အစည်းကို ပျိုးထောင်ရာမှာ ဗုဒ္ဓဘာသာကို စံနမူနာယူနိုင်ပါတယ်။ သံဃအဖွဲ့အစည်းဟာ နိုင်ငံတော်ရဲ့အာဏာကို တန်ပြန်ထိန်းညှိနိုင်အောင် နည်းပေးနိုင်မယ့် နမူနာပါပဲ။ သံဃအဖွဲ့အစည်း တည်ဆောက်လည်ပတ်မှုကို လေ့လာအခြေပြုတည်ဆောက်ပြီးတာနဲ့ ကျွန်တော်တို့ဟာ လူမှုရေးအဖွဲ့အစည်းတွေ၊ အစိုးရလောင်းရိပ်က လွတ်တဲ့ အဖွဲ့အစည်းတွေ ဖွံ့ထွားလာအောင် ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါမှလည်း နိုင်ငံအစိုးရတွေ၊ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေရဲ့ စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေကို တန်ပြန်ထိန်းညှိနိုင်မယ့် ကိုယ်ကျင့်အမြင်တစ်ခု ယဉ်ကျေးမှုလက်နက်တစ်ခု ရရှိမှာပါ။ 

စိတ်ကူးထားတဲ့ ‘အာရှအစိမ်းရောင်ပါတီ’ ဆိုတာ ရှိလာမယ်ဆိုရင် ပါတီရဲ့ဦးစားပေး အစီအစဉ်တွေက ဘာတွေ ဖြစ်နိုင်မလဲ။ တကယ်တော့ အာရှမှာ ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှုဆိုတာ လူ့သမိုင်းနဲ့ယှဉ်ရင် မနေ့တစ်နေ့က ပေါ်လာတဲ့ ဓလေ့သစ်ပါ။ အနောက်တိုင်းသားတွေ လာရောက် ကိုလိုနီနယ်ချဲ့ပြီးတော့မှ ဖြစ်လာတာပါ။ ဒါပေမဲ့ အဲဒီ မြေယာပိုင်ဆိုင်မှုကပဲ တရားမမျှတတဲ့စနစ်၊ ဒုက္ခပေးတဲ့စနစ်ကို မွေးဖွားပေးခဲ့တာပါ။ မြေယာ ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ တစ်ဆစ်ချိုးပြောင်းလဲရေးလုပ်ဖို့ အရေးတကြီးလိုနေပါတယ်။ ပုဂ္ဂလိက မြေယာပိုင်ဆိုင်မှုကို ဘောင်ကန့်သတ်ဖို့ လိုပါတယ်။ ဒီ အယူအဆကို ထောက်ခံတဲ့ နိုးကြားပြည်သူတွေ ကြားမှာ ရပ်ရွာပိုင်မြေယာစနစ်ပုံစံအမျိုးမျိုးကို ကျင့်သုံးလာအောင် အားပေးတိုက်တွန်းဖို့ လိုပါတယ်။ ဒီ သဘောတရားကို တခြားသော ကုန်ထုတ်လုပ်ရေးတွေမှာလည်း အသုံးချလို့ရနိုင်ပါတယ်။ ဒါမှသာ အားကြီးတဲ့ သူတွေက ပုဂ္ဂလိကပိုင်၊ ပြည်သူပိုင်ရင်းမြစ်တွေကို အသုံးချပြီး အားနည်းသူတွေကို အမြတ်ထုတ်တာမျိုးကို တားဆီးနိုင်မှာပါ။ တကယ်တော့ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာရော သမဝါယမ ရပ်ရွာပိုင်ဆိုင်မှုနဲ့ လုပ်သားစနစ်က အစဉ်အလာအနေနဲ့ ရှိပြီးသားပါ။ အနောက်တိုင်းက အစိမ်းရောင်မူဝါဒသမားတွေဟာ ဒီအစဉ်အလာကိုပဲ နိုင်ငံရေးအစီအစဉ်တစ်ခုအနေနဲ့ ပြန်လည်တောင်းဆိုနေကြတာပါ။ အရှေ့တိုင်းမှာလည်း ဒါမျိုး လုပ်ဖို့ လိုအပ်ပါတယ်။ 

နောက်ထပ် ခုန်ပျံပြောင်းလဲရမယ့်ကဏ္ဍက ပညာရေးပါ။ ပညာရေးဟာ တစ်သီးပုဂ္ဂလစိတ်တွန်းအားတွေ ပိုင်ထားတဲ့ နည်းပညာရှင်တွေ၊ တက္ကနိုခရက်တွေကို ထုတ်လုပ်ဖို့မဟုတ်ဘဲ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ကိန်းအောင်းစွမ်းရည်တွေကို နားလည်သဘောပေါက်ပြီး လူအများကောင်းကျိုးအတွက် အသုံးချနိုင်စေဖို့ ဖြစ်ရမှာပါ။ နှလုံးသားကို ရင့်ကျင်အောင် ပျိုးထောင်ပေးတဲ့ ရှေးဟောင်း ဝိဇ္ဇာသိပ္ပတွေဖြစ်တဲ့ ကမ္မဋ္ဌာန်းရှုတာ၊ ယောဂကျင့်တာ၊ ထိုက်ချိကစားတာတွေကိုလည်း စာသင်သားတွေရဲ့ ဉာဏဗလနဲ့ ကာယဗလတွေ ပျိုးထောင်မှုနဲ့ယှဉ်တွဲပြီး လေ့ကျင့်ပေးလို့ရပါတယ်။ ဆရာနဲ့ တပည့်ကြားက ဆက်ဆံရေးဟာ ကလျာဏ မိတ္တဆက်ဆံရေးမျိုးဖြစ်ဖို့လိုပါတယ်။ အပြန်အလှန် လေ့လာသင်ယူ ရမယ်၊ တစ်ဦးရဲ့အားနည်းချက် အကန့်အသတ်တွေ၊ အားသာချက်နဲ့ ကိန်းအောင်းစွမ်းရည်တွေကို နားလည်သဘောပေါက်အောင် တစ်ဦးက ကူညီပေးရပါမယ်။ ဗုဒ္ဓဘာသာ အဝန်းအဝိုင်းမှာတော့ ဆရာနဲ့တပည့်ဆိုတာ တစ်သက်တာ ဆည်းပူး ဆည်းကပ်ကြသူတွေဖြစ်ပြီး ပညာရေးရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းသားတွေကို လူအဖြစ်မမြင်ဘဲ စက်မှုထုတ်ကုန်တွေ အဖြစ် အမြောက်အများထုတ်လုပ်နေတဲ့ လက်ရှိ ကျောင်းပညာရေးစနစ်ကို ပြန်ပြီး ပုံစံပြောင်းသင့်ဖို့ လိုနေပါပြီ။

စစ်မှန်တဲ့ ပညာရေးကို မြှင့်တင်ဖို့ မူဝါဒပိုင်းကို ကြည့်ရင် ဗုဒ္ဓနည်းကျလူ့အဖွဲ့အစည်း သို့မဟုတ် အစိမ်းရောင်မူအားပြု လူ့အဖွဲ့အစည်းတစ်ခုမှာ မီဒီယာကိုအသုံးချပြီး စီးပွားရေးဆန်တဲ့ ကြော်ငြာတွေအတွက် နေရာမမြင်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာတွေဆိုတာက မုသာဝါဒကိုကျင့်သုံးတယ်၊ လူတွေရဲ့စိတ်ထဲမှာ ဟိုဟာရှိမှ ပြည့်စုံမယ်၊ ဒီဟာရှိမှ တင့်တယ်မယ်ဆိုတဲ့ အမြင်မှားတွေ ပေါ်လာအောင် ဖြားယောင်းပြီး ဝယ်ခိုင်းနေတာကြောင့်မို့ လက်မခံနိုင်ပါဘူး။ မည်သူကမှ လူတွေရဲ့ စိတ်ကို၊ အတွေးတွေကို ထိန်းချုပ်ဖို့ရာ အလားတူ စွမ်းပကားတွေကို အသုံးမပြုရပါဘူး။ 

နိဂုံး

အနှစ်ချုပ်ရရင် အာရှသား အစိမ်းရောင်မူဝါဒသမားတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် ဘာတွေ လိုမလဲဆိုတာကို စဉ်းစားဖို့၊ လူမှုတရားမမျှတမှု၊ အလွန်အကျွံထုတ်လုပ်သုံးစွဲမှု၊ လောဘ‌ကိုလှုံ့ဆော်မှုဆိုတဲ့ လက်ရှိအခြေအနေကြီးကို မေးခွန်းထုတ်ဖို့ အတွက် လုပ်ဆောင်စရာ ခွင်တစ်ခုလိုပါတယ်။ စိတ်ပိုင်းသတ္တိလိုပါတယ်။ ဝန်းရံအားဖြည့်ပေးသူတွေ လိုပါတယ်။ အစိမ်းရောင်မူနဲ့ သွားမယ့် နိုင်ငံရေးဆိုတာမှာ စီးပွားရေး နဲ့ နည်းပညာ ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ဘာသာတရားတို့နဲ့ ချိတ်ဆက်ပြီး တစ်တွဲတည်း ဖော်ဆောင်မှုပြုဖို့ လိုပါတယ်။ အနောက်တိုင်းက လာတဲ့ ခေတ်မီတိုးတက်ရေးနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တို့ထဲက သန္ဓေတန်ဖိုးတွေကို မေးခွန်းမထုတ်ဘဲ၊ အာရှရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာတရားအစဉ်အလာတွေနဲ့ စတုတ်တိုက်မကြည့်ဘဲ အနောက်တိုင်းရဲ့ အစိမ်းရောင်မူဝါဒအဖြေတွေကို အာရှထဲ အတင်းသွတ်သွင်းတာဟာ မကောင်းနိုင်ပါဘူး။ အာရှတိုက်အတွက် ယဉ်ကျေးမှုအသစ်တစ်ရပ်၊ လူမှုဖွဲ့စည်းပုံအသစ်တစ်ရပ် တည်ဆောက်ဖို့ဆိုရင် ဉာဏ်ကို လွှာပြီး ပေါင်းစပ်မှု၊ အစဉ်အလာဉာဏ်ပညာနဲ့ အစိမ်းရောင်စံနှုန်းတွေကို သမူဟပြုမှုတွေ လိုအပ်နေပါတယ်။

Asian Cultural Values and Green Politics: A Buddhist Perspective

ပရာချာ ဟူတန်နုဝတ် နှင့် ဂျိန်း ရက်စဘက်(ရှ်)

၇ စက်တင်ဘာ ၂၀၀၀

ဝုန်စာနစ် အာရာမ်

____________________

*ဆောင်းပါးရှင်တို့အနေနဲ့ ထိုင်းနိုင်ငံ (Thailand) ဆိုတဲ့ နာမည်ကိုသုံးဖို့ ငြင်းပယ်ပါတယ်။ အကြောင်းက အဲဒီနာမည်ဟာ ဗဟိုအာဏာချုပ်ကိုင်စနစ်၊ လူမျိုးကြီးဝါဒ၊ နယ်မြေပြန်လည်ရရှိရေးဝါဒတို့ အငွေ့အသက်တွေပါလို့ပါ။ သမိုင်းအရ သျှာမ် (Siam) လို့ ခေါ်ခဲ့တဲ ဒီနိုင်ငံကို ၁၉၃၉ ခုနှစ်မှာ ထိုင်းလို့ပြောင်းတယ်။ ၁၉၄၆ မှာ Siam လို့ ပြန်ပြောင်းတယ်။ နောက်တစ်နှစ်မှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတော့ ထိုင်းလို့ ပြန်ပြောင်းခေါ်လာခဲ့တာ ခုထိပါပဲ။ ထိုင်းဆိုတဲ့နာမည်ဟာ အစဉ်အလာ သျှာမ် ဗုဒ္ဓဘာသာတန်ဖိုးတွေရဲ့ ပြိုကွဲကျဆုံးမှုကို ရည်ညွှန်းနေပါတယ်။ သမိုင်းတလျှောက်လုံး တွင်လာခဲ့တဲ့ နိုင်ငံအမည်ကို ဖယ်ရှားလိုက်တာဟာ တကယ်တော့ နိုင်ငံသားတွေကို စိတ်ပိုင်းဆိုင်ရာအရ လူအဖြစ်မှပယ်ဖျက်ရာမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ပါပဲ။ အထူးသဖြင့် မူလရိုးရာနာမည်စစ်စစ်ကို အင်္ဂလိပ်စပ်ကပြားအမည် (Thailand) နဲ့ အစားထိုးခံလိုက်ရလို့ပါ။


Comments

အဖတ်အများဆုံး

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

စောင်းကြိုးညှိခြင်း

လာပါကွယ် သွားရအောင်ပါ အလင်းရှိတဲ့နေရာ အာဃာတတွေ စေးပိုင် အနုညာတတွေက ဈေးကိုင် မရ, ရသက ချိုင်နေကြတဲ့ တို့တွေနေတဲ့ အပူသည် ကမ္ဘာ မင်းရယ်ကိုယ်ဟာ စွန့်ခွာထွက်ပြေး မဝေးလည်းမဝေး မနီးလည်းမနီး ငြီးလည်း မငြီးငွေ့နိုင်တဲ့တစ်နေရာ လိုက်မှာလား မင်းငါ့အပါး နှလုံးသားချင်း ခပ်ပြင်းပြင်းပူးချည် မေတ္တာဖြင့် နွေးထွေးစေမည် သစ္စာဖြင့် စုစည်းရစ်ချည် နေခြည်မှာရွှေရည်လောင်းသော တစ်နှစ်မှာ အကြိမ်ကြိမ်သီးသော မြေဆီမှာ အဆိပ်ကင်းသော မွှေးပျံ့သော ငါတို့ဥယျာဉ် စိမ်းဖန့်သော ငါတို့လွင်ပြင် ဆိတ်ညံသော ငါတို့ရင်ခွင် လူမျိုးသည်လည်းကောင်း၊ ဘာသာသည်လည်းကောင်း၊ စကားသည် လည်းကောင်း၊ ဓလေ့သည်လည်းကောင်း ငါတို့စိတ်ကြိုက် ငါတို့ဦးခိုက် ဘယ်အမိုက်မှ မဖျက်စေရ ဒီတစ်သက်စာ ငါတို့ဆောက်တဲ့ကမ္ဘာ လာပါကွယ် သွားရအောင်ပါ။ (၂၉ မေ ၂၀၁၃) ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်က ခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ သတိဖြင့်ချစ်ခြင်း လူတွေနေနေတဲ့မြို့ နှစ် အပေါင်း နှစ် ညီမျှခြင်း တစ် My Dear Guest ဒွိဟ “လ” နှစ်သစ်ဆုတောင်း

မတူတာအပြစ်လား

ရှေ့နေလုပ်ဖို့ဆိုပြီး တောင်အာဖရိက နိုင်ငံကို ရောက်လာတဲ့ မစ္စတာဂန္ဒီဟာ ခါးသီးတဲ့ အတွေ့အကြုံ တစ်ခုကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ ဒါကတော့ ဥရောပတိုက်သားတွေပဲစီးခွင့်ရတဲ့ ရထားတွဲ ပေါ်ကို တက်မိတဲ့အတွက် တွဲပေါ်ကနေ ခွေးဆွဲ ဝက်ဆွဲ ဆွဲချခံခဲ့ရတာပါပဲ။ သူဘာမှ မတတ်နိုင်တဲ့၊ မည်းနက်တဲ့ သူ့ရဲ့မွေးရာပါ အသား အရောင် အတွက် ဂုဏ်သိက္ခာ ကျခဲ့ရတာဟာ အနာဂတ်မှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်လာမယ့် ဂန္ဒီအတွက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးပမ်းချင် စိတ်တွေ တဖွားဖွား ပေါ်ပေါက်စေ ခဲ့တဲ့ ကြီးမားတဲ့ တွန်းအား တစ်ရပ် ဖြစ်ခဲ့ ပါတယ်။ ဒီလိုမျိုး လူမျိုးရေးအရ၊ အသားအရောင်၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုဆိုတာ ဟိုးကမ္ဘာဦး အစကတည်းက ရှိလာခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ခွဲခြားမှုတွေဘာလို့ရှိနေပါသလဲ။ မတူညီမှုတွေ ရှိနေလို့ပါပဲ။ ပိုပြီး တိတိကျကျပြောရရင် အဲဒီ့ မတူညီမှုတွေကို သဘောထားကြီးကြီးနဲ့ခွင့်မလွှတ်နိုင်လို့ပါပဲ။ လူတွေဟာ တူညီမှုကိုလိုလားကြပါတယ်။ တူတာကိုပဲရှာဖွေကြပါတယ်။ ကလေးတစ်ယောက် မွေးလာပြီဆိုကတည်းက မိဘက သူနဲ့တူမတူအရင်ကြည့်ပါတယ်။ အဲဒီ့ကလေးကြီးလာရင်လည်း သူနဲ့တူတဲ့ သူတွေကို ရှာဖွေပါတယ်။ ကိုယ်နဲ့ စရိုက်သဘာ၀၊ အတွေးအခေါ်၊ ဓနဂုဏ်၊...

ကွန်းခိုရာ။ ရာဘင်ဒြာနတ် တဂိုး

ဘာသာပြန်သူ၏အမှာ ဘင်္ဂါလီစာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုး (၁၈၆၁-၁၉၄၁) ကို ဝတ္ထုရေးဆရာတစ်ဦးအဖြစ်ထက် ကဗျာစာဆိုတော်ကြီး တစ်ဦးအဖြစ်သာ ကျွန်တော်ပို၍ ရင်းနှီးခဲ့သည်။ မြန်မာနိုင်ငံတွင် တဂိုး၏ ကဗျာစာစုများ၊ ဝတ္ထုတိုများကို ရှေ့ရှေ့က ဘာသာပြန် ဆရာကြီးများ မြန်မာဘာသာသို့  ပြန်ဆိုမှုများ ရှိသော်လည်း ဝတ္ထုရှည်အဖြစ်မူဘာသာပြန်သည်ကို မတွေ့ဖူးပါ။ (ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါသည်။) မူရင်း ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထု၏ အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ပြီး သည့်အခါ နှစ်သက်သဖြင့် မြန်မာဘာသာပြန်ဆိုရန် ဆုံးဖြတ်လိုက်သည်။