Skip to main content

မတူတာအပြစ်လား




ရှေ့နေလုပ်ဖို့ဆိုပြီး တောင်အာဖရိက နိုင်ငံကို ရောက်လာတဲ့ မစ္စတာဂန္ဒီဟာ ခါးသီးတဲ့ အတွေ့အကြုံ တစ်ခုကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ ဒါကတော့ ဥရောပတိုက်သားတွေပဲစီးခွင့်ရတဲ့ ရထားတွဲ ပေါ်ကို တက်မိတဲ့အတွက် တွဲပေါ်ကနေ ခွေးဆွဲ ဝက်ဆွဲ ဆွဲချခံခဲ့ရတာပါပဲ။ သူဘာမှ မတတ်နိုင်တဲ့၊ မည်းနက်တဲ့ သူ့ရဲ့မွေးရာပါ အသား အရောင် အတွက် ဂုဏ်သိက္ခာ ကျခဲ့ရတာဟာ အနာဂတ်မှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်လာမယ့် ဂန္ဒီအတွက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးပမ်းချင် စိတ်တွေ တဖွားဖွား ပေါ်ပေါက်စေ ခဲ့တဲ့ ကြီးမားတဲ့ တွန်းအား တစ်ရပ် ဖြစ်ခဲ့ ပါတယ်။

ဒီလိုမျိုး လူမျိုးရေးအရ၊ အသားအရောင်၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုဆိုတာ ဟိုးကမ္ဘာဦး အစကတည်းက ရှိလာခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ခွဲခြားမှုတွေဘာလို့ရှိနေပါသလဲ။ မတူညီမှုတွေ ရှိနေလို့ပါပဲ။ ပိုပြီး တိတိကျကျပြောရရင် အဲဒီ့ မတူညီမှုတွေကို သဘောထားကြီးကြီးနဲ့ခွင့်မလွှတ်နိုင်လို့ပါပဲ။

လူတွေဟာ တူညီမှုကိုလိုလားကြပါတယ်။ တူတာကိုပဲရှာဖွေကြပါတယ်။ ကလေးတစ်ယောက် မွေးလာပြီဆိုကတည်းက မိဘက သူနဲ့တူမတူအရင်ကြည့်ပါတယ်။ အဲဒီ့ကလေးကြီးလာရင်လည်း သူနဲ့တူတဲ့ သူတွေကို ရှာဖွေပါတယ်။ ကိုယ်နဲ့ စရိုက်သဘာ၀၊ အတွေးအခေါ်၊ ဓနဂုဏ်၊ ပညာဂုဏ်ချင်းတူတဲ့သူကို ရွေးပေါင်းပါတယ်။ ဒီလိုတူတဲ့သူတွေနဲ့ အိမ်ထောင်ဖက်ပြုပါတယ်။

ဒါပေမယ့်လည်း လူတွေဟာ သူတို့နဲ့ တူတယ်လို့ထင်ပြီး မဟာမိတ်ပြုခဲ့တဲ့ သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်း၊ အိမ်ထောင်ဖက်တွေဆီမှာ တကယ်တမ်း မတူညီမှုတွေ၊ ကွဲပြားခြားနားမှုတွေကို တွေ့လာခဲ့တဲ့အခါမှာတော့ ရုတ်တရက် အံ့ဩမှင်တက်တာ၊ သည်းညည်းမခံနိုင်တာတွေ ဖြစ်လာရပါတော့တယ်။

တကယ်တော့ လူသားတွေသဘော မေ့နေကြတဲ့အချက်က ကမ္ဘာလောကကြီးမှာ လုံး၀ဥဿုံတူညီမှုဆိုတာ မရှိနိုင်ဘူးဆိုတာပါပဲ။ လက်ငါးချောင်းတောင်မှ အတိုအရှည်မညီကြပါဘူး။ တစ်အူထုံ့ဆင်း ညီအစ်ကို မောင်နှမချင်းတောင် ရုပ်ချင်း၊ စိတ်ချင်းမတူကြပြန်ပါဘူး။ မတူတာကိုလက်ခံဖို့ရယ်၊ မတူတာတွေ ရဲ့ ညီညွတ်မှုနဲ့ မတူတာရဲ့ ရသကိုရှာဖွေရဖို့ရယ်ကို မေ့နေကြပြီး ‘ငါနဲ့မတူငါ့ရန်သူ’ လုပ်နေကြပါတယ်။

“ဟိုးအရင်က လူတွေဟာ ကိုယ့်ယုံကြည်မှုအတွက် တိုက်ရင်းခိုက်ရင်း သေခဲ့ကြတယ်။ ဒါပေမယ့် အဲဒါ တကယ့်သတ္တိမဟုတ်ပါဘူး။ တကယ့်သတ္တိဆိုတာ ကျန်တဲ့လူတွေရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ခံစားနားလည် ပေးရဲတာမျိုးပါ။ မတူတာကိုသည်းခံဖို့ ဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ ပထမစည်းကမ်းပါ ...”

အမေရိကန်လူမျိုး စာရေးဆရာမ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ ကထိက ဟယ်လင် ကယ်လာ ပြောခဲ့တဲ့စကားလေး တစ်ခွန်းပါ။ သူပြောသလိုပါပဲ။ သတ္တိဆိုတာဟာ ရင်ဆိုင်ရဲတာ၊ လက်ခံရဲတာမျိုးပါ။ ကိုယ်နဲ့မတူ၊ ကိုယ့်စိတ်နဲ့မတွေ့တာကို လက်ခံရဲမှသတ္တိရှိတယ်လို့ပြောလို့ရပါတယ်။ လက်ခံရဲတယ် ဆိုရာမှာလည်း မတတ်သာလို့ လက်ခံရတယ်ဆိုတာထက် သူ့ရဲ့အရသာ၊ ရသ၊ အနှစ်သာရကိုသိလို့ ကျေကျေနပ်နပ်ကြီး လက်ခံရဲတာမျိုးကို ဆိုလိုတာပါ။

အသားအရောင်၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ ဓလေ့စရိုက် အမျိုးစုံရှိတဲ့ ဒီ ကမ္ဘာကြီးမှာ အားလုံးတစ်သွေးတည်း၊ တစ်ရောင်တည်း၊ တစ်မျိုးတစ်စားတည်း ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့မှာ လေ့လာစရာ ဘာမှကျန်တော့မှာမဟုတ်ပါ။ တစ်ရောင်တည်းရဲ့အလှထက် အရောင်စုံရဲ့ အလှက ပိုလှပါတယ်။

ကျွန်တော်တို့ဟာ ကိုယ့်လိုလုံချည်ဝတ်သူချည်း၊ အသားညိုသူတွေချည်း တစ်ကမ္ဘာလုံးမှာ တွေ့ချင်တယ် ဆိုရင် အဓိပ္ပာယ်မရှိပါဘူး။ ဘောင်းဘီ၊ စကတ်ဝတ်သူတွေ၊ ဆာရီခြုံသူတွေနဲ့ အသားဖြူသူ၊ မည်းသူတွေ ရှိနေတာကိုလည်း လက်ခံနိုင်ရပါမယ်။ မတူတာကို ဆန့်ကျင်ငြင်းပယ်မယ့်အစား၊ စည်းအပြင်ရောက်အောင် တွန်းဖယ်ပစ်မယ့်အစား၊ မတူတာကို လက်ခံနိုင်တာ အမျိုးမျိုး အဖုံဖုံ ကြွယ်၀ခြင်းရဲ့ရသကို ခံစားတတ်တာဟာ ပညာပါ။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ တိုးတက်တဲ့ လူ့ဘောင်တစ်ခုရဲ့ ဂုဏ်အရည်အသွေး တစ်ခုဆိုရင်လည်း လွန်မယ်မထင်ပါ။

မြန်မာတိုင်း(မ်) ဂျာနယ်၊ အမှတ် ၃၁၇။ ၂၀၀၇ ခုနှစ် ဇွန်လ


ပျော်ရွှင်ခြင်းလမ်းစ

Comments

  1. Hey
    Nice composition to learn among us.
    This is one of Community Development point of views.
    May you contribute more often like this kind of literature.

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။