Skip to main content

ကျွန်တော်နှင့်ကြိမ်လုံးနှစ်ချောင်း

တစ်နေ့က အိမ်ကိုသန့်ရှင်းရေးလုပ်နေတုန်း သေတ္တာတစ်လုံးထဲမှာ သိမ်းထားတဲ့ကြိမ်လုံး တစ်ချောင်း ထွက်လာ ပါတယ်။ ကြိမ်လုံးဟာ အတော်ကိုဟောင်းနွမ်းနေပြီး အနားတွေ တောင်ဖွာထွက်နေပါပြီ။ တစ်ချိန်က ကျွန်တော့် အသားကို နာကျင်အောင် ပြုမူခဲ့တဲ့ ဒီကြိမ်လုံးကလေးဟာ အခုတော့လည်း ဇရာဒုဗ္ဗလရဲ့ ဒဏ်ကိုခံစားနေရရှာပြီ ဖြစ်ပါတယ်။ သူ့ကို မြင်ရတာ ငယ်ရွယ်နုပျိုစဉ်က တောင့်တင်း သန်မာလှတဲ့ ယောက်ျားတစ်ယောက်ကို နှစ်အတော်ကြာပြီးတဲ့နောက် အိုမင်းရင့်ရော်မှုနဲ့ အတူပြန်ပြီး မြင်လိုက်ရသလိုပါပဲ။ တစ်ချိန်က ဧည့်ခန်းထဲမှာ ဝင့်ဝင့်ကြွားကြွား နေရာယူခဲ့တဲ့ ကြိမ်လုံးကလေးဟာ အခုတော့လည်း အသုံးမလိုတဲ့ပစ္စည်းတွေ စုပုံထားရှိရာ သေတ္တာတစ်ခုထဲမှာသာ ခပ်ကုပ်ကုပ် မွေ့လျော်နေရ ပါတယ်။ ဒီကြိမ်လုံးကို ကျွန်တော် ဘယ်အချိန်၊ ဘယ်နေရာမှာပဲ တွေ့တွေ့မှတ်မိနေမှာပါ။ သူနဲ့ ကျွန်တော့် အကြားမှာ မမေ့နိုင်စရာ အတိတ်တစ်ခုရှိတယ် မဟုတ်ပါလား။

ကျွန်တော်ဟာ ကြိမ်လုံးကိုလက်ထဲမှာ ကိုင်ဆကြည့်နေရင်းက အမေ့ရဲ့ တင်းမာခက်ထန်တဲ့ မျက်နှာကို မျက်စိ ထဲမှာ ပြန်မြင်ယောင်လာမိပါတယ်။ ကျွန်တော်က နှေးကွေးတဲ့ခြေလှမ်းတွေနဲ့ အိမ်ဘက်ကို မရဲတရဲ ဦးတည်လာ နေပါတယ်။ အမေကတော့ ရေချိုးတော့မယ့်ဆဲဆဲ ထဘီရင်လျားနဲ့ခါးထောက်ပြီး ကျွန်တော့်ကိုစူးစူးရဲရဲ စိုက်ကြည့်လို့ နေပါတယ်။ ကျွန်တော့်နားထဲမှာ ကြိမ်လုံးသံတရွှမ်းရွှမ်းကို ကြားယောင်နေမိသလို စပ်ဖျင်းဖျင်း နာကျင်မှု တစ်ခုကိုလည်း အသားပေါ်မှာ ပြန်ခံစားလိုက်ရသလိုပါပဲ။

အမေက ကျွန်တော့်အပေါ်မှာ ငယ်ငယ်က မျှော်လင့်ချက် ကြီးကြီးမားမားထားပါတယ်။ ပထမရတဲ့ ကျောင်းသားရဲ့ အမေအဖြစ်နဲ့ ပြိုင်ဘက်မိဘတွေနဲ့တွေ့တိုင်း ဂုဏ်ယူဝံ့ကြွား ချင်ပါတယ်။ ကျွန်တော်က အဲဒီတုန်းကမူလ တန်းကျောင်းသားဘဝပဲ ရှိပါသေးတယ်။ ပင်ကိုယ်ဉာဏ်ကောင်းတယ်ဆိုပေမဲ့ စာကျက်ဖို့ထက် ဆော့ဖို့ပဲ ပိုမက်ပါတယ်။ ကျွန်တော်က အဆော့မက်နေချိန်မှာ အမေကကျောင်းကပေးတဲ့ ဒိုင်းဆုကြီးကို မက်နေပါတယ်။ ကျွန်တော်တက်ခဲ့တဲ့ကျောင်းမှာက သုံးနှစ်ဆက်တိုက် ပထမရတဲ့သူကို ဒိုင်းဆုချီးမြှင့်တဲ့ အစဉ်အလာရှိပါတယ်။ ကျွန်တော့်ရှေ့က အဲဒီဆုကို ဆွတ်ခူးတဲ့သူတွေကိုကြည့်ပြီး အမေဟာ ကျွန်တော်နဲ့ အစားထိုး မြင်ယောင်ကြည့် နေခဲ့တာပါ။ ကျွန်တော်က နှစ်နှစ်ဆက်တိုက် ပထမရပြီး ပါပြီ။ နောက်တစ်နှစ်သာ ပထမရခဲ့ရင် အဲဒီဒိုင်းဆုဟာ ကျွန်တော့်အတွက်ပဲပေါ့။ အမေဟာ သူ့ရဲ့ညစဉ် အိပ်မက်တွေထဲမှာ၊ နေ့ဘက် စိတ်ကူးအတွေးတွေထဲမှာ ကျွန်တော်မျှော်လင့်တာထက်ပိုပြီး အဲဒီဒိုင်းဆုကို မျှော်လင့်နေခဲ့တာ ကျွန်တော် အဲဒီတုန်းကမသိခဲ့ရိုးအမှန်ပါ။

ဖြစ်ချင်တော့ ကျွန်တော်ကလည်း ပန်းဝင်ခါနီးမှ ခြေခေါက်လဲပါတယ်။ ဒိုင်းဆုရဖို့ သိပ်မမက်တဲ့ ကျွန်တော်ဟာ သင်္ချာဖြေတဲ့နေ့မှာ ၁၀ မှတ်တန် ပုစ္ဆာတစ်ပုဒ်ကို မှားပြီးဖြေမိပါတယ်။ ပထမရဖို့ ကတော့ဖြစ်နိုင်ခြေအတော် နည်းသွားပြီပေါ့။ ကျွန်တော့်အတွက်တော့ ဘယ်လိုမှမနေပေမယ့် ဒီသတင်းကို အမေသိရင် ဘယ်လိုနေမလဲ တွေးကြည့်ရင်း ကြက်သီးတော့နည်းနည်း ထမိပါတယ်။ ကျွန်တော့်သတင်းက ကျွန်တော့်အရင် အိမ်ကိုရောက်နှင့် နေပါတယ်။ ကျွန်တော်အိမ်ထဲကိုဝင်တော့ အမေက ဟုတ်မဟုတ် တစ်ခွန်းပဲ မေးပါတယ်။ ကျွန်တော်က ဟုတ်တယ်လို့ ဖြေလိုက်တဲ့ခဏ အမေကကြိမ် လုံးကိုဆွဲပါတယ်။ အဖေနဲ့ ဒေါ်လေးက အမေ့ကို ဆွဲပါတယ်။ ၁၀ မှတ်တန်ပုစ္ဆာတစ်ပုဒ်ကို မှားဖြေတဲ့ပြစ်မှုနဲ့ အမေက ကျွန်တော့်ခြေသလုံးပေါ်မှာ အရှိုးရာပေါင်းများစွာထင်အောင် ရိုက်နှက် အပြစ်ပေးပါတယ်။ တစ်ချက်ရိုက်တိုင်း လည်း အမေ့ပါးစပ်က “နောက်လျှမ်း ဦးမလားဟဲ့” လို့ရေရွတ်ပါ သေးတယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော့်အသားက နာတာထက် ရင်ထဲမှာနာတာကပိုပါတယ်။ အဲဒီတော့မှ အမေဟာ ဒီဆုကို ဘယ်လောက် မက်မောမှန်း ကျွန်တော်သိခဲ့ရပါတယ်။ ကျွန်တော်ဟာ စိတ်နာနာနဲ့ ဒီကြိမ်လုံးကို ဖျောက်ဖျက်ပစ်မလို့ လုပ်ပါသေးတယ်။ ဒါပေမဲ့လည်း မြင်လိုက်တိုင်း အရိုက်ခံရတာကို အမှတ်ရစေ ချင်တာနဲ့ပဲ မလုပ်ဖြစ်တော့ပါဘူး။ စိတ်ထဲမှာလည်း အမေ့အပေါ်စိတ်ခုသွားပါတယ်။ လူဆိုတာ အမှားနဲ့မကင်းနိုင်မှန်း အမေဘာလို့ သဘောမပေါက်ခဲ့တာလဲ။ ကျွန်တော်လည်း သင်္ချာဆို မကြည့်ချင်တော့ လောက်အောင် မုန်းသွား ပါတယ်။ အဲဒီနောက် ကျွန်တော် သင်္ချာနဲ့ပိုပြီး ဝေးလာပါတယ်။ သင်္ချာကိုပိုပြီး ကြောက်လာပါတယ်။ သင်္ချာဖြေတိုင်း အမှားအယွင်းတွေပိုများလာပါတယ်။ မှတ်မှတ်ရရ အဲဒီ့နောက်ပိုင်း ကျွန်တော်သင်္ချာအမှတ် ၁၀၀ ဘယ်တော့မှ မရတော့ပါဘူး။

အချိန်ကြာလာတာနဲ့အမျှ အဲဒီအဖြစ်အပျက်ကို မေ့မေ့ပျောက်ပျောက် ဖြစ်လာကြပါတယ်။ အမေကတော့ ကျွန်တော့်ထက် ပိုသတိရလိမ့်မယ်ထင်ပါတယ်။ တစ်ခါတစ်ခါ မိသားစုတွေ စကားစပ်မိလို့ အဲဒီ အကြောင်းကို ပြန်ရောက်သွားတိုင်း အမေ့မျက်နှာက တစ်မျိုးဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အမေ့မျက်နှာ ဖြစ်ပုံချင်း တစ်ခါနဲ့တစ်ခါမတူပါဘူး။ အစပိုင်းမှာ အမေ့မျက်လုံးတွေက မီးဝင်းဝင်း တောက်လာ တတ်ပါတယ်။ နောက်ပိုင်း ကြာလာတာနဲ့အမျှ အမေ့မျက်နှာပေါ်က တင်းမာမှုတွေ တဖြည်းဖြည်း ပြေလျော့လာတယ်လို့ ထင်မိပါတယ်။

အချိန်ကအမေနဲ့ကျွန်တော့်ကို အများကြီး ပြောင်းလဲစေခဲ့ပါတယ်။ ခုတော့ အမေက အဲဒီတုန်းက သူမှားတယ်လို့ ဝန်ခံပါတယ်။ စေတနာကနည်းပြီး၊ ကိုယ့်လိုဘမပြည့်ဝလို့ ဖြစ်လာတဲ့ဒေါသကများတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မာနသိပ်ကြီးတဲ့ အမေ့ပါးစပ်က ဒီလိုမျိုး ဝန်ခံစကားထွက်ဖို့ တော်တော်ကြာခဲ့လိမ့် မယ်လို့တော့ တွေးမိပါတယ်။ ကြာဆို ၁၀ စုနှစ် တစ်ခုစာလောက်ရှိမလားပဲ။

ခုတော့လည်း ဒီအဖြစ်ဟာပြန်ပြောရင် ရယ်စရာပေါ့။ ကျွန်တော်လည်း အမေ့အရိုက် မခံရတာကြာပါပြီ။ အမေဟာ ကျွန်တော့်ကို ရိုက်မိတဲ့အတွက် စိတ်မကောင်းဖြစ်တဲ့ပုံပါပဲ။ ကျွန်တော်လည်း အမေ့ကိုကြည့်ပြီး ဘဝမှာ သင်ခန်း စာတစ်ခုတိုးပါတယ်။ အတ္တဆိုတဲ့အရာကို ထိတ်လန့်မိပါတယ်။ အမေ သူ့အတ္တသူ ရှာတွေ့ သွားတဲ့အပေါ် လည်း ဝမ်းသာမိပါတယ်။

ကြိမ်လုံးကိုကြည့်နေရင်းက စာအုပ်တွေထဲမှာပါတဲ့ ‘မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား’ ဇာတ်လမ်းဟာ ခေါင်းထဲကို ရောက်လာပါတယ်။ မင်းတုန်းမင်းငယ်စဉ် မောင်လွင်ဘဝက စံကျောင်းဆရာတော်ထံမှာ ကျောင်းသားဘ၀ နဲ့နေစဉ် ငါးခြောက်ပြားပျောက်မှုနဲ့ ကျောကုန်း မှာအရှိုးရာထင်အောင် အရိုက်ခံရဖူးပါသတဲ့။ ကျွန်တော့်မျက်စိထဲ ငါးခြောက်ဖုတ် သိပ်ကြိုက်တဲ့ဆရာတော် ငါးခြောက်ပြား ပျောက်လို့ ဒေါသဖြစ်ဖြစ်နဲ့ ကြိမ်လုံးကို တအားလွှဲရိုက် နေပုံ၊ သူ့ရှေ့မှာက ငါးခြောက်ပြား ထိန်းသိမ်းရေး တာဝန်ခံ မောင်လွင်က ဒူးလေးထောက်ပြီး ဆရာတော့်ကြိမ်လုံး အရသာကို ခံစားနေရပုံကို မြင်ယောင်နေမိ သလိုလို။ နားထဲမှာလည်း “ဟဲ့ ငလွင်၊ နင် ဒီငါးခြောက်ပြားကိုမှ မထိန်းသိမ်းနိုင်ရင် နောင် ရှင်ဘုရင်ဖြစ်တော့ တိုင်းပြည်ကို ဘယ်လိုထိန်းသိမ်းမလဲ” ဆိုတဲ့ ဆရာတော့် အသံကိုလည်း ကြားယောင်မိ သလိုလို ဖြစ်မိပါတယ်။

စံကျောင်းဆရာတော်ရဲ့ ကြိမ်လုံးဟာအမေ့ ကြိမ်လုံးထက်ပိုတုတ်မတုတ်၊ ပိုနာမနာ ကျွန်တော်မသိပါ။ မောင်လွင် တစ်ယောက်တော့ ရုပ်ရောစိတ်ရော အတော်နာမှာပဲလို့တော့ တွေးမိပါတယ်။ နောင်တစ်ချိန် အမေက သူရိုက်တာမှားတယ်လို့ ဝန်ခံသလိုမျိုး စံကျောင်းဆရာတော်လည်း သူ့လုပ်ရပ်ကို ပြန်လှန်ဆန်းစစ် ခဲ့သလား ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဘယ်သို့ဆိုစေ ဆရာတော်ဟာ သူ့ရဲ့ရသတဏှာအတွက် မောင်လွင့်အပေါ် ဒေါသပေါက်ကွဲခဲ့သလို အမေကလည်း သူတစ်ဆင့်ခံ မပိုင်ဆိုင်လိုက်ရတဲ့ ဒိုင်းဆုအတွက် ကျွန်တော့်အပေါ်ကို ဒေါသ ပုံချခဲ့ပါတယ်။

ဆရာတော်ဟာ “ဒီငါးခြောက်ပြား လေးကိုမှ မစောင့်ရှောက်နိုင်ဘူးလား” လို့ပြောရင်း မောင်လွင်ကို ရိုက်သလို အမေကလည်း “ဒီလောက်တောင်လျှမ်းရသလား” လို့ မြည်တွန်တောက်တီးရင်း ကျွန်တော့်ကို ရိုက်ခဲ့ပါတယ်။ မောင်လွင်ဟာ မင်းတုန်းမင်း ဖြစ်လာတဲ့အခါ တိုင်းပြည်တစ်ဝက်ကို အင်္ဂလိပ်လက် ပါမသွားအောင် မစွမ်းဆောင်နိုင်ခဲ့သလို ကျွန်တော်ဟာလည်း လူကြီးဖြစ်တဲ့အထိ ဂဏန်းသင်္ချာနဲ့ ပတ်သက် လာရင် လျှမ်းမြဲ လျှမ်းနေဆဲပဲ ဖြစ်ပါတယ်။

မြန်မာတိုင်း(မ်)ဂျာနယ်၊ မတ်လ ၂၀၀၆ ခုနှစ်


ပျော်ရွှင်ခြင်းလမ်းစ

Comments

  1. ဒီရသစာပေကိုဖတ်မိတဲ့ နောင်ဖြစ်ပေါ်လာမယ့် မိဘလောင်းတွေ သားသမီးအပေါ်မှာ နားလည်မှုကိုပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ မိဘတိုင်း ကိုယ့်သားသမီးကို သူတပါးထက် သာချင်တာကတော့ ဓမ္မတာပါ။ အတ္တဆန်တဲ့ သာလွန်ချင်းမျိုးမဖြစ်ကြပါစေနဲ့။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...