Skip to main content

ကျွန်တော်နှင့်ကြိမ်လုံးနှစ်ချောင်း

တစ်နေ့က အိမ်ကိုသန့်ရှင်းရေးလုပ်နေတုန်း သေတ္တာတစ်လုံးထဲမှာ သိမ်းထားတဲ့ကြိမ်လုံး တစ်ချောင်း ထွက်လာ ပါတယ်။ ကြိမ်လုံးဟာ အတော်ကိုဟောင်းနွမ်းနေပြီး အနားတွေ တောင်ဖွာထွက်နေပါပြီ။ တစ်ချိန်က ကျွန်တော့် အသားကို နာကျင်အောင် ပြုမူခဲ့တဲ့ ဒီကြိမ်လုံးကလေးဟာ အခုတော့လည်း ဇရာဒုဗ္ဗလရဲ့ ဒဏ်ကိုခံစားနေရရှာပြီ ဖြစ်ပါတယ်။ သူ့ကို မြင်ရတာ ငယ်ရွယ်နုပျိုစဉ်က တောင့်တင်း သန်မာလှတဲ့ ယောက်ျားတစ်ယောက်ကို နှစ်အတော်ကြာပြီးတဲ့နောက် အိုမင်းရင့်ရော်မှုနဲ့ အတူပြန်ပြီး မြင်လိုက်ရသလိုပါပဲ။ တစ်ချိန်က ဧည့်ခန်းထဲမှာ ဝင့်ဝင့်ကြွားကြွား နေရာယူခဲ့တဲ့ ကြိမ်လုံးကလေးဟာ အခုတော့လည်း အသုံးမလိုတဲ့ပစ္စည်းတွေ စုပုံထားရှိရာ သေတ္တာတစ်ခုထဲမှာသာ ခပ်ကုပ်ကုပ် မွေ့လျော်နေရ ပါတယ်။ ဒီကြိမ်လုံးကို ကျွန်တော် ဘယ်အချိန်၊ ဘယ်နေရာမှာပဲ တွေ့တွေ့မှတ်မိနေမှာပါ။ သူနဲ့ ကျွန်တော့် အကြားမှာ မမေ့နိုင်စရာ အတိတ်တစ်ခုရှိတယ် မဟုတ်ပါလား။

ကျွန်တော်ဟာ ကြိမ်လုံးကိုလက်ထဲမှာ ကိုင်ဆကြည့်နေရင်းက အမေ့ရဲ့ တင်းမာခက်ထန်တဲ့ မျက်နှာကို မျက်စိ ထဲမှာ ပြန်မြင်ယောင်လာမိပါတယ်။ ကျွန်တော်က နှေးကွေးတဲ့ခြေလှမ်းတွေနဲ့ အိမ်ဘက်ကို မရဲတရဲ ဦးတည်လာ နေပါတယ်။ အမေကတော့ ရေချိုးတော့မယ့်ဆဲဆဲ ထဘီရင်လျားနဲ့ခါးထောက်ပြီး ကျွန်တော့်ကိုစူးစူးရဲရဲ စိုက်ကြည့်လို့ နေပါတယ်။ ကျွန်တော့်နားထဲမှာ ကြိမ်လုံးသံတရွှမ်းရွှမ်းကို ကြားယောင်နေမိသလို စပ်ဖျင်းဖျင်း နာကျင်မှု တစ်ခုကိုလည်း အသားပေါ်မှာ ပြန်ခံစားလိုက်ရသလိုပါပဲ။

အမေက ကျွန်တော့်အပေါ်မှာ ငယ်ငယ်က မျှော်လင့်ချက် ကြီးကြီးမားမားထားပါတယ်။ ပထမရတဲ့ ကျောင်းသားရဲ့ အမေအဖြစ်နဲ့ ပြိုင်ဘက်မိဘတွေနဲ့တွေ့တိုင်း ဂုဏ်ယူဝံ့ကြွား ချင်ပါတယ်။ ကျွန်တော်က အဲဒီတုန်းကမူလ တန်းကျောင်းသားဘဝပဲ ရှိပါသေးတယ်။ ပင်ကိုယ်ဉာဏ်ကောင်းတယ်ဆိုပေမဲ့ စာကျက်ဖို့ထက် ဆော့ဖို့ပဲ ပိုမက်ပါတယ်။ ကျွန်တော်က အဆော့မက်နေချိန်မှာ အမေကကျောင်းကပေးတဲ့ ဒိုင်းဆုကြီးကို မက်နေပါတယ်။ ကျွန်တော်တက်ခဲ့တဲ့ကျောင်းမှာက သုံးနှစ်ဆက်တိုက် ပထမရတဲ့သူကို ဒိုင်းဆုချီးမြှင့်တဲ့ အစဉ်အလာရှိပါတယ်။ ကျွန်တော့်ရှေ့က အဲဒီဆုကို ဆွတ်ခူးတဲ့သူတွေကိုကြည့်ပြီး အမေဟာ ကျွန်တော်နဲ့ အစားထိုး မြင်ယောင်ကြည့် နေခဲ့တာပါ။ ကျွန်တော်က နှစ်နှစ်ဆက်တိုက် ပထမရပြီး ပါပြီ။ နောက်တစ်နှစ်သာ ပထမရခဲ့ရင် အဲဒီဒိုင်းဆုဟာ ကျွန်တော့်အတွက်ပဲပေါ့။ အမေဟာ သူ့ရဲ့ညစဉ် အိပ်မက်တွေထဲမှာ၊ နေ့ဘက် စိတ်ကူးအတွေးတွေထဲမှာ ကျွန်တော်မျှော်လင့်တာထက်ပိုပြီး အဲဒီဒိုင်းဆုကို မျှော်လင့်နေခဲ့တာ ကျွန်တော် အဲဒီတုန်းကမသိခဲ့ရိုးအမှန်ပါ။

ဖြစ်ချင်တော့ ကျွန်တော်ကလည်း ပန်းဝင်ခါနီးမှ ခြေခေါက်လဲပါတယ်။ ဒိုင်းဆုရဖို့ သိပ်မမက်တဲ့ ကျွန်တော်ဟာ သင်္ချာဖြေတဲ့နေ့မှာ ၁၀ မှတ်တန် ပုစ္ဆာတစ်ပုဒ်ကို မှားပြီးဖြေမိပါတယ်။ ပထမရဖို့ ကတော့ဖြစ်နိုင်ခြေအတော် နည်းသွားပြီပေါ့။ ကျွန်တော့်အတွက်တော့ ဘယ်လိုမှမနေပေမယ့် ဒီသတင်းကို အမေသိရင် ဘယ်လိုနေမလဲ တွေးကြည့်ရင်း ကြက်သီးတော့နည်းနည်း ထမိပါတယ်။ ကျွန်တော့်သတင်းက ကျွန်တော့်အရင် အိမ်ကိုရောက်နှင့် နေပါတယ်။ ကျွန်တော်အိမ်ထဲကိုဝင်တော့ အမေက ဟုတ်မဟုတ် တစ်ခွန်းပဲ မေးပါတယ်။ ကျွန်တော်က ဟုတ်တယ်လို့ ဖြေလိုက်တဲ့ခဏ အမေကကြိမ် လုံးကိုဆွဲပါတယ်။ အဖေနဲ့ ဒေါ်လေးက အမေ့ကို ဆွဲပါတယ်။ ၁၀ မှတ်တန်ပုစ္ဆာတစ်ပုဒ်ကို မှားဖြေတဲ့ပြစ်မှုနဲ့ အမေက ကျွန်တော့်ခြေသလုံးပေါ်မှာ အရှိုးရာပေါင်းများစွာထင်အောင် ရိုက်နှက် အပြစ်ပေးပါတယ်။ တစ်ချက်ရိုက်တိုင်း လည်း အမေ့ပါးစပ်က “နောက်လျှမ်း ဦးမလားဟဲ့” လို့ရေရွတ်ပါ သေးတယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော့်အသားက နာတာထက် ရင်ထဲမှာနာတာကပိုပါတယ်။ အဲဒီတော့မှ အမေဟာ ဒီဆုကို ဘယ်လောက် မက်မောမှန်း ကျွန်တော်သိခဲ့ရပါတယ်။ ကျွန်တော်ဟာ စိတ်နာနာနဲ့ ဒီကြိမ်လုံးကို ဖျောက်ဖျက်ပစ်မလို့ လုပ်ပါသေးတယ်။ ဒါပေမဲ့လည်း မြင်လိုက်တိုင်း အရိုက်ခံရတာကို အမှတ်ရစေ ချင်တာနဲ့ပဲ မလုပ်ဖြစ်တော့ပါဘူး။ စိတ်ထဲမှာလည်း အမေ့အပေါ်စိတ်ခုသွားပါတယ်။ လူဆိုတာ အမှားနဲ့မကင်းနိုင်မှန်း အမေဘာလို့ သဘောမပေါက်ခဲ့တာလဲ။ ကျွန်တော်လည်း သင်္ချာဆို မကြည့်ချင်တော့ လောက်အောင် မုန်းသွား ပါတယ်။ အဲဒီနောက် ကျွန်တော် သင်္ချာနဲ့ပိုပြီး ဝေးလာပါတယ်။ သင်္ချာကိုပိုပြီး ကြောက်လာပါတယ်။ သင်္ချာဖြေတိုင်း အမှားအယွင်းတွေပိုများလာပါတယ်။ မှတ်မှတ်ရရ အဲဒီ့နောက်ပိုင်း ကျွန်တော်သင်္ချာအမှတ် ၁၀၀ ဘယ်တော့မှ မရတော့ပါဘူး။

အချိန်ကြာလာတာနဲ့အမျှ အဲဒီအဖြစ်အပျက်ကို မေ့မေ့ပျောက်ပျောက် ဖြစ်လာကြပါတယ်။ အမေကတော့ ကျွန်တော့်ထက် ပိုသတိရလိမ့်မယ်ထင်ပါတယ်။ တစ်ခါတစ်ခါ မိသားစုတွေ စကားစပ်မိလို့ အဲဒီ အကြောင်းကို ပြန်ရောက်သွားတိုင်း အမေ့မျက်နှာက တစ်မျိုးဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အမေ့မျက်နှာ ဖြစ်ပုံချင်း တစ်ခါနဲ့တစ်ခါမတူပါဘူး။ အစပိုင်းမှာ အမေ့မျက်လုံးတွေက မီးဝင်းဝင်း တောက်လာ တတ်ပါတယ်။ နောက်ပိုင်း ကြာလာတာနဲ့အမျှ အမေ့မျက်နှာပေါ်က တင်းမာမှုတွေ တဖြည်းဖြည်း ပြေလျော့လာတယ်လို့ ထင်မိပါတယ်။

အချိန်ကအမေနဲ့ကျွန်တော့်ကို အများကြီး ပြောင်းလဲစေခဲ့ပါတယ်။ ခုတော့ အမေက အဲဒီတုန်းက သူမှားတယ်လို့ ဝန်ခံပါတယ်။ စေတနာကနည်းပြီး၊ ကိုယ့်လိုဘမပြည့်ဝလို့ ဖြစ်လာတဲ့ဒေါသကများတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မာနသိပ်ကြီးတဲ့ အမေ့ပါးစပ်က ဒီလိုမျိုး ဝန်ခံစကားထွက်ဖို့ တော်တော်ကြာခဲ့လိမ့် မယ်လို့တော့ တွေးမိပါတယ်။ ကြာဆို ၁၀ စုနှစ် တစ်ခုစာလောက်ရှိမလားပဲ။

ခုတော့လည်း ဒီအဖြစ်ဟာပြန်ပြောရင် ရယ်စရာပေါ့။ ကျွန်တော်လည်း အမေ့အရိုက် မခံရတာကြာပါပြီ။ အမေဟာ ကျွန်တော့်ကို ရိုက်မိတဲ့အတွက် စိတ်မကောင်းဖြစ်တဲ့ပုံပါပဲ။ ကျွန်တော်လည်း အမေ့ကိုကြည့်ပြီး ဘဝမှာ သင်ခန်း စာတစ်ခုတိုးပါတယ်။ အတ္တဆိုတဲ့အရာကို ထိတ်လန့်မိပါတယ်။ အမေ သူ့အတ္တသူ ရှာတွေ့ သွားတဲ့အပေါ် လည်း ဝမ်းသာမိပါတယ်။

ကြိမ်လုံးကိုကြည့်နေရင်းက စာအုပ်တွေထဲမှာပါတဲ့ ‘မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား’ ဇာတ်လမ်းဟာ ခေါင်းထဲကို ရောက်လာပါတယ်။ မင်းတုန်းမင်းငယ်စဉ် မောင်လွင်ဘဝက စံကျောင်းဆရာတော်ထံမှာ ကျောင်းသားဘ၀ နဲ့နေစဉ် ငါးခြောက်ပြားပျောက်မှုနဲ့ ကျောကုန်း မှာအရှိုးရာထင်အောင် အရိုက်ခံရဖူးပါသတဲ့။ ကျွန်တော့်မျက်စိထဲ ငါးခြောက်ဖုတ် သိပ်ကြိုက်တဲ့ဆရာတော် ငါးခြောက်ပြား ပျောက်လို့ ဒေါသဖြစ်ဖြစ်နဲ့ ကြိမ်လုံးကို တအားလွှဲရိုက် နေပုံ၊ သူ့ရှေ့မှာက ငါးခြောက်ပြား ထိန်းသိမ်းရေး တာဝန်ခံ မောင်လွင်က ဒူးလေးထောက်ပြီး ဆရာတော့်ကြိမ်လုံး အရသာကို ခံစားနေရပုံကို မြင်ယောင်နေမိ သလိုလို။ နားထဲမှာလည်း “ဟဲ့ ငလွင်၊ နင် ဒီငါးခြောက်ပြားကိုမှ မထိန်းသိမ်းနိုင်ရင် နောင် ရှင်ဘုရင်ဖြစ်တော့ တိုင်းပြည်ကို ဘယ်လိုထိန်းသိမ်းမလဲ” ဆိုတဲ့ ဆရာတော့် အသံကိုလည်း ကြားယောင်မိ သလိုလို ဖြစ်မိပါတယ်။

စံကျောင်းဆရာတော်ရဲ့ ကြိမ်လုံးဟာအမေ့ ကြိမ်လုံးထက်ပိုတုတ်မတုတ်၊ ပိုနာမနာ ကျွန်တော်မသိပါ။ မောင်လွင် တစ်ယောက်တော့ ရုပ်ရောစိတ်ရော အတော်နာမှာပဲလို့တော့ တွေးမိပါတယ်။ နောင်တစ်ချိန် အမေက သူရိုက်တာမှားတယ်လို့ ဝန်ခံသလိုမျိုး စံကျောင်းဆရာတော်လည်း သူ့လုပ်ရပ်ကို ပြန်လှန်ဆန်းစစ် ခဲ့သလား ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဘယ်သို့ဆိုစေ ဆရာတော်ဟာ သူ့ရဲ့ရသတဏှာအတွက် မောင်လွင့်အပေါ် ဒေါသပေါက်ကွဲခဲ့သလို အမေကလည်း သူတစ်ဆင့်ခံ မပိုင်ဆိုင်လိုက်ရတဲ့ ဒိုင်းဆုအတွက် ကျွန်တော့်အပေါ်ကို ဒေါသ ပုံချခဲ့ပါတယ်။

ဆရာတော်ဟာ “ဒီငါးခြောက်ပြား လေးကိုမှ မစောင့်ရှောက်နိုင်ဘူးလား” လို့ပြောရင်း မောင်လွင်ကို ရိုက်သလို အမေကလည်း “ဒီလောက်တောင်လျှမ်းရသလား” လို့ မြည်တွန်တောက်တီးရင်း ကျွန်တော့်ကို ရိုက်ခဲ့ပါတယ်။ မောင်လွင်ဟာ မင်းတုန်းမင်း ဖြစ်လာတဲ့အခါ တိုင်းပြည်တစ်ဝက်ကို အင်္ဂလိပ်လက် ပါမသွားအောင် မစွမ်းဆောင်နိုင်ခဲ့သလို ကျွန်တော်ဟာလည်း လူကြီးဖြစ်တဲ့အထိ ဂဏန်းသင်္ချာနဲ့ ပတ်သက် လာရင် လျှမ်းမြဲ လျှမ်းနေဆဲပဲ ဖြစ်ပါတယ်။

မြန်မာတိုင်း(မ်)ဂျာနယ်၊ မတ်လ ၂၀၀၆ ခုနှစ်


ပျော်ရွှင်ခြင်းလမ်းစ

Comments

  1. ဒီရသစာပေကိုဖတ်မိတဲ့ နောင်ဖြစ်ပေါ်လာမယ့် မိဘလောင်းတွေ သားသမီးအပေါ်မှာ နားလည်မှုကိုပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ မိဘတိုင်း ကိုယ့်သားသမီးကို သူတပါးထက် သာချင်တာကတော့ ဓမ္မတာပါ။ အတ္တဆန်တဲ့ သာလွန်ချင်းမျိုးမဖြစ်ကြပါစေနဲ့။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...