Skip to main content

အဖိုးတန်သောခဏလေးများ

“ပြန်တော့မလို့လား။ ထိုင်တောင် မထိုင်တော့ဘူးလား။ ခဏလေးပါလား”

အသိအိမ်တစ်အိမ်ကို အလျင်စလို ဝင်၍ ပြန်တော့မည်ဟု နှုတ်ဆက်လိုက်လျှင် ထိုစကားမျိုးကို ကြားရတတ် ပါသည်။ တစ်ရက်တွင် ၂၄ နာရီသာရှိနေခြင်းသည် အတော်ဆိုးသည့် ကိစ္စဖြစ်သည်။ “အချိန် မရလို့ဗျို့၊ နောက်မှတွေ့တာပေါ့ ... နောက်မှ ပြောတာပေါ့ ... နောက်မှ ...” ဆိုသော စကားသည် အချိန်ဆင်းရဲ ရှာသော လူသားတို့အတွက် လက်သုံး စကားများ ဖြစ်သည်။
အမှန်တော့ လူ့ဘဝဆိုတာကိုက “သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက် သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာ” မဟုတ်ပါလား။ ဘဝဆိုတာလည်း တစ်ခဏ။ တွေ့ဆုံပေါင်းသင်းကြသည် ဆိုတာလည်း တစ်ခဏ။ ထိုခဏကို လွန်လျှင် အားလုံးပြီးသွားပြီ။ ခွဲခွာကြပြီ။ ကိုယ့်လမ်းကိုယ်သွားကြပြီ။

သို့သော် ထိုခဏသဘောကို၊ အခိုက်အတန့်သဘောကို ကျွန်တော်တို့ သတိမပြုမိနိုင်။ နှလုံးမသွင်းမိကြ။ ဒါကြောင့်လည်း တစ်အိမ်တည်းနေပြီး မျက်နှာချင်းမဆိုင်နိုင် ဖြစ်ရသည်။ လမ်းတွေ့တာတောင် ပြုံးမပြနိုင်ဖြစ်ရသည်။ သေခန်းပြတ်ရှင်ခန်းပြတ် ဇာတ်လမ်းမျိုးတွေ ဒုနဲ့ဒေး ကြားနေရသည်။

ရှားပါးသည့် စိန်ရွှေရတနာတို့ကို လူတိုင်း တန်ဖိုးထားကြသော်လည်း ရှားရှားပါးပါး တွေ့ဆုံကြရသည့် ခဏလေးများကိုတော့ စိန်ရွှေငွေ တို့လောက် တန်ဖိုးမထားကြပါ။ စိန်ရွှေငွေတို့ကို အစားပြန်ရှာ၍ ရနိုင်သည်။ သို့သော် အဖိုးတန် ခဏလေးများကိုတော့ လိုချင်မှ မရတော့ပါ။ ထိုအခါ နောင်တတဖန် ပူပန်ရ ပါသည်။ ထိုသဘောတရားကိုသာ စောစောကနားလည်ကြလျှင် ပေါက်ကွဲနေသောဒေါသများ ငြိမ်သက် သွားလိမ့်မည်။ ခိုင်းထားသောကျောများ မျက်နှာချင်းဆိုင် သွားကြလိမ့်မည်။ ကျွန်တော်သည်လည်း အဘွား၏ ဈာပနကို မျက်ရည်မကျဘဲ ပြုံးပြုံးကလေးနှင့် ပို့ဆောင်ပေးနိုင်ခဲ့ပါ လိမ့်မည်။

ဖြစ်ပုံက ကိစ္စတစ်ခုနှင့်ဆက်စပ်ပြီး မကျေနပ်၍ အဘွားကို မချေမငံပြန်ပြော ခဲ့မိသည်။ အဘွားငိုပါသည်။ ကျွန်တော် မှားသွားမှန်းသိသည်။ သို့သော် ပြန် မတောင်းပန်ဖြစ်ခဲ့။ ဆုံစည်းကြသည့် ခဏထက် ဘာမဟုတ်သည့် မာနကို ပိုတန်ဖိုးထားခဲ့မိသည်။ အဘွားနှင့် လည်း ခပ်တန်းတန်း နေခဲ့ပါသည်။

အချိန်တွေ အတော်ကြာသွား ပါသည်။ အဘွားကို ပြန်တောင်းပန်ပြီး မြေးအဘွားနှစ်ယောက် အလျင်လို ချစ်ချစ်ခင်ခင် ပြန်နေတော့မည်ဟု စိတ်ကူးလိုက်သည်။ သို့သော် အဖြစ်အပျက်တို့သည် မြန်ဆန် လှပါသည်။ နံနက်ခင်း ကျောင်းမသွားခင် ကလေးကတင် အဘွားရှိသေးသည်။ နေ့လယ်ခင်း ကျွန်တော် ကျောင်းက ပြန်ရောက်တော့ အဘွားကို မတွေ့တော့။ အဘွားသည် မြေးဖြစ်သူ ထံမှ ပြေရာပြေကြောင်းစကားကို စောင့်မျှော်ရတာ စိတ်မရှည်တော့ပြီထင့်။ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ရုတ်ချည်းအပြီး ထွက်ခွာသွားခဲ့ လေသည်။

“အဘွားဒီလိုမြန်မြန်ကြီးဆုံးမယ်မှန်း သိခဲ့ရင်ကွာ” ဟု ယူကျုံးမရ တသသ ဖြစ်ရပါသည်။ သို့သော်လည်း ဘယ်သူ ဘယ်နေ့သေမယ် ကြိုသိနိုင်တာမှ မဟုတ်ပဲ။ အဘွားမရှိတော့မှ အဘွားရှိစဉ်က အချိန်လေးကို ပြန်လိုချင်လာသည်။ ရင်ထဲတွင် လှိုက်တက်လာသည်။ အဘိုး အဘွား သေလျှင်မြေးပျော်သည် ဆိုသည့် စကားရှိသော်လည်း ကျွန်တော့်မှာ မပျော်နိုင်ပါ။ အဖြူအစိမ်းတောင် မလဲနိုင်ဘဲ နောက်ဖေး မီးဖိုချောင်ထဲ သွားပြီး မငိုစဖူး ငိုနေမိပါသည်။ မဟုတ်မှန်းသိလျက်နှင့်လည်း အဘွား မသေသေးဟု ဇွတ်တင်းခံ နေမိသည်။

ကျွန်တော်သည် ကျွန်တော့်ပုခုံးကို လာကိုင်သည့် အေးစက်စက်လက် တစ်ဘက်ကြောင့် အငိုခဏရပ်၍ မော့ ကြည့်မိသည်။ အဘိုးပါလား ...။ အဘိုးသည် ကျွန်တော့်အား ကြင်နာ သော မျက်လုံးများ နှင့် စိုက်ကြည့် နေပါသည်။ တရားနှင့်ဖြေဖို့ အဘိုးက ပြောပါသည်။ တကယ်တော့ ကျွန်တော်ငိုသည်မှာ အဘွားနှင့်ခွဲခွာရလို့ ဆိုသည်ထက် မခွဲခွာခင် တွေ့တုန်းအခိုက်အတန့်ကို တန်ဖိုးမထားခဲ့မိ သောကြောင့် ဖြစ်မှန်း အဘိုး မသိခဲ့ပါ။
ကျွန်တော့်ခေါင်းထဲတွင် အတွေး တစ်ခု လက်ခနဲဖြစ်သွားကာ မျက်ရည်များကို သုတ်လိုက်ပြီး အဘိုးကို ပြုံးပြလိုက်ပါသည်။ အဘိုးဆုံးတော့ ဒီလောက်မခံစားရတော့ပါ။ အဘိုးကို အဘွားလောက် မချစ်၍ မဟုတ်။ အဘွားအပေါ်တင်နေသည့် ကျွန်တော့်အကြွေးကို အဘိုးအလှည့်တွင် အတိုးရောအရင်းပါ တစ်လုံးတစ်ခဲ တည်း ပြန်ဆပ်နိုင်ခဲ့၍ဖြစ်ပါသည်။

မြန်မာတိုင်း(မ်)ဂျာနယ် အမှတ် ၃၀၃ အတွေးအမြင်ကဏ္ဍ၊ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ။

ပျော်ရွှင်ခြင်းလမ်းစ

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...