Skip to main content

လက်ဖက်ရည် ဘာဝနာ


ကျွန်တော်တစ်ယောက် ခုတစ်လော အာနာပါနကမ္မဋ္ဌာန်းကို မှန်မှန်ရှုတတ်လာ၏။ တစ်ခါတစ်ရံတွင်လည်း အသက်ရှူသည့်အကြိမ်ရေကို စိတ်ထဲက လိုက်ရေတွက်နည်းကို သုံးပြီး သမာဓိကိုတည်ဆောက်နေမိပါသည်။ ကျွန်တော့် ရည်ရွယ်ချက်က သူများတကာလို သမာဓိ တည်ဆောက်ကာ မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်ချင်လို့ စသည့် ကြီးကြီးကျယ်ကျယ်မဟုတ်ပါ။ တိုတိုပြောရလျှင် လက်ဖက်ရည်သောက်ချင်လို့ ဖြစ်ပါသည်။ သည့်ထက် နည်းနည်းချဲ့ပြောရလျှင် လက်ဖက်ရည်ကို အရသာခံပြီး ကျကျနန သောက်ရန် ဖြစ်ပါသည်။

ဖြစ်ပုံက သည်လိုပါ။ လက်ဖက်ရည်ကြိုက်တတ်သည့် ကျွန်တော်သည် လက်ဖက်ရည်ဆိုင် ကောင်းကောင်း ရသည့် ဆိုင်ကို တွေ့လေတိုင်း မှတ်မှတ်ထားပြီး မကြာ မကြာ သွားသောက်တတ်ပါသည်။ တစ်ခါများမှာတော့ ကျွန်တော် သောက်ဖူးနေကျ မဟုတ်သည့် ထူးထူးခြားခြားအရသာမျိုးထွက်သည့် ဆိုင်တစ်ဆိုင်ကို အမှတ် မထင် တွေ့လိုက်ရသည်။ အတော်ကို ကောင်းမွန်လှသည့် အရသာဖြစ်ရာ ပထမဆုံး အကြိမ်သောက် မိသည့် နေ့မှစကာ ထိုဆိုင်မှလက်ဖက်ရည်ကို တမ်းတမ်းစွဲဖြစ်သွားပြီး အိမ်နှင့်အတော်ဝေးဝေးမှာရှိသော်လည်း အနိမ့်ဆုံး တစ်ပတ်တစ်ကြိမ်လောက်ဖြစ်ဖြစ် သောက်ဖြစ်အောင် သွားသောက်ခဲ့ပါသည်။

ထိုဆိုင်သို့သွားသည့်အခါ တစ်ယောက်တည်း သွားသည့်အခါ ရှိသကဲ့သို့ ချစ်သူခင်သူတစ်ဦးဦးကိုလည်း ကိုယ့်လိုပင် ထိုအရသာကို ရစေချင်စိတ်ဖြင့် ခေါ်သွားသည့်အခါများလည်း ရှိပါသည်။ ကျွန်တော် ခေါ်သွား သည့် သူ တော်တော်များများကလည်း ထိုလက်ဖက်ရည်ကို ကျွန်တော့်လိုပင် ကောင်းကြောင်း၊ နှစ်သက် ကြောင်း ပြောတတ်ကြပါသည်။ ကျွန်တော့်လျှာက လက်ဖက်ရည်ကို အရသာခံသောက်ပြီး ကျွန်တော့် နားကမူ မိမိနှင့်အတူပါလာသူ၏ ထိုလက်ဖက်ရည်ကောင်းကြောင်း ထောက်ခံချီးမွမ်းခန်းကို အရသာခံကာ နားထောင် တတ်ပါသည်။

သို့သော်လည်း မကြာသေးမီကာလများအတွင်း သတိထားမိလာသော အရာတစ်ခုရှိပါသည်။ အခြားမဟုတ်၊ စိတ်ထဲတွင် ကျွန်တော်သည် ထိုဆိုင်သို့ရောက်လာပြီးခါမှ လက်ဖက်ရည်ကို တကယ်မသောက်ရဘဲ ပြန်ပြန် သွားခဲ့ရသည်ဟု ထင်မြင်မိလာ၍ဖြစ်သည်။ ထိုအချက်ကြောင့် ကျွန်တော့်မှာ များစွာ စိတ်ကသိကအောက် ဖြစ်ရပါသည်။ ဘယ့်နှယ် ကျွန်တော်ကြိုက်သော လက်ဖက်ရည်ကို ဆိုင်အထိ တကူးတက လာ၊ ပိုက်ဆံပေး သောက်ပြီးခါမှ မသောက်လိုက်ရဘဲ ပြန်ရသည်ဆိုသော ကိစ္စသည် စိတ်ကသိကအောက်မဖြစ် ခံနိုင်ရိုးပါလား။

အကြောင်းရင်းက သည်လိုပါ။  ကျွန်တော်သည် ပထမဆုံးအခေါက်၊ ဒုတိယအခေါက် စသည်ဖြင့် ထို လက်ဖက်ရည်ဆိုင်သို့ ရောက်ခါစများတုန်းက ထိုလက်ဖက်ရည်ကို လျှာပေါ်မှာတင်ပြီးသကာလ အရသာ ခံကာ တစိမ့်စိမ့်သောက်ခဲ့သည် မှန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လျှာက အရသာကိုခံကာ တစ်ငုံပြီး တစ်ငုံ သောက်ဖို့ရာ မေ့လျော့တတ်လာ၍ဖြစ်ပါသည်။ လက်ဖက်ရည်သည် ကျွန်တော်၏လျှာပေါ်ရှိ အာရုံခံအင်္ဂါအဖုလေးများကို ဖြတ်ကျော်ကာ ဗိုက်ထဲသို့လျှောကျသက်ဆင်းခဲ့သည် မှန်သော်လည်း ကျွန်တော့် စိတ်သည် အရသာပေါ်မှာ တည်မနေဘဲ အခြား တစ်ခုခုသို့ အာရုံရောက်ရောက်သွား၍ ဖြစ်ပါသည်။ တစ်ခါ တစ်ခါတွင် အလုပ်ကိစ္စကို စိတ်ကရောက်နေသည်။ တစ်ခါတစ်ရံမှာတော့ အိမ်က ထွက်လာစဉ် ကတည်းက စဉ်းစားလာသည့် ကိစ္စက ခေါင်းထဲမှာအတွေးအမျှင်မပြတ်၊ တချို့ အခေါက်ကျတော့လည်း လက်ဖက်ရည် ဆိုင်မှ ထပြီးနောက် ကြုံရတော့မည့်ကိစ္စကို ကြိုတင် စဉ်းစားမိ ဖြစ်နေတတ် သည်။ သို့မဟုတ်လျှင်လည်း ကိုယ်နှင့်အတူ ပါလာသည့် မိတ်ဆွေ သူငယ်ချင်းနှင့် အာဘောင်အာရင်းသန်သန် စကား ကောင်းနေသဖြင့် လက်ဖက်ရည်ကို နောက်ဆုံးလက်ကျန် တစ်ငုံမော့ပြီးခါမှ လက်ဖက်ရည်အရသာကို မခံလိုက်ရဟု သတိရ သွားမိတာမျိုးဖြစ်သည်။

ထိုအချက်ကြောင့် ကျွန်တော့်မှာ လက်ဖက်ရည်ကို လာသောက်သည် မှန်သော်လည်း လက်ဖက်ရည်ကို တကယ် မသောက်လိုက်ရဟု စိတ်ထဲတွင် ခံပြင်းမိလာရသည်။ ကိုယ်ကြိုက်လှပါသည် ဆိုသော လက်ဖက်ရည် ကို သောက်ချင်လှပါချည်ရဲ့ဟုဆိုကာ ကားကျပ်သည့်လမ်းမများကို ဖြတ်ကျော်ပြီး လာသောက်ပြီးခါမှ စိတ်သည် လျှာပေါ် ဖြတ်သန်းသွားနေသည့် လက်ဖက်ရည်အပေါ် အရသာခံရန် သတိမရဘဲ တခြားသို့ စိတ်ပျံ့လွင့်နေသည့်အတွက် ကိုယ်ကြိုက်သည့် လက်ဖက်ရည်၏အရသာကလေးကို လက်လွတ်သွား ရသတဲ့ လား။ ကိုယ့်ချစ်သူမိန်းကလေးကို ခိုးပြေးပါမည်ဟု ချိန်းထားသည့်အချိန် လာသော်လည်း လူချင်းလွဲသွား၍ လက်လွတ်သွားသူတစ်ယောက် ခံပြင်းသကဲ့သို့ ကျွန်တော်သည်လည်း အရသာကို အမိ မဖမ်းလိုက်နိုင်သည့် ဗိုက်ထဲရောက် ထိုလက်ဖက်ရည်အတွက် ခံပြင်းနေမိ၏။

လူတို့သည် မိမိတို့ကြိုက်နှစ်သက်သည့် အစားအသောက်တစ်ခုခုကို စားနေသောက်နေရသော်လည်း ထို စားစရာ သောက်စရာ အရာဝတ္ထုကလေး မိမိလျှာပေါ်ရောက်နေသည့်ခဏတွင် ဈာန်ဝင်စားပြီး အရသာခံရန် မေ့လျော့သွားမိပါက မိမိကြိုက်သည့် ထို စားသောက်စရာကို စားသာစားလိုက်ရပြီး မသုံးဆောင်လိုက်ရ ကြောင်း တွေးမိလာပါသည်။ ဥပမာပေးရလျှင် လူနှစ်ယောက်သည် လက်ထပ်ထားသဖြင့် အိမ်မှာအတူ နေနေရသော်လည်း ထိုသူနှစ်ဦးကြား ချစ်ခြင်းမေတ္တာမရှိကြပါက လူချင်းသာနီးပြီး စိတ်ချင်းမနီးသလိုမျိုးနှင့် တူပါသည်။ ထိုအတွေးဝင်သည့် နောက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်သို့ နောက်တစ်ခေါက်ရောက်ပါက ရှိရှိသမျှ အာရုံကိစ္စပေါင်း သောင်းခြောက်ထောင် တို့ကိုခေတ္တမေ့ထားတော့မည်၊ လက်ဖက်ရည်ကိုသာ ဈာန်ဝင်စား လျက် အရသာခံ သောက်မည်ဟု အားခဲလိုက်ပါသည်။

၎င်းသည် ကမ္မဋ္ဌာန်းဘာဝနာ ပွားများဖြစ်သွားသည့် ဇာတ်လမ်း၏ကျောရိုးပင်ဖြစ်သည်။ လက်ဖက်ရည် ကို အရသာခံသောက်ဖို့ မေ့လျော့ကာ စိတ်ပျံ့သွားမှာစိုးစိတ်ဖြင့် လက်ဖက်ရည်ဆိုင်သို့ သွားမည့်ရက် မရောက်ခင်ကတည်းက ကျွန်တော်သည် သတိထားပြီး ပြန့်ကျဲနေသည့် စိတ်တို့ကို တတ်နိုင်သမျှ စုစည်းရန် ကြိုးစားပါသည်။ သို့နှင့် လက်ဖက်ရည်ဆိုင်သို့ နောက်တစ်ခေါက် ရောက်သောအခါ မာန်ကိုသွင်း၍ စိတ်ကိုတင်း၍ ခုံမှာဝင်ထိုင်၊ လက်ဖက်ရည်ကို သေချာမှာပြီး စောင့်နေပါသည်။ဒီတစ်ခါတော့ လူသာ ရောက်ပြီး စိတ်မရောက်လိုက်ရတာမျိုး မရှိစေရဟု ကြိမ်းဝါးထားပါသည်။ ကောင်ကောင်းကြီး အရသာ ခံပစ်လိုက်မယ်ဟူ၍လည်း အသင့်ပြင်ထားသည်။ မှာထားသည့် လက်ဖက်ရည်ရောက်လာပါသည်။ ကျွန်တော် သည် လက်ဖက်ရည်မွှေသည့် ဇွန်းကလေးဖြင့် အသေအချာမွှေပြီးမှ ပထမဆုံးလက်ဖက်ရည် တစ်ဇွန်း ကို ခပ်ယူကာ လျှာပေါ်သို့ အသာအယာတင်လိုက်ပါသည်။

လျှာက ခံစားလိုက်ရသည့် လက်ဖက်ရည်အရသာကလေးအပေါ် စိတ်ကို အတင်းအားစိုက် စုစည်းကာ အရသာ ခံလိုက်သည်။ သို့သော် မိမိရရမရှိလှ၊ လွတ်ထွက်သွားသည်ဟု ခံစားလိုက်ရသည်။ မကျေမနပ်ဖြင့် နောက် တစ်ဇွန်း ထပ်ခပ်ကာ လျှာပေါ်တင်လိုက်ပြန်သည်။ သည်တစ်ခါလည်း စိတ်က သိပ်မတင်းတိမ်၊ ထို အရသာလေးကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်သကဲ့သို့ သေချာ အသေးစိတ် အနုလုံပဋိလုံ ခံစားချင်သည် ဆိုခါမှ ကျွန်တော်နှစ်သက်ပါသည်ဆိုသော လက်ဖက်ရည်အရသာကလေးသည် ဝေဝါးနေသယောင်၊ ငါးရှဉ့်ကို ဖမ်းသည့်အခါ လက်မှလျှောခနဲ ထွက်သွားသလိုမျိုး ဖြစ်ဖြစ်သွားပါသည်။

သည်တစ်ခေါက်တွင် အဖျော်ဆရာ ပြောင်းသွား၍များ လက်ဖက်ရည်အရသာကို မမိဖြစ်နေသလားဟူ၍ လေ့လာ ကြည့်တော့လည်း ဖျော်နေကျအဖျော်ဆရာပင် ဖြစ်သည်။ အရသာကလည်း ကွန်ပျူတာဖြင့် တွက်ချက်ထား သလား ထင်ရလောက်အောင်ကို တစ်သတ်မှတ်တည်း ဖြစ်ပါသည်။ ပြဿနာက ခါတိုင်းတွင် အာရုံက တခြားရောက်နေသဖြင့် မသောက်လိုက်ရဟု ခံစားမိခဲ့ရသည့် လက်ဖက်ရည်ကို သည်တစ်ခေါက် မှာတော့ အာရုံအပြည့် ဝင်စားပြီး သောက်ပြန်သော်လည်း မသောက်ရသေးဟုသာ ခံစားနေခြင်း ဖြစ်သည်။ ကျွန်တော် အခဲမကျေပါ။ တစ်ဇွန်းပြီးတစ်ဇွန်း သောက်ရုံဖြင့် အားမရ၍ တစ်ငုံပြီးတစ်ငုံ သောက်ကြည့်သည်၊ လျှာပေါ် ရောက်သည့်အခါ ချက်ချင်းမျိုမချသေးဘဲ အာခံတွင်းထဲစက္ကန့်ပိုင်းမျှထားကာ အရသာကို သေချာခံစားကြည့်သည်။ အရသာကို မသိမဟုတ်၊ သိပါသည်၊ သို့သော် ထို လက်ဖက်ရည် အရသာ ကလေးသည် အထက်မှာဆိုခဲ့သလို ဖမ်းလို့ မမိဘဲ လွတ်လွတ်ထွက်နေခြင်းပင် ဖြစ်ပါသည်။

ကျွန်တော်သည် ရုပ်ရှင်တွေထဲကလိုမျိုး တန်ခိုးရှင်တစ်ဦးဦးက အချိန်နှင့်နေရာတို့ကို ရပ်တန့်စေဟု အမိန့်ပေးလိုက်သည့်ခဏ ကမ္ဘာလောကတစ်ခုလုံး ရောက်နေသည့်နေရာမှာပင် ရပ်တန့်သွားပြီး ထို ရပ်နေ သည့် အရာဝတ္ထုအားလုံးကို စိတ်ကြိုက် လေ့လာကြည့်ရှုလို့ အားရခါမှဆက်သွားဟု အမိန့်ပေးလိုက် ပုံမျိုး လက်ဖက်ရည် သောက်ခန်းမှာလည်း လက်ဖက်ရည် လျှာပေါ်တင်သည့်ခဏတွင် အချိန်ကို ရပ်တန့်ကာ၊ အရသာလေးကို ရပ်တန့်ကာ အသေးစိတ် ခံစားကြည့်မည်ဟု မူလက စိတ်ကူးယဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တကယ် လက်တွေ့တွင် လက်ဖက်ရည်ကိုသာ ပါးစပ်ထဲ ခဏငုံထားလို့သာရပြီး အရသာကိုတော့ ရပ်တန့် ထား၍ မရခဲ့ပါ။ ဖမ်းဆုပ်ကြည့်လေ လွတ်ထွက် သွားလေဖြစ်နေခဲ့ပါသည်။

နောက်ရက်များမှာလည်း စိတ်ကို သည့်ထက်ပိုမိုစုစည်းနိုင်အောင် လေ့ကျင့်ပြီး ထပ်သွားခဲ့ပြန်ပါသည်။ သို့သော်လည်း ထူးမခြားပါ။ စိတ်သည် ပိုမိုအားကောင်းထက်သန်လာလေ လက်ဖက်ရည် အရသာလေးကို ရှာမတွေ့တော့လေ ဖြစ်လာပါသည်။ လမိုက်သည့်ညတစ်ညတွင် မှိတ်တုတ် မှိတ်တုတ် လင်းနေသော ပိုးစုန်းကြူး လေးတစ်ကောင်သည် ဟိုမှာ ဖျတ်ခနဲပေါ်လာလိုက်၊ ပြန်ပျောက်သွားလိုက် ဖြစ်ပုံမျိုး ထို လက်ဖက်ရည် အရသာ ကလေးသည်လည်း ရပ်တန့်ကြည့်ဖို့ ကြိုးစားလေ လွတ်ထွက်သွားလေသာ ဖြစ်နေ သည်ဟု ခံစားရသည်။ ကျွန်တော့် လက်ဖက်ရည်ကို တစ်စုံတစ်ယောက်က လုယူသွားတာများ ဖြစ်နေသလား။ သို့မဟုတ် ထို လက်ဖက်ရည်သည် မူလကတည်းက ရှိမနေခဲ့သော အရာတစ်ခုများ ဖြစ်နေပါသလား။ သို့မဟုတ် လက်ဖက်ရည်လည်း တကယ်ရှိ၊ လက်ဖက်ရည်၏အရသာလည်း ရှိ၊ ထိုအရသာကိုလည်း သိသည့် လျှာလည်းရှိနေသော်လည်း ထိုအရသာကလေးကို လျှာပေါ်မှာ ရပ်တန့်ထားနိုင်သည့် အစွမ်းသတ္တိသာ ကျွန်တော့်မှာ ရှိမနေခြင်းများလား။

ထိုနေ့က ကျွန်တော်၏လက်ဖက်ရည်အရသာခံသောက်ခြင်း ဆိုင်ရာ သုတေသန သို့တည်းမဟုတ် ခွဲခြမ်း စိတ်ဖြာ လေ့လာချက်သည် မအောင်မြင်ခဲ့ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ထို လက်ဖက်ရည်ဆိုင်သို့မူ ဆက်လက်သွားရောက်နေမြဲ၊ သောက်နေကျ လက်ဖက်ရည်ပုံစံကို မှာယူနေဆဲ၊ လျှာပေါ်မှာ တင်ကြည့်ကာ အရသာကို ခံစားဖို့ကြိုးစားနေမြဲဖြစ်ပါသည်။ အာရုံကိုစုစည်းကာ လက်ဖက်ရည်အရသာကို ခံစားဖို့ကြိုးစား သော်လည်း အရသာကလေးကို ရပ်တန့်မထားနိုင်ဘဲ လက်လွှတ်ခဲ့ရသည်ချည်း ဖြစ်ပါသည်။ အရသာ၊ ထိုအရသာကို သိခြင်း၊ ထိုအရသာနှင့် ထိုအရသာကိုနှစ်သက်သည့် ခံစားမှုလေးကို ဖမ်းမထားနိုင်ဘဲ လွတ်ထွက်သွားခြင်းတို့သည် လက်ဖက်ရည်ကို သောက်လေတိုင်း ကျွန်တော်တွေ့ရှိနေသည့် အဖြေပင် ဖြစ်ပါသည်။

ကျွန်တော်ကတော့ ကျွန်တော့်လက်ဖက်ရည် အရသာကလေးကို တစ်စုံတစ်ယောက်က ကျွန်တော် ခံစားလို့မပြီးခင်မှာ အဝေးသို့ ယူဆောင်သွားသည်ဟု တွေ့သူတိုင်းကိုပြောနေမြဲ ဖြစ်သည်။ ထိုသူကို တွေ့ပါက အကြောင်းကြားပေးပါရန်နှင့် ကျေးဇူး ဆပ်မည်ဖြစ်ကြောင်းကိုလည်း ရယ်ကျဲကျဲဖြင့် ကြေညာမောင်းထု၏။ ကြားရသူအပေါင်းက ကျွန်တော့်ကို ပြုံး၍သာ ကြည့်သွားကြလေသည်။


ပျော်ရွှင်ခြင်းလမ်းစ

Comments

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...