Skip to main content

လက်ဖက်ရည် ဘာဝနာ


ကျွန်တော်တစ်ယောက် ခုတစ်လော အာနာပါနကမ္မဋ္ဌာန်းကို မှန်မှန်ရှုတတ်လာ၏။ တစ်ခါတစ်ရံတွင်လည်း အသက်ရှူသည့်အကြိမ်ရေကို စိတ်ထဲက လိုက်ရေတွက်နည်းကို သုံးပြီး သမာဓိကိုတည်ဆောက်နေမိပါသည်။ ကျွန်တော့် ရည်ရွယ်ချက်က သူများတကာလို သမာဓိ တည်ဆောက်ကာ မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်ချင်လို့ စသည့် ကြီးကြီးကျယ်ကျယ်မဟုတ်ပါ။ တိုတိုပြောရလျှင် လက်ဖက်ရည်သောက်ချင်လို့ ဖြစ်ပါသည်။ သည့်ထက် နည်းနည်းချဲ့ပြောရလျှင် လက်ဖက်ရည်ကို အရသာခံပြီး ကျကျနန သောက်ရန် ဖြစ်ပါသည်။

ဖြစ်ပုံက သည်လိုပါ။ လက်ဖက်ရည်ကြိုက်တတ်သည့် ကျွန်တော်သည် လက်ဖက်ရည်ဆိုင် ကောင်းကောင်း ရသည့် ဆိုင်ကို တွေ့လေတိုင်း မှတ်မှတ်ထားပြီး မကြာ မကြာ သွားသောက်တတ်ပါသည်။ တစ်ခါများမှာတော့ ကျွန်တော် သောက်ဖူးနေကျ မဟုတ်သည့် ထူးထူးခြားခြားအရသာမျိုးထွက်သည့် ဆိုင်တစ်ဆိုင်ကို အမှတ် မထင် တွေ့လိုက်ရသည်။ အတော်ကို ကောင်းမွန်လှသည့် အရသာဖြစ်ရာ ပထမဆုံး အကြိမ်သောက် မိသည့် နေ့မှစကာ ထိုဆိုင်မှလက်ဖက်ရည်ကို တမ်းတမ်းစွဲဖြစ်သွားပြီး အိမ်နှင့်အတော်ဝေးဝေးမှာရှိသော်လည်း အနိမ့်ဆုံး တစ်ပတ်တစ်ကြိမ်လောက်ဖြစ်ဖြစ် သောက်ဖြစ်အောင် သွားသောက်ခဲ့ပါသည်။

ထိုဆိုင်သို့သွားသည့်အခါ တစ်ယောက်တည်း သွားသည့်အခါ ရှိသကဲ့သို့ ချစ်သူခင်သူတစ်ဦးဦးကိုလည်း ကိုယ့်လိုပင် ထိုအရသာကို ရစေချင်စိတ်ဖြင့် ခေါ်သွားသည့်အခါများလည်း ရှိပါသည်။ ကျွန်တော် ခေါ်သွား သည့် သူ တော်တော်များများကလည်း ထိုလက်ဖက်ရည်ကို ကျွန်တော့်လိုပင် ကောင်းကြောင်း၊ နှစ်သက် ကြောင်း ပြောတတ်ကြပါသည်။ ကျွန်တော့်လျှာက လက်ဖက်ရည်ကို အရသာခံသောက်ပြီး ကျွန်တော့် နားကမူ မိမိနှင့်အတူပါလာသူ၏ ထိုလက်ဖက်ရည်ကောင်းကြောင်း ထောက်ခံချီးမွမ်းခန်းကို အရသာခံကာ နားထောင် တတ်ပါသည်။

သို့သော်လည်း မကြာသေးမီကာလများအတွင်း သတိထားမိလာသော အရာတစ်ခုရှိပါသည်။ အခြားမဟုတ်၊ စိတ်ထဲတွင် ကျွန်တော်သည် ထိုဆိုင်သို့ရောက်လာပြီးခါမှ လက်ဖက်ရည်ကို တကယ်မသောက်ရဘဲ ပြန်ပြန် သွားခဲ့ရသည်ဟု ထင်မြင်မိလာ၍ဖြစ်သည်။ ထိုအချက်ကြောင့် ကျွန်တော့်မှာ များစွာ စိတ်ကသိကအောက် ဖြစ်ရပါသည်။ ဘယ့်နှယ် ကျွန်တော်ကြိုက်သော လက်ဖက်ရည်ကို ဆိုင်အထိ တကူးတက လာ၊ ပိုက်ဆံပေး သောက်ပြီးခါမှ မသောက်လိုက်ရဘဲ ပြန်ရသည်ဆိုသော ကိစ္စသည် စိတ်ကသိကအောက်မဖြစ် ခံနိုင်ရိုးပါလား။

အကြောင်းရင်းက သည်လိုပါ။  ကျွန်တော်သည် ပထမဆုံးအခေါက်၊ ဒုတိယအခေါက် စသည်ဖြင့် ထို လက်ဖက်ရည်ဆိုင်သို့ ရောက်ခါစများတုန်းက ထိုလက်ဖက်ရည်ကို လျှာပေါ်မှာတင်ပြီးသကာလ အရသာ ခံကာ တစိမ့်စိမ့်သောက်ခဲ့သည် မှန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လျှာက အရသာကိုခံကာ တစ်ငုံပြီး တစ်ငုံ သောက်ဖို့ရာ မေ့လျော့တတ်လာ၍ဖြစ်ပါသည်။ လက်ဖက်ရည်သည် ကျွန်တော်၏လျှာပေါ်ရှိ အာရုံခံအင်္ဂါအဖုလေးများကို ဖြတ်ကျော်ကာ ဗိုက်ထဲသို့လျှောကျသက်ဆင်းခဲ့သည် မှန်သော်လည်း ကျွန်တော့် စိတ်သည် အရသာပေါ်မှာ တည်မနေဘဲ အခြား တစ်ခုခုသို့ အာရုံရောက်ရောက်သွား၍ ဖြစ်ပါသည်။ တစ်ခါ တစ်ခါတွင် အလုပ်ကိစ္စကို စိတ်ကရောက်နေသည်။ တစ်ခါတစ်ရံမှာတော့ အိမ်က ထွက်လာစဉ် ကတည်းက စဉ်းစားလာသည့် ကိစ္စက ခေါင်းထဲမှာအတွေးအမျှင်မပြတ်၊ တချို့ အခေါက်ကျတော့လည်း လက်ဖက်ရည် ဆိုင်မှ ထပြီးနောက် ကြုံရတော့မည့်ကိစ္စကို ကြိုတင် စဉ်းစားမိ ဖြစ်နေတတ် သည်။ သို့မဟုတ်လျှင်လည်း ကိုယ်နှင့်အတူ ပါလာသည့် မိတ်ဆွေ သူငယ်ချင်းနှင့် အာဘောင်အာရင်းသန်သန် စကား ကောင်းနေသဖြင့် လက်ဖက်ရည်ကို နောက်ဆုံးလက်ကျန် တစ်ငုံမော့ပြီးခါမှ လက်ဖက်ရည်အရသာကို မခံလိုက်ရဟု သတိရ သွားမိတာမျိုးဖြစ်သည်။

ထိုအချက်ကြောင့် ကျွန်တော့်မှာ လက်ဖက်ရည်ကို လာသောက်သည် မှန်သော်လည်း လက်ဖက်ရည်ကို တကယ် မသောက်လိုက်ရဟု စိတ်ထဲတွင် ခံပြင်းမိလာရသည်။ ကိုယ်ကြိုက်လှပါသည် ဆိုသော လက်ဖက်ရည် ကို သောက်ချင်လှပါချည်ရဲ့ဟုဆိုကာ ကားကျပ်သည့်လမ်းမများကို ဖြတ်ကျော်ပြီး လာသောက်ပြီးခါမှ စိတ်သည် လျှာပေါ် ဖြတ်သန်းသွားနေသည့် လက်ဖက်ရည်အပေါ် အရသာခံရန် သတိမရဘဲ တခြားသို့ စိတ်ပျံ့လွင့်နေသည့်အတွက် ကိုယ်ကြိုက်သည့် လက်ဖက်ရည်၏အရသာကလေးကို လက်လွတ်သွား ရသတဲ့ လား။ ကိုယ့်ချစ်သူမိန်းကလေးကို ခိုးပြေးပါမည်ဟု ချိန်းထားသည့်အချိန် လာသော်လည်း လူချင်းလွဲသွား၍ လက်လွတ်သွားသူတစ်ယောက် ခံပြင်းသကဲ့သို့ ကျွန်တော်သည်လည်း အရသာကို အမိ မဖမ်းလိုက်နိုင်သည့် ဗိုက်ထဲရောက် ထိုလက်ဖက်ရည်အတွက် ခံပြင်းနေမိ၏။

လူတို့သည် မိမိတို့ကြိုက်နှစ်သက်သည့် အစားအသောက်တစ်ခုခုကို စားနေသောက်နေရသော်လည်း ထို စားစရာ သောက်စရာ အရာဝတ္ထုကလေး မိမိလျှာပေါ်ရောက်နေသည့်ခဏတွင် ဈာန်ဝင်စားပြီး အရသာခံရန် မေ့လျော့သွားမိပါက မိမိကြိုက်သည့် ထို စားသောက်စရာကို စားသာစားလိုက်ရပြီး မသုံးဆောင်လိုက်ရ ကြောင်း တွေးမိလာပါသည်။ ဥပမာပေးရလျှင် လူနှစ်ယောက်သည် လက်ထပ်ထားသဖြင့် အိမ်မှာအတူ နေနေရသော်လည်း ထိုသူနှစ်ဦးကြား ချစ်ခြင်းမေတ္တာမရှိကြပါက လူချင်းသာနီးပြီး စိတ်ချင်းမနီးသလိုမျိုးနှင့် တူပါသည်။ ထိုအတွေးဝင်သည့် နောက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်သို့ နောက်တစ်ခေါက်ရောက်ပါက ရှိရှိသမျှ အာရုံကိစ္စပေါင်း သောင်းခြောက်ထောင် တို့ကိုခေတ္တမေ့ထားတော့မည်၊ လက်ဖက်ရည်ကိုသာ ဈာန်ဝင်စား လျက် အရသာခံ သောက်မည်ဟု အားခဲလိုက်ပါသည်။

၎င်းသည် ကမ္မဋ္ဌာန်းဘာဝနာ ပွားများဖြစ်သွားသည့် ဇာတ်လမ်း၏ကျောရိုးပင်ဖြစ်သည်။ လက်ဖက်ရည် ကို အရသာခံသောက်ဖို့ မေ့လျော့ကာ စိတ်ပျံ့သွားမှာစိုးစိတ်ဖြင့် လက်ဖက်ရည်ဆိုင်သို့ သွားမည့်ရက် မရောက်ခင်ကတည်းက ကျွန်တော်သည် သတိထားပြီး ပြန့်ကျဲနေသည့် စိတ်တို့ကို တတ်နိုင်သမျှ စုစည်းရန် ကြိုးစားပါသည်။ သို့နှင့် လက်ဖက်ရည်ဆိုင်သို့ နောက်တစ်ခေါက် ရောက်သောအခါ မာန်ကိုသွင်း၍ စိတ်ကိုတင်း၍ ခုံမှာဝင်ထိုင်၊ လက်ဖက်ရည်ကို သေချာမှာပြီး စောင့်နေပါသည်။ဒီတစ်ခါတော့ လူသာ ရောက်ပြီး စိတ်မရောက်လိုက်ရတာမျိုး မရှိစေရဟု ကြိမ်းဝါးထားပါသည်။ ကောင်ကောင်းကြီး အရသာ ခံပစ်လိုက်မယ်ဟူ၍လည်း အသင့်ပြင်ထားသည်။ မှာထားသည့် လက်ဖက်ရည်ရောက်လာပါသည်။ ကျွန်တော် သည် လက်ဖက်ရည်မွှေသည့် ဇွန်းကလေးဖြင့် အသေအချာမွှေပြီးမှ ပထမဆုံးလက်ဖက်ရည် တစ်ဇွန်း ကို ခပ်ယူကာ လျှာပေါ်သို့ အသာအယာတင်လိုက်ပါသည်။

လျှာက ခံစားလိုက်ရသည့် လက်ဖက်ရည်အရသာကလေးအပေါ် စိတ်ကို အတင်းအားစိုက် စုစည်းကာ အရသာ ခံလိုက်သည်။ သို့သော် မိမိရရမရှိလှ၊ လွတ်ထွက်သွားသည်ဟု ခံစားလိုက်ရသည်။ မကျေမနပ်ဖြင့် နောက် တစ်ဇွန်း ထပ်ခပ်ကာ လျှာပေါ်တင်လိုက်ပြန်သည်။ သည်တစ်ခါလည်း စိတ်က သိပ်မတင်းတိမ်၊ ထို အရသာလေးကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်သကဲ့သို့ သေချာ အသေးစိတ် အနုလုံပဋိလုံ ခံစားချင်သည် ဆိုခါမှ ကျွန်တော်နှစ်သက်ပါသည်ဆိုသော လက်ဖက်ရည်အရသာကလေးသည် ဝေဝါးနေသယောင်၊ ငါးရှဉ့်ကို ဖမ်းသည့်အခါ လက်မှလျှောခနဲ ထွက်သွားသလိုမျိုး ဖြစ်ဖြစ်သွားပါသည်။

သည်တစ်ခေါက်တွင် အဖျော်ဆရာ ပြောင်းသွား၍များ လက်ဖက်ရည်အရသာကို မမိဖြစ်နေသလားဟူ၍ လေ့လာ ကြည့်တော့လည်း ဖျော်နေကျအဖျော်ဆရာပင် ဖြစ်သည်။ အရသာကလည်း ကွန်ပျူတာဖြင့် တွက်ချက်ထား သလား ထင်ရလောက်အောင်ကို တစ်သတ်မှတ်တည်း ဖြစ်ပါသည်။ ပြဿနာက ခါတိုင်းတွင် အာရုံက တခြားရောက်နေသဖြင့် မသောက်လိုက်ရဟု ခံစားမိခဲ့ရသည့် လက်ဖက်ရည်ကို သည်တစ်ခေါက် မှာတော့ အာရုံအပြည့် ဝင်စားပြီး သောက်ပြန်သော်လည်း မသောက်ရသေးဟုသာ ခံစားနေခြင်း ဖြစ်သည်။ ကျွန်တော် အခဲမကျေပါ။ တစ်ဇွန်းပြီးတစ်ဇွန်း သောက်ရုံဖြင့် အားမရ၍ တစ်ငုံပြီးတစ်ငုံ သောက်ကြည့်သည်၊ လျှာပေါ် ရောက်သည့်အခါ ချက်ချင်းမျိုမချသေးဘဲ အာခံတွင်းထဲစက္ကန့်ပိုင်းမျှထားကာ အရသာကို သေချာခံစားကြည့်သည်။ အရသာကို မသိမဟုတ်၊ သိပါသည်၊ သို့သော် ထို လက်ဖက်ရည် အရသာ ကလေးသည် အထက်မှာဆိုခဲ့သလို ဖမ်းလို့ မမိဘဲ လွတ်လွတ်ထွက်နေခြင်းပင် ဖြစ်ပါသည်။

ကျွန်တော်သည် ရုပ်ရှင်တွေထဲကလိုမျိုး တန်ခိုးရှင်တစ်ဦးဦးက အချိန်နှင့်နေရာတို့ကို ရပ်တန့်စေဟု အမိန့်ပေးလိုက်သည့်ခဏ ကမ္ဘာလောကတစ်ခုလုံး ရောက်နေသည့်နေရာမှာပင် ရပ်တန့်သွားပြီး ထို ရပ်နေ သည့် အရာဝတ္ထုအားလုံးကို စိတ်ကြိုက် လေ့လာကြည့်ရှုလို့ အားရခါမှဆက်သွားဟု အမိန့်ပေးလိုက် ပုံမျိုး လက်ဖက်ရည် သောက်ခန်းမှာလည်း လက်ဖက်ရည် လျှာပေါ်တင်သည့်ခဏတွင် အချိန်ကို ရပ်တန့်ကာ၊ အရသာလေးကို ရပ်တန့်ကာ အသေးစိတ် ခံစားကြည့်မည်ဟု မူလက စိတ်ကူးယဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တကယ် လက်တွေ့တွင် လက်ဖက်ရည်ကိုသာ ပါးစပ်ထဲ ခဏငုံထားလို့သာရပြီး အရသာကိုတော့ ရပ်တန့် ထား၍ မရခဲ့ပါ။ ဖမ်းဆုပ်ကြည့်လေ လွတ်ထွက် သွားလေဖြစ်နေခဲ့ပါသည်။

နောက်ရက်များမှာလည်း စိတ်ကို သည့်ထက်ပိုမိုစုစည်းနိုင်အောင် လေ့ကျင့်ပြီး ထပ်သွားခဲ့ပြန်ပါသည်။ သို့သော်လည်း ထူးမခြားပါ။ စိတ်သည် ပိုမိုအားကောင်းထက်သန်လာလေ လက်ဖက်ရည် အရသာလေးကို ရှာမတွေ့တော့လေ ဖြစ်လာပါသည်။ လမိုက်သည့်ညတစ်ညတွင် မှိတ်တုတ် မှိတ်တုတ် လင်းနေသော ပိုးစုန်းကြူး လေးတစ်ကောင်သည် ဟိုမှာ ဖျတ်ခနဲပေါ်လာလိုက်၊ ပြန်ပျောက်သွားလိုက် ဖြစ်ပုံမျိုး ထို လက်ဖက်ရည် အရသာ ကလေးသည်လည်း ရပ်တန့်ကြည့်ဖို့ ကြိုးစားလေ လွတ်ထွက်သွားလေသာ ဖြစ်နေ သည်ဟု ခံစားရသည်။ ကျွန်တော့် လက်ဖက်ရည်ကို တစ်စုံတစ်ယောက်က လုယူသွားတာများ ဖြစ်နေသလား။ သို့မဟုတ် ထို လက်ဖက်ရည်သည် မူလကတည်းက ရှိမနေခဲ့သော အရာတစ်ခုများ ဖြစ်နေပါသလား။ သို့မဟုတ် လက်ဖက်ရည်လည်း တကယ်ရှိ၊ လက်ဖက်ရည်၏အရသာလည်း ရှိ၊ ထိုအရသာကိုလည်း သိသည့် လျှာလည်းရှိနေသော်လည်း ထိုအရသာကလေးကို လျှာပေါ်မှာ ရပ်တန့်ထားနိုင်သည့် အစွမ်းသတ္တိသာ ကျွန်တော့်မှာ ရှိမနေခြင်းများလား။

ထိုနေ့က ကျွန်တော်၏လက်ဖက်ရည်အရသာခံသောက်ခြင်း ဆိုင်ရာ သုတေသန သို့တည်းမဟုတ် ခွဲခြမ်း စိတ်ဖြာ လေ့လာချက်သည် မအောင်မြင်ခဲ့ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ထို လက်ဖက်ရည်ဆိုင်သို့မူ ဆက်လက်သွားရောက်နေမြဲ၊ သောက်နေကျ လက်ဖက်ရည်ပုံစံကို မှာယူနေဆဲ၊ လျှာပေါ်မှာ တင်ကြည့်ကာ အရသာကို ခံစားဖို့ကြိုးစားနေမြဲဖြစ်ပါသည်။ အာရုံကိုစုစည်းကာ လက်ဖက်ရည်အရသာကို ခံစားဖို့ကြိုးစား သော်လည်း အရသာကလေးကို ရပ်တန့်မထားနိုင်ဘဲ လက်လွှတ်ခဲ့ရသည်ချည်း ဖြစ်ပါသည်။ အရသာ၊ ထိုအရသာကို သိခြင်း၊ ထိုအရသာနှင့် ထိုအရသာကိုနှစ်သက်သည့် ခံစားမှုလေးကို ဖမ်းမထားနိုင်ဘဲ လွတ်ထွက်သွားခြင်းတို့သည် လက်ဖက်ရည်ကို သောက်လေတိုင်း ကျွန်တော်တွေ့ရှိနေသည့် အဖြေပင် ဖြစ်ပါသည်။

ကျွန်တော်ကတော့ ကျွန်တော့်လက်ဖက်ရည် အရသာကလေးကို တစ်စုံတစ်ယောက်က ကျွန်တော် ခံစားလို့မပြီးခင်မှာ အဝေးသို့ ယူဆောင်သွားသည်ဟု တွေ့သူတိုင်းကိုပြောနေမြဲ ဖြစ်သည်။ ထိုသူကို တွေ့ပါက အကြောင်းကြားပေးပါရန်နှင့် ကျေးဇူး ဆပ်မည်ဖြစ်ကြောင်းကိုလည်း ရယ်ကျဲကျဲဖြင့် ကြေညာမောင်းထု၏။ ကြားရသူအပေါင်းက ကျွန်တော့်ကို ပြုံး၍သာ ကြည့်သွားကြလေသည်။


ပျော်ရွှင်ခြင်းလမ်းစ

Comments

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...