Skip to main content

လက်ဖက်ရည် ဘာဝနာ


ကျွန်တော်တစ်ယောက် ခုတစ်လော အာနာပါနကမ္မဋ္ဌာန်းကို မှန်မှန်ရှုတတ်လာ၏။ တစ်ခါတစ်ရံတွင်လည်း အသက်ရှူသည့်အကြိမ်ရေကို စိတ်ထဲက လိုက်ရေတွက်နည်းကို သုံးပြီး သမာဓိကိုတည်ဆောက်နေမိပါသည်။ ကျွန်တော့် ရည်ရွယ်ချက်က သူများတကာလို သမာဓိ တည်ဆောက်ကာ မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်ချင်လို့ စသည့် ကြီးကြီးကျယ်ကျယ်မဟုတ်ပါ။ တိုတိုပြောရလျှင် လက်ဖက်ရည်သောက်ချင်လို့ ဖြစ်ပါသည်။ သည့်ထက် နည်းနည်းချဲ့ပြောရလျှင် လက်ဖက်ရည်ကို အရသာခံပြီး ကျကျနန သောက်ရန် ဖြစ်ပါသည်။

ဖြစ်ပုံက သည်လိုပါ။ လက်ဖက်ရည်ကြိုက်တတ်သည့် ကျွန်တော်သည် လက်ဖက်ရည်ဆိုင် ကောင်းကောင်း ရသည့် ဆိုင်ကို တွေ့လေတိုင်း မှတ်မှတ်ထားပြီး မကြာ မကြာ သွားသောက်တတ်ပါသည်။ တစ်ခါများမှာတော့ ကျွန်တော် သောက်ဖူးနေကျ မဟုတ်သည့် ထူးထူးခြားခြားအရသာမျိုးထွက်သည့် ဆိုင်တစ်ဆိုင်ကို အမှတ် မထင် တွေ့လိုက်ရသည်။ အတော်ကို ကောင်းမွန်လှသည့် အရသာဖြစ်ရာ ပထမဆုံး အကြိမ်သောက် မိသည့် နေ့မှစကာ ထိုဆိုင်မှလက်ဖက်ရည်ကို တမ်းတမ်းစွဲဖြစ်သွားပြီး အိမ်နှင့်အတော်ဝေးဝေးမှာရှိသော်လည်း အနိမ့်ဆုံး တစ်ပတ်တစ်ကြိမ်လောက်ဖြစ်ဖြစ် သောက်ဖြစ်အောင် သွားသောက်ခဲ့ပါသည်။

ထိုဆိုင်သို့သွားသည့်အခါ တစ်ယောက်တည်း သွားသည့်အခါ ရှိသကဲ့သို့ ချစ်သူခင်သူတစ်ဦးဦးကိုလည်း ကိုယ့်လိုပင် ထိုအရသာကို ရစေချင်စိတ်ဖြင့် ခေါ်သွားသည့်အခါများလည်း ရှိပါသည်။ ကျွန်တော် ခေါ်သွား သည့် သူ တော်တော်များများကလည်း ထိုလက်ဖက်ရည်ကို ကျွန်တော့်လိုပင် ကောင်းကြောင်း၊ နှစ်သက် ကြောင်း ပြောတတ်ကြပါသည်။ ကျွန်တော့်လျှာက လက်ဖက်ရည်ကို အရသာခံသောက်ပြီး ကျွန်တော့် နားကမူ မိမိနှင့်အတူပါလာသူ၏ ထိုလက်ဖက်ရည်ကောင်းကြောင်း ထောက်ခံချီးမွမ်းခန်းကို အရသာခံကာ နားထောင် တတ်ပါသည်။

သို့သော်လည်း မကြာသေးမီကာလများအတွင်း သတိထားမိလာသော အရာတစ်ခုရှိပါသည်။ အခြားမဟုတ်၊ စိတ်ထဲတွင် ကျွန်တော်သည် ထိုဆိုင်သို့ရောက်လာပြီးခါမှ လက်ဖက်ရည်ကို တကယ်မသောက်ရဘဲ ပြန်ပြန် သွားခဲ့ရသည်ဟု ထင်မြင်မိလာ၍ဖြစ်သည်။ ထိုအချက်ကြောင့် ကျွန်တော့်မှာ များစွာ စိတ်ကသိကအောက် ဖြစ်ရပါသည်။ ဘယ့်နှယ် ကျွန်တော်ကြိုက်သော လက်ဖက်ရည်ကို ဆိုင်အထိ တကူးတက လာ၊ ပိုက်ဆံပေး သောက်ပြီးခါမှ မသောက်လိုက်ရဘဲ ပြန်ရသည်ဆိုသော ကိစ္စသည် စိတ်ကသိကအောက်မဖြစ် ခံနိုင်ရိုးပါလား။

အကြောင်းရင်းက သည်လိုပါ။  ကျွန်တော်သည် ပထမဆုံးအခေါက်၊ ဒုတိယအခေါက် စသည်ဖြင့် ထို လက်ဖက်ရည်ဆိုင်သို့ ရောက်ခါစများတုန်းက ထိုလက်ဖက်ရည်ကို လျှာပေါ်မှာတင်ပြီးသကာလ အရသာ ခံကာ တစိမ့်စိမ့်သောက်ခဲ့သည် မှန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လျှာက အရသာကိုခံကာ တစ်ငုံပြီး တစ်ငုံ သောက်ဖို့ရာ မေ့လျော့တတ်လာ၍ဖြစ်ပါသည်။ လက်ဖက်ရည်သည် ကျွန်တော်၏လျှာပေါ်ရှိ အာရုံခံအင်္ဂါအဖုလေးများကို ဖြတ်ကျော်ကာ ဗိုက်ထဲသို့လျှောကျသက်ဆင်းခဲ့သည် မှန်သော်လည်း ကျွန်တော့် စိတ်သည် အရသာပေါ်မှာ တည်မနေဘဲ အခြား တစ်ခုခုသို့ အာရုံရောက်ရောက်သွား၍ ဖြစ်ပါသည်။ တစ်ခါ တစ်ခါတွင် အလုပ်ကိစ္စကို စိတ်ကရောက်နေသည်။ တစ်ခါတစ်ရံမှာတော့ အိမ်က ထွက်လာစဉ် ကတည်းက စဉ်းစားလာသည့် ကိစ္စက ခေါင်းထဲမှာအတွေးအမျှင်မပြတ်၊ တချို့ အခေါက်ကျတော့လည်း လက်ဖက်ရည် ဆိုင်မှ ထပြီးနောက် ကြုံရတော့မည့်ကိစ္စကို ကြိုတင် စဉ်းစားမိ ဖြစ်နေတတ် သည်။ သို့မဟုတ်လျှင်လည်း ကိုယ်နှင့်အတူ ပါလာသည့် မိတ်ဆွေ သူငယ်ချင်းနှင့် အာဘောင်အာရင်းသန်သန် စကား ကောင်းနေသဖြင့် လက်ဖက်ရည်ကို နောက်ဆုံးလက်ကျန် တစ်ငုံမော့ပြီးခါမှ လက်ဖက်ရည်အရသာကို မခံလိုက်ရဟု သတိရ သွားမိတာမျိုးဖြစ်သည်။

ထိုအချက်ကြောင့် ကျွန်တော့်မှာ လက်ဖက်ရည်ကို လာသောက်သည် မှန်သော်လည်း လက်ဖက်ရည်ကို တကယ် မသောက်လိုက်ရဟု စိတ်ထဲတွင် ခံပြင်းမိလာရသည်။ ကိုယ်ကြိုက်လှပါသည် ဆိုသော လက်ဖက်ရည် ကို သောက်ချင်လှပါချည်ရဲ့ဟုဆိုကာ ကားကျပ်သည့်လမ်းမများကို ဖြတ်ကျော်ပြီး လာသောက်ပြီးခါမှ စိတ်သည် လျှာပေါ် ဖြတ်သန်းသွားနေသည့် လက်ဖက်ရည်အပေါ် အရသာခံရန် သတိမရဘဲ တခြားသို့ စိတ်ပျံ့လွင့်နေသည့်အတွက် ကိုယ်ကြိုက်သည့် လက်ဖက်ရည်၏အရသာကလေးကို လက်လွတ်သွား ရသတဲ့ လား။ ကိုယ့်ချစ်သူမိန်းကလေးကို ခိုးပြေးပါမည်ဟု ချိန်းထားသည့်အချိန် လာသော်လည်း လူချင်းလွဲသွား၍ လက်လွတ်သွားသူတစ်ယောက် ခံပြင်းသကဲ့သို့ ကျွန်တော်သည်လည်း အရသာကို အမိ မဖမ်းလိုက်နိုင်သည့် ဗိုက်ထဲရောက် ထိုလက်ဖက်ရည်အတွက် ခံပြင်းနေမိ၏။

လူတို့သည် မိမိတို့ကြိုက်နှစ်သက်သည့် အစားအသောက်တစ်ခုခုကို စားနေသောက်နေရသော်လည်း ထို စားစရာ သောက်စရာ အရာဝတ္ထုကလေး မိမိလျှာပေါ်ရောက်နေသည့်ခဏတွင် ဈာန်ဝင်စားပြီး အရသာခံရန် မေ့လျော့သွားမိပါက မိမိကြိုက်သည့် ထို စားသောက်စရာကို စားသာစားလိုက်ရပြီး မသုံးဆောင်လိုက်ရ ကြောင်း တွေးမိလာပါသည်။ ဥပမာပေးရလျှင် လူနှစ်ယောက်သည် လက်ထပ်ထားသဖြင့် အိမ်မှာအတူ နေနေရသော်လည်း ထိုသူနှစ်ဦးကြား ချစ်ခြင်းမေတ္တာမရှိကြပါက လူချင်းသာနီးပြီး စိတ်ချင်းမနီးသလိုမျိုးနှင့် တူပါသည်။ ထိုအတွေးဝင်သည့် နောက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်သို့ နောက်တစ်ခေါက်ရောက်ပါက ရှိရှိသမျှ အာရုံကိစ္စပေါင်း သောင်းခြောက်ထောင် တို့ကိုခေတ္တမေ့ထားတော့မည်၊ လက်ဖက်ရည်ကိုသာ ဈာန်ဝင်စား လျက် အရသာခံ သောက်မည်ဟု အားခဲလိုက်ပါသည်။

၎င်းသည် ကမ္မဋ္ဌာန်းဘာဝနာ ပွားများဖြစ်သွားသည့် ဇာတ်လမ်း၏ကျောရိုးပင်ဖြစ်သည်။ လက်ဖက်ရည် ကို အရသာခံသောက်ဖို့ မေ့လျော့ကာ စိတ်ပျံ့သွားမှာစိုးစိတ်ဖြင့် လက်ဖက်ရည်ဆိုင်သို့ သွားမည့်ရက် မရောက်ခင်ကတည်းက ကျွန်တော်သည် သတိထားပြီး ပြန့်ကျဲနေသည့် စိတ်တို့ကို တတ်နိုင်သမျှ စုစည်းရန် ကြိုးစားပါသည်။ သို့နှင့် လက်ဖက်ရည်ဆိုင်သို့ နောက်တစ်ခေါက် ရောက်သောအခါ မာန်ကိုသွင်း၍ စိတ်ကိုတင်း၍ ခုံမှာဝင်ထိုင်၊ လက်ဖက်ရည်ကို သေချာမှာပြီး စောင့်နေပါသည်။ “ဒီတစ်ခါတော့ လူသာ ရောက်ပြီး စိတ်မရောက်လိုက်ရတာမျိုး မရှိစေရ”ဟု ကြိမ်းဝါးထားပါသည်။ ကောင်ကောင်းကြီး အရသာ ခံပစ်လိုက်မယ်ဟူ၍လည်း အသင့်ပြင်ထားသည်။ မှာထားသည့် လက်ဖက်ရည်ရောက်လာပါသည်။ ကျွန်တော် သည် လက်ဖက်ရည်မွှေသည့် ဇွန်းကလေးဖြင့် အသေအချာမွှေပြီးမှ ပထမဆုံးလက်ဖက်ရည် တစ်ဇွန်း ကို ခပ်ယူကာ လျှာပေါ်သို့ အသာအယာတင်လိုက်ပါသည်။

လျှာက ခံစားလိုက်ရသည့် လက်ဖက်ရည်အရသာကလေးအပေါ် စိတ်ကို အတင်းအားစိုက် စုစည်းကာ အရသာ ခံလိုက်သည်။ သို့သော် မိမိရရမရှိလှ၊ လွတ်ထွက်သွားသည်ဟု ခံစားလိုက်ရသည်။ မကျေမနပ်ဖြင့် နောက် တစ်ဇွန်း ထပ်ခပ်ကာ လျှာပေါ်တင်လိုက်ပြန်သည်။ သည်တစ်ခါလည်း စိတ်က သိပ်မတင်းတိမ်၊ ထို အရသာလေးကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်သကဲ့သို့ သေချာ အသေးစိတ် အနုလုံပဋိလုံ ခံစားချင်သည် ဆိုခါမှ ကျွန်တော်နှစ်သက်ပါသည်ဆိုသော လက်ဖက်ရည်အရသာကလေးသည် ဝေဝါးနေသယောင်၊ ငါးရှဉ့်ကို ဖမ်းသည့်အခါ လက်မှလျှောခနဲ ထွက်သွားသလိုမျိုး ဖြစ်ဖြစ်သွားပါသည်။

သည်တစ်ခေါက်တွင် အဖျော်ဆရာ ပြောင်းသွား၍များ လက်ဖက်ရည်အရသာကို မမိဖြစ်နေသလားဟူ၍ လေ့လာ ကြည့်တော့လည်း ဖျော်နေကျအဖျော်ဆရာပင် ဖြစ်သည်။ အရသာကလည်း ကွန်ပျူတာဖြင့် တွက်ချက်ထား သလား ထင်ရလောက်အောင်ကို တစ်သတ်မှတ်တည်း ဖြစ်ပါသည်။ ပြဿနာက ခါတိုင်းတွင် အာရုံက တခြားရောက်နေသဖြင့် မသောက်လိုက်ရဟု ခံစားမိခဲ့ရသည့် လက်ဖက်ရည်ကို သည်တစ်ခေါက် မှာတော့ အာရုံအပြည့် ဝင်စားပြီး သောက်ပြန်သော်လည်း မသောက်ရသေးဟုသာ ခံစားနေခြင်း ဖြစ်သည်။ ကျွန်တော် အခဲမကျေပါ။ တစ်ဇွန်းပြီးတစ်ဇွန်း သောက်ရုံဖြင့် အားမရ၍ တစ်ငုံပြီးတစ်ငုံ သောက်ကြည့်သည်၊ လျှာပေါ် ရောက်သည့်အခါ ချက်ချင်းမျိုမချသေးဘဲ အာခံတွင်းထဲစက္ကန့်ပိုင်းမျှထားကာ အရသာကို သေချာခံစားကြည့်သည်။ အရသာကို မသိမဟုတ်၊ သိပါသည်၊ သို့သော် ထို လက်ဖက်ရည် အရသာ ကလေးသည် အထက်မှာဆိုခဲ့သလို ဖမ်းလို့ မမိဘဲ လွတ်လွတ်ထွက်နေခြင်းပင် ဖြစ်ပါသည်။

ကျွန်တော်သည် ရုပ်ရှင်တွေထဲကလိုမျိုး တန်ခိုးရှင်တစ်ဦးဦးက အချိန်နှင့်နေရာတို့ကို ‘ရပ်တန့်စေ’ ဟု အမိန့်ပေးလိုက်သည့်ခဏ ကမ္ဘာလောကတစ်ခုလုံး ရောက်နေသည့်နေရာမှာပင် ရပ်တန့်သွားပြီး ထို ရပ်နေ သည့် အရာဝတ္ထုအားလုံးကို စိတ်ကြိုက် လေ့လာကြည့်ရှုလို့ အားရခါမှ ‘ဆက်သွား’ဟု အမိန့်ပေးလိုက် ပုံမျိုး လက်ဖက်ရည် သောက်ခန်းမှာလည်း လက်ဖက်ရည် လျှာပေါ်တင်သည့်ခဏတွင် အချိန်ကို ရပ်တန့်ကာ၊ အရသာလေးကို ရပ်တန့်ကာ အသေးစိတ် ခံစားကြည့်မည်ဟု မူလက စိတ်ကူးယဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တကယ် လက်တွေ့တွင် လက်ဖက်ရည်ကိုသာ ပါးစပ်ထဲ ခဏငုံထားလို့သာရပြီး အရသာကိုတော့ ရပ်တန့် ထား၍ မရခဲ့ပါ။ ဖမ်းဆုပ်ကြည့်လေ လွတ်ထွက် သွားလေဖြစ်နေခဲ့ပါသည်။

နောက်ရက်များမှာလည်း စိတ်ကို သည့်ထက်ပိုမိုစုစည်းနိုင်အောင် လေ့ကျင့်ပြီး ထပ်သွားခဲ့ပြန်ပါသည်။ သို့သော်လည်း ထူးမခြားပါ။ စိတ်သည် ပိုမိုအားကောင်းထက်သန်လာလေ လက်ဖက်ရည် အရသာလေးကို ရှာမတွေ့တော့လေ ဖြစ်လာပါသည်။ လမိုက်သည့်ညတစ်ညတွင် မှိတ်တုတ် မှိတ်တုတ် လင်းနေသော ပိုးစုန်းကြူး လေးတစ်ကောင်သည် ဟိုမှာ ဖျတ်ခနဲပေါ်လာလိုက်၊ ပြန်ပျောက်သွားလိုက် ဖြစ်ပုံမျိုး ထို လက်ဖက်ရည် အရသာ ကလေးသည်လည်း ရပ်တန့်ကြည့်ဖို့ ကြိုးစားလေ လွတ်ထွက်သွားလေသာ ဖြစ်နေ သည်ဟု ခံစားရသည်။ ကျွန်တော့် လက်ဖက်ရည်ကို တစ်စုံတစ်ယောက်က လုယူသွားတာများ ဖြစ်နေသလား။ သို့မဟုတ် ထို လက်ဖက်ရည်သည် မူလကတည်းက ရှိမနေခဲ့သော အရာတစ်ခုများ ဖြစ်နေပါသလား။ သို့မဟုတ် လက်ဖက်ရည်လည်း တကယ်ရှိ၊ လက်ဖက်ရည်၏အရသာလည်း ရှိ၊ ထိုအရသာကိုလည်း သိသည့် လျှာလည်းရှိနေသော်လည်း ထိုအရသာကလေးကို လျှာပေါ်မှာ ရပ်တန့်ထားနိုင်သည့် အစွမ်းသတ္တိသာ ကျွန်တော့်မှာ ရှိမနေခြင်းများလား။

ထိုနေ့က ကျွန်တော်၏လက်ဖက်ရည်အရသာခံသောက်ခြင်း ဆိုင်ရာ သုတေသန သို့တည်းမဟုတ် ခွဲခြမ်း စိတ်ဖြာ လေ့လာချက်သည် မအောင်မြင်ခဲ့ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ထို လက်ဖက်ရည်ဆိုင်သို့မူ ဆက်လက်သွားရောက်နေမြဲ၊ သောက်နေကျ လက်ဖက်ရည်ပုံစံကို မှာယူနေဆဲ၊ လျှာပေါ်မှာ တင်ကြည့်ကာ အရသာကို ခံစားဖို့ကြိုးစားနေမြဲဖြစ်ပါသည်။ အာရုံကိုစုစည်းကာ လက်ဖက်ရည်အရသာကို ခံစားဖို့ကြိုးစား သော်လည်း အရသာကလေးကို ရပ်တန့်မထားနိုင်ဘဲ လက်လွှတ်ခဲ့ရသည်ချည်း ဖြစ်ပါသည်။ အရသာ၊ ထိုအရသာကို သိခြင်း၊ ထိုအရသာနှင့် ထိုအရသာကိုနှစ်သက်သည့် ခံစားမှုလေးကို ဖမ်းမထားနိုင်ဘဲ လွတ်ထွက်သွားခြင်းတို့သည် လက်ဖက်ရည်ကို သောက်လေတိုင်း ကျွန်တော်တွေ့ရှိနေသည့် အဖြေပင် ဖြစ်ပါသည်။

ကျွန်တော်ကတော့ ကျွန်တော့်လက်ဖက်ရည် အရသာကလေးကို တစ်စုံတစ်ယောက်က ကျွန်တော် ခံစားလို့မပြီးခင်မှာ အဝေးသို့ ယူဆောင်သွားသည်ဟု တွေ့သူတိုင်းကိုပြောနေမြဲ ဖြစ်သည်။ ထိုသူကို တွေ့ပါက အကြောင်းကြားပေးပါရန်နှင့် ကျေးဇူး ဆပ်မည်ဖြစ်ကြောင်းကိုလည်း ရယ်ကျဲကျဲဖြင့် ကြေညာမောင်းထု၏။ ကြားရသူအပေါင်းက ကျွန်တော့်ကို ပြုံး၍သာ ကြည့်သွားကြလေသည်။


ပျော်ရွှင်ခြင်းလမ်းစ

Comments

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

ဒွိဟ "လ"

ပြည့်ပြည့်ဝန်းဝန်းရှိပြီးတာတောင်မှ လကလေးရေ ... မင်းဟာတွန့်ဆုတ်နေတုန်းပဲ။ ဧည့်သည်လုလင်ကို ရှက်နေတဲ့ အိမ့်ရှင်သမီးပျိုပမာ မင်းဟာ ကန့်လန့်ကာတိမ်တိုက်ရဲ့နောက် မျက်နှာကို ကြောက်ကြောက်နဲ့ဝှက်နေတယ်။ မှောင်မိုက်တဲ့ညကမ္ဘာမှာ မင်းဟာ ကောင်းကင်ရဲ့ဘုရင်မဖြစ်တယ်။ ခုလို အပြည့်အဝ မျက်နှာပြခွင့်ရဖို့ မင်းဟာ ရက်ပေါင်းသုံးဆယ် စောင့်ခဲ့ရတယ်။ ကောင်းကင်ကို မင်း ပိုင်စိုးဖို့က တစ်လမှတစ်ညတည်း။ လာပါလေ ... ထွက်ခဲ့ပါ ... ပွင့်ချင်သေးတယ် ငွားငွားစွင့်စွင့် ငါဟာ မင်းအနမ်းကိုစောင့်ဆိုင်းနေတဲ့ ကုမုဒြာကြာတစ်ပွင့်။ လရောင်ကိုတော့ဖြင့် မတွန့်တိုလိုက်နဲ့ဦး။ ပျောက်သောလမ်းပေါ်ကငါတစ်ယောက် မင်းအလင်းပြမှအိမ်ပြန်ရောက်နိုင်မှာ။ လျှို့ဝှက်တဲ့ကဗျာတွေကိုတော့ လနတ်သမီးအတွက် စပ်ထားတာဖြစ်တယ်။ တိမ်တိုက်ထဲမှာ မျက်နှာဝှက် အပြင်ကလူကို ရှက်နေမယ့်အစား ကန့်လန့်ကာကိုသာ ဖွင့်ဟထွက်ခဲ့။ ကြည်လင်ဝိုင်းစက် မျက်ဝန်းနက်တွေနဲ့ ငါ့ကိုသာ ရွှန်းရွှန်းစားစား ငုံ့ကြည့်လှည့်။ နှလုံးသားမီးအိမ်ကို ထွန်းညှိဖို့က ငါ့တာဝန်ထား။ လာပါ လကလေး ဘာပဲဖြစ်ဖြစ် တို့ချစ်ကြမယ် ရဲရဲရင့်ရင့်ပေါ့။ ။ ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကောင်းပေမယ့် မွဲပြာပုဆိုးဇာတ်လမ်းဆင်ပုံကမလွတ်နိုင်တဲ့ "မာယာဘုံ"

စာအုပ်အမည် - မာယာဘုံ ရေးသူ - မြသန်းတင့် ထုတ်ဝေသူ - အမေ့ဥယျာဉ်စာပေ ကာလ - ၂၀၀၃ ဒီဇင်ဘာ (တတိယအကြိမ်) စာမျက်နှာ - ၄၈၀ ဆရာမြရဲ့ ပင်ကိုရေးလက်ရာဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်က မှောင်ခိုလောကသားတွေရဲ့ အကြောင်းကို မုံရွာ-ကလေးဝ-တမူး လမ်းကြောင်းကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ ဆရာမြရဲ့ အရေးအသား ညက်ညောမှုရှိတာရယ်၊ ကိုယ်တိုင်က အညာသားဖြစ်တဲ့ ဆရာဟာ အညာနောက်ခံကိုပီပြင်အောင် ဖွဲ့နိုင်တာရယ်၊ ကိုယ်မသိမမီလိုက်တဲ့ ခေတ်ကိုဖြတ်သန်းခဲ့ရသူတွေရဲ့ အကြောင်းကို သိခွင့်ရတာတွေရယ်ကြောင့် စာလုံးခပ်သေးသေး၊ စာမျက်နှာ ၅၀၀ နီးပါးစာအုပ်ကို သင်္ကြန်တွင်း မနားဘဲ ဆက်တိုက်ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း မုံရွာအဆက်ဖြစ်တော့ ကိုယ်နဲ့ရင်းနှီးနေတဲ့ ဒေသအကြောင်းလေးတွေကို ဖတ်ရတာကလည်း အရသာ တစ်ခုပါ။ ဝတ္ထုကိုဖတ်ရတာ ကြိုက်ပေမယ့် ဘဝင်မကျတာလေးအချို့လည်း ရှိပါတယ်။ မြန်မာဝတ္ထုဇာတ်လမ်းတွေထုံးစံ လို့ပဲ ပြောရမလား၊ တိုက်ဆိုင်မှုတွေကို အတင်းဖန်တီးထားသလို ဖြစ်နေတယ်လို့ ခံစားရတာပါ။ ဇာတ်လမ်းထဲမှာ အေးမရဲ့ အဖေ သတ်လိုက်လို့ သေသွားတဲ့ လူရဲ့သား ကိုမြင့်ဟာ အေးမနဲ့ လာဆုံတွေ့ပြီး သမီးရည်းစား ဖြစ်ကြတယ်။ နောက်တစ်ခါ၊ အေးမရဲ့အဖေ ထောင်...