Skip to main content

ပိတောက်ရိပ်သို့အလွမ်းစာ


ကျွန်တော်သည် အနော်ရထာလမ်းမကြီးနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် ရပ်နေ၏။ တစ်မနက်လုံး အုံ့ကာ တဖွဲဖွဲရွာသွန်းခဲ့သော မိုးသည် တအောင့်လောက် ကမှ စဲသွားသဖြင့် ကြဲသွားသော မိုးတိမ်တိုက်တို့ကြားမှ နေရောင်ခြည်က တစ်ချီတစ်မောင်း ဖြာကျလာသည်။ မီးပွိုင့် ဟိုဘက် ထောင့်ဖြတ်နေရာရှိ အတွင်းဝန်များရုံး အဆောက်အအုံသည် ပြိုးပြက်သော နေရောင်အောက်တွင် သစ်လွင်သောဆေးသားတို့ဖြင့် နီစွေးစွေးလှလို့ နေသည်။

လမ်းဆုံမှသည် ဗိုလ်အောင်ကျော်လမ်း အပေါ်ဘလောက်ဘက်သို့ ချိုးကွေ့လိုက်၏။ မျက်နှာမူရာအတိုင်း ကြည့်လျှင် လမ်း၏ဘယ်ဘက်ခြမ်း ပလက်ဖောင်းအတိုင်း လျှောက်လာလိုက်သည်။ ပလက်ဖောင်းသည် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်က ပြန်ခင်းထားသော ကွန်ကရစ်လောင်းလူသွားလမ်းဖြစ်သည်။ ယခင်ကလို ကျောက်ပြားချပ်များ မညီမညာခင်းထားသော လမ်းမဟုတ်တော့။ အရင်ကဆို သည် ပလက်ဖောင်းသည် အေးအေးလူလူ လျှောက်၍မရအောင်ကို ခလုတ် ခဏခဏတိုက်သည့် လမ်းဖြစ်ခဲ့သည်။ ပြောင်းလဲခြင်းတို့ ဆီးကြိုနေ၏။ ပလက်ဖောင်းဘေး ကပ်၍ ပါကင်ထိုးထားသည့် ကားတွေပိုများလာသည်။ အရင်ကဆို မိုးတွင်း ရောက်တိုင်း ကတ္တရာလမ်းမနှင့် ပလက်ဖောင်းတို့အကြား လေး၊ ငါးပေလောက်နေရာတွင် အိုင်ထွန်းနေ တတ်သော ရွှံပုပ်မည်းညစ်ညစ်များ မရှိတော့။ အရင်က မရှိခဲ့သော ဘားဆိုင်လေးများ ဟိုတစ်စ သည်တစ်စ ဖွင့်ထားကြသည်။ 

လမ်းအထက်ဘက် ပိုရောက်လာပြီးနောက်တွင် ကျွန်တော်သည် လမ်းဟိုဘက်ကို ဖြတ်ကူးလိုက်သည်။ မပြောင်းလဲသေးသော အရာများကို မြင်ရတော့မည်။ လမ်းဟိုဘက်ခြမ်း ပလက်ဖောင်း ကပ်လျက် စိန်ပေါလ်ကျောင်း၏ နောက်ဖက်နံရံတံတိုင်းတိုင်းကြီးကို ရေညှိတစ်ဝက်၊ ဆေးအသစ်တစ်ဝက် မြင်ရ၏။ ဆေးက သုတ်ထားသည်မှာ မကြာလောက်သေး။ ပလက်ဖောင်းနှင့် ကတ္တရာလမ်းကြားတွင် အရင်ကအတိုင်း ကားရေဆေး သမားတစ်စုက ဖြတ်သွားဖြတ်လာ ကားများကို လက်တားကာ ရေဆေးမလား မေးနေကြဆဲဖြစ်သည်။ မြင်နေကျ မျက်နှာများ မဟုတ်တော့၊ ယခင်က ကားရေဆေးခဲ့ကြသူတို့နေရာတွင် မျက်နှာအသစ်များ အစားထိုးဝင်ရောက် ခဲ့ပြီ။ 

ဗိုလ်အောင်ကျော် လမ်းဘေး ပိတောက်ပင်ရိပ်အောက်တွင် လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိသည်။ ဆိုင်နာမည် ဆိုင်းဘုတ် တင်မထားသော်လည်း ကျွန်တော် တို့က မနီလက်ဖက်ရည်ဆိုင်ဟု ခေါ်ကြသည်။ ပိတောက်ရိပ် ဟုလည်း ခေါ်ကြသည်။ မိုးတွင်းဖြစ်သဖြင့် ကပ်လျက်စိန်ပေါလ် နံရံအုတ်တံတိုင်းကို မှီပြီး တာလပတ်အမိုးတစ်ခု ချထား၏။ အသားညိုညို၊ နှာခေါင်းပြားပြား၊ ခပ်ဝဝဖိုင့်ဖိုင့် အမျိုးသမီးသည် ကျွန်တော့်ကို မြင်သည့်အခါ သူ့မျက်နှာသည် ပြုံးရွှင်သွားသည်။ “ဟာ…”ဟု ဝမ်းသာအားရ သူအော်လိုက်သံကို အကြား အနားမှာ ကျောပေး ထိုင်နေသည့် သူ့လောက်မဝသော်လည်း သူ့ထက်ပိုပုသည့် အမျိုးသမီးသည် လည်ပြန်လှမ်းကြည့်ပြီးလျှင် ကျွန်တော့်ကို ရွှင်ရွှင်လန်းလန်းဖြင့် ပြုံးရယ်ပြလေသည်။

“ကျွန်တော့်ကို မှတ်မိလား”ဟု မေးလိုက်ရာ နှစ်ယောက်စလုံးက “မှတ်မိတာပေါ့”ဟု မဆိုင်းမတွ ပြန်ဖြေကာ နေရာထိုင်ခင်း စီစဉ်ပေးလေသည်။ ဘယ်တွေရောက်နေလဲ၊ ဘာတွေလုပ်နေလဲ၊ မတွေ့တာကြာပြီ စသည်ဖြင့် ပဋိသန္ဓာရစကားများ ပြောပြီးသော် ထုံးစံအတိုင်း ပေါ့ဆိမ့်တစ်ခွက်ကို ကျွန်တော်မှာလိုက်သည်။ အသားညိုညို ဝဝ အမျိုးသမီးသည် အဖျော်ဆရာနေရာသို့ သွား၍ လက်ဖက်ရည်တစ်ခွက်ကို ကျွမ်းကျင်စွာ ဖျော်လေသည်။ သူ့ကိုကြည့်ရသည်မှာ အသက်ကြီးလာသည်ဟုပင် မထင်ရအောင် အရင်အတိုင်း မပြောင်းမလဲရှိသည်။ 

ထိုနေရာသည် ကျွန်တော်တို့၏ တစ်ခါက ဘူမိနက်သန် နေရာဖြစ်ခဲ့၏။ ထိုဆိုင်ကလေးတွင် အခေါက်ပေါင်း မရေမတွက်နိုင်အောင် ထိုင်ခဲ့ဖူးသည်။ ထိုဆိုင်မှထိုင်၍ လမ်းတစ်ဖက် ဓားလွယ်ခုတ်လောက်တွင် ရှိသည့် သုံးထပ် အဆောက်အဦးအဖြူကြီးတစ်ခုကို ပြန်ကြည့်ခဲ့ဖူးသည်။ ထိုအဆောက်အဦးအဖြူကြီးသည် ကျွန်တော်အပါအဝင် အတော်များများတို့အတွက် ပထမဆုံးအလုပ်ရှင်ဖြစ်ခဲ့ဖူးသည့် ဌာနကြီးတစ်ခု ဖြစ်သည်။ လက်ဦးဆရာများနှင့် ဆုံခဲ့ရာ နေရာလည်းဖြစ်သည်။ တချို့ တချို့အတွက် တစ်သက်တာ ပေါင်းသင်းဆက်ဆံမှု အစပြုသည့်နေရာ၊ တချို့တချို့အတွက် တစ်ခါဆက်ဆံ ဆယ်ခါလန် ဖြစ်ခဲ့သည့်နေရာ၊ တချို့တချို့အတွက် ချစ်ပြီးမှ မုန်း၊ မုန်းပြီးမှ ချစ် ဖြစ်ခဲ့သည့် နေရာ။ ပိတောက်ပင်ရိပ် လက်ဖက်ရည်ဆိုင်ကလေး၏ အဓိကဖောက်သည်များမှာ ကျွန်တော်တို့ရုံးမှ ရုံးသူရုံးသားများပင် ဖြစ်သည်။ မနက်ရုံးချိန်မီအောင် ဒရောသောပါး ပြေးလာပြီးသည့်နောက်၊ အချိန်မှတ်စက်တွင် ကတ်ပြားရိုက်ပြီး သည့်နောက်တွင် ကျွန်တော်တို့သည် ရုံးအောက်တစ်ခါပြန်ဆင်း၊ လမ်းကို ဖြတ်ကူးပြီး မျက်စောင်းထိုးရှိ မနီ ဆိုင်ကလေးတွင် ထိုင်ကာ မနက်စာစား၊ လက်ဖက်ရည်သောက်ကြသည်။ မနီဆိုင်တွင် မနက်စာအဖြစ် ပဲပြုတ် ထမင်းနှင့် ကြက်ဥကြော်ကိုသာရသည်။ သို့သော် ကျွန်တော်တို့တွင် များများစားစား ရွေးချယ်စရာမရှိ။ နေ့ခင်း ထမင်းကြီးမစားခင်အထိ ပဲပြုတ်ထမင်းနှင့်ကြက်ဥကြော်သည် ဗိုက်မဆာအောင် အကောင်းဆုံး တောင့်ခံပေးနိုင် သည့် အစာဖြစ်သည်။

ထိုဆိုင်ကလေးတွင် ကျွန်တော်သည် လုပ်ဖော်ကိုင်ဖက် အများအပြားဖြင့် ထိုင်ဖူး၏။ ကျွန်တော်တို့သာလျှင် မဟုတ်၊ ကျွန်တော်တို့ရုံးတွင် အလုပ်လုပ်သော မျက်နှာဖြူဝန်ထမ်းများလည်း မနီဆိုင်တွင် ပုံမှန် ထိုင်တတ် ကြသည်။ များသောအားဖြင့် သူတို့က တစ်ဖက်ဝိုင်း၊ ကျွန်တော်တို့က တစ်ဖက်ဝိုင်း။ သူတို့ရော ကျွန်တော်တို့ မြန်မာများရော မနက်တစ်ကြိမ်၊ နေ့လယ်နေ့ခင်း အပုပ်ချိန်တွင် တစ်ကြိမ်၊ ထိုင်တတ်ကြတာချင်း တူကြသည်။ မတူတာကတော့ သူတို့က တစ်ခါထိုင်လျှင် ၁၀ မိနစ်၊ ၁၅ မိနစ်။ ကျွန်တော်တို့ကတော့ တစ်ခါထိုင်လျှင် ဖင်ဂျွတ် တက်မလောက် ကြာအောင် ထိုင်ကြခြင်းပင်။ နိုင်ငံခြားသားတို့သည် မြန်မာတို့၏ လက်ဖက်ရည်ဆိုင် အကြာကြီး ထိုင်တတ်သည့် အကျင့်ကိုသိ၍လားမသိ၊ သူတို့ မလာခင်ကတည်းက ထိုင်နေပြီး သူတို့ထသွားချိန်အထိ ဆက် ထိုင်နေတတ်ကြသော ကျွန်တော်တို့ကို ဘာမှ မပြောကြချေ။

ထိုဆိုင်တွင် ထိုင်ကြသည့်အခါ ပြောဖြစ်ကြသည်များမှာ များသောအားဖြင့် ပေါ့ပေါ့ပါးပါးအကြောင်းအရာများသာ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင်တော့ လမ်းတစ်ဖက်က မြင်နေရသည့် ရုံးကြီးအတွင်းမှ ဟိုအကြောင်း၊ သည်အကြောင်းများကို ပြန်ပြောကြသည်လည်း ရှိသည်။ အတင်းချသည်များလည်း ရှိသလို ဘာရယ်မဟုတ် နောက်ကွယ်မှာ စနောက်ပြောင် ပြောခြင်းလည်း ရှိသည်။ အလုပ်နှင့်ဘာမှမဆိုင်သော အကြောင်းအရာများလည်း ပြောကြသည်။ ကိုယ်ရေးကိုယ်တာ အကြောင်း၊ ခရီးထွက်ဖို့အကြောင်း၊ နိုင်ငံရေးအကြောင်း၊ ဒဿနအကြောင်း၊ ဟာသအကြောင်း၊ ချစ်တဲ့အကြောင်း၊ မုန်းတဲ့အကြောင်း …။ အလုပ်ပြီး အလုပ်ဆက်နေသော မိနစ်များကြားတွင် ပြေးဝင်ခိုလှုံရာ မိနစ်လေးများ ရှိခဲ့ဖူးလေသည်။

မိုးတွင်းအခါဆိုလျှင် နေရာမရသဖြင့် မနီတို့ဆိုင်ကလေး၏ ဟိုးဘက်အစွန်းနားထိ သွားထိုင်ပါက ရေအိုင်အစပ်မှာ ထိုင်ရတတ်သည်။ ရေအိုင်ဆိုသည်က ပလက်ဖောင်းရှိ ရေမြောင်းသည် ပိတ်ဆို့နေသဖြင့် လမ်းပေါ်မှရေတို့သည် မြောင်းထဲမစီးနိုင်ဘဲ ကတ္တရာလမ်းနှင့် ပလက်ဖောင်းကြားတွင် အိုင်ထွန်းနေခြင်းဖြစ်သည်။ ထိုအိုင်ကလေးကို ကြည့်၍ ရတနာက အင်းလျားမှာထိုင်နေတယ်လို့ သဘောထားဟု ပြောဖူးသည်။ နောက်ကျိနေသော ထိုရေကို လျစ်လျူပြုကာ လက်ဖက်ရည်သောက်ကြသည်။ တစ်ခါတစ်ခါ ဟိုးအောက်ဘက် လမ်းဘေးဈေးသည်များဆီက ဝယ်လာသည့် မုန့်ပဲ သွားရေစာများကိုပါ မြိန်ရည်ယှက်ရည် စားလိုက်ကြသေးသည်။ တစ်ခါက ကျွန်တော့်ထံလာသည့် နိုင်ငံခြားသား ဧည့်သည်တစ်ယောက်ကို ကျွန်တော်က မနီလက်ဖက်ရည်ဆိုင်သို့ ခေါ်လာခဲ့ဖူးသည်။ သူက ဆိုင်ကို မြင်သည့်အခါ “Oh this is very dirty”ဟု ဆိုသဖြင့် ကျွန်တော့်မှာ သူ့ကို အောက်ဖက်က J’Donuts သို့ ခေါ်သွားခဲ့ရဖူးသည်။ ကျွန်တော်တို့ရုံးမှ အသန့်ကြိုက်မျက်နှာဖြူများ ထိုင်နေကျဆိုင်ဖြစ်သဖြင့် ထိုဧည့်သည် မငြင်းလောက်ဟု ထင်ခဲ့သော်လည်း တွက်ကိန်းလွဲသွားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးရှုထောင့်၊ သန့်ရှင်းမှုရှုထောင့်မှ ကြည့်လျှင် ထိုဆိုင်လေးသည် ထိုင်ချင်စရာမကောင်း။ သို့သော် ထိုဆိုင်လေးသည် ထိုင်လို့ကောင်းလောက်အောင် အားသာချက်များရှိသည်။ ဆိုင်ဖွင့်ထားသည့် ဘက်ခြမ်း ပလက်ဖောင်းသည် လူသွား လူလာ နည်းသည်။ တစ်ဖက်တွင် စိန်ပေါလ်ကျောင်း၏နံရံကြီးသာရှိသဖြင့် အဝင်အထွက်လုပ်သူမရှိ။ ပိတောင်ပင်ကြီး တွေက အုပ်မိုးထားသဖြင့် နွေဆို အရိပ်ကောင်းကောင်းရသည်။ တစ်နွေတွင် ပိတောက်တွေ ပင်လုံးကျွတ် ဝါထိန်အောင် ပွင့်ပြီးခါမှ မိုးကြီးရွာချသဖြင့် နောက်တစ်နေ့ ရုံးအလာ မနီလက်ဖက်ရည်ဆိုင်ဘက်ခြမ်း ပလက်ဖောင်းတစ်လျှောက် ပိတောက်ပွင့်ဖတ် ဝါဝါလေးများသည် ကော်ဇော ဝါခင်းထားသလို ခင်းထားလျက်ရှိသည်။ တစ်ချိန်တည်းမှာ လေထဲမှာလည်း ပိတောက်ပွင့်လေးများက တဖွဲဖွဲ ကျဆဲဖြစ်ရာ ဂျပန်တို့ ဘာတို့မှာ ချယ်ရီတွေ နီရဲအောင် ကြွေလွင့်ချိန်ကို တွေးမိခဲ့ဖူးသည်။ ထို နေရာလေးသည် ကဗျာဆန်ချင်သူအတွက်လည်း ကဗျာဆန်ကြည့်လို့ရသည်။ လေအိုးများအတွက်လည်း အေးအေး ဆေးဆေး လေပစ်လို့ရသည်။ ရုံးနှင့် လမ်းဟိုဘက် သည်ဘက်ဖြစ်သဖြင့် ချစ်သောရုံးကိုပြန်ငေးကြည့် နေရာတကလည်း အရသာရှိသည်။ ထိုအကြောင်းများကြောင့်လား မသိ၊ ပိတောက်ရိပ် မနီဆိုင်သည် ကျွန်တော်တို့ ရုံးနှင့် တွဲစပ်လျက်ဖွင့်ထားသလား ထင်ရလောက်အောင် ဖြစ်ခဲ့လေသည်။

ထိုဆိုင်ကလေးကို ပထမဆုံး စထိုင်ဖူးသည်မှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလ၏ တစ်ခုသောနေ့ရက်ဖြစ်သည်။ ယခု ဆိုလျှင် ၁၃ နှစ်ပင်ရှိခဲ့ပေပြီ။ ၂၀၀၅ ခုနှစ်မတိုင်ခင် ဘယ်နှခုနှစ်ကတည်းက ထိုဆိုင်ကလေး ရှိခဲ့မှန်း မသိ။ မည်သူ့ ကိုမှလည်း မေးမကြည့်မိခဲ့ချေ။ ကျွန်တော်မှတ်မိသလောက်ပင် ၁၃ နှစ်ရှိခဲ့ပြီ။ ထိုဆိုင်ကလေးသည် သက်တော်ရှည် ဆိုင်ကလေးဖြစ်သည်။ ကျွန်တော်သည် ထိုရုံးတွင် အလုပ်လုပ်ခဲ့သည့် ၅ နှစ်မျှသော ကာလအတွင်း ထိုဆိုင်ကလေးမှာသာ ထိုင်ခဲ့သည်များ၏။ တစ်ခါတစ်ခါတွင် ဗိုလ်ချုပ်လမ်းမဘက် တက်ပြီး ကိုကျော်တို့ဆိုင်မှာ ထိုင်တတ်သည်လည်း ရှိသည်။ သို့သော် ကိုကျော်တို့ဆိုင်က လမ်းသွားလမ်းလာများသည်။ လူရှုပ်၊ မျက်စိရှုပ်သည်။ ဆူသည်။ သူနှင့် ယှဉ်လျှင် ပိတောက်ရိပ်သည်သာ အအေးချမ်းဆုံးဖြစ်သည်။ ခင်မင် ရင်းနှီးမှု တိုးပွားစေသည့် ရေခံမြေခံဖြစ်သည်။

ပိတောက်ပင်ရိပ်သို့ တစ်ခေါက်ရောက်သည့်အခါ ထိုင်ခဲ့ဖူးသည့် လူအများ၏မျက်နှာများ ပြန်ပေါ်လာသည်။ ကျွန်တော် ယခုထိုင်နေသော နေရာ၊ ထိုင်နေသော ပိတောက်ပင်အောက်တွင် အတူတူ ထိုင်ခဲ့ဖူးသူများ… ဂျက်ဖ်၊ ကိုအောင်ထွန်း၊ ရဲခေါင်၊ မို့မို့၊ မထား၊ ခင်မြတ်၊ မင်းထွဋ်၊ ယင်းမာ၊ ကိုကျော်စိုးလင်း၊ ရတနာ၊ နီနီ၊ မေသော်၊ ကိုဆန်းဦး၊ ကိုထင်ကျော်၊ ကိုရန်နိုင်၊ ဦးမျိုး၊ သန်းထိုက်၊ မစန္ဒာ၊ ကိုဇော်ဝင်း၊ ကိုအောင်ရှင်၊ အေးလဲ့၊ ထူးထူး၊ ကိုဇော်မြင့်၊ ကိုဝင်းညွန့်၊ ဒေါက်ဂလပ်၊ စတူးဝပ်၊ တိုဘီ၊ ဂျက်ဖရီ… ကျန်ခဲ့လျှင် ခွင့်လွှတ်ပါ။ သူတို့မျက်နှာများ၊ သူတို့နှင့် ပြောဆိုခဲ့သောစကားများ၊ ရယ်သံလွင်လွင်များ၊ မိုးနံ့များ၊ ပိတောက်ရနံ့များ၊ စီးကရက်မီးခိုးများ၊ အုတ်နီခဲရောင် လက်ဖက်ရည်များ…။

ကျွန်တော်သည် လမ်းတစ်ဖက်က ရုံးဖြူဖြူကြီးကို လှမ်းကြည့်လိုက်သည်။ အဖြူရောင် ဆေးသားများနှင့် အပြာရောင် စာလုံးများသည် မပြောင်းလဲသေး။ ဘေးချင်းကပ်လျက်က ပန်းရောင်အဆောက်အဦဟောင်းကြီး ကတော့ မရှိတော့ပြီ။ ရုံးကြီးတွင် လူဟောင်းများမရှိတော့။ ယခု ကျွန်တော်သည် လူဟောင်းများထဲမှ နောက်ဆုံး လူဟောင်းဖြစ်သော ကိုအောင်ရှင်ကို မနီဆိုင်တွင် လာတွေ့နေခြင်းဖြစ်သည်။ ကိုအောင်ရှင်နှင့် ထိုင်နေရင်းကမှ အတိတ်က အရိပ်ဟောင်းများကို ပြန်လည် ရှာဖွေနေခြင်းဖြစ်သည်။ မြင်ကွင်းဟောင်းများသည် ရုပ်ရှင် ပိတ်ကားထက်မှ ပုံရိပ်များပမာ တရိပ်ရိပ်ဖြတ်ပြေးသွားကြ၏။ တစ်ချက်တစ်ချက် ကိုအောင်ရှင်၏ အသံကို ကြားရသည်။ နောင်များတွင် ကိုအောင်ရှင်နှင့်လည်း သည်ဆိုင်တွင် ထိုင်ဖြစ်တော့မည် မဟုတ်။ ယနေ့သည် ကျွန်တော်၏ရုံးဟောင်းဖြစ်သော ရုံးတွင် သူ၏နောက်ဆုံးနေ့ဖြစ်သည်။

ရုံးအဟောင်းမှ ဝန်ထမ်းအသစ်များသည် မနီဆိုင်ကလေးသို့ ကျွန်တော်တို့ တုန်းကလို သိပ်မလာကြ၊ သိပ်မထိုင်ကြတော့ဟု ထင်သည်။ ပိတောက်ပင်ရိပ်သည် ဝိုင်းမစည်ချေ။ တိတ်ဆိတ်ခြောက်ကပ်လို့ နေသည်ဟု ထင်မိလေသည်။ အဖျော်ဆရာ မနီကတော့ ဘယ်အချိန်အထိ လက်ဖက်ရည်ဖျော်နေဦးမည်လဲ မသိချေ။



Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...