Skip to main content

ပိတောက်ရိပ်သို့အလွမ်းစာ


ကျွန်တော်သည် အနော်ရထာလမ်းမကြီးနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် ရပ်နေ၏။ တစ်မနက်လုံး အုံ့ကာ တဖွဲဖွဲရွာသွန်းခဲ့သော မိုးသည် တအောင့်လောက် ကမှ စဲသွားသဖြင့် ကြဲသွားသော မိုးတိမ်တိုက်တို့ကြားမှ နေရောင်ခြည်က တစ်ချီတစ်မောင်း ဖြာကျလာသည်။ မီးပွိုင့် ဟိုဘက် ထောင့်ဖြတ်နေရာရှိ အတွင်းဝန်များရုံး အဆောက်အအုံသည် ပြိုးပြက်သော နေရောင်အောက်တွင် သစ်လွင်သောဆေးသားတို့ဖြင့် နီစွေးစွေးလှလို့ နေသည်။

လမ်းဆုံမှသည် ဗိုလ်အောင်ကျော်လမ်း အပေါ်ဘလောက်ဘက်သို့ ချိုးကွေ့လိုက်၏။ မျက်နှာမူရာအတိုင်း ကြည့်လျှင် လမ်း၏ဘယ်ဘက်ခြမ်း ပလက်ဖောင်းအတိုင်း လျှောက်လာလိုက်သည်။ ပလက်ဖောင်းသည် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်က ပြန်ခင်းထားသော ကွန်ကရစ်လောင်းလူသွားလမ်းဖြစ်သည်။ ယခင်ကလို ကျောက်ပြားချပ်များ မညီမညာခင်းထားသော လမ်းမဟုတ်တော့။ အရင်ကဆို သည် ပလက်ဖောင်းသည် အေးအေးလူလူ လျှောက်၍မရအောင်ကို ခလုတ် ခဏခဏတိုက်သည့် လမ်းဖြစ်ခဲ့သည်။ ပြောင်းလဲခြင်းတို့ ဆီးကြိုနေ၏။ ပလက်ဖောင်းဘေး ကပ်၍ ပါကင်ထိုးထားသည့် ကားတွေပိုများလာသည်။ အရင်ကဆို မိုးတွင်း ရောက်တိုင်း ကတ္တရာလမ်းမနှင့် ပလက်ဖောင်းတို့အကြား လေး၊ ငါးပေလောက်နေရာတွင် အိုင်ထွန်းနေ တတ်သော ရွှံပုပ်မည်းညစ်ညစ်များ မရှိတော့။ အရင်က မရှိခဲ့သော ဘားဆိုင်လေးများ ဟိုတစ်စ သည်တစ်စ ဖွင့်ထားကြသည်။ 

လမ်းအထက်ဘက် ပိုရောက်လာပြီးနောက်တွင် ကျွန်တော်သည် လမ်းဟိုဘက်ကို ဖြတ်ကူးလိုက်သည်။ မပြောင်းလဲသေးသော အရာများကို မြင်ရတော့မည်။ လမ်းဟိုဘက်ခြမ်း ပလက်ဖောင်း ကပ်လျက် စိန်ပေါလ်ကျောင်း၏ နောက်ဖက်နံရံတံတိုင်းတိုင်းကြီးကို ရေညှိတစ်ဝက်၊ ဆေးအသစ်တစ်ဝက် မြင်ရ၏။ ဆေးက သုတ်ထားသည်မှာ မကြာလောက်သေး။ ပလက်ဖောင်းနှင့် ကတ္တရာလမ်းကြားတွင် အရင်ကအတိုင်း ကားရေဆေး သမားတစ်စုက ဖြတ်သွားဖြတ်လာ ကားများကို လက်တားကာ ရေဆေးမလား မေးနေကြဆဲဖြစ်သည်။ မြင်နေကျ မျက်နှာများ မဟုတ်တော့၊ ယခင်က ကားရေဆေးခဲ့ကြသူတို့နေရာတွင် မျက်နှာအသစ်များ အစားထိုးဝင်ရောက် ခဲ့ပြီ။ 

ဗိုလ်အောင်ကျော် လမ်းဘေး ပိတောက်ပင်ရိပ်အောက်တွင် လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိသည်။ ဆိုင်နာမည် ဆိုင်းဘုတ် တင်မထားသော်လည်း ကျွန်တော် တို့က မနီလက်ဖက်ရည်ဆိုင်ဟု ခေါ်ကြသည်။ ပိတောက်ရိပ် ဟုလည်း ခေါ်ကြသည်။ မိုးတွင်းဖြစ်သဖြင့် ကပ်လျက်စိန်ပေါလ် နံရံအုတ်တံတိုင်းကို မှီပြီး တာလပတ်အမိုးတစ်ခု ချထား၏။ အသားညိုညို၊ နှာခေါင်းပြားပြား၊ ခပ်ဝဝဖိုင့်ဖိုင့် အမျိုးသမီးသည် ကျွန်တော့်ကို မြင်သည့်အခါ သူ့မျက်နှာသည် ပြုံးရွှင်သွားသည်။ “ဟာ…”ဟု ဝမ်းသာအားရ သူအော်လိုက်သံကို အကြား အနားမှာ ကျောပေး ထိုင်နေသည့် သူ့လောက်မဝသော်လည်း သူ့ထက်ပိုပုသည့် အမျိုးသမီးသည် လည်ပြန်လှမ်းကြည့်ပြီးလျှင် ကျွန်တော့်ကို ရွှင်ရွှင်လန်းလန်းဖြင့် ပြုံးရယ်ပြလေသည်။

“ကျွန်တော့်ကို မှတ်မိလား”ဟု မေးလိုက်ရာ နှစ်ယောက်စလုံးက “မှတ်မိတာပေါ့”ဟု မဆိုင်းမတွ ပြန်ဖြေကာ နေရာထိုင်ခင်း စီစဉ်ပေးလေသည်။ ဘယ်တွေရောက်နေလဲ၊ ဘာတွေလုပ်နေလဲ၊ မတွေ့တာကြာပြီ စသည်ဖြင့် ပဋိသန္ဓာရစကားများ ပြောပြီးသော် ထုံးစံအတိုင်း ပေါ့ဆိမ့်တစ်ခွက်ကို ကျွန်တော်မှာလိုက်သည်။ အသားညိုညို ဝဝ အမျိုးသမီးသည် အဖျော်ဆရာနေရာသို့ သွား၍ လက်ဖက်ရည်တစ်ခွက်ကို ကျွမ်းကျင်စွာ ဖျော်လေသည်။ သူ့ကိုကြည့်ရသည်မှာ အသက်ကြီးလာသည်ဟုပင် မထင်ရအောင် အရင်အတိုင်း မပြောင်းမလဲရှိသည်။ 

ထိုနေရာသည် ကျွန်တော်တို့၏ တစ်ခါက ဘူမိနက်သန် နေရာဖြစ်ခဲ့၏။ ထိုဆိုင်ကလေးတွင် အခေါက်ပေါင်း မရေမတွက်နိုင်အောင် ထိုင်ခဲ့ဖူးသည်။ ထိုဆိုင်မှထိုင်၍ လမ်းတစ်ဖက် ဓားလွယ်ခုတ်လောက်တွင် ရှိသည့် သုံးထပ် အဆောက်အဦးအဖြူကြီးတစ်ခုကို ပြန်ကြည့်ခဲ့ဖူးသည်။ ထိုအဆောက်အဦးအဖြူကြီးသည် ကျွန်တော်အပါအဝင် အတော်များများတို့အတွက် ပထမဆုံးအလုပ်ရှင်ဖြစ်ခဲ့ဖူးသည့် ဌာနကြီးတစ်ခု ဖြစ်သည်။ လက်ဦးဆရာများနှင့် ဆုံခဲ့ရာ နေရာလည်းဖြစ်သည်။ တချို့ တချို့အတွက် တစ်သက်တာ ပေါင်းသင်းဆက်ဆံမှု အစပြုသည့်နေရာ၊ တချို့တချို့အတွက် တစ်ခါဆက်ဆံ ဆယ်ခါလန် ဖြစ်ခဲ့သည့်နေရာ၊ တချို့တချို့အတွက် ချစ်ပြီးမှ မုန်း၊ မုန်းပြီးမှ ချစ် ဖြစ်ခဲ့သည့် နေရာ။ ပိတောက်ပင်ရိပ် လက်ဖက်ရည်ဆိုင်ကလေး၏ အဓိကဖောက်သည်များမှာ ကျွန်တော်တို့ရုံးမှ ရုံးသူရုံးသားများပင် ဖြစ်သည်။ မနက်ရုံးချိန်မီအောင် ဒရောသောပါး ပြေးလာပြီးသည့်နောက်၊ အချိန်မှတ်စက်တွင် ကတ်ပြားရိုက်ပြီး သည့်နောက်တွင် ကျွန်တော်တို့သည် ရုံးအောက်တစ်ခါပြန်ဆင်း၊ လမ်းကို ဖြတ်ကူးပြီး မျက်စောင်းထိုးရှိ မနီ ဆိုင်ကလေးတွင် ထိုင်ကာ မနက်စာစား၊ လက်ဖက်ရည်သောက်ကြသည်။ မနီဆိုင်တွင် မနက်စာအဖြစ် ပဲပြုတ် ထမင်းနှင့် ကြက်ဥကြော်ကိုသာရသည်။ သို့သော် ကျွန်တော်တို့တွင် များများစားစား ရွေးချယ်စရာမရှိ။ နေ့ခင်း ထမင်းကြီးမစားခင်အထိ ပဲပြုတ်ထမင်းနှင့်ကြက်ဥကြော်သည် ဗိုက်မဆာအောင် အကောင်းဆုံး တောင့်ခံပေးနိုင် သည့် အစာဖြစ်သည်။

ထိုဆိုင်ကလေးတွင် ကျွန်တော်သည် လုပ်ဖော်ကိုင်ဖက် အများအပြားဖြင့် ထိုင်ဖူး၏။ ကျွန်တော်တို့သာလျှင် မဟုတ်၊ ကျွန်တော်တို့ရုံးတွင် အလုပ်လုပ်သော မျက်နှာဖြူဝန်ထမ်းများလည်း မနီဆိုင်တွင် ပုံမှန် ထိုင်တတ် ကြသည်။ များသောအားဖြင့် သူတို့က တစ်ဖက်ဝိုင်း၊ ကျွန်တော်တို့က တစ်ဖက်ဝိုင်း။ သူတို့ရော ကျွန်တော်တို့ မြန်မာများရော မနက်တစ်ကြိမ်၊ နေ့လယ်နေ့ခင်း အပုပ်ချိန်တွင် တစ်ကြိမ်၊ ထိုင်တတ်ကြတာချင်း တူကြသည်။ မတူတာကတော့ သူတို့က တစ်ခါထိုင်လျှင် ၁၀ မိနစ်၊ ၁၅ မိနစ်။ ကျွန်တော်တို့ကတော့ တစ်ခါထိုင်လျှင် ဖင်ဂျွတ် တက်မလောက် ကြာအောင် ထိုင်ကြခြင်းပင်။ နိုင်ငံခြားသားတို့သည် မြန်မာတို့၏ လက်ဖက်ရည်ဆိုင် အကြာကြီး ထိုင်တတ်သည့် အကျင့်ကိုသိ၍လားမသိ၊ သူတို့ မလာခင်ကတည်းက ထိုင်နေပြီး သူတို့ထသွားချိန်အထိ ဆက် ထိုင်နေတတ်ကြသော ကျွန်တော်တို့ကို ဘာမှ မပြောကြချေ။

ထိုဆိုင်တွင် ထိုင်ကြသည့်အခါ ပြောဖြစ်ကြသည်များမှာ များသောအားဖြင့် ပေါ့ပေါ့ပါးပါးအကြောင်းအရာများသာ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင်တော့ လမ်းတစ်ဖက်က မြင်နေရသည့် ရုံးကြီးအတွင်းမှ ဟိုအကြောင်း၊ သည်အကြောင်းများကို ပြန်ပြောကြသည်လည်း ရှိသည်။ အတင်းချသည်များလည်း ရှိသလို ဘာရယ်မဟုတ် နောက်ကွယ်မှာ စနောက်ပြောင် ပြောခြင်းလည်း ရှိသည်။ အလုပ်နှင့်ဘာမှမဆိုင်သော အကြောင်းအရာများလည်း ပြောကြသည်။ ကိုယ်ရေးကိုယ်တာ အကြောင်း၊ ခရီးထွက်ဖို့အကြောင်း၊ နိုင်ငံရေးအကြောင်း၊ ဒဿနအကြောင်း၊ ဟာသအကြောင်း၊ ချစ်တဲ့အကြောင်း၊ မုန်းတဲ့အကြောင်း …။ အလုပ်ပြီး အလုပ်ဆက်နေသော မိနစ်များကြားတွင် ပြေးဝင်ခိုလှုံရာ မိနစ်လေးများ ရှိခဲ့ဖူးလေသည်။

မိုးတွင်းအခါဆိုလျှင် နေရာမရသဖြင့် မနီတို့ဆိုင်ကလေး၏ ဟိုးဘက်အစွန်းနားထိ သွားထိုင်ပါက ရေအိုင်အစပ်မှာ ထိုင်ရတတ်သည်။ ရေအိုင်ဆိုသည်က ပလက်ဖောင်းရှိ ရေမြောင်းသည် ပိတ်ဆို့နေသဖြင့် လမ်းပေါ်မှရေတို့သည် မြောင်းထဲမစီးနိုင်ဘဲ ကတ္တရာလမ်းနှင့် ပလက်ဖောင်းကြားတွင် အိုင်ထွန်းနေခြင်းဖြစ်သည်။ ထိုအိုင်ကလေးကို ကြည့်၍ ရတနာက အင်းလျားမှာထိုင်နေတယ်လို့ သဘောထားဟု ပြောဖူးသည်။ နောက်ကျိနေသော ထိုရေကို လျစ်လျူပြုကာ လက်ဖက်ရည်သောက်ကြသည်။ တစ်ခါတစ်ခါ ဟိုးအောက်ဘက် လမ်းဘေးဈေးသည်များဆီက ဝယ်လာသည့် မုန့်ပဲ သွားရေစာများကိုပါ မြိန်ရည်ယှက်ရည် စားလိုက်ကြသေးသည်။ တစ်ခါက ကျွန်တော့်ထံလာသည့် နိုင်ငံခြားသား ဧည့်သည်တစ်ယောက်ကို ကျွန်တော်က မနီလက်ဖက်ရည်ဆိုင်သို့ ခေါ်လာခဲ့ဖူးသည်။ သူက ဆိုင်ကို မြင်သည့်အခါ “Oh this is very dirty”ဟု ဆိုသဖြင့် ကျွန်တော့်မှာ သူ့ကို အောက်ဖက်က J’Donuts သို့ ခေါ်သွားခဲ့ရဖူးသည်။ ကျွန်တော်တို့ရုံးမှ အသန့်ကြိုက်မျက်နှာဖြူများ ထိုင်နေကျဆိုင်ဖြစ်သဖြင့် ထိုဧည့်သည် မငြင်းလောက်ဟု ထင်ခဲ့သော်လည်း တွက်ကိန်းလွဲသွားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးရှုထောင့်၊ သန့်ရှင်းမှုရှုထောင့်မှ ကြည့်လျှင် ထိုဆိုင်လေးသည် ထိုင်ချင်စရာမကောင်း။ သို့သော် ထိုဆိုင်လေးသည် ထိုင်လို့ကောင်းလောက်အောင် အားသာချက်များရှိသည်။ ဆိုင်ဖွင့်ထားသည့် ဘက်ခြမ်း ပလက်ဖောင်းသည် လူသွား လူလာ နည်းသည်။ တစ်ဖက်တွင် စိန်ပေါလ်ကျောင်း၏နံရံကြီးသာရှိသဖြင့် အဝင်အထွက်လုပ်သူမရှိ။ ပိတောင်ပင်ကြီး တွေက အုပ်မိုးထားသဖြင့် နွေဆို အရိပ်ကောင်းကောင်းရသည်။ တစ်နွေတွင် ပိတောက်တွေ ပင်လုံးကျွတ် ဝါထိန်အောင် ပွင့်ပြီးခါမှ မိုးကြီးရွာချသဖြင့် နောက်တစ်နေ့ ရုံးအလာ မနီလက်ဖက်ရည်ဆိုင်ဘက်ခြမ်း ပလက်ဖောင်းတစ်လျှောက် ပိတောက်ပွင့်ဖတ် ဝါဝါလေးများသည် ကော်ဇော ဝါခင်းထားသလို ခင်းထားလျက်ရှိသည်။ တစ်ချိန်တည်းမှာ လေထဲမှာလည်း ပိတောက်ပွင့်လေးများက တဖွဲဖွဲ ကျဆဲဖြစ်ရာ ဂျပန်တို့ ဘာတို့မှာ ချယ်ရီတွေ နီရဲအောင် ကြွေလွင့်ချိန်ကို တွေးမိခဲ့ဖူးသည်။ ထို နေရာလေးသည် ကဗျာဆန်ချင်သူအတွက်လည်း ကဗျာဆန်ကြည့်လို့ရသည်။ လေအိုးများအတွက်လည်း အေးအေး ဆေးဆေး လေပစ်လို့ရသည်။ ရုံးနှင့် လမ်းဟိုဘက် သည်ဘက်ဖြစ်သဖြင့် ချစ်သောရုံးကိုပြန်ငေးကြည့် နေရာတကလည်း အရသာရှိသည်။ ထိုအကြောင်းများကြောင့်လား မသိ၊ ပိတောက်ရိပ် မနီဆိုင်သည် ကျွန်တော်တို့ ရုံးနှင့် တွဲစပ်လျက်ဖွင့်ထားသလား ထင်ရလောက်အောင် ဖြစ်ခဲ့လေသည်။

ထိုဆိုင်ကလေးကို ပထမဆုံး စထိုင်ဖူးသည်မှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလ၏ တစ်ခုသောနေ့ရက်ဖြစ်သည်။ ယခု ဆိုလျှင် ၁၃ နှစ်ပင်ရှိခဲ့ပေပြီ။ ၂၀၀၅ ခုနှစ်မတိုင်ခင် ဘယ်နှခုနှစ်ကတည်းက ထိုဆိုင်ကလေး ရှိခဲ့မှန်း မသိ။ မည်သူ့ ကိုမှလည်း မေးမကြည့်မိခဲ့ချေ။ ကျွန်တော်မှတ်မိသလောက်ပင် ၁၃ နှစ်ရှိခဲ့ပြီ။ ထိုဆိုင်ကလေးသည် သက်တော်ရှည် ဆိုင်ကလေးဖြစ်သည်။ ကျွန်တော်သည် ထိုရုံးတွင် အလုပ်လုပ်ခဲ့သည့် ၅ နှစ်မျှသော ကာလအတွင်း ထိုဆိုင်ကလေးမှာသာ ထိုင်ခဲ့သည်များ၏။ တစ်ခါတစ်ခါတွင် ဗိုလ်ချုပ်လမ်းမဘက် တက်ပြီး ကိုကျော်တို့ဆိုင်မှာ ထိုင်တတ်သည်လည်း ရှိသည်။ သို့သော် ကိုကျော်တို့ဆိုင်က လမ်းသွားလမ်းလာများသည်။ လူရှုပ်၊ မျက်စိရှုပ်သည်။ ဆူသည်။ သူနှင့် ယှဉ်လျှင် ပိတောက်ရိပ်သည်သာ အအေးချမ်းဆုံးဖြစ်သည်။ ခင်မင် ရင်းနှီးမှု တိုးပွားစေသည့် ရေခံမြေခံဖြစ်သည်။

ပိတောက်ပင်ရိပ်သို့ တစ်ခေါက်ရောက်သည့်အခါ ထိုင်ခဲ့ဖူးသည့် လူအများ၏မျက်နှာများ ပြန်ပေါ်လာသည်။ ကျွန်တော် ယခုထိုင်နေသော နေရာ၊ ထိုင်နေသော ပိတောက်ပင်အောက်တွင် အတူတူ ထိုင်ခဲ့ဖူးသူများ… ဂျက်ဖ်၊ ကိုအောင်ထွန်း၊ ရဲခေါင်၊ မို့မို့၊ မထား၊ ခင်မြတ်၊ မင်းထွဋ်၊ ယင်းမာ၊ ကိုကျော်စိုးလင်း၊ ရတနာ၊ နီနီ၊ မေသော်၊ ကိုဆန်းဦး၊ ကိုထင်ကျော်၊ ကိုရန်နိုင်၊ ဦးမျိုး၊ သန်းထိုက်၊ မစန္ဒာ၊ ကိုဇော်ဝင်း၊ ကိုအောင်ရှင်၊ အေးလဲ့၊ ထူးထူး၊ ကိုဇော်မြင့်၊ ကိုဝင်းညွန့်၊ ဒေါက်ဂလပ်၊ စတူးဝပ်၊ တိုဘီ၊ ဂျက်ဖရီ… ကျန်ခဲ့လျှင် ခွင့်လွှတ်ပါ။ သူတို့မျက်နှာများ၊ သူတို့နှင့် ပြောဆိုခဲ့သောစကားများ၊ ရယ်သံလွင်လွင်များ၊ မိုးနံ့များ၊ ပိတောက်ရနံ့များ၊ စီးကရက်မီးခိုးများ၊ အုတ်နီခဲရောင် လက်ဖက်ရည်များ…။

ကျွန်တော်သည် လမ်းတစ်ဖက်က ရုံးဖြူဖြူကြီးကို လှမ်းကြည့်လိုက်သည်။ အဖြူရောင် ဆေးသားများနှင့် အပြာရောင် စာလုံးများသည် မပြောင်းလဲသေး။ ဘေးချင်းကပ်လျက်က ပန်းရောင်အဆောက်အဦဟောင်းကြီး ကတော့ မရှိတော့ပြီ။ ရုံးကြီးတွင် လူဟောင်းများမရှိတော့။ ယခု ကျွန်တော်သည် လူဟောင်းများထဲမှ နောက်ဆုံး လူဟောင်းဖြစ်သော ကိုအောင်ရှင်ကို မနီဆိုင်တွင် လာတွေ့နေခြင်းဖြစ်သည်။ ကိုအောင်ရှင်နှင့် ထိုင်နေရင်းကမှ အတိတ်က အရိပ်ဟောင်းများကို ပြန်လည် ရှာဖွေနေခြင်းဖြစ်သည်။ မြင်ကွင်းဟောင်းများသည် ရုပ်ရှင် ပိတ်ကားထက်မှ ပုံရိပ်များပမာ တရိပ်ရိပ်ဖြတ်ပြေးသွားကြ၏။ တစ်ချက်တစ်ချက် ကိုအောင်ရှင်၏ အသံကို ကြားရသည်။ နောင်များတွင် ကိုအောင်ရှင်နှင့်လည်း သည်ဆိုင်တွင် ထိုင်ဖြစ်တော့မည် မဟုတ်။ ယနေ့သည် ကျွန်တော်၏ရုံးဟောင်းဖြစ်သော ရုံးတွင် သူ၏နောက်ဆုံးနေ့ဖြစ်သည်။

ရုံးအဟောင်းမှ ဝန်ထမ်းအသစ်များသည် မနီဆိုင်ကလေးသို့ ကျွန်တော်တို့ တုန်းကလို သိပ်မလာကြ၊ သိပ်မထိုင်ကြတော့ဟု ထင်သည်။ ပိတောက်ပင်ရိပ်သည် ဝိုင်းမစည်ချေ။ တိတ်ဆိတ်ခြောက်ကပ်လို့ နေသည်ဟု ထင်မိလေသည်။ အဖျော်ဆရာ မနီကတော့ ဘယ်အချိန်အထိ လက်ဖက်ရည်ဖျော်နေဦးမည်လဲ မသိချေ။



Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...