Skip to main content

ကျွန်တော်တည်ခင်းချင်သော ထမင်းဝိုင်းကလေး

ဒေဝါအမ္ဗုန်အရှင်သည် အငြိုးတကြီးဖြင့် မိုးစက်မိုးပေါက် များကို အရှိန်ပြင်းပြင်းလွှတ်ချလို့ နေပါသည်။ ထက်ကောင်းကင် အဇဋာကတော့ မည်းမှောင်လို့။ ‘အတိတ် ကိုလည်းမပြန်နှင့်၊ အနာဂတ်ကိုလည်း မကြံနှင့်’ ဟူ၍ ပစ္စုပ္ပန် မှာသာနေရန် ပညာရှိကဝိတို့ ဆုံးမကြသော်ငြား မိုးသံ တဖြောက်ဖြောက်သည် အတိတ်ကို မပြန်ဘဲ မနေနိုင်အောင် ကျွန်တော့်စိတ်ကို ဆွတ်ချူနေပါသည်။

သရုပ်ဖော် - သိန်းထွန်းဦး

တောင်တောင်အီအီ အတွေးနယ်ချဲ့မိနေစဉ် တည်ထားသည့် ဟင်းအိုးဆီမှ တူးနံ့အနည်းငယ်ရလာသဖြင့် ကမန်းကတန်း ထတည့်၍ အမြန်ပြေးပြီး မီးဖိုပေါ်မှ ပြေးချရပြန်ပါသည်။

အနည်းငယ် ကပ်သွားသည်မှ လွဲ၍ ဟင်းသည် စားဖို့ရန် အနေတော်လေး ဖြစ်ပါသည်။ ဟင်းနံ့ မွှေးမွှေးကြောင့် ကျွန်တော့်ဗိုက်မှာ ပိုလို့ပင်ဆန္ဒ ပြလာပါသည်။ သို့သော် ကျွန်တော့်မှာ ချက်ချင်း မစားနိုင်သေး။ ထမင်းနှင့်ဟင်းကိုကြည့်ရင်း ခေတ္တခဏထိုင်ကာ အမောဖြေရင်း စောစောက အတွေးစကို ပြန်ဆက်နေ မိလေသည်။

ကျွန်တော်တို့မိသားစုတွင် အဖေ၊ အမေနှင့် ကျွန်တော် သုံးဦးသာ ရှိလေသည်။ တစ်ဦးတည်းသောသား ဖြစ်ရ ခြင်းအတွက် ကံကောင်းသည်လား မကောင်းသည်လား ကျွန်တော့်တွင် ဝိဝါဒကွဲစရာ ချည်ခင်အစရှိပါသော် လည်း သားတစ်ယောက်သာ မွေးမိသည့်အတွက် ကျွန်တော့်မိခင်ကတော့ ရှုထောင့်တစ်မျိုးမှ ကြည့်လျှင် ပင်ပန်းခြင်းနက္ခတ်မိသည်ဟု ဆိုရမည်လား မသိပေ။ သူများ မိသားစုတွေမှာတော့ အိမ်ထောင်ရှင်မက အလုပ်ထွက်လုပ်ရသည် ထားဦး၊ အိမ်မှာ မိခင်၊ မိကြီး၊ ဒေါ်ကြီး၊ တူမ၊ ညီမ စသည် ကူဖော်လောက်ဘက် ရှိတတ်ကြသဖြင့် မထောင်းတာသော်လည်းကျွန်တော်တို့ မိသားစုမှာက အမေသည် တစ်ဦးတည်းသော မိန်းမသား ဖြစ်လေရာ အလုပ်နှစ်ခုလုံးလုပ်ရသဖြင့် တယ် ဇိမ်မရှိလှဟု ဆိုရပါမည်။

အလုပ်သွားဖို့ ကိုယ့်ဟာကိုယ် ပြင်ဆင်ရင်း အဖေနှင့်ကျွန်တော့်အတွက်ပါ ထမင်းချိုင့်ပြင်ဆင်ပေးရသည်မှ စကာ ဘတ်စ်ကားကျပ်ကျပ်ညပ်ညပ်ကို တစ်နာရီမျှကြာအောင် စီးပြီး ကျောင်းသို့သွား၊ ရောက်တော့ စကော စကအရွယ်ကျောင်းသားများအား တစ်နေကုန်အောင် တဟဲ့ဟဲ့နှင့်ထိန်းရင်းစာသင်၊ ကျောင်းဆင်းတော့ ကျောင်းနားက ညဈေးမှာ ဟင်းချက်စရာဝယ်၊ တစ်နာရီကြာအောင် ကားပြန်စီး။ ကားဂိတ်ကနေ အိမ်ကို နာရီဝက်ခန့် လမ်းလျှောက်။ အိမ်ပြန် ရောက်တော့လည်း သုံးယောက် စလုံးရဲ့ အဝတ်တွေကိုဖွပ်၊ ထမင်း စားဖို့ပြင်၊ နောက်တစ်နေ့ အဆင်သင့် ဟင်းချက်နိုင်အောင် ကြိုလုပ်လို့ ရတာလုပ်၊ ထမင်းအိုးခွက် ပန်းကန်များ တိုက်ချွတ်ဆေးကြောသည်အထိ အမေသည် ဇယ်စက်ရသည်မှာ တစ်နေ့လည်း မဟုတ်၊ တစ်လလည်း မဟုတ်။ နိစ္စဓူဝသံသရာ။ သို့သော် အမေသည် တစ်ခါမျှ ညည်းညူသည်ဟု၊ သူ့တာဝန် လစ်ဟင်းသည် ဟု မရှိခဲ့ ဖူးချေ။

သို့ရာတွင် ကျွန်တော်တို့ သားအဖသည် အမေ့အတွက် အားမကိုးခဲ့ရပါ။ အမေ အလုပ်များနေချိန် အဖေက  ဧည့်ခန်းတွင် ရေဒီယိုနား ထောင်နေ တတ်သလို ကျွန်တော်ကလည်း လက်လက်စင်အောင် ဆော့နေတတ် ပါသည်။ ပြန်တွေးမိလျှင် အမေ့တွင် သမီးလေး တစ်ယောက် ရှိခဲ့စေချင်ပါသည်။ ဒါဆိုသူ ခုလို ပင်ပန်းတော့မည် မဟုတ်။ အမေသည် ကျွန်တော့်ကိုတော့ စာမေးပွဲမှာ သူလိုချင်သည့် အဆင့်ရလျှင် ပြီးရောပဲ သဘောထားလို့လား၊ ယောက်ျားလေးမို့ အိမ်မှုကိစ္စလုပ်စရာမလိုဟု မြန်မာ့လူ့အဖွဲ့ အစည်း၏ အစဉ်အလာ အတိုင်း ယူဆ လို့ပဲလား၊ ဒါမှမဟုတ် သူ့ တာဝန်သူပဲ ကျေပွန်မည်ဟု မနသိကာရ လို့ လားမသိ၊ ကျွန်တော့်အား တစ်ခါတရံ တောက်တိုမည်ရ ခိုင်းသည်မှတပါး သိပ်ပြီး ခိုင်းခိုင်းစေစေ မရှိလှသလို ကျွန်တော် ကလည်း မခိုင်းလျှင် အလိုက်တသိနှင့် လုပ်မပေးတတ်ချေ။

ကျွန်တော် လူမှန်းသိတတ်သည့် အချိန်မှစ၍ ယနေ့ထက်ထိအောင် မမေ့နိုင်သော အရာကတော့ အမေ့ လက်ရာ ဟင်းလျာများပဲဖြစ်ပါသည်။ ကိုယ့်အမေမို့ ပြောသည်တော့ မဟုတ်ပါ။ အမေသည် လူတိုင်းက ချီးကျူးရလောက်အောင် ပထမတန်းစား ဟင်းချက်လက်ရာရှင် ဖြစ်ပါသည်။ ကျွန်တော်တို့ သားအမိ သားအဖ သုံးယောက်၏ ထမင်းဝိုင်းသည် ဟင်းမကောင်းခဲ့လျှင်တောင်မှ အမေ၏ အချက် ကျွမ်းကျင်မှု ကြောင့် မြိန်ရေယှက်ရေ ရှိခဲ့သည်ချည်း ဖြစ်ပါသည်။ သို့ရာတွင် သုံးယောက်သာ ရှိသည်မို့ တခြား ထမင်းဝိုင်းများ လိုတော့ ဆည်း လည်းသံ တညံညံမကြားရတတ်ချေ။

ပင်ကိုက အလိုက်မသိတတ်ခြင်း၊ အချက်အပြုတ်ကို လုံး၀ စိတ်မဝင်စားခြင်းနှင့် အမေကလည်း တကူးတက သင်မပေး ခြင်းတို့ကြောင့် ကျွန်တော်သည် ဘယ်ဟင်းကိုမျှ မချက်တတ်ခဲ့ ပါ။ အမေသည် ကျွန်တော့် အား တစ်ခါဖူးမျှ ဟင်းချက်မသင်ပေးခဲ့သလို ကျွန်တော်ကလည်း တစ်ခါဖူးမျှပင် စမ်း၍ ချက်မကြည့်ခဲ့ချေ။ ထမင်းဟင်းချက်ခြင်းသည် ယောက်ျားလေးများနှင့် မဆိုင်သော အလုပ်တစ်ခုသာ ဖြစ်သည်ဟု ကျွန်တော်အမြဲခံယူ၏။ ပိုက်ဆံရှိသရွေ့၊ စားသောက်ဆိုင်များ ရှိနေသရွေ့ ကျွန်တော် မပူပါ။ ဆိုင်ရှိ ရာကိုသာ အပင်ပန်းခံရောက်အောင် သွားမည်၊ ဟင်းကိုတော့ အပင်ပန်းခံ ချက်ပြုတ် မစားချင်ပေ။  အများသူငါက ‘ဟင်းချက်သင်ပါလား’ ဟု တိုက်တွန်းလျှင် ကျွန်တော်ကား တူးတူးခါးခါးသာ။

ဟင်းချက်အလွန်ကောင်းသော အမေ၏သားဖြစ်လျက်နှင့် ကျွန်တော် သည် အချက်အပြုတ်နှင့် ပတ်သက် လျှင် နလပိန်းတုံးသာ ဖြစ်ပါသည်။ မရှက်မကြောက် ဝန်ခံရပါလျှင်  ‘ဆီသတ် သည်၊ ကြက်သွန်ဖြူ ဓားပြား ရိုက်သည်’ ဆိုသည်မှာ ဘာကိုခေါ်မှန်း ပင် မသိခဲ့သည်အထိဖြစ်ပါ၏။ ကျွန်တော် ရှော်ပုံများပြောရလျှင် ကျွန် တော် ငယ်စဉ်က (သိပ်တော့ငယ်တော့ မည်မထင်ပါ) အမေက ကျွန်တော့်အား ဈေးတွင် ဝက်သားသွားဝယ်ခိုင်းရာ အမဲသားနှင့်မှားပြီး ဝယ်လာခဲ့သည်။ အမေပြောလိုက်သည့် ဈေးထက် ကိုယ် ဝယ်ခဲ့တဲ့ဈေးက သက်သာနေသည်ကို လည်း သတိမထားမိဘဲ “ဒီဆိုင်အတော် သက်သာသားပဲ” ဟု ပင် တွေးမိခဲ့သေး တော့သည်။ အမေကတော့ “အမလေး တော်...” ဟုသာ ညည်းရှာသော်လည်း ကျွန်တော့်မှာ အများသူငါ ဟားစရာ သတ္တဝါဖြစ်ရပါတော့သည်။

သည်လိုနှင့် ရပ်ဝေးမြေမှာ ပညာရှာဖို့ ကျွန်တော်ရောက်လာ ခဲ့ခြင်းသည် ကိုယ့်အမူအကျင့်ကိုယ် ပြင်ဖို့လည်း ဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံခြားသို့ ရောက် လာသည့်နောက် ကျွန်တော် သဘော ပေါက်သွားသည့် အချက် တစ်ခုမှာ ‘မြန်မာအစားအစာ ဟင်းလျာများ၊ ရိုးရာမုန့်များသည် ကမ္ဘာ့ အကောင်းဆုံး ဟင်းလျာများထဲတွင် တစ်ခုအပါအဝင်’ ရယ်လို့ပဲ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် စားကောင်းသောက်ဖွယ် ဆိုသည်မှာ၊ အရသာခြောက်ပါး ဆိုသည်မှာ ဘာမှန်းမသိသည့် လူမျိုးတွေ ကမ္ဘာပေါ်မှာ ရှိပါသေးလားဟု ကျွန်တော့်မှာ အံ့ဩရပါသည်။အရသာကို လျှာပေါ်တွင် ဘယ်လို ခံစားရသလဲ သူတို့မသိကြသည်မှာ ကျွန်တော် အလွန်ပြောခြင်းမဟုတ်ပါ။ သူတို့က  ကောင်းလှပါသည်ဆိုသည့် အစားအစာများထက် မြန်မာ ဟင်းလျာများက အဆတစ်ရာ၊ တစ်ထောင်မက သာသည်ဟု ကျွန်တော်ပြောလျှင် ကဲသည်မထင် စေလိုပါ။ တကယ်ကိုပဲ နိုင်ငံခြား ရောက်မှ မြန်မာ့အစားအစာတွေရဲ့ တန်ဖိုးကိုသိခြင်းဖြစ်သည်။

ဒါက အကြောင်းမဟုတ်။ အကြောင်းက အစားကောင်းကိုမှ ကြိုက်သည့် ကျွန်တော် ဒုက္ခရောက် သည်။ ဒီကအစား အစာတွေ ဘယ်လိုမှ မစားနိုင်၊ “လည်ချောင်းကိုမြေလှန်၊ ဂလုံဆန်အောင်၊ စုန်ကန်မျှောရတယ်” ဆိုသည့် ဦးပုည အရေးအသားသည် ထမင်းစားမကောင်းသည့် အခါများ တွင် အထူးသတိရစရာ။ ထိုအခါ မြန်မာထမင်း ဟင်းလျာများ၊ အထူး သဖြင့် အမေ့လက်ရာများကို လွမ်း ဆွတ်တော့သည်။

ကျွန်တော့်မှာ ဖြေရှင်းစရာနည်း လမ်းဆို၍ ကိုယ့်ဟာကိုယ်ချက်စားဖို့ သာရှိပါတော့သည်။ ကျွန်တော် ဟင်းချက် သင်ဖို့ဆုံးဖြတ်လိုက်သည်။ ကျောင်းမှာသင်နေရသည့် ဘာသာ ရပ်များအပြင် အချက်အပြုတ် ဘာသာရပ်ကို ကိုယ့်ဟာကိုယ် ထည့်သွင်းပြဋ္ဌာန်းလိုက်သည်။ ကိုယ်နှင့်ကျောင်းနေဖက် မြန်မာ ကျောင်းသားတို့မှာ ကျွန်တော်၏ အချက်အပြုတ် ပါမောက္ခများ ဖြစ်လာကြသည်။ မြန်မာတစ်ယောက်သည် အသက် ၂၈ နှစ် ရှိခါမှ မြန်မာဟင်းချက်နည်းကို မြန်မာနိုင်ငံပြင်ပတွင် သင်ယူ ဖြစ် တော့သည်။

နိုင်ငံရပ်ခြားရောက်လာခြင်းဖြင့် ကျွန်တော့်တွင် အကျိုးကျေးဇူးသုံးခု ရှိလာပါသည်။ ထမင်းဟင်းချက်ချင် စိတ် ပေါက်လာခြင်း၊ ချက်လည်း ချက်တတ်လာခြင်းနှင့် အစပ်စားနိုင်လာ ခြင်းတို့ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့ အစည်းတွင် ယောက်ျားသားအများစု ဟင်းမချက်သည့်အကျင့်ကို ပြင်ဖို့လိုမည်ဟု ကျွန်တော်ထင်ပါသည်။ ယနေ့ခေတ်တွင် ယောက်ျားရော မိန်းမပါ အလုပ်လုပ်ကြရသည်ဖြစ်ရာ ယောက်ျားတို့အနေ ဖြင့် မီးဖိုချောင် ကိစ္စတွင် တာဝန်တလှည့်ယူ ပေးခြင်း ဖြင့် မိန်းမသားများအား ကူညီရာ ရောက်ပါသည်။ ဒါ့အပြင် ဟင်းချက်တတ်ခြင်းဖြင့် သူများကိုလဲ အားကိုးစရာမလိုဘဲ ကိုယ့်စိတ်တိုင်းကျလည်း စားနိုင်သည် မဟုတ်ပါလား။

မည်သူ့ အကူအညီမှမပါဘဲ ပထမ ဆုံးအကြိမ် ကိုယ့်ဟာကိုယ် စမ်းချက် ကြည့်သည့်နေ့က ကျွန်တော် တစ်ကိုယ်လုံး ကြက်သီးများပင် ထမိ ပါသည်။ တစ်နေ့တွင် ကိုယ်ကိုယ်တိုင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စား ဖြစ်လိမ့် မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့။ ကျွန်တော် ဟင်းချက်နေစဉ် ပထမ ဆုံး သတိရမည့်သူကို အထူး ပြောစရာ လိုမည်မဟုတ်ပါ။ အခေါက်ပေါင်း မရေမတွက်နိုင်အောင် ချက်ပြုတ် ကျွေးမွေးခဲ့သော အမေကလွဲ၍ ဘယ်သူ ရှိပါဦးမလဲ။ အမေ့ကိုယ်လက်တို့တွင် စွဲနေတတ်သော ကြက်သွန်နီနံ့သည် ယခု ကျွန်တော့်လက်မှာပါ စွဲငြိချေပြီ။ ဟင်းချက်ရင်း မျက်စိစပ်၍ အမေငို ခဲ့ရသလို အခု ကျွန်တော်လည်း ငိုရပြီ။ “ဒီနေ့ ဘာချက်ရမှန်း မသိပါဘူး” ဟု အမေ့လိုပင် ကျွန်တော်လည်း ညည်းတွား မိတတ်ပြီ။ ထမင်းကျန် ဟင်းကျန်များ ကိုလည်း အရင်လို လက်လွတ်စပယ် မပစ်တော့ဘဲ နှမြောတသ တတ်ပြီ။

ယခင်က အမေက သူချက်သည့် ဟင်း ကျွန်တော်တို့ သားအဖစားတာကို ကြည့်ရင်း ပီတိဖြာခဲ့ဖူးသည်။ သည် တစ်ခါတော့ ကျွန်တော်က ကျွန်တော်ကိုယ်တိုင်ချက်သည့် ဟင်း အဖေနှင့်အမေ စားတာကို ကြည့် ရင်း ပီတိနှင့် ဗိုက်ဝချင်ပါသည်။ အမေသည် သူ၏သားချက်ကျွေးသော ဟင်းကို စားရလိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်ဖူးမည် မထင်ပါ။ သူကလည်း “ချက်ကျွေးပါ”ဟု တစ်ခါမျှ မတောင်းဆိုခဲ့ဖူး။ အမေအံ့ဩသွား အောင် လုပ်ပြချင်ပါသည်။

ယခုတော့ အဆိုပါနေ့ကိုရောက်ဖို့ လက်ကျန်ရက်များအား ရေတွက်ရုံသာ ရှိပါသည်။ မိသားစုသုံးဦးပြန်ဆုံ ချိန်အထိ သုံးဦးစလုံး အသက်နှင့်ခန္ဓာကိုယ် မြဲနေကြဦးမည်ဆိုလျှင်တော့ သုံးယောက်စလုံးဘဝတွင် တစ်ခါမျှ မစားဖူးသေးသော ထမင်းဝိုင်းတစ်ဝိုင်းနှင့် ကြုံခွင့်ရပါလိမ့်ဦးမည်။ ဒီတကြိမ် အိုးသူကြီးကတော့ ကျွန်တော်ပေါ့။ 

Comments

  1. It is a good article. I wish you and your parents would have a meal together very soon. From the point of my view, having a meal with parents is not only having food but also taking their knowledge, loving kindness and learning lessons in their life, etc...
    I also have eaten many times at your house. Even me, I really like your mother' cooking style.By the way, how about having a meal with friends at north okkalapa(my house)? when we are ytu students, you, aye m m , ye w, james and me were eating together! After that, we had a chat for long time! Please also write a article for that. AUNGHTAKE

    ReplyDelete
  2. your writing is very simple here but it makes scene a lot. everyone likes his/her native food much. here you talk not only about food but also MOTHER and Family. Normally Girls and Women (our mum, aunt and sis) sacrifice a lot for their beloved men (father, son, and husband) and family. thank you for sharing your life experience.

    ReplyDelete
  3. ဆရာရေးသားဖော်ပြတဲ့ ကျနော်တည်ခင်းချင်သောထမင်းဝိုင်းကလေး ဆိုတဲ့ ရသစာပေကိုဖတ်ပြီး အရမ်းသဘောကျတယ်။ ကျနော့်ဖြစ်စဉ်နဲ့ တိုက်ဆိုင်လိုက်တာလို့လည်း တွေးမိတယ်။ ကျနော်က အရေးအခင်းကြီး မဖြစ်ခင်ကတည်း နိုင်ငံခြားထွက်လာတာဆိုတော့ အနှစ် ၂၀ ကျော်သွား ပြီပေါ့။ ကျနော်ငယ်စဉ်အချိန်တုံးက သင်္ဘောသားရူးခေတ်ထချိန် သူများကားလေးတ၀ီဝီစီးတာ အားကျတယ်။ သူများစီနိုင်ရင် ငါလည်း စီး နိုင်အောင်ကြိုးစားမယ်ဆိုပြီး နိုင်ငံခြားထွက်လာဖြစ်တာ။ အမေ့ရဲ့ ပံ့ပိုး အားပေးမှုလည်း ပါလို့ပါ။
    ထမင်းဝိုင်းလေးအကြောင်းဆိုလို့ ဆရာ့ခံယူချက်နဲ့ကျနော်ခံယူချက် တူနေတာကို ပြောချင်လို့ပါ။ ကျနော်လည်း ထမင်း ဟင်းချက်တာ မိန်းမတွေရဲ့အလုပ်လို့ပဲ ခံယူထားမိလို့လေ။ အမေ့က ဈေးကပြန်လာရင် ၀ိုင်းကူညီလုပ်ပေးဖို့ ခေါ်တယ်။ အဲဒီတုန်းက ကျနော်က ထမင်း ဟင်းချက်တာ မိန်မတွေရဲ့အလုပ်ပါဗျာလို့ ပြောလိုက်မိတယ်။ အဲဒီတော့ အမေက ဟဲ့ နင်တယောက်ထဲနေတဲ့အခါကျတော့ ချက်တတ်ပြုတ်တတ် တာ မကောင်းဘူးလားလို့ ဂရုဏာဒေါသောနဲ့ပြောတယ်။ ကျနော်လည်း နေ့စဉ် အမေတယောက်ထဲချက်ပြုတ်နေရတာကိုသနားပြီး အမေ့ကို ကူညီလုပ်ကိုင်ပေးခဲ့တယ်။ နောက်တခု ဆရာပြောသလိုပဲ နောက်တနေ့ဘာဟင်းချက်ရင်ကောင်းမလဲဆိုတာ အမေအမြဲတွေးပြီး ညည်းတယ်လေ။ ဒါပေမယ့် အဲဒီမှာ ကျနော် ဆရာ့ထက်သာတာတခုကို ကြွားချင်တယ်။ ကျနော်က အမေဈေးသွားတဲ့အခါ ဈေးခြင်းတောင်းကိုင် လိုက်ပြီး ကူသယ်ပေးခဲ့တယ်။ (ဈေးထဲမှာ စားချင်တာလေးတွေပူဆာရ လို့လေ) ဈေးထဲမှာ တ၀ဲလယ်လယ်နဲ့ ဘာဝယ်ချက်ရပါ့မလဲလို့ အမေအမြဲစဉ်းစားပြီး ညည်းတယ်။ နေ့တဓူဝ ဟင်းမထပ်အောင်ချက်ရတဲ့ ပညာ မလွယ်ဘူးဆိုတာ ကိုယ်နိုင်ငံခြားမှာ တကိုယ်တည်းနေလာတော့မှ အမေ့ခံစားချက်ကို နားလည်လာတယ်။ အမေ့ကို ပိုပြီးတော့သနားမိ တယ်။ အိမ်ကိုဖုန်းဆက်တိုင်း အမေ့ကို ကျေးဇူးတင်ကြောင်း အမြဲပြောရ တယ်။
    နိုင်ငံခြားမှာအနေကြာလာတော့ ဒီကအစားအစာတွေကိုလည်း ရံဖန်ရံခါတော့ စားမိပါတယ်။ ဒါပေမယ့် ကိုယ့်မြန်မာအစားအစာ လောက်တော့ ခံတွင်းမတွေ့တာအမှန်ပဲ။ အပြင်မှာဝယ်စားဖြစ်တဲ့အခါ ဒီကိုရောက်နေတဲ့ အေးရှားသားတွေရဲ့ဆိုင်ကို ခြေလှမ်းမိတာက များပါတယ်။ အနောက်နိုင်ငံသားတွေရဲ့အစားအသောက်က စားချင်စဖွယ်ဖြစ်ပေမယ့် ဈေးကလည်းကြီး၊ အရသာကလည်း ကိုယ့်ပါးစပ်နဲ့မတွေ့တော့ မစားဖြစ်သလောက်ပဲ။ ခရီးသွားတဲ့အခါမျိုး မှာတော့ မဖြစ်မနေစားမိပါတယ်၊
    အော် ဒါနဲ့စကားမစပ် ဆရာဆန္ဒပြည့်သွားပြီလား။ ဆရာ တည်ခင်းချင်တဲ့ ထမင်းဝိုင်းကလေး အထမြောက်သွားပြီလား။ ကျနော်လည်း ဒီတခေါက် ပြန်ဖြစ်ရင်တော့ ဆရာ့လိုပဲ ကိုယ်တိုင်ချက်ထမင်းဝိုင်းလေးတခုဖြစ် အောင်ဖန်တီးမယ်။

    လေးစားလျက်ပါ။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...