Skip to main content

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...  ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။



အဘိုးအိုတစ်ယောက် ... မျက်လုံးတွေက သိမ်းစွန်ရဲရဲ့ မျက်လုံးတွေလို စူးစူးရှရှနဲ့ တောက်ပြောင်... လက်သည်းတွေက ချွန်မြရှည်လျား ... တစ္ဆေတစ်ကောင်များလား။ ပုခုံးပေါ်အထိဝဲကျနေတဲ့ သူ့ရဲ့ဖြူဆွတ်တဲ့ ဆံပင်တွေကို တစ်ချက်သိမ်းလိုက်ရင်း တောင်ဝှေးကို တဒေါက်ဒေါက်ခေါက်လို့ မရဏတံခါးဆီ လက်ယပ်ခေါ်နေ ... ခွေးအူသံတွေကလည်း ခြောက်ခြားစရာ ဆွဲဆွဲငင်ငင်...။ ဟားတိုက် ရယ်သံတွေရဲ့ ကြားမှာ လန့်နိုးလာခဲ့တယ်။ အပြင်မှာလည်း ဘာထူးလို့လဲ။ အိပ်မက်ထဲကအတိုင်း သုဿာန်သင်္ချိုင်း အလယ်ကို ရောက်နေတာပါပဲ။ ဘေးနားတဝိုက်မှာတော့ ဖူးဖူးယောင်ပုပ်ပွနေတဲ့ အလောင်းတွေက ပြန့်ကျဲလို့။ အို .. မဟုတ်ပါဘူး ... သေချာကြည့်ပါဦး၊ သူတို့ဟာ အဆောင်တော်က မောင်းမတွေ မဟုတ်ဘူးလား။ ငါ့ရဲ့ချစ်သည်းညှာကလေးတွေ မဟုတ်ဘူးလား။ ငါ့ရဲ့ဟဒယကို အမြဲရွှင်ပြုံးစေခဲ့တဲ့ နတ်ကညာတွေ မဟုတ်ဘူးလား။ ဒါပေမဲ့လည်း ခုတော့ လူသေတွေနဲ့ မခြားတော့ပါလား။ ပိုးလိုးပက်လက်၊ ပိုးစိုးပက်စက် စက်တော်ခေါ်လို့။ ခံတွင်းတွေက ဟင်းလင်းပွင့်ပြီး အာပုပ်ရည်တွေစီးကျ၊ ဝတ်ရုံတော်တွေက ပြေလျော့လို့။ စောစောက နတ်ဒေဝီတို့အလား လှပတဲ့အဆင်းပြင်လျာတွေဟာ မင်းသားခေါင်းလိုကွာကျ။ အ,ကာလ ညရောက်ရင် ဒီလိုပဲ အဖြစ်မှန်တွေ ပေါ်တတ်သလား။ ချစ်စရာကောင်းလှတဲ့ အပြုံးလေးတွေ၊ ကယုကယင်အမူအရာတွေ၊ တီတီတာတာ ချိုစကားတွေ အားလုံးဆုံးရှုံးပျောက်ကွယ်လို့ အတိတ်မှာ ကျပျောက် ခဲ့ပြီ။ သုဿာန်မှာ ဒါတွေမရှိတော့ဘူး။


ညနေကရခဲ့တဲ့ ကြည်နူးမှုလေး အနောက်ဂေါယာမှာ ယွန်းသွားတဲ့နေမင်းနဲ့အတူ ပါသွားပြီလား။ တည်ငြိမ်တဲ့အမူအရာ၊ အေးချမ်းတဲ့မျက်နှာ၊ ရိုးစင်းတဲ့ဝတ်စားဆင်ယင်မှုနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့အသွင်က ခုထိ မျက်စိထဲက မထွက်သေးဘူး။ သူ့ရဲ့မျက်နှာမှာ အပူအပင်တွေမရှိဘူး။ လောင်ကျွမ်းမှုတွေမရှိဘူး။ သူ့ကို မြင်လိုက်ရတာဟာ နံနက်စောစော လင်းအရုဏ်ဦးမှာ အရှေ့အရပ်ကထွက်လာတဲ့ ဒေါင်းဖန်ဝါကို မြင်လိုက်ရသလိုပဲ။ အသစ်အသစ်သော ခံစားမှုတွေ၊ ခွန်အားတွေမွေးဖွားလာတယ်။ အဲဒီ ဖန်ရည်စွန်းသော အဝတ်ပိုင်ရှင်ပုဂ္ဂိုလ်ဟာ အေးချမ်းမှုရဲ့ပြယုဂ်လား။ လွတ်လပ်မှုရဲ့သရုပ်လား။ သူ့မှာ ငါ့လို၊ ငါ့ခမည်းတော်လို၊  ငါ့မိထွေးလို၊ ငါ့မိဖုရားလို၊ အားလုံးသောလူတွေလို ချည်နှောင်မှုတွေမရှိဘူး။ သူဟာ ရုန်းထွက်နေသူ ဖြစ်တယ်။ သို့မဟုတ် ရုန်းထွက်ပြီးသူလည်း ဖြစ်လောက်တယ်။ ငါတို့ကတော့ မစင်တောထဲမွေ့လျော်၊ မရဏတံခါးဝဆီ တရွေ့ရွေ့သွားလို့ မေ့လျော့နေကြလေရဲ့။ ငါဟာ အမှောင်အောက်မှာ အနှစ်သုံးဆယ်နီးပါး အိပ်စက်ခဲ့ပြီးပြီ။ ဪ ... ငါဟာ အကန်းတစ်ယောက်လိုပါပဲလား။ အလင်းကို ငါဘာကြောင့် မရှာဖွေခဲ့သလဲ။ သစ္စာရဲ့ အလင်းရောင်၊ ဓမ္မအလင်းရောင်ကို ငါ့မျက်လုံးတွေက ဘာလို့များ မွတ်သိပ်မှုပြင်းပြင်းနဲ့ မဆာလောင် မတောင့်တရပါသလဲ။ ငါဟာ မိုက်မဲလွန်းလှပါလား။


သေချာပေါက်ပျောက်ကွယ်သွားကြမယ့် နှင်းငွေ့တွေကို ဘယ်တော့မှမဆုံးရှုံးတော့မယ့်အလား ဘာကြောင့် ငါတို့တွေးထင်ကြရပါလိမ့်။ ပန်းတွေဟာ ခုတင်ခါ ငွားငွားစွင့်စွင့် ဖူးပွင့်နေကြပေမယ့် မျက်စိအောက်မှာတင် နွမ်းကြွေသွားကြမယ်ဆိုတဲ့ အသိမဝင်ကြတာ အံ့ဩစရာ။ မသိတာမဟုတ်၊ မသိချင်ယောင်ဆောင်ကြတာ၊ ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားကြတာ။ အမှောင်လွန်ရင် အလင်းရှိသလို၊ အခွံအကာရဲ့အောက်မှာ အနှစ်သာရရှိသလိုပဲ မရဏရဲ့စည်းတစ်ဖက်ခြားမှာ အမတ ရှိရမယ်။ သင်္ခါရရဲ့အလွန်မှာ ,သင်္ခတရှိရမယ်။ ဒါတွေကို မတွေ့တွေ့အောင် ရှာဖို့ပဲလိုတယ်။ လူနတ်တို့ရဲ့ အလိုခပ်သိမ်းကို ပြည့်စုံစေသူလို့ အဓိပ္ပာယ်ရတဲ့ ငါဆိုတဲ့ သိဒ္ဓတ္ထဟာ လူနတ်တို့အကျိုးစီးပွားအတွက် ဘာတစ်ခုမှ မစွမ်းဆောင်နိုင်ခဲ့သေးဘူး။ လောကတစ်ခွင်အပေါ် တကယ့်အမှန်တရားအလင်းကို ဒီကနေ့တော့ ဆောင်ယူပြနိုင်နိုင်ဖို့ ငါကြိုးစားမယ်။


သူ ... သူ ဘယ်ရောက်နေလဲ။ စွမ်းနိုင်တဲ့၊ သခင့်အလိုကို အမြဲသိတတ်တဲ့ သူ ဘယ်ရောက်နေလဲ။ သူငယ်ချင်းကောင်းလည်းပီ၊ ငယ်ကျွန်လည်းမည်တဲ့ သူဟာ ခန်းမဆောင်တစ်နေရာမှာ အိပ်ပျော်နေမယ် ထင်ရဲ့။ ညဟာ မနုပျိုတော့ဘူး၊ ဒါပေမဲ့လည်း အိုတော့မအိုသေးဘူးပေါ့။ အချိန်အခါကောင်းလို့ ဆိုရင် ရမလားပဲ။ သူ မပါလို့မဖြစ်ဘူး။ ဒီလိုနဲ့ သူ့ကို တစ်ခန်းဝင် တစ်ခန်းထွက်လိုက်ရှာ ... ဟော ... သူဟာ လှေကားခုံတစ်ခုပေါ် ခေါင်းထိုးအိပ်ပျော်နေတယ်။ 


ဆန္န၊ ထ ထ၊ တို့ သွားရအောင်


ဆန္နဟာ အအိပ်ဆတ်သူတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ ငြင်းစရာမလိုပါဘူး။ ဒါပေမဲ့လည်း အိပ်ချင်မူးတူး ထထွက်သွားတဲ့သူဟာ မေးခွန်းလေးတစ်ခု မေးဖို့နေနေ အံ့ဩတဲ့အကြည့်နဲ့တောင် ကြည့်မသွားဘူး။ သူ ... သူ ... မဟုတ်မှလွဲရော သူဟာ ငါ့အကြံအစည်ကို ကြိုပြီးသိနေမလား။ ငါ့ရဲ့စိတ်ကို သူဟာ ဖတ်ပြီးသားဖြစ်နေမလား။ သိနေရင်လည်း မသိချင်ယောင်ဆောင်လို့ ဘယ်ကိုလဲ အရှင့်သားလို့တော့ မေးသွားသင့်တာပေါ့လေ။ ဆန္နဟာ မြင်းစောင်းကို သွားနေပြီ။ ခဏနေရင် ကဏ္ဍကကို ချပ်နဲ့တကွ က ခေါ်လာလိမ့်မယ် (*)။ ဆန္နဟာ သိပ်ကျိုးနွံတဲ့ငယ်သားတစ်ဦးပါပဲ။ ငါ့အပေါ်မှာလည်း သံယောဇဉ် ကြီးတယ်။ ဒါပေမဲ့လည်း ဆန္နရေ မင်းနဲ့ငါနဲ့ အခိုက်အတန့်လောက်တော့ ခွဲရလိမ့်ဦးမယ်။ မင်းကို ငါတစ်ပါတည်း ခေါ်သွားလို့ မဖြစ်သေးပေဘူး။ (* ဤနေရာတွင် ကဆိုသည်မှာ မြင်းအား ချပ်ကြိုးတန်ဆာ ဆင်ယင်ခြင်းကို ခေါ်ခြင်းဖြစ်ပါသည်။ စကားချပ်)


လတ်ဆတ်တဲ့လေနုအေးဟာ ပြတင်းပေါက်ကတစ်ဆင့် ဝင်ရောက်လာပြီး မွှေးရနံ့တွေကို သယ်ဆောင်လာခဲ့တယ်။ စိတ်ကိုဆွတ်ချူဖို့ ကြိုးပမ်းနေတဲ့အလား။


ချည်ထားတဲ့ကြိုးတွေကို ဖြတ် ... လွတ်မြောက်မှုကြီးအတွက်။


ပိတ်ထားတဲ့တံခါးတွေကို ရိုက်ချိုးဖျက် ... လေပြည်လာဖို့အတွက်။


ညဟာ ဝေဿဝတီက နတ်ကညာတစ်ပါး အလားပါပဲ။ အေးတိအေးစက်နိုင်ပုံ ပေါက်အောင်လည်း နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားတယ်။ နန်းတော်တစ်ခုလုံး အပ်ကျသံတောင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျက်။ ငယ်စဉ်ကတည်းက ချစ်ကျွမ်းဝင်ခဲ့ရသူတွေ အကုန်လုံး၊ အားလုံးကို နှုတ်ဆက်သွားချင်တယ်။ မဖြစ်သေးဘူး။ ဒီလိုတော့ မဖြစ်ချေဘူး။ နောက်ဆံတင်းနေသလား သိဒ္ဓတ္ထ။ ပန်းတိုင်ရောက်တဲ့အထိ သွားပါ။ နောက်ပြန်မကြည့်ပါနဲ့။ သတိပေးစိတ်နဲ့အတူ သလုံးမြင်းခေါင်းနှစ်ခု စတင် အသက်ဝင်လာတယ်။


နေဦး နေဦး ... တစ်ခုတော့ ခွင့်ပြုပါဦး။ လူ့လောကကို ရောက်လာခါစ ငါ့ရဲ့သားလေး၊ နုနယ်သေးကွေး မောင်ရွှေသွေးကို ကြည့်သွားပါရစေဦး။ ဖခင်တစ်ဦးရဲ့ချစ်ခြင်းမေတ္တာတွေဟာ နန်းတော်တစ်ခုလုံး ဖြာကျလွင့်စင်လို့ပေါ့။ သွက်လက်ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့အတူ အတွင်းဆောင်တစ်ခုဆီကို ဦးတည် သွားတယ်။ ပါးလွှာတဲ့ကြာခြည်ရံအတွင်းမှာ သူတို့ သားအမိ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ပါလား။  သူတို့ နှစ်ယောက်ဟာ ငါ့ရဲ့ဘဝပါပဲ။ ကြာခြည်ကိုလှပ်ပြီး နီတာရဲကလေးကို ကြည့်ရတာ ကြည့်လို့မ ဝလိုက်တာ။ ပွေ့ချီလိုက်ရင် ကောင်းမလား။ မဖြစ်ပါဘူး။ သူ့အမေနိုးသွားမှဒုက္ခ။ အစီအစဉ်တွေ ပျက်ကုန် တော့မယ်။


ဪ ဘဒ္ဒကဉ္စနာ ... နှမရေ... မင်းဟာ အပျိုစင်လေး တစ်ယောက်လို လှနေဆဲပဲနော်။ နာမည်နဲ့လိုက်အောင်ကို ရွှေအဆင်းလို ဝါဝင်းတဲ့ မင်းရဲ့အသားအရေဟာ ဆယ့်သုံးနှစ်ကြာခဲ့တဲ့အထိ မပြောင်းလဲသေးပါဘူး။ တို့နှစ်ဦးဟာ စတွေ့ဆုံစဉ်မှာကတည်းက တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင်ခဲ့ကြ တယ်နော်။ အဲဒီတုန်းက နန်းရင်ပြင်မှာ လေးစွမ်းပြနေတဲ့မောင်တော့်ကို နှမဟာ ပုဒုမ္မာကြာနဲ့တူတဲ့ ဟောဒီ မျက်နှာငွေလ၊ ရွှင်ပပပေါ်က သမင်ပျိုရဲ့မျက်ဝန်းနဲ့ ရွှန်းရွှန်းစားစား စိုက်ကြည့်နေခဲ့တာ မောင်တော် မမေ့သေးပါဘူး။


နှင်းဆီနီလိုနီမြန်းတဲ့ မင်းရဲ့နှုတ်ခမ်းအစုံရယ်၊ အဲဒီနှုတ်ခမ်းတွေကို လှစ်ဟလိုက်ရင်မြင်ရတတ်တဲ့ သင်းခွေပန်းနဲ့တူတဲ့ ပုလဲစီဒန္တီတွေရယ်၊ ပွတ်လည်တိုင်လို သေးကျင်တဲ့ ရွှေခါးတော်က ခံဆောင်ထားတဲ့ တည်သီးရင့်သဖွယ် သားမြတ်နှစ်သွယ်ရယ်...။ နှမ ဘဒ္ဒါ ... နှမဟာ ဒီအလှတွေနဲ့တင် ပြည့်စုံတာတော့ မဟုတ်ပါဘူး။ မောင်နှမလည်းတော်၊ မယားလည်းဟုတ်၊ အဆွေကောင်းလည်းဖြစ်တဲ့ နှမဘဒ္ဒါဟာ မောင်တော့်အတွက် တကယ့်တော်လေးဝင် ဇနီးတစ်ဦးရယ်လို့ မောင်တော်အမြဲကြေညာခဲ့တယ်နော်။ မောင်တော့်ဘဝမှာ ဘဒ္ဒါမှတစ်ပါး စဉ်းစားစရာ မိန်မရယ်လို့ မရှိနိုင်တော့ပါဘူး။ မောင်တော့်ကို ဘဒ္ဒါနားလည်ပေးနိုင်ပါစေ။


ခန်းဆောင်အပြင်မှာတော့ ညဉ့်ငှက်တို့က အသံစုံမြည်လျက်။ ပန်းဥယျာဉ်တော်ကရနံ့တို့က တစ်တောလုံး ကြိုင်လျက်။


အဆင်သင့်ဖြစ်ပါပြီ အရှင့်သား


အောင်မြင်ခံ့ညားတဲ့အသံနဲ့ပြောလိုက်တဲ့ ဆန္နကြောင့် အတွေးစတွေ ခေတ္တရပ်သွားတယ်။ ဖေ့သားမောင် မြင်းလုံးကြီးကတော့ စစ်ထွက်စစ်သည်တော်တို့ရဲ့ ခပ်ကြွားကြွားမျက်နှာပေးနဲ့ပေါ့။ တံပိုးခရာသံတွေ ကြားလိုက်ရတဲ့ စစ်ထွက်မြင်းကြီးဟာ ရဲစိတ်ရဲမာန်တွေတက်၊ ချေကိုဆတ်၊ ခွာကိုရှပ်လို့ တစ်ချက်ဟီလိုက်တယ်။ ဒီနေ့ဟာ လပြည့်ညပါလား။ ငါ့ဘိုးတော် အဉ္စနမင်းကြီးဖြိုလို့ ကြွင်းတဲ့နှစ်က စရေတွက်ထားတဲ့ မဟာသက္ကရာဇ် ၉၇ ရဲ့ စတုတ္ထမြောက်လပြည့်ညရဲ့ လရောင်အောက်မှာ လောကတစ်ခွင်လုံး ငြိမ်းချမ်းစွာအိပ်ပျော်နေတယ်။ ဒါပေမယ့်လည်း ဒီလောကဟာ နံနက်မိုးသောက် အလင်းရောက်တာနဲ့ မငြိမ်းချမ်းသောဘ၀တွေကို ပြန်အစပြုရလိမ့်ဦးမယ်။


ငါ့ကိုသိပ်ချစ်လို့ဆိုပြီး ငါ့ကို ဆင်းရဲဒုက္ခဆိုတာ ပေးမမြင်စေခဲ့တဲ့ ဖခမည်း၊ ငါမမြင်ဖူးလိုက်တဲ့ ငါ့ရဲ့မွေးသမိခင်ကျေးဇူးရှင် မယ်တော်ရဲ့ အရိပ်တွေ၊ ငါ့အပေါ် အမိရင်းနဲ့မခြား နို့ချိုတိုက်ကျွေးမွေး ပြုစုစောင့်ရှောက်ခဲ့တဲ့ ငါ့ရဲ့မယ်မယ်ထွေး၊ ငါ့အပေါ် အသက်တမျှ ချစ်မြတ်နိုးရှာတဲ့ ငါ့ရဲ့ကြင်ယာတော်...။ ဒါတွေ အားလုံးနဲ့ ခွဲခွာရမှာပါလား။


ငါ့အတွက် နတ်စည်းစိမ်တမျှချမ်းသာတဲ့အရာတွေနဲ့ ပြည့်ဝေနေတဲ့ ရမ္မ၊ သုဘ၊ သုရမ္မဆိုတဲ့ခန်းဆောင်တွေနဲ့ နန်းတော်ကြီးကတော့ မျက်ရည်စက်လက်နဲ့ နှုတ်ဆက်နေတယ်။ ရွှေနန်းတော်ကြီးကို တစ်ချက် နောက်ပြန်ကြည့် ... ပြီးတော့ ကဏ္ဍကရဲ့ကျောပေါ်ကိုတက် ... အသက်ကို ပြင်းပြင်းရှူ။ ဆန္နရေ မြင်းပေါ်တက်ဟေ့။ ကဲ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေအတွက် စွန့်စားခန်းစပြီ။ ဓမ္မအလင်းရောင်ကို ကိုးစားပြီး အမှောင်ထုထဲ ရဲရဲတိုးဝင်ကြည့်လိုက်မယ်။ လမ်းပြသူတို့ မီးအိမ်ကို မြှောက်ပါလော့။ မြေနံ့တသင်းသင်းဟာ လမ်းတလျှောက် ကခုန်ပြီးလိုက်ပါလာတယ်။ နန်းတော်ကြီးထဲက လူသားတွေကတော့ လက်ကလေးတောင် မပြလိုက်နိုင်ရှာဘူး။ ဖေ့သားကြီးရေ ... ပြေးလိုက်စမ်းပါဦး


တံခါးဆိုတာ ပြင်ပကရန်သူတွေ မဝင်ရောက်နိုင်ဖို့အတွက် အရံအတားတစ်ချပ်ဆိုပေမယ့် ဒီကနေ့ညမှာတော့ အတွင်းကလူကို အပြင်ထွက်မသွားဖို့ ရည်ရွယ်ထားပုံမျိုး ပိုဆန်နေတယ်။ မကြာခင်မှာပဲ ဒီမောဟတံခါးကိုဖြတ်ပြီး  သစ္စာတရားကို ထိုးထွင်းသိတဲ့ အမောဟနယ်မြေကို သွားရမယ်။ မြို့တံခါး မည်းမည်းကြီးဟာ ခွေးအူသံတွေရဲ့အောက်မှာ ငုတ်တုတ်အိပ်ပျော်နေလေရဲ့။ အစောင့်တွေ မြင်သွားရင် ဒုက္ခ။ ဆန္နရေ... တံခါးတွေပိတ်ထားတယ်၊ တို့ ဘယ်လိုလုပ်ကြမလဲ။ အသက်ကိုပြင်းပြင်းရှူမိ။


အရှင့်ခရီးစဉ်ဟာ မဖောက်မပြန် ဖြောင့်မှန်တယ်ဆိုရင် နတ်ကောင်းနတ်မြတ်တွေက ကူညီ ...


ဆန္နရဲ့စကားမဆုံးခင် တံခါးကြီးပွင့်သွား ... ဉာဏ်တံခါးပွင့်မယ့် နိမိတ်များလား။ ကဏ္ဍကဟာ အသော့နှင်လို့သွားတော့ ကြီးမားတုတ်ခိုင်တဲ့ မြို့တံခါးရဲ့လက်နှစ်က်ကြားထဲကပေါ့။ တံခါးမှူးတွေကတော့ အိပ်ဆေးပြင်းပြင်းသောက်ထားတဲ့သူတွေလို ဟောက်သံတစ်ချက်မပျက်ဘူး။ ဒီလိုနဲ့ ကဆုန်ပေါက်သွားတဲ့ ကဏ္ဍကရဲ့နောက်မှာ မြင်းခွာသံတွေဟာ မနက်မိုးလင်းတဲ့အခါ မြို့သူမြို့သားတွေကို ဒီသတင်းပြန်ပါးဖို့ ပဲ့တင်ထပ်ကျန်ခဲ့တယ်။


လောကဟာ အမှန်တရားကိုမမြင်အောင် မာယာနဲ့ဖုံးကွယ်တတ်သလို အလစ်အငိုက်မှာလည်း သတိထားတတ်သူတွေအတွက် အဲဒီအမှန်တရားကို လှစ်ဟပြတတ်တယ်။ ဒါပေမယ့် လွတ်မြောက်ချင်သူကိုတော့လည်း လွယ်လွယ်နဲ့ပေးမထွက်ပြန်ဘူး။ ရှေ့မှာရပ်နေတဲ့ ဖြူဖြူဖွေးဖွေး သဏ္ဌာန်ဟာ လောကစံအိမ်ရဲ့ တံခါးစောင့်လား။


ရှေ့မှာရပ်နေတာ ဘယ်သူလဲ ဆန္န


ဘယ်သူဘယ်ဝါမှန်း မသဲကွဲဘူး အရှင့်သား။ အဘိုးအိုတစ်ယောက်လို့ ထင်တာပဲ


မသိခြင်းဟာ အတော်ဆိုးရွားတာပါလား။ သူတစ်ခုတည်းနဲ့တင် အားလုံးကို လှောင်အိမ်ဆီမောင်းနှင်ခဲ့တယ်။ သူ့ကို မြင်ဖူးသလိုရှိတယ်။ သိမ်းစွန်ရဲရဲ့စူးရှတဲ့မျက်လုံးမျိုး၊ အဖျားချွန်ပြီးကောက်တဲ့ နှာတံ၊ မြေခွေးနဲ့တူတဲ့ မျက်နှာနဲ့ ဆွတ်ဆွတ်ဖြူတဲ့အဝတ်နဲ့ ဆံပင်။ ဘယ်မှာ မြင်ဖူးသလဲ ပြန်စဉ်းစား. .. ဟာ ဟုတ်ပြီ မှတ်မိပြီ၊ ဒီ လူဟာ ငါ အိပ်မက်ထဲမှာတွေ့ခဲ့တဲ့ အဘိုးအိုပဲ။ ဟုတ်တယ်၊ ဒီမျက်လုံးတွေ၊ ဒီအကြည့်တွေနဲ့ ဒီမျက်နှာပေး။ အိပ်မက်ထဲကနဲ့ တစ်ပုံစံတည်းပဲ။ စူးရဲတဲ့သူ့အကြည့်များကြောင့်ထင်ရဲ့ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ခေါင်းတောင် မော်မကြည့်ဝံ့ကြတော့ဘူး။ ဒါပေမယ့် ဒီအထဲမှာ သိဒ္ဓတ္ထ မပါ။


မင်္ဂလာညချမ်းဖြစ်ပါစေလို့ အရင်နှုတ်ဆက်ပါရစေ အဘိုးအို။ ငါသွားမယ့်လမ်းကို ပိတ်ရပ်ထားတဲ့ သင်ဟာ ဘယ်သူများလဲ သိပါရစေလား၊ ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား


မင်္ဂလာညချမ်းပါ မင်းသား။ ငါ ဘယ်သူလဲဆိုတာက အရေးမကြီးသလို ငါ့ဘဝကလည်း စိတ်ဝင်စားဖို့ မကောင်းဘူး လို့ ထင်ပါတယ်၊ ဒါပေမယ့် သင်လို ရွှေနန်းတော်ထက်က မင်းသားလေး ဘယ်သူမှမသိအောင် နန်းတော်က တိတ်တိတ်လေးခွာလာတာက မေးခွန်းထုတ်ချင်စရာ မကောင်းပေဘူးလား


ငါဟာ သစ္စာတရားကိုရှာဖွေဖို့ ခရီးထွက်မလို့ဖြစ်တယ်၊ ငါယုံကြည်တဲ့ဓမ္မအတွက် စွန့်စားမလို့ဖြစ်တယ်၊ လူ့ဘဝဟာ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဆင်းရဲဒုက္ခအတိနဲ့ ပြီးနေတယ်။ လူသားတွေဟာ သုခချမ်းသာဆိုတဲ့ ခရီးပန်းတိုင်ကို ရှာမတွေ့ကြသေးဘူး။ အဲဒီ ပန်းတိုင်ကို ရှာဖွေဖို့ရန် ငါ ထွက်လာခဲ့ခြင်း ဖြစ်တယ် အဘိုးအို။


အဘိုးအိုဟာ ငါ့စကားကိုကြားတော့ မခိုးမခန့်နဲ့ တစ်ချက်လှောင်ရယ် ရယ်လိုက်တယ်။ သူ့ရယ်သံဟာ ခြောက်ကပ်လွန်းလှတယ်။


အော် ဟော် အသင်မင်းသား ... အသင်မင်းသား ...လည်မလိုလိုနဲ့ အတော်အ,တာပါလား။ ဒီကမ္ဘာလောကမှာ ရှိရှိသမျှလူတွေကို သင်တို့ရဲ့ပန်းတိုင်ဟာ ဘာလဲလို့ လိုက်မေးကြည့်မယ်ဆိုရင်  သင့်ရဲ့နန်းတော်ကို လှမ်းမျှော်ကြည့်ခြင်းအားဖြင့် အသံတိတ်အဖြေပေးကြမှာ အမှန်ပါပဲ။ သင့်ရဲ့ကံကောင်းမှုကို အစွန်အဖျားလောက်တောင်မှ မရကြရှာတဲ့ သူတို့အတွက် သင့်လိုဘဝဟာ သူတို့အတွက်တော့ အိပ်မက်တောင်မမက်စကောင်းတဲ့ အရာတစ်ခုဖြစ်တယ်။ သူတို့ရဲ့အတွေးတွေ၊ မသိစိတ်တွေထဲမှာ သင့်လို နတ်စည်းစိမ်တမျှသောသုခတွေ ပြည့်နေတဲ့ဘဝမျိုးဟာ အမြဲစိုးမိုးနေမယ်။ သင့်ကို သူတို့အမြဲအားကျနေမယ်ဆိုတာ အသင်မင်းသား သဘောပေါက်ပါလှည့်။ ဒီလိုဘဝမျိုးမှာတောင် အသင်မင်းသားဟာ ဒီလိုစကားမျိုးပြောရက်ပလေ။ ဒီလိုပါပဲလေ လူတွေဟာ ဘယ်တော့မှ အောက်ကိုငုံ့မကြည့်တတ်ကြပါဘူး။ ဒါကြောင့်လည်း ...


အဘိုးအို၊ သင်ဟာ လူမှဟုတ်ရဲ့လား၊ နတ်ဒေဝတာတစ်ပါးပါးများ ဖြစ်နေမလား။ သင်ဟာ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ရှေ့ကို အရောက်လာခဲ့လေသလား။ သင့်ကိုကြည့်ရတာ ငါ့ကို ဒီကနေ ထွက်ခွာမသွားစေချင်ပုံပဲ။ ဒါပေမယ့် ငါသွားရလိမ့်မယ် အဘိုးအို။ မသွားခင်တော့ သင့်စကားကို ငါပြန်ချေပခဲ့ပါရစေဦး။ ငါ့ရဲ့စည်းစိမ်ရှင်ဘဝဟာ လောကသားတွေအားလုံး မျှော်မှန်းအားကျကြတာ မဟုတ်ပါဘူး အဘိုးအို။ လောကမှာ လောကီအာရုံကာမဂုဏ်ကို တံတွေးပေါက်လို ရွံရှာစက်ဆုပ်ကြတဲ့ တောရပ်မြိုင်မှီး ရသေ့ရဟန်းတွေ ရှိကြပါတယ်။ ငါ့ရဲ့မင်းစည်းစိမ်ဟာ လောကရဲ့အန္တိမပဲလို့ သင်ဆိုမယ် ဆိုရင် ဒီ စည်းစိမ်တွေဟာ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေကို လွန်ဆန်နိုင်သလား အဘိုးအို။ ဖြေပါ။ ဒီ စည်းစိမ်တွေကို ပိုင်ပါပြီဆိုပြီး မာန်ယစ်ကြတဲ့ ငါတို့ဟာ နောက်ဆုံးတစ်နေ့ကတော့ ဂင်္ဂါမြစ်ထဲမှာ ပြာမှုန့်အဖြစ်နဲ့ မျောပါသွားကြမှာပဲ မဟုတ်လား။


ငါဆက်ပြောမယ် နားထောင် အဘိုးအို။ လောကမှာ လူအများစု မက်မောတောင့်တကြတဲ့ ဘဝမျိုးကို မမက်မောကြတဲ့ လူအနည်းစုရှိတယ်။ ဒီလိုမျိုး အများနဲ့ဆန့်ကျင်နေလို့ သူတို့ကို မှားတယ်လို့  သင်ပြောလို့ မရနိုင်ပေဘူး။ အမှန်တရားဟာ အရေအတွက်နဲ့မဆိုင်ပါဘူး။ ငါ့ရဲ့စည်းစိမ်ချမ်းသာကို လူအများ အားကျ တောင့်တကြမယ်ဆိုတာ သံသယမဖြစ်ပါဘူး။ ဒါပေမဲ့ ဒီစည်းစိမ်ဟာ စစ်မှန်တဲ့ချမ်းသာခြင်း ဟုတ်မဟုတ်ကို တော့ သူတို့ထက်ငါက ပိုသိတယ်။ ချမ်းသာစစ် ချမ်းသာမှန်ဟာ မေ့လျော့မှုတွေ၊ ကာမဂုဏ်ခံစားမှုတွေ၊ သံယောဇဉ်အမျှင်တန်းလို့ ရှင်ခန်းဘယ်သို့ဖြတ်ရမှန်း မသိတဲ့ဘဝမှာ မရှိပါဘူး။


အဘိုးအိုဟာ လည်ချောင်းကိုတစ်ချက်ရှင်းလိုက်ပြီး တအောင့်မျှကြာအောင် စဉ်းစားလိုက်တယ်။ ပြီးမှ -


ထားပါတော့လေ။ သင်ပြောသလိုပဲထားပါတော့။  မဇ္ဈိမဒေသကို ကြည့်လိုက်ရင် ဟိုးနှစ်ပေါင်းထောင်ပေါင်း များစွာကတည်းက မြေပြန့်ကိုဆင်းသက်လာခဲ့တဲ့ အာရိယန်တွေဟာ သူတစ်လူငါတစ်မင်းနဲ့ ပြန့်ကျဲနေကြတယ်။ ထီးပြိုင်မင်းပြိုင် ပြုနေကြတယ်။ သင်ဟာ မွေးဖွားစဉ်ကတည်းက အတိတ်ထူး နိမိတ်ထူးတွေနဲ့အတူ လာခဲ့သူဖြစ်တယ်။ သင့်ကိုရလို့ သင့်ခမည်းတော်နဲ့ အတူ ကပိလဝတ် ပြည်သူပြည်သားတွေဟာ ရွှင်လန်းအားတက်ခဲ့ကြတယ်။ သူတို့တိုင်းပြည်အတွက် အားလုံးသော အာရိယန်တိုင်းနိုင်ငံတွေအပေါ် အုပ်စိုးမယ့် ဘုန်းလက်ရုံးရှိတဲ့ အာဂ မင်းယောက်ျားတစ်ပါးကို ရပြီဟဲ့ဆိုပြီး လက်ခမောင်းခတ်ခဲ့ကြတယ်။ အာရိယန်တို့အတွက် သင်ဟာ အလင်းရောင် ဖြစ်တယ်။ သင့်အနေနဲ့ သင့်ဖခည်းတော်ရဲ့ ကပိလဝတ်ဆိုတဲ့ တိုင်းငယ်ပြည်ငယ် ဂျင်ဂလယ် ကလေးကို စကြဝဠာတစ်ခုလုံးအပေါ် အာဏာဖြန့်ကျက်နိုင်တဲ့၊ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတို့ ရိုသေလေးစားခံ့ညားပြီး ဒူးတုပ်ပျပ်ဝပ်ရတဲ့ အင်ပါယာနိုင်ငံကြီး၊ ဧကရာဇ်နိုင်ငံကြီးတစ်ခုဖြစ်အောင် စွမ်းဆောင်ပြခဲ့ပါဦးလား။ သင်ဟာ ငယ်ရွယ်နုပျိုပါသေးတယ်။ စောပါသေးတယ်။ လူ့ဘဝဟာ တိုတောင်းလှ ပါတယ်။ ရသမျှအချိန်လေးမှာ အောင်မြင်မှုတွေကို ရှာပါဦး။ ကာမဂုဏ်တွေ ၀အောင် ခံစားပါဦး။သင်ရှာချင်တဲ့တရားကို နောင် အသက်အရွယ်ကြီးရင့်မှ ...


တော်ပါတော့ အဘိုးအို၊ ငါ့ကို အမျိုးမျိုးလာပြီး ဖြားယောင်းမနေပါနဲ့တော့။ သင်ရှာစေချင်နေတဲ့ အောင်မြင်မှုတွေ ရှာတွေ့တဲ့အထိ ငါ့ရဲ့အသက်သွေးခဲ အမြဲတည်ရှိနေမယ်လို့ သင်အာမခံနိုင်ပါသလား။ သင်ပြောတဲ့ ဧကရာဇ်မင်းဘဝကရော အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေကို တားဆီးပေးနိုင်ပါသလား။ ဘာတဲ့ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အာရိယန်တို့ကို စုစည်းညီညွတ်စေဖို့ ... ဟုတ်လား။ ငါ့ရဲ့ ကြီးကျယ် ခမ်းနားတဲ့မင်းစည်းစိမ်အတွက် သွေးချောင်းစီးစစ်ပွဲတွေ ဆင်နွှဲပြီးမှ ဒါဟာ အားလုံးကောင်းဖို့လုပ်တာပါ ဆိုပြီး ပြန်ပြီး တရားမျှတတဲ့ဆင်ခြေတစ်ခုကို ပေးရဦးမှာလား အဘိုးအို။ ငါ အထင်မကြီးတဲ့ ဧကရာဇ်မင်းရဲ့ ရာဇပလ္လင်ထက်ကို သတ္တဝါတွေရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးပြီးမှ မတက်ပါရစေနဲ့။


အဘိုးအို နားထောင်ပါ။ စည်းစိမ်နည်းနည်းရှိတော့ နည်းနည်းအချုပ်အနှောင်ခံရတယ်။ စည်းစိမ် များများရှိတော့ များများအချုပ်အနှောင်ခံရတယ်။ သင်ပြောတဲ့ စည်းစိမ်တွေ၊ အောင်မြင်မှုတွေ၊ တန်ခိုးဩဇာတွေဟာ စစ်မှန်တဲ့အောင်မြင်မှု၊ စစ်မှန်တဲ့ချမ်းသာသုခ မဟုတ်ဘူးလို့ ငါပြောခဲ့ပြီးပါပကော။ ဒီအရာတွေကို မသာယာ မတပ်မက်တော့လို့၊ မစင်လို၊ တံတွေးပေါက်လို ရွံရှာစက်ဆုပ်လွန်းလို့ ငါစွန့်ပစ်ပြီးခဲ့ပြီ။ ပြန်ပြီး မျိုစရာမလိုတော့ပြီ။ ဒါကြောင့် ငါယုံကြည်တဲ့ စစ်မှန်တဲ့ချမ်းသာကိုပဲ ရှာဖွေတော့မယ်။ အဲဒီချမ်းသာဟာလည်း လောကရဲ့လျှို့ဝှက်နက်နဲတဲ့ ပရမတ္ထသစ္စာကို ရှာဖွေတွေ့ရှိမှသာ ရနိုင်မယ်။


ငါဟာ ငါ့ခမည်းတော်အပါအဝင် ဇနီးသားနဲ့ ဆွေတော်မျိုးတော်တွေ၊ တိုင်းသူပြည်သားတွေကို အကြောင်းမဲ့ ပစ်ခွာသွားခဲ့တာမဟုတ်ပါဘူး။ ငါဟာ သူတို့ကိုချစ်ခင်တဲ့အတွက် သူတို့ကို မှားယွင်းတဲ့စည်းစိမ်ကို မပေးချင်ဘူး။ လက်နက်နိုင်ငံတော်ကြီး မပေးချင်ဘူး။ ငါ တရားတွေ့တဲ့တစ်နေ့ သူတို့ကို စစ်မှန်တဲ့ ဓမ္မနိုင်ငံတော်ကြီးကိုပဲ တည်ထောင်ပေးမယ်။ မှားယွင်းတဲ့ အလင်းရောင် မပေးချင်ဘူး။ စစ်မှန်တဲ့ အလင်းရောင်ကိုပဲ ပေးချင်တယ်။ သင်အခု ငါ့ရှေ့က ဖယ်ပါ။ ငါ့လမ်းကိုပိတ်မရပ်ပါနဲ့။ ငါ့ အတွက် အချိန်လင့်လှပြီ။


x x x x x


အစောက ရွာချထားတဲ့မိုးကြောင့် မြက်ခင်းပြင်တွေပေါ်မှာ နှင်းရည်ဆမ်းထားသလိုပဲ။ ချောင်းဘေး မြောင်းဘေး ကပ်ပေါက်နေတဲ့ ဝါဆိုပန်းပင်တွေက လေသင့်ရာယိမ်းနေကြရဲ့။ တစ်ချိန်ကဆို နှမတော် ဘဒ္ဒါနဲ့အတူ ငါ့ကို ကဏ္ဍကဟာ ဒီနေရာတွေအရောက် ပို့ဆောင်ပေးခဲ့ဖူးတာပေါ့။ ငါက ကဏ္ဍရဲ့ဇက်ကို ကိုင်လို့၊ ဘဒ္ဒါက ငါ့ရဲ့ရင်ခွင်မှာမှီလို့။ အဝေးက ဟိမဝန္တာတောင်တန်းတွေက နှင်းတွေဖုံးလို့။ ကဏ္ဍကရဲ့ အသော့နှင်ဖို့ ထည့်လိုက်တဲ့ အားကြောင့် အတွေးစတစ်ချက်ပြတ်သွားတယ်။ ကဏ္ဍကဟာ ရောင်နီမလာခင် ဟိုးတောစပ်ကိုလွန်အောင်သွားဖို့ စိတ်စောနေသလားပဲ။ မြင်ကွင်းတွေဟာ တဖြည်းဖြည်း ပြောင်းလဲ လာတယ်။ ညရှုခင်းဟာ လပြည့်ညအလင်းရောင်ရဲ့အောက်မှာ ပသာဒဖြစ်နေဆဲ။ ဆန္နကတော့ တောကစားထွက်လာသူတစ်ယောက်လို ဝမ်းမြောက်အူရွှင်လျက်။ မကြာခင် အရှေ့အရပ်မှာ ဒေါင်းဖန်ဝါကို မြင်ရတော့မယ်။ သောင်ပြင်ဖွေးဖွေးကြီးတစ်ခု ရှေ့မှာဘွားကနဲ။ ဆန္နရေ ဒါ ဘာမြစ်တဲ့လဲ


အနော်မာမြစ်လို့ ခေါ်ပါတယ် အရှင့်သား။ အရှင့်ခမည်းတော်ပိုင်နက်ရဲ့ နယ်နိမိတ်ပေါ့။ အနော်မာရဲ့ဟိုဘက်မှာတော့ သူတော်စဉ်တို့ ကိန်းအောင်းမွေ့လျော်ရာ ဥရုဝေလတောအုပ်ကြီးပေါ့

အနော်မာတဲ့လား။ ငါ့ခရီးဟာ မယုတ်မာ၊ မြင့်မြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အနော်မာဟာ ကပိလဝတ်ရဲ့ နယ်နိမိတ်အဆုံးဖြစ်တယ်ဆိုရင် ငါ့အတွက်တော့ မသိမှုအဝိဇ္ဇာနဲ့ တဏှာဆိုတဲ့နှောင်ဖွဲ့မှုနိုင်ငံရဲ့ နယ်နိမိတ် ဖြစ်တယ်။ ဟိုဘက်က ဥရုဝေလကတော့ ဆင်းရဲအပေါင်းမှလွတ်မြောက်ရာနယ်မြေ၊ ဝိဇ္ဇာနဲ့ ပညာတို့ရဲ့ ဇာတိချက်ကြွေပေါ့


အမှန်တရားကတော့ မြစ်တစ်က်ကမ်းကနေ သူ့နောက်လိုက်ခဲ့ဖို့ စိန်ခေါ်နေတယ်။ မိုးသားအခိုက်အတန့် ကင်းစင်သွားလို့ ကောင်းကင်ယံမှာ ကြယ်တာရာတွေစုံစုံညီညီပဲ။ သူတို့ဟာ စွန့်စားခန်းတစ်ခုရဲ့ ပွဲကြည့်ပရိသတ်တွေပေါ့။ ကဏ္ဍကရေ ... ဖေ့သားကြီး ... နောက်ဆုံးအနေနဲ့ ကူညီလိုက်ပါဦး။


ကဏ္ဍကဟာ ပတပ်ထရပ်၊ တစ်ချက်အရှိန်ယူလိုက်ပြီး အားကုန်ပြေးလွှား ... ပြီးတော့ လွှားကနဲကျော်ဖြတ်။


နောက်မှာကျန်ခဲ့တဲ့အနော်မာကတော့ အတိတ်နဲ့ပစ္စုပ္ပန်ကို လုံးဝစည်းခြားပေးလိုက်ပါပြီ။ ဒီနေရာကနေ နေ့သစ်ကိုအစပြုရမယ်။ ကဏ္ဍကကတော့ သူ့ရဲ့ စွမ်းဆောင်ချက်အတွက် ဂုဏ်ယူဝံ့ကြွားလို့။ ကမ်းစပ်နဲ့မလှမ်းမကမ်း တောတမ်းစပ်ဆီကနေ လက်ခုပ်သံ တဖြောင်းဖြောင်း ထွက်ပေါ်လာသလိုလို။ အော်ဟစ်အားပေးသံတွေ ... နောက်ပြီး အိုးစည်ဗုံမောင်းတွေ မုရိုးစည်တွေ ထုရိုက်တီးမှုတ်သံတွေ ...။


ဆန္န မင်းတာဝန်ပြီးဆုံးပြီ၊ ကဏ္ဍကကိုစီးပြီး နန်းတော်ကို ပြန်တော့


ဆန္နရဲ့မျက်နှာဟာ ပြုံးရွှင်နေရာကနေ ချက်ချင်းတည်သွား၊ နားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ ငါ့ကိုပြန်ကြည့်လို့။ မယုံကြည်နိုင်စရာ စကားတစ်ခွန်းကို ကြားလိုက်ရသူလို ဆန္နဟာ အံ့ဩတုန်လှုပ်နေ တယ်။ သူ့ရဲ့ ပွင့်အာနေတဲ့ လှုပ်ရွနေတဲ့နှုတ်ခမ်းများက အသက်ဝင်လာတယ်။


ဘယ်လို ဘယ်လို ပြောလိုက်ပါသလဲ အရှင့်သား။ အကျွန်ုပ်ကို ဘာကြောင့် ... ဘာကြောင့် ... အရှင့်သားနဲ့ အတူလိုက်ဖို့ ခေါ်လာခဲ့ပြီးမှပဲ မဟုတ်လား


ဆန္န ငါမင်းကို ခုလိုပြန်လွှတ်ရတာ စိတ်တော့မကောင်းမိဘူး။ ဒါပေမဲ့ ငါဟာဒီခရီးအတွက် ဘယ်သူ့ကိုမှ နောက်တော်ပါခိုင်းဖို့ မစဉ်စားခဲ့ဘူး။ ငါ ဘယ်သွားတယ်၊ ဘယ်မှာရှိနေမယ်၊ ချောချောမောမောနဲ့ အန္တရာယ် ကင်းတယ်ဆိုတာ ခမည်းတော်တို့သိရအောင်၊ စိတ်မပူရအောင် အကြောင်းစုံ ပြန်ပြောပြဖို့ မင်းကို တာဝန်ပေးချင်တယ်။


အရှင့်သား၊ ကျွန်ုပ်ဟာဆိုရင် အရှင့်ရဲ့ငယ်ကျွန်ဆိုလည်းဟုတ်၊ ငယ်သူငယ်ချင်းဆိုလည်းဟုတ်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်ဆိုလည်းဟုတ်တယ်လို့ ပြောရင် အရှင့်သားငြင်းမယ် မထင်ပါဘူး။ အကျွန်ုပ်ဟာဆိုရင် ကိုယ့်ကိုယ်ကိုယ် ထက်တောင်မှ အရှင့်သားကို ပိုဂရုစိုက်ခဲ့သူပါ။ အရှင့်သားစိတ်ထဲ ဘာတွေရှိနေတယ် ဆိုတာ မပြောဘဲနဲ့ သိခဲ့သူပါ။ လွန်ခဲ့တဲ့လများဆီကစလို့ အရှင့်သား ရွှေနန်းစည်းစိမ်ကို မပျော်မပိုက် ဖြစ်နေတာ၊ တစ်ချိန်လုံး ငြိမ်ပြီးစဉ်းစားခန်းဝင်နေတာ၊ တစ်နေ့ ဒီလို ထွက်လာလိမ့်မယ်ဆိုတာ အရှင်မပြောလည်း အကျွန်ုပ်သိနေခဲ့ပြီးသားပါ။ အဲဒီကတည်းက ... အဲဒီကတည်းက အရှင့်သား တစ်နေ့ နန်းကိုစွန့်တဲ့အခါ တစ်ပါးတည်း အတူလိုက်ပြီး အကျိုးတော်ဆောင်ဖို့ ...


မင်းစေတနာကို ငါနားလည်တယ် ဆန္န၊ မင်းအကြောင်းကိုလည်း ငါသိပြီးသာပါ။ ဒါပေမဲ့လည်း ငါ့စကားကိုနားထောင်ပါ ဆန္နရယ်၊ မလိုက်ပါနဲ့


အရှင့်သားမှာ အဖော်တစ်ယောက်မပါရင် ဒုက္ခများပါလိမ့်မယ်။ အရှင့်ကို ရေပူရေချမ်းကမ်းလှမ်းဖို့၊ ဝတ်ကြီးဝတ်ငယ်ပြုစုဖို့၊ နေမကောင်းတဲ့အခါ ခြေဆုပ်လက်နယ် ပြုစုဖို့ ...


ဒါတွေ တွေးမပူပါနဲ့ ဆန္နရယ်၊ ထီးနန်းစည်းစိမ်ကိုတောင် စွန့်ခဲ့ပြီးမှပဲ။ ဆင်းရဲဒုက္ခတွေကို ငါ ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးသားပါ။ ဒုက္ခကြီးထဲက ဒုက္ခအသေးကို ငါဘာမှုရမှာတဲ့လဲ။ ငါ မင်းအတွက် မကြောင့်ကြချင်ဘူး ဆန္န


အကျွန့်အတွက် ကြောင့်ကြဖို့ မလိုပါဘူး အရှင့်သား၊ အရှင် အနှောင့်အယှက်မဖြစ်ရအောင် အကျွန် နေတတ်ပြီးသားပါ။ ငယ်ကျွန်မို့ အရှင့်အကြောင်း အူမချေးခါးမကျန် သိပြီးသားပါ၊ အရှင့်သား ကိုယ့်အလုပ်ကိုယ် စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်ရပါစေမယ်။ လိုက်ခွင့်ပြုပါ အရှင့်သား


မဖြစ်ပါဘူးဆန္နရယ်၊ မဖြစ်ပါဘူ။ ငါဟာ သံယောဇဉ်ကြီးတွေကို ဖြတ်တောက်ပြီးခါမှ သံယောဇဉ်လေး တစ်ချောင်းရဲ့ ရစ်ပတ်ခံရမှာကို မလိုလားပါဘူး။ အဖော်ဆိုတာဟာ ... အို ဒါတွေ ထားလိုက်ပါတော့။ ခမည်းတော်တို့ စိတ်မပူစေချင်ဘူး။ ဒီတော့ မင်းပြန်ပါ


ကျွန်ုပ်ပြန်သွားရင် သင့်ဖခမည်းက သင့်ကို တစ်ယောက်တည်းထားခဲ့ရပါ့မလားဆိုပြီး ရာဇမာန်ရှ ပါလိမ့်မယ်၊ အခန့်မသင့်ရင် ခေါင်းနဲ့ကိုယ်တောင် အိုးစားကွဲနိုင်ပါတယ် အရှင့်သား၊ ထွက်လာကတည်းက တစ်ခါတည်း အပြီးလို့ မှတ်ထားကာမှ ဘယ်လိုမျက်နှာနဲ့ ပြန်ရပါ့မလဲ အရှင့်သား။ နောက်ပြီး အရှင့်သားကိုလည်း စိတ်မချနိုင်ပါဘူး


လရောင်အောက်မှာ ဆန္နရဲ့တင်းမာပြတ်သားတဲ့မျက်နှာကို မြင်နေရတယ်။ သူဟာ အံသွားတွေကို တင်းတင်းကြိတ်ထားတယ်။ သူ့ကို ဘယ်လိုပြောလို့မှမရပါလား။ ခေါ်သံတွေကလည်း ကျယ်လောင်သထက် ကျယ်လောင်လာပြီ။ ဆန္နအပေါ် ဘယ်တုန်းကမှ မသုံးဖူးခဲ့တဲ့ အာဏာကို သုံးရတော့မယ်ထင်ရဲ့။


ဆန္န ... တိုင်းပြည်တစ်ပြည်ရဲ့ ပြည့်ရှင်မင်းတစ်ပါးအနေနဲ့ ငါ့မှာ မင်းအာဏာအပြည့်ရှိတယ်ဆိုတာ သိပါတယ်နော်။ ဒါပေမယ့် ဒီအာဏာကို ငါ့လက်အောက်ငယ်သားတွေအပေါ်မှာ ဘယ်တုန်းကမှ ငါ အသုံးမပြုခဲ့ဖူးဘူး။ အာဏာမသုံးရခြင်းအကြောင်းကလည်း ငါ့မှာ အာဏာရှိနေလို့ပဲ။ ဒါပေမဲ့ ဒီကနေ့တော့ မင်းရဲ့ ကျောက်တုံးထက်တောင် ပိုမာကျောနေတဲ့ခေါင်းကို ပျော့ပြောင်းအောင်လုပ်ဖို့ ဒီအာဏာကိုသုံးမှ ရမယ်ဆိုရင်တော့ ဒီ မင်းအာဏာကို ငါသုံးရလိမ့်မယ် ဆန္န၊ မင်းအာဏာကိုဖီဆန်ရင် ဘာအပြစ်လဲဆိုတာ မင်းသိပါတယ်နော် ဆန္န
အရှင့်သား ...
တော်ပြီ၊ ဆန္န၊ ထပ်မပြောနဲ့တော့။ မင်း ကဏ္ဍကနဲ့အတူ ကပိလဝတ်ကိုပြန်ပါ။ ခမည်းတော်၊ မိထွေးတော်နဲ့ အားလုံးသောလူတွေ စိတ်မပူရအောင် ပြောပြလိုက်ပါ။ ဒါဟာ မင်းမိန့်
ဆန္နဟာ ခေါင်းကိုငုံ့လိုက်တယ်။ သူ့ပါးပြင်ထက်မှာတော့ မျက်ရည်တွေစီးကျလို့။ ယောက်ျားပီသစမ်းပါ ဆန္နရယ်။ ငါတို့တွေ အပြီးခွဲကြတာမှမဟုတ်တာ။ ဒီထက်ပိုပြီး ခြေခင်းလက်ခင်းသာတဲ့အခါကျ ငါတို့ ပြန်ဆုံကြဦးမှာပါ။ ပတ်ဝန်းကျင်ဟာ ကျောက်ရုပ်တုတစ်ခုလို တိတ်ဆိတ်ငြိမ်သက်လျက်။ အနော်မာမြစ်ရဲ့ ရေစီးသံတောင် တိုးတိတ်ငြင်သာလွန်းနေတယ်။ တစ်ချက်သုတ်လိုက်တဲ့လေပြည်က အသက်ရှူဖို့ သတိလာပေးတယ်။ ဒီလိုနဲ့ လရောင်အောက်မှာ လက်စွဲတော်သံလျက်က အရောင်တစ်ချက်လက်၊ ပိတုန်းရောင်ကေသာဟာ ခေါင်းပေါ်ကနေ နန်းဆင်း၊ ပိုးဖဲကတ္တီပါဝတ်ရုံတွေရဲ့နေရာမှာ ရွှေဝါရောင်အဆင်းရှိတဲ့ ဝတ်ရုံတော်တစ်ခုအစားထိုးသွားပြီ။ ဆန္နရေ သွားတော့ နောက်ကျနေတော့မယ်။


ညတုန်းကသိပ်တက်ကြွခဲ့တဲ့ ကဏ္ဍကဟာ အခုတော့ အသံတိတ်နေတယ်။ လူ့ရဲ့အကင်းကို သိပ်သိတဲ့ ကဏ္ဍကဟာ စောစောက ဆန္နနဲ့စကားအခြေအတင်ပြောခဲ့တာတွေကို နားလည်တဲ့ပုံပဲ။ သူ့နားနားကပ်ပြီး နောက်ဆုံး နှုတ်ဆက်စကားတစ်ခွန်း ပြောလိုက်တယ်။ ဖေ့သားရေ ငါ စိတ်မကောင်းပါဘူးကွာ။


အရာအားလုံး နေသားတကျဖြစ်သွားပြီ။ သဲနုနုကလေးတွေက ခြေအချတိုင်းမှာ အလိုက်သင့် လိုက်ရှဲပေးကြတယ်။ ဒီလိုနဲ့ ဥရုဝေလရဲ့အစ တောတန်းစပ်တစ်နေရာဆီ ခြေဦးတည့်ထွက်ခွာ။ ဆန္နရဲ့ တရှုပ်ရှုပ်ငိုသံက နောက်မှာ။ ထိုစဉ် ... ဘိုင်းကနဲ အသံတစ်ခု။ ပြီးတော့ ဆန္နရဲ့အော်သံ။


အရှင့်သား.... ကဏ္ဍက ကို လာကြည့်ပါဦး။ သူ ... သူ ... အသက်မရှိတော့ဘူး ထင်တယ်


ခြေလှမ်းတွေ ရုတ်တရက် တုံ့ရပ်သွားတယ်။ သံယောဇဉ်က နောက်ပြန်လှည့်ခိုင်းနေတယ်။ အို ... မရပ်ရဘူး၊ ဆက်သွားပါ။ မကြည့်ပါနဲ့၊ နောက်ပြန်မကြည့်ပါနဲ့တော့။ ရှိပါစေတော့။ အောက်နှုတ်ခမ်းတွေကို နာနာလေးဖိကိုက်၊ မျက်စိကိုစုံမှိတ်။ နေရစ်တော့ ဆန္န၊ သွားလေဦး ကဏ္ဍက။ သဲသောင်ပြင်အောက် ငြိမ်းချမ်းစွာအိပ်စက်နေပါ။ ပြီးတော့ ကြယ်စင်လေးတစ်လုံးအဖြစ်နဲ့ ကောင်းကင်မှာ လင်းလက်နေလှည့်ပါ။ ပုံရိပ်တွေဟာ မျက်လုံးထဲ အစီအရီပြန်ပေါ်လာ၊ အသည်းနှလုံးဟာ ဓားထက်ထက်နဲ့ အမွှန်းခံထားရသလို မွစာကြဲလို့။ အချိန်သည်သာလျှင် ဒဏ်ရာကိုကုစားသွားဖို့ ရှိတယ်။ နေရစ်တော့ ဘ၀ဟောင်း၊ နေရစ်တော့ သိဒ္ဓတ္ထ၊ နေရစ်တော့ ကြင်ယာတော်နဲ့နေ့ရက်များ။ အားလုံး ဝေဝေါးသွား ... လွင့်စင်သွား ... ပျောက်ကွယ်သွား...။


မကြာခင် အရှေ့ဆီက ရောင်နီလာတော့မယ်။ နေ့သစ်ကို လူသစ်၊ စိတ်သစ်၊ အားမာန်သစ်နဲ့ အစပြုတော့မယ်။ မဖောက်ပြန် အမြဲမှန်တဲ့ သစ္စာတရားရှိရာဆီ တဖြည်းဖြည်းချဉ်းကပ်လာခဲ့ပြီ။ သစ်ပင်ကြီးတွေ ထူထပ်တော့လည်း တောအုပ်ထဲမှာ လရောင်ဟာ ကောင်းကောင်းဖြာမကျနိုင်ဘူး။ ဒါပေမဲ့ အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ချက်ခိုင်မာနေတဲ့ လူတစ်ယောက်ရဲ့ရင်ထဲက ခိုင်မာတဲ့ ယုံကြည်ချက်၊ ပြင်းပြတဲ့ဆန္ဒတွေကပဲ လရောင်ကိုယ်စား တောအုပ်အမှောင်ထဲမှာ မီးအိမ်တစ်ခုသဖွယ် အလင်းပြနေတယ်။ ဒီ အလင်းရောင်နဲ့ပဲ အမှောင်ထုထဲကို ရဲရဲကြီးတိုးဝင်သွားတယ်။ ရှေ့မှာ စစ်မှန်တဲ့ ချမ်းသာသုခဟာ စောင့်ကြိုနေတယ်။
အသင်လောက ... ငါလာခဲ့ပြီ။




Comments

  1. အောင်မလေးနော်။ မနည်း နားလည်အောင် ကြိုးစားဖတ်နေရတယ်။ ခက်လိုက်တာ ...နားလည်ဖို့။

    ReplyDelete
  2. နားလည်အောင် ကူညီပေးခြင်းသူJune 27, 2010 at 9:29 PM

    ဗုဒ္ဓမြတ်စွာဘုရား တောထွက်တော်မူတဲ့အကြောင်းကို ရေးထားတာပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေအတွက်တော့ နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။ တကယ်နားလည်ချင်ရင်တော့ များများဖတ်ပါ။

    ReplyDelete
  3. ၀ါဆိုလပြည့်ည မြတ်စွာဘုရား တောထွက်တော်မူသောနေ့ ကို ဒီပို့စ်နဲ့ပူဇော်တာကိုးးး သာဓုသာဓုသာဓုပါ .... ဒါပေမယ့် စာရေးသူက မုဒ်ကောင်းကောင်းနဲ့ ဈာန်ဝင်စားပြီး ရေးထားတာ ဆိုတော့ ကိုယ်တိုင်ရော ဒီလို ခံစား တွေးတောပြီး တောထွက်ဖို့ အစီအစဉ် ရှိပါသလားရှင် :P

    ReplyDelete
  4. it's a good one. thanks for sharing. it's as good as saya chit's. want to read like this more from you. am proud of u.

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...