Skip to main content

မယ်သီဝလိကိုမွေးဖွားခြင်း

အချိန်က ဈေးပေါင်ကျိုး။ ကလေးတွေလည်း ကျောင်းတက်၊ အလုပ်သမားတွေလည်း ရုံးတက်ကုန်ကြပြီ။ လူကျခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးတောင် ပြန်လည်ငိုက်မျဉ်းလို့။ ခုနက ယာဉ်သွားယာဉ်လာတွေ၊ ခြေကျင်သွားသူတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမတော်ရဲ့အထက်က ဖုန်မှုန့်တွေဟာ လေနှင်ရာ လွင့်ပါသွားပြီးကြလို့ လေထုဟာ ပြန်လည် သန့်စင်သွားတယ်။

ခရီးနှစ်ကြောင်းစီလောက် လိုက်ပြီး ပြန်လာနားနေကြတဲ့ ဆိုက်ကားဆရာတွေဟာ ကျားထိုးတဲ့အဖွဲ့နဲ့ ဇယ်တောက်တဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားကြတယ်။ ဘယ်အဖွဲ့မှာမှ မပါတဲ့ ဆိုက်ကားဆရာတစ်ယောက် ကတော့ ဆိုက်ကားပေါ်မှာပဲ သက်သောင့်သက်သာထိုင်ရင်း ဖုန်းထဲက တွံတေးသိန်းတန် သီချင်းတစ်ပုဒ်ကို ဖွင့်၊ နှုတ်က လိုက်ညည်းလို့။

ဆိုက်ကားဂိတ်နဲ့ မျက်စောင်းထိုး ပျံကျဈေးလေးထဲက ကုန်စုံဆိုင်လေးမှာ ဈေးဝယ်သူရောက်လာလို့ ဆိုင်ရှင်မိန်းမဟာ ကလေး ခါးထစ်ခွင်ချီလျက်သားနဲ့မှ အပြင်ထွက်လာတယ်။ ခုချိန်မှ ဈေးဝယ်လာဟန်တူတဲ့ ဈေးဝယ်သူမိန်းမက သူ့ဆိုင်မှာတင်ထားတဲ့ ပစ္စည်းအတိုအထွာလေးတွေကို ဟိုရွေးသည်ရွေးလုပ်နေတာ တော်တော်နဲ့ မပြီးဘူး။ ဆိုင်ရှင်မိန်းမဟာ ဝယ်သူကိုစိတ်မရှည်ဟန်နဲ့ သူ့ခါးပေါ်က ဂျီတိုက်နေတဲ့ ကလေးကို ဆူနေတယ်။

“ဒီကလေးဟာလေ ငိုရတဲ့ကလေး မုန့်စားရတယ် ဆိုတာလိုပဲ၊ တစ်ချိန်လုံး ဟိုဟာ ပူဆာ ဒီဟာ ပူဆာနဲ့”

ကလေးကို အားရလောက်အောင် ဆူပူပြီးတဲ့အခါ ဝယ်သူမိန်းမ ဘာများယူဖို့ရွေးပြီးပြီလဲဆိုပြီး လှမ်းကြည့် လိုက်တယ်။ ဒါပေမဲ့ ဈေးဝယ်သူဟာ သူဝယ်ရမယ့်ပစ္စည်းတွေအပေါ်မှာ အာရုံရှိမနေဘူး။ သူဟာ ဆိုင်အပြင် ကျူးပြီးမိုးထားတဲ့ အဖီအောက်ထိအောင်တောင် ပြန်ရောက်နေတယ်။ လက်တစ်ဖက်က ဈေးခြင်းတောင်းကို ဆွဲထားလျက်နဲ့ သူတို့လမ်းရဲ့ထိပ် ဟိုး ကိုက်တစ်ရာလောက်နားက လမ်းဆုံနေရာကို လှမ်းကြည့်နေတယ်။ မျက်နှာကိုနေထိုးနေလို့ မျက်စိနှစ်လုံး အပေါ်နားမှာ ကျန်လက်တစ်ဖက်က နေကာသလိုမျိုး အုပ်ထားတယ်။

ဆိုင်ရှင်မိန်းမဟာ အစတော့ စိတ်တိုသွားတယ်။ သည်လောက် အကြာကြီးရွေးနေပြီးမှ ဝယ်စရာရှိတာ မဝယ်ဘဲ သည်မိန်းမတစ်ယောက် ဘာတွေ တခြားအာရုံရောက်နေသလဲပေါ့။ ခဏနေ သူ ထမင်းအိုးတည်ဖို့၊ဟင်းချက်ဖို့ လုပ်ရဦးမယ်မဟုတ်လား။

“ဟို အစ်မကြီး ... ဘာယူမှာလဲ။ ယူမှာဖြင့် မြန်မြန်ယူလေ” လို့ စိတ်မရှည်သံနဲ့ လှမ်းပြောလိုက်တယ်။

ဈေးဝယ်သူဟာ သူ့အသံကြားတော့ တစ်ချက်လှမ်းကြည့်တယ်။ မျက်နှာ နေကာဖို့အုပ်ထားတဲ့ လက်နဲ့ပဲ သူ့ကို ခဏနေဦးဆိုပြီး လက်ကာပြတယ်။ ပြီးတော့ ဟိုးလမ်းဆုံနေရာကိုပဲ စိတ်ဝင်တစား ဆက်ကြည့်တယ်။

ဈေးဆိုင်ရှင်မိန်းမဟာ ဘာများဖြစ်နေလို့ပါလိမ့်ဆိုပြီး စိတ်ဝင်စားသွားတယ်။ ရန်ပွဲများလား၊ လမ်းဆုံက ရွှေဆိုင်များ ဓားပြတိုက်ခံရလို့လား။ ဒါမှမဟုတ် ယာဉ်တိုက်မှုပဲ ဖြစ်လို့လား။ ဆိုင်ရှင်မိန်းမဟာ ကလေးကို ခါးထစ်ခွင်ချီလျက်နဲ့ပဲ ဆိုင်ပေါ်ကနေ လှေကားထစ်တချို့ကို ဆင်းပြီး ဝယ်သူမိန်းမရပ်နေတဲ့ အဖီချထားတဲ့ အောက်ကို သွား၊ ဟိုမိန်းမကြည့်နေတဲ့ လမ်းဆုံဘက်ကိုပဲ လိုက်ကြည့်စပ်စုလိုက်တယ်။

လမ်းဆုံမှာတော့ အော်ဟစ်ထိုးကြိတ်နေတာမျိုး၊ ဓားပြဓားပြဆိုပြီး အော်နေတာမျိုးလည်း မတွေ့ရပါဘူး။ သူ မြင်လိုက်တာတော့ လမ်းဆုံနေရာတည့်တည့်မှာ တစ်စုံတစ်ခုကို ဝိုင်းအုံကြည့်နေတဲ့ လူအုပ်ကြီးပဲ။ ယာဉ်တချို့တောင် ဆက်မသွားဘဲ အဲဒီနားမှာပဲ ရပ်ထားကြတယ်။ ယာဉ်ပေါ်ကနေ တချို့လည်း ခေါင်းပြူပြီးထွက်ကြည့်နေကြ တယ်။ လူအုပ်ကြားထဲကနေ သူဖျတ်ခနဲလှမ်းမြင်လိုက်လိုက်တာတော့ ခေါင်းတွေဖြူနေပြီဖြစ်တဲ့ အမယ်အို တစ်ယောက်ပဲ။

ဈေးဆိုင်ရှင်ပိုင်ရှင်မိန်းမနဲ့ ခုနက ဝယ်သူမိန်းမတို့ဟာ မတိုင်ပင်ထားရဘဲနဲ့ လမ်းဆုံနားကို အတူတူထွက်လာခဲ့ ကြတယ်။ ဆိုင်ရှင်မိန်းမဟာ ခြေနှစ်လှမ်းလောက်ပြီးတော့မှ ဆိုင်နောက်ကိုပြန်လှည့်ကြည့်ပြီး “အကြီးမရေ ... အမေ လမ်းထိပ်ခဏသွားမလို့။ ဆိုင်ခဏကြည့်ထားလိုက်ဦး” ဆိုပြီး လှမ်းအော်လိုက်သေးတယ်။ ဒါပေမဲ့ အထဲက သူ့သမီးပြန်ထူးသံကိုတောင် စောင့်မနေနိုင်တော့ပါဘူး။ သူ့ခြေလှမ်းတွေက မှန်မှန်လေးရွေ့လို့။

လမ်းလေးခွဆုံတဲ့ နေရာမှာ ဘယ်တုန်းကမှ ပုံမှန်အလုပ်မလုပ်တဲ့ မီးပွိုင့်ရှိတယ်။ ရံဖန်ရံခါမှ ရောက်လာပြီး လမ်းရှင်းပေးတတ်တဲ့ ယာဉ်ထိန်းရဲတွေအတွက် ဆောက်ထားတဲ့ ခနော်နီခနော်နဲ့ ရုံငယ်တစ်လုံးရှိတယ်။ လေးဘက်လေးတန်က ကားတွေဟာ ဆက်မသွားသေးဘဲ အခြေအနေကို စောင့်ကြည့်တုန်း။ လမ်းဆုံမှာတော့ ဝိုင်းအုံနေကြတဲ့လူအုပ်ဟာ တဖြည်းဖြည်းများလာခဲ့ပြီ။ လူအုပ်ရဲ့အလယ် လမ်းခွတည့်တည့်မှာ ခုနက အဘွားအို။

တစ်ခေါင်းလုံး ဖွေးဖြူနေတဲ့ အဘွားအိုဟာ လက်ထဲမှာ တောင်ဝှေးတစ်ချောင်းကိုင်ပြီး အားပြု ထောက်ရပ် ထားတယ်။ တစ်ကိုယ်လုံး ပိန်လှီနေတာပဲ။ သူဟာ အဆီတွေ အသားတွေ ခန်းခြောက်လို့ ဘူးသီးပိန်၊ ခရမ်းသီးပိန်ခြောက်လေး တစ်လုံးလို ပိန်ရှုံ့ရှုံ့လေးဖြစ်နေတယ်။ ဗိုက်နေရာတစ်ခုသာလျှင် ကျန်နေရာတွေထက် သိသိသာသာ စူစူလေး ဖြစ်နေတယ်။ သူ့လုံချည်ဟာ ရွှဲစိုနေပြီး ကြည်လင်တဲ့ရည်တွေဟာ ခြေထောက်နှစ်ချောင်းအတိုင်း ကတ္တရာလမ်းပေါ်အထိ စီးကျနေတယ်။

အပူရှိန်တက်နေပြီဖြစ်တဲ့ မနက်နေဟာ အဘွားအိုမျက်နှာပေါ် တည့်တည့်ဖြာကျလို့ပဲ။ အဘွားအိုဟာ ညိုမောင်းတဲ့ အသားအရေရှိတယ်။ သူ့မျက်နှာပေါ်က အရေးအကြောင်းတွေဟာ ပြည့်တန်ဆာတစ်ယောက်ရဲ့ မျက်နှာပေါ်က ပုရိသတွေရဲ့ နှုတ်ခမ်းရာအနာရွတ်တွေနဲ့ တူတယ်။ အဘွားအိုဟာ ကြောက်ရွံ့ဟန်မပြပါဘူး။ မျက်စိကိုသာစုံမှိတ်လို့၊ လက်တစ်ဖက်က တောင်ဝှေးကိုအားပြုရင်း၊ ကျန်လက်တစ်ဖက်က ဗိုက်ကိုဖိထားရင်း ခပ်တိုးတိုးသာ ညည်းနေတယ်။

ရပ်ကြည့်နေတဲ့လူအုပ်ထဲက မိန်းမတစ်ယောက်ဟာ “ဒီ အမေကြီးကလည်းလေ ... မေးနေတာလည်း မဖြေဘူး” ဆိုပြီး ပွစိပွစိလုပ်လိုက်ပြီး ကျန်တဲ့သူတွေကို ပြောသလိုလိုနဲ့ တစ်ကိုယ်တည်း ဆက်ရေရွတ်လိုက်တယ်။

“ဘာဖြစ်လို့လဲ၊ ဘာလုပ်ပေးရမလဲလို့ မေးတော့လည်း ဘာတွေပြန်ဖြေမှန်းမသိဘူး။ နေမကောင်းဘူးလား အိမ်ထဲ ခဏဝင်နား ဆိုတော့လည်း ခေါင်းခါပြတယ်။”

ကျန်တဲ့သူတွေလည်း တစ်ယောက်တစ်ပေါက်စီ ပြောသံတွေထွက်လာကြတယ်။ အဘွားကြီးဟာ စုန်းမကြီးလား၊ အိမ်က မကျွေးမွေးနိုင်တော့လို့ တောင်းစားနေတာလား။ ဒါမှမဟုတ် ရိုးရိုးတောင်းတာ ပိုက်ဆံ အရနည်းလာလို့ လူတွေကို အကြောင်ရိုက်ပြီး စတန့်ထွင်မလို့လား။

အမယ်ကြီးဟာ ဆူဆူညံညံအသံတွေရဲ့ကြားမှာ မျက်လုံးဖွင့်ကြည့်ပြီး ရှေ့တူရူက လူတွေကို တစ်ချက်ကြည့် လိုက်တယ်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးနှစ်လွှာက တလှုပ်လှုပ်ဖြစ်လာတယ်။ အသက်ပြင်းပြင်း တစ်ချက်ရှူပြီး သက်ပြင်းကိုမှုတ်ထုတ်လိုက်တယ်။

မျက်နှာချင်းဆိုင်က လူလတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်က သူ့အနားကို တိုးကပ်လာပြီး မေးတယ်။

“အမေကြီး။ ဘာဖြစ်လို့လဲ၊ ကျွန်တော်တို့ဘာလုပ်ပေးရမလဲ”

အမယ်အိုဟာ အဲဒီလူကို သေချာစိုက်ကြည့်နေတယ်။ ပြီးမှ နှုတ်ခမ်းပါးနှစ်လွှာက ဘူးသီးဓားရှရာလောက်လေး ဟလာပြီး နှစ်ကိုယ်ကြားရရုံ ခပ်တိုးတိုးဖြေတယ်။

“အမေက … အမေကကိုယ်ဝန်ကြီးနဲ့ပါ ဒီနားရောက်မှ ဗိုက်ထနာလာလို့ ...”

လူရွယ်ဟာ ပထမတော့ အံ့ဩသွားသေးတယ်။ အဘွားအိုရဲ့ ဝမ်းဗိုက်နေရာကို သေချာပြူးကြည့်တယ်။ ပြီးတော့မှ မျက်မှောင်ကြုတ်ပြီး “အမေကြီးက ကိုယ်ဝန်ကြီးနဲ့ ကလေးမွေးမလို့ ဟုတ်လား” လို့ ပြန်မေးတယ်။ အဘွားအိုက ခေါင်းကိုပဲ အသာညိတ်ပြတယ်။

လူရွယ်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေဟာ ကွေးတက်လာတယ်။ ပြီးတော့ နောက်ကို ခြေလှမ်းနည်းနည်း ဆုတ်လိုက်ပြီး လူအုပ်ဘက်ကို ကိုယ်ပြန်လှည့်၊ အားရပါးရ ရယ်လိုက်တယ်။

“ဟား ဟား ဟား ... ဒီ အဘွားကြီးက ကိုယ်ဝန်ကြီးနဲ့တဲ့။ ကလေးမီးဖွားမလို့တဲ့ ဗျို့။ ကြားကြလား ခင်ဗျားတို့”

လူအုပ်ဟာ အံ့ဩတဲ့သူက အံ့ဩ၊ အချင်းချင်း တီးတိုးတီးတိုးပြောရင်း ကျိတ်ရယ်သူကရယ်။

“ဟာ အိုကြီးအိုမအထိ ရာသီက လာသေးတာလား ဟ”

“သွေးမဆုံးသေးလည်း ဒီအသက်အရွယ်ကြီးနဲ့ ကမြင်းကြောထသေးလို့ပေါ့ ဟိဟိ”

အမယ်အိုဟာ သူ့ကို ဝိုင်းလှောင်နေကြသံကိုကြားတော့ ပြုံးတယ်။ သူ့အပြုံးက ဘာမထီ။

“အမေ့ကိုယ်ဝန်က ခုမှ ရတာမဟုတ်ပါဘူး။ အမေ့အသက်နဲ့အမျှ ဆောင်ခဲ့ရတဲ့ကိုယ်ဝန်ပါ...”

လူအုပ်ဟာ သည်စကားကိုကြားတော့ ပိုလို့တောင် အူယားလာပြီး မပြုံးဘဲဝါးလုံးကွဲ ရယ်ပြန်တယ်။

“ဟာ တစ်သက်လုံးဆောင်ခဲ့တဲ့ ကိုယ်ဝန်ဆိုပါလား။ သုပ္ပဝါသာမင်းသမီး ရှင်သီဝလိကိုယ်ဝန်ကို ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက် ဆောင်ခဲ့ရတယ်လို့ပဲ ကြားဖူးခဲ့တာ။ ခုမှ ဒေါ်သာဆိုးနဲ့လာတွေ့နေပါလား...”

“ဟယ် ဘယ့်နှယ်တော် ဒီအသက်အရွယ်ကြီးအထိ ကိုယ်ဝန်ကို တစ်သက်လုံးဆောင်လာခဲ့တာ ဆိုပါလား မဟုတ်က ဟုတ်ကတွေ … ဘယ်လိုကြီးပါလိမ့်”

အဘွားအိုဟာ တောင်ဝှေးကို ကတ္တရာလမ်းပေါ် တစ်ချက်ဆောင့်လိုက်ပြီး အံကိုတင်းတင်းကြိတ်လိုက်တယ်။ ‘တုံ’ ဆိုတဲ့ အသံကြောင့် လူအုပ်ရဲ့ ကြွက်စီကြွက်စီအသံတွေဟာ မီးကိုရေနဲ့ငြှိမ်းလိုက်သလို ...

“အမေလည်း ကိုယ်ဝန်ကို ကိုးလလွယ် ဆယ်လနဲ့မွေးချင်ခဲ့တာပေါ့ကွယ် ... ဘယ်သူကတော့ တစ်သက်လုံး ကိုယ်ဝန်ဆောင်ရတဲ့ဒုက္ခကြီးကို ခံချင်ပါ့မလဲ ... အမေ့ကိုယ်ဝန်ဟာ ဘယ်လိုမှမွေးအောင် လုပ်လို့မရခဲ့တာ ...”

ခုနကငြိမ်သွားတဲ့လူအုပ်ထဲကနေ အသံတွေဟာ တဖြည်းဖြည်းချင်းပြန်ကျယ်လာကြတယ်။

“အဓိပ္ပာယ်မရှိလိုက်တာ ... သူ့ဟာသူ မမွေးလည်း ဆေးရုံတက်ဗိုက်ခွဲမွေးလိုက်လည်း ရတာပဲဥစ္စာ”

အဘွားအိုဟာ တဟင်းဟင်း ညည်းနေတယ်။ လူတွေ သူ့စကားကို ယုံတာ မယုံတာလည်း စိတ်မဝင်စားနိုင်ဘူး။ မီးဖွားရတဲ့ နာကျင်ဒုက္ခဟာ ဘယ်လောက်ဆိုးမှန်း မိခင်တွေသာ သိကြတာ မဟုတ်လား။ ဒါပေမဲ့လည်း လူအုပ်ထဲက မိခင်ဖြစ်ဖူးတဲ့ အမျိုးသမီးတွေတောင်မှ သူ့ကို မယုံကြည်ကြသလို၊ မစာနာကြဘူး။

“အမေပြောတာ မင်းတို့မယုံလည်း ထားပါ။ လောလောဆယ် အမေ့ကလေး အပြင်ထွက်လာဖို့ အရေးကြီးတယ်။ ရေမြွှာလည်းပေါက်နေပြီ။ ကြာသွားရင် ကိုယ်ဝန်ဆိပ်တက်လိမ့်မယ်ကွယ့်”

“အမေကြီး အမေကြီး ... ရှင်သီဝလိကိုမွေးတုန်းက မွေးလည်းပြီးရော ချက်ချင်း ကလေးက ခုနစ်နှစ်သား အရွယ်ကို တန်းရောက်သွားတယ်တဲ့။ အမေကြီးကလေးကရော မွေးပြီးပြီးချင်း ဘယ်အရွယ်ရောက်သွားမှာလဲ။ အမေကြီးတစ်သက်လုံး ကိုယ်ဝန်ဆောင်ခဲ့တာ ဆိုတော့ ... အင်း အသက် ခြောက်ဆယ်လောက် အဘိုးကြီးများ တန်းဖြစ်သွားမလား မသိဘူးနော် ဟိဟိ”

လူအုပ်ထဲက နောက်တီးနောက်တောက် တစ်ယောက်ရဲ့ အရွှန်းဖောက်တာလိုလို အတည်မေးတာလိုလို စကားကြောင့် လူအုပ်ထဲကနေ ခစ်ခနဲရယ်သံတွေ ထွက်လာတယ်။ အဘွားအိုဟာ စိတ်ဆိုးဟန်မပြပါဘူး။ သူ့ဝေဒနာကိုသာ ကျိတ်ပြီးသည်းညည်းခံနေတယ်။ အံ့ဩစရာက သည်လောက် နာကျင်နေဟန် ပေါက်တာ တောင် သူဟာ ကတ္တရာလမ်းပေါ် ပစ်လဲကျမသွားသေးတာပဲ။ အရိုးပေါ်အရေတင် ခြေထောက်တစ်စုံဟာ နယူးယောက်က အထပ်မြင့်တာဝါတစ်လုံးရဲ့ အုတ်မြစ်နှစ်ခုလိုပဲ မြေထဲစိုက်ဝင် ကုပ်တွယ်ထားတယ်။

“အမေကြီးကလေး ... က ... မွေးပြီးမကြာခင်မှာပဲ ... ဖွံ့ထွားသန်မာတဲ့ ... လူတစ်လုံးသူတစ်လုံး တစ်ယောက် ဖြစ်လာမှာပါကွယ်။ သူဟာ ... အိုမင်း ... ရင့်ရော်သွားမယ့် ကလေး ... မဟုတ်ပါဘူး ...”

အမယ်အိုဟာ လှောင်ရယ်နေကြသံတွေကို ဂရုမစိုက်ဘဲ သူပြောစရာရှိတာကိုသာ အားတင်းပြီး ပြောလိုက်တယ်။ လူတွေဟာ တခြားမှာမဖောက်ခွဲခဲ့ရတဲ့ စိတ်အနာဗုံးတွေကို အဘွားအိုနဲ့ကျမှ အားရအောင် ခွဲနေကြသလိုပဲ။

“ကဲပါအေ ... ဒီနား ဆေးခန်းတစ်ခုခု ခေါ်သွားပေးလိုက်ကြပါဦး။ ဒါမှမဟုတ်လည်း ဆေးရုံကား ခေါ်ပေးလိုက်ပါဦး ... သူ့ဗိုက်ကြီးဖောင်းနေတာ အထဲက ဘေလုံးရှိလို့ဖြစ်မှာပေါ့။ အသက်ကြီးတော့ စိတ်တွေ ကစဉ့်ကလျားဖြစ်ပြီး သူ့ကိုယ်သူ ကိုယ်ဝန်ရှိတယ် ထင်နေတာနေမှာ ...”

“အေး ဟုတ်တယ် ဟေ့ကောင် ဝမ်းနိုင်းနိုင်းမဟုတ်လား တို့ဆက်ရမှာ ... ဆေးရုံကားခေါ်ဖို့က”

“ဝမ်းဝမ်းနိုင်းထင်တယ်။ … ဟင် နေဦး မဟုတ်ဘူးထင်တယ် …  ဝမ်းနိုင်းနိုင်းလား ဟာ ရှုပ်ပါတယ်ကွာ ... တက္ကစီတစ်စီးတားပြီးတော့ပဲ အနီးဆုံးဆေးရုံပို့ပေးလိုက်ကြရအောင်”

“တက္ကစီတားပြီးပို့တော့ အဲဒီ ကားခကို ဘယ်သူကပေးမှာတုံး။ ရှင်ပေးမှာလား”

“ဟ တို့အားလုံး အတူတူမျှခံကြတာပေါ့ တို့အားလုံးမှာ တာဝန်ရှိတာပဲ မဟုတ်ဘူးလား”

“မပေးနိုင်ပေါင်။ တစ်နေ့လုပ်မှ တစ်နေ့စားဘဝ။ ရှင်တို့ဘာသာရှင်တို့ပေးကြ။ အိမ်မှာ ဟင်းချက်ရဦးမယ် သွားပြီ”

“ကဲ ကဲ ငါ့အိတ်ထဲ ခုပဲ ဈေးဦးပေါက်တဲ့ ငွေငါးရာရှိတယ်။ ရော့ … ကျန်တဲ့သူတွေ နိုင်သလောက် ထည့်ကြ။ အဲဒီငွေနဲ့ ကားငှားပြီး ပို့ပေးလိုက်”

အဲသလို တစ်ယောက်တစ်ပေါက် ဖြစ်နေတဲ့အချိန်မှာပဲ လူအုပ်ထဲက နောက်ပိုင်းခပ်ကျကျမှာ ရှိနေတဲ့ လူတချို့ဟာ အမယ်အိုကို စိတ်မဝင်စားတော့ ဘဲ နောက်ကိုလှည့်ကြည့်နေကြတယ်။ လမ်းဆုံလမ်းခွကနေ အနောက်စူးစူးကိုကြည့်ရင် ဈေးရှိတယ်။ ဈေးရဲ့ အလွန်မှာ လူကုံထံရပ်ကွက်ရှိတယ်။ လူကုံထံရပ်ကွက် အစွန်းနားမှာတော့ မိုးကောင်းကင်ပေါ် တလူလူ ထိုးတက်နေတဲ့ မီးခိုးမည်းမည်းတွေကို မြင်နိုင်တယ်။

“မီးလောင်နေတာလား မသိဘူး ... မြို့အနောက်ပြင်နားမှာ”

“ဟာ အေး ဟုတ်တယ် ... မီးသတ်ကားသံတွေလည်း ကြားတယ်”

လူတွေဟာ အမယ်အိုနားကနေ တဖြည်းဖြည်းရှဲပြီး အနောက်စူးစူးဘက်ကို လမ်းမအတိုင်း ပုရွက်ဆိတ်တွေလို တဖြည်းဖြည်း ရွေ့သွားကြတယ်။ မီးခိုးထွက်နေတဲ့နေရာလောက်ကနေ အုန်းခနဲ၊ ဒိုင်းခနဲအသံတချို့ ထွက်လာ တာလည်း ကြားရတယ်။

“အဲဒီနားမှာ ဆီလှောင်ကန်တွေလည်း ရှိတယ်ကွ။ ဆီကန်တွေ မီးလောင်ရင်တော့ ဒုက္ခပါပဲ”

လူတွေဆီကနေ စိုးရိမ်တကြီးရေရွတ်သံတွေ။ သူတို့မျက်နှာတွေပေါ်မှာ မိမိအသက်အိုးအိမ် စည်းစိမ်တွေ အတွက် ပူပန်ကြောင့်ကြမှုမျက်နှာဖုံးကိုယ်စီနဲ့။

ခုတော့ အမယ်အိုနားက လူအုပ်ဟာ ကျပ်ဝိုင်းစေ့လောက်တောင် မရှိတော့ဘူး။ လူတွေအားလုံးဟာ အိုကြီး အိုမကျမှ ကိုယ်ဝန်ဆောင် ကလေးမွေးတော့မယ့်ဆဲဆဲလို့ ပြောတဲ့ အဘွားအိုကြီးကို ဘယ်သူမှ စိတ်မဝင်စားတော့ ဘူး။

လမ်းခွဆုံအလယ်ခေါင်မှာ ရပ်နေတဲ့ အမယ်အိုကို ကားတွေ၊ လူတွေက ရှောင်ကွင်းသွားကြတယ်။ စောစောက ထွက်လာကြည့်တဲ့ ကုန်စုံဆိုင်က ဈေးဝယ်သူမိန်းမကတော့ သူ့ထီးကလေးဖွင့်ပြီး အဘွားအို နေပူသက်သာပါစေတော့လို့ လာမိုးပေးတယ်။ သူ့ပိုက်ဆံအိတ်ထဲမှာ ဈေးဝယ်ထားရလို့ ငွေတော့ သိပ် မကျန်ဘူး။ ဒါပေမဲ့ ရေကြည့်လိုက်တော့ ဆေးရုံကိုကားငှားရမယ့် ကားခလောက်တော့ ကျန်ပါသေးတယ်လို့ ထင်တယ်။ မပြည့်လည်း ကားဆရာကို သူမေတ္တာရပ်ခံကြည့်မယ်ပေါ့။ ကံကောင်းလို့ သဘောကောင်းသူနဲ့တွေ့ရင် အခမဲ့တောင် လိုက်ပို့ပေးနိုင်ပါသေးတယ်။ ဒါနဲ့ သူက ဘေးဘီကိုကြည့်ပြီး အငှားယာဉ်တစ်စီးကို လက်တားတယ်။ ဒါပေမဲ့ ကားက ရပ်မပေးဘူး။ မီးလောင်နေတဲ့ဘက်ဆီကိုပဲ စိုးရိမ်တကြီးနဲ့ မောင်းထွက်သွားတယ်။ သူ့အိမ်က အဲသည်နားမှာ ထင်ပါရဲ့။

ထီးမိုးပေးထားတဲ့ မိန်းမဟာ တက္ကစီတွေရော၊ အိမ်စီးကားတွေကိုရော တားပေမဲ့ တစ်စီးမှ ရပ်မပေးကြဘူး။ အားလုံးဟာ ကိုယ့်အပူနဲ့ကိုယ့်သောကနဲ့ကိုယ် ဆိုသလိုဖြစ်နေကြတယ်။ ဈေးဝယ်သူမိန်းမဟာ “ဒုက္ခပါပဲ ငါ့မှာသာ ကားရှိလိုက်ချင်ပါတော့တယ်။ နို့မဟုတ်ရင်လည်း ငါသာဆရာဝန်ဖြစ်လိုက်ပါတော့လား။ အိမ်ခေါ်သွားပြီး  ဘာဖြစ်လဲကြည့်ပေးလိုက်ချင်တယ်” လို့ ပါးစပ်က တဗျစ်တောက်တောက် ရွတ်နေတယ်။

“အမေ ပြောပြီးပါပကော ငါ့သမီးရယ် ... အမေ ကလေးမွေးတော့မလို့ပါဆို ... ကလေးမွေးပြီးရင် ပြီးပါပြီ ဒီနားမှာ ဝမ်းဆွဲသည်လေး ဘာလေးမရှိဘူးလား ...”

ထီးမိုးပေးထားတဲ့ မိန်းမဟာ အဘွားအိုကိုသနားကရုဏာသက်ရာကနေ ရယ်ချင်မိသွားတယ်။ ‘လာပြန်ပြီ၊ ဒီ အဘွားကြီးကလည်း။ ကလေးမွေးမယ်ဆိုတဲ့စကားကကို မလျှော့ဘူး’ လို့လည်း စိတ်ထဲကနေ ရေရွတ်လိုက် ပြန်တယ်။ အဘွားကြီးရဲ့ ခြေထောက်နှစ်ချောင်းဟာ မသိရင် ကတ္တရာလမ်းနဲ့ ခြေထောက်နဲ့ သံမှိုနှက် ထားသလို ကပ်လို့။ သူ့ကြည့်ရတာ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီ မိန်းမဟာ အဘွားကြီးကို ပွေ့ချီဖို့ရာ အနီးအနားက ဘယ်သူရှိမလဲလို့ မျက်စိကစားလိုက်ပေမဲ့ အားလုံးက ပျားပန်းခတ် သလို ဥဒဟိုသွားလာနေကြတယ်။ ဆိုက်ကားဂိတ်က ဆရာသမားတွေကလည်း မီးလောင်တဲ့ဘက်ကို အာရုံ စိုက်သူက စိုက်နေကြသလို တောင်ဘက်နားဆီက မိန်းမနှစ်ယောက် လမ်းမပေါ်ထွက် နပမ်းလုံးပွဲကိုလည်း ကြည့်သူက ကြည့်နေကြတယ်။

“မယားကြီးနဲ့ မယားငယ် သတ်နေကြတာဟေ့ ... ဟာ ဟာ ဟိုတစ်ယောက်က ဆံပင်ကိုဆွဲပြီး ပါးရိုက်တယ် ဟေ့ ... ဟိုတစ်ယောက်ကလည်း ပြန်ကိုက်တယ်ဟေ့ ...”

ခွေးနှစ်ကောင် ကိုက်ရင် ရေနဲ့ဖျန်းဖို့လောက်တော့ သတိရတတ်တဲ့လူတွေဟာ မိန်းမနှစ်ယောက် ရန်ပွဲကိုတော့ ဝင်ဖျန် ဖို့တောင် အာရုံမရကြဘဲ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြတယ်။ တချို့သော ဘဝတွေအတွက် ဝမ်းချံပီယံရှစ်မှာ အောင်လ ထိုးတာကို သွားကြည့်ဖို့ရာ လက်မှတ်မတတ်နိုင်တော့ လမ်းထဲက အမျိုးသမီး နပမ်းပွဲကိုပဲ အားပေးရတဲ့ပုံ။

ထီးမိုးပေးထားတဲ့ မိန်းမဟာ ဘာလုပ်ရမှန်းမသိတော့ဘဲ ပျာယာခတ်လာပြီး “လာကြပါဦးရှင် ... ဟောဒီက အမေကြီးကို တစ်ယောက်လောက် လာပွေ့ချီပြီး ဆိုက်ကားတစ်စီးပေါ် တင်ပေးကြပါဦး” လို့ ဗျို့ဟစ်လိုက်တယ်။ ဒါပေမဲ့ အပူတွေကိုယ်စီနဲ့ သတ္တလောကဟာ ငှက်ကလေး ထပျံသွားလို့ ခါသွားတဲ့ သစ်ကိုင်းတစ်ကိုင်းလောက်တောင်မှ လှုပ်မသွားဘူး။

အမေအိုဟာ သူ့ကိုထီးမိုးပေးထားတဲ့ မိန်းမရဲ့လက်ကို အကြောပြိုင်းပြိုင်းထပြီး ရှုံ့တွနေတဲ့ သူ့လက်လှီလှီကလေးနဲ့ ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ အဲဒီမိန်းမရဲ့မျက်နှာကို အမြင်အာရုံမကောင်းတော့တဲ့ သူ့မျက်လုံးတွေကို သေချာအားပြုပြီး ကြည့်လိုက်တယ်။

“ထားလိုက်တော့ ကလေးမ ... အမေ ဒီနေရာမှာပဲ မတ်တပ်ကနေ မွေးတော့မယ် ထင်တယ် ကလေးထွက် လာရင်သာ အောက်ကနေ လှမ်းယူပေး။ ညည်း အတွေ့အကြုံရှိတယ် မဟုတ်လား”

ထီးမိုးပေးထားသူမိန်းမဟာ စိတ်တွေအလွန်ရှုပ်ထွေးသွားတယ်။ အဘွားကြီးပြောတဲ့စကားကို ရုတ်တရက် ယုံချင်သလို ဖြစ်သွားပြီး ခုချက်ချင်းပဲ ဘေးကနေ အဝတ်တစ်ခုခုနဲ့ ကာပေးရတော့မှာလိုလို၊ အောက်ပဲ ငုံကြည့်ပြီး ကလေးခေါင်းထွက်နေပြီလားပဲ ကြည့်ရတော့မှာလိုလို အယောင်ယောင်အမှားမှားတွေဖြစ်လို့။

ဟောတော် ဒုက္ခပါပဲ တကယ်ကြီးပြောနေတာလား ... ဒီ သေခါနီး အဘွားကြီးက ကလေးမွေးမလို့တဲ့လား ... တကယ်ကြီးလား ... မဖြစ်နိုင်တာ ...

နေကလည်းပူသထက် ပူလာတော့ကာ သူ့ခမျာမှာ ရူးချင်ချင်။ မယ်တော်မာယာ အင်ကြင်းကိုင်းကို ကိုင်ပြီး မတ်ရပ်နဲ့ ဘုရားအလောင်းကို မွေးတဲ့ဖြစ်စဉ်ကို ဆွဲထားတဲ့ လမ်းထိပ်ဓမ္မာရုံထဲက ပန်းချီကားကြီးကိုတောင် ရုတ်တရက် မျက်စိထဲ ပေါ်လာသေးတာ။ ပြီးမှ ‘ဟာ ပေါက်ကရလေးဆယ်’ ဆိုပြီး အာရုံကို ပြန်ပြောင်းလိုက်ရသေးတယ်။ အဲဒီ ခဏမှာပဲ ရုတ်တရက် သူ့ခေါင်းထဲ ရပ်ကွက်လူကြီးကို သတိရသွားတယ်။

ဟာ ဟုတ်သားပဲ ရပ်ကွက်ဥက္ကဋ္ဌကို အကူအညီလှမ်းတောင်းမှပဲ

သူဖုန်းထဲမှာ ရပ်ကွက်ဥက္ကဋ္ဌနံပါတ်ကို မှတ်ထားပြီးသားရှိတယ်။ သူ့ကို သူ့ယောက်ျားက မူးလာပြီး ရိုက်နှက် တိုင်း လှမ်းလှမ်းအကူအညီတောင်းရတာမို့ ဒီလူကြီးနံပါတ်ကိုတော့ သူ့ဖုန်းထဲ မှတ်ထားဖြစ်တာ။ သူဟာ ဈေးခြင်းတောင်းကို ခဏချပြီး ဖုန်းထုတ်ပြီး ဥက္ကဋ္ဌနံပါတ်ကိုရှာတယ်။ ပြီးတော့ လှမ်းဆက်တယ်။ အတော်ကြာတော့မှ ဟိုဘက်က ဖုန်းကိုင်တယ်။

“ဘာတုံးဟ။ နင့်လင်က နင့်ကို ရိုက်ပြန်ပလား။ သည်းမခံနိုင်လည်း ပေါင်းမနေနဲ့တော့ဟာ”

“ဟာ မဟုတ်ပါဘူး ဥက္ကဋ္ဌရဲ့”

ရပ်ကွက်ဥက္ကဋ္ဌဟာ အဲသည်မိန်းမရဲ့ အစီရင်ခံသမျှကို စိတ်မရှည်ဟန်နဲ့နားထောင်ရင်းကမှ စကားဖြတ်ပြီး ...

“မအဝှာ ... မအဝှာပြောတဲ့အဘွားကြီးကိစ္စက စိုးရိမ်စရာပါပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါပေသိ ခု လောလောဆယ် အနောက်ပြင်နားမှာ မီးလောင်နေတဲ့ ကိစ္စအတွက်လည်း ကျွန်တော်တို့ရပ်ကွက်ကို မီးကူး မလာအောင် ပြင်သင့်တာ ခုပြင်နေရသေးတယ်။ ဒီကြားထဲ ဟိုလမ်းထဲက မိန်းမနှစ်ယောက်သတ်ပွဲကိုလည်း လာဖျန်ဖို့ ဖုန်းဆက်လာလို့ ခုပဲ လာမယ်ပြောလိုက်ရသေးတယ်။ မတတ်နိုင်ဘူးဗျာ သဗ္ဗေသတ္တာ ကမ္မဿကာပဲ ... အဘွားကြီးကလည်း ဘယ့်နှယ် အသက်ကြီးလို့ သေခါနီးကာမှ ...”

ရပ်ကွက်ဥက္ကဋ္ဌဟာ စကားတောင် မဆုံးသတ်နိုင်ဘဲ ဖုန်းချသွားတယ်။ ထီးမိုးထားတဲ့ မိန်းမဟာ ဘာလုပ်ရမှန်း မသိတော့ဘူး။ တစ်ချိန်တည်းမှာ သူ့အိမ်ကိုလည်း သတိရလိုက်တယ်။ သူ့မှာက နို့စို့အရွယ်လသားလေးကို ပုခက်ထဲ ထည့်သိပ်ထားပြီး ဈေးအမြန်ထွက်လာဝယ်ရတာ။ ခုလောက်ဆို ကလေးနိုးလာပြီး ငိုနေမလား။ အိမ်မှာကလည်း လူခွဲက ရှိတာမဟုတ်ဘူး။ ဘေးအိမ်က ဒေါ်ဘယ်သူတို့ ကလေးငိုသံကြားရင်တော့ လာကြည့် ပေးလောက်ပါရဲ့လို့ တွေးလိုက်မိတယ်။

“ဒီကလေး ... ဒီကလေး ...”

အမယ်အိုရဲ့ နှုတ်ကထွက်လာတဲ့ အသံကြောင့် ဟိုမိန်းမဟာ အာရုံပြတ်သွားတယ်။ အဘွားကြီး ပြောတာ ဘယ်ကလေးလဲ။ ငါ့အိမ်က ကလေးကို ပြောတာလား။ သူမွေးတော့မယ်ဆိုတဲ့ ကလေးကိုပြောတာလား။ ဟာ ပေါက်ကရတွေ ... ငါ့ ကလေးကိုပဲ ပြောတာနေမှာပါ ...

 “ဒီကလေး မွေးနိုင်ဖို့ အရေးကြီးတယ် ငါ့သမီး ...”

အဘွားကြီးဟာ နာကျင်လွန်းလို့ တဆတ်ဆတ်တုန်ရင်းကမှ မျက်စိကိုစုံမှိတ်ပြီး ဆက်ပြောတယ်။

“မွေးလာမှာ မိန်းကလေးပဲ ... အမေသိတယ်။ ရှင်သီဝလိကိုမွေးမှာမဟုတ်ဘူး။ မယ်သီဝလိကိုမွေးမှာ။ မွေးပြီးမကြာခင် နတ်ရေကန်ထဲပစ်ချသလို ဆယ့်ခြောက်နှစ် သမီးလေး ... သိပ်လှတဲ့မိန်းကလေး ဖြစ်လာမှာ ... အမေသိတယ် ... ပျိုတိုင်းကြိုက်တဲ့ နှင်းဆီကလေးတစ်ပွင့်ဖြစ်လာမှာ … အဲဒီ ကလေးကို ညည်းတို့ရပ်ကွက်ကပဲ ဝိုင်းကြည့်ရှုစောင့်ရှောက်ကြရမှာ …”

အဘွားကြီးဟာ အသက်ကြောင့်ရော၊ နာလွန်းတာကြောင့်ရော ကယောင်ကတမ်းတွေ ဖြစ်နေပြီလို့ ခုနက မိန်းမက တွေးတယ်။ သူဟာ အဘွားကြီးမျက်နှာကို ငေးကြည့်နေရင်းကမှ အောက်ကိုငုံ့ကြည့်လိုက်တယ်။ အဘွားကြီးရဲ့ ပလွေရိုး ခြေထောက်နှစ်ချောင်းအတိုင်း စီးကျနေခဲ့တဲ့ ကျင်ငယ်ရည်လို့ သူ အစကထင်ခဲ့တဲ့ အရည်ကြည်တွေဟာ ခုတော့ အနီရောင် အဖြစ် ပြောင်းနေခဲ့ပြီ။

ခုတော့ ကတ္တရာလမ်းမပေါ်မှာ အဘွားကြီးရဲ့ သွေးတွေနဲ့အိုင်ထွန်းလို့ပဲ။ သွေးစီးကြောင်းဟာ သူ့ဖိနပ်ကိုတောင် ထိနေပြီမို့ ခုနက မိန်းမဟာ ရုတ်တရက်လန့်ပြီး ခြေထောက်ကို ရုတ်လိုက်တယ်။

သွေးမြင်ရင် လန့်တတ်တဲ့၊ အသည်းငယ်တဲ့ အဲသည်မိန်းမဟာ နေရာမှာတင် မူးပြီးမေ့လဲကျသွားတယ်။ ဒါပေမဲ့ သူ့ကိုလည်း ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။

အဘွားကြီးဟာ တောင်ဝှေးကို ဆက်အားပြုရင်း အသံကို မြှင့်နိုင်သမျှမြှင့်ပြီး တဟင်းဟင်းညည်းလိုက် ပြန်တယ်။ သိပ်လှတဲ့မိန်းကလေးဖြစ်လာမယ်လို့ သူပြောတဲ့ကလေးဟာ ခေါင်းကလေး ထွက်ပြူစဖြစ်နေပြီ ဆိုတာ သူသိတယ်။ မဟုတ်ဘူး ... ကလေးဟာ ခေါင်းကနေ မွေးမှာမဟုတ်ဘူး။ ခြေထောက်ကနေ မွေးလာမှာ။ သူသိတယ်။ ဆဋ္ဌမအာရုံနဲ့သိပုံမျိုး။

ဒီကလေး အပြင်မရောက်မချင်း သူမသေနိုင်သေးဘူးဆိုတာ သူသိတယ်။ ကလေး အပြင်ရောက်တာနဲ့ သူ့တာဝန်ပြီးဆုံးလို့ သူလည်း တစ်ဘဝချုပ်ရတော့မယ်ဆိုတာလည်း သိတယ်။

ခုနက မိန်းမကတော့ သူ့ဘေးနားမှာ မေ့မြောလဲကျလို့။ သူ မိုးပေးခဲ့တဲ့ ထီးကလေးကတော့ မလှမ်းမကမ်းမှာ ပက်လက်ကလေးလန်လို့။ ထီးအရိုးလက်ကိုင်က မိုးပေါ်တည့်တည့်ကို ချိန်လို့။

ကားတွေလည်း ဟွန်းတပွမ်ပွမ်နဲ့ သွားလို့။ ကျီးတွေကလည်း တအာအာနဲ့ ပျံလို့။ လူတွေကလည်း နှာခေါင်းစည်း မတ်စ်တွေတပ် တက်သုတ်ရိုက်လို့။ ။

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အိုင်းစတိုင်းကွယ်လွန်ခြင်း ၆၅ နှစ်ပြည့် - အိုင်းစတိုင်းနှင့်မိန်းမများ

Genius Season 1 မှ ဇာတ်ဝင်ခန်းတစ်ခု “I would never have achieved anything without her. She was the love of my life.” ၂၀၂၀ ဧပြီ ၁၈ ရက်ဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလဘတ် အိုင်းစတိုင်း (ဂျာမန်အသံထွက် အိုင်းရှတိုင်း) ကွယ်လွန်တာ ၆၅ နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ အိုင်းစတိုင်းအကြောင်းကိုတော့ အထူးတလည် ပြောပြ နေစရာလိုမယ်မထင်ပါဘူး။ မည်သူမဆို သူ့အကြောင်း၊ သူ့ရဲ့ရူပဗေဒထောက်တိုင်ကြီးဖြစ်တဲ့ relativity theory ပဲဖြစ်ဖြစ် E=mc 2  အကြောင်းပဲဖြစ်ဖြစ် အင်တာနက်မှာအလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အခုက အိုင်းစတိုင်းအကြောင်း ပြောပြဖို့မဟုတ်ပါဘူး။ သူကွယ်လွန်တဲ့နှစ်ပတ်လည် နေ့မှာ သူ့အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုအကြောင်းပြောပြချင်လို့ပါ။ ဒီဇာတ်ကားကတော့ National Geographic က ရိုက်ကူးတဲ့ Genius Season တွေထဲက ပထမဆုံးဖြစ်တဲ့ ဇတ်လမ်းတွဲဖြစ်ပြီး အိုင်းစတိုင်းရဲ့ဘဝအကြောင်းကို Walter Isaacson ရေးသားတဲ့ Einstein: His Life and University ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်းပါပါတယ်။ (Season 2 ကတော့ ကမ္ဘာကျော်ပန်းချီဆရာ ပက်ဘလို ပီကာဆိုအကြေ...

သေခြင်းအက်ဆေး

သေခြင်းအက်ဆေးဟုပြောလိုက်သဖြင့် စာရှုသူများ လန့်ဖျန့်သွားနိုင်ပါသည်။ သို့သော်လည်း လူ့ဘဝသည် မွေးဖွားခြင်းဖြင့် အစပြုကာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြသည်ဖြစ်ရာ သေခြင်းတရားသည်လည်း လူ့ဘဝ၏ အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်၍ လူတို့အတွက် အရေးတယူလုပ်ရန်လိုအပ်သည့်ကိစ္စလည်းဖြစ်ပါသည်။ လူအများစုသည် သေခြင်းအကြောင်းခေါင်းထဲမထည့်လိုကြပါ။ သေခြင်းသည် အမင်္ဂလာကိစ္စ၊ လူတို့ မလိုလားအပ် သော၊ မစဉ်းစားချင်သောကိစ္စဖြစ်သည်။ သေခြင်းသည် မိမိချစ်ခင်နှစ်သက်သူများနှင့် ထာဝရခွဲခွာရခြင်းဖြစ်သည်။ ပြန်မလာနိုင် တော့မည့် ခရီးရှည်ကြီးကိုသွားရခြင်း ဖြစ်သည်။ လူတိုင်း သေခြင်းအကြောင်းကို မပြောလိုကြပါ။ သို့သော်လည်း လူတို့မလိုလားသော သေခြင်းသည် လူ့လောက လူ့ဘုံတွင်မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး၊ မပတ်သက်ချင်မှအဆုံး။ သေခြင်းကို လွန်ဆန်နိုင်သည့်ပုဂ္ဂိုလ်ဟူသည်ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည်မဟုတ်။ ယနေ့မြင်နေရသည့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်မရွေး လူအပေါင်းတို့သည် နောင်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ဖြုတ်ကနဲပျောက်ကွယ်သွားကြမည့်သူချည်းသာ ဖြစ်သည်။ ယင်းသည်ငြင်း၍ မရ။ သို့သော် ထိုလူတို့ ပျောက်ကွယ် သွားပုံ သွားနည်းများသည် တစ်ဦးနှင...