Skip to main content

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။


အမေ ...သားရဲ့သဲ့သဲ့ခေါ်သံကို ကြားပါရဲ့လား။ အမေ့ကိုလိုအပ်နေချိန်မှာ အမေဘယ်ရောက်နေပါသလဲ။ တောသူဆိုပေမယ့် ဖြူဝင်းတဲ့ အသားအရေရှိပြီး အမြဲပြုံးနေတတ်တဲ့ အမေ့မျက်နှာရယ်၊ အဖေနဲ့အတူ ယောက်ျားတွေနဲ့တန်းတူ ရင်ပေါင်တန်းလုပ်ပြီး ရုပ်ရောစိတ်ပါ ကြံ့ခိုင်တဲ့ အမေ့အသွင်သဏ္ဌာန်ရယ်၊ “အမေတို့ရဲ့ အသည်းနှလုံး၊ အမေတို့ရဲ့ ဘ၀၊ အမေတို့ရဲ့မျှော်လင့်ချက်ကလေး” လို့ သားကို ကြည့်ရင်း တဖွဖွပြောတတ်တဲ့ အမေ့ နှုတ်ခွန်းချိုချိုတွေရယ်၊ ဒါတွေ အခုတော့ ဘယ်ကိုရောက်နေပါသလဲ။ အမေဟာ အမေချစ်လို့မ၀သေးတဲ့၊ အမေ့ကိုချစ်လို့မ၀သေးတဲ့ သားအနားမှာ ထာဝရမရှိနိုင်တော့ဘူးတဲ့လား အမေရယ်။

“လူ့လောကဟာ ပြဇာတ်တစ်ပုဒ်” တဲ့၊ လူကြီးသူမတွေပြောကြတာပဲ။ အားလုံးဟာ ကိုယ့်အခန်းကိုယ် ကပြီးတဲ့အခါ ကန့်လန့်ကာ နောက်ကွယ်ကို ပြန်ဝင်သွားကြသတဲ့လေ။ အခု အဖေနဲ့ အမေတို့ က ရမယ့် အခန်းတွေ ပြီးသွားကြပြီလား။ အဖေနဲ့ အမေဟာ သားကို ဟောဒီ့ မာယာတစ်သိန်း၊ အပလိန်းအနန္တ ဇာတ်စင်ကြီးထက် နဝေတိမ်တောင်ဘဝနဲ့ ထားသွားကြပြီလား။ အဖေတို့ပါဝင်ရမယ့် အခန်းဟာ သိပ်ကို မတိုတောင်းဘူးလားဟင်။ အမေတို့ဟာ ဒီ့ထက်ပိုပြီးကြာကြာ သားကို လာကဇာတ်ခုံထက် ပါးပါးနပ်နပ် ကပြတတ်အောင် သင်ကြားပေးခဲ့သင့်ပါတယ်။ ဒီ ဇာတ်ခုံပေါ်ကို အဖေတို့အမေတို့ခေါ်လို့ သားရောက်ခဲ့ တာပါ။ အဖေတို့သာ သားရဲ့ဘ၀၊ အမေတို့သာ သားရဲ့ကမ္ဘာ၊ အဖေတို့မျက်နှာကိုသာ သား တစ်ရွာထင် ရတယ်ဆိုတာ အဖေတို့ အမေတို့ မ့မသွားသင့်ပါဘူး။ ဒီလောကမှာ သား အဖေတို့ထက် ဘယ်သူ့ကိုမှ ပိုပြီး ယုံလို့ ပုံမအပ်နိုင်ပါဘူး အဖေတို့ရယ်။

“ဟော ဟိုမှာကြည့်စမ်း၊ ပင်လယ်ပြင်ကြီး ဘယ်လောက်လှသလဲ” တဲ့။ ဒီလိုပဲ အထင်ရောက်ခဲ့သလား အမေရယ်။

အမေဟာ သားနဲ့အတူ၊ အဖေနဲ့အတူ ပင်လယ်ပြင်ကြီးထဲ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားတဲ့အခါတိုင်း ဒီလိုမျိုးချည်းပြောတတ်ခဲ့တာတွေးမိတိုင်း သားဖြေမဆည်နိုင်ဘူး အမေ။ အမေဟာ သားတို့ကို ရှာကျွေးခဲ့တဲ့ ဒီပင်လယ်ပြင်ကြီးကို အမြဲပဲကျေးဇူးတင်ခဲ့တယ်နော်။ ပင်လယ်ဟာ အမေ့ကိုသိပ်ဖမ်းစားနိုင်ခဲ့မှန်း မိုးကုတ်စက်ဝိုင်းအဆုံးကို အမြဲ ငးကြည့်တတ်တဲ့ အမေ့မျက်ဝန်းတွေကတစ်ဆင့် သားသိခဲ့ပါတယ် အမေ။ အခုတော့ အမေဟာ ချစ်ဖို့ကောင်းတယ်လို့ ထင်ခဲ့တဲ့ ပင်လယ်ပြင်ကြီးရဲ့ ကြမ်းရှတဲ့ရင်ခွင်မှာ ငြိမ်းချမ်းစွာအိပ်စက်နေပြီပေါ့။


သား ဖက်တွယ်ထားတဲ့ သစ်တုံးပေါ် ငှက်ကလေးတစ်ကောင် လာနားတယ် အမေ။ ခမျာ အတောင်ညောင်းဟန် တူပါရဲ့။ ရပ်တည်ရာမဲ့နေတဲ့ ဘဝတူချင်းမို့ သားသူ့ကိုစာနာပါတယ်အမေ။ တစ်ချိန်က စာကလေးတွေ့တိုင်း လေးခွတစ်ချောင်း နဲ့ လိုက်ပစ်တတ်တဲ့သားကို သတ္တဝါတွေ အပေါ်မေတ္တာထားဖို့ အမေ အမြဲဆုံးမခဲ့တယ်နော်။ ဘ၀ပေးအခြေအနေအရ အမေ့ လက်တွေဟာ ရေနေသတ္တဝါတွေရဲ့ အသက်ပေါင်းများစွာနဲ့ စွန်းထင်းနေခဲ့ တယ်ဆိုပေမယ့် အမေဟာသားရဲ့ လက်ကိုတော့ အမေတို့ အဖေတို့လို ပိုက်မကိုင်ဘဲ စာရွက်နဲ့ဘောပင်ကိုသာ ကိုင်စေချင်ခဲ့တယ်နော်။ ရွာထဲကတခြားကလေးတွေလို လောက်လေးခွတစ်ခု ခါးကြားထိုးပြီး ကြီးပြင်းအရွယ်ရောက်တဲ့ကလေးမျိုး အမေသားကို မဖြစ်စေချင်ဘူး ဆိုတာ အမေ့ဘက်က ထင်ထင်ရှားရှား ပြသခဲ့တဲ့ အမေရယ် ... အမေဖြစ်စေ ချင်တဲ့ ဘဝမျိုး သားရောက်တဲ့ အချိန်မှာ အမေ သားဆီကိုလာပြီး “လိမ္မာလိုက်တဲ့ ငါ့သားလေး၊ တော်လိုက်တာ” လို့ ဆိုနိုင်ဦးမှာလား အမေ။

ချမ်းတယ်အမေရယ်။ သားကို လာပြီး ဖက်ထားပါဦးလား။ ဘယ်လောက် ကြာလို့ကြာမှန်းမသိ မျောလာပြီးတဲ့နောက် သတိရလာတော့ သား ခါးက လုံချည်လေးလည်း မရှိတော့ဘူး။ ပြီးခဲ့တဲ့နွေကမှ စာမေးပွဲအောင်လို့ဆိုပြီး အမေတို့အဖေတို့ ခြစ်ခြုတ်စုထားတဲ့ပိုက်ဆံနဲ့ ဝယ်ဆုချခဲ့တဲ့ လုံချည်လေးလေ။ မရှိတော့ဘူး အမေရဲ့။ အသက်ကိုတောင် မနည်းရှူနေရတဲ့ ခုလိုအချိန်မှာ အရှက်ဆိုတာကို သားဂရု မစိုက်နိုင်ပါဘူးအမေရယ်။ ရထဲေမှာ သင်္ကန်းပိုင်းနီနီလေးမျောလာတာတွေ့လို့ မရှိမဲ့ရှိမဲ့အားလေးနဲ့ လှမ်းဆွဲယူပြီး အရှက်လုံရုံလေး၊ အချမ်းပြေတယ်ဆိုရုံလေး ပတ်ရင်းနဲ့ သား မျက်ရည်တွေ ကျနေမိတယ် အမေ။ အမေက သားကို ရှင်သိပ် ပြုပေးချင်တာမဟုတ်လား။

ဗိုက်ဆာတယ် အဖေတို့ရယ်။ ဒါထက်ဆိုးတာက သား ရေတအား ငတ်တယ်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်း တွေကို စိုစွတ်စေဖို့ရာ၊ အက်ကွဲနေတဲ့၊ အာခံတွင်းတွေကို ဆွတ်ဖျန်းပေးဖို့ရာ ရေ ဘယ်မှာလဲ။ ဘယ်နေရာကိုပဲ ကြည့်ကြည့် ရေပြင်ကျယ်ကြီးဆိုပေမယ့် ငန်ကျိနေတဲ့ ဒီရေတွေကို သားဘယ်လို သောက်နိုင်မှာတဲ့လဲ။ သားဘေးမှာလည်း အဖော်တွေရှိတယ်။ ဒါပေမယ့် သူတို့ မလှုပ်တော့ဘူး။ ဟာ ကြည့်ပါဦး၊ ဟိုမှာ ကြီးစိန် ရယ်။ ဟိုနေ့ကမှ အိမ်ကိုလာပြီး အမေနဲ့ ရယ်ရင်းမောရင်း စကားတွေ ပြောနေ သေးတာ မဟုတ်လား။ ဟိုနားက ကောင်လေးကလည်း သား သူငယ်ချင်း မိုးအေးပေါ့။ သားနဲ့ ကစားဖော်၊ ကစားဖက်လေ။ အားလုံး အခုတော့ သားနဲ့ ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့သူစိမ်းတွေလိုပါပဲ။ အားလုံး သားကိုထားခဲ့ကြပြီ။ သူတို့ချစ်တဲ့၊ သူတို့နဲ့ သိပ်ရင်းနှီးပါတယ် ဆိုတဲ့ ရေပြင်ကြီးရဲ့ခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားကြပြီလေ။ သားကိုရော ဘာလို့ ချန်ထားခဲ့တာလဲ။ လောကကြီး အလယ် တစ်ယောက်တည်း မျက်စိသူငယ် နားသူငယ်နဲ့ ထားခဲ့မယ့်အစား ရပြင်ကြီးက ဘာလို့ သားကိုပါခေါ်မသွားခဲ့တာလဲ။

“ရေပေးပါ ... ရေ ...ရေ”

“ဟာ ဟိုမှာ ကလေးတစ်ယောက် မသေသေးဘူးဟေ့။”


မနေချင်ပေမယ့်လည်း နေချင်နေရ တယ်။ နေချင်ပေမယ့်လည်း ခေါ်ရင် လိုက်ရပါမယ်။ သားရဲ့ကံကြမ္မာက သားကို အဖေတို့နောက် လိုက်ခွင့်မပေးခဲ့ပါဘူး။ ဒီ လောကဇာတ်ခုံကြီးပေါ်မှာ သား ကပြရမယ့် အခန်းမပြီးသေးဘူးတဲ့။ အဖေနဲ့ အမေတို့မပါဘဲ သားတစ်ယောက်တည်း လျှောက်ရပါဦးမှာပေါ့။ သားရင်ထဲမှာ ပြောမပြတတ်အောင် နာကျင်ရပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့အဖေ၊ အဖေ့သားပါ။ သား လျှောက်ရဲပါတယ်။ နောက်ဆံ မတင်းပါနဲ့အမေ၊ အမေ့သားပါ။ သား လျှောက်ဝံ့ပါတယ်။

(ဖေးမမယ့် အကြင်နာလက်တွေ ကမ်းလာသရွေ့၊ နွေးထွေးတဲ့ရင်ခွင်တွေ ရှိနေသရွေ့ပေါ့။)

'နာဂစ်၏ကလေးငယ်များ... သို့'

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...