Skip to main content

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။


အမေ ...သားရဲ့သဲ့သဲ့ခေါ်သံကို ကြားပါရဲ့လား။ အမေ့ကိုလိုအပ်နေချိန်မှာ အမေဘယ်ရောက်နေပါသလဲ။ တောသူဆိုပေမယ့် ဖြူဝင်းတဲ့ အသားအရေရှိပြီး အမြဲပြုံးနေတတ်တဲ့ အမေ့မျက်နှာရယ်၊ အဖေနဲ့အတူ ယောက်ျားတွေနဲ့တန်းတူ ရင်ပေါင်တန်းလုပ်ပြီး ရုပ်ရောစိတ်ပါ ကြံ့ခိုင်တဲ့ အမေ့အသွင်သဏ္ဌာန်ရယ်၊ “အမေတို့ရဲ့ အသည်းနှလုံး၊ အမေတို့ရဲ့ ဘ၀၊ အမေတို့ရဲ့မျှော်လင့်ချက်ကလေး” လို့ သားကို ကြည့်ရင်း တဖွဖွပြောတတ်တဲ့ အမေ့ နှုတ်ခွန်းချိုချိုတွေရယ်၊ ဒါတွေ အခုတော့ ဘယ်ကိုရောက်နေပါသလဲ။ အမေဟာ အမေချစ်လို့မ၀သေးတဲ့၊ အမေ့ကိုချစ်လို့မ၀သေးတဲ့ သားအနားမှာ ထာဝရမရှိနိုင်တော့ဘူးတဲ့လား အမေရယ်။

“လူ့လောကဟာ ပြဇာတ်တစ်ပုဒ်” တဲ့၊ လူကြီးသူမတွေပြောကြတာပဲ။ အားလုံးဟာ ကိုယ့်အခန်းကိုယ် ကပြီးတဲ့အခါ ကန့်လန့်ကာ နောက်ကွယ်ကို ပြန်ဝင်သွားကြသတဲ့လေ။ အခု အဖေနဲ့ အမေတို့ က ရမယ့် အခန်းတွေ ပြီးသွားကြပြီလား။ အဖေနဲ့ အမေဟာ သားကို ဟောဒီ့ မာယာတစ်သိန်း၊ အပလိန်းအနန္တ ဇာတ်စင်ကြီးထက် နဝေတိမ်တောင်ဘဝနဲ့ ထားသွားကြပြီလား။ အဖေတို့ပါဝင်ရမယ့် အခန်းဟာ သိပ်ကို မတိုတောင်းဘူးလားဟင်။ အမေတို့ဟာ ဒီ့ထက်ပိုပြီးကြာကြာ သားကို လာကဇာတ်ခုံထက် ပါးပါးနပ်နပ် ကပြတတ်အောင် သင်ကြားပေးခဲ့သင့်ပါတယ်။ ဒီ ဇာတ်ခုံပေါ်ကို အဖေတို့အမေတို့ခေါ်လို့ သားရောက်ခဲ့ တာပါ။ အဖေတို့သာ သားရဲ့ဘ၀၊ အမေတို့သာ သားရဲ့ကမ္ဘာ၊ အဖေတို့မျက်နှာကိုသာ သား တစ်ရွာထင် ရတယ်ဆိုတာ အဖေတို့ အမေတို့ မ့မသွားသင့်ပါဘူး။ ဒီလောကမှာ သား အဖေတို့ထက် ဘယ်သူ့ကိုမှ ပိုပြီး ယုံလို့ ပုံမအပ်နိုင်ပါဘူး အဖေတို့ရယ်။

“ဟော ဟိုမှာကြည့်စမ်း၊ ပင်လယ်ပြင်ကြီး ဘယ်လောက်လှသလဲ” တဲ့။ ဒီလိုပဲ အထင်ရောက်ခဲ့သလား အမေရယ်။

အမေဟာ သားနဲ့အတူ၊ အဖေနဲ့အတူ ပင်လယ်ပြင်ကြီးထဲ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားတဲ့အခါတိုင်း ဒီလိုမျိုးချည်းပြောတတ်ခဲ့တာတွေးမိတိုင်း သားဖြေမဆည်နိုင်ဘူး အမေ။ အမေဟာ သားတို့ကို ရှာကျွေးခဲ့တဲ့ ဒီပင်လယ်ပြင်ကြီးကို အမြဲပဲကျေးဇူးတင်ခဲ့တယ်နော်။ ပင်လယ်ဟာ အမေ့ကိုသိပ်ဖမ်းစားနိုင်ခဲ့မှန်း မိုးကုတ်စက်ဝိုင်းအဆုံးကို အမြဲ ငးကြည့်တတ်တဲ့ အမေ့မျက်ဝန်းတွေကတစ်ဆင့် သားသိခဲ့ပါတယ် အမေ။ အခုတော့ အမေဟာ ချစ်ဖို့ကောင်းတယ်လို့ ထင်ခဲ့တဲ့ ပင်လယ်ပြင်ကြီးရဲ့ ကြမ်းရှတဲ့ရင်ခွင်မှာ ငြိမ်းချမ်းစွာအိပ်စက်နေပြီပေါ့။


သား ဖက်တွယ်ထားတဲ့ သစ်တုံးပေါ် ငှက်ကလေးတစ်ကောင် လာနားတယ် အမေ။ ခမျာ အတောင်ညောင်းဟန် တူပါရဲ့။ ရပ်တည်ရာမဲ့နေတဲ့ ဘဝတူချင်းမို့ သားသူ့ကိုစာနာပါတယ်အမေ။ တစ်ချိန်က စာကလေးတွေ့တိုင်း လေးခွတစ်ချောင်း နဲ့ လိုက်ပစ်တတ်တဲ့သားကို သတ္တဝါတွေ အပေါ်မေတ္တာထားဖို့ အမေ အမြဲဆုံးမခဲ့တယ်နော်။ ဘ၀ပေးအခြေအနေအရ အမေ့ လက်တွေဟာ ရေနေသတ္တဝါတွေရဲ့ အသက်ပေါင်းများစွာနဲ့ စွန်းထင်းနေခဲ့ တယ်ဆိုပေမယ့် အမေဟာသားရဲ့ လက်ကိုတော့ အမေတို့ အဖေတို့လို ပိုက်မကိုင်ဘဲ စာရွက်နဲ့ဘောပင်ကိုသာ ကိုင်စေချင်ခဲ့တယ်နော်။ ရွာထဲကတခြားကလေးတွေလို လောက်လေးခွတစ်ခု ခါးကြားထိုးပြီး ကြီးပြင်းအရွယ်ရောက်တဲ့ကလေးမျိုး အမေသားကို မဖြစ်စေချင်ဘူး ဆိုတာ အမေ့ဘက်က ထင်ထင်ရှားရှား ပြသခဲ့တဲ့ အမေရယ် ... အမေဖြစ်စေ ချင်တဲ့ ဘဝမျိုး သားရောက်တဲ့ အချိန်မှာ အမေ သားဆီကိုလာပြီး “လိမ္မာလိုက်တဲ့ ငါ့သားလေး၊ တော်လိုက်တာ” လို့ ဆိုနိုင်ဦးမှာလား အမေ။

ချမ်းတယ်အမေရယ်။ သားကို လာပြီး ဖက်ထားပါဦးလား။ ဘယ်လောက် ကြာလို့ကြာမှန်းမသိ မျောလာပြီးတဲ့နောက် သတိရလာတော့ သား ခါးက လုံချည်လေးလည်း မရှိတော့ဘူး။ ပြီးခဲ့တဲ့နွေကမှ စာမေးပွဲအောင်လို့ဆိုပြီး အမေတို့အဖေတို့ ခြစ်ခြုတ်စုထားတဲ့ပိုက်ဆံနဲ့ ဝယ်ဆုချခဲ့တဲ့ လုံချည်လေးလေ။ မရှိတော့ဘူး အမေရဲ့။ အသက်ကိုတောင် မနည်းရှူနေရတဲ့ ခုလိုအချိန်မှာ အရှက်ဆိုတာကို သားဂရု မစိုက်နိုင်ပါဘူးအမေရယ်။ ရထဲေမှာ သင်္ကန်းပိုင်းနီနီလေးမျောလာတာတွေ့လို့ မရှိမဲ့ရှိမဲ့အားလေးနဲ့ လှမ်းဆွဲယူပြီး အရှက်လုံရုံလေး၊ အချမ်းပြေတယ်ဆိုရုံလေး ပတ်ရင်းနဲ့ သား မျက်ရည်တွေ ကျနေမိတယ် အမေ။ အမေက သားကို ရှင်သိပ် ပြုပေးချင်တာမဟုတ်လား။

ဗိုက်ဆာတယ် အဖေတို့ရယ်။ ဒါထက်ဆိုးတာက သား ရေတအား ငတ်တယ်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်း တွေကို စိုစွတ်စေဖို့ရာ၊ အက်ကွဲနေတဲ့၊ အာခံတွင်းတွေကို ဆွတ်ဖျန်းပေးဖို့ရာ ရေ ဘယ်မှာလဲ။ ဘယ်နေရာကိုပဲ ကြည့်ကြည့် ရေပြင်ကျယ်ကြီးဆိုပေမယ့် ငန်ကျိနေတဲ့ ဒီရေတွေကို သားဘယ်လို သောက်နိုင်မှာတဲ့လဲ။ သားဘေးမှာလည်း အဖော်တွေရှိတယ်။ ဒါပေမယ့် သူတို့ မလှုပ်တော့ဘူး။ ဟာ ကြည့်ပါဦး၊ ဟိုမှာ ကြီးစိန် ရယ်။ ဟိုနေ့ကမှ အိမ်ကိုလာပြီး အမေနဲ့ ရယ်ရင်းမောရင်း စကားတွေ ပြောနေ သေးတာ မဟုတ်လား။ ဟိုနားက ကောင်လေးကလည်း သား သူငယ်ချင်း မိုးအေးပေါ့။ သားနဲ့ ကစားဖော်၊ ကစားဖက်လေ။ အားလုံး အခုတော့ သားနဲ့ ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့သူစိမ်းတွေလိုပါပဲ။ အားလုံး သားကိုထားခဲ့ကြပြီ။ သူတို့ချစ်တဲ့၊ သူတို့နဲ့ သိပ်ရင်းနှီးပါတယ် ဆိုတဲ့ ရေပြင်ကြီးရဲ့ခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားကြပြီလေ။ သားကိုရော ဘာလို့ ချန်ထားခဲ့တာလဲ။ လောကကြီး အလယ် တစ်ယောက်တည်း မျက်စိသူငယ် နားသူငယ်နဲ့ ထားခဲ့မယ့်အစား ရပြင်ကြီးက ဘာလို့ သားကိုပါခေါ်မသွားခဲ့တာလဲ။

“ရေပေးပါ ... ရေ ...ရေ”

“ဟာ ဟိုမှာ ကလေးတစ်ယောက် မသေသေးဘူးဟေ့။”


မနေချင်ပေမယ့်လည်း နေချင်နေရ တယ်။ နေချင်ပေမယ့်လည်း ခေါ်ရင် လိုက်ရပါမယ်။ သားရဲ့ကံကြမ္မာက သားကို အဖေတို့နောက် လိုက်ခွင့်မပေးခဲ့ပါဘူး။ ဒီ လောကဇာတ်ခုံကြီးပေါ်မှာ သား ကပြရမယ့် အခန်းမပြီးသေးဘူးတဲ့။ အဖေနဲ့ အမေတို့မပါဘဲ သားတစ်ယောက်တည်း လျှောက်ရပါဦးမှာပေါ့။ သားရင်ထဲမှာ ပြောမပြတတ်အောင် နာကျင်ရပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့အဖေ၊ အဖေ့သားပါ။ သား လျှောက်ရဲပါတယ်။ နောက်ဆံ မတင်းပါနဲ့အမေ၊ အမေ့သားပါ။ သား လျှောက်ဝံ့ပါတယ်။

(ဖေးမမယ့် အကြင်နာလက်တွေ ကမ်းလာသရွေ့၊ နွေးထွေးတဲ့ရင်ခွင်တွေ ရှိနေသရွေ့ပေါ့။)

'နာဂစ်၏ကလေးငယ်များ... သို့'

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...