Skip to main content

ကောင်းပေမယ့် မွဲပြာပုဆိုးဇာတ်လမ်းဆင်ပုံကမလွတ်နိုင်တဲ့ "မာယာဘုံ"



စာအုပ်အမည် - မာယာဘုံ
ရေးသူ - မြသန်းတင့်
ထုတ်ဝေသူ - အမေ့ဥယျာဉ်စာပေ
ကာလ - ၂၀၀၃ ဒီဇင်ဘာ (တတိယအကြိမ်)
စာမျက်နှာ - ၄၈၀

ဆရာမြရဲ့ ပင်ကိုရေးလက်ရာဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်က မှောင်ခိုလောကသားတွေရဲ့ အကြောင်းကို မုံရွာ-ကလေးဝ-တမူး လမ်းကြောင်းကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ ဆရာမြရဲ့ အရေးအသား ညက်ညောမှုရှိတာရယ်၊ ကိုယ်တိုင်က အညာသားဖြစ်တဲ့ ဆရာဟာ အညာနောက်ခံကိုပီပြင်အောင် ဖွဲ့နိုင်တာရယ်၊ ကိုယ်မသိမမီလိုက်တဲ့ ခေတ်ကိုဖြတ်သန်းခဲ့ရသူတွေရဲ့ အကြောင်းကို သိခွင့်ရတာတွေရယ်ကြောင့် စာလုံးခပ်သေးသေး၊ စာမျက်နှာ ၅၀၀ နီးပါးစာအုပ်ကို သင်္ကြန်တွင်း မနားဘဲ ဆက်တိုက်ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း မုံရွာအဆက်ဖြစ်တော့ ကိုယ်နဲ့ရင်းနှီးနေတဲ့ ဒေသအကြောင်းလေးတွေကို ဖတ်ရတာကလည်း အရသာ တစ်ခုပါ။

ဝတ္ထုကိုဖတ်ရတာ ကြိုက်ပေမယ့် ဘဝင်မကျတာလေးအချို့လည်း ရှိပါတယ်။ မြန်မာဝတ္ထုဇာတ်လမ်းတွေထုံးစံ လို့ပဲ ပြောရမလား၊ တိုက်ဆိုင်မှုတွေကို အတင်းဖန်တီးထားသလို ဖြစ်နေတယ်လို့ ခံစားရတာပါ။ ဇာတ်လမ်းထဲမှာ အေးမရဲ့ အဖေ သတ်လိုက်လို့ သေသွားတဲ့ လူရဲ့သား ကိုမြင့်ဟာ အေးမနဲ့ လာဆုံတွေ့ပြီး သမီးရည်းစား ဖြစ်ကြတယ်။ နောက်တစ်ခါ၊ အေးမရဲ့အဖေ ထောင်ထွက် တောထွက်ဘုန်းတော်ကြီးဟာ အေးမတို့တစ်တွေ မှောင်ခိုကုန်ကူးကြတဲ့ လမ်းကြောင်းတည့်တည့်မှာမှ ကျောင်းထိုင်နေတဲ့ ဘုန်းကြီးဖြစ်ရပြီး ဖအေကို မသိမမီလိုက်တဲ့ အေးမနဲ့ရော၊ သူသတ်ခဲ့တဲ့ လူရဲ့ သားနဲ့ပါ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ကြတယ်။ ဇာတ်ကောင်တွေရဲ့ အချင်းချင်းပတ်သက်မှုကို အတင်း မစေ့စေ့အောင် ဆွဲယူထားသလို ခံစားရတယ်။ ဘာကိုသွားသတိရမိလဲ ဆိုတော့ သင်္ကြန်မိုးဇာတ်ကားမှာ ကိုငြိမ်းမောင်ရဲ့ သား နဲ့ ခင်ခင်ထားရဲ့ သမီးတို့ဟာ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းလာဖြစ်ခိုင်းလိုက်တာမျိုးပဲ။

နောက်တစ်ချက်သတိထားမိတာတော့ မြန်မာဝတ္ထုဇာတ်လမ်းတွေမှာ ဇာတ်လိုက်မင်းသားနဲ့မင်းသမီး မညားလို့ရှိရင် တစ်နည်းနည်းနဲ့ ပရိသတ်အဆာပြေအောင် လုပ်ပေးတာမျိုးလည်း ဒီဝတ္ထုမှာ တွေ့ရတယ်။ ကိုမြင့်ဟာ အေးမနဲ့သမီးရည်းစားဖြစ်ပေမယ့် ဖူးစာမဆုံတော့ကာ စာရေးဆရာက ကိုမြင့်ကို အေးမရဲ့ညီမ တိုးမနဲ့ ပေးညားလိုက်တယ်။ ဒီလိုဖြစ်အောင်လည်း ဇာတ်လမ်းအစောပိုင်းမှာကတည်းက တိုးမကို အေးမနဲ့ ရုပ်ချင်း အတော်ကိုတူခိုင်းလိုက်တယ်။ အမြွှာမဟုတ်တာတောင် တူတာမှ အမှတ်တမဲ့ကြည့်ရင် ခွဲမရအောင် တူတယ်ဆိုပဲ။ ဒါ့ပြင် ဇာတ်လမ်းတစ်လျှောက်လုံးမှာလည်း တိုးမကို သူ့ရဲ့ခဲအိုလောင်း ကိုမြင့်အပေါ် စေတနာ သဒ္ဓါတွေ ယိုဖိတ်ခိုင်းပါသေးတယ်။ ကိုမြင့်ကလည်း တိုးမနဲ့တွေ့တိုင်း သူ့စိတ်တွေ ညွတ်နူးပြီး ညီမတစ်ယောက်လို ချစ်ခင် ကြင်နာစိတ်တွေ တဖွားဖွားပေါ်ပုံမျိုးလည်း ဖန်တီးထားပါတယ်။ ဒီလိုနဲ့ အေးမနဲ့မညားတဲ့ ကိုမြင့်ကို နောက်ဆုံးမှာ တိုးမနဲ့ ပေးစားခဲ့ပါတယ်။ သင်္ကြန်မိုးမှာလည်း ကိုငြိမ်းမောင်နဲ့ခင်ခင်ထားတို့ လွဲခဲ့ရလို့ မချင့်မရဲ ဖြစ်ကြတဲ့ ပရိသတ်အတွက် ဒါရိုက်တာက (အလွှာမတူတဲ့) သူတို့ရဲ့သားနဲ့သမီးကို ပေါင်းခိုင်းခဲ့တာကို အမှတ်ရမိ ပါတယ်။

မြန်မာဝတ္ထုတွေ၊ ရုပ်ရှင်တွေမှာ မင်းသားနဲ့မင်းသမီးကို အတင်းတိုက်တိုက်ဆိုင်ဆိုင်တွေ ကြုံခိုင်းတာ၊ အတင်း ညားခိုင်းတာတွေဟာ အတွေ့ရများတဲ့ လက္ခဏာတစ်ခုပါ။ ငယ်ငယ်က ကြည့်ဖူးတဲ့ ဗီဒီယိုကားတစ်ကားမှာ (နာမည်မမှတ်မိ) မင်းသားနဲ့မင်းသမီးဟာ ညားပြီးခါမှ မင်းသားက မင်းသမီးအမေရဲ့ ငယ်ငယ်တည်းက ပျောက်သွားတဲ့ သားဖြစ်တယ်ဆိုပြီး လုပ်လိုက်တော့ မောင်နှမချင်းပြန်ယူမိသလိုဖြစ်ပြီဆိုပြီး မင်းသမီးက ထွက်ပြေး၊ ရေထဲခုန်ချသတ်သေဖို့လုပ်၊ နောက်က အမေလုပ်သူက ပြေးလိုက်ပြီး မင်းသမီးကိုသူ့သမီး အရင်းမဟုတ်ကြောင်း၊ မွေးစားခဲ့တာဖြစ်ကြောင်း၊ သူ့သားနဲ့မောင်နှမမတော်ကြောင်း လိုက်ရှင်းပြ။ မင်းသားနဲ့ မင်းသမီးပြန်ပေါင်းထုတ်ခိုင်းပြန်ရော။

နောက်တစ်ခုတွေ့မိတာကတော့ ဇာတ်ကောင်တွေပြောတဲ့ စကားတွေ၊ အတွေးအခေါ်တွေနဲ့ ဇာတ်ကောင်တွေရဲ့ လူမှုအဆင့်အတန်းနဲ့ နည်းနည်း ကွာဟနေတာမျိုးပါ။ ကိုမြင့်ဆိုရင် ပညာအားဖြင့် နိမ့်ပါးသူဖြစ်ပေမယ့် သူပြောတဲ့ ဒဿနစကားတွေ၊ ဘဝစကားတွေက ခေတ်ပညာတတ် လူလတ်တန်းစားတစ်ယောက် ပြောတဲ့ စကားတွေလို ကြီးကြီးကျယ်ကျယ်တွေလို့ ခံစားရပါတယ်။ ဆရာမြဟာ မှောင်ခိုလောက၊ မှောင်ခိုလုပ်ငန်း အပေါ် သူ့ကိုယ်ပိုင်အမြင်၊ သူ့အတွေးအခေါ်တွေကို ဇာတ်ကောင်တွေကနေတစ်ဆင့် ပြောခိုင်းတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာတော့ ကိုမြင့်ပြောတဲ့တချို့စကားတွေကတော့ အဲဒီခေတ်ကာလက အညာကျေးလက်တစ်ခုကနေ လာတဲ့ ဆင်းရဲသားတစ်ဦး၊ ပညာသိပ်မတတ်သူတစ်ဦး အတွက်က နည်းနည်းများ လွန်းနေမလား ဆိုတာပါပဲ။

မာယာဘုံဝတ္ထုမှာ အဲဒီလို အက်ကြောင်းထပ် ဇာတ်လမ်းဆင်ပုံမျိုးက လွဲရင် ကျန်တဲ့အပိုင်းတွေကတော့ အထူးကို ကောင်းမွန်ပါတယ်။ အထူးသဖြင့် ကိုယ်မမီလိုက်တဲ့ ဆိုရှယ်လစ်ခေတ်က မှောင်ခိုကုန်ကူးကြပုံတွေ၊ မုံရွာ-တမူး လမ်းကြောင်းမှာ စွန့်စွန့်စားစား ကုန်ကူးကြပုံတွေဟာ သိပ်စိတ်ဝင်စားစရာတွေပါ။ လေးကောင်ဂျင် ကစားကြတဲ့အခါ ဘယ်လိုနည်းစနစ်တွေ၊ စည်းကမ်းတွေနဲ့ကစားတယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ကျော်ကြခွကြ တယ်ဆိုတာတွေ ဟာလည်း အတော်ကို ဗဟုသုတ ဖြစ်မှာပါ။ ဒါ့ပြင် ဘူမိဗေဒ ဘာသာရပ် သဘောတရားတွေနဲ့တကွ ကျောက်မီးသွေး မိုင်းတွင်းအကြောင်း၊ ကျောက်မီးသွေး မိုင်းလုပ်သားတွေရဲ့ ဘဝကိုလည်း အဖိုးမဖြတ်နိုင်အောင် သိရှိရဦးမှာပါ။ အညာကိုချစ်သူ၊ အညာမှာနေဖူးသူတွေအတွက်လည်း အညာကျေးလက်နောက်ခံ မြန်မာ့မြင်ကွင်း စစ်စစ်ကို ရေးဖွဲ့ထားတာမို့ လွမ်းစရာလေးလည်း ဖြစ်မှာပါ။

Comments

အဖတ်အများဆုံး

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။