Skip to main content

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။”


ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။
 

ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ရေးသားရာမှာ ဗုဒ္ဓမြတ်စွာ ဟောကြေားတဲ့ သစ္စာလေးပါး တရားပုံစံအတိုင်း ရေးဖွဲ့ထားပါတယ်။ ပြဿနာက ဘာလဲစူးစမ်းဖော်ထုတ်မယ်၊ ပြဿနာကို သိရင် ပြဿနာရဲ့ အကြောင်းရင်းမှန်ကို ရှာဖွေမယ်၊ ပြဿနာချုပ်ငြိမ်းစေမယ့်အရာကို မြင်အောင်ကြည့်မယ်၊ လက်ရှိအနေအထားကနေ ပြဿနာချုပ်ငြိမ်းစေမယ့်အဖြေရှိရာကို သွားရမယ့်လမ်းကို ချပြမှာဖြစ်ပါတယ်။ 

များများထုတ်၊ များများသုံးစွဲဝါဒရဲ့ အန္တရာယ်

လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဆယမ် အရှေ့တောင်အာရှလေးနိုင်ငံဟာ ဗုဒ္ဓဘာသာတန်ဖိုးနဲ့ အရင်းရှင် တန်ဖိုးစံတွေကြားမှာ ကြားညပ်နေပါတယ်။ တနိုင်ငံချင်းစီမှာ ရှည်လျားတဲ့ ဗုဒ္ဓဘာသာသမိုင်းကြောင်း ကိုယ်စီရှိကြပြီး အနောက်တိုင်းပုံစံ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်မှာလည်း မတူညီတဲ့ အဆင့်အသီးသီး ကို ရောက်နေကြပါတယ်။ ပထမအရိယသစ္စာဖြစ်တဲ့ ပြဿနာကိုသိအောင်လုပ်ဖို့ရာ အတွက် ကျွန်တော်တို့ဟာ အရှေ့တောင်အာရှမှာရှိတဲ့ အစဉ်အလာ ဗုဒ္ဓဘာသာနိုင်ငံတွေအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်ပုံကို လေ့လာကြည့်ပါမယ်။ ဝင်ရိုးအစွန်းတဖက်မှာရှိနေတာက ဆယမ်နိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်း အမေရိကန်လမ်းစဉ်အတိုင်း အားကြိုးမာန်တက် လိုက်ပါလျှောက်လှမ်းတဲ့ နိုင်ငံဖြစ်ပါတယ်။ သူနဲ့ ဆန့်ကျင်ဘက် တခြားတဖက်စွန်းမှာ ရှိတာကတော့ မြန်မာ နိုင်ငံပါ။ အနောက်ရဲ့လွှမ်းမိုးမှုကို အဝင်မခံဘဲ တံခါးပိတ်ဝါဒကို နည်းအမျိုးမျိုးနဲ့ ကျင့်သုံးခဲ့ပါတယ်။

ရန်ကုန်မြို့ကို ရောက်လို့ ရွှေတိဂုံစေတီကို သွားရောက်ဖူးမြော်မယ်ဆိုရင် ဘုရားဖူးတွေကိုကြည့်လိုက်ရင် ဒေသခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ (ရဟန်းရှင်လူ) ကို မြင်ရပါလိမ့်မယ်။ တချို့က ဘုရားဝတ်ပြုပြီး တရား ဘာဝနာရှုမှတ်နေမယ်။ တချို့လည်း အဓိဋ္ဌာန်ပြုတာတို့၊ ပုတီးစိပ်တာတို့လို နှစ်သက်ရာ ကျင့်စဉ်တခုခုကို ပြုနေကြမယ်။ ရွှေတိဂုံဟာ တနှစ်တာပတ်လုံး တနေ့မှ လူမစည်ကားတဲ့နေ့မရှိပါဘူး။ မနက် ၅ နာရီကနေ ည ၉ နာရီအထိ ဘုရားဖွင့်လှစ်တဲ့အချိန်ပြည့် ဘုရားဖူးတွေရှိနေပါတယ်။ 

ဆယမ်ရဲ့မြို့တော် ဘန်ကောက်ကိုရောက်လို့ မြဘုရားကိုသွားဖူးမယ်ဆိုရင်လည်း တနှစ်မှာ လူမစည်တဲ့နေ့ တနေ့မှမရှိပါဘူး။ ဒါပေမဲ့ ရွှေတိဂုံနဲ့ကွာတာက လာတဲ့ဘုရားဖူးတွေက နိုင်ငံခြားသားကမ္ဘာလှည့်တွေပါ။ သူတို့ကြားမှာ ထိုင်းလူမျိုးနည်းနည်းလောက်ပဲ တွေ့ရတတ်ပါတယ်။ ဒါဆို ထိုင်းတွေက ဘယ်ကိုသွားနေကြသလဲ။ ထိုင်းတွေက Jusco တို့၊ Lotus တို့၊ Tesco တို့၊ Robinson တို့လို ဈေးဝယ် ကုန်တိုက်ကြီးတွေမှာ တိုးဝှေ့နေကြတာပါ။ ထိုင်းတွေကို မေးလိုက်ရင် သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ထိုင်းအများစုအတွက်ကတော့ အဲဒီ ကုန်တိုက်ကြီးတွေဟာ ပုံမှန် ဖူးမြော်ရာ ဘုရားစေတီအသစ်တွေပါ။ များများတိုးထုတ် များများသုံးစွဲဝါဒကတော့ သူတို့ရဲ့ ကိုးကွယ်ရာဘာသာတရား အသစ်ပါ။ 

အဲဒီတော့ ထိုင်းတွေအတွက် များများတိုးထုတ်၊ များများသုံးစွဲဝါဒဟာ ဝတ်ပြုနေရာအသစ်၊ ဘာသာရေးအသစ် ဖြစ်တယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်က ဘာပါလဲ။ သဘောကတော့ လူတွေဟာ သူတို့ဘာပစ္စည်းကို ဝယ်သလဲ ဆိုတာနဲ့ သူတို့ကိုယ်သူတို့ ပြန်အဓိပ္ပာယ်သတ်မှတ်ကြတာပါ။ ဝတ်တဲ့အင်္ကျီ၊ ပတ်တဲ့နာရီ၊ စီးတဲ့ကားကပဲ လူတယောက်ရဲ့ အမှတ်တံဆိပ်ဖြစ်လာမယ်။ သူတို့ဟာ ဂျပန်စားသောက်ဆိုင်မှာ၊ အနောက်တိုင်း စားသောက်ဆိုင်မှာ သွားစားကြမယ်။ ခေတ်သစ်လူလတ်တန်းစားဆိုရင်လည်း တဦးနဲ့တဦး ထိုင်းလို မပြောတော့ဘဲ အင်္ဂလိပ်လိုပဲ ပြောကြတော့မယ်။ 

ဒီလိုမျိုး အရင်းရှင်ထုတ်ကုန်တွေရဲ့ မောင်းနှင်မှုအောက်ရောက်သွားကြတဲ့ ထိုင်းတွေဟာ အကြွေးထူလာကြ ပါတယ်။ အဓိကကတော့ အကြွေးဝယ်ကတ်တွေကြောင့်ပါ။ အကြွေးဝယ်ကတ်ကုမ္ပဏီတွေက လူတွေကို အကြွေးနဲ့ များများဝယ်ဖို့ အားပေးကြပြီး လစဉ်ငွေဝင်တဲ့အခါ အတိုးနဲ့ပြန်ဆပ်ခိုင်းကြတယ်။ ဒီနည်းနဲ့ လူတွေရဲ့ လစဉ်ဝင်ငွေဟာ ပရုပ်လုံးလိုဖြစ်လာကြတယ်။ လယ်သမားပုံစံဝတ်စားပြီး တိုယိုတာ နောက်ပွင့်ကားကို မောင်းသွားမယ်ဆိုရင် လမ်းပြပုလိပ်က ကားတားပြီး ငွေတောင်းလိမ့်မယ်။ ဒါပေမဲ့ ဒီ လူတဦးတည်းကပဲ နောက်တနေ့ကျ အနောက်တိုင်းဝတ်စုံဝတ်ပြီး မာစီဒီးဘင့်ကားနဲ့ သွားမယ်ဆိုရင်တော့ မနေ့က ရဲကပဲ သူ့ကိုဆလမ်ပေးမယ်၊ ကားတာယာကို ခေါင်းနဲ့လာထိပါလိမ့်မယ်။ 

အနည်းစုလောက်ကလွဲရင် ထိုင်းဘုန်းတော်ကြီး အများစုကိုယ်တိုင် ခုပြောတဲ့ ဘာသာတရားအသစ်ကို ဘာမသိ ညာမသိနဲ့ ကြိုဆိုနေကြပြီး ဒါကိုပဲ အထူးဧည့်သည်တော်ပမာ သဘောထားပြီး ဗုဒ္ဓဘာသာနဲ့ ရောသမမွှေကြပါတယ်။ ဒါန၊ သီလ၊ ကရုဏာ စတဲ့ ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်တွေကို ပွားများအောင် လုပ်ပေးရမယ့် ထိုင်းသံဃာ့အဖွဲ့အစည်းဟာ ခုဆိုရင် များများတိုးထုတ်၊ များများသုံးစွဲဝါဒ လှိုင်းလုံးအောက်ကို လုံးဝနီးပါး ရောက်နေပါပြီ။ ဘုန်းတော်ကြီးအများအပြားဟာ အရင်းရှင်စနစ်ကနေ ထုတ်လုပ်လိုက်တဲ့ လူသုံးကုန်တွေကို ဘယ်ကိုယ်တော်က ဘယ်လောက်ပိုင်သလဲဆိုတာတောင် အချင်းချင်း ပြိုင်ဆိုင်လာကြပါတယ်။ မိုဘိုင်းဖုန်း၊ BMW ကား၊ လပ်တော့ပ် ကွန်ပျူတာတွေနောက်ကို လိုက်နေကြပါတယ်။ ချမ်းသာတဲ့ ဒကာဒကာမ တွေ ဆီကနေ အလှူခံပြီး ဗုဒ္ဓဆင်းတုတွေကို ကြီးသထက်ကြီးအောင် တည်ထားကြတယ်။ ရွှေကျောင်း ပြောင်ပြောင်တွေ ဆောက်လုပ်ကြပါတယ်။

ဆယမ်မှာတော့ သင့်ရဲ့ လူမှုနောက်ခံအခြေအနေ ဘယ်လိုရှိရှိ သင့်တာဝန်က ထိပ်ဆုံးရောက်အောင် တက်ဖို့ပါပဲ။ လယ်သမားမိသားစုက လာရင်လည်း သင်ဟာ လယ်သမားဖြစ်ရတဲ့ ဘဝမှာ တင်းတိမ် ရောင့်ရဲနေလို့မရပါဘူး။ သင်ဟာ ပညာရေး (ဘွဲ့လက်မှတ်) ကို ငွေပေးပြီးဝယ်ရပါလိမ့်မယ်။ ဒါမှ လယ်သမားဘဝက ကျွတ်လွတ်ပြီး တခြားဘဝတခုကို ပိုင်ဆိုင်နိုင်မှာပါ။ သင်ဟာ ရဟန်းတပါးဆိုရင် သံဃာ ထဲမှာ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးဖြစ်အောင် ကြိုးစားရမယ်။ ဒါမှ နာမည်ကြီးပြီး နောက်လိုက်နောက်ပါ တပည့်တပန်းအများကြီး ရမှာပါ။ တနိုင်ငံလုံးကလည်း အထူးသဖြင့် မီဒီယာနဲ့ ပညာရေးစနစ်တွေကိုယ်တိုင်က လူတိုင်းရင်မှာ ကိုယ့်အခြေအနေကိုယ် နိမ့်ကျနေတယ်ဆိုတဲ့ အမြင်ခံစားမှုကို ပုံမှန်ရိုက်သွင်းပေးနေပါတယ်။ သင် ဘာကြီးပဲဖြစ်နေဖြစ်နေ သင် မကျေနပ်ရဘူးလို့ ပညာရေးစနစ်ကြီးက သင်ပေးပါတယ်။ 

ဗုဒ္ဓဘာသာရှုထောင့်က ကြည့်ရင်တော့ ဒါဟာ သူစိမ်းပြင်ပြင်ဖြစ်သွားတဲ့ သဘောပါပဲ။ ကိုယ့်ဘဝကိုယ် ဘယ်အခြေအနေမှာဖြစ်ဖြစ် မကျေနပ်နိုင်တဲ့စိတ် (ဝိဘဝတဏှာ) ကို လှုံ့ဆော်ပေးတာက အနောက်ရဲ့ လွှမ်းမိုးခံ မီဒီယာနဲ့ ကြော်ငြာတွေပါ။ ဆယမ်ရဲ့ လူငယ်တွေဟာ သူတို့ရဲ့ဖြစ်တည်မှုကို သူတို့ ငြင်းပယ် လာကြပါတယ်။ 

ဒီလိုမျိုး လူငယ်တွေဟာ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် သူစိမ်းပြန်ဖြစ်လာတဲ့ ဖြစ်စဉ်ကို ဟယ်လင်နာ နော်ဘတ်ချ် ဟော့ချ်ရေးတဲ့စာအုပ် Ancient futures: Learning from Ladakh ထဲမှာ ရှင်းပြထားပါတယ်။ ဒီလိုမျိုး သူစိမ်းဖြစ်သွားတယ်ဆိုတာဟာ ကိုယ်ဘာဖြစ်တယ်ဆိုတာ သတ်မှတ်ဖို့ရာ တခြားတပါးသူနဲ့ လိုက်လံ နှိုင်းယှဉ် ပြိုင်ဆိုင်လိုတဲ့ စိတ် (မာန) ကနေ ထွက်ပေါ်လာတာပါ။ ဒီလိုမျိုး လူတွေရဲ့ အားနည်းချက်ကို အသုံးချသွားတာက ကုန်ထုတ်လုပ်တဲ့ အရင်းရှင်တွေရဲ့ အမြတ်ရရေးဝါဒပါ။ လူဦးချင်းအနေနဲ့ဖြစ်စေ၊ လူ့အသိုင်း အဝိုင်းအနေနဲ့ဖြစ်စေ ပန်းတိုင်ထားရမှာက ဓနဥစ္စာ၊ ဩဇာအာဏာ၊ ကျော်ကြားမှု၊ ကာမဂုဏ် စတာတွေကို အတိုင်းအဆမရှိ ရအောင် ယူဖို့ပါပဲ။ မကျေနပ် မရောင့်ရဲဘဲ တိုးတိုးပြီးရှာဖွေရေးပါပဲ။ ဒါဟာ များများထုတ်၊ များများသုံးစွဲဝါဒက မောင်းတာကိုခံနေရတာပါ။ ဗုဒ္ဓမြတ်စွာဘုရားကတော့ ဒီ လောကီအာရုံလေးပါးကို မလိုက်ဖို့ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပသကာ၊ ဥပါသိကာဆိုတဲ့ ပရိသတ်လေးမျိုးစလုံးကို ဟောခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ စီးပွားရေးနဲ့လူမှုရေး လက်တံတွေက လူတွေကို အဲဒီလေးပါးနောက်ကိုပဲ တစိုက်မတ်မတ် လိုက်ဖို့ ကြိမ်တို့နေပါတယ်။ 

ဆယမ်နဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတဲ့ မြန်မာကတော့ စစ်အာဏာရှင်အစိုးရ လက်အောက်မှာ ပြင်ပကမ္ဘာနဲ့ နှစ်ငါးဆယ်ကျော် အဆက်ဖြတ်ခံခဲ့ရပါတယ်။ ဒါဟာ ကံကောင်းတာလား ကံမကောင်းတာလားတော့ မသိပါ။ ရလဒ်ကတော့ ကိုယ်ကျိုးရှာတဲ့ ထိပ်ပိုင်းက စစ်တပ်မိသားစုတချို့နဲ့ တရုတ်၊ ထိုင်း နယ်စပ် တရားမဝင် ဂိတ်တွေက ဝင်တဲ့ပစ္စည်းတချို့ကတွေကလွဲရင် သာမန်ပြည်သူတွေဟာ အရင်းရှင်ထုတ်ကုန်တွေရဲ့ သားကောင် ဖြစ်ရတာ အတော်ကိုနည်းခဲ့ပါတယ်။ ရိုးစင်းတဲ့ဘဝ၊ ဒါန၊ ကရုဏာတရား၊ လောကီအာရုံတို့နဲ့ ကင်းပြတ်ခြင်းတွေဟာ မြန်မာပြည်မှာတော့ အကောင်းအတိုင်း ကျန်ပါသေးတယ်။ ဝိပဿနာ တရားအားထုတ်တဲ့ ကျင့်စဉ်ဟာလည်း ရဟန်းတွေမှာသာမက လူဝတ်ကြောင်တွေကြားမှာပါ ခေတ်စား ပါတယ်။ မြန်မာတွေဟာ ဘန်ကောက်နဲ့ အရှေ့တောင်အာရှအတော်များများမှာ မြင်ရတဲ့ အနောက်တိုင်း ဘောင်းဘီ၊ စကတ်တွေထက် ရိုးရာလုံချည်တွေကို မြတ်နိုးဂုဏ်ယူစွာ ဝတ်ဆင်ကြပါတယ်။ ရန်ကုန်ရဲ့ လမ်းဘေးဈေးတွေမှာဆိုရင် တပိုင်တနိုင်စိုက်ထားတဲ့ ဓာတုအဆိပ်ကင်းတဲ့ မျိုးရင်းသီးနှံတွေကို ရောင်းချနေကြဆဲပါ။

ပြင်ပကမ္ဘာကို တံခါးနည်းနည်းလေး ပြန်ဖွင့်လိုက်တာနဲ့အတူ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ အပြေးအလွှား ရောက်လာကြပြီး မာလ်ဘိုရို၊ ငါးသုံးလုံး၊ တိုက်ဂါးဘီယာ၊ ဖိလစ်နဲ့ ဆိုနီ စတဲ့ စီးပွားရေးကြော်ငြာတွေနဲ့အတူ လှပတဲ့မြို့ကြီးတွေကို ညစ်ညမ်းအောင် လုပ်ကြပါတယ်။ သဘာဝရှုခင်းလှလှလေးတွေလည်း ပျက်စီးကြ ပါတော့တယ်။ အနာဂတ် မြန်မာပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင်တွေမှာ များများထုတ် များများသုံးဝါဒရဲ့ အန္တရာယ်ကို သတိပြုမိကြပါ့မလားဆိုတော့ ကျွန်တော်တို့မသိပါဘူး။ မြန်မာပြည် လွတ်လပ်ပွင့်လင်းတဲ့ အခါ ဆယမ်တို့၊ ဖိလစ်ပိုင်တို့မှာ ဖြစ်နေတဲ့ အမေရိကန်ဆန်အောင်ကြိုးစားတဲ့ ဓလေ့ကလည်း မြန်မာကို ကူးစက် သွားမလားဆိုတာ မေးခွန်းထုတ်စရာပါ။ အနည်းဆုံး ခု လောလောဆယ်မှာတော့ [ဒီဆောင်းပါးကို ရေးခဲ့တဲ့ ၂၀၀၅ ဝန်းကျင်ကိုဆိုလို] ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံဟောင်းကြီးတွေ၊ စိမ်းစိမ်းစိုစို သစ်ပင်တွေ ပြည့်နှက်နေတဲ့ ရန်ကုန်မြို့ဟာ ကမ္ဘာ့အညစ်ညမ်းဆုံး မြို့တွေထဲမှာပါတဲ့ဘန်ကောက်ထက်တော့ လှတာအမှန်ပါပဲ။ တခါတုန်းက အရှေ့တိုင်းရဲ့ ဗင်းနစ်မြို့လို့ ကျော်ကြားတဲ့ ဘန်ကောက်၊ တူးမြောင်းတွေရှုပ်ယှက်ခတ်နေပြီး ရွှေပိန်းချထားတဲ့ ဘုရားတွေရှိတဲ့ ဘန်ကောက်ဟာ ခုဆိုရင် ဆောက်လက်စတန်းလန်းတွေ၊ ရုပ်ဆိုးပန်းဆိုး အဆောက်အအုံတွေ၊ မိုးပျံအဝေးပြေးလမ်းမကြီးတွေ၊ ဈေးဝယ်စင်တာကြီးတွေနဲ့အတူ ဒေသခံတွေရဲ့ နှလုံးသည်းပွတ်ကို ဆုတ်ဖြဲနေကြပါတယ်။ 

ဆယမ်မှာ လွန်ခဲ့တဲ့နှစ်ငါးဆယ်လုံးလုံး ကြုံခဲ့ရတဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ရင် စီးပွားရေးအညွှန်းကိန်းတွေ တိုးတက်မှုသက်သက်ကိုပဲ ကြည့်ခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ဖို့၊ လူမှုတရားမျှတမှု ရှိဖို့၊ ယဉ်ကျေးမှုအမျိုးစုံလင်ကြွယ်ဝဖို့၊ လူတွေရဲ့ စိတ်မှာ ဓမ္မကိန်းအောင်းဖို့ ဆိုတဲ့အပိုင်းတွေကို စဉ်းစားသင့် သလောက် မစဉ်းစားခဲ့ပါဘူး။ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ စီးပွားရေးတိုးတက်မှုဆိုတာဟာ အစဉ်အလာ ဗုဒ္ဓဘာသာ လောကအမြင်နေရာမှာ များများထုတ် များများသုံးစွဲရေးဝါဒနဲ့ အစားထိုးပြီး ဖော်ဆောင်ခဲ့တဲ့ တခုတည်းသော နည်းလမ်းပါ။ ဗီယက်နမ်စစ်ပွဲကာလတုန်းက အမေရိကန်တွေဟာ ဆယမ်ကို ကွန်မြူနစ် နိုင်ငံဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ‘ကျွမ်းကျင်ပညာရှင်’ ဆိုတဲ့သူတွေကို စေလွှတ်ပြီး ထိုင်းအစိုးရဌာနတွေမှာ အကြံပေးလုပ်ခိုင်းခဲ့ပါတယ်။ သံဃာတော်တွေအနေနဲ့ ထိုင်းဗုဒ္ဓဘာသာပြည်သူတွေကို ကျေနပ်ရောင့်ရဲမှုတရား (သန္တောသ သို့မဟုတ် သန္တုဋ္ဌီစ) ကို မဟောဖို့ ထိုင်းအစိုးရကို အဲဒီ အမေရိကန်တွေက တိုက်တွန်းခဲ့ပါတယ်။ လူတွေ ကျေနပ်ရောင့်ရဲပြီး ပျော်ရွှင်နေကြမယ်ဆိုရင် အမေရိကန်စတိုင် ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်မှာ မဟုတ်တော့လို့ပါ။ များများထုတ် များများသုံးဝါဒ လမ်းကြောင်းကို လိုက်ဖို့ ဆိုရင် လူတွေစိတ်ထဲ ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်နေဖို့လိုတယ်။ ထင်သလောက် အဆင့်အတန်း မမြင့်သေးဘူး၊ အရမတော်သေးဘူးလို့ ခံစားနေဖို့လိုတယ်။ စိတ်မကောင်းစရာပါပဲ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ် လောက်ကတည်းက များများထုတ် များများသုံးဝါဒရဲ့ ပြဿနာတွေကို ကြိုမြင်နေခဲ့တဲ့ ဆရာတော် ဗုဒ္ဓဒါသဘိက္ခု တို့လို ပုဂ္ဂိုလ်တွေကလွဲရင် ထိုင်းသံဃာထုတရပ်လုံးနီးပါးဟာ အဲဒီ တိုက်တွန်းချက်ကို လိုက်နာခဲ့ကြပါတယ်။

ထိုင်းအစိုးရ၊ စီးပွားရေးလုပ်ငန်းအလွှာနဲ့ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေဟာ ပညာရေးကဏ္ဍနဲ့ လူထုဆက်သွယ်ရေး မီဒီယာကို အသုံးချကြပါတယ်။ ပြီးတော့ ထိုင်းလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်ပြီးသား ဗုဒ္ဓဘာသာတန်ဖိုးစံတွေကို အောင်အောင်မြင်မြင်နဲ့ ဆွဲနုတ်နိုင်ခဲ့ကြပါတယ်။ တပိုင်တနိုင် စိုက်မွေးထုတ်လုပ်မှု နဲ့ အသားကျပြီးသား ထောင်နဲ့ချီတဲ့ ကျေးရွာတွေဟာ စီးပွားဖြစ်စိုက်မွေးလောကထဲ ဝင်ရောက်ဖို့ရာ မက်လုံးပေးခံရတယ်။ အဲဒီတောင်သူလယ်သမားတွေဟာ ဈေးကွက်အတွက်ထုတ်လုပ်ကြပေမယ့် ဈေးနှုန်းနဲ့ သွင်းအားစုအရင်းအမြစ်တန်ဖိုးတွေကိုတော့ မထိန်းချုပ်နိုင်ကြလို့ ခုဆို အတော်များများ အကြွေးနွံထဲ နစ်နေကြပါတယ်။ ဆယ်စုနှစ်နဲ့ချီ ကြာပြီးတဲ့နောက်မှာတော့ လယ်သမားတွေဟာ အဝေးတနေရာက လယ်ပိုင်မြေပိုင်ရှင် သူဌေးကြီးတွေလက်ထဲဖြစ်ဖြစ်၊ သူတို့ကုန်စည်သီးနှံတွေကို ရောင်းဝယ်ဖောက်ကားတဲ့ ကုန်သည်တွေလက်ထဲဖြစ်ဖြစ် သူတို့လယ်ယာမြေတွေ ရောင်းချခဲ့ကြရ ပါပြီ။ အကြွေးမဆပ်နိုင်တော့တဲ့အခါ လယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးကို အလုံးအရင်း စွန့်ခွာပြီး မြို့တက်ကြတယ်။ စက်မှုဇုန်တွေမှာ၊ ဆောက်လုပ်ရေးတွေမှာ ဝင်ပြီး ရရာလုပ်ကိုင်ကြရတယ်။ ကျေးလက်ဘဝတွေ ပျောက်ကွယ်လာတာနဲ့အမျှ ထိုင်းပြည်သူတွေဟာ သဘာဝတရားနဲ့သဟဇာတဖြစ်ပြီးသား အသက်မွေးဝမ်းကျောင်းတွေကိုရော အစဉ်အလာဘဝမျိုးမှာ ရရှိပိုင်ဆိုင်ခဲ့တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းလုံခြုံမှုတွေကိုရော အလိုဆန္ဒမပါဘဲ လက်လွတ်ဆုံးရှုံးခံခဲ့ရ ပါတယ်။ တောသူဌေးလယ်သမား သားသမီးတွေတောင်မှ ကျေးလက်ကိုစွန့်ခွာပြီး မြို့ကို ပြောင်းရွှေ့နေကြပါတယ်။ မြို့မှာတော့ တသီးတခြားနေထိုင်ကြပြီး အိမ်နီးချင်းတွေနဲ့ ထွေးရောယှက်တင် မရှိကြတဲ့ မြို့ပြလူနေမှုစနစ်ထဲမှာ သူတို့ဟာ ပိုလို့တောင် အထီးကျန်ဆန် သူစိမ်းတရံဆန် ခံစားလာကြရပါတယ်။ အဲဒီခံစားမှုကို ကုစားတဲ့ အနေနဲ့ သူတို့ဟာ များများထုတ် များများသုံးဝါဒရဲ့ ထောင်ချောက်ထဲ ရောက်သွားပြီး ရုပ်ဝတ္ထုပစ္စည်း၊ မူးယစ်ဆေးဝါးနဲ့ လိင်ကာမဂုဏ် အပျော်အပါးတို့ကပေးတဲ့ ချက်ချင်းလက်ငင်း ကျေနပ်အားရမှုကို ယစ်မူးသွားကြပါတယ်။ 

လူလတ်တန်းစား စာရင်းဝင်ပြီး ကိုယ်ပိုင်ကားစီးနိုင်၊ တီဗီ၊ မိုဘိုင်းဖုန်း၊ ဒီဗီဒီစက်၊ ခေတ်မီအိမ် စတဲ့ ခေတ်ပေါ် လူ့အသုံးအဆောင်တွေနဲ့ ပြည့်စုံတဲ့ ကျေးလက်နေပြည်သူတို့၊ မြို့ပြဆင်းရဲသားတို့ဆိုတာ နည်းနည်းပဲ ရှိပါတယ်။ ခေတ်သစ်စီးပွားရေးကြီးရဲ့ စည်းမျဉ်းက ယှဉ်ပြိုင်အနိုင်ရရေး ဖြစ်နေတော့ မြို့ပြနေ လူတန်းစားဟာ သူတို့မှာ ရှိပြီးသားတွေနဲ့ ဘယ်တော့မှ တင်းတိမ်ရောင့်ရဲတယ်လို့ မရှိပါဘူး။ ကိုယ်စီးတဲ့ကား ဘယ်လောက် သစ်သစ် ခဏနေတော့ မော်ဒယ်ဟောင်းဖြစ်သွားတာပဲ။ နောက်ဆုံးပေါ် ကွန်ပျူတာ ဆိုတာလည်း မကြာခင်မှာပဲ အဆင့်မြှင့်ဖို့လိုလာတာပဲ။ စီးပွားရေးလုပ်ငန်းတွေမှာ ဆိုရင် အမှုဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ဖိစီးမှုများကြလွန်းလို့ ညအိပ်ရာဝင်တဲ့အခါ အိပ်ဆေးတွေမှီဝဲကြရတယ်။ ပြီးရင် မနက် ငါးနာရီမတိုင်ခင် အိပ်ရာကထရတယ်။ ကလေးတွေကို ကျောင်းလိုက်ပို့ရင် မနက်စာကျွေးကြရတယ်။ ကိုယ့်သားသမီး ကျောင်းမှာ မျက်နှာမငယ်ရအောင် ကားကောင်း ကားလှလေးနဲ့ ကျောင်းလိုက်ပို့ကြရတယ်။

ဗုဒ္ဓဘာသာ ရှုထောင့်အရတော့ ဒါဟာ ကိုယ်ကျန်းမာ စိတ်ချမ်းသာမှုပေးတဲ့ ဘဝမျိုး မဟုတ်နိုင်ပါဘူး။ လောဘ၊ ဒေါသနဲ့ မောဟတရားသုံးပါးရဲ့ လွှမ်းမိုးခြယ်လှယ်မှု ခံနေရလို့ပါ။ ဒီနေရာမှာ ‘မောဟ’ ဆိုတာ မိမိဆန္ဒ၊ မိမိပျော်ရွှင်မှုကိုသာဦးစားပေးမှု (individualism) နဲ့ ယှဉ်ပြိုင်အနိုင်ရရေး (competition) တို့ရဲ့ သဘောသဘာဝအမှန်ကို မသိနားမလည်ခြင်း ပါပဲ။ အဲဒီ ဘဝမျိုးဟာ ပရဟိတ လူမှုရေးကင်းမဲ့တဲ့ ဘဝမျိုးပါ။ ဗုဒ္ဓဘာသာမှာတော့ လူတယောက်ဟာ လူမှုပတ်ဝန်းကျင်ကောင်း မရှိဘဲ မကြီးပွားနိုင်ပါဘူး။ ဒါနကျင့်စဉ်၊ ကရုဏာကျင့်စဉ်၊ တဖက်သားကိုလေးစားခြင်း ဆိုတာတွေ အပေါ် အခြေခံထားတဲ့ မြင့်မြတ်တဲ့ဘဝ ဆိုတာမျိုးဟာ မိမိဆန္ဒ၊ မိမိပျော်ရွှင်မှုကိုသာဦးစားပေးတဲ့ လူ့အဖွဲ့အစည်း (individualistic society) မှာ မရှင်သန်မကြီးထွားနိုင်ပါ။ အဲဒီ ကုသလမူလတရားမျိုးတွေ မရင့်ကျက်လို့ရှိရင် လူတယောက်ဟာ စည်းစိမ်ဥစ္စာ၊ ဩဇာအာဏာ၊ ထင်ပေါ်ကျော်ကြားမှုတွေ ဘယ်လောက်ပဲရှိရှိ အချိန်ပြည့် မရောင့်ရဲနိုင်ဖြစ်ပြီး ပူလောင်နေ၊ အထီးကျန်ဆန်နေ၊ တသီးတခြားဖြစ်နေမှာပါ။ 

တွယ်ငြိမှုတဏှာ နှင့် များများထုတ် များများသုံးဝါဒ

ဒုတိယအရိယသစ္စာဖြစ်တဲ့ ပြဿနာရဲ့ ရင်းမြစ်ကို ရှာဖွေကြရအောင်ပါ။ ဗုဒ္ဓတရားတော်မှာတော့ ဒုက္ခဆင်းရဲ ရဲ့ အကြောင်းဟာ တဏှာဖြစ်ပါတယ်။ များများထုတ် များများသုံး ဝါဒရဲ့ ထောက်တိုင်ကလည်း တဏှာကို တိုးအောင်လုပ်ရေးပါပဲ။ တဏှာမှာ အာရုံငါးပါးကိုတွယ်ငြိမှု (ကာမတဏှာ)၊ ဘဝရှိခြင်းကိုတွယ်ငြိမှု (ဘဝတဏှာ) နဲ့ ဘဝပြတ်ခြင်းကိုတွယ်ငြိမှု( ဝိဘဝတဏှာ) ဆိုပြီး သုံးမျိုးရှိပါတယ်။ တနည်းပြောရင် တဏှာဟာ အကုသိုလ်ကိလေသာ (အကုသလမူလ) သုံးမျိုးဖြစ်တဲ့ လောဘ၊ ဒေါသနဲ့ မောဟတို့ရဲ့ တရားကိုယ်ပါပဲ။ များများထုတ် များများသုံးဝါဒရှုထောင့်က ကြည့်ရင် လောကသားတွေ အတောမသတ် လိုချင်ကြတဲ့ ဥစ္စာဓန၊ ဩဇာအာဏာ၊ ထင်ပေါ် ကျော်ကြားမှုနဲ့ ကာမဂုဏ်အာရုံဆိုတဲ့ အရာလေးမျိုးကို ရဖို့ အဓိကလိုအပ်တဲ့ လောင်စာဟာ လောဘပါပဲ။ ဒေါသ ကတော့ အဲဒီလေးမျိုးကို မရခင်ကလည်း မရလို့ ပူပန်ရတဲ့စိတ်၊ ရပြီးတော့လည်း ဆုံးရှုံးရမှာပူပင်ရတဲ့စိတ်၊ စိတ်အမျက်၊ သောကပရိဒေဝနဲ့ စိတ်ဓာတ်ကျခြင်း တို့ပါပဲ။ ဒီ စိတ်တွေဟာ အချိန်မရွေး ဆုတ်နစ်တဲ့အဖြစ်ကနေ အလျှံတညီးညီးလောင်နေတဲ့ ဖျက်ဆီးလိုတဲ့ ဘက်ကို ကူးပြောင်းသွားနိုင်ပါတယ်။ မောဟ ကတော့ အဲဒီ အရာလေးမျိုးကို ရယူပိုင်ဆိုင်ချင်တဲ့ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်စိတ်နဲ့ ယှဉ်ပြိုင်အနိုင်ယူလိုစိတ်၊ ရပြီးတဲ့အခါမှာ ဖြစ်လာတဲ့ မာန၊ ကိုယ့်မှာ ရှိတဲ့အရာကိုလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်သတ်မှတ်လိုတဲ့စိတ်ပါပဲ။ အခုခေတ် လူတွေသန္တာန်မှာ လွှမ်းမိုးပိတ်ဖုံးနေတဲ့ အဲဒီစိတ်တွေထဲမှာ ကိုယ့်တန်ဖိုးကိုယ်မမြင်တာ၊ အဲဒီအရာလေးမျိုးကို မရလို့ ကိုယ့်ကိုယ်ကိုယ် မနေပျော်ဘူးလို့မြင်တာ၊ သူတပါးတွေရတာမြင်တဲ့အခါ မုဒိတာမပွားနိုင်ဘဲ မရှုစိမ့်တာလည်း ပါပါတယ်။ 

ဆယမ်မှာတော့ တဏှာဟာ လူတဦးချင်းစီအနေနဲ့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စံနှုန်းတွေကို တွယ်ငြိ ရုံတင်မက နိုင်ငံအနေနဲ့ လူ့အဖွဲ့အစည်းအဖြစ်နဲ့ပါ အမြစ်တွယ်သွားပါတယ်။ အဲဒီ ရေသောက်မြစ်ကနေ သီးပွင့်လာတာတွေကတော့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်၊ နိုင်ငံဖြတ်ကျော်ကော်ပိုရေးရှင်းကြီးတွေက ထိန်းချုပ်ထားတဲ့ မီဒီယာတွေ၊ ချမ်းသာသူတွေကို မျက်နှာကြီးရာ ဟင်းဖတ်ပါပေးနေတဲ့ အစိုးရလက်တံ ယန္တရားတွေပါပဲ။ ဒါကိုတော့ စနစ်ဖွဲ့စည်းပုံအရ အကြမ်းဖက်မှု (structural violence) လို့ ခေါ်ပါတယ်။ အဲဒီလို စနစ်ဖွဲ့စည်းပုံအရ အကြမ်းဖက်မှု နောက်ပုံစံတမျိုးက စက်မှုကုန်ထုတ်လုပ်တဲ့စနစ်ပါပဲ။ အဲဒီ စနစ်ဟာ သဘာဝသယံဇာတာ ရင်းမြစ်တွေကို လက်ကုန်နှိုက်ထုတ်ပြီး အလွန်အကြူး ထုတ်လုပ် ပါတယ်။ လူတွေကို ဝယ်ခိုင်းပါတယ်။ ဂေဟစနစ်မှာ ပါတဲ့ တခြားသော သက်ရှိသက်မဲ့တွေကို ဂရုမစိုက်ပါဘူး။ 

များများထုတ် များများသုံးဝါဒ နဲ့ အရင်းရှင်စနစ်တွေဟာ လောဘရဲ့ ကိုယ်မှာ ဝတ်ထားတဲ့ နောက်ဆုံးပေါ် ဖက်ရှင်ပါပဲ။ အရင်းရှင် စနစ်ဟာ ဈေးကွက်ကြီးထွားမှုအပေါ် အားပြုတယ်။ သုံးပြီးရင်း သုံးချင် ဝယ်ချင်နေတဲ့ ဈေးဝယ်သူတွေ မရှိဘဲ အလုပ်မဖြစ်ပါဘူး။ လူတိုင်းဟာ ဈေးကွက်အပေါ် လုံးဝအမှီပြုလာကြရတယ်။ အဲဒီ ဈေးကွက်ဆိုတာဟာ ‘လွတ်လပ်’ တယ်ဆိုပေမဲ့ မျှတော့ မမျှတပါဘူး။ ဆင်းရဲချမ်းသာကွာဟမှု ကြီးသထက် ကြီးလာတာက ဒါရဲ့ ပြယုဂ်ပါပဲ။ အရှေ့တောင်အာရှတလွှားကို ကြည့်ရင် ပြည်သူတွေဟာ တပိုင်တနိုင် စိုက်မွေးထုတ်လုပ်မှု စနစ်ကနေ စီးပွားဖြစ်သီးနှံထုတ်တဲ့စနစ်ဖြစ်ဖြစ်၊ မြို့ပြအလုပ်သမား လူတန်းစား ဘဝကိုဖြစ်ဖြစ် ကူးပြောင်းအောင် သွေးဆောင်ခံနေရပါတယ်။ ဒီနည်းနဲ့ လောဘအစေ့တွေကို ရေလောင်းပေး ခံနေရတယ်။ သူတို့မှာ သူတို့ထုတ်တဲ့ကုန်ရဲ့ဈေးနှုန်း၊ လုပ်အားခ၊ ဒါမှမဟုတ် လုပ်ငန်းခွင်အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်ပိုင်ခွင့် မရှိပါဘူး။ အခြေခံ စားဝတ်နေရေးအတွက်တောင် ရုန်းကန်ကြရတယ်။ မသိစိတ်ထဲမှာ မလုံခြုံမှုက နက်သထက် နက်လာတဲ့အထိပဲ။ အဲဒီ မလုံခြုံစိတ်ဟာ များများထုတ် များများသုံး ဓလေ့ရဲ့ အမြစ်မှာ ရှိနေတဲ့ ကြောက်စရာကောင်းတဲ့စိတ်မျိုးစေ့ အပင်ပေါက်ရာနေရာပါပဲ။ ‘ငါ့မှာတော့မရှိပါလား မပိုင်ဆိုင်ပါလား’ ဆိုတဲ့ စိတ်မျိုးပါ။ 

ထိုင်းပင်လယ်ကမ်းရိုးတန်းမှာဆိုရင် ထိုင်းတံငါတွေဟာ မျိုးဆက်နဲ့ချီပြီး လှေကလေးနဲ့ ရိုးရိုးပိုက်ကွန်လေး တွေနဲ့ပဲ ငါးဖမ်းလာခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဘန်ကောက်မှာ အခြေစိုက်တဲ့ ကုမ္ပဏီကြီးတွေ ပိုင်တဲ့ ငါးဖမ်းစက်လှေကြီးတွေဟာ အဆင့်မြင့် ငါးဖမ်းနည်းတွေ၊ ကိရိယာတွေသုံးပြီး ငါးတွေ ကြောက်ခမန်းလိလိ ဖမ်းလာလိုက်တာ ဆင်းရဲတဲ့ တံငါသည်ရေလုပ်သားတွေဟာ ခုဆို ဖမ်းစရာငါး မရှိတော့လို့ ဆင်းရဲငတ်ပြတ် နေကြရပါတယ်။ လွတ်လပ်တဲ့ဈေးကွက် ဆိုတဲ့ စနစ်ဖွဲ့စည်းပုံအရအကြမ်းဖက်ခြင်းရယ်၊ ကုမ္ပဏီကြီးတွေရဲ့ အဓမ္မလောဘရယ် ပေါင်းပြီး နင်းပြားအများအပြားရဲ့ ထမင်းလုပ်ကို ပုတ်ချကြတဲ့ ဖြစ်အင်ပါ။ 

ဒေါသအကြောင်း ဆက်ပြောပါမယ်။ ဩဇာ အာဏာကို တရှိုက်မက်မက် တောင့်တစိတ်နဲ့ ဒေါသနဲ့ ဆက်စပ်ပါတယ်။ ငါ့မှာ ဒါတွေမရှိဘူးဆိုတဲ့ စိတ်က ပိုပြင်းထန်တာနဲ့အမျှ ဟိုဟာသည်ဟာတွေ လိုချင် တပ်မက်စိတ်က ပြင်းထန်လာပါတယ်။ အစပိုင်းမှာတော့ ရှင်သန်ရပ်တည်ရုံမျှသာပဲ ဆိုပေမဲ့ နောက်ပိုင်းမှာတော့ သူများသုံးသလို လိုက်သုံးချင်၊ လိုက်ဝယ်ချင်တဲ့ စိတ်ဖြစ်လာပါတယ်။ ရယူတာ၊ ယှဉ်ပြိုင်တာနဲ့ အမုန်းတရားတို့ကြားမှာ ပြတ်သားတဲ့မျဉ်းရှိပါတယ်။ နိုင်ငံအဆင့် ကြည့်မယ်ဆိုရင် ဒေါသ ကနေ မမျှတတဲ့ ဖွဲ့စည်းမှုဆီကို ရောက်ပါတယ်။ အဲဒီ မမျှတတဲ့ဖွဲ့စည်းမှုက အရင်းရှင်စနစ်ကို ပံ့ပိုးပေးရုံ မက စစ်ပွဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အားပေးတယ်။ ဆယမ်မှာရှိတဲ့ နိုင်ငံဖြတ်ကျော် ကော်ပိုရေးရှင်းကြီးတွေဟာ ပြည်သူတွေရဲ့ တကယ့်လိုအပ်ချက် ဘာတွေလဲဆိုတာ မသိချင်သလို တာဝန်ခံမှုလည်း မရှိသလောက်ပါပဲ။ သူတို့မျက်စိထဲမှာ ပြည်သူတွေဟာ သူတို့ကုန်စည်တွေကိုဝယ်မဲ့ ဈေးဝယ်စားသုံးသူတွေပါပဲ။ သာဓကအနေနဲ့ ဘန်ကောက်အနားက ဆူဇူကီးကားကော်ပိုရေးရှင်း စက်ရုံ တစ်ခုဟာ ၁၉၉၇ ခုနှစ် စီးပွားရေးကျဆင်းမှုကို အခွင့်ကောင်းယူပြီး အလုပ်သမားရှစ်ထောင်ကို အလုပ် နားလိုက်တယ်။ အကြောင်းပြချက်ကတော့ စက်ရုံဆက်လက် တည်တံ့နိုင်ရေးပေါ့။ တကယ်ကတော့ သူတို့က လူအားအများကြီးလိုတဲ့ စက်တွေနေရာမှာ လူနည်းနည်းသာလိုတဲ့ စက်အသစ်တွေနဲ့ အစားထိုးချင်လို့ပါ။ အလုပ်သမားတွေနဲ့ ပြဿနာဖြစ်တော့ ဆယမ်အစိုးရက ဂျပန်ကားကုမ္ပဏီဘက်က ရပ်ပါတယ်။ ပြည်သူဘက်က ရပ်ရင် ဆယမ်ကနေ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားတာ ပြန်ထွက်သွားမှာ စိုးလို့ပါ။ 

မောဟအကြောင်း ပြောပါမယ်။ ခုခေတ်မှာ ကုန်ပစ္စည်းကြော်ငြာနည်းတွေက တိုးတက်ဆန်းပြားလာပါတယ်။ တခုရှိရင် နှစ်ခု၊ နှစ်ခုရှိရင် သုံးခု စသဖြင့် အတောမသတ်အောင် လိုချင်ခိုင်း၊ ရလာတဲ့အခါ ကျေနပ်ခိုင်းတဲ့ နည်းနဲ့ လူတွေရဲ့ လောဘကိုတိုးအောင် လုပ်တယ်။ အမြင်တွေဝေဝါးအောင် လုပ်ပါတယ်။ လူတယောက်ရဲ့ အခြေခံလိုအပ်ချက်စာရင်းဟာ အမြီးရှည်ပြီးရင်း ရှည်လာတယ်။ ဇိမ်ခံပစ္စည်းတွေဟာ တဖြည်းဖြည်းနဲ့ မရှိမဖြစ် အခြေခံပစ္စည်းလို ဖြစ်လာကြတယ်။ ဆယမ်နဲ့ မြန်မာပြည်တို့မှာဆိုရင် အရင်က မုန့်ထည့်ရာမှာ ငှက်ပျောရွက်၊ ဖက်ရွက်ကို သုံးတယ်။ အခု ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်က အစားထိုးသွားပါပြီ။ အရင်က ပုဆိုးထဘီ လုံချည်တွေကို ဝတ်ရာက အခု ဂျင်းကိုပဲ စမတ်ကျတယ်လို့မြင်ပြီး ပြောင်းဝတ်ကြပြီ။ မိသားစုတစုမှာ အခုဆို တီဗီရှိမှ၊ ရေခဲသေတ္တာရှိမှ၊ မော်တော်ဆိုင်ကယ်ရှိမှ ဖြစ်လာကြပြီ။ တခြားဟာတွေ ရှိပါသေးတယ်။ 

အဲဒါတွေ အဲဒီလိုရှိလာတော့ ပြီးပြီလားဆို မပြီးသေးပါဘူး။ ဘာတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ လိုနေသေးတယ်လို့ပဲ ခံစားနေရတုန်းပါပဲ။ အဲဒီလို လူတွေရဲ့ ဘယ်လောက်ရရ မကျေနပ်တဲ့ အခြေခံစိတ်ကို အရင်းရှင်စီးပွားရေးစနစ်က အသုံးချပါတယ်။ အမှန်ကိုမမြင်မှုတွေထဲ အဲဒီဖြစ်စဉ်ကြီးဟာ ကောင်းတယ်၊ ဒါဟာ တိုးတက်ခြင်းဖြစ်တယ်လို့ မြင်တဲ့အမြင်မှားလည်း ပါနိုင်ပါတယ်။ နောက်ပြီး ဆယမ်ရဲ့ ခေတ်သစ်ပညာရေးစနစ်နဲ့ မီဒီယာတို့ကလည်း အဲဒီ အမှန်ကိုမမြင်မှု (မောဟ) ကိုပဲ ထပ်မီးထိုးပေးပြန် ပါတယ်။ လူငယ်တွေရဲ့စိတ်ထဲမှာ ဒါနစာဂတရား၊ ကရုဏာတရား၊ သဘာဝတရားအပေါ် အကြမ်းမဖက်မှု အဟိံသာ တရားဆိုတဲ့ ဗုဒ္ဓဘာသာအခြေခံတန်ဖိုးစံတွေကို အထင်သေးလာကြပြီး ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်တယ်၊ တဦးနဲ့တဦး သူ့ထက်ငါ သာအောင်ယှဉ်ပြိုင်လာကြတယ်၊ ငါနိုင်သူရှုံး စိတ်ဓာတ်တွေဖြစ်လာကြတယ်။ လူကြီးသူမတွေကို နေရာဖယ်ပြီး ရုပ်မြင်သံကြားနဲ့ တခြား အပေါစား မီဒီယာတွေက အိမ်ဦးခန်း ရောက်လာကြတယ်။ နယ်စွန်နယ်ဖျားအကျဆုံး ထိုင်းရွာတွေမှာတောင် လူတွေဟာ ညရောက်လို့ရှိရင် ဝိုင်းဖွဲ့ထိုင် စကားမပြောကြတော့ဘဲ တီဗီရှေ့ထိုင်ပြီး ဘန်ကောက်နောက်ခံပြု ဖျော်ဖြေရေးဇာတ်လမ်းတွဲတွေ၊ ဟောလီးဝုက လာတဲ့ အတိုက်အခိုက် အသတ်အဖြတ် ရုပ်ရှင်ကားတွေကို ခေါင်းတမော့မော့ လုပ်ကြပါတော့တယ်။ 

တကယ်လည်း တဏှာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ လူ့သမိုင်းစကတည်းက ခေတ်တိုင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ ရှိခဲ့တဲ့ တရားပါ။ ဒါပေမဲ့ အတိတ်မှာဖြစ်ဖြစ် အခုခေတ်ဖြစ်ဖြစ် များများထုတ် များများသုံးစနစ်ထဲ ရောက်မနေသေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ လူတွေဟာ တဏှာကို လျော့ပါးအောင် လုပ်ရမယ်ဆိုတာ သဘောပေါက်ကြပါတယ်။ တဏှာကြောင့် မိမိ၊ သူတပါး၊ တောတောင်ရေမြေတွေ ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်ရမယ်ဆိုတဲ့ ဘဝအသိရှိကြတယ်။ ဒီကနေ့ခေတ်မှာတော့ ကျန်ယဉ်ကျေးမှုဓလေ့တွေအကုန်လုံးကို အနိုင်ယူပြီး ပြိုင်ဘက်ကင်း ဖြစ်နေတဲ့ များများထုတ် များများသုံးယဉ်ကျေးမှုမှာ တဏှာကို၊ လောဘကို အမွှမ်းတင်ကြ၊ ချီးကျူးကြ၊ သူကောင်းပြုကြပါတယ်။ ပျော်ရွှင်မှုကို ရဖို့ တဏှာကို ပါးအောင်လုပ်ခိုင်း၊ ပယ်သတ်ခိုင်းတဲ့ ဗုဒ္ဓတရားတော်တွေနဲ့တော့ လောဘအားပေး အရင်းရှင်စီးပွားရေးစရိုက်က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာပါပဲ။


အထက်ပါ ညီမျှခြင်းကိုကြည့်ရင် ပျော်ရွှင်မှုကို ရဖို့နည်းနှစ်နည်း ရှိပါတယ်။ တဏှာအလိုအတိုင်း မကြာခဏ လိုက်ခြင်းကနေ ပျော်ရွှင်မှုကို ရနိုင်သလို တဏှာကို ပါးအောင်လုပ်ခြင်းဖြင့်လည်း ပျော်ရွှင်မှုကို ရနိုင်ပါတယ်။ များများထုတ် များများသုံး ဝါဒကတော့ တဏှာနောက်ကို တကောက်ကောက် လိုက်ခိုင်းပြီး ဗုဒ္ဓတရားကတော့ တဏှာကိုပါးအောင် လုပ်ခိုင်းပါတယ်။ ဗုဒ္ဓတရားအရ တဏှာဟာ သောက်လေသောက်လေ ငတ်မပြေတဲ့ ဆားငန်ရေလိုပါပဲ။ ‘တဏှာထက်ကြီးသော မြစ်မရှိ’ လို့ ဗုဒ္ဓက ဟောဖူးပါတယ်။ ဘယ်လောက် ရရ မကျေနပ်နိုင်ပါဘူး။ မာရ်နတ်ရဲ့ ကျော့ကွင်းမိပြီး တဏှာကိုပွားအောင် လှုံ့ဆော်နေတဲ့ လူ့အဖွဲ့အစည်းတခုမှာ စာရင်းချုပ်ရင် နိုင်သူက နည်းနည်းပါ။ အများစုက အရှုံးကိုပဲရင်ဝယ်ပိုက်ရတာပါ။ နိုင်သူတွေဆိုတာကလည်း တကယ် အမှန်နိုင်သူမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ရလေရလေအိုတစ္ဆေလမ်းမထက် လျှောက်တဲ့အခါမှာ သူတို့ဟာ ဖိနှိပ်သူတွေဖြစ်လာကြပြီး လူအမြောက်အမြား သူတို့ကြောင့် ဒုက္ခဆင်းရဲရောက်ကြရလို့ပါ။ ကိုလိုနီနယ်ပယ် ချဲ့ထွင်၊ စက်မှုကုန်ထုတ်စနစ်ထွန်းကား၊ လူနေမှုအဆင့်ဖွံ့ဖြိုးတိုးတက်၊ ကမ္ဘာကြီးရွာလိုဖြစ်လာ ဆိုတဲ့ ဖြစ်စဉ် မှာ တဏှာဟာ စနစ်ဖွဲ့စည်းပုံအရ အကြီးစား အကြမ်းဖက်မှုကြီးကို မောင်းနှင်ထိန်းကျောင်းသူပါပဲ။

ဆယမ်နိုင်ငံကို ကြည့်မယ်ဆိုရင် အဆင့်ဆင့်ကျွန်ပြုကုပ်သွေးစုပ်တဲ့ ဖြစ်စဉ်ကို မြင်နိုင်ပါတယ်။ ဘန်ကောက် အခြေပြုလူတန်းစားအလွှာဟာ ကျန်တပြည်လုံးက လူတွေအပေါ် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ လွှမ်းမိုးခြယ်လှယ်၊ အမြတ်ထုတ်၊ ကျွန်ပြုတာပါပဲ။ ဒါဟာ ဗုဒ္ဓဘာသာတန်ဖိုးတွေ ထွန်းကားအောင် ငြိမ်းချမ်းစွာအားပေးနေတဲ့ စနစ်မဟုတ်ပါဘူး။ ဒါဟာ တဏှာကို လောဘ၊ ဒေါသ၊ မောဟ မျက်နှာစာသုံးရပ်မှာ ချဲ့ထွင်ပေးနေတဲ့ အကြမ်းဖက်တဲ့ (ဝိဟိံသာ) စနစ်ပါ။ ကျွန်တော်တို့ရဲ့ ဆရာ ဆုလက် ဆီဝရက်ဆက ဒီအရင်းရှင်လမ်းကြောင်းကြီးကို ကျင့်ဝတ်နဲ့မညီဘူးလို့ ဝေဖန်တိုက်ခိုက်ဖူးပါတယ်။ 

သိပ္ပံပညာနဲ့ နည်းပညာက အရာအားလုံးကို ဖြေရှင်းပေးလိမ့်မယ်လို့ လူတွေက ယုံကြည်ကြပါတယ်။ ရှိသူကပိုရှိ၊ မရှိသူကလည်း ရှိလာကြလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလမ်းစဉ်ကို ကျွန်တော် မယုံပါဘူး။ ဒါကို ကျွန်တော်ကတော့ ဥရောပဗဟိုပြုလမ်းစဉ်လို့ ခေါ်ပါတယ်။ ဒီလမ်းစဉ်ဟာ ခုခေတ်မှာ ဩဇာအလွှမ်းမိုးဆုံး ဖြစ်လာပါတယ်။ ဘာလို့ဆိုတော့ လူ့အခွင့်အရေး၊ လွတ်လပ်မှု၊ တကိုယ်တော်ဝါဒ၊ အဆင်ပြေသက်သာမှု၊ နည်းပညာ ဘယ်ကဏ္ဍကိုကြည့်ကြည့် အအောင်မြင်ဆုံး မှတ်တမ်းတွေ ရှိလို့ပါ။ ဒီလမ်းစဉ်အတိုင်း လိုက်လျှောက်ရာမှာ ဂျပန်ဆိုရင် ဥရောပနဲ့ မြောက်အမေရိကထက်တောင် သာနေပါပြီ။ 

ကျွန်တော်ကတော့ ဒီလမ်းစဉ်ဟာ သန္ဓေမှာကိုက မှားနေတယ်လို့ မြင်တယ်။ သူက ကောင်းတာတွေ ဖန်တီးပေးတယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမဲ့ ကျင့်ဝတ်မဲ့နေတဲ့အတွက် မှားနေပါတယ်။ ချမ်းသာသူက ပိုချမ်းသာတယ်ဆိုတာ ဆင်းရဲသားတွေကို အမြတ်ထုတ်ပြီးမှပါ။ သဘာဝရင်းမြစ်တွေ ပျက်စီးသွားပြီးမှပါ။ အမေရိကန်ပြည်ထောင်စုကို ကြည့်ပါ။ သူတို့ဆီမှာ ကမ္ဘာ့ရင်းမြစ်တွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို သုံးနေတဲ့ ကမ္ဘာ့လူဦးရေရဲ့ ၆ ရာခိုင်နှုန်းရှိတယ်။ ဂျပန်ကလည်း ဒီလမ်းအတိုင်း ဦးတည်နေတယ်။ ချမ်းသာသူတွေ ပိုချမ်းသာလာမှာ ဖြစ်သလို ဆင်းရဲတဲ့သူတွေကလည်း တိုးပွားလာမှာပါပဲ။ ဒါ့ထက်ဆိုးတာက ဘာလဲ ဆိုတော့ ချမ်းသာတဲ့သူတွေကိုယ်တိုင်က မပျော်ရွှင်ကြပါဘူး။ ဒီစီးပွားရေးမိုဒယ်ဟာ ကျင့်ဝတ်အရရော၊ ဓမ္မအရရော မှားနေပါတယ်။ ဘာလို့လဲဆိုတော့ လူတွေရဲ့ သန္တာန်မှာ မငြိမ်းချမ်းနိုင်သေးလို့ပါ။ ဒါကြောင့် ဒီ မိုဒယ်ကို ကျွန်တော် ဝေဖန်ရခြင်းဖြစ်ပါတယ်။

ဆုလက် ဆီဝရက်ဆ (Sulak Sivaraksa)


တဏှာဟာ တကမ္ဘာလုံးကို ကူးစက်သွားတာနဲ့အမျှ ဒုက္ခဟာလည်း များများထုတ် များများသုံးဝါဒပျံ့နှံ့မှုနဲ့ အတူ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြီးမားမြင့်တက်သွားခဲ့ပါတယ်။ လူတွေရဲ့သန္တာန်မှာ တဏှာကြီးစိုး တာနဲ့အမျှ လူ့အဖွဲ့အစည်းတခုလုံးရဲ့ တဏှာကလည်း လိုက်ကြီးလာပြီး လက်ရှိ လူ့အဖွဲ့အစည်းရဲ့ ဆင်းရဲဒုက္ခတွင်းထဲကို တွေကို မကြုံစဖူး ဖြည့်ပြီးရင်းဖြည့်ပေးတယ်ဆိုတာ ဗုဒ္ဓဘာသာရှုထောင့်က ကြည့်ရင် ထင်ရှားပါတယ်။ 

တခြားနည်းလမ်းများကို စဉ်းစားခြင်း 

ခုတော့ တတိယအရိယသစ္စာကို ရောက်လာပါပြီ။ ဗုဒ္ဓဘာသာအရ ငြိမ်းအေးခြင်းနှင့် သုခချမ်းသာ ခံစားရခြင်း (သန္တိသုခ) ကို ရရှိတယ်ဆိုတာဟာ ဘဝနဲ့လူ့အသိုင်းအဝိုင်းအတွင်းက ကောင်းကျိုးမပေးတဲ့စိတ် (အကုသလ) တွေကို လျှော့ချပြီး ကောင်းကျိုးဖြစ်စေတဲ့ (ကုသလ) စိတ်တွေ ဖွံ့ဖြိုးအောင် အားပေးတာပါပဲ။ တနည်းပြောရရင် လူ့အဖွဲ့အစည်းကို လက်ရှိမှာ လွှမ်းမိုးနေတဲ့ အာရုံခံပစ္စည်းတွေနောက်ကို လိုက်ပြီးရင်းလိုက်လိုတဲ့စိတ် (လောဘ)၊ အလိုမပြည့်လို့ဖြစ်ဖြစ် ရပြီးသားကိုဆုံးရှုံးရမှာစိုးလို့ပဲဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ စိတ်ဖိစီးမှု (ဒေါသ) နဲ့ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တဲ့၊ ငါနိုင်ပြီးသူရှုံးရမယ်ဆိုတဲ့စိတ် (မောဟ) တွေကို ဖယ်ရှားရပါမယ်။ ရှိတဲ့သူတွေက မရှိသူတွေနဲ့ ဝေစားမျှစားနေလိုစိတ် (အလောဘ)၊ လူလူချင်း ချစ်ခင်သနားကြင်နာစိတ် (ကရုဏာ)၊ ပူးပေါင်းဆောင်ရွက် လိုစိတ်၊ အသိုင်းအဝိုင်းနဲ့ ကိုယ်နဲ့ကြားမှာကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေတတ်တဲ့စိတ် တွေကို တိုးပွားအောင် လုပ်ပေးရမယ်။ တဦးချင်းအနေနဲ့ရော၊ နိုင်ငံအဆင့်မှာပါ ထွန်းကားအောင် အားပေးရမယ်။ 

ခုနစ်ဆယ်ပြည့်လွန်နှစ်များရဲ့ လက်ဝဲ လက်ယာ လွန်ဆွဲမှုကာလတုန်းက အရှင်ဗုဒ္ဓဒါသဟာ လက်ရှိ ဖွံ့ဖြိုးရေးလမ်းစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အဲဒီလမ်းစဉ်ဟာ သောကလမ်း၊ ပြဿနာ အမှိုက်တွေ ပြည့်နေတဲ့ လမ်းပဲလို့ သူက ဆိုပါတယ်။ လူ့အဖွဲ့အစည်းတခုလုံးအနေနဲ့ သံဃာ့အဖွဲ့အစည်းကို နမူနာယူပြီး တည်ဆောက်ရမယ်လို့ အဆိုပြုတယ်။ ဓမ္မနဲ့ညီတဲ့ ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ ဝေါဟာရကို တီထွင်ပြီး လက်ရှိ လမ်းစဉ်နေရာမှာ အစားထိုးလျှောက်လှမ်းဖို့ တင်ပြတယ်။ ဒီလမ်းစဉ်သစ်ကို တင်ပြရာမှာ စကားအနေနဲ့၊ သီအိုရီ အနေနဲ့သာမဟုတ်ဘဲ စွမ်မောက် (လွတ်မြောက်ခြင်းဥယျာဉ်) မှာ ရဟန်း သီလရှင်တွေအတွက် စံနမူနာ နေပြပြီး လက်တွေ့ကျင့်သုံးပြခဲ့တယ်။ မာ့က်စ်ဝါဒနဲ့ မတူတာက ဓမ္မဆိုရှယ်လစ်လမ်းစဉ်ဟာ လူသားတွေကို သဘာဝ ဂေဟစနစ်ကြီးထဲက ခွေးသွားစိတ်တခုလို့ပဲ မြင်ပြီး လောကကို လွှမ်းမိုးအနိုင်ယူ ခြယ်လှယ်ဖို့မဟုတ်ဘူး။ ဒါကြောင့်မို့ လူသားတွေအနေနဲ့ အသုံးအဆောင်ပစ္စည်းအနည်းဆုံးနဲ့ အရိုးရှင်းဆုံးဘဝမှာ နေပြီး သန္တာန်မှာရှိတဲ့ ဗုဒ္ဓသဘာဝကို ပျိုးထောင်ပေးတဲ့နေရာမှာ စွမ်းအင်တွေကို ပိုအသုံးချရမယ်။ 

ဆရာတော် ဗုဒ္ဓဒါသရဲ့ ဓမ္မဆိုရှယ်လစ်အမြင်အရ လူတဦးချင်းစီကို ဖွံ့ဖြိုးတိုးတက်စေမယ့် ပတ်ဝန်းကျင်ကောင်း တခုကို လူ့အဖွဲ့အစည်းက ဖန်တီးပေးရမှာ ဖြစ်တယ်။ ဒါမှလည်း လူတဦးချင်းစီဟာ လူပီသတဲ့လူတွေ ဖြစ်လာ ကြမယ်။ ဆရာတော်ဟာ ဥစ္စာဓနနဲ့ ဩဇာအာဏာနောက်ကို လိုက်မယ့်အစား “ရိုးရိုးကျင့် မြင့်မြင့်ကြံ” ဆိုတဲ့ ဆောင်ပုဒ်ကိုသာ ဦးစားပေးလမ်းပြခဲ့တယ်။ အဲဒီလိုနေနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလေ့ကျင့်ရမယ်၊ ဘာဝနာ ဘယ်လိုပွားရမယ်ဆိုတဲ့ အသေးစိတ်ကျင့်စဉ်တွေကို ဆရာတော်က ဟောကြားပြသခဲ့ပါတယ်။ လွတ်လပ်တဲ့စိတ် နဲ့အတူ ကမ္ဘာကြီးကို ဘယ်လိုရှုကြည့်မြင် ရမလဲဆိုတဲ့ နည်းလမ်းတွေကို ချပြခဲ့ပါတယ်။ ရုပ်ဝတ္ထုတွေနောက် တပူပင်ပင်နဲ့ လိုက်နေရတဲ့ ဘဝမျိုးထက်စာရင် သင့်တင့်မျှတရုံပဲ ပိုင်ဆိုင်ပြီး ခြိုးခြိုးခြံခြံနေတဲ့ ဘဝမျိုးက လူတယောက်ကို လူပီသလာစေဖို့ရာ ပိုပြီးကူညီပေးနိုင်တယ်လို့ ဆရာတော်က ရှုမြင်ပါတယ်။

ဆရာကြီး ဆုလက် ဆီဝရက်ဆဟာလည်းပဲ လက်ရှိဖွံ့ဖြိုးရေးလမ်းစဉ်နဲ့ မတူတဲ့ လမ်းစဉ်သစ်ကို ချပြခဲ့သူပါ။ ဆရာ ဆုလက်ရဲ့ လမ်းစဉ်ကို ဆရာတော်ဗုဒ္ဓဒါသရဲ့လမ်းစဉ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဆရာတော်ဟာ တောမှီ ရဟန်းဘဝနဲ့ပဲ ပရိယတ္တိ၊ ပဋိပတ္တိတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဆရာဆုလက်ကကျတော့ ၁၉၅၀ ပြည့်နှစ်များ အတွင်း ယူနိုက်တက်ကင်းဒမ်း (ဗြိတိန်) နိုင်ငံမှာ ပညာသင်ယူခဲ့ရင်း အနောက်တိုင်းသားတွေရဲ့ ချဉ်းကပ်စဉ်းစားပုံနဲ့ ရင်းနှီးခဲ့သူ ဖြစ်ပါတယ်။ များများထုတ် များများသုံးဝါဒကို စွန့်ခွာတဲ့ လမ်းစဉ်သစ်ကို စဉ်းစားရာမှာ ဆရာ ဆုလက်ရဲ့ လမ်းစဉ်ဟာ အနှစ်သာရအရ သိပ်မကွာပါဘူး။ ဆရာဆုလက်ဟာ ဆရာတော်ဗုဒ္ဓဒါသလို တောမှာမနေဘဲ များများထုတ် များများသုံးဝါဒရဲ့ ဗဟိုချက်မဖြစ်တဲ့ ဘန်ကောက်မှာ အခြေပြုတာသာ ကွာပါတယ်။ လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာ သံဃာကို စံထားပြီး တည်ဆောက်ရမယ်ဆိုတာလည်း တူပါတယ်။ ဆရာဆုလက်အမြင်မှာ သံဃာ့အဖွဲ့အစည်းဟာ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကြာအောင် တောက်လျှောက်တည်ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တန်းတူညီမျှမှုတို့ရဲ့ အကောင်းဆုံးစံနမူနာပါပဲ။ ဆင်းရဲနွမ်းပါးမှု၊ လူချမ်းသာတွေရဲ့ လူ့အဖွဲ့အစည်းအပေါ် အမြတ်ထုတ်မှုတို့ကို ဗုဒ္ဓဘာသာအနေနဲ့ အရေးတယူ အလေးအနက် စဉ်းစားရမယ်လို့ ဆရာ ဆုလက်က ဆိုပါတယ်။ ဆရာ့ရဲ့ စိတ်ကူးထဲက ဗုဒ္ဓဘာသာလူ့ဘောင်က ဘယ်လိုလဲဆိုတော့ တရားမျှတမှုရှိပြီး ထိရောက်တဲ့ အုပ်ချုပ်ရေးရှိမယ်။ အုပ်ချုပ်ရေးအာဏာကို ဗဟိုမှာပဲ မထားဘဲ ခွဲဖြာစီးဆင်းထားတယ်။ အဲဒီ လူ့ဘောင်မှာ ဆင်းရဲနွမ်းပါးမှုဆိုတာ မရှိဘူး။ လူတိုင်းဟာ ကိုယ်စားနိုင်သလောက်ပဲ ထုတ်လုပ်ကြပြီး ကျေနပ် ရောင့်ရဲ တင်းတိမ်ကြတယ်။ ရဟန်းတွေ၊ သီလရှင်တွေကတော့ လူဝတ်ကြောင်တွေရဲ့ ပိုလျှံတဲ့အထဲက ထောက်ပံ့သမျှနဲ့ ကျေနပ်နေထိုင်ကြမယ်။ အဲဒီကနေမှ ဘိက္ခုသံဃာရဲ့ ဘဝမျိုးနဲ့ ဓမ္မလမ်းစဉ်ကိုလျှောက်လှမ်းပုံ မျိုးကို နည်းမှီပြီး အားကျအတုယူကျင့်သုံးကြမယ်။ 

ဆရာတော် ဗုဒ္ဓဒါသနဲ့တူတဲ့အမြင်တခု ဆရာဆုလက်မှာလည်း ရှိပါတယ်။ အဲဒါကတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ရေးနဲ့ တရားမျှတရေးတို့ကို အားဖြည့်ကူညီတဲ့အပိုင်းမှာ တထောင့် တနေရာက ပါဝင်ချင်တယ်ဆိုရင် လုပ်ရမှာက များများထုတ် များများသုံး ဧကဓလေ့ရယ်၊ အဲဒီ ဓလေ့ကို ထောက်ပံ့ထားတဲ့ အကြမ်းဖက်လူမှုအဆောက်အအုံရယ်ကို မေးခွန်းထုတ်ရမယ် ဆိုတာပါ။ များများထုတ် များများသုံးဝါဒ လုံးဝကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဘယ်လိုထူထောင်ရမယ်ဆိုတဲ့ မြေပုံကြမ်းတော့ မရှိပေမဲ့ ဗုဒ္ဓ ထူထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းရဲ့ လက္ခဏာတွေဖြစ်တဲ့ လွတ်လပ်ခြင်း၊ ညီမျှခြင်း နဲ့ မိသားစုသဖွယ် အချင်းချင်း စောင့်ရှောက်ခြင်းဆိုတဲ့ တရားတွေကိုပဲ လောကီလူ့ဘောင်လူသားတို့ လိုက်နာစရာထုံးနည်းအနေနဲ့ ရှုမြင်ပါတယ်။ အတိတ်ကာလတုန်းက ထိုင်းတွေဟာ အဲဒီစံနှုန်းတွေကို လိုက်နာခဲ့ကြပေမဲ့ အခုတော့ လမ်းမှားကို လိုက်သွားကြပြီ။ များများထုတ် များများသုံးဝါဒနဲ့ အရင်းရှင်စီးပွားရေးစနစ်တို့ကို ထိပ်တိုက်ရင်ဆိုင်တဲ့နေရာမှာ ကိုယ်ရဲ့ရပ်တည်ချက် အထိုင်က ရှင်းရှင်းလင်းလင်း ရှိနေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ အဲဒီအတွက် ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ်ယာန်တွေ၊ မွတ်စလင်တွေအပါအဝင် တခြားဘာသာပေါင်းစုံနဲ့ ပေါင်းပြီး ပိုမိုမျှတတဲ့၊ ငြိမ်းချမ်းတဲ့ လူ့ဘောင်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ 

ဆရာဆုလက် စိတ်ကူးချပြတဲ့ ရေရှည်သွားနိုင်တဲ့ လမ်းစဉ်ဆိုတာဟာ အရင်းရှင်တွေပြောတဲ့ လူတဦးချင်း လွတ်မြောက်ကြီးပွားရေးဆိုတဲ့ သဘောမျိုးမဟုတ်သလို ကွန်မြူနစ်တွေပြောတဲ့ ဘုံပိုင်စနစ်ပဲဦးထိပ်ထားရမယ် ဆိုတဲ့ သဘောလည်း မဆောင်ပါဘူး။ အဲဒီ နှစ်မျိုးစလုံးမှာ အာဏာကိုအလွဲသုံးမယ့် အန္တရာယ်ကို သူ ကောင်းကောင်း သတိပြုမိပါတယ်။ 

“တချိန်ကတော့ မာ့က်စ်လမ်းစဉ်ဟာ ထွက်ပေါက်ပဲလို့ ထင်ခဲ့ကြဖူးတယ်။ ကံမကောင်း အကြောင်းမလှ စွာနဲ့ပဲ မာ့က်စ်ဝါဒကြီး ကျရှုံးသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ဆိုရှယ်လစ်ပန်းတိုင်ဖြစ်တဲ့ ညီမျှမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ လွတ်လပ်မှုတို့ကို ဗဟိုပြုရမယ့်အစား ကွန်မြူနစ်နိုင်ငံတွေဟာ နိုင်ငံတော်ချုပ်ကိုင် အရင်းရှင်စနစ်၊ အလုံးစုံအာဏာပိုင်စနစ်နဲ့ ဗဟိုဦးစီးချုပ်ကိုင်စနစ်တွေကို အသုံးပြုခဲ့လို့ပါ။”

လူတွေကို ပြုပြင်ပြောင်းလဲရာမှာ ရှိပြီးသား စနစ်ကို အိုင်ဒီယော်လော်ဂျီ အယူအဆတရပ် အထိုင်ကနေကြည့်ပြီးတော့မှ အမိန့်အာဏာနဲ့ ပြောင်းဖို့ကြိုးစားတာဟာ ဆရာဆုလက်အတွက်ကတော့ အဖြေမဟုတ်ပါဘူး။ လူတွေစိတ်နှလုံးကို ပြောင်းလဲဖို့ဦးတည်တာကမှ ပိုပြီး အဖြေနဲ့ပိုနီးစပ်တယ်လို့ မြ်ငပါတယ်။ ဗုဒ္ဓအလိုကျ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ လူတဦးချင်းစီကိုယ်၌က မိမိကိုယ်မိမိ အမှန်အတိုင်း သိမြင်နားလည်အောင် အားထုတ်ခြင်းနဲ့ အစပြုပါတယ်။ ဗုဒ္ဓဘာသာမှာ‌တော့ ဒါကို စိတ္တသိက္ခာလို့ ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ စိတ်ကိုစူးစမ်းလေ့လာသုံးသပ်ခြင်းပါ။ ဘာဝနာကမ္မဋ္ဌာန်းဟာ ဉာဏ်အလင်းရဖို့နဲ့ အသိကိန်းအောင်းဖို့မှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ပါ။ လူတဦး တိုးတက်ရေးအတွက် မိမိကိုယ်ကိုယ် မညှာတမ်းဝေဖန်တာ၊ အပြစ်ကိုမြင်အောင်ကြည့်တာဟာ အခရာကျတဲ့ လိုအပ်ချက်ပါ။ အဲဒီကမှ မိသားစု၊ ရပ်ရွာ၊ မြို့၊ နိုင်ငံဆိုပြီး အဆင့်ဆင့်ကို နားလည်လာမှာ ဖြစ်ပါတယ်။ စစ်မှန်ပြီး တာရှည်ခံတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ဆိုရင် လူတဦးချင်းစီမှာရော၊ လူ့အဖွဲ့အစည်းမှာရော အမြစ်တွယ်နေတဲ့ အဲဒီ အကုသိုလ်တရားတွေကို သတိပြုမိရမယ်၊ ပြောင်းလဲပစ်ရပါမယ်။ ပြောင်းလဲရာမှာ မျက်နှာစာနှစ်ဖက်ကနေ ချဉ်းကပ်ရပါမယ်။ တခုက လူ့အဖွဲ့အစည်းကို အထိုင်ပြန်ချဖို့ပါ။ နောက်တခုက အရင်းရှင်စနစ်ရဲ့ ပြိုးပြိုးပြက်ပြက်တွေမှာ သာယာနေပြီး များများထုတ် များများသုံးဝါဒရဲ့ ကျွန်ဖြစ်မှန်းမသိဖြစ်နေတဲ့ စိတ်တွေကို ခဝါချပစ်ဖို့ပါ။

လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်လောက်မှာ အာရှဒေသကို အနောက်တိုင်းရဲ့ မော်ဒန်ခေတ်ဆိုတာ စရောက်လာတော့ ဗုဒ္ဓဘာသာဝင်တွေအပါအဝင် ဉာဏ်ကြီးရှင်တွေ၊ တွေးခေါ်ရှင်တွေဟာ ရိုးရာ အတွေးအခေါ်တွေကို မော်ဒန်အယူအဆတွေနဲ့ ကိုက်ညီအောင် ပြန်စဉ်းစားကြ၊ ချိန်ညှိကြတယ်။ အနောက်ရဲ့ ကိုလိုနီအဖြစ်ကနေ အာရှနိုင်ငံတွေ လွတ်လပ်ချိန်မှာတော့ အာရှရဲ့ ထိပ်သီးအလွှာ (ခေတ်ပညာတတ်) ဟာ မိမိရိုးရာယဉ်ကျေးမှုတန်ဖိုးတွေအပေါ် ယုံကြည်မှုမရှိတော့ပါဘူး။ 

ထိုင်း ထိပ်သီးအလွှာဟာ အနောက်မှာပညာသွားသင်ခဲ့သူ သို့မဟုတ် ပြည်တွင်းမှာပဲ အနောက်ပညာရေးကို ရရှိခဲ့ကြသူတွေပါ။ သူတို့စိတ်ထဲ သူတို့လူမျိုး၊ သူတို့နိုင်ငံဟာ အနောက်ထက် သန္ဓေအရကို နိမ့်ကျပြီးသားလို့ ခံစားကြတယ်။ ဒါကြောင့် အနောက်မှာ နောက်ဆုံးပေါ်ဖြစ်နေတဲ့ အရာမှန်သမျှ လိုက်လုပ်တယ်။ ပင်မရေစီး အရင်းရှင်ဒီမိုကရေစီကို ဝေဖန်တဲ့ ဆိုရှယ်လစ်ဘရယ်တို့၊ ဆိုရှယ်ဒီမိုကရေစီတို့လိုမျိုး အတွေးအခေါ် ပိုင်းမှာတောင် အနောက်ကို သံယောင်လိုက်တယ်။ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက်တို့က အဲဒီ လမ်းကြောင်းကို မလိုက်လိုဘူး။ အပြောင်းအလဲအတွက်ဆိုရင် မော်ဒန်အယူအဆ၊ မော်ဒန် စနစ်ကမှ ပေတံမဟုတ်ဘဲ ဗုဒ္ဓရဲ့ဓမ္မအလင်းကိုသာ လူ့အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်အဖြစ် ရှုမြင်အသုံးပြုတယ်။ အတွေးအခေါ်ပိုင်းနဲ့ ယဉ်ကျေးမှုဓလေ့ပိုင်း အနောက်ရဲ့နယ်ချဲ့မှုကို ဆန့်ကျင်ရင်ဆိုင်ရာမှာလည်း သူတို့ နှစ်ယောက်က အရေးပါတဲ့ဦးဆောင်သူတွေပဲ။ ဒီဆရာနှစ်ယောက်ဟာ အာရှမှာ ရှေးကတည်းက ရှိခဲ့တဲ့ ဗုဒ္ဓဘာသာတန်ဖိုးစံ အခြေပြု လူ့အသိုင်းအဝိုင်းအပေါ် လူတွေပြန်လိုလားမြတ်နိုးလာအောင် ကြိုးပမ်းခဲ့ကြတယ်။

ဗုဒ္ဓတရားတော်အရ ဉာဏ်နုံ့သူ၊ ဉာဏ်ထက်သူ၊ ယောက်ျား၊ မိန်းမ၊ ဘယ်အသားအရောင်မဆို၊ ချမ်းသာ၊ ဆင်းရဲ၊ အာဏာရှိ အာဏာမဲ့၊ ဘာသာဝင်၊ ဘာသာမဲ့ လူတိုင်းရဲ့သန္တာန်မှာ ဗုဒ္ဓသဘာဝဟာ ရှိနေပြီးသားပဲ။ တန်ဖိုးရှိတဲ့ လူတယောက်ဖြစ်ဖို့ တခြားသူတယောက်နဲ့တူအောင် လိုက်လုပ်နေဖို့မလိုဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းဆိုတဲ့ ဟီရိဩတ္တပ္ပကို ဆိုလိုတယ်။ လူတွေဟာ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်တန်ဖိုးထားခြင်း ဆိုတဲ့ ဟီရိဩတ္တပ္ပကို အားနည်းအောင် လုပ်နေတဲ့ စနစ်ရှိတဲ့ လူ့အဖွဲ့အစည်းဟာ မကျန်းမာတဲ့ လူ့အဖွဲ့အစည်းပဲ။ ကိုယ်ဘာလဲဆိုတာကို ငြင်းပယ်လိုက်ရုံနဲ့ ကိုယ်ဟာ နဂိုအရှိထက် ခေါင်းတလုံး ပိုမြင့်မသွားဘူး။ ဒါဟာ ရိုးရာအစဉ်အလာတွေကိုပဲ ဖက်တွယ်ထားရမယ်လို့ မဆိုလိုဘူး။ ကိုယ့်ကိုယ်ကိုယ် ငါဟာ ဟိုလူမျိုး မဟုတ်ဘူး၊ ဟို လူတန်းစားမဟုတ်ဘူး၊ ယောက်ျားမဟုတ်ဘူး၊ မိန်းမမဟုတ်ဘူး၊ ဟိုဘာသာဝင်မဟုတ်ဘူး၊ ဟိုနောက်ခံကမဟုတ်ဘူး၊ ဟိုယဉ်ကျေးမှုကမဟုတ်ဘူးဆိုတဲ့ စဉ်းစားမှုမျိုးကို ဆိုလိုတာပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားပြီဆိုလို့ရှိရင် ကိုယ့်ရိုးရာအမွေထဲကဖြစ်ဖြစ်၊ အနောက်တိုင်းက လာတဲ့ မော်ဒန်အယူအဆ ယဉ်ကျေးမှုတွေက ဖြစ်ဖြစ် ကောင်းနိုးရာရာတွေကို သေချာလေ့လာ စူးစမ်းပြီး မွေးစားဆက်ခံတာမျိုး လုပ်နိုင်ပါတယ်။ အနာဂတ်အတွက် စဉ်းစားတဲ့နေရာမှာ နိုင်ငံရေးနဲ့ စီးပွားရေးကိုပဲ ဇောင်းပေးပြီး ကိုယ်ထည်ပိုင်း ပြောင်းလဲတာနဲ့ မရပါဘူး။ အနောက်တိုင်းရဲ့ ယဉ်ကျေးမှုအရကျွန်ပြုမှု သဘောကိုရော၊ ယဉ်ကျေးမှုကျွန်ဖြစ်တာကို သာယာတဲ့စိတ်ကိုရော အာရှသားတွေ မလိုချင်ဘူးဆိုရင် အာရှမှာ ယဉ်ကျေးမှု တော်လှန်ရေးအသစ်တခု ဆောင်ရွက်ဖို့ လိုနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် သူတို့လောက် မဖွံ့ဖြိုး သေးဘူး လို့စဉ်းစားမယ်၊ အနောက်ကိုပဲ အမီလိုက်ဖို့ကြိုးစားမယ်ဆိုရင် ဒါဟာ ကိုယ့်လက်ကိုယ်ခြေတွေကို ရိုက်ချိုးတာမျိုးနဲ့တူပါပဲ။ ဒါကို ရပ်တန့်ရပါမယ်။

ဒုက္ခလျှော့ချရေးလမ်းစဉ်ဆိုင်ရာ ဦးဆောင်ခြေလှမ်းများ

သမုဒယတဏှာ ပြဿနာကို ဖြေရှင်းရေးအတွက် ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ချပြခဲ့ပါတယ်။ ဒါဟာ စတုတ္ထအရိယသစ္စာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဒါသနဲ့ ဆရာဆုလက်တို့နှစ်ဦးစလုံးဟာ အရှေ့တောင်အာရှ ဒေသမှာ ဆင်းရဲဒုက္ခရဲ့အကြောင်းဖြစ်တဲ့ များများထုတ် များများသုံးစွဲဝါဒကိုပယ်ပြီး ဆောင်ရမယ့် လမ်းစဉ်တွေ ရှာဖွေ ဖော်ထုတ်ရာမှာ အဓိကကျသူတွေဖြစ်ပါတယ်။ ဆရာတော်ဗုဒ္ဓဒါသဟာ ထိုင်းသံဃာကြားမှာ အခိုင်အခံ့ နေရာယူနေတဲ့ ဓလေ့တွေကို ခုခံဆန့်ကျင်ပြတဲ့အနေနဲ့ စွမ်မောက်ကို တည်ထောင်ခဲ့သလို ဆရာတော့် စာတွေထဲကနေတဆင့်လည်း တခြားသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဆရာဆုလက်ဟာလည်း ဆရာတော်ရဲ့ လွှမ်းမိုးမှုခံရသူတဦးဖြစ်ပြီး ဆရာတော့်နည်းနာ လမ်းစဉ်တွေကို ချဲ့ထွင်စဉ်းစားပြခဲ့သူ ဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ စာတမ်းတွေ၊ စာအုပ်တွေ၊ ဟောပြောပွဲပေါင်းများစွာက တဆင့် လက်ရှိ သွားနေတဲ့ စနစ်ကိုဝေဖန်ခဲ့သလို လမ်းကြောင်းသစ်တွေကိုလည်း အဆိုပြုတင်ပြခဲ့ပါတယ်။ ဆရာ ဆုလက်ကတော့ ဦးဆောင်စည်းရုံးသူအနေနဲ့ ဆယမ်ရဲ့ခေတ်သစ် NGO တွေရဲ့ လမ်းသစ်ထွင်သူ အစပြုသူအဖြစ် ထင်ရှားပါတယ်။ နှစ်ပေါင်းလေးဆယ်ကြာ ဆရာ့ရဲ့ပေးဆပ်အားထုတ်မှုတွေထဲမှာ ပါတဲ့တခုအနေနဲ့ ဆရာဟာ လူမှုအကျိုးပြုဗုဒ္ဓဘာသာတရားအပေါ် အခြေခံပြီး အဖွဲ့အစည်းငယ်တွေကို ကွန်ရက်ချိတ်ဆက်တယ်။ အစုအဖွဲ့အမျိုးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ဆရာနဲ့ ဆရာ့လက်တွဲဖော်တွေ ဟာ အနောက်မှာခေတ်စားနေတဲ့ အမြင်သစ်၊ လမ်းစဉ်သစ်တွေကို လူသိများအောင်လုပ်ပေးတယ်။ မဟတ္တမ ဂန္ဓီ၊ အီး အက်ဖ် ရှူမေကာ၊ ဖရစ်ယော့ ကာပရာ၊ ထစ် နတ် ဟန်၊ ဒလိုင်လားမား၊ ဆာတစ်ရှ် ကုမာရ်၊ ပေါ်လို ဖရေး၊ ဟယ်လင်နာ နော်ဘက် ဟော့ဂျ် နဲ့ ဒေးဗစ် ကော်တန်တို့လို ပုဂ္ဂိုလ်တွေအကြောင်း ထိုင်းစာဖတ် ပရိသတ်သိအောင် မိတ်ဆက်ပေးတယ်။ အနောက်ရဲ့ အဲဒီ အမြစ်သစ်၊ လမ်းစဉ်သစ်တွေဟာ ကိုးမွန်ခီမ်ထောင် (Komol Keemthong) ဖောင်ဒေးရှင်းနဲ့ တခြား စာအုပ်တိုက်တွေကတဆင့် ထိုင်းလူမှုအကျိုးပြု ဗုဒ္ဓဘာသာ လှုပ်ရှားမှုကို အားကောင်းစေခဲ့ပါတယ်။ ဆရာဆုလက်ဟာ လူမှုတရားမျှတမှုကိုလိုလားတဲ့ လူလတ်တန်းစား တွေကြားမှာ နှီးနှောဖလှယ်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဦးဆောင်ကျင်းပပြီး ပင်မရေစီး ဖွံ့ဖြိုးရေး လမ်းကြောင်းကို စိန်ခေါ်တယ်။ များများထုတ်များများသုံးဝါဒ နေရာမှာ ဗုဒ္ဓဘာသာနဲ့ကိုက်ညီတဲ့ လမ်းစဉ်သစ်တွေကို ဟောပြောတင်ပြတယ်။ ထိုင်းတွေးခေါ်ရှင်တွေနဲ့ ခေတ်ပညာတတ်တွေကြား ဆရာ ဆုလက်က ဩဇာအတော်ညောင်းပါတယ်။ 

ဆရာဆုလက် ထူထောင်ခဲ့တဲ့ ကနဦး NGO တွေထဲက တခုဖြစ်တဲ့ ဖွံ့ဖြိုးရေးအတွက် ထိုင်း ဘာသာပေါင်းစုံ ကော်မရှင် (TICD) ဟာဆိုရင် ကျေးလက်အဆင့်မှာ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးရေးကို အောင်မြင်အောင် ဆောင်ရွက်မယ့် ဘုန်းကြီးနဲ့သီလရှင်တွေအကြား အောက်ခြေဦးဆောင်မှုကို ပံ့ပိုးပေးရာမှာ ထိရောက်ခဲ့တယ်။ အဲဒီ ကွန်ရက်ထဲက ဘုန်းကြီးနဲ့သီလရှင်အတော်များများဟာ ရေရှည်သဟဇာတဖြစ်တဲ့ ရပ်ရွာကိုယ်ထူကိုယ်ထ လုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုသူတွေအဖြစ် ထင်ရှားကြပါတယ်။ သာဓက အနေနဲ့ ပြရရင် တက်ကြွလှုပ်ရှားသူဆရာတော် အရှင်လွမ်ဖိုနန်ရဲ့ ကျောင်းတဝိုက်မှာရှိတဲ့ ကျေးလက် ပြည်သူလူထုဆီ မော်ဒန်ဖွံ့ဖြိုးမှုနဲ့ များများထုတ် များများသုံးဝါဒ ရောက်လာတဲ့အခါ ရွာသူရွာသားတွေဟာ ကြားပွဲစားတွေ၊ ငွေတိုးချေးစားသူတွေကြောင့် အကြွေးတွေလည်ပင်းနစ်ကြရတယ်။ အဲဒီအခါမှာ ဆရာတော် လွမ်ဖိုဟာ ဒါကို ဆန့်ကျင်တွန်းလှန်ဖို့၊ ရပ်ရွာကို ပြန်လည်ထူထောင်ဖို့ စည်းရုံးလှုံ့ဆော်တယ်။ များများထုတ် များများသုံးဝါဒရဲ့ အန္တရာယ်ကို သတိပြုမိအောင်လုပ်ပေးတဲ့အနေနဲ့ ရပ်ရွာအလိုက် စုပေါင်း တရားရှုမှတ်ပွားများခိုင်းတယ်။ တချိန်တည်းမှာပဲ ရွာသားတွေကို ဆန်စပါးဘဏ်တွေ၊ ရပ်ရွာသမဝါယမ ဆိုင်တွေ၊ ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေစုတဲ့ စနစ်တွေကို ဗုဒ္ဓတရားတော်လာ ဝဇ္ဇီ အပရိဟာနိယ (မဆုတ်ယုတ်ကြောင်း) တရားအပေါ် အခြေခံပြီး ဆောင်ရွက်ဖို့ အားပေး တိုက်တွန်းတယ်။

ဆရာတော်လွမ်ဖိုရဲ့ လှုပ်ရှားမှုစတင်ပြီး မကြာခင်မှာပဲ ကွန်ရက်ဟာ အနီးအနားက ခရိုင်တွေ၊ ပြည်နယ်တွေ အထိ ပျံ့နှံ့သွားပါတယ်။ အခုဆိုရင် ဆရာတော် ဦးဆောင်တဲ့ ကျေးလက်သဘာဝပြန်လည် အသက်သွင်းရေး မှာ ပါဝင်လာတဲ့ ရဟန်းတော်ပေါင်း ငါးရာကျော်ရှိပါပြီ။ ရွာသားတွေဟာ အကြွေးနွံထဲကနေ ရုန်းထွက်နိုင် ကြပြီဖြစ်ပြီး စီးပွားဖြစ်သီးနှံစိုက်တာထက် ကိုယ့်တပိုင်တနိုင် တောင်သူဘဝကို ပိုဦးတည်လာကြပါပြီ။ ခွတ်ချွမ်ခရိုင်ထဲက ဒေသခံတစုဟာ ဆရာတော် ဖရ ကုသုပါဇရိယာဝါတ်ရဲ့ ဦးဆောင်မှုအောက်မှာ ကိုယ့် ကျေးလက်ငွေကြေးကိုတောင် ပြန်ထုတ်သုံးစွဲဖို့အစပြုလိုက်ကြပါပြီ။ များများထုတ် များများသုံးဝါဒ ဧကယဉ်ကျေးမှုရဲ့ နောက်ကွယ်က အမိန့်ပေးနေတဲ့ စနစ်ဖွဲ့စည်းပုံအရအကြမ်းဖက်မှုကို ရဟန်းနဲ့သီလရှင်တွေ နားလည် သဘောပေါက်အောင် ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်တဲ့အတွက် TCID ရဲ့ လုပ်ငန်းဟာ သိပ်အရေးကြီးပါတယ်။ 

၁၉၉၅ ခုနှစ်မှာ စတင်ခဲ့တဲ့ Spirit in Education Movement (SEM) ဟာ ဆရာဆုလက်နဲ့ စိတ်တူ ကိုယ်တူတွေ ရှေ့ဆောင်စိတ်ကူးဖော်ခဲ့ကြတဲ့ နောက်တခုပါ။ ရည်ရွယ်ချက်က ကမ္ဘာနဲ့ချိတ်ဆက် တသားတည်းဖြစ်ရေး (globalization) လမ်းစဉ် နဲ့ များများထုတ် များများသုံး ရေစီးတွေကို ကာပြန်မယ့် ဘက်စုံပညာရေးလှုပ်ရှားမှုတခု ရရှိဖို့ပါ။ တဦးချင်း အနေနဲ့ရော အစုအဖွဲ့တွေအနေနဲ့ပါ ဖွံ့ဖြိုးရေးလမ်းစဉ်သစ်တွေ ရွေးချယ်ရာမှာ ယုံကြည်မှုရှိရှိ၊ အသိရှိရှိနဲ့ ရွေးချယ်နိုင်ရေးအတွက် စိတ်ခွန်အားကို အသုံးပြုမှာဖြစ်ပါတယ်။ အနောက်တိုင်းကမဟုတ်တဲ့ လူတွေ စိတ်ထဲမှာ အနောင်နဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတယ်လို့ထင်မြင်စိတ်၊ အငုံ့စိတ်ဝင်စေတဲ့ ယဉ်ကျေးမှုအရ လွှမ်းမိုးနယ်ချဲ့မှု ရေစီးအမျိုးမျိုးကို ဆန့်ကျန်ဖို့အတွက် ရည်ရွယ်တဲ့ ဒီချဉ်းကပ်မှုဟာ ဒေသခံယဉ်ကျေးမှုတွေအပေါ် လေးစားမှု၊ တိုင်းရင်းသား ဒေသခံတွေရဲ့ အစဉ်အဆက် အသိပညာတွေကို တန်ဖိုးထားမှုအပေါ် အခြေခံပါတယ်။ SEM အစီအစဉ် တခုဖြစ်တဲ့ Grassroots Leadership Training Program (အောက်ခြေအလွှာ ဦးဆောင်မှုဖြစ်ထွန်းရေး သင်တန်းအစီအစဉ်/GLT) ကို ဆောင်ရွက်လာတာဆိုရင် ဆယ်နှစ် နီးပါးရှိခဲ့ပါပြီ။ GLT ဟာ ဆယမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ အမေ့လျော့ခံ၊ အကြဉ်ခံ လူမျိုးစု အသိုင်းအဝိုင်းတွေနဲ့ လက်တွဲပြီး သုံးလ သင်တန်းတွေ၊ နောက်ဆက်တွဲ တွေ့ဆုံပွဲတွေ ကျင်းပပါတယ်။ ဒီ သင်တန်းတွေရဲ့ ရည်ရွယ်ချက်က အခြေခံလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး အဲဒီအသိုင်းအဝိုင်းတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနိုင်တဲ့အစွမ်းရှိလာစေဖို့ပါပဲ။ တချိန်တည်းမှာပဲ ယဉ်ကျေးမှုတွေ မပြိုကွဲ မပျောက်ဆုံးဘဲ သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်တဲ့ နည်းကိုသုံးပါတယ်။ 

GLT ရဲ့ စွမ်းဆောင်ရည်မြှင့် ပညာရေးနည်းလမ်းက ကျင့်သုံးတဲ့ မိမိရဲ့အသိကို ပြန်လည်ဝေဖန်ဆန်းစစ်မှု ဟာ ဘောင်ကျယ်ဝန်းပါတယ်။ အနောက်မှီခေတ်မီဖွံ့ဖြိုးရေးဖြစ်စဉ်က သယ်လာတဲ့ စနစ်အဖွဲ့အစည်းအရ တရားမမျှတမှု တွေကို မီးမောင်းထိုးပြဖို့ရာအတွက် ရပ်ရွာအလိုက်လိုအပ်ချက် လေ့လာဆန်းစစ်မှုနဲ့ အစပြုပါတယ်။ ရပ်ရွာ နေပြည်သူတွေ သူတို့ပြဿနာကို သူတို့ကိုယ်တိုင်ဖော်ထုတ်နိုင်ဖို့၊ သဟဇာတဖြစ်မယ့် နည်းလမ်းအဖြေတွေ ရှာဖွေနိုင်ဖို့အတွက် ကိုင်စွဲရမယ့် အခြေခံအသိမူဘောင်တွေ ပေးပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်သဘာဝ ပတ်ဝန်းကျင်အကြောင်းကို သိလည်းသိ၊ ဂရုလည်းထားတဲ့သူတွေကိုသာ တကယ့် ‘ကျွမ်းကျင်သူတွေ’ လို့ ရှုမြင်ပါတယ်။ ဒီနေရာမှာ သင်တန်းပေးတဲ့ဝန်ထမ်းတွေက ပြဿနာ လေ့လာဆန်းစစ်မှုနဲ့ ပြန်လှန်သုံးသပ်မှု တွေ လုပ်နိုင်အောင် ကူညီပေးပါတယ်။ အထူးအားဖြင့် ဒေသန္တရ နဲ့ ကမ္ဘာအဆင့် ပြဿနာတွေကြားက အပြန်အလှန် ဆက်စပ်မှုနဲ့ ပတ်သက်လို့ပါ။ GLT ဟာ တီထွင်ဖန်တီးမှုပါတဲ့ စီမံကိန်းတွေရှိတဲ့ဆီ သင်တန်းသားတွေကို လေ့လာရေး ခရီးတွေလည်း ပို့ပေးပြီး သဟဇာတဖြစ်မယ့် နည်းပညာနဲ့ အသေးစားချေးငွေလိုမျိုး သင့်တော်မယ့် ဖြေရှင်းနည်းတွေနဲ့ မိတ်ဆက်ပေးပါတယ်။

လူ့အဖွဲ့အစည်းအတွင်းက ဖိနှိပ်တဲ့ အင်အားစုတွေအကြောင်းကို ကိုယ့်ပတ်ဝန်းကျင်က နမူနာတွေကိုကြည့်ပြီး အောက်ခြေရပ်ရွာအသိုင်းအဝိုင်းကလူတွေ သိပြီဆိုတဲ့အခါ သူတို့ဟာ ဒါတွေကိုကျော်လွှားဖို့ ကြိုးစားပါတယ်။ အစဉ်အလာ အသိအပညာအပေါ် ယုံကြည်မှုကို ပြန်အသက်သွင်းပြီး တဦးချင်း အနေနဲ့ရော၊ ရပ်ရွာအနေနဲ့ပါ မိမိကိုယ်မိမိ ယုံကြည်မှု ပြန်ရယူပါတယ်။ ဒါဟာ သဟဇာတဖြစ်မယ့်အနာဂတ်ခရီးရှည်မှာ ဒေသန္တရအဆင့် အစမှတ်ပါပဲ။ GLT သင်တန်းဆင်းတွေဟာ ရာနဲ့ချီတဲ့ အသေးစား ဖွံ့ဖြိုးစားစီမံကိန်းလေးတွေ၊ ကိုယ်ထူကိုယ်ထ သင်တန်းတွေမှာ ဝင်ရောက်ပါဝင်နေကြပါတယ်။ အဲဒါတွေရဲ့ ဦးတည်ချက်က ဒေသန္တရ စားသုံးဖို့ ဒေသန္တရအဆင့် ထုတ်လုပ်ကြဖို့ပါ။ စီးပွားရေးထုတ်ကုန်တွေရဲ့ ဆွဲဆောင်မှုလှိုင်းလုံးအောက် မရောက်သေးဘဲ ရိုးရာဓလေ့အတိုင်း နေနေကြသေးတဲ့ ရပ်ရွာတွေအနေနဲ့ ရိုးရာဘဝဓလေ့ပျက်စီးမယ့် အန္တရာယ်ကို ကာကွယ်နိုင်ဖို့၊ နောက်ပြီး အပြုသဘောဆောင်တဲ့ စွမ်းအားစုတွေကို အသုံးပြုပြီး ကိုယ်ခံအားကောင်းတဲ့ ရပ်ရွာအသိုင်းအဝိုင်း ဘဝဓလေ့ကို ပြန်တည်ဆောက်ဖို့ကတော့ အမြင့်ဆုံးမျှော်လင့်ချက်ပါ။ အဓိကအားဖြင့် အနောက်မှီဖွံ့ဖြိုးတိုးတက်ရေးကို မစူးစမ်းဘဲ လက်ခံတံခါးဖွင့်ပေးခဲ့လို့ သားကောင်ဖြစ်ခဲ့ရတဲ့ တခြားရိုးရာအသိုင်းအဝိုင်းတွေ ကျူးလွန်ခဲ့တဲ့ အမှားမျိုး လိုက်မကျူးလွန်မိစေဖို့ပါ။ 

GLT မှာဆိုရင် ဘာသာပေါင်းစုံနောက်ခံက လာကြသူတွေနဲ့ အလုပ်လုပ်ပါတယ်။ နောက်ပြီး သက်ဆိုင်ရာ ဘာသာအလိုက် ရှိပြီးသား ကျင့်စဉ်တွေ၊ ကမ္မဋ္ဌာန်းတွေအတိုင်း ပြုကျင့်ဖို့အားပေးပါတယ်။ ဒါပေမဲ့လည်း သင်တန်းရဲ့ အဓိကသင်ရိုးနဲ့ ပြဋ္ဌာန်းချက်တွေကတော့ ဗုဒ္ဓဘာသာရဲ့အခြေခံအနှစ်သာရဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အပေါ်မှာ အခြေခံထားတာပါပဲ။ သင်တန်းတွေရဲ့ ပဓာနအစိတ်အပိုင်းကြီးက ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနမှာ ဖွံ့ဖြိုးရေး ရရှိစေဖို့အတွက် မှန်သောအမြင် (သမ္မာဒိဋ္ဌိ) နဲ့ မှန်သောကြံစည်နှလုံးသွင်းမှု (သမ္မာသင်္ကပ္ပ) တို့ ပွားများဖို့ ပါ။ မှန်တဲ့ကြံစည်နှလုံးသွင်းမှုဆိုတာကတော့ အတ္တမကြီးတဲ့၊ အကြမ်းမဖက်တဲ့၊ အမုန်းတရားနဲ့ အဓမ္မလောဘတွေ ကင်းတဲ့ သဘောကို ခေါ်တာပါ။ လူတဦးချင်းရော၊ လူ့အသိုင်းအဝိုင်းတခုရော မှန်မှန်ကန်ကန် ဖွံ့ဖြိုးဖို့ဆိုရင် ရက်ရောတဲ့အကျင့် သို့မဟုတ် မိမိရဲ့ဥစ္စာဓန၊ ဩဇာအာဏာနဲ့ ကျော်ကြားမှုတွေကို မျှဝေသုံးစွဲပေးဖို့က အခရာကျပါတယ်။ ပဋိပက္ခတွေ ပေါ်လာတဲ့အခါ မေတ္တာကရုဏာထားပြီး အကြမ်းမဖက် ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းကို အားပေးပါတယ်။ စကြဝဠာရဲ့ အညမညသဘော၊ အပြန်အလှန်ဆက်စပ်နေမှုသဘောကို မြင်တဲ့အခါကျမှ မှန်တဲ့အမြင်နဲ့ မှန်တဲ့ကြံစည်နှလုံးသွင်းမှုတို့ ဖြစ်ထွန်းတာပါ။ 

မှန်တဲ့စကား (သမ္မာဝါစာ) ဖြစ်ဖို့အတွက် GLT ကျောင်းသားတွေဟာ မညီညွတ်သူတွေ ညီညွတ်အောင် ကူညီတဲ့နည်း၊ စေ့စပ်ဆွေးနွေးပေးတဲ့နည်း၊ လက်ရှိ မီဒီယာစနစ်ကြီးရဲ့ စနစ်အရအကြမ်းဖက်မှု သဘောကို မြင်အောင်ကြည့်နည်းတွေကို လေ့ကျင့်သင်ယူရပါတယ်။ မှန်တဲ့အပြုအမူ (သမ္မာကမ္မန္တ) ဆိုတာကတော့ အခြေခံ ကျင့်ဝတ်ငါးပါးကို ဆိုလိုတာပါ။ သူတပါးအသတ်မသတ်ခြင်းဆိုတဲ့ သီလကနေ ဆင့်ပွားထားတဲ့ ပထမကျင့်ဝတ်က ဘာကိုပြောချင်သလဲဆိုတော့ စီးပွားဖြစ် အသားတွေထုတ်လုပ်တာ၊ ဈေးကွက်ကို တင်ပို့ဖို့ တိရစ္ဆာန်တွေကိုမွေးမြူတာရဲ့ ရက်စက်မှုကို နားလည်ဖို့ ပါ။ ဒါ့အပြင် လက်နက် ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေနဲ့ နိုင်ငံကြီးတွေရဲ့ ဆက်စပ်မှုတွေ၊ လက်နက်ထုတ်သူတွေနဲ့ ကမ္ဘာမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ချိတ်ဆက်မှုတွေကို နားလည်ဖို့လည်း ဆွေးနွေးကြပါတယ်။ ဒုတိယသီလဖြစ်တဲ့ သူတပါးဥစ္စာကို မခိုးယူခြင်း ဆိုတာနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်ဆိုတာကတော့ ချမ်းသာသူတွေက ဆင်းရဲသားတွေဆီကနေ တရားဥပဒေ ဘောင်ထဲကရော၊ နိုင်ငံရေးအရ တရားဝင်မှုကိုအသုံးချပြီးတော့ရော နည်းအမျိုးမျိုးနဲ့ ခိုးယူတာကို ခွင့်ပြုထားတဲ့ နိုင်ငံစီးပွားရေးစနစ်၊ နိုင်ငံတကာစီးပွားရေးစနစ်ရဲ့ တရားမမျှတမှုကို နားလည်စေဖို့ပါ။ သင်တန်းသားတွေဟာ လက်ရှိ စီးပွားရေး စနစ်ကြီးအပြင် တခြားစီးပွားရေးစနစ်သစ်တွေကိုလည်း လေ့လာကြပါတယ်။ တတိယသီလဖြစ်တဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်လို့ သင်တန်းမှာ လေ့လာတာကတော့ ကမ္ဘာကြီးမှာ ကျင့်သုံးနေဆဲ အမျိုးသား ဦးစားပေးမှု၊ အမျိုးသမီးတွေအပေါ် ကုပ်သွေးစုပ်ချယ်လှယ်မှု၊ ယောက်ျားဦးဆောင်တဲ့ လောဘ၊ ဒေါသ၊ မောဟ စနစ်တည်ဆောက်ထားပုံက ကမ္ဘာတလွှား အကြမ်းဖက်မှုနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။ မှန်တဲ့အသက်မွေးမှု (သမ္မာအာဇီဝ) နဲ့ ပတ်သက်လို့တော့ အမြတ်ထုတ်ချယ်လှယ်မခံရအောင် ပူးပေါင်းဆောင်ရွက်တဲ့နည်းကို ကိုယ်ထူကိုယ်ထ ရပ်ရွာတွေက လေ့ကျင့်တာတွေ၊ သဟဇာတဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ လက်မှုကုန်ထုတ်မှုတွေကို လေ့လာဖို့အတွက် ခရီးစဉ်တွေ စီစဉ်တာပါ။ 

မဂ္ဂင်ရှစ်ပါးရဲ့ ကျန်တဲ့သုံးပါးဖြစ်တဲ့ မှန်တဲ့အားထုတ်မှု (သမ္မာဝါယမ)၊ မှန်တဲ့သတိ (သမ္မာသတိ)၊ မှန်တဲ့ စူးစိုက်တည်ကြည်မှု (သမ္မာသမာဓိ) တို့ဟာ ဝိပဿနာဘာဝနာရဲ့ အလုပ်တွေဖြစ်ပါတယ်။ ဒါတွေကို လေ့ကျင့်ဖို့အတွက် GLT သင်တန်းတွေမှာ တရားရှုမှတ်တာ၊ ဆုတောင်းဝတ်ပြုပူဇော်မှုတွေကို တနေ့တာ အချိုးကျကျ ထည့်သွင်းထားတဲ့ တပတ်တာ တရားစခန်းတွေလည်း ပါဝင်ပါတယ်။ သင်တန်းသား ဟောင်းတွေ အနေနဲ့လည်း စခန်းတွေ ပုံမှန်လာဝင်ဖို့၊ မိမိတို့ရပ်ရွာရောက်တဲ့အခါမှာလည်း နေ့စဉ်တရားရှုမှတ်မှ အလေ့အကျင့်မပြတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ရေရှည်အနေနဲ့တော့ SEM ဟာ အရှေ့တောင်အာရှ မှာရှိတဲ့ ကိုယ်ထူကိုယ်ထ တပိုင်တနိုင် ကျေးလက်အသိုင်းအဝိုင်းကလေးတွေအတွက် residential college တခု ထူထောင်ဖို့လည်း ရည်မှန်းထားပါတယ်။ အဲဒီမှာ သင်တန်းအပတ်စဉ်တခုစီတိုင်းမှာ အချိန်စုစုပေါင်းရဲ့ သုံးပုံ တပုံဟာ သမထဝိပဿနာရှုမှတ်ပွားများတာ၊ ယောဂကျင့်တာ၊ ထိုက်ချိနဲ့ တခြား နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ပါဝင်ဖို့ အစီအစဉ်ဆွဲထားပါတယ်။

 SEM ဟာ Assembly of the Poor နဲ့လည်း နီးနီးကပ်ကပ် လက်တွဲလုပ်ပါတယ်။ အနောက်မှီဖွံ့ဖြိုးတိုးတက်ရေးနဲ့ များများထုတ်များများသုံးစိတ်နေစိတ်ထားကို စိန်ခေါ်တဲ့ အကြမ်းမဖက် အောက်ခြေလူထုလှုပ်ရှားမှုကို ပြပါဆိုရင် Assembly of the Poor ဟာ လောက်လောက်လားလား သာဓကပါပဲ။ ဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ သားကောင်ဖြစ်ရသူ ထောင်နဲ့ချီတဲ့သာမန်ပြည်သူတွေဟာ ကျန်တဲ့သူတွေ အသိအမြင်ရလာဖို့၊ ဆည်ကြီးတွေ၊ အကြီးစားလယ်ယာစိုက်ခင်းတွေ၊ ငါးဖမ်းလုပ်ငန်းတွေ၊ စက်မှုဇုန်ကြီးတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို စိန်ခေါ်ဖို့အတွက် အတူတကွ လက်တွဲလုပ်ကိုင်ကြ ပါတယ်။ ဆယမ်အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ပက်မွန်ဆည်ကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်စခန်းကြီး တခုဖြစ်ဖို့ ထောင်နဲ့ချီတဲ့ Assembly အဖွဲ့ဝင်တွေဟာ အလှည့်ကျ စနစ်နဲ့ သွားရောက် သပိတ်တိုက်ပွဲ ဝင်လာကြတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ကမ္ဘာ့ဘဏ်၊ EGAT (ထိုင်းလင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့)၊ ထိုင်းအစိုးရဆိုတဲ့ ဧရာမ အင်စတီကျူးရှင်းကြီးတွေ နဲ့ ထိပ်တိုက်တိုးရတဲ့ ဒီလှုပ်ရှားမှုဟာ စစ်မှန်တဲ့မျှော်လင့်ချက်နဲ့ဆိုင်တဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ Assembly of the Poor ဟာ နစ်နာကြေး မျှမျှတတရဖို့အတွက် ဆည်တည်ဆောက်ရေးကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ဆည်ဟာ သူတို့ရဲ့မိရိုးဖလာနေလာကြတဲ့ ဘဝအပေါ် အကြီးအကျယ် ပျက်စီးစေမှာမို့ပါ။ ဈေးဝယ်ကုန်တိုက် အကြီးကြီးတွေမှာ လေအေးပေးစက်ကြီးတွေဖွင့်၊ မီးချောင်းတွေထိန်နေအောင်ဖွင့်ပြီး လျှပ်စစ်ဓာတ်အားတွေ ဗုံးပေါလအောသုံးစွဲတာကိုလည်း သူတို့တွေက ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဆည်တည်ဆောက်ရေးကို အစိုးရကနောက်မဆုတ်ခဲ့တဲ့အတွက် ငါးဖမ်းလုပ်ငန်းနဲ့ မြေနုကျွန်း စိုက်ခင်းတွေအပေါ် အကြီးအကျယ် မှီခိုနေရတဲ့ ဒေသခံတွေရဲ့ ဘဝတွေကတော့ တိုင်းတာလို့မရအောင်ကို ပြောင်းလဲခဲ့ပါတယ်။ ဒီဆည်ကြီးကြောင့် ရွှေ့ပြောင်းသွားလာ ကျက်စားကြတဲ့ ငါးတွေရဲ့ သုံးပုံနှစ်ပုံ လောက်က ပျက်စီးသွားခဲ့ကြတာပါ။ 

ဘယ်လိုပဲအခက်အခဲရှိပါစေ မမှုဘဲ ဆည်ရေကာတာဂိတ်တံခါးကို ဖွင့်ပေးပြီး မြစ်ကို နဂိုမူလ ဂေဟအနေအထား ပြန်ရောက်အောင် လုပ်ပေးဖို့ သူတို့ ဆက်လက်စည်းရုံးလှုံ့ဆော်ခဲ့ကြပါသေးတယ်။ ၂၀၀၁ ခုနှစ် ဇွန်လအတွင်း ဆည်ဂိတ်တံခါးကြီးတွေကို အခမ်းအနားနဲ့ ဖွင့်ပေးခဲ့ကြတဲ့နောက် ငါးတွေ လျင်လျင်မြန်မြန်ပဲ ပြန်ကျက်စားလာကြပြီး ဒေသခံတွေဟာ နဂိုမူလ အသက်မွေးလုပ်ငန်းတွေ ပြန်လုပ်ကိုင် လာနိုင်ကြပါတယ်။ ဒါပေမဲ့လည်း အစိုးရဟာ နောက်ပိုင်းမှာ ကတိကိုပြန်ရုပ်သိမ်းလိုက်ပြန်ပါတယ်။ အခုဆိုရင် တနှစ်မှာ ရှစ်လအထိ ဆည်ကိုရေဖောက်မချဘဲ ပိတ်ထားဖို့ စီစဉ်နေကြပါတယ်။ 

ဆယမ်မှာတော့ ဆန္ဒပြကြတယ်ဆိုတာဟာ နိုင်ငံရေးအရ လက်ဝဲသမားတွေ လုပ်တဲ့အရာလို့ပဲ အစဉ်အဆက် သတ်မှတ်လာခဲ့ကြတာပါ။ တကယ်လည်း Assembly of the Poor ဦးဆောင်စီစဉ်သူထဲက တချို့ဟာ လက်ဝဲနိုင်ငံရေးဘက်က လာကြသူတွေဖြစ်ပြီး အစပိုင်းမှာ ဗုဒ္ဓဘာသာတန်ဖိုးတွေကို ဂရုမစိုက်ခဲ့ကြပါဘူး။ ဒါပေမဲ့လည်း ဒီလှုပ်ရှားမှုမှာ ပညာပေးသူတွေအနေနဲ့ ပါဝင်အကျိုးပြုဖို့အတွက် SEM အလုပ်သမားတွေက လူမှုအကျိုးပြုဗုဒ္ဓဘာသာ ရဟန်းတော်တွေ၊ သီလရှင်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီ ရဟန်းတော်တွေ၊ သီလရှင်တွေက မဂ္ဂင်ရှစ်ပါးကို အသွင်သစ်၊ အမြင်သစ်နဲ့ မိတ်ဆက်ပေးခဲ့ပြီး ရွတ်ဖတ် သရဇ္ဈာယ်တာနဲ့ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းတဲ့အလုပ်တွေကို ဆန္ဒပြရာမှာ အသုံးပြုလို့ရတယ်ဆိုတာ ပြောင်းလဲ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါဟာ အတော်လေးကို အံ့မခန်းအလုပ်ဖြစ်ခဲ့ပါတယ်။ သပိတ်စခန်းထဲမှာ တရားတော်တွေ ရွတ်ဖတ်ပူဇော်နေကြတဲ့ ဆန္ဒထုတ်ဖော်သူတွေကို ရိုက်နှက်ဖမ်းဆီးဖို့ရာ ရဲတွေ (သူတို့ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တွေ) အခက်တွေ့ကြပါတယ်။ အဲဒီမှာမှ ဘုန်းကြီးသီလရှင်တွေပါ ပါဝင် ပတ်သက်လာတဲ့အခါမှာတော့ Assembly of the Poor ဟာ အကြမ်းမဖက်ခြင်းဆိုတဲ့ ဗုဒ္ဓဘာသာ အခြေခံ သဘောတရားတွေကို မူဝါဒအဖြစ် အတိအလင်း အသုံးချလိုက်ကြပြီး အကြမ်းဖက်ဖိနှိပ်တာကို အသုံးပြုတဲ့ အစိုးရရဲ့ တရားဝင်မှုကို လျော့ကျအောင် လုပ်ပစ်ခဲ့ပါတယ်။ Assembly ထဲက လက်ဝဲယိမ်းတဲ့ ခေါင်းဆောင်တွေတောင် ကမ္မဋ္ဌာန်းဘာဝနာကို အခု အတော်လေး အလေးထားလာကြပါတယ်။ ခုလိုမျိုး နှစ်ပေါင်းများစွာကြအောင် ဆည်စီမံကိန်းကို တစိုက်မတ်မတ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနိုင်ခဲ့ကြခြင်းရဲ့ ရလဒ်က အာဏာပိုင်တွေဟာ နောက်ထပ် ဆည်တွေတည်ဆောက်မယ့်အရေးမှာ ပြန်စဉ်းစားပြီး ဆိုင်းငံ့လိုက်ကြတာပါပဲ။

နှစ်ပေါင်းများစွာ ကြအောင် ရုန်းကန်ခဲ့ရတဲ့အခါမှာ Assembly of the Poor ဟာ လူမှုဘဝ ထိခိုက်မှုတွေကို လက်တွေ့ကျကျ ဝေဖန်သုံးသပ်အောင် လေ့ကျင်ပေးနိုင်တဲ့ လှုပ်ရှားမှုတခုဖြစ်လာခဲ့ပါတယ်။ များများထုတ် များများသုံးဝါဒ၊ အနောက်မှီဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ္ဘာနဲ့ချိတ်ဆက်တသားတည်းဖြစ်ရေး စတာတွေနဲ့ ဆက်စပ်တဲ့ အညမညအရေးကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းဘဲ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့သဘောကို လူတွေကြားမှာ သတိပြုမိမှုတွေ တိုးပွားလာစေခဲ့ ပါတယ်။ ကိုယ်ထူကိုယ်ထ စိုက်ပျိုးထုတ်လုပ်ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေကြတဲ့ ရပ်ရွာ အသိုက်အဝန်း ဖြစ်အောင် ကြံဆောင်တဲ့ စမ်းသပ်မှုတွေကို အားပေးကူညီခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ ဈေးနှုန်းသင့်တင့်ပြီး သဘာဝပတ်ဝန်းကျင်ကို ကျေးဇူးပြုတဲ့ မိရိုးဖလာ ကျန်းမာရေးစောင့်ရှောက်မှုရယ်၊ ဒေသပြည်သူ စားသုံးဖို့အတွက်သာရည်ရွယ်တဲ့ ဒေသန္တထုတ်လုပ်ရေးရယ်ကို ဦးတည်တဲ့ခြေလှမ်းတွေကို တောင် အစပျိုးနေပါပြီ။ အခုဆိုရင် ကိုယ့်ရပ်ကိုယ့်ရွာထဲကနေ အပြင်ကို သဘာဝရင်းမြစ်၊ လူသားရင်းမြစ်တွေ ယိုစီးထွက်သွားတာကို လျှော့ချဖို့ အတွက် ကိုယ့်မိသားစုတွင်း၊ ကိုယ့်ကျေးရွာအတွင်းမှာတင်ပဲ ကိုယ့်ရှိတဲ့ရင်းမြစ်ကိုသုံး၊ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးတဲ့ စနစ်ကို ဦးစားပေးအာရုံထား လာကြပါတယ်။ ဒီ လှုပ်ရှားမှုကြီးဟာဆိုရင် အနောက်တိုင်းက တင်သွင်းလာတဲ့ ခေတ်မီဖွံ့ဖြိုးရေးအယူအဆ လမ်းစဉ်နဲ့ ဗုဒ္ဓဘာသာတန်ဖိုးစံတွေကြား ခြားနားချက်တွေအပေါ် အများပြည်သူထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးငြင်းခုံတဲ့အထိ တွန်းအားပေးခဲ့ ပါတယ်။

အားကောင်းကောင်းနဲ့ ဝင်ရောက်လာတဲ့ များများထုတ်၊ များများသုံးစွဲဓလေ့ကြီးကို တိုက်ပွဲဝင်ရာမှာ ဗုဒ္ဓဓမ္မ အသိပညာကို လက်နက်တခုအဖြစ် သုံးစွဲတာဟာ ရေစီးကိုဆန့်ကျင်ဆန္ဒပြသူတွေအတွက်တော့ တကယ့်ကို အကျိုးပြုအားပါပဲ။ အဲဒီလက်နက်ကြောင့် များများထုတ် များများသုံးဝါဒဟာ ဒေသရဲ့မိရိုးဖလာ တန်ဖိုးစံတွေ၊ ဓမ္မနဲ့ညီတဲ့ဘဝတွေ၊ ယဉ်ကျေးမှုအခြေခံအုတ်မြစ်တွေနဲ့ ဘယ်လိုမျိုး ဖီလာဆန့်ကျင်နေတဲ့ဆိုတာ ပြသနိုင်ခဲ့သလို ခေတ်ပြိုင်နိုင်ငံရေးလှုပ်ရှားမှုနဲ့လည်း ဆက်စပ်ပြနိုင်ခဲ့ပါတယ်။ 

ဒုက္ခနည်းပါးတဲ့ အနာဂတ်

လူတွေဟာ သူတို့ရဲ့ သန္တာန်မှာပါလာပြီးသား ဗုဒ္ဓသဘာဝနဲ့ ဝေးကွာလာကြတယ်။ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သူစိမ်းပြင်ပြင်ဖြစ်လာကြတယ်။ မိမိတို့အချင်းချင်း နှောင်ဖွဲ့ထားမှု လျော့လာကြတယ်။ ဒါကြောင့်လည်း များများထုတ် များများသုံးဆိုတဲ့ ရေစီးကြီးက လက်ရှိလူ့အဖွဲ့အစည်းကို တိုက်စားနေနိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လောဘ၊ ဒေါသနဲ့မောဟတို့ရဲ့ ဦးဆောင်မှုကို လိုက်နေရသူတွေ ဖြစ်နေကြတယ်။ ကမ္ဘာ့ မြေဆီလွှာ၊ ကောင်းမွန်တဲ့စိတ်ဓာတ်နှလုံးသားနဲ့ လူ့အဖွဲ့အစည်း ပျက်သုဉ်းခြင်းတရားတို့ကို ရှောင်လွှဲနိုင်ဖို့အတွက် ရင်းမြစ် တဏှာကို အထုပ်ဖြည်ပြမယ့် နည်းလမ်းတွေ ရှာဖွေဖို့လိုပါတယ်။ လူမှုလူတန်းစား အလွှာအသီးသီးက ပုဂ္ဂိုလ်တွေဟာ ဒီ တဏှာကိုသကာဖုံးထားတဲ့ များများထုတ် များများသုံးဝါဒ ရေစီးရဲ့သဘောသဘာဝ အမှန်ကိုမြင်အောင် ကြည့်နိုင်မယ့် အလင်းရမျက်စိတွေ ရအောင်လုပ်ပေးဖို့က သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ ပင်မရေစီးတွေးခေါ်စဉ်းစားပုံ၊ ပြုမူပုံနဲ့မတူတဲ့ လမ်းစဉ်အသစ်ကို စမ်းသပ် လျှောက်လှမ်းနိုင်ဖို့ အခွင့်အလမ်းပေးရပါမယ်။ ဒီအတွက် တဏှာကို နားလည်သဘောပေါက်ရေးမှာ ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနစလုံးကို ဖြန့်ကျက်လွှမ်းခြုံစဉ်းစားသုံးသပ်ရမှာ ပါ။

လူတိုင်းလူတိုင်းရဲ့ သန္တာန်မှာ ဗုဒ္ဓသဘာဝလို့ခေါ်တဲ့ ဉာဏ်အလင်းပေါက်နိုင်တဲ့ သန္ဓေမျိုးစေ့က ပါလာပြီးသားလို့ ကျွန်တော်တို့က ယုံကြည်ကြပါတယ်။ အဲဒီ ဉာဏ်အလင်းရအောင်လည်း ကြိုးစား ရမှာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့သူတွေ၊ အဖယ်ကြဉ်ခံလူမှုအသိုင်းအဝိုင်းက လူတွေဟာလည်း တခြားသူတွေနည်းတူ လူ့ဂုဏ်သိက္ခာကို ရထိုက် ပိုင်ဆိုင်ထိုက်ပါတယ်။ ဒါကြောင့်မို့ အောက်ခြေအလွှာကလာတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဟာ အနာဂတ်ရဲ့အလင်းရောင်ပါပဲ။ ဒီခြေလှမ်းတွေဟာ ဝေဖန်ပိုင်းခြား စဉ်းစားသုံးသပ်တဲ့အလုပ်၊ မိမိတို့ပင်ရင်း မိရိုးဖလာအသိပညာကို နားလည်သိရှိပြီး အဲဒီကနေ ဆင့်ပွား ပေါ်ပေါက်လာမယ့် မိမိဒေသနဲ့ကိုက်တဲ့ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ အာရုံထားပါတယ်။ ဒေသတွင်းမှာရှိတဲ့ GLT အပါအဝင် အလားတူ လှုပ်ရှားခြေလှမ်းတွေဟာ ကိုယ့်ဘက်က စတင်လှမ်းတဲ့ ခြေလှမ်းတွေဖြစ်တဲ့အတွက် အင်မတန်အရေးပါပါတယ်။ ဒါတွေက နောင်လာမယ့်မျိုးဆက်တွေအပေါ်မှာ စစ်မှန်တဲ့အပြောင်းအလဲတွေ ဆောင်ကြဉ်းလာမယ်ဆိုတဲ့ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဆယမ်ရဲ့ Assembly of the Poor ဟာ ပြည်သူတွေရင်ထဲကို မျှော်လင့်ချက်အကြီးဆုံး ပေးနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ မိမိအပေါ်၊ မိမိအသိုင်းအဝိုင်းအပေါ် ဘယ်လိုရေလှိုင်းတွေ ဘယ်လိုလာဆောင့်မယ်ဆိုတာကို အောက်ခြေ ပြည်သူတွေ စတင်နားလည်လာတာနဲ့အမျှ သူတို့ဟာ ဆန့်ကျင်ခုခံဖို့အတွက် ယုံကြည်ချက် ရှိလာရုံမျှသာ မကတော့ဘဲ အဲဒီအစား ပိုမိုကောင်းမွန်ပြီး သဟဇာတဖြစ်တဲ့ နည်းလမ်းအသစ်တွေကိုတောင် ရှာဖွေဖို့ ရဲရင့်လာကြပြီ ဖြစ်ပါတယ်။

အတောမသတ်အောင် ကြီးထွားနေတဲ့ ဈေးကွက်ကြီးအစား သဘာဝနဲ့ ရေရှည်အညမညဖြစ်မှုကို အားပေးတဲ့ တန်ဖိုးစံတွေအပေါ် အခြေခံမယ်ဆိုရင် နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းဟာ ဘယ်လောက်ထိ ကိုယ်ခံအား ကောင်းပြီး ကျန်းမာလာကြလိမ့်မယ် ထင်ပါသလဲ။ လူတွေဟာ ခက်ခဲတဲ့အချိန်တွေမှာ တဦးကိုတဦး ကူညီကြတဲ့ လူ့အဖွဲ့အစည်း။ ငါ့အကျိုးဟာ သူ့အကျိုးမဟုတ်ဘူးဆိုတဲ့ အယူအဆကင်းမဲ့တဲ့ လူ့အဖွဲ့အစည်း။ အာဏာကို ယှဉ်ပြိုင် အနိုင်တိုက်ကြတာမျိုးမဟုတ်ဘဲ အာဏာကိုမျှဝေသုံးစွဲတဲ့၊ သဘာဝကို ရင်းမြစ်တခုအဖြစ် ထိန်းချုပ် ထုတ်ယူ သုံးစွဲတာထက် တန်ဖိုးထား လေးစားတဲ့ လူ့အဖွဲ့အစည်း။ တဏှာအဆိပ်ကြောင့် မညစ်ညမ်းရသေးတဲ့ လူ့အဖွဲ့အစည်း။ ဗုဒ္ဓဓမ္မအသိဉာဏ်ထဲမှာ နက်နက်ရှိုင်းရှိင်း အမြစ်တွယ်ထားတဲ့ လူ့အဖွဲ့အစည်း။

ဆရာတော် ဗုဒ္ဓဒါသဘိက္ခုနဲ့ ဆရာကြီး ဆုလက်တို့ နှစ်ခြိုက်တဲ့ အနာဂတ်အမြင်အတိုင်း အကောင်အထည် ပေါ်လာစေမယ့် ခြေလှမ်းတွေကို စတင်လှမ်းနေပြီ ဖြစ်ပါတယ်။ ဒီ ခရီးမှာပါဝင်ချီတက်နေကြတဲ့ လူတွေလည်း အတိုင်းအတာတခုအထိ ရှိလာပါပြီ။ ပြဿနာအားလုံးအတွက် အဖြေရယ်တော့ သူတို့မှာ မရှိပါဘူး။ ဒါပေမဲ့ သူတို့ဟာ စနစ်ဖွဲ့စည်းပုံရဲ့အကြမ်းဖက်မှုကို ကောင်းကောင်းသိရှိသဘောပေါက်ကြသလို သူတို့စိတ်ထဲက နာမ်ကိုယ်ထည်တွေအတွင်းမှာရှိတဲ့ အကြမ်ဖက်ခြင်းတရားနဲ့ ယှဉ်တွဲအလုပ်လုပ်ဖို့အတွက် ပြင်းပြတဲ့ စိတ်ပိုင်းဖြတ်မှုလည်း ရှိပါတယ်။ သူတို့ဟာ ကနေ့ခေတ်ရဲ့ ဘုရားလောင်းကျင့်စဉ်ကို ကျင့်နေကြသူတွေ ဖြစ်ပါတယ်။ မိမိကိုယ်တွင်းမှာရော၊ ပြင်ပလူ့အဖွဲ့အစည်းမှာပါရှိနေတဲ့ ဒုက္ခဆင်းရဲကို ဆန့်ကျင်တွန်းလှန်ရင်း သင်္ခါရလောကသားအားလုံး လွတ်မြောက်ရေးမှာ စိတ်မြှုပ်နှံထားကြပါတယ်။ ဒါဟာ အတော်လေး ခက်ခဲတဲ့လုပ်ငန်းဆိုပေမဲ့ ပါရမီဖြည့်ခွင့်ရတဲ့လမ်းလည်း ဖြစ်ပါတယ်။ ဒီလမ်းမှာက အတွေးအခေါ်ရော လက်တွေ့ကျင့်စဉ်ရော ပါတယ်။ နာမ်တိုက်ပွဲရော ရုပ်တိုက်ပွဲရောပါတယ်။ ပေါ့ပေါ့အမြင်ရော တည်ကြည်လေးနက်အမြင်ရော ပါပါတယ်။ ဒီပုဂ္ဂိုလ်မြတ်တွေဟာ ဗုဒ္ဓဓမ္မအစဉ်အလာရဲ့ မူလ ရင်းမြစ်တွေဆီကို ပြန်သွားနေကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ အဲဒီ အစွမ်းသတ္တိကိုအသုံးချပြီး လုံးဝ ပြည့်စုံကောင်းမွန်တဲ့ အနာဂတ်ဆီကို လျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။

____________________

*ဆောင်းပါးရှင်တို့အနေနဲ့ ထိုင်းနိုင်ငံ (Thailand) ဆိုတဲ့ နာမည်ကိုသုံးဖို့ ငြင်းပယ်ပါတယ်။ အကြောင်းက အဲဒီနာမည်ဟာ ဗဟိုအာဏာချုပ်ကိုင်စနစ်၊ လူမျိုးကြီးဝါဒ၊ နယ်မြေပြန်လည်ရရှိရေးဝါဒတို့ အငွေ့အသက်တွေပါလို့ပါ။ သမိုင်းအရ ဆယမ် (Siam) လို့ ခေါ်ခဲ့တဲ ဒီနိုင်ငံကို ၁၉၃၉ ခုနှစ်မှာ ထိုင်းလို့ပြောင်းတယ်။ ၁၉၄၆ မှာ Siam လို့ ပြန်ပြောင်းတယ်။ နောက်တစ်နှစ်မှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတော့ ထိုင်းလို့ ပြန်ပြောင်းခေါ်လာခဲ့တာ ခုထိပါပဲ။ ထိုင်းဆိုတဲ့နာမည်ဟာ အစဉ်အလာ ဆယမ် ဗုဒ္ဓဘာသာတန်ဖိုးတွေရဲ့ ပြိုကွဲကျဆုံးမှုကို ရည်ညွှန်းနေပါတယ်။ သမိုင်းတလျှောက်လုံး တွင်လာခဲ့တဲ့ နိုင်ငံအမည်ကို ဖယ်ရှားလိုက်တာဟာ တကယ်တော့ နိုင်ငံသားတွေကို စိတ်ပိုင်းဆိုင်ရာအရ လူအဖြစ်မှပယ်ဖျက်ရာမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ပါပဲ။ အထူးသဖြင့် မူလရိုးရာနာမည်စစ်စစ်ကို အင်္ဂလိပ်စပ်ကပြားအမည် (Thailand) နဲ့ အစားထိုးခံလိုက်ရလို့ပါ။ 

ပရာချာ ဟူတန်နုဝတ် နှင့် ဂျန်း ရက်စဘက်ရှ် ၂၀၀၅

No River Bigger than Tanha by Pracha Hutanuwatr and Jane Rasbash


Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...