Skip to main content

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။”

“ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။”

ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။

ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်ဆိုခဲ့တဲ့ ဝက်စ်ဖားလီးယားစာချုပ်အရ အမျိုးသားနိုင်ငံ (nation-state) တွေပေါ်လာခဲ့ချိန်ကစလို့ အဲဒီနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာတွေဟာ အရေးပါလာခဲ့ပါတယ်။ အဲဒါနဲ့အတူ အဲဒီ အမျိုးသားနိုင်ငံတွေဟာ ဘယ်သူတွေနဲ့တော့ သက်ဆိုင်တယ်၊ ဘယ်သူတွေနဲ့တော့ဖြင့် မသက်ဆိုင်ဘူးရယ်လို့လည်း ခွဲခြားသတ်မှတ်မှုပေါ်ပေါက်လာရာကစလို့ နိုင်ငံသားဖြစ်မှုဆိုတာဟာလည်း အရေးပါတဲ့အကြောင်းခြင်းရာ ကိစ္စတစ်ခုဖြစ်လာတယ်။

ကနေ့မှာတော့ နိုင်ငံသားဖြစ်မှုဆိုတာဟာ အင်မတိအင်မတန်အရေးပါပြီး အဲဒါနဲ့ပတ်သက်တဲ့အယူအဆပိုင်းမှာလည်း အမြင်အယူအဆမတူညီမှုတွေ ကြီးကြီးမားမားရှိတယ်ဆိုတာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေကိုကြည့်ရုံနဲ့တင် နားလည်လောက်ပါတယ်။ နိုင်ငံသားဖြစ်မှုဆိုတာရဲ့အဓိပ္ပာယ်၊ အကျယ်အဝန်းနဲ့ သဘောသဘာဝတို့ဟာဆိုရင် အမြဲ ငြင်းခုံနေရပြီး ကိုယ်ရပ်တည်တဲ့ဘက်အသာရဖို့ အမြဲရုန်းကန်နေရတဲ့အရာလည်းဖြစ်တယ်။ သမိုင်းကိုပြန်ကြည့်မယ် ဆိုရင် ဒါဟာ အမြဲလှုပ်ရှားပြောင်းလဲနေတဲ့ အယူအဆတစ်ရပ်ဖြစ်ပြီး အားလုံးအတွက် တန်းတူညီမျှတဲ့နိုင်ငံရေးမှာပါဝင်ခွင့် အခွင့်အရေးလိုဟာမျိုးကနေ အမျိုးသမီးတွေ၊ လိင်တူချစ်တဲ့ကျားမတွေ၊ အနည်းစုသောမျိုးနွယ်စုတွေအတွက် တန်းတူညီမျှ ရပိုင်ခွင့်တွေကို တောင်းဆိုတာမျိုးလိုအထိ ဖြစ်ရပ်တွေကနေ တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့တာတွေ့ရမှာဖြစ်ပါတယ်။

မကြာသေးမီနှစ်များအတွင်းမှာဆိုရင် နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားဖြစ်မှုရဲ့အသွင်ပြောင်းလဲလာမှုတွေကြောင့် ပညာရပ်ဆိုင်ရာ ပညာရှင်တွေဟာ အကြီးအကျယ်ကို ဆွေးနွေးငြင်းခုံခဲ့ကြရာမှာ နိုင်ငံသားဖြစ်မှုအပေါ် ဟိုးရှေးအတီတေကတည်းက စွဲကိုင်လာကြတဲ့ ဂန္ထဝင်ဖွင့်ဆိုချက်ကိုလက်ခံသူတွေကတစ်ဖက်၊ ဒါကိုလက်မခံဘဲ နိုင်ငံသားဖြစ်မှုဆိုတာဟာ ဂလိုဘယ်လိုက်ဇေးရှင်းတို့၊ နိုင်ငံဖြတ်ကျော်ဖြစ်စဉ်ပေါ်ပေါက်မှု (transnationalisation) နဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (အိုင်စီတီ) တို့ရဲ့ အပြန်အလှန်ထိတွေ့သက်ရောက်နိုင်စွမ်းအား စတာတွေကြောင့် ပြောင်းလဲခဲ့ပြီလို့ ယူဆသူတွေကတစ်ဖက်ဆိုပြီး နှစ်စုနှစ်ဖွဲ့ကွဲသွားခဲ့ကြပါတယ်။ ပထမတစ်ဖွဲ့ကတော့ နိုင်ငံသားဖြစ်မှုဆိုတဲ့အပိုင်း ဖွဲ့တည်ဖို့အတွက် အမျိုးသားနိုင်ငံဖြစ်ခြင်းဆိုတဲ့အချက်ဟာ အဓိကအကျဆုံးနဲ့ တစ်ခုတည်းသော အဝန်းအဝိုင်းပဲလို့ ရှုမြင်ကြတယ်။ ဒုတိယ တစ်ဖွဲ့ကတော့ ‘ချည်နှောင်မထားတဲ့’ နိုင်ငံသားဖြစ်မှုဟာ ပေါ်ပေါက်လာနေပြီ၊ အရောင်အစုံအသွေးစုံရောထွေးစနစ်၊ ကိုယ်ပိုင်စရိုက်လက္ခဏာတွေတစ်ခုမက ခံယူလာမှုနဲ့ နိုင်ငံပေါင်းများစွာကိုခွပြီးလှုပ်ရှားရပ်တည်နေတဲ့ အရပ်သား လူ့အဖွဲ့ အစည်းတစ်ရပ်ပေါ်ထွန်းလာမှုစတာတွေနဲ့ချိတ်ဆက်ပြီးတော့ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုကြပါတယ်။

သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် နိုင်ငံသားဖြစ်မှုဆိုတာဟာ ရှေးခေတ်ဂရိမှာစတင်ပေါ်ထွန်းခဲ့တာဖြစ်ပြီး ဂရိနိုင်ငံသားတွေဟာ တရားဝင်အသိအမှတ်ပြုခံရပြီး မှတ်ပုံတင်ထားတဲ့ မြို့သူမြို့သားတွေဖြစ်တယ်။ သူတို့ဟာ နိုင်ငံသားအုပ်စုမှာမပါတဲ့ ‘အခြား’ အုပ်စုဝင်တွေဖြစ်တဲ့ နိုင်ငံသားမဟုတ်သူတွေ၊ နိုင်ငံခြားသားတွေ၊ ကျေးကျွန်တွေ စတဲ့လူပုဂ္ဂိုလ်တွေမရရှိတဲ့ အချို့သောအခွင့်အရေးတွေကို ရကြတယ်။ ဒါဟာ လူ့အဖွဲ့အစည်းတစ်ရပ်ကိုတည်ဆောက်တဲ့နေရာမှာ အဲဒီမြို့ပြနိုင်ငံမှာ ပါသူတွေနဲ့ မပါသူတွေအကြား စည်းခြားလိုက်တဲ့နည်းနဲ့ ပုံစံချလိုက်တာလည်းဖြစ်ပါတယ်။ ၁၆၄၈ ခုနှစ် ဝက်စ်ဖားလီးယား စာချုပ်ချုပ်ဆိုအပြီးမှာတော့ အမျိုးသားနိုင်ငံတွေဟာ အချုပ်အခြာအာဏာပိုင်တဲ့ နယ်မြေဒေသတွေဖြစ်လာပြီး နိုင်ငံသား ဖြစ်မှုဆိုတာကို အဲဒါနဲ့ဆက်စပ်ပြီး အတိအကျဖွင့်ဆိုလာကြတယ်။

ဂရိမြို့ပြနိုင်ငံတွေတည်ထောင်ထွန်းကားခဲ့တဲ့အချိန်ကစလို့ ဒီကနေ့ခေတ်အထိ နိုင်ငံသားဖြစ်မှုနဲ့ဆိုင်တဲ့အကြောင်းအရာ ဟာ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်တိုးတက်လာခဲ့တယ်။ တစ်မျိုးပြောရရင် အမျိုးသားနိုင်ငံတွေရဲ့ ပုံစံနဲ့ စုစည်းခိုင်မာမှုတွေ ပြောင်းလဲတိုးတက်လာခဲ့တာဖြစ်တယ်။ ဒီကနေ့ခေတ်ကတော့ လူတန်းစားတိုက်ပွဲနဲ့ဆက်စပ်နေတဲ့၊ အနောက်တိုင်းမှာ တစ်ချိန်ကဖြစ်ခဲ့တဲ့ ဉာဏ်အလင်းပွင့်မှုနဲ့ ခေတ်မီတိုးတက်မှုတို့ရဲ့ ထွက်ကုန်တစ်ခုလို့ ယူဆခံရတယ်။ မာရှယ် (Marshall, 1950: 10-11) က နိုင်ငံသားဖြစ်မှုကို အရပ်ဘက်၊ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးတွေရဖို့အတွက် ရုန်းကန်တိုက်ပွဲဝင်မှုရှုထောင့်ကနေ ခုလိုဖွင့်ဆိုပြတယ်။

“အရပ်ဘက်အခွင့်အရေးဆိုတာကတော့ မိမိရဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်အတွက် လိုအပ်တဲ့အခွင့်အရေးတွေပဲ။ နိုင်ငံရေး အခွင့်အရေးကတော့ နိုင်ငံရေးအာဏာကိုကျင့်သုံးတဲ့နေရာမှာ နိုင်ငံရေးအာဏာအပ်နှင်းခံရတဲ့အဖွဲ့ရဲ့အဖွဲ့ဝင်အဖြစ်နဲ့ ဖြစ်စေ၊ အဲဒီအဖွဲ့ကိုရွေးချယ်တင်မြှောက်သူအနေနဲ့ဖြစ်စေ ပါဝင်ကျင့်သုံးနိုင်တဲ့အခွင့်အရေးကို ဆိုလိုတယ်။ လူမှုရေး အခွင့်အရေးဆိုတာကတော့ စီးပွားရေးကောင်းမွန်မှုနဲ့ လုံခြုံမှုကနေ လူမှုရေးဆိုင်ရာအမွေကိုအလုံးစုံမျှဝေခွဲပေးနိုင်ခွင့်နဲ့ လူ့အဖွဲ့အစည်းအတွင်း ထွန်းကားနေတဲ့စံညွှန်းများနဲ့အညီ ယဉ်ကျေးတဲ့လူသားတစ်ဦးအဖြစ်နေထိုင်ပိုင်ခွင့်အထိ ပါဝင်တဲ့ အခွင့်အရေးဘောင်တစ်ခုလုံးအကျုံးဝင်တယ်။”


တခြားသောပညာရှင်တွေကတော့ မာရှယ်ရဲ့နိုင်ငံသားဖြစ်မှုအယူအဆနဲ့ပတ်သက်ပြီးတုံ့ပြန်ဖို့အတွက် လူမှုကောင်းကျိုး နိုင်ငံတော်အယူအဆ သို့မဟုတ် အမျိုးသမီးအခွင့်အရေးနဲ့ လူနည်းစုတိုင်းရင်းသားအခွင့်အရေး ရှုထောင့်အယူအဆကို မိတ်ဆက်ကြတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်ကာလတွေမှာတော့ နိုင်ငံသားဖြစ်မှုဆိုင်ရာလေ့လာမှုတွေမှာ ‘အခွင့် အရေး’ ကနေ ‘တာဝန်’ ဘက်ဆီ ရွေ့လာခဲ့တယ်။ ဥပမာ အခွန်ထမ်းခြင်း၊ မဲဆန္ဒပေးခြင်း၊ ဒါမှမဟုတ် ဂျူရီခုံသမာဓိမှာ ပါဝင်ခြင်း။ ဘယ်လိုပဲဆိုဆို ဒီနေ့ခေတ်ထက်ထိအောင်ကိုပဲ နိုင်ငံသားဖြစ်မှုဆိုတာကို အမျိုးသားနိုင်ငံဆိုတဲ့အပေါ် နားလည်မှုနဲ့ပဲဆက်စပ်ပြီး ဖွင့်ဆိုနေကြဆဲပဲဖြစ်တယ်။

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ


နိုင်ငံသားဖြစ်မှုကို သတ်မှတ်တဲ့အရည်အချင်းနဲ့ပတ်သက်ပြီးပြောရရင် ယေဘုယျအနေနဲ့ သွေးအပေါ် အခြေခံပြီး သတ်မှတ်တဲ့ နိုင်ငံသားဖြစ်မှုနဲ့ လူသားဖြစ်မှုအပေါ် အခြေခံပြီးသတ်မှတ်တဲ့ နိုင်ငံသားဆိုပြီး နှစ်မျိုးခွဲနိုင်မှာဖြစ်တယ်။ တစ်ချိန်ကတော့ ဘယ်လူမျိုး (သွေး) ကဆင်းသက်လာသလဲဆိုတာအပေါ် အခြေခံပြီး ဒီလူမျိုး၊ ဒီလူမျိုးတွေကတော့ ဒီနိုင်ငံနဲ့ဆိုင်တယ်၊ ဒီနိုင်ငံရဲ့နိုင်ငံသားဖြစ်ထိုက်တယ်လို့ စဉ်းစားခဲ့ကြပေမယ့် ဒီဘက်ခေတ်ပိုင်းမှာတော့ လူမျိုးတွေ၊ ဘာသာတွေ၊ သွေးတွေ၊ ယဉ်ကျေးမှုတွေဟာ အချင်းချင်းရောယှက်လာကြတာကတစ်ပိုင်း၊ လူမျိုးရေးအပေါ် အခြေခံပြီး နိုင်ငံသားသတ်မှတ်မှုကြောင့် နစ်နာခဲ့ရသူတွေ (ဥပမာ ဟစ်တလာလက်ထက် ဂျူးတွေ) သမိုင်းမှာ ရှိလာခဲ့ကြတာက တစ်ကြောင်းကြောင့် နိုင်ငံသားဖြစ်မှုကို လူမျိုးတစ်မျိုးရဲ့အဖွဲ့ဝင်ဖြစ်ခြင်းအပေါ် အခြေခံမစဉ်းစားတော့ဘူး။ တစ်ဖက်မှာလည်း လစ်ဘရယ်ဝါဒထွန်းကားလာမှုကြောင့် လူသားရဲ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှု စတာတွေ နဲ့ ချိန်ထိုးပြီး လူသားဖြစ်ခြင်းအပေါ် အခြေခံလို့ပဲ နိုင်ငံသားဖြစ်မှုကို လက်ခံလာကြတယ်။

အခြေအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ နိုင်ငံသားဖြစ်မှုနဲ့ဆိုင်တဲ့ကြေညာချက်က ဘယ်လိုပဲဆိုထားဦး၊ အထက်ကပြောခဲ့သလိုပဲ နိုင်ငံသားဖြစ်မှုဟာ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံရဲ့ သတ်မှတ်ချက်ထဲကနေ မထွက်နိုင်သေးဘူး။ မြန်မာနိုင်ငံကိုကြည့်ရင် နိုင်ငံသားသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ချိန်ထိုးပြီး ဆုံးဖြတ်တာကိုတွေ့ရမှာဖြစ်တယ်။ ဒီဥပဒေကတော့ နိုင်ငံတကာ လူအခွင့်အရေးသမားတွေရော၊ ပညာရှင်တွေပါ အကျယ်လောင်ဆုံး ဝေဖန်ကြတဲ့ဥပဒေဖြစ်ပြီး ကမ္ဘာပေါ်မှာ “အဆိုးရွားဆုံးနိုင်ငံသားဥပဒေ”လို့တောင် အမည်တပ်ကြ တဲ့အထိပါပဲ။

မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမတိုင်မီ ၁၉၄၈ ခုနှစ်မှာ နိုင်ငံသားဥပဒေတစ်ခု ရှိခဲ့ဖူးတယ်။ ၁၉၈၂ ခုနှစ်ဥပဒေကတော့ ဦးနေဝင်းရဲ့တစ်ပါတီအာဏာရှင်အုပ်ချုပ်ရေးအောက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒီဥပဒေပြဋ္ဌာန်းရခြင်းရဲ့ နောက်ကွယ်ကရည်ရွယ်ချက်နဲ့ နိုင်ငံသားဆိုတဲ့အပေါ်မှာ အဲဒီအချိန်ကအုပ်ချုပ်သူတွေရဲ့သဘောထားကိုတော့ အဲဒီနှစ် အောက်တိုဘာ ၈ ရက်နေ့မှာ သမ္မတအိမ်တော်မှာ ဦးနေဝင်းပြောခဲ့တဲ့မိန့်ခွန်းကိုကြည့်ရင် သိနိုင်တယ်။ အဲဒီမှာ ဦးနေဝင်းက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို “အရေးကြီးတဲ့ဥပဒေ” လို့ပြောထားပြီး မြန်မာနိုင်ငံဟာ ၁၈၂၄ ခုနှစ်နဲ့ ၁၉၄၈ ခုနှစ်ကြားကာလမှာ တခြားသူတို့ရဲ့ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုတယ်။ လွတ်လပ်ရေးရတဲ့အချိန်မှာ ဦးနေဝင်းရဲ့အသုံးအရ နိုင်ငံသားစစ်စစ်တွေသာမက ဧည့်သည်တွေ၊ နိုင်ငံသားနဲ့ဧည့်သည်တွေပေါင်းဖက်ရာကနေ ပေါ်ပေါက်လာတဲ့အရေးကိစ္စတွေပေါ်ပေါက်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဒါဟာ ပြဿနာတစ်ခုဖြစ်လာကြောင်း၊ ဧည့်သည်တွေနဲ့ သွေးနှောတွေရဲ့ အဆင့်အတန်းကို ဘယ်လိုသတ်မှတ်ရမလဲ ဆိုတဲ့မေးခွန်းပေါ်လာကြောင်း၊ ဒါကို ဖြေရှင်းဖို့အတွက် ၁၉၄၈ ခုနှစ်မှာ ဥပဒေနှစ်ရပ် (ပြည်ထောင်စု နိုင်ငံသားအက်နဲ့ ပြည်ထောင်စု နိုင်ငံသား ပြုခွင့်အတွက် လျှောက်ထားမှုအက်) ပေါ်ပေါက်ခဲ့ရကြောင်း ဆိုထားတာတွေ့ရတယ်။

၁၉၈၂ ခုနှစ်ဥပဒေနဲ့ယှဉ်ရင် နိုင်ငံသားဖြစ်မှုဆိုင်ရာကန့်သတ်ချက်တွေ အတော်ကိုနည်းပါးတဲ့ ၁၉၄၈ ခုနှစ်က ဥပဒေနှစ်ခုနဲ့ဆိုင်တဲ့ အားနည်းချက်တွေကို ဦးနေဝင်းက သူ့မိန့်ခွန်းမှာဖော်ပြသွားပြီး လွတ်လပ်ရေးရတဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေပြီးဖြစ်တဲ့ “နိုင်ငံခြားသား” တွေဟာ ပြဿနာတစ်ခုဖြစ်နေတာကြောင့် အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ၁၉၄၈ ခုနှစ်မှာ ဥပဒေနှစ်ခုကိုပြဋ္ဌာန်းခဲ့ပေမယ့်လည်း လက်တွေ့မှာ တင်းတင်းကျပ်ကျပ် မလိုက်နာခိုင်း နိုင်ခဲ့တော့ကာ အဲဒီအချိန်အထိ အဲဒီ နိုင်ငံခြားသားတွေရှိနေသေးသလို သူတို့ဟာလည်း သူတို့ရဲ့နိုင်ငံသားအဆင့်အတန်း တိတိကျကျမရှိတာကြောင့် အခုအချိန်မှာ အထိတ်တလန့်နေနေရတယ်လို့လည်း ဆိုသွားပါတယ်။


မြန်မာနိုင်ငံမှာ “နိုင်ငံခြားသား”တွေဟာ ၁၈၂၄ ခုနှစ် (ပထမအင်္ဂလိပ်-မြန်မာစစ်) နောက်ပိုင်းကာလကတည်းကစလို့ လာရောက်အခြေချပြီး သူတို့ကနေ ဆင်းသက်ပေါက်ဖွားလာသူတွေဟာ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ တချို့လည်းဒီနိုင်ငံကနေထွက်ခွာသွားသလို တချို့လည်း ဆက်နေပေမယ့် သူတို့ကိုယ်သူတို့ ဘယ်နိုင်ငံသားရယ်လို့ သတ်မှတ်ရမယ်မသိဖြစ်နေကြောင်း၊ သူတို့ကို နိုင်ငံတော်ကသာ သဘောထားကြီးမပေးရင် (သူတို့ကိစ္စ နိုင်ငံတော်နဲ့မဆိုင်ဘူးလို့သတ်မှတ်ရင်) သူတို့မှာသွားစရာမြေမရှိဘဲ ဒုက္ခရောက်မှာကိုစိုးတာကြောင်း၊ ဒါ့ပြင် ၁၉၄၈ ခုနှစ် ကာလမတိုင်မီလေးတင်မှ လာရောက်ကြတဲ့နိုင်ငံခြားသားတွေလည်းရှိပြီး အဲဒီပြဿနာတွေအားလုံးကို ပြေလည်စေဖို့ အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကိုရေးဆွဲရခြင်းဖြစ်တယ်လို့ ဦးနေဝင်းက အဲဒီ မိန့်ခွန်းမှာဆိုပါတယ်။

ဆက်လက်ပြီး ဦးနေဝင်းက ဒီလိုပြဿနာတွေကြောင့် “ဧည့်နိုင်ငံသား” ဆိုတာကိုဥပဒေထဲမှာထည့်သွင်းသတ်မှတ် ရကြောင်း၊ ဧည့်နိုင်ငံသားဆိုသူတွေဟာ ၁၈၂၄ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကိုရောက်လာပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်ဘဲ ဒီမှာပဲတစ်သက်လုံးဆက်နေတော့မယ့်သူတွေကိုပေးတဲ့ နိုင်ငံသားတစ်မျိုးဖြစ်ကြောင်း၊ ဒါပေမဲ့လည်း သူတို့အပေါ် “သဘောထားကြီးကြီးနဲ့” ဒီမှာပဲဆက်နေခွင့်ပြုခွင့်ပေမယ့်လည်း နိုင်ငံရဲ့အရေးကိစ္စနဲ့ တိုင်းပြည်ကံကြမ္မာနဲ့ ပတ်သက်တဲ့အရေးတွေမှာ ဝင်ရောက်ဆုံးဖြတ်ခွင့်တော့မပေးနိုင်ကြောင်း၊ အကြောင်းက သူတို့ကိုဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာမှာ ပေးလိုက်လို့ သူတို့ကသာနိုင်ငံတော်ကိုသစ္စာဖောက်ရင် မိမိတို့ဒုက္ခရောက်မှာဖြစ်ကြောင်း ထည့်ပြောပါတယ်။ ဦးနေဝင်းမိန့်ခွန်းမှာ တစ်ခုထည့်ပြောသွားတာကတော့ ဧည့်နိုင်ငံသားတွေဟာမယုံကြည်ရကြောင်း၊ သူတို့ရဲ့ အမျိုးအဆွေတွေဟာ နိုင်ငံခြားမှာနေထိုင်နေကြတာကြောင့် သူတို့နဲ့ဆက်သွယ်ပြီး ပြည်တွင်းကကုန်ပစ္စည်းတွေကို တရားမဝင်ခိုးထုတ် တာမျိုးတွေရှိနေနိုင်ကြောင်း၊ အဲဒီလို လုပ်တဲ့သာဓကတွေလည်းရှိကြောင်း ဆိုတာပါပဲ။

ဒီလိုနောက်ခံနဲ့အတူ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဆိုတာပေါ်လာခဲ့ပါတယ်။ ဒီဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုပြီး နိုင်ငံသားသုံးမျိုးပေါ်ထွက်လာခဲ့တယ်။ နိုင်ငံသားသုံးမျိုးကွဲသလို သူတို့ဟာ ရရှိတဲ့ အခွင့်အရေးချင်းလည်း မတူကြဘူး။ နိုင်ငံသားဆိုတာကတော့ ၁၈၂၄ ခုနှစ်ရှေ့ပိုင်းကတည်းက မြန်မာနိုင်ငံထဲကို ရောက်ရှိနေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားမိဘနှစ်ပါးမှ ဆင်းသက်ပေါက်ဖွားလာသူလို့ ဆိုပါတယ်။ သူတို့ဟာ တင်းပြည့် ကျပ်ပြည့် နိုင်ငံသားတွေပဲ။ နောက်တစ်မျိုးကတော့ ဧည့်နိုင်ငံသားတွေဖြစ်ပြီး သူတို့ဟာ ၁၈၂၄ ခုနှစ်နဲ့ လွတ်လပ်ရေး မရမီကာလအတွင်း ဝင်ရောက်အခြေချကြပြီး ၁၉၄၈ ခုနှစ်ဥပဒေအရ မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထား ခဲ့ကြသူ တွေဖြစ်တယ်။

နောက်ဆုံးတစ်မျိုးကတော့ နိုင်ငံသားပြုခွင့်ရသူလို့ခေါ်သူတွေပဲ။ ဦးနေဝင်းရဲ့မိန့်ခွန်းပါရှင်းလင်းချက်အရ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူအကြား ကွာခြားချက်ကတော့ သူတို့နှစ်မျိုးစလုံးဟာ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ မတိုင်မီဝင်ရောက်ခဲ့ကြတာချင်းတူပေမယ့် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုရှိတာနဲ့ မရှိတာနဲ့ပဲကွာပြီး မလျှောက်ထားသေး တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံသားပြုခွင့်ရသူလို့ သတ်မှတ်တာဖြစ်တယ်။ မိဘနှစ်ပါးအနက်တစ်ဦးက နိုင်ငံသားဖြစ်ပြီး၊ ကျန်တစ်ဦးက နိုင်ငံခြားသားဖြစ်ရင်၊ ဒါမှမဟုတ် တစ်ဦးက ဧည့်နိုင်ငံသားဖြစ်ပြီး ကျန်တစ်ဦးက နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် နိုင်ငံခြားသားဖြစ်ရင် နိုင်ငံသားပြုခွင့်ရသူလို့သတ်မှတ်ပြီး သူဟာ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်မှာ သူ့ကို နိုင်ငံသားပြုခွင့်ရသူအဖြစ်သတ်မှတ်ပေးပါလို့ တရားဝင်လျှောက်ထားရမှာဖြစ်တယ်။ ဒါ့အပြင် နိုင်ငံသားပြုခွင့်ရသူအဖြစ် အရည်အချင်းပြည့်မီဖို့အတွက် လျှောက်ထားသူဟာ “နိုင်ငံရဲ့တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ရမယ်” ဆိုတာလည်း အချက်တစ်ချက်အနေနဲ့ပါဝင်တယ်။

ဦးနေဝင်းဟာ သူ့ရဲ့မိန့်ခွန်းမှာ ဧည့်နိုင်ငံသားတွေ ဟာ မယုံကြည်ရသူတွေဖြစ်တယ်ဆိုတာကို နေရာအတော်များများမှာ ထည့်ထည့်ပြောသွားတာကိုတွေ့ရမှာဖြစ်တယ်။ အခုအချိန်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုပြီး သုံးမျိုးဖြစ်နေပေမယ့် နောင်တစ်ချိန်မှာတော့ နိုင်ငံသား တစ်မျိုးပဲကျန်တော့မယ်လို့ သူက ဆိုတယ်။ အကြောင်းက ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတို့ရဲ့ တတိယမျိုးဆက် (မြေး) တွေဟာ နိုင်ငံသားအဆင့်အတန်းကို ရမှာကြောင့်လို့ ဆိုပါတယ်။ လွတ်လပ်ရေးမရမီကာလကတည်းက နေလာခဲ့ကြတဲ့နိုင်ငံခြားသားတွေအနေနဲ့ မိမိရဲ့နိုင်ငံသားအခြေအနေနဲ့ပတ်သက်ပြီး မသေချာမရောရာမှုဆိုတဲ့ဘဝကနေ လွတ်မြောက်နိုင်စေမယ့် လုပ်ငန်းကို ဒါဟာပထမဆုံးအကြိမ်လုပ်တာဖြစ်တယ်လို့လည်း ထိုစဉ်ကလမ်းစဉ်ပါတီဥက္ကဋ္ဌကြီးက ပြောသွားတာကိုတွေ့ရပါတယ်။

ဒီလိုနည်းနဲ့ အတင်းကျပ်ဆုံးလို့အဝေဖန်ခံရတဲ့ နိုင်ငံသားဖြစ်မှုဥပဒေတစ်ရပ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ကျင့်သုံးလာ ခဲ့တယ်။ ဦးနေဝင်းရဲ့မိန့်ခွန်းမှာပြောသွားတာတွေနဲ့ လက်တွေ့မှာ ဒီဥပဒေရဲ့သက်ရောက်မှုက ဘာတွေရှိပါသလဲ။ သေချာ တာကတော့ လွတ်လပ်ရေးရပြီးစမှာပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံသားအဆင့်ကိုရခဲ့ကြသူအများအပြားဟာ ဧည့်နိုင်ငံသားတွေဖြစ်လာကြတယ်။ တချို့လည်း နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခံရတယ်။ ဥပဒေပညာရှင်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီဥပဒေဟာ အထူးအားဖြင့် “လူမျိုးခြား” လို့သုံးနှုန်းတဲ့ တရုတ်နဲ့ အိန္ဒိယသွေး ပါသူတွေကို နိုင်ငံအတွင်းကနေ ဖယ်ထုတ်ဖို့အတွက်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေပဲလို့ ဆိုကြတယ်။ ဧည့်နိုင်ငံသား နဲ့ နိုင်ငံသားပြုခွင့်ရသူဆိုသူတွေဟာ နိုင်ငံရေးမှာကိုယ်စားပြုနိုင်ရေး ဝင်ရောက် အရွေးကောက်ခံပိုင်ခွင့်၊ ဝန်ကြီး စတဲ့ အုပ်ချုပ်ရေးရာထူးယူပိုင်ခွင့်၊ နိုင်ငံ့အုတ်သျှောင် (သမ္မတ စသည်) ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးရတယ်။  ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်မျိုးနွယ်စုတွေဟာဆိုရင် နိုင်ငံသားဖြစ်ခွင့်ရုပ်သိမ်းခံရတဲ့အတွက် နိုင်ငံလက်မဲ့ဘဝကိုရောက်ရတယ်လို့ ဝေဖန်သူတွေက ဆိုကြတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာဆိုရင် အစိုးရကဖွဲ့ပေးထားတဲ့ ဗဟိုအဖွဲ့မှာဆိုရင် မည်သူကတော့နိုင်ငံသား၊ မည်သူ ကတော့ ဧည့်နိုင်ငံသား၊ မည်သူကတော့ နိုင်ငံသားပြုခွင့်ရသူဖြစ်တယ်ဆိုတာကို သတ်မှတ်နိုင်တဲ့အခွင့်အာဏာ အလုံးစုံ ရရှိထားတယ်။ စစ်အစိုးရအာဏာသိမ်းတက်လာပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်ကစလို့ နိုင်ငံသားကတ်တွေကို ပြောင်းလဲထုတ်ပေးခဲ့ပြီး အဲဒီကတ်ပေါ်မှာ ကိုင်ဆောင်သူရဲ့လူမျိုးနဲ့ ကိုးကွယ်တဲ့ဘာသာကို ဖော်ပြတယ်။ နိုင်ငံသားကတ်တွေကို အရောင်မတူအောင် ထုတ်ပေးထားတဲ့အတွက် ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေနဲ့ အလွယ်တကူ ခွဲခြားနိုင်တယ်။ ကတ်ကိုကိုယ်နဲ့မကွာ ဆောင်ထားရမှာဖြစ်ပြီး ကားလက်မှတ်၊ ရထားလက်မှတ်ဝယ်ရာ၊ ကျောင်းအပ်ရာ၊ အစိုးရအလုပ်လျှောက်ရာ၊ ဧည့်စာရင်း တိုင်ရာတို့မှာ ပြသရတယ်။ ခရီးသွားတဲ့အခါမှာ စစ်ဆေးရေးဂိတ်တွေကိုဖြတ်ရင် ကားပေါ်ကဆင်း၊ လက်ထဲမှာကတ်ကို ကိုင်ပြီး ဂိတ်ထဲကိုဖြတ်လျှောက်ရတယ်။ မှတ်ပုံတင်မပါဘဲခရီးသွားလို့မရဘူး။ နိုင်ငံသားကတ်မကိုင်ဆောင်ထားနိုင်ရင် မြေ နဲ့ တခြား မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ မပိုင်ဆိုင်နိုင်သလို နိုင်ငံသားဖြစ်ပါစေဦး မှတ်ပုံတင်ကတ်မပြနိုင်ရင်လည်း အခြေခံ ကျတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေတောင် ငြင်းပယ်ခံရနိုင်တယ်။

နိုင်ငံသားဥပဒေအရ အစိုးရဟာ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတို့ရဲ့နိုင်ငံသားအဆင့်အတန်းတွေကို အချိန်မရွေး ပြန်ရုပ်သိမ်းလို့ရတယ်။ တခြားနိုင်ငံရဲ့နိုင်ငံသားခံယူလိုက်လို့ဖြစ်စေ၊ တိုင်းပြည်ကနေ ထာဝရထွက်ခွာသွားလို့ဖြစ်စေ နိုင်ငံသားဖြစ်မှုဆုံးရှုံးပြီး ဘယ်တော့မှ နိုင်ငံသားအဖြစ် ပြန်လျှောက်လို့မရတော့ဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အချက်တွေနဲ့ကိုက်ညီသူတွေကလွဲရင် နိုင်ငံခြားသားတွေဟာ နိုင်ငံသားဖြစ်ခွင့်မရှိဘူးလို့ ဆိုပေမဲ့ ၁၉၉၃ ခုနှစ် မေလအတွင်းတုန်းက နဝတအဖွဲ့ရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ နိုင်ငံခြားမှာအခြေချနေတဲ့ မြန်မာနိုင်ငံသား ဟောင်းတွေအနေနဲ့ သူတို့ရဲ့နိုင်ငံခြားသားဖြစ်မှုကိုစွန့်လွှတ်ပြီး မြန်မာနိုင်ငံသားပြန်လျှောက်ခွင့်ရှိတယ်လို့ဆိုထားတာ တော့ တွေ့ရမှာဖြစ်တယ်။

နိုင်ငံသားဖြစ်မှုနှင့် ကိုးကွယ်ယုံကြည်မှု


ဉာဏ်အလင်းပွင့်ခေတ်နောက်ပိုင်း ထွန်းကားလာတဲ့အတွေးအခေါ် အယူအဆတွေအရ လူတစ်ယောက်ရဲ့ ကိုးကွယ် ယုံကြည်မှုဟာ သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်မှုသာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အဖွဲ့ဝင်ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆက်စပ် စရာ ဘာအကြောင်းမှရှိတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လို့ မြန်မာနိုင်ငံလိုမျိုး စစ်အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံအတွက်တော့ လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့အဖွဲ့ဝင်ဖြစ်ခြင်းဆိုတဲ့ အခြေအနေ အဆင့်အတန်းကို လူမျိုးအရ၊ ကိုးကွယ်ယုံကြည်မှုအရ ဆုံးဖြတ်တာကတော့ အထင်အရှားတွေ့နေရတယ်။ မြန်မာနိုင်ငံသားဖြစ်ဖို့ ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ တည့်တိုးမပြောပေမဲ့လည်း အဲဒီလိုစဉ်းစားတွေးခေါ်မှုနဲ့ အဲဒီလိုပို့ချမှုဟာ ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာမြင်နေရတဲ့ စိတ်မကောင်းစရာ လူမှုပြဿနာတွေရဲ့ အရင်းခံလည်းဖြစ်ပါတယ်။ 

အထက်တစ်နေရာမှာတင်ပြခဲ့သလို နိုင်ငံသားဖြစ်ခြင်း ကို လူတစ်ဦးချင်းရဲ့ရပိုင်ခွင့်အဖြစ်နဲ့မမြင်ဘဲ၊ သူ့ရဲ့အရည်အချင်းကိုလိုက်လို့ ဆုံးဖြတ်တာမဟုတ်ဘဲ သွေးဆိုတဲ့အရာ၊ တစ်နည်း ဘယ်လူမျိုးဖြစ်ခြင်းဆိုတဲ့အပေါ်မှာ အခြေပြုဆုံးဖြတ်တာကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ ဝိသေသ လက္ခဏာလည်းဖြစ်ပါတယ်။ ဒါဟာ အမျိုးသား နိုင်ငံထူထောင်လိုသူတွေအုပ်ချုပ်တဲ့တိုင်းပြည်တွေမှာ တွေ့ရတဲ့လုပ်နည်းလုပ်ဟန်နဲ့ စဉ်းစားတွေးခေါ်ပုံဖြစ်ပြီး တိုင်းပြည်ရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာ (National identity) ကို လူမျိုးတစ်မျိုး၊ ဘာသာစကားတစ်ခု၊ ကိုးကွယ်ယုံကြည်မှုတစ်ရပ် တည်းအပေါ်မှာပဲ အခြေတည် တည်ဆောက်ခြင်းဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလိုမျိုး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုဝေး နေထိုင်ကြတဲ့ အမျိုးသားပေါင်းစုနိုင်ငံ (multi-nation state) တစ်ခုမှာ လူမျိုးတစ်မျိုး (ဝါ) လက်ရွေးစင်လူမျိုးအချို့ရဲ့ အဖွဲ့ဝင်ဖြစ်ခြင်းဆိုတဲ့အပေါ်မှာ မူတည်ပြီးမှ နိုင်ငံသားဖြစ်မှုကိုစဉ်းစားခြင်းဟာ လူမျိုးကြီးစိတ်ဓာတ်ရဲ့ပြယုဂ်၊ မိမိ မနှစ်သက်တဲ့လူမျိုးတွေ၊ အဲဒီလူမျိုးသွေးပါသူတွေကို ခွဲခြားဆက်ဆံခြင်း၊ အဆုံးစွန်အားဖြင့် သူတို့ကိုလုံးဝမောင်းထုတ် လိုခြင်းရဲ့ ရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ကကျင့်သုံးတဲ့မူဝါဒမှာတော့ တရုတ်သွေးပါသူတွေ၊ “ကုလား” သွေးပါသူတွေကို မလိုလားတာ၊ သူတို့ကို “မယုံကြည်ရသူ” တွေအဖြစ်သတ်မှတ်တာ၊ နိုင်ငံသားအဖြစ်မပေးလိုတာ၊ ဖြစ်နိုင်ရင် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ထွက်ခွာသွားစေလိုတာ စတဲ့သဘောတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့တကွ အဲဒီကစလို့ တောက်လျှောက် ကျင့်သုံးလာခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုတွေမှာ တွေ့ရမှာဖြစ်တယ်။ လဝက ရုံးတွေမှာဆိုရင် “မြေမျို၍လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့စာတမ်းတွေ တွေ့ရမယ်။ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေ၊ အရာရှိတွေဟာ နိုင်ငံသားကတ်ပြားပေါ်မှာ လူမျိုးနဲ့ ဘာသာနေရာတွေမှာ စိတ်ကြိုက် ထည့်သွင်းကြတယ်။ အထူးသဖြင့် မွတ်စလင်လို့ဆိုလိုက်တာနဲ့ သူ့ရဲ့မျိုးရိုးစဉ်ဆက်မှာ အိန္ဒိယသွေး၊ ပါကစ္စတန်သွေး၊ ဘင်္ဂါလီသွေး ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လူမျိုးနေရာမှာ “အိန္ဒိယ”၊ “ပါကစ္စတန်”၊ “ဘင်္ဂါလီ” စသည်ဖြင့် ဖြည့် လိုက်ပြီးသားပဲ။ 

မြန်မာနိုင်ငံမှာတော့ “သွေးနှော” တွေ၊ “နိုင်ငံခြားသား”တွေ လို့သတ်မှတ်ခံရသူတွေအတွက် ဒါတွေဟာ မဆန်းတော့ဘူး။ ကိုယ့်ရဲ့မျိုးရိုးစဉ်ဆက်က ဘာကြီးဖြစ်နေဖြစ်နေ၊ မွတ်စလင်တစ်ယောက်ဟာ မှတ်ပုံတင်ကတ်ပြားပေါ်မှာတော့ သူမဟုတ်တဲ့လူမျိုးလည်းဖြစ်ချင်ဖြစ်နေနိုင်တယ်။ ရှင်းရှင်းပြောရရင်တော့ ဒါဟာ ဗုဒ္ဓဘာသာဟုတ်သူနဲ့ မဟုတ်သူတွေ ကြားမှာ စည်းခြားလိုက်ခြင်းဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တာနဲ့ သူဟာ ဒီနိုင်ငံနဲ့မဆိုင်တော့ဘူးဆိုတဲ့ အငွေ့အသက်မျိုး ခံစားသွားရစေတယ်။ စစ်အစိုးရလက်ထက်မှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသား ၁၃၅ မျိုးမှာမပါသူတွေဟာ နောက်မှရောက်လာ သူတွေ၊ နိုင်ငံခြားသားတွေဆိုတဲ့အသိကို နိုင်ငံတော်ရဲ့ပြဋ္ဌာန်းအမြင်အဖြစ် ပညာရေးလိုမျိုး အဆောက်အအုံတွေကတစ်ဆင့် ရိုက်သွင်းထားတော့ နိုင်ငံသားအချင်းချင်းကြားမှာလည်း “ငါ” နဲ့ “သူတို့” ဆိုပြီး စည်းခြား သွားတော့တယ်။

ကျွန်တော်တို့ရဲ့နိုင်ငံကို အနာဂတ်မှာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတစ်ရပ်၊ “အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ” တစ်ရပ် တည်ထောင်ချင်ရိုးအမှန်ဆိုရင် နိုင်ငံထဲမှာမှီတင်းနေထိုင်သူတွေအပေါ်ထားတဲ့ သဘောထားအမြင်ကို ပြောင်းလဲရမှာဖြစ်တယ်။ မြန်မာ့မြေပေါ်မှာအခြေချနေလာခဲ့ကြသူတွေဟာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါတဲ့သူတွေပဲ မဟုတ်ပါဘူး။ ရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက အလုပ်လုပ်လာလုပ်သူတွေ၊ သာသနာပြုတွေ၊ နန်းတွင်းမှာ ခစားကြသူတွေ၊ အသိပညာရှင်အတတ်ပညာရှင်တွေ အမြောက်အမြားရှိခဲ့ကြပြီး သူတို့ရဲ့အဆက်အနွယ်တွေဟာလည်း ယနေ့ထက်ထိတိုင် ရှိနေကြဆဲဖြစ်တယ်။ လူတွေရဲ့ပြောင်းရွှေ့အခြေချမှုဟာ ခေတ်အလိုက် ပေါ်ပေါက်နေတာဖြစ်ပြီး ဒီခေတ်ဒီခေတ်မတိုင်မီက လာရောက်အခြေချသူတွေသာ ဒီနိုင်ငံသားတွေဖြစ်ပြီး ဒီခေတ်နောက်ပိုင်းရောက်လာသူတွေက တော့ နိုင်ငံသားအဖြစ်ယုံကြည်လို့မရဘူးဆိုတဲ့ အတွေးအခေါ်ဟာ အဓိပ္ပာယ်ရှိမရှိ ပြန်စဉ်းစားဖို့လိုနေပါပြီ။ 

မြန်မာ ဆိုတဲ့နိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကျမှသာ စတင်ပေါ်ပေါက်လာတာဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်။ တစ်ချိန်က နိုင်ငံသားဆိုတာထက်စာရင် ရှင်ဘုရင်နဲ့ကျေးကျွန်ဆိုတဲ့သဘောမျိုးနဲ့ပဲ ရှိခဲ့တာဖြစ်ပြီး ရှင်ဘုရင်တွေဟာ သူ့အပေါ်သစ္စာစောင့်သိသူမည်သူမဆိုကို သူ့မြေပေါ်မှာ နေခွင့်ပေးခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံသား ဆိုတဲ့အရာကတော့ ခေတ်သစ်မြန်မာနိုင်ငံရယ်လို့ ထူထောင်ကာမှသာ ပြောဆိုဆွေးနွေးစရာဖြစ်လာတယ်။ တစ်ချိန်က ရှင်ဘုရင်သေရင် ရှင်ဘုရင့်သား ဒါမှမဟုတ် ဘုရင်အသိုင်းအဝိုင်းထဲကသာ ထီးနန်းဆက်ခံတဲ့အတွက် ဘုရင်က တရုတ်၊ ကုလား၊ ပါရှန်း၊ အာမေးနီးယန်း၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလိပ် မည်သူကိုမဆို သူ့အပေါ်အမှားမလုပ်သရွေ့ နေထိုင်လုပ် ကိုင်ခွင့်ပေးတယ်။ ဒါပေမဲ့ ခေတ်သစ်မြန်မာနိုင်ငံကိုထူထောင်တဲ့အခါမှာတော့ နိုင်ငံသား ဖြစ်ခြင်းဆိုတာနဲ့အတူ နိုင်ငံသား အခွင့်အရေးတွေဖြစ်တဲ့ မဲပေးခွင့်၊ အရွေးကောက်ခံပိုင်ခွင့်၊ တိုင်းပြည်အုပ်ချုပ်ခွင့်တွေပါ ပါလာတဲ့အခါကျတော့ ရှင်ဘုရင်က သူ့ပြည်သူပြည်သားတွေအပေါ် တစ်ပြေးညီကြည့်သလိုမကြည့်တော့ဘူး။ အဲဒါဟာ “လူမျိုး” ဆိုတာကို အလေးထား ကြည့်ဖို့ဖြစ်လာတဲ့အကြောင်းပဲ။

မြန်မာနိုင်ငံမှာဗမာလူမျိုးကလူဦးရေးအများဆုံးဖြစ်ပြီး ခေတ်အဆက်ဆက် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သူတွေဟာလည်း ဗမာက များတဲ့အတွက် ဒီနိုင်ငံဟာဗမာလူမျိုးတို့ရဲ့နိုင်ငံဆိုတဲ့အမြင်ဖြစ်လာတယ်။ ကျန်တဲ့ကချင်၊ ကယား၊ စတဲ့လူမျိုးစုတွေ ကတော့ ဗမာတွေနဲ့ယှဉ်တွဲနေလာတာကလည်းကြာတဲ့အခါကျတော့ ကိုယ့်ညီအစ်ကိုတွေပဲလို့ လက်ခံပေးလိုက်တယ်။ ဒါပေမဲ့ တရုတ်၊ အိန္ဒိယစတဲ့သွေးနှောသူတွေကိုကျတော့ သူတို့မှာ သူတို့ရဲ့လာရပ်ရင်းနိုင်ငံတွေကလည်း ရှိတယ်ဆိုတော့ သူတို့ကိုဧည့်သည်လို့ပဲသတ်မှတ်လိုက်ကြတယ်။ သူတို့ဟာ တိုင်းပြည်ဗရုတ်ဗရက်ဖြစ်နေတုန်းမှာ တံခါးမရှိဓားမရှိ ဝင်လာခဲ့ ကြသူတွေဖြစ်တယ်၊ သူတို့ကိုစိတ်ချထားလို့မရဘူးဆိုတဲ့အမြင်ဖြစ်လာတယ်။ ဒါကြောင့်လည်း အဲဒီ “သွေးနှော” ဆိုသူတွေ အပေါ် နိုင်ငံသားအဆင့်အတန်း တန်းတူမပေးဘဲ တစ်ဆင့်နှိမ့်လိုက်တယ်။ အစိုးရအဆက်ဆက်ဟာ (ပြည်သူတွေအပါ အဝင်) သွေးနှောသူတွေအပေါ်မှာ လေးစားမှု၊ တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှုမရှိခဲ့ဘူး။ အဲဒီ သွေးနှောဆိုသူတွေရဲ့ ဒီမြေ၊ ဒီရေအပေါ်မှာရှိနေနိုင်တဲ့ သံယောဇဉ် (sense of belonging) ကို မျက်ကွယ်ပြုလိုက်ပြီး လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို ဘယ်လိုမှမဆုံးဖြတ်ပေးနိုင်တဲ့ အဲဒီ “သွေး” ဆိုတဲ့အရာနဲ့သာ နိုင်ငံသားအုပ်စုနဲ့ နိုင်ငံခြားသားအုပ်စုအကြားမှာ စည်းခြား လိုက်တော့တယ်။

နိဂုံး


တစ်ခေတ်တစ်ခါတုန်းက တိုင်းပြည်ကိုအုပ်ချုပ်မယ့်မင်းဆိုတာကို သွေးကိုကြည့်ပြီးဆုံးဖြတ်ခဲ့ကြတယ်။ မင်းမျိုးကနေ ဆင်းသက်ပေါက်ဖွားလာသူတွေကိုသာ ယုံယုံကြည်ကြည်နဲ့ ထီးမွေနန်းလျာအပ်နှင်းခဲ့ကြတယ်။ မင်းမျိုးမင်းနွယ် သည်သာလျှင် တိုင်းပြည်ကိုအုပ်ချုပ်ထိုက်တယ်လို့ မှတ်ယူခဲ့ပြီး လူတစ်ယောက်ရဲ့ အရည်အချင်း၊ အသိဉာဏ်ပညာ အမြော်အမြင်၊ လုပ်ရည်ကိုင်ရည် စတာတွေကိုထည့်မစဉ်းစားခဲ့ဘူး။ ဒါကြောင့်လည်း ဘုရင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေကို ကြည့်ရင် အရည်အချင်းရှိတဲ့မင်းတွေလက်ထက်မှာ တိုင်းပြည်တိုးတက်ပြီး သူ့သား၊ ဒါမှမဟုတ် သူ့မြေးလက်ထက်မှာတော့ တိုင်းပြည်က ပြန်ဆုတ်ယုတ်သွားခဲ့တဲ့ သာဓကတွေကို တွေ့ရတာပါပဲ။

ဒီမိုကရေစီအုပ်ချုပ်ရေးမှာတော့ ဒီလိုမဟုတ်ဘူး။ သမ္မတသားဖြစ်တိုင်းလည်း သမ္မတရာထူးကို ဆက်ခံရတာမျိုးမဟုတ်ဘူး။ အရည်အချင်းရှိတဲ့သူကိုသာ တိုင်းပြည်ရဲ့ဥသျှောင်အဖြစ် ပြည်သူကရွေးချယ်ကြတာဖြစ်တယ်။ ဘယ်လောက် ထူးချွန်ထက် မြက်တဲ့ တိုင်းပြည်ခေါင်းဆောင်ရဲ့သွေးတွေ ကိုယ်ထဲစီးဆင်းနေပါစေ၊ အဲဒီလူဟာ အရည်အချင်းမရှိခဲ့ရင် တိုင်းပြည်ကိုဦးဆောင်သူနေရာကို မရနိုင်ဘဲ တခြား အရည်အချင်းရှိသူကိုသာ ရွေးချယ်အုပ်နှင်းတာဟာ ဒီမိုကရေစီ စနစ်ပါ။ 

ထိုနည်းတူစွာပဲ နိုင်ငံရေးခေါင်းဆောင်ရွေးချယ်တာမှာလိုပဲ နိုင်ငံသားဆိုတာကိုရွေးချယ်တဲ့နေရာမှာလည်း ဒီသဘောပဲ ဖြစ်သင့်ပါတယ်။ ဒီမြေမှာ အစဉ်အဆက်နေလာခဲ့သူတွေကနေ ဆင်းသက်ပေါက်ဖွားလာသူတွေဖြစ်ခြင်းမဖြစ်ခြင်း (တစ်နည်း) ဘယ်သွေးပါသူတွေ၊ ဘယ်လူမျိုးဖြစ်သူတွေလဲ ဆိုတာကိုကြည့်ပြီး နိုင်ငံသားလို့သတ်မှတ်မယ့်အစား အရည်အချင်းရှိပြီး တိုင်းပြည်အပေါ်သစ္စာစောင့်သိသူတွေ၊ တိုင်းပြည်အပေါ်သံယောဇဉ်ရှိသူတွေဖြစ်မယ်ဆိုရင် ရှေးပဝေသဏီကပဲရောက်ရောက်၊ နောက်မှပေါက်တဲ့ရွှေကြာပင်ပဲဖြစ်ဖြစ် ဒီနိုင်ငံရဲ့နိုင်ငံသားတွေလို့ အသိအမှတ်ပြု လက်ခံပေးတာက ဒီမိုကရေစီစနစ်နဲ့အဆီလျော်ဆုံးသော စိတ်နေသဘောထားဖြစ်မှာပါ။ ဒီလိုမဟုတ်ဘဲ သွေးကိုလိုက်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် အရည်အချင်းရှိသူတွေဟာ တခြားကိုရောက်သွားပြီး ညံ့ဖျင်းတဲ့သူတွေပဲ နိုင်ငံသားအဖြစ် ကျန်ခဲ့ မယ်ဆိုရင် သူတို့အားနဲ့ နိုင်ငံကိုဘယ်လိုတည်ဆောက်မလဲလို့ မေးရပါလိမ့်မယ်။ ဒီကနေ့ ကမ္ဘာမှာနံပါတ် (၁) ဖြစ်နေတဲ့ အမေရိကန်နိုင်ငံဟာဆိုရင် စိမ်းသော၊ ကျက်သော၊ အင်ဂလိုသော၊ ဂျာမန်သော၊ ဂျူးသော ရွေးမနေဘဲ လူတိုင်းကို တန်းတူညီမျှအခွင့်အရေးပေးခဲ့တာကြောင့် လူမျိုးပေါင်းစုံတို့ရဲ့ တော်ပေ့ ထက်ပေ့ဆိုတဲ့သူတွေဟာ သူတို့နိုင်ငံအတွက် အလုပ်လုပ်ပေးကြတဲ့အတွက် ဒီကနေ့ အမေရိကန်နိုင်ငံဟာ မျက်နှာစာတိုင်းမှာ သူများရဲ့ရှေ့ကိုရောက်နေတာကို ကြည့်ပြီး သာဓကအဖြစ်ပုံဆောင်ယူနိုင်ကြောင်း တင်ပြရင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဆိုတာကိုသတ်မှတ်ရာမှာလည်း အမြော်အမြင်ကြီးကြီးနဲ့စဉ်းစားဖို့ လိုပြီဖြစ်ကြောင်း တင်ပြဆွေးနွေးလိုက်ရပါတယ်။

ရည်ညွှန်းကိုးကားချက်စာရင်း

၁။ မြန်မာနိုင်ငံသားဥပဒေ။ ၁၉၈၂။

2. Cammaerts, Bart and Van Audenhove, Leo (2005) Online political debate, unbounded citizenship, and the problematic nature of a transnational public sphere. Political Communication, 22(2). pp. 147-162.

3. Ne Win, General. (9 October 1982). A Translation of the speech by General Ne Win delivered t a meeting held in the Central Meeting Hall, President House, Ahlone Road, on 8 October 1982. Working People's Daily.

4. Sai Latt. (25 June 2013). "Burma's Ominous Political Debate over Ethnicity. The Irrawaddy Online Magazine. www.irrawaddy.org/z_bangladesh/burmas-ominous-political-debate-over-ethnicity.html 

5. Venkateswaran, K. S. (1996). Burma Beyond the Law. Article 19. Available Online www.article19.org/pdfs/publications/burma-beyond-law.pdf 

၂၀၁၃ ခုနှစ်က  လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်၊ အတွဲ (၁) အမှတ် (၆) တွင် ဖော်ပြပါရှိဖူးသော ဆောင်းပါး ဖြစ်ပါသည်။


Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...