Skip to main content

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။



မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြီးဆုံးသွားခဲ့သည်။

သတို့သမီးသည် စားပွဲတင်နာရီကိုကြည့်လိုက်၏။ နာရီလက်တံသည် ၉ နာရီကိုပင် အနည်းငယ် ယွန်းချင်နေပေပြီ။ အစောပိုင်းကတော့ ယောက္ခမများနှင့်အတူ အောက်ထပ်ထမင်းဝိုင်းတွင် လက်ဆုံစားကြပြီး စကားဝိုင်းဖွဲ့ခဲ့ခဲ့ကြသေးသည်။ ယနေ့ နေ့လယ်က ပွဲ၏ မင်္ဂလာသတို့သား၊ သူမ၏ ချစ်လှစွာသော ခင်ပွန်းသည်လေးကတော့ အပေါင်းအသင်းသူငယ်ချင်းများအား ထုံးစံအတိုင်း ယမကာဖြင့် ပြုစုဧည့်ခံရန် အပြင်တစ်ဖန်ထွက်သွားပြီဖြစ်သည်။ သတို့သမီးလေးသည် ခင်ပွန်းဖြစ်သူအား မူးပြီး ပြန်မလာခဲ့ဖို့ ရာဇသံပေးလိုက်၏။ သို့သော်လည်း အပေါင်းအသင်းများက ဇွတ်အတင်းတိုက်၍ အနည်းအကျဉ်း သောက်လာခဲ့ပြီဆိုလျှင်လည်း သူ့အနေနှင့် ခွင့်လွှတ်နိုင်ပါသည်။ ခွင့်လွှတ်မည်ဟုလည်း စဉ်းစားထားသည်။ (သို့ရာတွင် ထိုခြွင်းချက်ကိုတော့ လျှို့ဝှက်ထားခဲ့သည်။)

သတို့သမီးသည် ထိုင်ရာမှထလိုက်ပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်သည်။ ဟနေသည့် တံခါးကိုလည်း သွားစေ့ထားလိုက်၏။ နောက်... အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ သူတို့မောင်နှံ၏ မင်္ဂလာစက်ရာခန်းသည် အလွန်ကျက်သရေရှိသည်ဟု ထင်မိသည်။ ခုတင်၊ မွေ့ရာ၊ ခေါင်းအုံး၊ မှန်တင်ခုံ ... အားလုံးသည် အသစ်စက်စက်များဖြစ်ပြီး အချစ်ရနံ့များကလွှမ်းခြုံထားသည်။ အခန်းထောင့်မှာတော့ မင်္ဂလာလက်ဖွဲ့ပစ္စည်းများက ဖွင့်ဖောက်မည့်သူကို စောင့်မျှော်နေ၏။ သတို့သမီးသည် လက်ဖွဲ့ဘူးများအား အသာအယာကိုင်ကြည့်လိုက်သည်။ ဒါတွေအားလုံးကို သတို့သားက သူပြန်လာမှ အတူတူဖောက်မည်ဟု မှာထားခဲ့သည်။ 

ညဉ့်နက်ပိုင်းရောက်လာလေ ဝန်းကျင်သည် တိတ်ဆိတ်လေဖြစ်လာသည်။ အနီးအနားအိမ်များမှ လွင့်ပျံလာသည့် ကိုရီးယား ဇာတ်ကားသံကို တစ်စွန်းတစ်စ ကြားရသည်။ ခုနကတင် သတို့သား၏ညီမ၊ သူ့ယောက်မလေးက သူ့အား ရုပ်ရှင်လာကြည့်ဖို့ ခေါ်သေးသော်လည်း ပင်ပန်းသဖြင့် “နားချင်ပြီ” ဟုသာ ပြောခဲ့သည်။ လောလောဆယ်တော့ ရုပ်ရှင်ကြည့်ခြင်း၊ စကားပြောခြင်းများ မလုပ်လိုသေး။ သတို့သမီးသည် ပြတင်းပေါက်ဘောင်ပေါ် ချထားသည့်လက်နှစ်ဘက်ပေါ် မေးကိုဆင့်၍ တင်ထားလိုက်၏။ သူ့စိတ်သည် အတိတ်ကိုပြန်ရောက်သွားသည်။ အတိတ်ကို အနုလုံပဋိလုံ ပြန်မစဉ်းစားဖြစ်တာပင် ကြာခဲ့ပြီ။

သတို့သမီးသည် ကြည်နူးစရာကောင်းသော အတိတ်ကိုပြန်စဉ်းစားရင်း ရှက်အပြုံးစတစ်ခုနှင့်အတူ လက်သည်းလေးများအား ကိုက်နေလိုက်သည်။ သူတို့နှစ်ဦးသည် ကမ္ဘာ့အမိုးခုံးအောက် တစ်နေရာတွင် စတွေ့ခဲ့ကြသည်။ နှစ်ဦးစလုံးသည် မြင်မြင်ချင်းပင် တစ်ဦးကိုတစ်ဦး စိတ်ဝင်စားခဲ့ကြ၏။ ထိုစဉ်က သူမအား နူးညံ့သည့်အကြည့်များနှင့် ကြည့်ခဲ့သည့် သူ့ခင်ပွန်းလောင်း၏ မျက်ဝန်းများအား ယနေ့ ထက်ထိတိုင် သူမမေ့သေး။ ထိုစဉ်က စကားများများ မပြောဖြစ်ခဲ့ကြသည့်တိုင် တစ်ဦးစိတ်ကိုတစ်ဦးက အထူးပြောစရာမလိုဘဲ နားလည်နေခဲ့ကြသည်။ ထိုယောက်ျားပျိုသည် သူမ၏ ‘အနာဂတ်ခင်ပွန်းလောင်း’ ဟု စိတ်ထဲက အလိုအလျောက် သိနေခဲ့သည်ကလည်း ထူးခြားသည့်အချက်ဖြစ်၏။ အရင့်အရင်က ဆန့်ကျင်ဘက်လိင်နှင့်ပ တ်သက်လျှင် သူမ၏ရင်ခုန်သံသည် ‘အရိုင်း’ အဆင့်မှာသာရှိသေး၏။ ဒီတစ်ယောက် ကတော့ ထိုရင်ခုန်သံတို့ကို ‘အယဉ်’ ဖြစ်လာအောင်၊ (သို့မဟုတ်) သိမ်သိမ်မွေ့မွေ့ ခုန်တတ်လာအောင် ပြသခဲ့သူဖြစ်လေသည်။ 

သတို့သမီးသည်တစ်ချက်မျှသမ်းဝေလိုက်၏။ မနက်အိပ်ရာထစဉ်က ရွှင်လန်းတက်ကြွခဲ့သည့် သူ့ခန္ဓာကိုယ်နှင့် စိတ်အစဉ်သည် ယခုတော့ ဓာတ်အားပြန်ဖြည့်ရန် အချိန်တန်ပြီဟု အချက်ပြလျက်ရှိသည်။ သို့ရာတွင် သူ့အနေနှင့် မအိပ်စက်လိုသေး။ သတို့သမီးလေးသည် မျက်ခွံနှစ်ဖက်ကို ခဲခဲယဉ်းယဉ်း ပြန်တွန်းတင်လိုက်ပြီး စောစောက စဉ်းစားခန်းကို ပြန်ဆက်လိုက်သည်။ တိမ်တိုက်ကြားက လကလေးသည် သူမအား ပြုံးပြနေ၏။ ကလေးတစ်ယောက် အရုပ်ကလေးနှင့် စကားပြောသလိုမျိုး သူမသည် လကလေးအား ချစ်ရသောခင်ပွန်းအမှတ်ဖြင့် စကားများ တတွတ်တွတ် ပြောချလိုက်သည်။ 

သူတို့ဇနီးမောင်နှံသည် ချစ်သူဘဝက ယခုလိုပင် လရောင်အောက်တွင်ထိုင်ရင်း အကြိမ်ကြိမ် ကြည်နူးခဲ့ဖူးကြ၏။ လခြမ်းကွေး၊ လတစ်ခြမ်းပဲ့၊ လပြည့်ဝန်းတို့ကိုကြည့်၍ သူ့ချစ်သူနှုတ်က စကားလှလှ တို့အား နားထောင်စဉ်က နှလုံးသားဂွမ်းစိုင်တို့ ဆီအတိပြီး သည့်အလား။ သိင်္ဂါရ ရေလှိုင်းမှာ စီးမျောနေသည့် သတို့သမီးသည် တစ်ဖက်ကလည်း သက်ကြီး၊ ဝါကြီးအချို့၏ သတိပေးဆုမ္မစကား အချို့ကို လည်းကောင်း၊ ပုရိသဆန့်ကျင်ရေးသမားတို့၏ ပုရိသ အမနာပ, စကားတို့ကိုလည်းကောင်း ပြန်ကြားယောင် နေမိပြန်၏။ “အိမ်ထောင်ရေးဆိုတာအချစ်ရဲ့သင်္ချိုင်း” ဆိုလား။ “မိန်းမတို့အတွက် အချစ်သည် ဘဝတစ်ခုလုံး၊ ယောက်ျားတို့အတွက် အချစ်က ဘဝရဲ့တစ်စိတ်တစ်ပိုင်း” ဆိုလား၊ “ယောက်ျားဆိုတာ မရခင်ကသာ ဖျာလိုလိပ် ထိပ်ပေါ်တင်တာ” ဆိုလား၊ “ယောက်ျားမာယာ မန်ကျည်းကိုးပင်တောင် မလောက်” ဆိုလား ... လား... လား... 

သူမသည် မခိုးမခန့်ပြုံးရင်း ခေါင်းကိုခါယမ်းလိုက်၏။ ယခုအချိန်တွင် စိတ်ညစ်စရာများကို မစဉ်းစားချင်သေးပေ။ အိမ်ထောင်ရေးသည် ပျော်စရာချည်းမဟုတ်ခဲ့လျှင်တောင် သန့်စင်သည့် ယခုအခိုက်အတံ့ ခဏကိုတော့ မကောင်းမြင်အတွေးများနှင့် မညစ်စွန်းစေချင်ပါ။ သူမသည် တစ်ယောက်တည်း ဘာကိုမှန်းမသိ သဘောကျပြီး တစ်ခစ်ခစ်ရယ်လိုက်၏။ ပြီးမှ တစ်ယောက်ယောက်များ မြင်သွားသေးလားဟု မလုံမလဲဖြင့် ဘေးဘီကို ရှက်ကိုးရှက်ကန်း လျှောက်ကြည့်လိုက်ပြန်သည်။ 


၁၀ နာရီခွဲကိုပင် ၁၀ မိနစ်မျှကျော်သွားခဲ့ပြီ။ သတို့သမီးသည် အိမ်အောက်ထပ်ကိုဆင်းပြီး ယောက္ခများအား နှုတ်ဆက်သလိုလို၊ ရေသောက်သလိုလို၊ အပေါ့သွားသလိုလိုလုပ်ပြီး တယ်လီဖုန်းနားရောက်သွား၏။ ပထမဆုံးတော့ သူ့အိမ်ကိုဆက်ပြီး မိဘများနှင့် အလွမ်းသယ်လိုက်သည်။ ပြီးတော့ လင်တော်မောင်၏ လက်ကိုင်ဖုန်းကို ခေါ်သည်။ ဖုန်းထဲတွင် အသံစုံရောထွေးဆူညံနေ၏။ ခင်ပွန်းဖြစ်သူ၏အသံကိုပင် ကောင်းကောင်းမကြားရ။ သူ့ခင်ပွန်း၏သူငယ်ချင်းများက အာလေးလျှာလေးနှင့် လှမ်းပြောနေ သံများကိုလည်း ကြားရသည်။ သူမသည် ယောက်ျားလုပ်သူအား အရက်မူးမလာရန်နှင့် အိမ်ပြန် နောက်မကျရန် ထပ်သတိပေးလိုက်ပြီး ဖုန်းချလိုက်သည်။ “ယောက်ျားတွေများ မုန်းဖို့ကောင်းလိုက်တာ” ဟုလည်း စိတ်ထဲက ရေရွတ်လိုက်၏။ သို့သော်လည်း သူမသည် ယောက်ျားတစ်ယောက်ကို ချစ်လို့ လက်ထပ်ခဲ့ခြင်း ဖြစ်လေသည်။ 


ဖုန်းဆက်ပြီး အတော်ကြာသည် အထိပင် ခင်ပွန်းသည်အား အရိပ်အယောင်မျှ မမြင်ရသေး။ ဇနီးဖြစ်စ ကလေးမသည် နှုတ်ခမ်းကို စူလိုက်သည်။ ချစ်သူဘဝက ထစ်ခနဲရှိ စိတ်ကောက်တတ်သည့် အကျင့်သည် ယခုထက်ထိ မပျောက်သေး။ သူမသည် အိမ်မှာလည်း အငယ်ဆုံးဖြစ်၏။ ချစ်သူရည်းစား ရတော့လည်း ကိုယ့်ထက်ကြီးသူနှင့်မို့ ကိုယ်ကသာ ဆိုးခဲ့သည်။ မနေ့ညက သူ့မိဘများက အိမ်ထောင်ရှင်ဘဝတွင် လူကြီးဆန်ဖို့၊ ဝတ္တရားမပျက်ကွက်ဖို့၊ ခင်ပွန်းအပေါ် အလွန်အကျွံအနိုင်မယူဖို့ ဆုံးမခဲ့ကြသေးသည်။ ယခုတော့ အိမ်ထောင်ရှင်မ ပေါက်စနသည် ယောက်ျားလုပ်သူ ပြန်လာလျှင် မည်သို့မည်ပုံ စိတ်ကောက်ရမလဲသာ စဉ်းစားနေတော့၏။ သူ့အား အမျိုးမျိုးချော့နေမည့် သူ့ချစ်ခင်ပွန်းပုံစံကို မြင်ယောင်နေမိသည်။ ဟိုက သူ့ကိုချော့မည်။ သူက မျက်နှာကိုတစ်ဖက်လွှဲထားမည်။ “ကိုကို” မမြင်အောင်လည်း ကျိတ်ပြီးရယ်နေမည်ဟု တွေးနေ၏။ အတွေးနှင့်အတူ တကယ်တည်း လိုက်ရယ်နေမိ လေသည်။ 


၁၁ နာရီပင်အတော်ကျော်သွားပြီ။ လူခြေလည်းတိတ်စပြုလေပြီ။ သူမသည် မျက်လုံးနှစ်ဖက်ကို လက်ဖြင့်ပွတ်လိုက်၏။ ထို့နောက် အိပ်ရာပေါ်ခါးဆန့်ရင်း လှဲချလိုက်ပြီး ညောင်းညာလှသည့် ခြေလက်များအား ဖြေဆန့်လိုက်သည်။ သူမ၏လက်ချောင်းများက အိပ်ရာခင်းကိုလည်းကောင်း၊ ခေါင်းအုံးကို လည်းကောင်း ဆုပ်ချေလျက်ရှိသည်။ အိမ်ထောင်သည်ဘဝသည် မလွတ်လပ်ဘူးပဲဆိုဆို၊ သပွတ်အူလို့ပဲ ပြောပြော ကိုယ်ချစ်တဲ့သူနှင့် အတူနေခွင့်ရပြီမို့ သူ့အနေနှင့် အတော်လေး ကျေနပ်သည် ကတော့ အမှန်။ မနက်ဖြန်ကစပြီး အိမ်ထောင်ရှင်မဘ၀ စပြီဟုတွေး၏။ အနာဂတ်တွင် သူတို့နှစ်ယောက် စလုံးနှင့်တူပြီး ချစ်စရာကောင်းသည့် လူပေါက်စလေးများလည်း မွေးထုတ်ရမည့် ဝမ်းကြာတိုက်ကိုလည်း လက်နှင့် အသာအယာ ပွတ်နေမိလေသည်။ 


မင်္ဂလာဆောင်ပွဲအတွက် လူရောစိတ်ပါ ရက်ဆက်ပင်ပန်းခဲ့သည့် သူမသည် နူးညံ့သောအိပ်ရာ၏ အတွေ့အထိ၊ သစ်လွင်သော အိပ်ရာခင်း၏ မွှေးပျံ့သောရနံ့တို့နှင့် မိတ်ဆက်မိသည့်ခဏ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ နောင်တွင် ပုခက်လွှဲမည့် သူ၏လက်တစ်ဖက်သည် သားသမီးကောင်း တို့အား ရင်ငွေ့လှုံခွင့်ပေးမည့် ဝမ်းကြာတိုက်ပေါ်တွင် အသာတင်လျက် ရှိလေသည်။ ခန့်မှန်းခြေ ရှစ်နာရီမျှ အိပ်စက်ပြီး၍ နံနက်မိုးသောက် အလင်းရောက်သည့်အခါ သူ့မျက်လုံးများ တဖန်ပြန်ပွင့်လာကြလိမ့်မည်။ ယခုနွမ်းလျနေသည့်ကိုယ်ခန္ဓာသည် လူ့ဘဝတွင် ကိုယ်ယူချင်လို့ယူသည့် တာဝန်များအား ထမ်းဆောင်ရန် အားအင်အပြည့်နှင့်အတူ ပြန်နိုးထလာဦးမည်။ နုနယ်သေးသည့် သူ့စိတ်သည်လည်း ရင့်ကျက်ပြောင်းလဲ လာပြီးလျှင် သူ ယခု မစဉ်းစားချင်သေးဟုဆိုသည့် အိမ်ထောင်သည်ဘ၀၏စိန်ခေါ်မှုများအား ခံနိုင်ရည်ရှိမရှိ အစမ်းသပ်ခံပေလိမ့် ဦးမည်။ သို့သော် ညဉ့်သုံးယံ၏အလွန်၌ တစ်စုံတစ်ယောက်ကို မြင်ရဖို့တော့လိုပေလိမ့်မည်။


NOW! Cultural Journal. July 26 - August 1, 2010 

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။









Comments

  1. သူများတကာ မင်္ဂလာယူတဲ့ မင်္ဂလာဦးညကို ဖျက်လိုဖျက်ဆီး ဖြစ်ရာ ကျအောင် သတို့သားကို အရက်အတင်းတိုက်တဲ့ ဓလေ့ကို ဘာလို့ ယဉ်ကျေးမှုလို့သတ်မှတ်ထားတာလဲ မသိဘူး။ မင်္ဂလာခရီးကို ကြည်ကြည် လင်လင် ကြိုပြီး ကြည်ကြည်နူးနူး ဖြတ်သန်းရမယ့် အစား အရက်နံ့ တထောင်းထောင်း အန်ဖတ်တစီစီနဲ့ ဖြတ်ရတာ တော်တော်ဆိုးတယ်။ ဒါဟာ သတို့သမီး အခွင့်အရေး ဖောက်ဖျက်မှုပဲ။

    ကိုဝေယံဘုန်းရေ.. စက်ချို့ယွင်းမှုကြောင့် ခုမှ မန့်နိုင်ပေမယ့် ခုထိတော့ ပထမဆုံး ကောမန့်ပါပဲနော့

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...