Skip to main content

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။



၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။ 

ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ 

နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။ 

ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ်နိုင်ခြေနည်းတယ်ဆိုဆို တစ်နေ့ကျရင် ဒီခြေဥရော အခင်းအကျင်းရောက ပြောင်းဦးမှာပါ။ ဘုရင်စနစ်တွေ၊ စစ်အာဏာရှင်စနစ်တွေတောင် သက်တမ်းစေ့ရင် အသေထွက် အရှင်ထွက်တွေ ထွက်ရသေးတာပဲ။ ဘယ်တော့လဲ မသိပေမဲ့ လက်ရှိ ဒိုင်အာခီစနစ်ဟာ တစ်နေ့ကျရင် ပြောင်းကိုပြောင်းရမှာပဲ။ အားထုတ်ရင်း၊ ကြိုးပမ်းရင်းနဲ့ ဣန္ဒြေတွေ၊ ဗိုလ်တွေ ညီညွတ်တဲ့အခါကျရင် ခုလက်ရှိ နိုင်ငံရေး အခင်းအကျင်းကြီးဟာ ပြောင်းလဲလာတာကို မြင်ရမှာပါ။

ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေကနေ ဘယ်ပါတီအနိုင်ရမလဲ၊ ဘယ်သူသမ္မတဖြစ်လာမလဲ စသည်ဖြင့် စိတ်ဝင်စားကြ၊ အားတက်သရော မဲပေးကြတယ် ဆိုပေမဲ့ ပြောင်းလဲသွားမယ့် မျက်နှာတွေ၊ မျက်နှာသစ်တွေထက် ကျွန်တော့်စိတ်ကို လွှမ်းမိုးနေတာရှိပါတယ်။ အဲဒါကတော့ နောင် မျိုးဆက်နှစ်ဆက်၊ သုံးဆက် စသည်ဖြင့် ကျွန်တော်တို့မသေခင်နဲ့ သေပြီးအလွန်ကာလမှာ ဖြစ်တည်နေမယ့် မြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရပါပဲ။ ဆိုလိုတာက ကျွန်တော်တို့တည်ဆောက်ချင်တဲ့၊ မြင်ချင်တဲ့ အနာဂတ်လူ့ဘောင်ဟာ ဘယ်လိုမျိုး ဖြစ်လာမလဲ။ ကျွန်တော်တို့ အခြေပြုတည်ဆောက်ချင်တဲ့ နှုန်းစံတန်ဖိုးတွေက ဘာတွေလဲ။ ရွေးကောက်ပွဲတွေ၊ ခြေဥပြင်ရေးတွေထက် ပိုပြီး အရေးကြီးပေမဲ့ ထိုက်သင့်သလောက် အရေးပေး မခံရဘူးလို့ ကျွန်တော်ထင်တဲ့ ရေရှည်စီမံကိန်း၊ ရေရှည်မဟာဗျူဟာ တစ်ရပ် … အဲဒါကို ကျွန်တော် မမြင်တွေ့ရ (သေး) ပါဘူး။ ဆိုလိုချင်တာကတော့ နောင်ငါးနှစ်မှာ ဘယ်သူတက်လာမလဲ ဆိုတာထက် နောင်နှစ်ငါးဆယ် စသည်ဖြင့်မှာ မြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဘာတွေကို တန်ဖိုးထားနေကြမလဲ၊ ဘယ်လိုအနှစ်သာရတွေနဲ့ တိုင်းပြည်မှာနေထိုင်နေကြမလဲဆိုတာနဲ့ ပတ်သက်တဲ့ မာစတာပလန်ကြီး၊ ဂရန်းဗျူဟာကြီး အဲဒါကြီးကို အခုကတည်းက မျိုးစေ့ချထားရမယ့် ကိစ္စကို ပြောနေတာပါ။ A politician thinks of the next election; a statesman of the next generation ဆိုတဲ့ စကားအတိုင်းပဲပေါ့။

အားလုံးသိတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ ကမ္ဘာနဲ့အဆက်ပြတ်ကျန်နေခဲ့တဲ့ အတွက် ရုတ်တရက် တံခါးဖွင့်လိုက်ပြီဟေ့ ဆိုတဲ့အခါမှာ အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ အကျင့်စရိုက်တွေဟာ အတော်ကိုအောက်ကျနောက်ကျ နိုင်နေခဲ့ပါတယ်။ ၂၀၁၅ မှာ အန်အယ်လ်ဒီ နိုင်လိုက်တာ၊ ခု ၂၀၂၀ မှာလည်း အင်န်အယ်လီဒီထပ်နိုင်မယ့်အနေအထား မပြောင်းသေးတာဟာ ကျွန်တော်တို့ တက်ထောင်ရမယ့်အချက်မဟုတ်သေးပါဘူး။ နောက်ဆုံး ကုန်ကုန်ပြောရရင် တပ်က လွှတ်တော်ထဲကထွက်ပြီး စစ်တန်းလျားပြန်သွားခဲ့ရင်တောင်မှ နောက်ဆုံးပန်းတိုင်ကို မရောက်သေးပါဘူး။ တိုင်းပြည်တစ်ပြည်မှာ ပြည်သူလိုလားတဲ့သူ(အရပ်သား) တွေ အစိုးရတက်လုပ်တိုင်း အဲဒီ တိုင်းပြည်ဟာ ရတနာပုံဆိုက်ပြီး အရှင်လတ်လတ် နတ်ပြည်ရောက်သွားမှာ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ လူ့ဘောင်တစ်ရပ်လုံးရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ၊ အလေ့အကျင့်တွေ … နောက်ပြီး တန်ဖိုးထားတဲ့အရာတွေဟာ ကောင်းမွန်တဲ့အနေအထားမှာ ရှိမနေသရွေ့ တိုင်းပြည်ဟာ ဒီမိုကရေစီနောက်ပြန်ဆုတ်တဲ့ ဖြစ်စဉ်တွေ မြင်လာရနိုင်ပါတယ်။ အရှင်လတ်လတ် ငရဲကျသွားနိုင်ပါသေးတယ်။ ဗြဟ္မာ့ပြည်မှာတဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုပ်ရှုပ် ဖြစ်နိုင်ပါသေးတယ်။ 

ထိုင်းနိုင်ငံကို ကြည့်ပါ။ ထိုင်းဟာ မြန်မာထက် ရုပ်ပိုင်း၊ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုမှာ ရှေ့ရောက်နေပေမဲ့ ဘုရင်စနစ်နဲ့တကွ စစ်တပ်ရဲ့အခန်းကဏ္ဍတွေ၊ နောက်ပြီး လူတန်းစား မညီမျှမှုတွေကြောင့်ပဲ ပြဿနာတွေခဏခဏ တက်နေတာ မြင်ရမှာပါ။ အမေရိကကိုကြည့်ရင်လည်း ဒီမိုကရေစီတွေ၊ လစ်ဘရယ်နှုန်းစံတွေ ဘယ်လောက် ရင့်ကျက်ပါတယ်ပြောပြော အလေးထားရမယ့် အရာအချို့ကို အလေးမထားမိခဲ့ကြ၊ လျစ်လျူပြုမိခဲ့တာကြောင့် ဒေါ်နယ် ထရမ့် လိုလူ သမ္မတဖြစ်လာခဲ့တာကို ကြည့်ရင် လူ့အဖွဲ့အစည်းအတွင်းပိုင်းက အဆက်အဟအကြောင်းကြီးတွေကို မြင်နိုင်မှာပါ။

ကျွန်တော်တို့နိုင်ငံဟာ သူများထက်နောက်ကျပြီးမှ ဒီမိုကရေစီဘက်ကို ပြန်ကူးပြောင်းတာ၊ ဈေးကွက် စီးပွားရေးပုံစံ ပြန်အသက်သွင်းရတာ စတာတွေရှိပေမဲ့ နောက်ကျခြင်းရဲ့အကျိုးကိုလည်း ခံစားရနိုင်ပါတယ်။ အဲဒါကတော့ ကိုယ့်ရှေ့အရင်ရောက်နေတဲ့ နိုင်ငံတွေရဲ့ ဗျူဟာအမှားတွေကို ကြည့်ပြီး မိမိအလှည့်မှာ ရှောင်ရှားနိုင်ဖို့ပါ။ ဥပမာ - တရုတ်ဆိုရင် စီးပွားရေးတိုးတက်မှုကို သိပ် အသားပေးခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းမှုဒဏ်ကို ကြီးကြီးမားမား ခံစားနေရတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုဗျူဟာ ချတဲ့အခါ ဒါမျိုးတွေ မကြုံအောင် ဘယ်လိုရှောင်မလဲ။ အင်္ဂလန်တို့ ဥရောပတို့ဟာ တစ်ချိန်က ကျောက်မီးသွေး စက်ရုံအလုပ်ရုံတွေ သူပြိုင်ငါပြိုင်လည်ပတ်ပြီး အရင်းရှင် စီးပွားရေးကိုမောင်းနှင်ခဲ့ကြတဲ့အတွက် လေထုညစ်ညမ်းမှု ဒဏ်တွေကို အကြီးအကျယ်ခံစားခဲ့ကြရတယ်။ ကိုယ်တွေအလှည့်မှာ ဒါတွေကို ရှောင်ရှားနိုင်သွားပြီဆိုတာတွေဟာ နောက်ကျခြင်းရဲ့အကျိုးကျေးဇူးပါ။ ဒါကလည်း သင်ခန်းစာ ယူတတ်ခဲ့ရင်ပေါ့။ 

အနှစ်ချုပ်ရရင်တော့ နောင်အနာဂတ်မှာ မြန်မာပြည်ကို အခု လက်ရှိတခြားနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရင်မဆိုင်ရအောင်၊ သို့မဟုတ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ခုကတည်းက ဘယ်လို ကြိုတင်ပြင်ဆင်မလဲဆိုတာ ခေါင်းဆောင်ပိုင်းက စဉ်းစားနေသင့်ပါတယ်။ (စဉ်းစားရင်လည်း စဉ်းစားနေမှာပါ၊ ကျွန်တော်မသိတာဖြစ်နိုင်ပါတယ်။) နိုင်ငံရေးပိုင်းမှာဆိုလည်း တည်ငြိမ်မှုအရှိဆုံးနိုင်ငံရေးစနစ်၊ မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံးစနစ်က ဘာဖြစ်နိုင်မလဲ။ စီးပွားရေးမှာဆိုလည်း အမေရိကလိုအရင်းရှင်စနစ်က ကိုယ်တွေနဲ့အဆင်ပြေမှာလား၊ ဆိုရှယ်ဒီမိုကရေစီစနစ်က လူတန်းစားကွာဟမှုကို ပိုထိန်းနိုင်မှာလား။ စနစ်တစ်ခုချင်းစီအလိုက် ကောင်းကျိုးဆိုးပြစ်တွေကို သေချာလေ့လာသုတေသနလုပ်ပြီး ကိုယ့်ကိုယ်တိုင်းနဲ့ ကွက်တိ အင်္ကျီ တစ်ထည် ဘယ်လိုချုပ်မလဲ။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်မှုအပေးနိုင်ဆုံး နိုင်ငံရေး၊ စီးပွားရေး စနစ်တစ်ခု ဘယ်လိုရှာကြမလဲ။ တိုင်းသူပြည်သားတွေကြားထဲမှာ အချင်းချင်းသွေးမကွဲစေမယ့်၊ အမြင်မတူတာတွေကို ငြိမ်းချမ်းစွာဖြေရှင်းတဲ့ဓလေ့ ထွန်းကားစေမယ့်၊ ထစ်ခနဲရှိ အကြမ်းဖက်တာမျိုး မလုပ်မယ့် ရေခံမြေခံကောင်းတွေဖြစ်အောင် ဘယ်လိုပျိုးထောင်ကြမလဲ။ ပညာရေးစနစ်ကြီးထဲမှာ အဲဒီ ကျွန်တော်တို့ထားတဲ့ တန်ဖိုးတွေ နှုန်းစံတွေကို ဘယ်လိုမျိုး အခြေခံ ချမှတ်ပေးမလဲ။ 

ဒါတွေဟာ ၅ နှစ်တစ်ကြိမ်ရောက်တိုင်း ဘယ်ပါတီ/ဘယ်လူပုဂ္ဂိုလ် အာဏာရလာမလဲဆိုတာထက် ပိုအရေးတကြီး ဖြေဆိုကြရမယ့် မေးခွန်းတွေဖြစ်ပါတယ်။ ဘယ်ပါတီ/ဘယ်ပုဂ္ဂိုလ်တက်လာမလဲ ဆိုတာ ကျွန်တော်ကတော့ သိပ်စိတ်မဝင်စားတော့ပါဘူး။ ခုနကပြောတဲ့ အနာဂတ်လူ့ဘောင်အတွက် အနှစ်သာရတွေ၊ တန်ဖိုးစံတွေကို ခုကတည်းက မျိုးစေ့ချ၊ ရေလောင်းနေတာမျိုး မဟုတ်သရွေ့ ဘယ်သူ နိုင်နိုင် ဘယ်သူတက်တက် ကောက်ရိုးခြေထောက်/မြက်ခြေထောက်ပဲ ဖြစ်နေဦးမှာပဲ။ တိုင်းပြည်က GDP တွေတအားတက်၊ တစ်ဦးချင်းဝင်ငွေတွေက မြင့်တက်လာ၊ စင်ကာပူမကလို့ အမေရိကကိုပါ ကျော်သွားဦးတော့၊ လျစ်လျူမရှုသင့်တဲ့အရာတွေကို လျစ်လျူရှုထားမိရင် နောင် တစ်ချိန် တိုင်းပြည်ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူမယ့် ဒေါ်နယ်ထရမ့်တွေ မြန်မာပြည်မှာ ပေါ်လာနိုင်တာပဲ။ (အဲဒီအခါကျ “မင်းတို့ပဲ မဲနဲ့ငါ့ကို ဒိမိုကရေစီနည်းကျ ရွေးထားတာလေ” ဆိုလာရင် ဘာသွားပြောမလဲ။ ကြိတ်မှိတ်သည်းခံရုံပဲ။) ဥရောပမှာ ခုကြုံနေရသလို အမျိုးသားရေး ဝါဒီတွေပြန်ခေါင်းထောင် အားကောင်းလာပြီး အတွင်းရန်သူ အပြင်ရန်သူတွေနဲ့ ရင်ဆိုင်ရဦးမှာပဲ။ တိုင်းပြည်ကြီးကတော့ ချမ်းသာလာပါရဲ့၊ ပျောက်သွားတဲ့လက်ပံတောင်းတွေ၊ ကတုံးဖြစ်သွားတဲ့ တောတွေတောင်တွေ၊ ကောနေတဲ့မြစ်တွေ၊ ညစ်ညမ်းနေတဲ့လေထုတွေနဲ့ တစ်ခါပြန်ကြုံရဦးမှာပဲ။

ကျွန်တော်ကတော့ ကျွန်တော်မြင်ချင်တဲ့ အနာဂတ်မျှော်မှန်းလူ့ဘောင်ကို ခုလို ချရေးထားတယ်။ ကျွန်တော်ထားချင်တဲ့ တန်ဖိုးတွေပေါ့။ ဒါ အကုန်တော့မဟုတ်ပါဘူး။ 

- နိုင်ငံသားမှန်သမျှ ခွဲခြားဆက်ဆံမှု လုံးဝမရှိဘဲ ရသင့်ရထိုက်တဲ့အခွင့်အရေး အညီအမျှ ပေးတဲ့နိုင်ငံ။

- မတူတဲ့လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေကို ကာကွယ်စောင့်ရှောက်ပေးတာနဲ့ တစ်ချိန်တည်းမှာပဲ လူမျိုးစွဲကင်းတဲ့ သို့မဟုတ် လူမျိုးစွဲအင်မတန်နည်းတဲ့ လူ့ဘောင်။

- အကြမ်းဖက်မှုကို လုံးဝလက်မခံ၊ ငြိမ်းချမ်းတဲ့နည်း၊ စကားဝိုင်းကနေသာ ဖြေရှင်းတဲ့နည်းကိုသာ တန်ဖိုးထားတဲ့နိုင်ငံ။

- Structural violence တတ်နိုင်သမျှနည်းအောင် အားထုတ်နေတဲ့နိုင်ငံ။

- သဘာဝပတ်ဝန်းကျင်ကို သစ်ပင်တစ်ပင်၊ သစ်ရွက်တစ်ရွက်ကအစ တန်ဖိုးထားတဲ့နိုင်ငံ

- LGBT၊ မသန်စွမ်း၊ သက်ကြီးရွယ်အို စသူတွေအပေါ် အတတ်နိုင်ဆုံး စောင့်ရှောက်တဲ့ နိုင်ငံ

- ဥပဒေရဲ့အဆုံးအဖြတ်ကို ထိပ်ဆုံးကနေ အောက်ဆုံးလူအထိ လိုက်နာတဲ့နိုင်ငံ။

- မတရားမှုရယ်လို့မှ ဖြစ်လာရင် အကုန်လုံးရှေ့ထွက်ပြီး ဆန့်ကျင်ပြကြတဲ့နိုင်ငံ။

- တိုးတက်လာတဲ့ နည်းပညာတွေကြောင့် လူတွေတစ်ယောက်နဲ့တစ်ယောက် ရင်းနှီး နွေးထွေးမှု လျော့ကျမသွားအောင် အမြဲကြံဆနေတဲ့နိုင်ငံ။

- နိုင်ငံတော်ရဲ့ချုပ်ကိုင်မှုကင်းပြီး လွတ်လွတ်လပ်လပ် တွေးခေါ်မှုကို အားပေးတဲ့ ပညာရေး စနစ်ကျင့်သုံးတဲ့ သို့သော် ဈေးကွက်စီးပွားရေးဆန်တဲ့ ကျောင်းတွေရဲ့ကျေးကျွန် မဖြစ်အောင်လည်း စီမံစဉ်းစားပေးထားနိုင်တဲ့ နိုင်ငံ။

- မိဘက ဒီဘာသာဝင်ဖြစ်တာနဲ့ ကိုယ့်သားသမီးကို ဒီဘာသာဝင်အဖြစ် မသွတ်သွင်းဘဲ အရွယ်ရောက်မှ လွတ်လွတ်လပ်လပ် ဆုံးဖြတ်စေတဲ့ နိုင်ငံ။

- ဘာသာရေးတန်ဖိုးစံတွေကို လောကီကိစ္စအဝဝမှာ လုံးဝမစပ်ယှက်စေတဲ့ နိုင်ငံ။

နည်းနည်းများ စိတ်ကူးယဉ်ဆန်နေမလား။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း နိုင်ငံရေးနဲ့ပတ်သက်လို့ ဘာမှ မရေးခဲ့သလောက်ပါပဲ။ ခု ရေးတာကလည်း နောက်ဆုံးဖြစ်နိုင်ပါတယ်။

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...