Skip to main content

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။



၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။ 

ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ 

နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။ 

ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ်နိုင်ခြေနည်းတယ်ဆိုဆို တစ်နေ့ကျရင် ဒီခြေဥရော အခင်းအကျင်းရောက ပြောင်းဦးမှာပါ။ ဘုရင်စနစ်တွေ၊ စစ်အာဏာရှင်စနစ်တွေတောင် သက်တမ်းစေ့ရင် အသေထွက် အရှင်ထွက်တွေ ထွက်ရသေးတာပဲ။ ဘယ်တော့လဲ မသိပေမဲ့ လက်ရှိ ဒိုင်အာခီစနစ်ဟာ တစ်နေ့ကျရင် ပြောင်းကိုပြောင်းရမှာပဲ။ အားထုတ်ရင်း၊ ကြိုးပမ်းရင်းနဲ့ ဣန္ဒြေတွေ၊ ဗိုလ်တွေ ညီညွတ်တဲ့အခါကျရင် ခုလက်ရှိ နိုင်ငံရေး အခင်းအကျင်းကြီးဟာ ပြောင်းလဲလာတာကို မြင်ရမှာပါ။

ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေကနေ ဘယ်ပါတီအနိုင်ရမလဲ၊ ဘယ်သူသမ္မတဖြစ်လာမလဲ စသည်ဖြင့် စိတ်ဝင်စားကြ၊ အားတက်သရော မဲပေးကြတယ် ဆိုပေမဲ့ ပြောင်းလဲသွားမယ့် မျက်နှာတွေ၊ မျက်နှာသစ်တွေထက် ကျွန်တော့်စိတ်ကို လွှမ်းမိုးနေတာရှိပါတယ်။ အဲဒါကတော့ နောင် မျိုးဆက်နှစ်ဆက်၊ သုံးဆက် စသည်ဖြင့် ကျွန်တော်တို့မသေခင်နဲ့ သေပြီးအလွန်ကာလမှာ ဖြစ်တည်နေမယ့် မြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရပါပဲ။ ဆိုလိုတာက ကျွန်တော်တို့တည်ဆောက်ချင်တဲ့၊ မြင်ချင်တဲ့ အနာဂတ်လူ့ဘောင်ဟာ ဘယ်လိုမျိုး ဖြစ်လာမလဲ။ ကျွန်တော်တို့ အခြေပြုတည်ဆောက်ချင်တဲ့ နှုန်းစံတန်ဖိုးတွေက ဘာတွေလဲ။ ရွေးကောက်ပွဲတွေ၊ ခြေဥပြင်ရေးတွေထက် ပိုပြီး အရေးကြီးပေမဲ့ ထိုက်သင့်သလောက် အရေးပေး မခံရဘူးလို့ ကျွန်တော်ထင်တဲ့ ရေရှည်စီမံကိန်း၊ ရေရှည်မဟာဗျူဟာ တစ်ရပ် … အဲဒါကို ကျွန်တော် မမြင်တွေ့ရ (သေး) ပါဘူး။ ဆိုလိုချင်တာကတော့ နောင်ငါးနှစ်မှာ ဘယ်သူတက်လာမလဲ ဆိုတာထက် နောင်နှစ်ငါးဆယ် စသည်ဖြင့်မှာ မြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဘာတွေကို တန်ဖိုးထားနေကြမလဲ၊ ဘယ်လိုအနှစ်သာရတွေနဲ့ တိုင်းပြည်မှာနေထိုင်နေကြမလဲဆိုတာနဲ့ ပတ်သက်တဲ့ မာစတာပလန်ကြီး၊ ဂရန်းဗျူဟာကြီး အဲဒါကြီးကို အခုကတည်းက မျိုးစေ့ချထားရမယ့် ကိစ္စကို ပြောနေတာပါ။ A politician thinks of the next election; a statesman of the next generation ဆိုတဲ့ စကားအတိုင်းပဲပေါ့။

အားလုံးသိတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ ကမ္ဘာနဲ့အဆက်ပြတ်ကျန်နေခဲ့တဲ့ အတွက် ရုတ်တရက် တံခါးဖွင့်လိုက်ပြီဟေ့ ဆိုတဲ့အခါမှာ အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ အကျင့်စရိုက်တွေဟာ အတော်ကိုအောက်ကျနောက်ကျ နိုင်နေခဲ့ပါတယ်။ ၂၀၁၅ မှာ အန်အယ်လ်ဒီ နိုင်လိုက်တာ၊ ခု ၂၀၂၀ မှာလည်း အင်န်အယ်လီဒီထပ်နိုင်မယ့်အနေအထား မပြောင်းသေးတာဟာ ကျွန်တော်တို့ တက်ထောင်ရမယ့်အချက်မဟုတ်သေးပါဘူး။ နောက်ဆုံး ကုန်ကုန်ပြောရရင် တပ်က လွှတ်တော်ထဲကထွက်ပြီး စစ်တန်းလျားပြန်သွားခဲ့ရင်တောင်မှ နောက်ဆုံးပန်းတိုင်ကို မရောက်သေးပါဘူး။ တိုင်းပြည်တစ်ပြည်မှာ ပြည်သူလိုလားတဲ့သူ(အရပ်သား) တွေ အစိုးရတက်လုပ်တိုင်း အဲဒီ တိုင်းပြည်ဟာ ရတနာပုံဆိုက်ပြီး အရှင်လတ်လတ် နတ်ပြည်ရောက်သွားမှာ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ လူ့ဘောင်တစ်ရပ်လုံးရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ၊ အလေ့အကျင့်တွေ … နောက်ပြီး တန်ဖိုးထားတဲ့အရာတွေဟာ ကောင်းမွန်တဲ့အနေအထားမှာ ရှိမနေသရွေ့ တိုင်းပြည်ဟာ ဒီမိုကရေစီနောက်ပြန်ဆုတ်တဲ့ ဖြစ်စဉ်တွေ မြင်လာရနိုင်ပါတယ်။ အရှင်လတ်လတ် ငရဲကျသွားနိုင်ပါသေးတယ်။ ဗြဟ္မာ့ပြည်မှာတဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုပ်ရှုပ် ဖြစ်နိုင်ပါသေးတယ်။ 

ထိုင်းနိုင်ငံကို ကြည့်ပါ။ ထိုင်းဟာ မြန်မာထက် ရုပ်ပိုင်း၊ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုမှာ ရှေ့ရောက်နေပေမဲ့ ဘုရင်စနစ်နဲ့တကွ စစ်တပ်ရဲ့အခန်းကဏ္ဍတွေ၊ နောက်ပြီး လူတန်းစား မညီမျှမှုတွေကြောင့်ပဲ ပြဿနာတွေခဏခဏ တက်နေတာ မြင်ရမှာပါ။ အမေရိကကိုကြည့်ရင်လည်း ဒီမိုကရေစီတွေ၊ လစ်ဘရယ်နှုန်းစံတွေ ဘယ်လောက် ရင့်ကျက်ပါတယ်ပြောပြော အလေးထားရမယ့် အရာအချို့ကို အလေးမထားမိခဲ့ကြ၊ လျစ်လျူပြုမိခဲ့တာကြောင့် ဒေါ်နယ် ထရမ့် လိုလူ သမ္မတဖြစ်လာခဲ့တာကို ကြည့်ရင် လူ့အဖွဲ့အစည်းအတွင်းပိုင်းက အဆက်အဟအကြောင်းကြီးတွေကို မြင်နိုင်မှာပါ။

ကျွန်တော်တို့နိုင်ငံဟာ သူများထက်နောက်ကျပြီးမှ ဒီမိုကရေစီဘက်ကို ပြန်ကူးပြောင်းတာ၊ ဈေးကွက် စီးပွားရေးပုံစံ ပြန်အသက်သွင်းရတာ စတာတွေရှိပေမဲ့ နောက်ကျခြင်းရဲ့အကျိုးကိုလည်း ခံစားရနိုင်ပါတယ်။ အဲဒါကတော့ ကိုယ့်ရှေ့အရင်ရောက်နေတဲ့ နိုင်ငံတွေရဲ့ ဗျူဟာအမှားတွေကို ကြည့်ပြီး မိမိအလှည့်မှာ ရှောင်ရှားနိုင်ဖို့ပါ။ ဥပမာ - တရုတ်ဆိုရင် စီးပွားရေးတိုးတက်မှုကို သိပ် အသားပေးခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းမှုဒဏ်ကို ကြီးကြီးမားမား ခံစားနေရတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုဗျူဟာ ချတဲ့အခါ ဒါမျိုးတွေ မကြုံအောင် ဘယ်လိုရှောင်မလဲ။ အင်္ဂလန်တို့ ဥရောပတို့ဟာ တစ်ချိန်က ကျောက်မီးသွေး စက်ရုံအလုပ်ရုံတွေ သူပြိုင်ငါပြိုင်လည်ပတ်ပြီး အရင်းရှင် စီးပွားရေးကိုမောင်းနှင်ခဲ့ကြတဲ့အတွက် လေထုညစ်ညမ်းမှု ဒဏ်တွေကို အကြီးအကျယ်ခံစားခဲ့ကြရတယ်။ ကိုယ်တွေအလှည့်မှာ ဒါတွေကို ရှောင်ရှားနိုင်သွားပြီဆိုတာတွေဟာ နောက်ကျခြင်းရဲ့အကျိုးကျေးဇူးပါ။ ဒါကလည်း သင်ခန်းစာ ယူတတ်ခဲ့ရင်ပေါ့။ 

အနှစ်ချုပ်ရရင်တော့ နောင်အနာဂတ်မှာ မြန်မာပြည်ကို အခု လက်ရှိတခြားနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရင်မဆိုင်ရအောင်၊ သို့မဟုတ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ခုကတည်းက ဘယ်လို ကြိုတင်ပြင်ဆင်မလဲဆိုတာ ခေါင်းဆောင်ပိုင်းက စဉ်းစားနေသင့်ပါတယ်။ (စဉ်းစားရင်လည်း စဉ်းစားနေမှာပါ၊ ကျွန်တော်မသိတာဖြစ်နိုင်ပါတယ်။) နိုင်ငံရေးပိုင်းမှာဆိုလည်း တည်ငြိမ်မှုအရှိဆုံးနိုင်ငံရေးစနစ်၊ မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံးစနစ်က ဘာဖြစ်နိုင်မလဲ။ စီးပွားရေးမှာဆိုလည်း အမေရိကလိုအရင်းရှင်စနစ်က ကိုယ်တွေနဲ့အဆင်ပြေမှာလား၊ ဆိုရှယ်ဒီမိုကရေစီစနစ်က လူတန်းစားကွာဟမှုကို ပိုထိန်းနိုင်မှာလား။ စနစ်တစ်ခုချင်းစီအလိုက် ကောင်းကျိုးဆိုးပြစ်တွေကို သေချာလေ့လာသုတေသနလုပ်ပြီး ကိုယ့်ကိုယ်တိုင်းနဲ့ ကွက်တိ အင်္ကျီ တစ်ထည် ဘယ်လိုချုပ်မလဲ။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်မှုအပေးနိုင်ဆုံး နိုင်ငံရေး၊ စီးပွားရေး စနစ်တစ်ခု ဘယ်လိုရှာကြမလဲ။ တိုင်းသူပြည်သားတွေကြားထဲမှာ အချင်းချင်းသွေးမကွဲစေမယ့်၊ အမြင်မတူတာတွေကို ငြိမ်းချမ်းစွာဖြေရှင်းတဲ့ဓလေ့ ထွန်းကားစေမယ့်၊ ထစ်ခနဲရှိ အကြမ်းဖက်တာမျိုး မလုပ်မယ့် ရေခံမြေခံကောင်းတွေဖြစ်အောင် ဘယ်လိုပျိုးထောင်ကြမလဲ။ ပညာရေးစနစ်ကြီးထဲမှာ အဲဒီ ကျွန်တော်တို့ထားတဲ့ တန်ဖိုးတွေ နှုန်းစံတွေကို ဘယ်လိုမျိုး အခြေခံ ချမှတ်ပေးမလဲ။ 

ဒါတွေဟာ ၅ နှစ်တစ်ကြိမ်ရောက်တိုင်း ဘယ်ပါတီ/ဘယ်လူပုဂ္ဂိုလ် အာဏာရလာမလဲဆိုတာထက် ပိုအရေးတကြီး ဖြေဆိုကြရမယ့် မေးခွန်းတွေဖြစ်ပါတယ်။ ဘယ်ပါတီ/ဘယ်ပုဂ္ဂိုလ်တက်လာမလဲ ဆိုတာ ကျွန်တော်ကတော့ သိပ်စိတ်မဝင်စားတော့ပါဘူး။ ခုနကပြောတဲ့ အနာဂတ်လူ့ဘောင်အတွက် အနှစ်သာရတွေ၊ တန်ဖိုးစံတွေကို ခုကတည်းက မျိုးစေ့ချ၊ ရေလောင်းနေတာမျိုး မဟုတ်သရွေ့ ဘယ်သူ နိုင်နိုင် ဘယ်သူတက်တက် ကောက်ရိုးခြေထောက်/မြက်ခြေထောက်ပဲ ဖြစ်နေဦးမှာပဲ။ တိုင်းပြည်က GDP တွေတအားတက်၊ တစ်ဦးချင်းဝင်ငွေတွေက မြင့်တက်လာ၊ စင်ကာပူမကလို့ အမေရိကကိုပါ ကျော်သွားဦးတော့၊ လျစ်လျူမရှုသင့်တဲ့အရာတွေကို လျစ်လျူရှုထားမိရင် နောင် တစ်ချိန် တိုင်းပြည်ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူမယ့် ဒေါ်နယ်ထရမ့်တွေ မြန်မာပြည်မှာ ပေါ်လာနိုင်တာပဲ။ (အဲဒီအခါကျ “မင်းတို့ပဲ မဲနဲ့ငါ့ကို ဒိမိုကရေစီနည်းကျ ရွေးထားတာလေ” ဆိုလာရင် ဘာသွားပြောမလဲ။ ကြိတ်မှိတ်သည်းခံရုံပဲ။) ဥရောပမှာ ခုကြုံနေရသလို အမျိုးသားရေး ဝါဒီတွေပြန်ခေါင်းထောင် အားကောင်းလာပြီး အတွင်းရန်သူ အပြင်ရန်သူတွေနဲ့ ရင်ဆိုင်ရဦးမှာပဲ။ တိုင်းပြည်ကြီးကတော့ ချမ်းသာလာပါရဲ့၊ ပျောက်သွားတဲ့လက်ပံတောင်းတွေ၊ ကတုံးဖြစ်သွားတဲ့ တောတွေတောင်တွေ၊ ကောနေတဲ့မြစ်တွေ၊ ညစ်ညမ်းနေတဲ့လေထုတွေနဲ့ တစ်ခါပြန်ကြုံရဦးမှာပဲ။

ကျွန်တော်ကတော့ ကျွန်တော်မြင်ချင်တဲ့ အနာဂတ်မျှော်မှန်းလူ့ဘောင်ကို ခုလို ချရေးထားတယ်။ ကျွန်တော်ထားချင်တဲ့ တန်ဖိုးတွေပေါ့။ ဒါ အကုန်တော့မဟုတ်ပါဘူး။ 

- နိုင်ငံသားမှန်သမျှ ခွဲခြားဆက်ဆံမှု လုံးဝမရှိဘဲ ရသင့်ရထိုက်တဲ့အခွင့်အရေး အညီအမျှ ပေးတဲ့နိုင်ငံ။

- မတူတဲ့လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေကို ကာကွယ်စောင့်ရှောက်ပေးတာနဲ့ တစ်ချိန်တည်းမှာပဲ လူမျိုးစွဲကင်းတဲ့ သို့မဟုတ် လူမျိုးစွဲအင်မတန်နည်းတဲ့ လူ့ဘောင်။

- အကြမ်းဖက်မှုကို လုံးဝလက်မခံ၊ ငြိမ်းချမ်းတဲ့နည်း၊ စကားဝိုင်းကနေသာ ဖြေရှင်းတဲ့နည်းကိုသာ တန်ဖိုးထားတဲ့နိုင်ငံ။

- Structural violence တတ်နိုင်သမျှနည်းအောင် အားထုတ်နေတဲ့နိုင်ငံ။

- သဘာဝပတ်ဝန်းကျင်ကို သစ်ပင်တစ်ပင်၊ သစ်ရွက်တစ်ရွက်ကအစ တန်ဖိုးထားတဲ့နိုင်ငံ

- LGBT၊ မသန်စွမ်း၊ သက်ကြီးရွယ်အို စသူတွေအပေါ် အတတ်နိုင်ဆုံး စောင့်ရှောက်တဲ့ နိုင်ငံ

- ဥပဒေရဲ့အဆုံးအဖြတ်ကို ထိပ်ဆုံးကနေ အောက်ဆုံးလူအထိ လိုက်နာတဲ့နိုင်ငံ။

- မတရားမှုရယ်လို့မှ ဖြစ်လာရင် အကုန်လုံးရှေ့ထွက်ပြီး ဆန့်ကျင်ပြကြတဲ့နိုင်ငံ။

- တိုးတက်လာတဲ့ နည်းပညာတွေကြောင့် လူတွေတစ်ယောက်နဲ့တစ်ယောက် ရင်းနှီး နွေးထွေးမှု လျော့ကျမသွားအောင် အမြဲကြံဆနေတဲ့နိုင်ငံ။

- နိုင်ငံတော်ရဲ့ချုပ်ကိုင်မှုကင်းပြီး လွတ်လွတ်လပ်လပ် တွေးခေါ်မှုကို အားပေးတဲ့ ပညာရေး စနစ်ကျင့်သုံးတဲ့ သို့သော် ဈေးကွက်စီးပွားရေးဆန်တဲ့ ကျောင်းတွေရဲ့ကျေးကျွန် မဖြစ်အောင်လည်း စီမံစဉ်းစားပေးထားနိုင်တဲ့ နိုင်ငံ။

- မိဘက ဒီဘာသာဝင်ဖြစ်တာနဲ့ ကိုယ့်သားသမီးကို ဒီဘာသာဝင်အဖြစ် မသွတ်သွင်းဘဲ အရွယ်ရောက်မှ လွတ်လွတ်လပ်လပ် ဆုံးဖြတ်စေတဲ့ နိုင်ငံ။

- ဘာသာရေးတန်ဖိုးစံတွေကို လောကီကိစ္စအဝဝမှာ လုံးဝမစပ်ယှက်စေတဲ့ နိုင်ငံ။

နည်းနည်းများ စိတ်ကူးယဉ်ဆန်နေမလား။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း နိုင်ငံရေးနဲ့ပတ်သက်လို့ ဘာမှ မရေးခဲ့သလောက်ပါပဲ။ ခု ရေးတာကလည်း နောက်ဆုံးဖြစ်နိုင်ပါတယ်။

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...