ရှေ့နေလုပ်ဖို့ဆိုပြီး တောင်အာဖရိက နိုင်ငံကို ရောက်လာတဲ့ မစ္စတာဂန္ဒီဟာ ခါးသီးတဲ့ အတွေ့အကြုံ တစ်ခုကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ ဒါကတော့ ဥရောပတိုက်သားတွေပဲစီးခွင့်ရတဲ့ ရထားတွဲ ပေါ်ကို တက်မိတဲ့အတွက် တွဲပေါ်ကနေ ခွေးဆွဲ ဝက်ဆွဲ ဆွဲချခံခဲ့ရတာပါပဲ။ သူဘာမှ မတတ်နိုင်တဲ့၊ မည်းနက်တဲ့ သူ့ရဲ့မွေးရာပါ အသား အရောင် အတွက် ဂုဏ်သိက္ခာ ကျခဲ့ရတာဟာ အနာဂတ်မှာ တိုင်းပြည် ခေါင်းဆောင် ဖြစ်လာမယ့် ဂန္ဒီအတွက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးပမ်းချင် စိတ်တွေ တဖွားဖွား ပေါ်ပေါက်စေ ခဲ့တဲ့ ကြီးမားတဲ့ တွန်းအား တစ်ရပ် ဖြစ်ခဲ့ ပါတယ်။
ဒီလိုမျိုး လူမျိုးရေးအရ၊ အသားအရောင်၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုဆိုတာ ဟိုးကမ္ဘာဦး အစကတည်းက ရှိလာခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ခွဲခြားမှုတွေဘာလို့ရှိနေပါသလဲ။ မတူညီမှုတွေ ရှိနေလို့ပါပဲ။ ပိုပြီး တိတိကျကျပြောရရင် အဲဒီ့ မတူညီမှုတွေကို သဘောထားကြီးကြီးနဲ့ခွင့်မလွှတ်နိုင်လို့ပါပဲ။
လူတွေဟာ တူညီမှုကိုလိုလားကြပါတယ်။ တူတာကိုပဲရှာဖွေကြပါတယ်။ ကလေးတစ်ယောက် မွေးလာပြီဆိုကတည်းက မိဘက သူနဲ့တူမတူအရင်ကြည့်ပါတယ်။ အဲဒီ့ကလေးကြီးလာရင်လည်း သူနဲ့တူတဲ့ သူတွေကို ရှာဖွေပါတယ်။ ကိုယ်နဲ့ စရိုက်သဘာ၀၊ အတွေးအခေါ်၊ ဓနဂုဏ်၊ ပညာဂုဏ်ချင်းတူတဲ့သူကို ရွေးပေါင်းပါတယ်။ ဒီလိုတူတဲ့သူတွေနဲ့ အိမ်ထောင်ဖက်ပြုပါတယ်။
ဒါပေမယ့်လည်း လူတွေဟာ သူတို့နဲ့ တူတယ်လို့ထင်ပြီး မဟာမိတ်ပြုခဲ့တဲ့ သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်း၊ အိမ်ထောင်ဖက်တွေဆီမှာ တကယ်တမ်း မတူညီမှုတွေ၊ ကွဲပြားခြားနားမှုတွေကို တွေ့လာခဲ့တဲ့အခါမှာတော့ ရုတ်တရက် အံ့ဩမှင်တက်တာ၊ သည်းညည်းမခံနိုင်တာတွေ ဖြစ်လာရပါတော့တယ်။
တကယ်တော့ လူသားတွေသဘော မေ့နေကြတဲ့အချက်က ကမ္ဘာလောကကြီးမှာ လုံး၀ဥဿုံတူညီမှုဆိုတာ မရှိနိုင်ဘူးဆိုတာပါပဲ။ လက်ငါးချောင်းတောင်မှ အတိုအရှည်မညီကြပါဘူး။ တစ်အူထုံ့ဆင်း ညီအစ်ကို မောင်နှမချင်းတောင် ရုပ်ချင်း၊ စိတ်ချင်းမတူကြပြန်ပါဘူး။ မတူတာကိုလက်ခံဖို့ရယ်၊ မတူတာတွေ ရဲ့ ညီညွတ်မှုနဲ့ မတူတာရဲ့ ရသကိုရှာဖွေရဖို့ရယ်ကို မေ့နေကြပြီး ‘ငါနဲ့မတူငါ့ရန်သူ’ လုပ်နေကြပါတယ်။
“ဟိုးအရင်က လူတွေဟာ ကိုယ့်ယုံကြည်မှုအတွက် တိုက်ရင်းခိုက်ရင်း သေခဲ့ကြတယ်။ ဒါပေမယ့် အဲဒါ တကယ့်သတ္တိမဟုတ်ပါဘူး။ တကယ့်သတ္တိဆိုတာ ကျန်တဲ့လူတွေရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ခံစားနားလည် ပေးရဲတာမျိုးပါ။ မတူတာကိုသည်းခံဖို့ ဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ ပထမစည်းကမ်းပါ ...”
အမေရိကန်လူမျိုး စာရေးဆရာမ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ ကထိက ဟယ်လင် ကယ်လာ ပြောခဲ့တဲ့စကားလေး တစ်ခွန်းပါ။ သူပြောသလိုပါပဲ။ သတ္တိဆိုတာဟာ ရင်ဆိုင်ရဲတာ၊ လက်ခံရဲတာမျိုးပါ။ ကိုယ်နဲ့မတူ၊ ကိုယ့်စိတ်နဲ့မတွေ့တာကို လက်ခံရဲမှသတ္တိရှိတယ်လို့ပြောလို့ရပါတယ်။ လက်ခံရဲတယ် ဆိုရာမှာလည်း မတတ်သာလို့ လက်ခံရတယ်ဆိုတာထက် သူ့ရဲ့အရသာ၊ ရသ၊ အနှစ်သာရကိုသိလို့ ကျေကျေနပ်နပ်ကြီး လက်ခံရဲတာမျိုးကို ဆိုလိုတာပါ။
အသားအရောင်၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ ဓလေ့စရိုက် အမျိုးစုံရှိတဲ့ ဒီ ကမ္ဘာကြီးမှာ အားလုံးတစ်သွေးတည်း၊ တစ်ရောင်တည်း၊ တစ်မျိုးတစ်စားတည်း ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့မှာ လေ့လာစရာ ဘာမှကျန်တော့မှာမဟုတ်ပါ။ တစ်ရောင်တည်းရဲ့အလှထက် အရောင်စုံရဲ့ အလှက ပိုလှပါတယ်။
ကျွန်တော်တို့ဟာ ကိုယ့်လိုလုံချည်ဝတ်သူချည်း၊ အသားညိုသူတွေချည်း တစ်ကမ္ဘာလုံးမှာ တွေ့ချင်တယ် ဆိုရင် အဓိပ္ပာယ်မရှိပါဘူး။ ဘောင်းဘီ၊ စကတ်ဝတ်သူတွေ၊ ဆာရီခြုံသူတွေနဲ့ အသားဖြူသူ၊ မည်းသူတွေ ရှိနေတာကိုလည်း လက်ခံနိုင်ရပါမယ်။ မတူတာကို ဆန့်ကျင်ငြင်းပယ်မယ့်အစား၊ စည်းအပြင်ရောက်အောင် တွန်းဖယ်ပစ်မယ့်အစား၊ မတူတာကို လက်ခံနိုင်တာ အမျိုးမျိုး အဖုံဖုံ ကြွယ်၀ခြင်းရဲ့ရသကို ခံစားတတ်တာဟာ ပညာပါ။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ တိုးတက်တဲ့ လူ့ဘောင်တစ်ခုရဲ့ ဂုဏ်အရည်အသွေး တစ်ခုဆိုရင်လည်း လွန်မယ်မထင်ပါ။
မြန်မာတိုင်း(မ်) ဂျာနယ်၊ အမှတ် ၃၁၇။ ၂၀၀၇ ခုနှစ် ဇွန်လ
Hey
ReplyDeleteNice composition to learn among us.
This is one of Community Development point of views.
May you contribute more often like this kind of literature.
nice post. I like yr opinion.
ReplyDelete