Skip to main content

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။”

စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပြောင်းလဲသွားတတ်တာမျိုးပဲ။
ဒါနဲ့ပဲ ကားဆရာရဲ့ဘဝဇာတ်ကြောင်းကို ဟိုလိုလိုသည်လိုလိုနဲ့တီးခေါက်လိုက်တယ်။ အဲဒီအချိန်ကျသူတို့နှစ်ယောက်ကအတော်လေပေးဖြောင့်နေပြီ။ “အရင်ကတည်းကကားမောင်းတာလား၊ ကားမမောင်းခင်ကရောဘာလုပ်သလဲ။” ကားဆရာဟာတစ်ချက်တော့ငြိမ်သွားတယ်။ ရှေ့ကဖြတ်ဝင်တဲ့ကားကို ဟွန်းသံ ရှည်တီးရင်းတစ်ချက်ဆဲတယ်။ သူမေးတဲ့မေးခွန်းကိုမဖြေချင်ပုံပဲ။ ဒါနဲ့သူလည်းတစ်အောင့်နေတော့ထပ်မေးတယ်။အိမ်ထောင်ဘယ်တုန်းက ကျလဲ၊ တခြား အလုပ်ဘာလုပ်ဖူးသေးလဲ စသည်ဖြင့်။
ကားဆရာ ဒီတစ်ခါတော့နှုတ်ဆိတ်မနေတော့ဘူး။ သူ့ဘဝကိုအမှန်အတိုင်းပြောပြတော့တာပဲ။ “… ဒီလိုပါပဲငါ့ညီရာ။ အဲဒီနောက်ပိုင်း တော်တော်ကိုဒုက္ခရောက်ခဲ့တာကွ။ ပြောရရင်ဘဝတွေက ခါးလှပါတယ်။အင်မတန်နာကျင်ခဲ့ရပါတယ်။”
ဟုတ်ပြီ။ သူထင်တဲ့အတိုင်းဖြစ်နေပါပြီ။ ဒီလူမှဒီလူပါပဲ။ ကာယကံရှင်ကိုယ်တိုင်ကိုက သူဟာသူ့အတိတ်ကိုမခြွင်းမချန်ပြောနေမင့်ဟာ။ သေချာအောင်သူဆက်မေးတယ်။ “အဲဒီတုန်းကဘယ်မှာတာဝန်ကျလဲဗျ။ ဘယ်မှာအများဆုံးထိုင်ရလဲ။”
“ထိုင်ရတာကတော့နေရာစုံပါပဲ။ နောက်ဆုံးထိုင်ရတာကတော့ (…) မှာပေါ့။ မင်းသိလားအဲဒီနေရာ…”
ဟား… သိပ်သိတာပေါ့ဗျာ။ မေးမှမေးရက်ပလေ။ သိတာမှရိုးရိုးသိတာမှမဟုတ်ပဲ။ တစ်သက်မမေ့နိုင်အောင်ကိုသိခဲ့တာ…သူစိတ်ထဲကနေပဲဟိုကားဆရာကိုပြန်ဖြေနေလိုက်တယ်။ အပြင်မှာတော့ခေါင်းပဲခါပြလိုက်တယ်။ အတိတ်ကဘာတွေ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ သူရော ကားဆရာရော နှစ်ယောက်စလုံးဟာ သားကောင်တွေဖြစ်ခဲ့ကြတာပဲမဟုတ်လား။ နှစ်ဦးစလုံးဟာ ခေတ်ဆိုးစနစ်ဆိုးရဲ့ သားကောင်တွေပဲမဟုတ်ဘူးလား။ တစ်ချိန်တုန်းက ခက်ထန်ကြမ်းတမ်း သွေးဆာခဲ့တဲ့ ကားဆရာဟာ ခုအချိန်မှာတော့ အမှန်ကိုမြင်လောက်ပါပြီလေ။ ခေတ်တွေလည်းပြောင်း၊ အချိန်ကလည်း လူတွေကို ရင့်ကျင်စေခဲ့မှာပေါ့။
“အစ်ကိုတို့ခုလိုဖြစ်ပြီးတဲ့နောက်မှာ ဘယ်လိုပြန်သုံးသပ်လဲဗျ။ ဖြစ်ခဲ့သမျှတွေအပေါ်။ နောင်တရတာတို့ ဘာတို့ရောရှိလား”
“ဘယ်လိုပြန်သုံးသပ်သလဲ ဆိုတော့ငါ့ညီရာ… ငါတို့က မတရားခံခဲ့ရတာပေါ့ကွာ။ ငါတို့ရဲ့ဆရာကြီးက စပြီးငါတို့လိုအောက်ခြေတွေအထိ မတရားခံခဲ့ရတာပါပဲ။ ငါတို့တွေကိုယ့် တာဝန်ကိုယ်ကျေပွန်ခဲ့တာပဲ။ ဒါပေမဲ့လည်း အကုန်လုံးသိမ်းကျုံးပြီး အပြစ်ပေးခံခဲ့ရတာကိုတော့နာတယ်ကွ အမှန်ပြောရရင်…”
သူဒေါပွသွားတယ်။ ဒီလူနာကြည်းနေတယ်ဆိုတာ တကယ့်လောကပါလ မတရားမှုကိုမှမဟုတ်ဘဲ။ မခန်းခြောက်သေးတဲ့ မျက်ရည်တွေ၊ ကြေမွသွားတဲ့ တိမ်တိုက်တွေအတွက်မှ မဟုတ်ပဲ။ သူကသူတို့ကို ထိလို့သာနာခဲ့တာပဲ။ ဒီလောက်အချိန်တွေ ကြာခဲ့တာတောင်အမှန်ကို မမြင်နိုင်သေးဘူး။
“ဆိုတော့… အစ်ကိုတို့ တာဝန်ထမ်းစဉ်တုန်းက လုပ်ခဲ့ကိုင်ခဲ့ရတာတွေ အတွက်ရော မှားတယ်လို့မထင်ဘူးလား…” 
သူထပ်ပြီးတီးခေါက်လိုက်တယ်။ သူ့အသံကခုနကနဲ့စာရင် နည်းနည်း ပိုအေးစက်လာတာတော့ အမှန်ပဲ။ ကားဆရာကတော့ ကျပ်တည်းလှတဲ့ ယာဉ်ကျောထဲ ဆဲနေရတာမို့ သူ့အသံပြောင်းသွားတာကို သတိပြုမိမယ်မဟုတ်ဘူး။
“မထင်ဘူးကွ။ မထင်ဘူးမထင်ဘူး…” 
“ဘာဖြစ်လို့လဲဗျ”
“ဒါလုပ်သင့်လုပ်ထိုက်လို့လုပ်ခဲ့ရတာတွေပဲကွ။ တာဝန်ဟာတာဝန်ပဲ။ ဂျူတီအစ်စ်ဂျူတီပဲ။ အဲဒီအချိန်အဲဒီကာလမှာ ငါတို့အနေနဲ့ အဲဒီလိုလုပ်ဖို့လိုခဲ့လို့ကိုလုပ်ခဲ့ရတာကွ။ ဒါကြောင့်မင်းတို့ငါတို့ ခုလိုခေတ်ပြောင်းကိုမြင်ရတာပေါ့မဟုတ်ဘူးလား။ မဟုတ်ရင်ငါတို့ခုချိန်ဆီးရီးယား ဖြစ်နေမလား၊ အာဖဂန်ဖြစ်နေမလား မင်းစဉ်းစားကြည့်…”
သေချာပြီ။ သူထပ်မပြောချင်တော့ဘူး။ စိတ်ပျက်လက်ပျက်နဲ့ပဲကားပြတင်းကနေအပြင်ကိုငေးနေလိုက်တော့တယ်။ ဟိုလူကတော့ထပ်ပြီး သူ့ကိုလက်ချာတွေရိုက်နေတုန်း။ အတိတ်မှာမှားခဲ့တာဘာမှမရှိဘူး။ ဘာမှလည်းနောက်တမရဘူး။ ခံစားခဲ့ရသူတွေဟုတ်လား… သူတို့ဘာလို့မိုက်ရူးရဲဆန်ကြသလဲ။ဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ဆိုတာသူတို့မသိကြဘူးလား။ သူတို့မလိမ္မာလို့ငါတို့ကဆုံးမရတာ… သက်သက်မဲ့ ငါတို့က ဗီလိန်ဖြစ်ရတာ… ဒါနဲ့များတောင်ငါတို့တွေကို…
“ရပြီအစ်ကိုဟိုနားမှာရပ်လိုက်ပါ…” သူ့ခရီးဆုံးကိုတော့ရောက်ပြီ။သူကတော့မဆင်းချင်သေးဘူး။ကားခရှင်းပြီးမှကားဆရာကိုဆက်ပြောတယ်။ “အစ်ကိုခဏစောင့်နိုင်မလား ကျွန်တော်အိမ်ပေါ်တစ်ခုတက်ယူချင်လို့။ ပြီးရင်နောက်တစ်နေရာဆက်ငှားမယ်။ ငါးမိနစ်လောက်ပဲစောင့်…”
ကားဆရာကလည်းနောက်တစ်ကြောင်းရမယ့်အရေးပဲ၊ ဘာမစောင့်နိုင်စရာရှိလဲ။ ဒီလိုနဲ့သူအိမ်ပေါ်တက်၊ဂျာကင်တစ်ထည်ကို ဝတ်ပြီး ပြန်ဆင်းလာတယ်။ သူသွားမယ့်နေရာကိုပြောတယ်။ ကားသမားတောင်းတဲ့ဈေးကိုမဆစ်ဘဲ စီးလာခဲ့ပြန်တယ်။ ကားဆရာကိုလမ်းမှာ သူက ဖြတ်လမ်းကနေသွားဖို့ အကြံပြုတော့ ကားသမားကလည်း သူပြောတဲ့ဖြတ်လမ်းအတိုင်း မောင်းလိုက်တယ်။
“ဟောဟိုနား ခဏလေးရပ်ဦးအစ်ကို… ကျွန်တော်ဆီးလေး တစ်ချက်သွားချင်လို့…” ကားဆရာဟာစကားပြောကောင်းနေတုန်းမို့ ကျန်တာတွေတောင်အာရုံမထားမိဘူး။ သူမောင်းနေရတဲ့ ဖြတ်လမ်းဆိုတဲ့နေရာကလူနေ ရပ်ကွက်တွေ တစ်ခုနဲ့တစ်ခုကြားက မီးတားကွင်းလိုမျိုး ကွင်းပြင်ကြီးတစ်ခုကိုဖြတ်လာရတာ။ဟိုးတစ်ဖက်တစ်ချက်မှာတော့ တောင်ကြီးလိုဖြစ်နေတဲ့ အမှိုက်တွေနဲ့ကလေးတွေ ဘောလုံးကန်တဲ့ ဗွက်ပေါက်ဘောလုံးကွင်းတစ်ကွင်း။ နေ့ခင်းနေပူချိန်မို့ ကစားနေသူတော့မရှိဘူး။
သူဟာကားပေါက်ကဆင်း၊ ကားကိုတစ်ပတ်ပတ်လိုက်ပြီး ကားဆရာဘက်ကိုသွား၊ ကားတံခါးကိုဆွဲဖွင့်လိုက်ပြီး ကားသမားကို ဆတ်ခနဲ ဆွဲချလိုက်တယ်။ ရုတ်တရက်မို့ ကားဆရာဟာအငိုက်မိသွားပြီး အောက်ကိုပြုတ်ကျသွားတော့တယ်။ သူကဂျာကင်အထဲမှာ ဝှက်ယူလာတဲ့ဓားကို ထုတ်လိုက်ပြီး ကားဆရာရဲ့ခေါင်းကို ဓားအနှောင့်နဲ့ရိုက်ချလိုက်တယ်။ ဟိုလူမူးသွားချိန်မှာ လက်ကိုနောက်ပြန်ချုပ်ပြီး အသင့်ယူလာတဲ့ကြိုးနဲ့ချည်လိုက်တယ်။ ဓားကိုလည်းဟိုလူ့လည်ပင်းပေါ်တင်လို့…။
“အော်ဖို့မကြိုးစားနဲ့နော်… ဒူးထောက်ထိုင်နေစမ်း…” 
“အ…အ… ငါ့ကို… မင်း… ဘာလုပ်မလို့လဲ။ ငါ့မှာပါတဲ့ပိုက်ဆံလေးတွေ ယူချင်ယူသွားပါကွာ… ငါ့ကိုတော့ဘာမှမလုပ်…”
“တိတ်စမ်း… ခင်ဗျားကိုဓားပြတိုက်နေတာမဟုတ်ဘူး။ ကျုပ်ကဂျပိုးသူခိုး မဟုတ်ဘူး…”
“ဒါဆို… မင်း… မင်း… ဘာဖြစ်လို့…”
“ခင်ဗျားကျုပ်ကို သေချာကြည့်စမ်း… မမှတ်မိဘူးလား… ခင်ဗျားတို့သင်တန်းကျောင်းမှာ ဘဝသင်ခန်းစာတွေတပွေ့ တပိုက်လာယူခဲ့တဲ့သူ တစ်ယောက်လေ… (……………) မှာတုန်းက ခင်ဗျားနဲ့ကျွန်တော်တို့နဲ့ ဆုံခဲ့ကြတာ မှတ်မိ လား…”
“ဟာ… ဟုတ်လား… အင်း…ဟို… ငါတို့ဆုံးမခဲ့တဲ့ကလေးတွေက အများကြီးဆိုတော့ ဘယ်မှတ်မိနိုင်ပါ့မလဲငါ့ညီရယ်… ကြာလည်းကြာခဲ့ပြီဆိုတော့ ဘယ်မှတ်မိပါ့မလဲ၊ ထားပါ… ဘယ်လိုနေနေပြီးခဲ့တာတွေလည်း ပြီးပြီဆိုတော့…” 
သူ့စကားတွေထစ်နေတယ်။
“ဟားဟားဟား…” ခြောက်ကပ်လှတဲ့အသံကြီးနဲ့သူရယ်လိုက်တယ်။ ကားဆရာဟာသူ့ကိုမျက်လုံးကြီးပြူးပြီးတော့သာမော့ကြည့်နေလေရဲ့။ သူကတော့အတော်နဲ့အရယ်မရပ်ဘူး။
“ဒီမယ်ဟေ့လူ…  ကိုယ့်အလှည့်ကျမှလာနွဲ့ပြနေတယ်ဟုတ်လား။ ကျုပ်တို့အလှည့်တုန်းကခုလိုမျိုးခင်ဗျားတို့ကိုတောင်းပန်တိုးလျှိုးခဲ့တာရှိသလား… ဘယ်လောက်နာနာ အံတင်းတင်းကြိတ်ပြီးခံခဲ့တာမဟုတ်လား… ခင်ဗျားကို ခုကျုပ်က လက်ဖျားနဲ့တောင်တို့ရ သေးတာမဟုတ်ဘူး…”
“…ဟို…ဟို…ဟိုဒင်း… ငါ…ငါတို့ကလည်း…လုပ်ချင်လို့ လုပ်ခဲ့ရတာမှမဟုတ်ဘဲ ငါ့ညီရယ်… ငါပြောခဲ့ သလိုပဲအားလုံးဟာအခြေအနေအရ၊ မလွှဲသာမရှောင်သာ…”
‘ခွပ်’ခနဲမြည်သံနဲ့အတူ ကားဆရာဟာ စကားဆုံးအောင်မပြောနိုင်တော့ဘဲ ဘေးကိုပစ်ကျသွားတယ်။ ညာဘက်မေးရိုး တစ်ဖက်ဟာလည်းမီးနဲ့ထိုးထားသလိုပူနေပြီး မျက်လုံးထဲမှာလည်းကြယ်တွေလတွေ…
“ပြန်ထ… ပြန်ဒူးထောက်…”
သူ့တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီ။ သူကြောက်လှပြီ။ သည်ကောင်လေး သူ့ကိုဘာလုပ်မှာလဲ။ သတ်တော့မှာလား။ မသေချင်သေးဘူး။ အိမ်မှာထမင်းစားဖို့ မျှော်နေသူတွေရှိသေးတယ်။ ခုအချိန်မှာသူဟာဟိုသူငယ်လက်ခုပ်ထဲကရေပဲ။ ပြန်မာလို့တော့မရဘူး။ အော်ရင်ကောင်းမလား။ ခက်တာက လူပြတ်တဲ့နေရာဖြစ်နေတယ်။ အော်လိုက်ခါမှ ဓားမြှောင်က လည်ပင်းထဲဝင်သွားရင်ဒုက္ခ။ အကောင်းဆုံးကတော့ ခုလောလောဆယ်ကောင်လေးကို အချိုသပ်ဖို့သာလျှင်ရှိတယ်။
“ငါ့ကို…ငါ့ကိုတော့မသတ်ပါနဲ့ကွာ… ငါ့မိသားစု…”
နောက်ထပ် ‘ခွပ်’ ခနဲ မြည်သံနဲ့အတူ သူပစ်လဲကျသွားပြန်တယ်။ သည်တစ်ခါအလှည့်ကျတာကတော့ဘယ်ဘက်မေးရိုးပဲ။ ပြုတ်ထွက်သွားပြီလို့တောင်ထင်ရ မတတ်အီစိမ့်သွားတယ်။
“ကျုပ်အစ်ကိုဟာ ခင်ဗျားတို့လူတွေ လက်ချက်နဲ့ ခွေးလိုဝက်လိုသေခဲ့ရတယ်။ မုဆိုးမကြီးကျုပ်အမေဟာ သူ့သားတွေ ဘယ်လောက်ဝေးတဲ့နေရာ ရောက်ရောက်ကားတစ်တ န်သင်္ဘောတစ်တန်နဲ့လိုက်လာပြီး တွေ့ရရှာတယ်။ ဒါတောင်ခင်ဗျားတို့က ကျုပ်တို့အမေအိုကြီး လုပ်စားကိုင်စားလို့ မရအောင်အမျိုးမျိုး နှောင့်ယှက်ခဲ့ကြသေးတယ်။ ကျုပ်မှာ… ကျုပ်မှာ… အမေသေတာကိုတောင်မသိလိုက်ရတဲ့ဘဝ…”
ပြောရင်းသူ့အသံတွေ တုန်ရင်အက်ကွဲလာတယ်။ ပါးနှစ်ဖက်ကနေ မျက်ရည်စီးကြောင်းတွေဟာ မီးတောင်ပေါက်ကွဲရာက ထွက်လာတဲ့ ချော်ရည်ပူတွေ စီးကျသလိုပဲ။ သုတ်တော့သုတ်မပစ်ဘူး။ ငိုသံပါကြီးနဲ့ပဲသူဆက်ပြောတယ်။
“ခင်ဗျားတို့ကြောင့် ပြိုကွဲခဲ့ရတဲ့မိသားစုတွေ… အသိုက်အမြုံတွေ… နစ်နာမှုတွေ… အညွန့်တုံးမှုတွေ… လူဖြစ်ရှုံးမှုတွေ… ဒါတွေနဲ့ ယှဉ်ရင်ခင်ဗျား ခံခဲ့ရတယ်ဆိုတဲ့မတရားမှု၊ ဆင်းရဲဒုက္ခဆိုတာပါးပါးလေးပါဗျာ… ဟက်ဟက်… ဒါလောက်လည်းသူရဲဘော မကြောင်ချင်စမ်းပါနဲ့သူရဲကောင်းကြီးရဲ့… ကျုပ်ကခင်ဗျားကိုခွေးတစ်ကောင်လို သဘောထားပြီးမနှိပ်စက်ပါဘူး… အသက်သာဆုံးနည်းနဲ့ပဲ ကျုပ်အမေနဲ့ ကျုပ်အစ်ကိုနောက်ကိုပို့လိုက်မယ်…တမလွန်မှာသူတို့ကိုသွားတောင်းပန်ချေ…”
“မင်း… မင်း.. မလုပ်ပါနဲ့ ငါ့ညီရယ်ငါ့တူရယ်… မလုပ်ပါနဲ့…”
နေရောင်အောက်မှာ ဓားရောင်ဟာ လက်ခနဲဖြစ်သွားတယ်။ ကားဆရာကြီးကတော့ မျက်စိကိုသာစုံမှိတ်ပြီး “အား…” လို့အော်လိုက်လေရဲ့။ မြောက်တက်သွားတဲ့ ဓားကိုင်လက်ဟာ လေထဲမှာ ဆယ်စက္ကန့်လောက်ရပ်တန့်နေတယ်။ ဒူးထောက်နေတဲ့ ကားဆရာကလည်း ရပ်တန့်နေတယ်။ ကားဆရာဟာ မျက်လုံးတွေကို မှိတ်ထားရာကနေ အလန့်တကြားနဲ့ ပြန်ဖွင့်ကြည့်တော့ ဓားကိုင်လက်ကို ပြန်ချပြီး သူ့ကိုငူငူကြီး ကြည့်နေတဲ့လူရွယ်လေးကို တွေ့တယ်။ သူတွေဝေနေပြီ။ ဆိုက်ကိုတွေ အများကြီးသုံးခဲ့ဖူးသူ တစ်ယောက်ရဲ့ အတွေ့အကြုံအရ သူဘာဆက်လုပ်ရမယ်ဆိုတာ ကောင်းကောင်းသူသိတယ်။
“ငါ့ညီရယ် … ဖြစ်ပြီးခဲ့တာတွေ ရှိပါစေတော့ကွာ… ငါတောင်းပန်ပါတယ်ကွာ… ခုချိန်မှာအားလုံးကအပြန်အလှန်ခွင့်လွှတ်နေ ကြတာမဟုတ်လား … မင်း ကျေနပ်လောက်သည်အထိ ငါထိုင်ရှိခိုး ဆိုခိုးပါ့မယ် ကွာ… ငါအခု နောင်တရပါပြီကွာ… ငါတို့မှားခဲ့ပါတယ်… ငါတို့တွေလွန်ခဲ့ကြပါတယ်…”
သူဟာ ကားဆရာရဲ့ စကားတွေကို နားထောင်ရင်း ရှိုက်ကြီးတငင်နဲ့သာ ငိုပါတော့တယ်။ ကားဆရာကလည်းပြောရင်းငို၊ သူကလည်း ရှိုက်ရှိုက်ငို…။ နှစ်ယောက်လုံး ငိုပွဲကြီးဆင်လို့ ဝတော့ သူက ကားဆရာရဲ့ လက်ကကြိုးကို ဖြတ်ပေးလိုက်တယ်။
“သွားတော့… ကျုပ်ရှေ့ကနေ အမြန်ဆုံးထွက်သွားတော့… မသွားရင်ခင်ဗျားကို ကျုပ်တကယ်ထိုး မိလိမ့်မယ်…”
ကားဆရာဟာ ပုဆိုးကိုတောင်သေချာ ပြန်မဝတ်နိုင်ဘဲ ကားပေါ်အမြန်တက်ပြီး ကားကိုဆောင့်နင်းထွက်သွားတော့တာပဲ။ ဖုန်လုံးကြီးတွေဟာ ကားနောက်မှာ ကျန်ခဲ့ပြီး သူ့ရဲ့ တစ်ကိုယ်လုံးကို ဝါးမြိုပစ်လိုက်ကြတယ်။ ကားနောက်မြီး ပျောက်ကွယ်သွားတဲ့ အထိမျက်ရည်တွေကြားကနေ သူကြည့်နေပြီးတော့မှ နှေးကွေး လေးလံတဲ့ ခြေလှမ်းတွေနဲ့အတူ အိမ်ဘက်ကို ကုန်းကြောင်းပြန်လျှောက်လာ လိုက်တယ်။
ဆင်ခြေဖုံး ရပ်ကွက်ကလေးမှာရှိတဲ့ သူတို့အိမ်စုတ်ကလေးကို ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး ပင်ပန်းနွမ်းနယ်စွာနဲ့ပဲ ခုတင်ပေါ်လှဲချလိုက်တယ်။ ပြီးတော့ အမေနဲ့ အစ်ကိုတို့ရဲ့ ဓာတ်ပုံကို ထုတ်ကြည့်တယ်။ အရေးကြီးတဲ့ ပစ္စည်းနဲ့ စာရွက်စာတမ်းတွေကိုလည်း သေချာသိမ်းလိုက်တယ်။ ခုချိန်မှာ သူဟာ အိမ်ရှေ့ဧည့်ခန်းကနေ ငြိမ်ငြိမ်လေး ထိုင်စောင့်နေဖို့ပဲ။
မကြာခင်ရဲရောက်ချင်လည်း ရောက်လာနိုင်တယ်။ ပြောလို့မရဘူးမဟုတ်လား။

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ 





Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...