Skip to main content

တော်တော်ဆိုးတဲ့လူတွေ



ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့  အပြိုင် ညှိုးရော်လို့။
အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ မီးပြတ် နေတာပဲ လို့ သတိပြုမိပြီး နှုတ်က တစ်ကိုယ်တည်းကြားရုံ ဆဲလိုက်သေးတယ်။ ပြီးတော့ ယပ်တောင် တစ်ချောင်းနဲ့  ယပ်ခတ်နေလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ဖွာလိုက်တယ်။ ထမင်းလုံးစီရင်း ငိုက်မျဉ်းစ ပြုလာတုန်း တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကြောင့် ရုတ်တရက် လန့်သွားတယ်။
ဆရာဒီမှာ လူတစ်ယောက်အမှုဖွင့်ချင်လို့ ရောက်နေတယ်။
သူကြည့်လိုက်တော့ စခန်းတာဝန်ကျရဲအရာရှိဖြစ်နေတယ်။ခင်ဗျား လက်ခံပြီးဖွင့်ပေးလိုက်လေ၊ ကျွန်တော့် လာပြောနေရသေးလားဆိုတဲ့ စခန်းမှူးရဲ့ စကားအဆုံးမှာပဲ တာဝန်မှူးကဟုတ်၊ သူပြောတာ နားထောင် ကြည့် တော့ ထူးဆန်းနေတာနဲ့ ဆရာ့ဆီ လာတာလို့ စိတ်ရှုပ်ဟန်နဲ့ပြန်ပြောတယ်။ စခန်းမှူးဟာ ပါးစပ်ကို တစ်ချက်ရွဲ့လိုက်ပြီး အဆီပြင်တွေ ရွှဲနေတဲ့ သူ့ဗိုက်ကို တစ်ချက်ပွတ်လိုက်ရင်းဒါဆိုလည်း ခေါ်လာခဲ့လေလို့ ပြောလိုက်တယ်။
ခဏတွင်းချင်းပဲ အခန်းထဲကို ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ မျက်မှန်နဲ့ အမျိုးသားတစ်ယောက် ဝင်လာ တယ်။ အောက်ခံအဖြူပေါ်မှာ အပြာရောင် အကွက်တွေဖောက်ထားတဲ့ ရှပ်အင်္ကျီနဲ့ အောက်က မရမ်းစေ့ရောင် လုံချည်နဲ့။ အသက်ကတော့ နှစ်ဆယ်ကျော်၊ အစိတ်လောက်ပဲဖြစ်ဦးမယ်လို့ ထင်ရတယ်။ ပါးလှပ်တဲ့ သူ့နှုတ်ခမ်းနှစ်ဖက်ကို တင်းတင်းစေ့ထားပြီး အံကိုပါကြိတ်ထားတဲ့အတွက် မေးကြောကြီးတွ  ထောင်နေ သေးရဲ့။ တည်ငြိမ်အောင် အတင်းထိန်းရပုံပေါ်ပေမယ့် သူ့ကိုကြည့်ရတာ စိတ်လှုပ်ရှားနေတာ သိသာတယ်။
ထိုင်ပါ၊ ဘာကိစ္စရှိလို့ပါလဲ။ ဘာကူညီရမလဲ။
ဟုတ်ကဲ့ ကျွန်တော် အမှုဖွင့်ချင်လို့ပါ။ လူသတ်မှုပါလို့ လူရွယ်က နှုတ်ခမ်းကိုလျှာနဲ့ တစ်ချက်သပ်လိုက်ပြီးမှ ပြန်ပြော လိုက်တယ်။
ဟုတ်ကဲ့…”
စခန်းမှူးရဲ့ဟုတ်ကဲ့က ရိုးရိုးဟုတ်ကဲ့ထက်ဆက်ပြောပါဦး၊ ဆိုစမ်းပါဦးဆိုတဲ့ သဘောမျိုးနဲ့ အဆုံးသတ်မှာ အသံရှည်လေးသုံးပြီး မြှင့်ပြောလိုက်တဲ့ဟုတ်ကဲ့မျိုးပဲ။ လူရွယ်က သူ့ရှေ့တည့်တည့်က စခန်းမှူး စားပွဲကိုပဲ စိုက်ကြည့်နေတယ်။ စားပွဲပေါ်မှာ ဖိုင်တွဲတွေနဲ့ ရှုပ်ပွနေပြီး ဆေးလိပ်ပြာခွက်တစ်ခွက် ကလည်း စားပွဲထောင့်စွန်းနားမှာ ပြုတ်ကျမတတ် တည်းတည်းလေး တင်နေတယ်။
ဒီဒီလိုပါ။ ကျွန်တော် လူတစ်ယောက်ကို သတ်လိုက်မိပါတယ်။ လွန်လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပါ။
လူရွယ်ရဲ့အသံတွေကို သိသိသာသာကို တုန်ယင်နေတယ်။ စခန်းမှူးက မျက်ခုံးကိုတစ်ချက်ပင့်လိုက်ပြီးငါ့ညီနေတာက တို့ရဲစခန်းအပိုင်လားလို့ မေးလိုက်တယ်။
ဟုတ်ပါတယ်။ ကျွန်တော်နေတာက (……)ပါလို့ ပြောပြီး သက်ပြင်းတစ်ချက်ဝှူးခနဲ မှုတ်ထုတ်လိုက်တယ်။
ဟာတို့အပိုင်ပဲ။ လွန်ခဲ့တဲ့တစ်ပတ်က လူသတ်မှုဖြစ်တယ်လို့လည်း တို့မကြားမိပါလား။
ဟုတ်ဟုတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ ဘေးအိမ်က ဒေါ်…… ကားတိုက်ခံရပြီး သေသွားတဲ့ အမှုပါ။ ပွဲချင်းပြီးသေတာပါ။
စခန်းမှူးဟာ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး စဉ်းစားနေတယ်။ တစ်ပတ်အတွင်း ကားတိုက်လို့ လူသေမှု တစ်မှုထက် မကခဲ့ဘူးဆိုတော့ သူမနည်းပြန်စဉ်းစားနေရတယ်။ အဲဒီမှာပဲ တာဝန်မှူးက ဘေးကနေ ဝင်ပြောလိုက်တယ်။
ဟုတ်ပါတယ် ဆရာကျွန်တော်တို့စခန်းမှာ လူသေမှု သေမှုသေခင်းအမှတ် (…) နဲ့ အမှုဖွင့်ထားပါတယ်။ ပွဲချင်းပြီး သေပါတယ်။ ကားသမားကိုလည်း ကျွန်တော်တို့စခန်းမှာပဲ ချုပ်ပြီး လူသေစေရန်မဆင်မခြင် မောင်းနှင်မှုနဲ့ စွဲတင်ပြီးပါပြီ။ ခု ထောင်ထဲမှာပါ။ သေသူမိသားစုနဲ့လျော်ကြေးညှိပြီး ကြေအေးပေးမယ်လို့ ပြောထားပါတယ်။ အမှုကိုလည်း ရုပ်သိမ်းဖို့ရှိပါတယ်။
စခန်းမှူးက တာဝန်မှူးပြောတာတွေကို သေချာနားထောင်ပြီးမှ ဟိုလူရွယ်ဘက်ကို မျက်လုံးတွေပြန်လွှဲလိုက် တယ်။ ကားတိုက်တယ်၊ လူသေတယ်။ ကားသမားနဲ့ သေသူနဲ့ ဘာရန်ငြိုးရန်စမှမရှိဘူး။ အခု အမှုကြေအေးဖို့ လုပ်ထားတယ်။ ဒီအချိန်မှာ ဒီလူက ဘာဝင်ရှုပ်တာလဲ၊ ဘယ်သူက ဘယ်သူ့ကို သတ်တာလဲ။ သူနားမလည်ဘူး။ သက်သက်အလုပ်ရှုပ်အောင် လာလုပ်တာလား။
အဲဒီ ကားတိုက်မှုနဲ့ ခင်ဗျားနဲ့ဘယ်လိုပတ်သက်လို့လဲ။ ခင်ဗျားက ကားသမားကို ငွေပေးပြီး တိုက်သတ်ခိုင်း တာလား။
လူရွယ်က ခေါင်းကို အမြန်ကြီးလည်းမဟုတ်၊ နှေးနှေးလေးလည်းမဟုတ်တဲ့ နှုန်းနဲ့ ခါလိုက်ပြီးမဟုတ်ပါဘူး ဆရာ….ကားသမားနဲ့ ကျွန်တော်နဲ့ မသိပါဘူးလို့ ပုံမှန်သံနဲ့ ပြန်ပြောလိုက်တယ်။ စခန်းမှူးမျက်နှာမှာ စိတ်ရှုပ်တဲ့ အရိပ်အယောင်တွေ ပိုပေါ်လွင်လာတယ်။ သတ်မှတ်မှုခင်းအရေအတွက် မပြည့်မီလို့ မနက်က အစည်းအဝေးမှာ အထက်က ထောင်းလိုက်တဲ့ဒဏ်ကြောင့် ညစ်ညူးရတဲ့အထဲ သည်သူငယ်ဟာ သူ့ကို သက်သက် လာစနေသလိုပဲ။
အင် ဟင်အဲဒီတော့…”
ဒီလိုပါ စခန်းမှူးကျွန်တော်နဲ့ အဲဒီ သေသွားတဲ့ ဒေါ် (…) တို့က အိမ်နီးချင်းတွေပါ။ သူက လုံးချင်းအိမ်၊ ကျွန်တော်က ဘေးကပ်လျက် ကန်ထရိုက်တိုက် အပေါ်ဆုံးထပ်ကပါ။ အဲဒီ အမျိုးသမီးကြီး က အပေါက်ဆိုး ပါတယ်၊ အပျိုကြီးလည်း အပျိုကြီးပါ။ စွာလည်းစွာပါတယ်။ ရိုင်းလည်း ရိုင်းပါတယ်။ တစ်ရပ်ကွက်လုံး နဲ့လည်း ဘယ်သူနဲ့မှ မတည့်ပါဘူး။ အိမ်တစ်အိမ် အညှော်လုပ်လည်း သူက ခုနစ်သံချီပြီး ကလော်တုပ်တယ်။ ကျွန်တော်တို့ ဘေးတိုက်က လှမ်းထားတဲ့ အဝတ်အစားတွေ လေတိုက်လို့ သူ့ခြံထဲပြုတ် ကျ၊ လွင့်ကျလို့ သွားကောက်ရင် ဆူလိုက်မာန်လိုက်တာ မနည်းပါပဲ။ လမ်းထဲက ကားတွေ သူ့အိမ်ရှေ့ သွားရပ်မိရင်လည်း တစ်ချက်မှ မကြိုက်ဘူး ဆရာ။ ပြောလွှတ်တာမှ။ ဒါတောင် သူ့မှာ ကားရှိတာမဟုတ်ပါဘူး။ စကားပြောလည်း စီးစီးပိုးပိုး။ ဈေးဝယ်လည်း စီးစီးပိုးပိုးမို့ ရပ်ကွက်က သူ့ကို အော့ကြောလန်ပါတယ်ဆရာ။
လူရွယ်က ပြောတာရပ်လိုက်ပြီး တံတွေးတစ်ချက် မျိုချလိုက်တယ်။ ခုနကနဲ့ယှဉ်ရင် သူ့ပုံစံက ပိုတည်ငြိမ်လာ တယ်။ စခန်းမှူးဟာ ခုနက ညစ်နေတဲ့စိတ်တွေ လျော့ပါးသွားပြီး စိတ်ကောင်းနည်းနည်း ပြန်ဝင်လာတာ ကြောင့် သူ့ညီအရွယ် လူရွယ်ကိုစီးကရက်တစ်လိပ်လှမ်းပေးလိုက်တယ်။ သူက ကျေးဇူးစကားဆို၊ လှမ်းယူပြီး မီးညှိလိုက်တယ်။ တစ်ချက်ရှိုက်အပြီးမှာ စီးကရက် ခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး မျက်နှာကျက်ကို မော့ကြည့်လိုက်တယ်။ အဲဒီအချိန်မှာ မီးပြန်လာ တဲ့အတွက် မျက်နှာကျက် ပန်ကာ ပြန်လည်လာပြီး အခန်းထဲ အပူဒဏ်ကနေ နည်းနည်းသက်သာသွားသလို ရှိတယ်။
သူနဲ့ ကျွန်တော်နဲ့ အကြီးအကျယ် တစ်ခါစကားများဖူးတယ်။ ကျွန်တော်တို့မွေးထားတဲ့ ကြောင်လေး ပျောက်သွားလို့ လိုက်ရှာတုန်းကပါ။ ကြောင်က သူတို့ခြံထဲမှာ ကြောင်မ,နဲ့တွေ့နေတော့ အိမ်ပြန်မလာဘူး ဆရာ။ အဲဒါ သူတို့ အိမ်ဝင်းရှေ့ရပ်ပြီး ကြောင်ကိုပြန်ခေါ်တော့ သူက ဒေါင်းတင်မောင်းတင်နဲ့ထွက်လာပြီးကိုယ့်ကြောင် ကိုယ် သေချာထိန်းထား၊ ငါတို့အိမ်ထဲ မလာစေနဲ့ဘာညာနဲ့ ပြောတော့တာပဲ။ ကျွန်တော် လည်းအန်တီရယ်၊ ဘယ်သူက တမင်လွှတ်ထားလို့လဲ၊ သူ့ဟာသူ အထီးသဘာဝ အမရှိရာသွားတာပါပဲလို့ ကောင်းကောင်းမွန်မွန် ပြန်ပြောတာကိုပဲ အလုပ်ရှုပ်တယ်၊ ညညနားငြီးတယ်နဲ့ ပွမ်တာ ပွမ်တာ။ ကျွန်တော် လည်း ဒေါတော်တော်ပွပြီး သူ့ကို မပြောစဖူး တော်တော် မာမာထန်ထန် ပြန်ပြောပစ်လိုက်တယ်။ ခင်ဗျားက အပျိုကြီးဆိုတော့ အထီးအမသဘာဝတွေ ဘယ်နားလည်မလဲလို့လည်း ပြန်တွတ်လိုက်သေးတယ်။ သူလည်း ကျွန်တော့် ကလော်တုပ်တာပဲ။ အဲဒီ နောက်ပိုင်း လမ်းတွေ့တောင် မျက်နှာချင်းမဆိုင်ဘူး။ အမြင်ကတ်လွန်းလို့ ပါဆရာ။  လူဖြစ်ပြီး ဒီလောက် လူမှုရေးခေါင်းပါးတဲ့ အတ္တဘောကြီးဆိုပြီး တော်တော်ကို မေတ္တာတုံး တာပါ။
သူက စီးကရက်ကို နောက်တစ်ချက် ခပ်ရှည်ရှည်ဖွာလိုက်တယ်။ နွေနေ့လယ်ခင်း မှာ တစ်ချက်ဝှေ့လိုက်တဲ့ လေပူကြောင့် ဖုန်တွေ၊ သစ်ရွက်ခြောက်တွေလေထဲ ထလို့။ သူက စားပွဲမျက်နှာပြင်ကိုတစ်ချက်ငုံ့ကြည့် လိုက်ပြီးမှ ဆက်ပြောတယ်။
အဲဒီနေ့က ကျွန်တော်လည်း အပြင်က ပြန်အလာ ကားမှတ်တိုင်မှာ ဘတ်စ်ကားပေါ်က အဆင်း။ သူက ကျွန်တော့်ရှေ့က ငေါ့တော့ငေါ့တော့နဲ့ သွားနေတာ။ အဘွားကြီးက ဈေးကပြန်လာတာနဲ့ တူတယ်။ ဈေးခြင်းတောင်းကို လက်တစ်ဖက်ချိတ်လို့။ ကျန်လက်တစ်ဖက်က ဖုန်းပြောရင်းပေါ့။ သူပြောတာတွေ အကုန်ကြားရတယ်။ အတင်းပြောနေတာဗျ။အမယ်လမ်းသွားရင်းတောင် အတင်းက ချသေးဆိုပြီး သူ့ကို နောက်ကနေ ဖနောင့်နဲ့ ပေါက်ချင်တာမှဗျာ အရမ်းပဲ။ နဂိုကမှကြည့် မရသူ မဟုတ်လား။ ကိုယ့်အမေ အရွယ်ဖြစ်နေလို့ပေါ့။ သူရော ကျွန်တော်ရော ဟိုဘက်လမ်းကူးမှ ကျွန်တော်တို့ ရပ်ကွက်ထဲ ပြန်ရောက်မှာ ဆရာ။ အဲဒီမှာ သူက ကားကိုသေချာမကြည့်ဘဲ ဟိုဘက်လမ်းကူးဖို့ လုပ်တာ မြင်လိုက်တယ်။ ကျွန်တော် တစ်ချက် လှမ်းကြည့်လိုက်တော့ အခု သူ့ကိုတိုက်သွားတဲ့ ကားက အရှိန်နဲ့လာနေတာ။ သူက ဆတ်ခနဲ ကူးသွားတယ်။
အဲဒီမှာ ခင်ဗျားက သူ့ကို ပိတ်တွန်းလိုက်တယ် ဆိုပါတော့…”
အမှုတိုင်ချက်လက်ခံရေးသွင်းတဲ့ စာအုပ်ထဲမှာ လူရွယ်ပြောသမျှကို လိုက်မှတ်နေတဲ့ ငြိမ်နေတဲ့ တာဝန်မှူးက ဘေးကနေ ဝင်ထောက်တယ်။ လူရွယ်က သူ့ကိုခေါင်းစောင်းကြည့်ရုံ ကြည့်လိုက်ပြီးနိုးလို့ အင်္ဂလိပ်လို ပြောလိုက်တယ်။
ကျွန်တော် သူ့ကို မတွန်းပါဘူး။ ကျွန်တော် သူ့ကို ဒီအတိုင်း ကြည့်ရုံကြည့်နေလိုက်တာပါ…”
စခန်းမှူးရော၊ တာဝန်မှူးရော မျက်လုံးလေးတွေ အနည်းငယ် ပြူးကျယ်သွားကြပြီး သူ့ကိုသာ ငေးစိုက် ကြည့်နေကြတော့တယ်။ သူကတော့ နှုတ်ခမ်းဝမှာ စီးကရက်ကို တစ်ချက်ပြန်တပ်လိုက်ပြီး ခပ်ပြင်းပြင်း တစ်ချက် ပြန်ရှိုက်လိုက်ပြီး အငွေ့တွေကို မှုတ်ထုတ်လိုက်ပြန်တယ်။ အပေါ်ကပန်ကာမွှေ့တဲ့အရှိန်ကြောင့် ဆေးလိပ်ငွေ့တွေဟာ ဆောင့်ခနဲဆောင့်ခနဲ ဟိုဘက်ဒီဘက် ရှဲသွားတယ်။
အဲဒါပါပဲ ဆရာတို့။ ကျွန်တော်ဟာ ကိုယ့်ရှေ့မှာ လူတစ်ယောက် ကားတိုက်ခံရတော့မှာ သိပါလျက်နဲ့ လှမ်းလည်း သတိမပေး၊ ဆွဲလည်း မဆွဲခဲ့မိတဲ့ အပြစ်ကို ကျူးလွန်ခဲ့ပါတယ်။ ကျွန်တော်နဲ့ သူနဲ့ နီးနီးလေးပါ။ ကျွန်တော်သူ့ကိုဆွဲမယ်ဆိုမီပါတယ်။ ကျွန်တော် သူ့ကိုမုန်းတဲ့စိတ်နဲ့ ဘာမှမလုပ်ဘဲနေခဲ့မိတဲ့ အပြစ်နဲ့ ကျွန်တော့်ကိုဖမ်းကြပါ။
သူ့လက်ထဲက စီးကရက်ဟာ ဖင်ထိရောက်အောင် တိုသွားပြီမို့ သူက ပြာခွက်ထဲမှာ ဖိချေလိုက်တယ်။ သူ့ မျက်လုံးတွေက ရှေ့ကိုကြည့်နေပေမယ့် ဘာမှ မမြင်သလိုပဲ။ စခန်းမှူးနဲ့ တာဝန်မှူးတို့ဟာ မျက်လုံးချင်း တစ်ချက် ဆုံလိုက်ကြပြီး သက်ပြင်းကိုယ်စီမှုတ်ထုတ်လိုက်တယ်။ တစ်အောင့်ကြာမှ စခန်းမှူးက ပြောတယ်။
ဒီမယ် ငါ့ညီ။ မင်းကိုငါတို့အရေးယူလို့မရလောက်ဘူးကွ။ မင်းက တိုက်သတ်တဲ့သူလည်း မဟုတ်ဘူး။ မင်းက ဘေးကနေ ဟုတ်လား တွန်းလိုက်တာလည်း မဟုတ်ဘူးဟုတ်လားမင်း တမင်ကြည့်နေလိုက် ပါတယ်ဆိုတာလည်း ငါတို့မှာ သက်သေမှမရှိတာ။
အဲဒီမှတ်တိုင်နားမှာ စီစီတီဗီလည်း ရှိပါတယ်။ မှတ်တမ်းကျန်ဦးမယ်ဆိုရင် အဲဒီ ဒေါ်အနားမှာ ကျွန်တော် တစ်လှမ်းလောက်အကွာမှာရှိနေတာ တွေ့မှာပါ။ ပြန်ကြည့်လို့ရပါတယ် စခန်းမှူး။
သူကသာ အားတက်သရောပြောနေပေမယ့် ရဲအရာရှိနှစ်ယောက်ဟာ မျက်နှာတွေကို တွန့်လိမ်ထားကြတယ်။ စခန်းမှူးက ခေါင်းကိုတဗျင်းဗျင်းနေအောင် ကုတ်လိုက်ပြီး -
စီစီတီဗီမှတ်တမ်းကလည်း တစ်ပတ်လောက်ကြာသွားရင် ရှိမရှိက မသေချာတော့ဘူးကွ။ ကျန်ဦးမယ်ပဲ ထားပါဦး။ မင်းကို ဘယ်သူက ဘာပြောနေလို့လဲ။ အဲဒီ သေသူရဲ့မိသားစုကရော မင်းကို ဘာလာပြောနေ လို့လဲ။ ပြီးတာ ပြီးပြီပဲ ငါ့ညီရာ။ သေတဲ့သူလည်း သေပြီ။ တကယ် တိုက်ခဲ့တဲ့ကားသမားကိုတောင် ဟိုဘက်က အမှုရုပ်သိမ်းဖို့တောင် လုပ်ပြီးမှကွာ။ ထားလိုက်စမ်းပါကွာ။
စခန်းမှူးရဲ့ အသံဟာ နည်းနည်းကြွပ်ဆတ်ဆတ်ဖြစ်လာတယ်။ ဒီ ပုလင်းဖင်မျက်မှန်နဲ့ လူရွယ်ဟာ စိတ်မှ မှန်ရဲ့လားလို့လည်း တွေးမိပြီး စိတ်ထဲကနေငကြောင်လို့ ရေရွတ်လိုက်တယ်။ တာဝန်မှူးကတော့ ဘေးကနေ ပြုံးစိစိလုပ်နေတာပဲ။
မထားနိုင်လို့ပေါ့ဆရာ။ ကျွန်တော် တစ်ပတ်လုံး အိပ်လို့မပျော်ဘူး။ အဘွားကြီး ကားတိုက်ခံရတာနဲ့ ကျွန်တော် ၁၉၉ ကိုလှမ်းဖုန်းဆက်ပြီး လူနာတင်ကားလွှတ်ပေးဖို့လှမ်းပြောတယ်။ သူ့ နာရေးမှာလည်း ကျွန်တော် ကာလသားတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ဝိုင်းလုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် လိပ်ပြာ မလုံလို့ပါ။ ကားသမားဟာ သတိချွတ်ယွင်းတဲ့ အပြစ်သာရှိပါတယ်။ သေစေလိုတဲ့စိတ် မရှိပါဘူး။ ကျွန်တော်ကတော့ အဘွားကြီးကို သေစေချင်ခဲ့တဲ့ စိတ်လည်း ရှိခဲ့သလို ပျက်ကွက်ခြင်းဖြင့်လည်း အပြစ်ရှိပါတယ်။ ကျွန်တော့်ကိုဖမ်းပြီး ရုံးတင်ဖို့သာ လုပ်ကြပါတော့။
လူရွယ်ဟာ ခေါင်းကို ငုံ့ထားလိုက်တယ်။ စခန်းမှူးဟာ သူ့ကို ငေးကြည့်နေပြီး ဘာပြောရမှန်းမသိအောင်ပဲ။ သူ့ရဲလုပ်သက်တစ်လျှောက်မှာ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒီသူငယ်ကို အမှုဖွင့်ရမယ်ဆိုရင်တောင် ဘာပုဒ်မတပ်ရမလဲဆိုတာ သူနဲ့ရင်းနှီးသမျှ ပုဒ်မတွေထဲမှာ ပြန်လှန်စဉ်းစားတာ ထွက်မလာဘူး။ ကြံရာမရဖြစ်နေတဲ့ စခန်းမှူးဟာ လူရွယ်ကို ခပ်တည်တည်ပဲ စိုက်ကြည့်ပြီး ပြောချလိုက်တယ်။
မင်းက စွဲပါဆိုတော့ မင်းကို ငါကဘာပုဒ်မ တပ်ရမှာတဲ့တုံး။ တပ်စရာပုဒ်မရှိလို့လား။
လူရွယ်က ခေါင်းကိုဆတ်ခနဲမော့လိုက်ပြီးရှိတာပေါ့ ဆရာ။ ပုဒ်မ ၁၀၉ လေ။ ရာဇသတ်ကြီး ပုဒ်မ ၁၀၉ အားပေးကူညီမှုလေ ဆရာ…”လို့ ခပ်သွက်သွက်ပဲ ပြန်ပြောလိုက်တယ်။ စခန်းမှူးက တာဝန်မှူးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး -
၁၀၉ ဆိုတာက ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီမှုပဲ။ ခက်တာက ဒီကိစ္စမှာ ကားသမားက အဘွားကြီးကို တမင်တိုက်သတ်တယ်၊ တိုက်သတ်မယ် ဆိုတာလည်း မင်းကသိတယ်၊ ကားလာနေတာကိုလည်း မြင်ရဲ့သားနဲ့ မပြောဘဲနေတယ်ဆိုမှ မင်းကိုဒီပုဒ်မက တပ်လို့ရမှာ ငါ့ညီရ။ ခုဟာက မတော်တဆ ဖြစ်တဲ့အမှု၊ မင်းက သူ့ကို ဆွဲလို့ရပါလျက် မဆွဲဘူးဆိုတာလည်း မင်းအပြောသက်သက်ပဲ။ စီစီတီဗီရှိတယ်ဆိုပေမယ့် … …”
မဟုတ်သေးဘူးဆရာ၊ ကျွန်တော် ရှေ့နေတွေကိုလှမ်းမေးကြည့်ပြီးပြီ။ ဒါဟာ လူသတ်မှုမဟုတ်ပေမဲ့ ပေါ့လျော့ခြင်းဖြင့် လူသေစေမှုဖြစ်မှာကို မတားဆီးမှုပါ ပုဒ်မ ၃၀၄/၁၀၉ ပါ။ လူတစ်ယောက်ဟာ မခိုင်ခံ့တဲ့ တံတားအစွန်းမှာ ရပ်နေမယ်၊ ဒါကိုမြင်တဲ့သူက အန္တရာယ်ရှိတယ်ဆိုတာ သတိမပေးဘူး။ ဒါကြောင့် ဟိုလူသေရတယ်ဆိုရင် သတိ မပေးတဲ့ သူမှာ ပျက်ကွက်တဲ့အပြစ်ရှိပါတယ်ဆရာ။ ရာဇသတ်ကြီး ပုဒ်မ ၁၀၇၊ ၁၀၈၊ ၁၀၉ တို့ကို ပြန်ဖတ်ကြည့်ပါဦး ဆရာ။
စခန်းမှူးဟာ သူ့ကိုဘုန်းကြီးစာချလုပ်တဲ့ လူရွယ်ကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားတယ်။ ဒီကောင် ဘာကောင်လဲ။ အလုပ်မရှိ ချစ်တီးခေါင်းသန်းရှာ။ သူ့ကို ဘယ်သူက အပြစ်တင်နေလို့လဲ။ ဘယ်သူကရော အဲဒိတုန်းက သူလှမ်းမဆွဲလိုက်တာကို သိနေလို့လဲ။ သူ့ရဲ့ ပျိုမျစ်နုနယ်တဲ့ အချိန်တွေကို အလကား ထောင်ထဲမှာ သွားဖြုန်းတီးချင်သေးလို့လား။ ဦးနှောက်ရော ကောင်းရဲ့လား။ သူတို့ကို သက်သက် အလုပ် ရှုပ်အောင် လာလုပ် နေတာလား။ စခန်းမှူးဟာ ရှေ့မှာချထားတဲ့ ဘောပင်ကို အမှတ်မဲ့ကိုင်ကြည့်နေပြီး စားပွဲကို တတောက်တောက် ခေါက်ရင်း စဉ်းစားခန်းဖွင့်နေတယ်။ တစ်အောင့် နေတော့မှ တာဝန်မှူး ဘက်ကိုလှည့်ပြီး ပြောလိုက်တယ်။
ဆရာ သူ့ကို အချုပ်ထဲခဏထည့်ထားလိုက်ပါ၊ ကျွန်တော် ဥပဒေအရာရှိဆီ လှမ်းဖုန်းဆက်ကြည့်လိုက် ဦးမယ်။
တာဝန်မှူးကဟုတ်ကဲ့ စခန်းမှူးလို့ တစ်ချက်ပြောပြီး ဟိုလူငယ်ကို လက်မောင်းကနေ ကိုင်ပြီး ခေါ်သွား တော့တယ်။ စခန်းမှူးဟာ စိတ်မသက်မသာနဲ့ပဲ လည်နေတဲ့ မျက်နှာကျက်ပန်ကာကို မော့ကြည့်လိုက်ပြီး ပါးစပ်ကနေငတုံး၊ ငကြောင်၊ သက်သက်အလုပ်ရှုပ်အောင် လာလုပ်တယ်၊ ပိုက်ဆံလည်း တစ်ပြားမှ ရမှာ မဟုတ်ဘူးလို့ ပွစိပွစိရေရွတ်ရင်းက ဥပဒေအရာရှိဆီ ဖုန်းကိုကောက်နှိပ်လိုက်တယ်။ ဖုန်းခွက်ကို နားမှာ ကပ်ရင်း ဟိုဘက်နဲ့ အပြန်အလှန်ပြောနေတဲ့ စခန်းမှူးရဲ့အကြည့်တွေဟာ ပြတင်းပေါက်ကနေတစ်ဆင့် အပြင် ကောင်းကင်ပြာပြာဆီကနေ မခွာဘူးဖြစ်နေလေရဲ့။ ပူလိုက်တဲ့နွေ။ မိုးရွာမယ့်အရိပ်အယောင် လေးတောင် မမြင်ရဘူး။ ကောင်းကင်ဟာ တိမ်မျှင်ဖြူဖြူဇာလွှာပါးအုပ်ထားတာကလွဲလို့ ကြည်လင်တောက်ပ လွန်းနေတယ်။
ဖုန်းပြောအပြီးမှာတော့ စခန်းမှူးရဲ့မျက်နှာဟာ လငပုပ်ဖမ်းခံရသလို ညိုမည်းမှောင်ကျသွားတာပဲ။ ဥပဒေအရာရှိနဲ့ တရားသူကြီးတို့ရဲ့မျက်နှာတွေကိုလည်း သူမြင်ယောင်လာပြီး စိတ်ဓာတ်ကျသွားတယ်။ သူတော့ မျက်နှာ ရတော့မှာ မဟုတ်ဘူးလို့တွေးမိပြီး ဟိုသူငယ်ကိုသာ ကျိန်ဆဲနေတော့တာပဲ။ ဘယ်လို နားချရမယ် မှန်းလည်း မသိဘူး။တုံးလိုက်တဲ့ကောင်၊ အလိုက်တဲ့ကောင်၊ သောက်ရူး၊ ကိုယ့်ဟာကိုယ် နေလိုက်လည်း ရရဲ့သားနဲ့လို့သာ ရေရွတ်ရင်းနဲ့ မဖတ်ရသေးတဲ့ ဒီနေ့ထုတ် သတင်းစာကို ကောက်လှန် လိုက်တယ်။ သူ့စိတ်ထဲ သိပ် မကြည်တာနဲ့ သတင်းတွေကို ခေါင်းစဉ်လောက်ပဲဖတ်ပြီး အမြန်အမြန် ကျော်ဖတ်ပစ်လိုက်တယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဧည့်သည်တော်ဝန်ကြီးချုပ်နှင့်တွေ့
နိုင်ငံစီးပွားရေး ပထမလေးလပတ်အတွင်း တန့်နေ
ညဘက်အမှောင်ထဲ လမ်းလျှောက်လာသူ ပလက်ဖောင်းအပေါက်ထဲ ကျွံကျ၍ ဆေးရုံတက်ရ
လမ်းပြောင်းပြန် ဘတ်စ်ကား ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ဦးသေ၊ ဦးဒဏ်ရာရ
အထည်ချုပ်စက်ရုံမတော်တဆမှုမှ လျော်ကြေးမရသည့် အလုပ်သမားအတွက် ထိုင်သပိတ်မှောက်၊
… …
… …
နိုင်ငံတကာသတင်းစာမျက်နှာ ရောက်တော့ စခန်းမှူးဟာ သတင်းတစ်ပုဒ်ကို စိတ်ဝင်စားသွားပြီး အဆုံးထိဖတ်လိုက်တယ်။
အမေရိကန်နိုင်ငံ၊ လော့ဆန်းဂျလိစ်မြို့တွင် ပြီးခဲ့သည့်နှစ်က တိရစ္ဆာန်ဆေးကုဆရာဝန်၏ မေ့ဆေးအပေး လွန်မှုကြောင့် သေဆုံးခဲ့ရသည်ဆိုသော ခွေး၏ပိုင်ရှင်လင်မယားက ဆရာဝန်ကို ပေါ့ဆမှု၊ ပျက်ကွက်မှုဖြင့် တရားစွဲသည့်အမှုတွင် တရားရုံးက တရားလိုကိုအနိုင်ပေးလိုက်ပြီး လျော်ကြေား ဒေါ်လာ (…) ပေးစေရန် အမိန့်ချလိုက်သည်။
စခန်းမှူးရဲ့နှုတ်ခမ်းထောင့်စွန်းတွေဟာ ကွေးကွေးလေးဖြစ်သွားတယ်။တော်တော်ဆိုးတဲ့လူတွေလို့ တစ်ချက် ရေရွတ်လိုက်ပြီး သတင်းစာခေါက်ကို စားပွဲပေါ် ဖုတ်ခနဲပစ်ချလိုက်တယ်။ ခဏနေရင် စခန်းထဲက အရာရှိတွေနဲ့ အစည်းအဝေးထိုင်ရဦးမယ်။ ခု လောလောဆယ်တော့ လက်ဖက်ရည်သောက်ချိန်ရောက်ပြီ။ တပ်သားတစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး လက်ဖက်ရည် ဝယ်ခိုင်းလိုက်တယ်။ တပ်သားလေး အပြင်ရောက်မှ တစ်ခုခုကိုသတိရသွားပြီး အခန်းထဲ တစ်ခေါက်ပြန်ခေါ်လိုက်တယ်။
ဟေ့ကောင် အချုပ်ထဲက ဟိုသောက်ရူးအတွက်ပါ တစ်ခွက်ပိုဝယ်ခဲ့ကွာ။ ရော့၊ ပိုက်ဆံ…”

'ချင်းတွင်း'မဂ္ဂဇင်း၊ အမှတ် (၈၇) ၂၀၁၉ ဇန်နဝါရီလ။


ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...