Skip to main content

တော်တော်ဆိုးတဲ့လူတွေ



ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့  အပြိုင် ညှိုးရော်လို့။
အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ မီးပြတ် နေတာပဲ လို့ သတိပြုမိပြီး နှုတ်က တစ်ကိုယ်တည်းကြားရုံ ဆဲလိုက်သေးတယ်။ ပြီးတော့ ယပ်တောင် တစ်ချောင်းနဲ့  ယပ်ခတ်နေလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ဖွာလိုက်တယ်။ ထမင်းလုံးစီရင်း ငိုက်မျဉ်းစ ပြုလာတုန်း တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကြောင့် ရုတ်တရက် လန့်သွားတယ်။
ဆရာဒီမှာ လူတစ်ယောက်အမှုဖွင့်ချင်လို့ ရောက်နေတယ်။
သူကြည့်လိုက်တော့ စခန်းတာဝန်ကျရဲအရာရှိဖြစ်နေတယ်။ခင်ဗျား လက်ခံပြီးဖွင့်ပေးလိုက်လေ၊ ကျွန်တော့် လာပြောနေရသေးလားဆိုတဲ့ စခန်းမှူးရဲ့ စကားအဆုံးမှာပဲ တာဝန်မှူးကဟုတ်၊ သူပြောတာ နားထောင် ကြည့် တော့ ထူးဆန်းနေတာနဲ့ ဆရာ့ဆီ လာတာလို့ စိတ်ရှုပ်ဟန်နဲ့ပြန်ပြောတယ်။ စခန်းမှူးဟာ ပါးစပ်ကို တစ်ချက်ရွဲ့လိုက်ပြီး အဆီပြင်တွေ ရွှဲနေတဲ့ သူ့ဗိုက်ကို တစ်ချက်ပွတ်လိုက်ရင်းဒါဆိုလည်း ခေါ်လာခဲ့လေလို့ ပြောလိုက်တယ်။
ခဏတွင်းချင်းပဲ အခန်းထဲကို ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ မျက်မှန်နဲ့ အမျိုးသားတစ်ယောက် ဝင်လာ တယ်။ အောက်ခံအဖြူပေါ်မှာ အပြာရောင် အကွက်တွေဖောက်ထားတဲ့ ရှပ်အင်္ကျီနဲ့ အောက်က မရမ်းစေ့ရောင် လုံချည်နဲ့။ အသက်ကတော့ နှစ်ဆယ်ကျော်၊ အစိတ်လောက်ပဲဖြစ်ဦးမယ်လို့ ထင်ရတယ်။ ပါးလှပ်တဲ့ သူ့နှုတ်ခမ်းနှစ်ဖက်ကို တင်းတင်းစေ့ထားပြီး အံကိုပါကြိတ်ထားတဲ့အတွက် မေးကြောကြီးတွ  ထောင်နေ သေးရဲ့။ တည်ငြိမ်အောင် အတင်းထိန်းရပုံပေါ်ပေမယ့် သူ့ကိုကြည့်ရတာ စိတ်လှုပ်ရှားနေတာ သိသာတယ်။
ထိုင်ပါ၊ ဘာကိစ္စရှိလို့ပါလဲ။ ဘာကူညီရမလဲ။
ဟုတ်ကဲ့ ကျွန်တော် အမှုဖွင့်ချင်လို့ပါ။ လူသတ်မှုပါလို့ လူရွယ်က နှုတ်ခမ်းကိုလျှာနဲ့ တစ်ချက်သပ်လိုက်ပြီးမှ ပြန်ပြော လိုက်တယ်။
ဟုတ်ကဲ့…”
စခန်းမှူးရဲ့ဟုတ်ကဲ့က ရိုးရိုးဟုတ်ကဲ့ထက်ဆက်ပြောပါဦး၊ ဆိုစမ်းပါဦးဆိုတဲ့ သဘောမျိုးနဲ့ အဆုံးသတ်မှာ အသံရှည်လေးသုံးပြီး မြှင့်ပြောလိုက်တဲ့ဟုတ်ကဲ့မျိုးပဲ။ လူရွယ်က သူ့ရှေ့တည့်တည့်က စခန်းမှူး စားပွဲကိုပဲ စိုက်ကြည့်နေတယ်။ စားပွဲပေါ်မှာ ဖိုင်တွဲတွေနဲ့ ရှုပ်ပွနေပြီး ဆေးလိပ်ပြာခွက်တစ်ခွက် ကလည်း စားပွဲထောင့်စွန်းနားမှာ ပြုတ်ကျမတတ် တည်းတည်းလေး တင်နေတယ်။
ဒီဒီလိုပါ။ ကျွန်တော် လူတစ်ယောက်ကို သတ်လိုက်မိပါတယ်။ လွန်လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပါ။
လူရွယ်ရဲ့အသံတွေကို သိသိသာသာကို တုန်ယင်နေတယ်။ စခန်းမှူးက မျက်ခုံးကိုတစ်ချက်ပင့်လိုက်ပြီးငါ့ညီနေတာက တို့ရဲစခန်းအပိုင်လားလို့ မေးလိုက်တယ်။
ဟုတ်ပါတယ်။ ကျွန်တော်နေတာက (……)ပါလို့ ပြောပြီး သက်ပြင်းတစ်ချက်ဝှူးခနဲ မှုတ်ထုတ်လိုက်တယ်။
ဟာတို့အပိုင်ပဲ။ လွန်ခဲ့တဲ့တစ်ပတ်က လူသတ်မှုဖြစ်တယ်လို့လည်း တို့မကြားမိပါလား။
ဟုတ်ဟုတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ ဘေးအိမ်က ဒေါ်…… ကားတိုက်ခံရပြီး သေသွားတဲ့ အမှုပါ။ ပွဲချင်းပြီးသေတာပါ။
စခန်းမှူးဟာ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး စဉ်းစားနေတယ်။ တစ်ပတ်အတွင်း ကားတိုက်လို့ လူသေမှု တစ်မှုထက် မကခဲ့ဘူးဆိုတော့ သူမနည်းပြန်စဉ်းစားနေရတယ်။ အဲဒီမှာပဲ တာဝန်မှူးက ဘေးကနေ ဝင်ပြောလိုက်တယ်။
ဟုတ်ပါတယ် ဆရာကျွန်တော်တို့စခန်းမှာ လူသေမှု သေမှုသေခင်းအမှတ် (…) နဲ့ အမှုဖွင့်ထားပါတယ်။ ပွဲချင်းပြီး သေပါတယ်။ ကားသမားကိုလည်း ကျွန်တော်တို့စခန်းမှာပဲ ချုပ်ပြီး လူသေစေရန်မဆင်မခြင် မောင်းနှင်မှုနဲ့ စွဲတင်ပြီးပါပြီ။ ခု ထောင်ထဲမှာပါ။ သေသူမိသားစုနဲ့လျော်ကြေးညှိပြီး ကြေအေးပေးမယ်လို့ ပြောထားပါတယ်။ အမှုကိုလည်း ရုပ်သိမ်းဖို့ရှိပါတယ်။
စခန်းမှူးက တာဝန်မှူးပြောတာတွေကို သေချာနားထောင်ပြီးမှ ဟိုလူရွယ်ဘက်ကို မျက်လုံးတွေပြန်လွှဲလိုက် တယ်။ ကားတိုက်တယ်၊ လူသေတယ်။ ကားသမားနဲ့ သေသူနဲ့ ဘာရန်ငြိုးရန်စမှမရှိဘူး။ အခု အမှုကြေအေးဖို့ လုပ်ထားတယ်။ ဒီအချိန်မှာ ဒီလူက ဘာဝင်ရှုပ်တာလဲ၊ ဘယ်သူက ဘယ်သူ့ကို သတ်တာလဲ။ သူနားမလည်ဘူး။ သက်သက်အလုပ်ရှုပ်အောင် လာလုပ်တာလား။
အဲဒီ ကားတိုက်မှုနဲ့ ခင်ဗျားနဲ့ဘယ်လိုပတ်သက်လို့လဲ။ ခင်ဗျားက ကားသမားကို ငွေပေးပြီး တိုက်သတ်ခိုင်း တာလား။
လူရွယ်က ခေါင်းကို အမြန်ကြီးလည်းမဟုတ်၊ နှေးနှေးလေးလည်းမဟုတ်တဲ့ နှုန်းနဲ့ ခါလိုက်ပြီးမဟုတ်ပါဘူး ဆရာ….ကားသမားနဲ့ ကျွန်တော်နဲ့ မသိပါဘူးလို့ ပုံမှန်သံနဲ့ ပြန်ပြောလိုက်တယ်။ စခန်းမှူးမျက်နှာမှာ စိတ်ရှုပ်တဲ့ အရိပ်အယောင်တွေ ပိုပေါ်လွင်လာတယ်။ သတ်မှတ်မှုခင်းအရေအတွက် မပြည့်မီလို့ မနက်က အစည်းအဝေးမှာ အထက်က ထောင်းလိုက်တဲ့ဒဏ်ကြောင့် ညစ်ညူးရတဲ့အထဲ သည်သူငယ်ဟာ သူ့ကို သက်သက် လာစနေသလိုပဲ။
အင် ဟင်အဲဒီတော့…”
ဒီလိုပါ စခန်းမှူးကျွန်တော်နဲ့ အဲဒီ သေသွားတဲ့ ဒေါ် (…) တို့က အိမ်နီးချင်းတွေပါ။ သူက လုံးချင်းအိမ်၊ ကျွန်တော်က ဘေးကပ်လျက် ကန်ထရိုက်တိုက် အပေါ်ဆုံးထပ်ကပါ။ အဲဒီ အမျိုးသမီးကြီး က အပေါက်ဆိုး ပါတယ်၊ အပျိုကြီးလည်း အပျိုကြီးပါ။ စွာလည်းစွာပါတယ်။ ရိုင်းလည်း ရိုင်းပါတယ်။ တစ်ရပ်ကွက်လုံး နဲ့လည်း ဘယ်သူနဲ့မှ မတည့်ပါဘူး။ အိမ်တစ်အိမ် အညှော်လုပ်လည်း သူက ခုနစ်သံချီပြီး ကလော်တုပ်တယ်။ ကျွန်တော်တို့ ဘေးတိုက်က လှမ်းထားတဲ့ အဝတ်အစားတွေ လေတိုက်လို့ သူ့ခြံထဲပြုတ် ကျ၊ လွင့်ကျလို့ သွားကောက်ရင် ဆူလိုက်မာန်လိုက်တာ မနည်းပါပဲ။ လမ်းထဲက ကားတွေ သူ့အိမ်ရှေ့ သွားရပ်မိရင်လည်း တစ်ချက်မှ မကြိုက်ဘူး ဆရာ။ ပြောလွှတ်တာမှ။ ဒါတောင် သူ့မှာ ကားရှိတာမဟုတ်ပါဘူး။ စကားပြောလည်း စီးစီးပိုးပိုး။ ဈေးဝယ်လည်း စီးစီးပိုးပိုးမို့ ရပ်ကွက်က သူ့ကို အော့ကြောလန်ပါတယ်ဆရာ။
လူရွယ်က ပြောတာရပ်လိုက်ပြီး တံတွေးတစ်ချက် မျိုချလိုက်တယ်။ ခုနကနဲ့ယှဉ်ရင် သူ့ပုံစံက ပိုတည်ငြိမ်လာ တယ်။ စခန်းမှူးဟာ ခုနက ညစ်နေတဲ့စိတ်တွေ လျော့ပါးသွားပြီး စိတ်ကောင်းနည်းနည်း ပြန်ဝင်လာတာ ကြောင့် သူ့ညီအရွယ် လူရွယ်ကိုစီးကရက်တစ်လိပ်လှမ်းပေးလိုက်တယ်။ သူက ကျေးဇူးစကားဆို၊ လှမ်းယူပြီး မီးညှိလိုက်တယ်။ တစ်ချက်ရှိုက်အပြီးမှာ စီးကရက် ခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး မျက်နှာကျက်ကို မော့ကြည့်လိုက်တယ်။ အဲဒီအချိန်မှာ မီးပြန်လာ တဲ့အတွက် မျက်နှာကျက် ပန်ကာ ပြန်လည်လာပြီး အခန်းထဲ အပူဒဏ်ကနေ နည်းနည်းသက်သာသွားသလို ရှိတယ်။
သူနဲ့ ကျွန်တော်နဲ့ အကြီးအကျယ် တစ်ခါစကားများဖူးတယ်။ ကျွန်တော်တို့မွေးထားတဲ့ ကြောင်လေး ပျောက်သွားလို့ လိုက်ရှာတုန်းကပါ။ ကြောင်က သူတို့ခြံထဲမှာ ကြောင်မ,နဲ့တွေ့နေတော့ အိမ်ပြန်မလာဘူး ဆရာ။ အဲဒါ သူတို့ အိမ်ဝင်းရှေ့ရပ်ပြီး ကြောင်ကိုပြန်ခေါ်တော့ သူက ဒေါင်းတင်မောင်းတင်နဲ့ထွက်လာပြီးကိုယ့်ကြောင် ကိုယ် သေချာထိန်းထား၊ ငါတို့အိမ်ထဲ မလာစေနဲ့ဘာညာနဲ့ ပြောတော့တာပဲ။ ကျွန်တော် လည်းအန်တီရယ်၊ ဘယ်သူက တမင်လွှတ်ထားလို့လဲ၊ သူ့ဟာသူ အထီးသဘာဝ အမရှိရာသွားတာပါပဲလို့ ကောင်းကောင်းမွန်မွန် ပြန်ပြောတာကိုပဲ အလုပ်ရှုပ်တယ်၊ ညညနားငြီးတယ်နဲ့ ပွမ်တာ ပွမ်တာ။ ကျွန်တော် လည်း ဒေါတော်တော်ပွပြီး သူ့ကို မပြောစဖူး တော်တော် မာမာထန်ထန် ပြန်ပြောပစ်လိုက်တယ်။ ခင်ဗျားက အပျိုကြီးဆိုတော့ အထီးအမသဘာဝတွေ ဘယ်နားလည်မလဲလို့လည်း ပြန်တွတ်လိုက်သေးတယ်။ သူလည်း ကျွန်တော့် ကလော်တုပ်တာပဲ။ အဲဒီ နောက်ပိုင်း လမ်းတွေ့တောင် မျက်နှာချင်းမဆိုင်ဘူး။ အမြင်ကတ်လွန်းလို့ ပါဆရာ။  လူဖြစ်ပြီး ဒီလောက် လူမှုရေးခေါင်းပါးတဲ့ အတ္တဘောကြီးဆိုပြီး တော်တော်ကို မေတ္တာတုံး တာပါ။
သူက စီးကရက်ကို နောက်တစ်ချက် ခပ်ရှည်ရှည်ဖွာလိုက်တယ်။ နွေနေ့လယ်ခင်း မှာ တစ်ချက်ဝှေ့လိုက်တဲ့ လေပူကြောင့် ဖုန်တွေ၊ သစ်ရွက်ခြောက်တွေလေထဲ ထလို့။ သူက စားပွဲမျက်နှာပြင်ကိုတစ်ချက်ငုံ့ကြည့် လိုက်ပြီးမှ ဆက်ပြောတယ်။
အဲဒီနေ့က ကျွန်တော်လည်း အပြင်က ပြန်အလာ ကားမှတ်တိုင်မှာ ဘတ်စ်ကားပေါ်က အဆင်း။ သူက ကျွန်တော့်ရှေ့က ငေါ့တော့ငေါ့တော့နဲ့ သွားနေတာ။ အဘွားကြီးက ဈေးကပြန်လာတာနဲ့ တူတယ်။ ဈေးခြင်းတောင်းကို လက်တစ်ဖက်ချိတ်လို့။ ကျန်လက်တစ်ဖက်က ဖုန်းပြောရင်းပေါ့။ သူပြောတာတွေ အကုန်ကြားရတယ်။ အတင်းပြောနေတာဗျ။အမယ်လမ်းသွားရင်းတောင် အတင်းက ချသေးဆိုပြီး သူ့ကို နောက်ကနေ ဖနောင့်နဲ့ ပေါက်ချင်တာမှဗျာ အရမ်းပဲ။ နဂိုကမှကြည့် မရသူ မဟုတ်လား။ ကိုယ့်အမေ အရွယ်ဖြစ်နေလို့ပေါ့။ သူရော ကျွန်တော်ရော ဟိုဘက်လမ်းကူးမှ ကျွန်တော်တို့ ရပ်ကွက်ထဲ ပြန်ရောက်မှာ ဆရာ။ အဲဒီမှာ သူက ကားကိုသေချာမကြည့်ဘဲ ဟိုဘက်လမ်းကူးဖို့ လုပ်တာ မြင်လိုက်တယ်။ ကျွန်တော် တစ်ချက် လှမ်းကြည့်လိုက်တော့ အခု သူ့ကိုတိုက်သွားတဲ့ ကားက အရှိန်နဲ့လာနေတာ။ သူက ဆတ်ခနဲ ကူးသွားတယ်။
အဲဒီမှာ ခင်ဗျားက သူ့ကို ပိတ်တွန်းလိုက်တယ် ဆိုပါတော့…”
အမှုတိုင်ချက်လက်ခံရေးသွင်းတဲ့ စာအုပ်ထဲမှာ လူရွယ်ပြောသမျှကို လိုက်မှတ်နေတဲ့ ငြိမ်နေတဲ့ တာဝန်မှူးက ဘေးကနေ ဝင်ထောက်တယ်။ လူရွယ်က သူ့ကိုခေါင်းစောင်းကြည့်ရုံ ကြည့်လိုက်ပြီးနိုးလို့ အင်္ဂလိပ်လို ပြောလိုက်တယ်။
ကျွန်တော် သူ့ကို မတွန်းပါဘူး။ ကျွန်တော် သူ့ကို ဒီအတိုင်း ကြည့်ရုံကြည့်နေလိုက်တာပါ…”
စခန်းမှူးရော၊ တာဝန်မှူးရော မျက်လုံးလေးတွေ အနည်းငယ် ပြူးကျယ်သွားကြပြီး သူ့ကိုသာ ငေးစိုက် ကြည့်နေကြတော့တယ်။ သူကတော့ နှုတ်ခမ်းဝမှာ စီးကရက်ကို တစ်ချက်ပြန်တပ်လိုက်ပြီး ခပ်ပြင်းပြင်း တစ်ချက် ပြန်ရှိုက်လိုက်ပြီး အငွေ့တွေကို မှုတ်ထုတ်လိုက်ပြန်တယ်။ အပေါ်ကပန်ကာမွှေ့တဲ့အရှိန်ကြောင့် ဆေးလိပ်ငွေ့တွေဟာ ဆောင့်ခနဲဆောင့်ခနဲ ဟိုဘက်ဒီဘက် ရှဲသွားတယ်။
အဲဒါပါပဲ ဆရာတို့။ ကျွန်တော်ဟာ ကိုယ့်ရှေ့မှာ လူတစ်ယောက် ကားတိုက်ခံရတော့မှာ သိပါလျက်နဲ့ လှမ်းလည်း သတိမပေး၊ ဆွဲလည်း မဆွဲခဲ့မိတဲ့ အပြစ်ကို ကျူးလွန်ခဲ့ပါတယ်။ ကျွန်တော်နဲ့ သူနဲ့ နီးနီးလေးပါ။ ကျွန်တော်သူ့ကိုဆွဲမယ်ဆိုမီပါတယ်။ ကျွန်တော် သူ့ကိုမုန်းတဲ့စိတ်နဲ့ ဘာမှမလုပ်ဘဲနေခဲ့မိတဲ့ အပြစ်နဲ့ ကျွန်တော့်ကိုဖမ်းကြပါ။
သူ့လက်ထဲက စီးကရက်ဟာ ဖင်ထိရောက်အောင် တိုသွားပြီမို့ သူက ပြာခွက်ထဲမှာ ဖိချေလိုက်တယ်။ သူ့ မျက်လုံးတွေက ရှေ့ကိုကြည့်နေပေမယ့် ဘာမှ မမြင်သလိုပဲ။ စခန်းမှူးနဲ့ တာဝန်မှူးတို့ဟာ မျက်လုံးချင်း တစ်ချက် ဆုံလိုက်ကြပြီး သက်ပြင်းကိုယ်စီမှုတ်ထုတ်လိုက်တယ်။ တစ်အောင့်ကြာမှ စခန်းမှူးက ပြောတယ်။
ဒီမယ် ငါ့ညီ။ မင်းကိုငါတို့အရေးယူလို့မရလောက်ဘူးကွ။ မင်းက တိုက်သတ်တဲ့သူလည်း မဟုတ်ဘူး။ မင်းက ဘေးကနေ ဟုတ်လား တွန်းလိုက်တာလည်း မဟုတ်ဘူးဟုတ်လားမင်း တမင်ကြည့်နေလိုက် ပါတယ်ဆိုတာလည်း ငါတို့မှာ သက်သေမှမရှိတာ။
အဲဒီမှတ်တိုင်နားမှာ စီစီတီဗီလည်း ရှိပါတယ်။ မှတ်တမ်းကျန်ဦးမယ်ဆိုရင် အဲဒီ ဒေါ်အနားမှာ ကျွန်တော် တစ်လှမ်းလောက်အကွာမှာရှိနေတာ တွေ့မှာပါ။ ပြန်ကြည့်လို့ရပါတယ် စခန်းမှူး။
သူကသာ အားတက်သရောပြောနေပေမယ့် ရဲအရာရှိနှစ်ယောက်ဟာ မျက်နှာတွေကို တွန့်လိမ်ထားကြတယ်။ စခန်းမှူးက ခေါင်းကိုတဗျင်းဗျင်းနေအောင် ကုတ်လိုက်ပြီး -
စီစီတီဗီမှတ်တမ်းကလည်း တစ်ပတ်လောက်ကြာသွားရင် ရှိမရှိက မသေချာတော့ဘူးကွ။ ကျန်ဦးမယ်ပဲ ထားပါဦး။ မင်းကို ဘယ်သူက ဘာပြောနေလို့လဲ။ အဲဒီ သေသူရဲ့မိသားစုကရော မင်းကို ဘာလာပြောနေ လို့လဲ။ ပြီးတာ ပြီးပြီပဲ ငါ့ညီရာ။ သေတဲ့သူလည်း သေပြီ။ တကယ် တိုက်ခဲ့တဲ့ကားသမားကိုတောင် ဟိုဘက်က အမှုရုပ်သိမ်းဖို့တောင် လုပ်ပြီးမှကွာ။ ထားလိုက်စမ်းပါကွာ။
စခန်းမှူးရဲ့ အသံဟာ နည်းနည်းကြွပ်ဆတ်ဆတ်ဖြစ်လာတယ်။ ဒီ ပုလင်းဖင်မျက်မှန်နဲ့ လူရွယ်ဟာ စိတ်မှ မှန်ရဲ့လားလို့လည်း တွေးမိပြီး စိတ်ထဲကနေငကြောင်လို့ ရေရွတ်လိုက်တယ်။ တာဝန်မှူးကတော့ ဘေးကနေ ပြုံးစိစိလုပ်နေတာပဲ။
မထားနိုင်လို့ပေါ့ဆရာ။ ကျွန်တော် တစ်ပတ်လုံး အိပ်လို့မပျော်ဘူး။ အဘွားကြီး ကားတိုက်ခံရတာနဲ့ ကျွန်တော် ၁၉၉ ကိုလှမ်းဖုန်းဆက်ပြီး လူနာတင်ကားလွှတ်ပေးဖို့လှမ်းပြောတယ်။ သူ့ နာရေးမှာလည်း ကျွန်တော် ကာလသားတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ဝိုင်းလုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် လိပ်ပြာ မလုံလို့ပါ။ ကားသမားဟာ သတိချွတ်ယွင်းတဲ့ အပြစ်သာရှိပါတယ်။ သေစေလိုတဲ့စိတ် မရှိပါဘူး။ ကျွန်တော်ကတော့ အဘွားကြီးကို သေစေချင်ခဲ့တဲ့ စိတ်လည်း ရှိခဲ့သလို ပျက်ကွက်ခြင်းဖြင့်လည်း အပြစ်ရှိပါတယ်။ ကျွန်တော့်ကိုဖမ်းပြီး ရုံးတင်ဖို့သာ လုပ်ကြပါတော့။
လူရွယ်ဟာ ခေါင်းကို ငုံ့ထားလိုက်တယ်။ စခန်းမှူးဟာ သူ့ကို ငေးကြည့်နေပြီး ဘာပြောရမှန်းမသိအောင်ပဲ။ သူ့ရဲလုပ်သက်တစ်လျှောက်မှာ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒီသူငယ်ကို အမှုဖွင့်ရမယ်ဆိုရင်တောင် ဘာပုဒ်မတပ်ရမလဲဆိုတာ သူနဲ့ရင်းနှီးသမျှ ပုဒ်မတွေထဲမှာ ပြန်လှန်စဉ်းစားတာ ထွက်မလာဘူး။ ကြံရာမရဖြစ်နေတဲ့ စခန်းမှူးဟာ လူရွယ်ကို ခပ်တည်တည်ပဲ စိုက်ကြည့်ပြီး ပြောချလိုက်တယ်။
မင်းက စွဲပါဆိုတော့ မင်းကို ငါကဘာပုဒ်မ တပ်ရမှာတဲ့တုံး။ တပ်စရာပုဒ်မရှိလို့လား။
လူရွယ်က ခေါင်းကိုဆတ်ခနဲမော့လိုက်ပြီးရှိတာပေါ့ ဆရာ။ ပုဒ်မ ၁၀၉ လေ။ ရာဇသတ်ကြီး ပုဒ်မ ၁၀၉ အားပေးကူညီမှုလေ ဆရာ…”လို့ ခပ်သွက်သွက်ပဲ ပြန်ပြောလိုက်တယ်။ စခန်းမှူးက တာဝန်မှူးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး -
၁၀၉ ဆိုတာက ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီမှုပဲ။ ခက်တာက ဒီကိစ္စမှာ ကားသမားက အဘွားကြီးကို တမင်တိုက်သတ်တယ်၊ တိုက်သတ်မယ် ဆိုတာလည်း မင်းကသိတယ်၊ ကားလာနေတာကိုလည်း မြင်ရဲ့သားနဲ့ မပြောဘဲနေတယ်ဆိုမှ မင်းကိုဒီပုဒ်မက တပ်လို့ရမှာ ငါ့ညီရ။ ခုဟာက မတော်တဆ ဖြစ်တဲ့အမှု၊ မင်းက သူ့ကို ဆွဲလို့ရပါလျက် မဆွဲဘူးဆိုတာလည်း မင်းအပြောသက်သက်ပဲ။ စီစီတီဗီရှိတယ်ဆိုပေမယ့် … …”
မဟုတ်သေးဘူးဆရာ၊ ကျွန်တော် ရှေ့နေတွေကိုလှမ်းမေးကြည့်ပြီးပြီ။ ဒါဟာ လူသတ်မှုမဟုတ်ပေမဲ့ ပေါ့လျော့ခြင်းဖြင့် လူသေစေမှုဖြစ်မှာကို မတားဆီးမှုပါ ပုဒ်မ ၃၀၄/၁၀၉ ပါ။ လူတစ်ယောက်ဟာ မခိုင်ခံ့တဲ့ တံတားအစွန်းမှာ ရပ်နေမယ်၊ ဒါကိုမြင်တဲ့သူက အန္တရာယ်ရှိတယ်ဆိုတာ သတိမပေးဘူး။ ဒါကြောင့် ဟိုလူသေရတယ်ဆိုရင် သတိ မပေးတဲ့ သူမှာ ပျက်ကွက်တဲ့အပြစ်ရှိပါတယ်ဆရာ။ ရာဇသတ်ကြီး ပုဒ်မ ၁၀၇၊ ၁၀၈၊ ၁၀၉ တို့ကို ပြန်ဖတ်ကြည့်ပါဦး ဆရာ။
စခန်းမှူးဟာ သူ့ကိုဘုန်းကြီးစာချလုပ်တဲ့ လူရွယ်ကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားတယ်။ ဒီကောင် ဘာကောင်လဲ။ အလုပ်မရှိ ချစ်တီးခေါင်းသန်းရှာ။ သူ့ကို ဘယ်သူက အပြစ်တင်နေလို့လဲ။ ဘယ်သူကရော အဲဒိတုန်းက သူလှမ်းမဆွဲလိုက်တာကို သိနေလို့လဲ။ သူ့ရဲ့ ပျိုမျစ်နုနယ်တဲ့ အချိန်တွေကို အလကား ထောင်ထဲမှာ သွားဖြုန်းတီးချင်သေးလို့လား။ ဦးနှောက်ရော ကောင်းရဲ့လား။ သူတို့ကို သက်သက် အလုပ် ရှုပ်အောင် လာလုပ် နေတာလား။ စခန်းမှူးဟာ ရှေ့မှာချထားတဲ့ ဘောပင်ကို အမှတ်မဲ့ကိုင်ကြည့်နေပြီး စားပွဲကို တတောက်တောက် ခေါက်ရင်း စဉ်းစားခန်းဖွင့်နေတယ်။ တစ်အောင့် နေတော့မှ တာဝန်မှူး ဘက်ကိုလှည့်ပြီး ပြောလိုက်တယ်။
ဆရာ သူ့ကို အချုပ်ထဲခဏထည့်ထားလိုက်ပါ၊ ကျွန်တော် ဥပဒေအရာရှိဆီ လှမ်းဖုန်းဆက်ကြည့်လိုက် ဦးမယ်။
တာဝန်မှူးကဟုတ်ကဲ့ စခန်းမှူးလို့ တစ်ချက်ပြောပြီး ဟိုလူငယ်ကို လက်မောင်းကနေ ကိုင်ပြီး ခေါ်သွား တော့တယ်။ စခန်းမှူးဟာ စိတ်မသက်မသာနဲ့ပဲ လည်နေတဲ့ မျက်နှာကျက်ပန်ကာကို မော့ကြည့်လိုက်ပြီး ပါးစပ်ကနေငတုံး၊ ငကြောင်၊ သက်သက်အလုပ်ရှုပ်အောင် လာလုပ်တယ်၊ ပိုက်ဆံလည်း တစ်ပြားမှ ရမှာ မဟုတ်ဘူးလို့ ပွစိပွစိရေရွတ်ရင်းက ဥပဒေအရာရှိဆီ ဖုန်းကိုကောက်နှိပ်လိုက်တယ်။ ဖုန်းခွက်ကို နားမှာ ကပ်ရင်း ဟိုဘက်နဲ့ အပြန်အလှန်ပြောနေတဲ့ စခန်းမှူးရဲ့အကြည့်တွေဟာ ပြတင်းပေါက်ကနေတစ်ဆင့် အပြင် ကောင်းကင်ပြာပြာဆီကနေ မခွာဘူးဖြစ်နေလေရဲ့။ ပူလိုက်တဲ့နွေ။ မိုးရွာမယ့်အရိပ်အယောင် လေးတောင် မမြင်ရဘူး။ ကောင်းကင်ဟာ တိမ်မျှင်ဖြူဖြူဇာလွှာပါးအုပ်ထားတာကလွဲလို့ ကြည်လင်တောက်ပ လွန်းနေတယ်။
ဖုန်းပြောအပြီးမှာတော့ စခန်းမှူးရဲ့မျက်နှာဟာ လငပုပ်ဖမ်းခံရသလို ညိုမည်းမှောင်ကျသွားတာပဲ။ ဥပဒေအရာရှိနဲ့ တရားသူကြီးတို့ရဲ့မျက်နှာတွေကိုလည်း သူမြင်ယောင်လာပြီး စိတ်ဓာတ်ကျသွားတယ်။ သူတော့ မျက်နှာ ရတော့မှာ မဟုတ်ဘူးလို့တွေးမိပြီး ဟိုသူငယ်ကိုသာ ကျိန်ဆဲနေတော့တာပဲ။ ဘယ်လို နားချရမယ် မှန်းလည်း မသိဘူး။တုံးလိုက်တဲ့ကောင်၊ အလိုက်တဲ့ကောင်၊ သောက်ရူး၊ ကိုယ့်ဟာကိုယ် နေလိုက်လည်း ရရဲ့သားနဲ့လို့သာ ရေရွတ်ရင်းနဲ့ မဖတ်ရသေးတဲ့ ဒီနေ့ထုတ် သတင်းစာကို ကောက်လှန် လိုက်တယ်။ သူ့စိတ်ထဲ သိပ် မကြည်တာနဲ့ သတင်းတွေကို ခေါင်းစဉ်လောက်ပဲဖတ်ပြီး အမြန်အမြန် ကျော်ဖတ်ပစ်လိုက်တယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဧည့်သည်တော်ဝန်ကြီးချုပ်နှင့်တွေ့
နိုင်ငံစီးပွားရေး ပထမလေးလပတ်အတွင်း တန့်နေ
ညဘက်အမှောင်ထဲ လမ်းလျှောက်လာသူ ပလက်ဖောင်းအပေါက်ထဲ ကျွံကျ၍ ဆေးရုံတက်ရ
လမ်းပြောင်းပြန် ဘတ်စ်ကား ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ဦးသေ၊ ဦးဒဏ်ရာရ
အထည်ချုပ်စက်ရုံမတော်တဆမှုမှ လျော်ကြေးမရသည့် အလုပ်သမားအတွက် ထိုင်သပိတ်မှောက်၊
… …
… …
နိုင်ငံတကာသတင်းစာမျက်နှာ ရောက်တော့ စခန်းမှူးဟာ သတင်းတစ်ပုဒ်ကို စိတ်ဝင်စားသွားပြီး အဆုံးထိဖတ်လိုက်တယ်။
အမေရိကန်နိုင်ငံ၊ လော့ဆန်းဂျလိစ်မြို့တွင် ပြီးခဲ့သည့်နှစ်က တိရစ္ဆာန်ဆေးကုဆရာဝန်၏ မေ့ဆေးအပေး လွန်မှုကြောင့် သေဆုံးခဲ့ရသည်ဆိုသော ခွေး၏ပိုင်ရှင်လင်မယားက ဆရာဝန်ကို ပေါ့ဆမှု၊ ပျက်ကွက်မှုဖြင့် တရားစွဲသည့်အမှုတွင် တရားရုံးက တရားလိုကိုအနိုင်ပေးလိုက်ပြီး လျော်ကြေား ဒေါ်လာ (…) ပေးစေရန် အမိန့်ချလိုက်သည်။
စခန်းမှူးရဲ့နှုတ်ခမ်းထောင့်စွန်းတွေဟာ ကွေးကွေးလေးဖြစ်သွားတယ်။တော်တော်ဆိုးတဲ့လူတွေလို့ တစ်ချက် ရေရွတ်လိုက်ပြီး သတင်းစာခေါက်ကို စားပွဲပေါ် ဖုတ်ခနဲပစ်ချလိုက်တယ်။ ခဏနေရင် စခန်းထဲက အရာရှိတွေနဲ့ အစည်းအဝေးထိုင်ရဦးမယ်။ ခု လောလောဆယ်တော့ လက်ဖက်ရည်သောက်ချိန်ရောက်ပြီ။ တပ်သားတစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး လက်ဖက်ရည် ဝယ်ခိုင်းလိုက်တယ်။ တပ်သားလေး အပြင်ရောက်မှ တစ်ခုခုကိုသတိရသွားပြီး အခန်းထဲ တစ်ခေါက်ပြန်ခေါ်လိုက်တယ်။
ဟေ့ကောင် အချုပ်ထဲက ဟိုသောက်ရူးအတွက်ပါ တစ်ခွက်ပိုဝယ်ခဲ့ကွာ။ ရော့၊ ပိုက်ဆံ…”

'ချင်းတွင်း'မဂ္ဂဇင်း၊ အမှတ် (၈၇) ၂၀၁၉ ဇန်နဝါရီလ။


ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...