Skip to main content

သီတင်းကျွတ်ပြီ မီးပုံးလွှတ်စို့

ဓာတ်ပုံ - ကိုကိုဝင်း (Panoramio.com)
ဝဿန့်လက်ကျန် တိမ်ပုပ်တို့ပင် မကုန်ချင်သေး၊ ကလေးတို့က တဖြောင်းဖြောင်း တဒိုင်းဒိုင်း  ဗျာက်သံတညံညံဖြင့် သီတင်းကျွတ်ကို ကြိုဆိုကြပြီ။ မိုးကလေးတိတ် သည်နှင့် တွင်းအောင်းရာက ထွက်လာကြသည့် ပုရစ်လေးများလို အိမ်နီးချင်း ပုစုခရုတို့ကလည်း မိုးစဲသည်နှင့် အိမ်ပြင်ထွက်လို့  သီတင်းကျွတ်ကို ရင်ခုန်နှင့်ပြီ။

ကောင်းကင်တွင် တော်သလင်းကြွင်း ဖိုးလမင်းက  ပြည့်ဝန်းဖို့ အတော်လိုသေး၏။ အာသဝဏီ နက္ခတ်ကလည်း ပုံသဏ္ဌာန်မမှန်လှသေး။ ဗျောက် တဒိုင်းဒိုင်း၊ မီးပုံးတကိုင်ကိုင် လုပ်နေကြသည့် အိမ်နားက ကလေးတစ်သိုက်ကို ကြည့်ရင်း ကျွန်တော့်စိတ်သည် လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်သို့ ပြန်ရောက်သွားပါသည်။ ထိုစဉ်က ကျွန်တော်သည်လည်း သူတို့လိုပင် သီတင်းကျွတ်ကို ရင်ခုန်ခဲ့သည် မဟုတ်ပါလား။

မြန်မာ ၁၂ လရာသီပွဲများအနက် သင်္ကြန်ပွဲတော်ပြီးလျှင် သီတင်းကျွတ်ပွဲတော်သည် ပျော်စရာအကောင်းဆုံး။ ဒါတောင် ပြောရလျှင် ယနေ့ခေတ် သီတင်းကျွတ်သည် ဟိုတုန်းကလောက် ပျော်စရာမကောင်းတော့။ ခုခေတ်ကလေးတို့မှာ အားရပါးရ မပျော်ရရှာဟု ကျွန်တော်တွေးမိသည်။

ပထမအစမ်းစာမေးပွဲနောက်ဆုံးနေ့သည် ကျွန်တော်တို့အတွက် သီတင်းကျွတ်အပျော်ကာလ၏ အစခရီးဖြစ် သည်။ စာမေးပွဲချိန်စေ့လို့ ခေါင်းလောင်းတီးသည်နှင့် ဇောင်းက လွှတ်သည့်မြင်းတွေလို ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် လွှတ်ကဲတော့သည်။ သီတင်းကျွတ်ကျောင်းပိတ်ရက်က စပြီကိုး။ ကျောင်းပိတ်ရက်က ရှည်လှသည်တော့မဟုတ်၊ အလွန်ဆုံးမှ ၈ ရက်၊ ၉ ရက်။ ဒါပေမယ့်တိုတောင်းသဖြင့်လည်း ထိုပိတ်ရက်ကို တန်ဖိုးထားရသည်။

သီတင်းကျွတ်လပြည့်နား နီးကပ်လာလေ ရပ်ထဲရွာထဲ ဗျောက်အိုးသံ၊ မီးရှူးမီးပန်းဖောက်သံတို့က ပိုညံလာလေ။ ကျွန်တော်က ဗျောက်အိုးကိုတော့ သိပ်မကြိုက်လှ။ အသံက ကျယ်လွန်းသည့်အပြင် မတော်တဆဆို ကိုယ့်နားပါ ထိခိုက်နိုင်သည်။ လူကြီးတွေကလည်း ဗျောက်အိုးဖောက်လျှင် ဆူကြ၊ ဆဲကြ၊ အော်ကြနှင့်ဆိုတော့ ဗျောက်ကိုရှောင်တာ များသည်။ ကျွန်တော့်အကြိုက်ဆုံးက မိုးပေါ်ကို ဒုံးပျံလွတ်သလို လွှတ်ရသည့် မီးရှူး။

ကျွန်တော်ငယ်ငယ်က နိုင်ငံခြား တိုင်းပြည်များ အာကာသဂြိုဟ်တုလွှတ်တင်သည့် သတင်းကို အထူးစိတ်ဝင် စားသည်မို့လားမသိ၊ မီးရှူးလွှတ်ရသည်ကို အတော်ကိုကြိုက်၏။ တီဗီထဲ ရှည်ရှည်မျောမျောဒုံးပျံကြီး မီးခိုးလုံးများထဲမှ ကောင်းကင်သို့မြင့်တက်သွားသလို ကိုယ်လွှတ်လိုက်သည့် မီးရှူး မိုးကောင်းကင်ပေါ် တက်သွားပြီး မိုးပေါ်ရောက်တော့ 'ဒိုင်း'ဆိုသည့်အသံနှင့်အတူ ပေါက်သွားတာကို သဘောအလွန် ကျမှကျ။ သီတင်းကျွတ်တာနှင့် အရင်ဆုံးဝယ်တာက မီးရှူး။ ဒါပေမဲ့ မီးရှူးနှင့် ကျွန်တော်က သိပ်အကျိုးမပေးပါ။

ပထမဆုံးအကြိမ် မီးရှူးဝယ်ပေးဖို့ အတင်းပူဆာပြီး ဝယ်လာသည့်ညက ရှိသမျှလူအကုန်မနေရအောင် ခေါ်ပြီး ကျွန်တော့်ဒုံးပျံ အာကာသထဲလွှတ်တာကို ကြည့်ရှုအားပေးခိုင်းသည်။ သို့သော် ဖြစ်ချင်တော့ မီးရှူးအောက်က တိုင်စိုက်သည့် မြေက အမာဖြစ်နေတော့ မီးရှူးခမျာ မရုန်းနိုင်ဘဲ မြေပေါ်မှာသာ တရှူးရှူးနှင့် မီးပွားတွေ မှုတ်ထုတ်ရင်း ပြီးသွားပါသည်။ မကျေနပ်သေး။ နောက်တစ်နေ့ တစ်ခု ထပ်ဝယ်ပြန်သည်။ ဒါပေမဲ့ မလွှတ်ခင်မှာ မိုးက တအားရွာနေတော့ ယမ်းကအစိုဓာတ်ဝင်ပြီး မီးမကူးတော့။ ထို့နောက်ပိုင်း ကိုယ်တိုင် မီးရှူးလွှတ်ဖို့စိတ်မကူးတော့။ သူများတကာ လွှတ်တာကိုပဲ ငေးကြည့် တော့သည်။

မီးရှူးလိုပင် ကြိုက်သည့်နောက် တစ်မျိုးက အမွှေးတိုင်နှင့်တူသည့် မီးရှို့လိုက်လျှင် တဖြစ်ဖြစ်အသံနှင့် အတူ လက်ထဲတွင် ဝှေ့ယမ်းကစားရ သည့် မီးပန်းမျိုးနှင့် နောက်တစ်မျိုးက ငွေရောင် သတ္တုတုံး အသေးလေးများ ကို ထိပ်တွင်ကြိုးနှင့်ပတ်ထားပြီး တအောင့်လောက်ကြာအောင် မီးရှို့ပြီး ရဲလာသည်အထိ စောင့်ရသည့် မာကျူရီ ခေါ် မီးပန်းမျိုး။

အဲသည် ဒုတိယတစ်မျိုးက ဘာရယ်ကြောင့်မသိ။ မီးအပူပေးထားသည့် ထိပ်ကသတ္တုခဲကလေးများ နီရဲလာပြီ ဆိုလျှင် အတော်စိတ်လှုပ်ရှားစရာ ကောင်းသည်။ တချို့က နီနီရဲရဲမီးကျီးခဲ ကလေးများကို ဇယ်တောက်သလို တောက်ကစား၏။ တချို့ကဖိနပ်ဖြင့်ရိုက်၏။ တချို့ အစအနောက် သန်သူများက ကြောက်တတ်သူများကို လိုက် တို့မည်ပြုပြီး ထွက်ပြေးကြသူများကို ကြည့်ရှုရယ်မောကြသည်။

ကျွန်တော်ကတော့ အဆန်းထွင်ပြန် သည်။ တစ်နေ့တော့ အိမ်ရှေ့မှာ မာကျူရီကို မီးအပူပေးပြီး ရဲလာတော့ လက်ထဲ ဝှေ့ယမ်းပြီးကြည့်၏။ ထိပ်က မီးကျီးခဲကလေးက အောက်သို့ကြွေအကျ၊ ကျွန်တော့်ခြေထောက်က လည်း တည့်တည့် နင်းမိလျက်သား ဖြစ်သွားပါသည်။ ပူလွန်းသဖြင့် ကျွန်တော့်အော်သံက ဘဝဂ်ထိအောင် ညံသလား ထင်ရသည်။ အမေက အနာကို ဆေးထည့်ပေးရင်း “အဲဒါ ဝှေ့ရယမ်းရတဲ့ မီးပန်းမျိုး မဟုတ်ဘူးဟဲ့” ဟု ဆိုရင်း ခေါင်းကို ခေါက်သည်။ ကျွန်တော်မှာတော့ ငိုမဲ့မဲ့။

ယနေ့တွင် သီတင်းကျွတ်၌ ပွဲဈေး တန်းများ၊ ကစားကွင်းများ၊ ပွဲလမ်း သဘင်များက သိပ်မစည်တော့။ လွန်ခဲ့ သည့် အနှစ် ၂ဝ ကျော်က ပွဲဈေးတန်းလျှောက်ရင်း ရွှေကြည်ဆနွင်းမကင်းတို့၊ ကောက်ညင်း ကျည်တောက်တို့၊ ရေမုန့်တို့ စသည့် ရာသီစာတွေ စား၊ ချားရဟတ်တွေစီး၊ အငြိမ့်တို့၊ ဇာတ်တို့ ကြည့်ရ သည့် အရသာကို မမေ့သေး။ လူတွေ ကျိတ်ကျိတ်တိုးနေသည့် လမ်းမထက် ဘီးတပ်ထားပြီး အထဲမှာ ဖယောင်းတိုင်ထွန်းရသည့် မြန်မာရိုးရာမီးပုံးလေးတွေကို တွန်းပြီးသွားရင်း ထွက်လာသည့် မြည်သံကို နားထောင်ရတာက တစ်မျိုးချစ်စရာ။ ဗန္ဓုလဦးထုပ်ဟု ခါ်သည့် ရှေးခေတ် စစ်သည်တို့ ဆောင်းသည့် မောက်တို၊ မောက်ရှည်တွေကလည်း ဆောင်းလိုက်သေးသည်။ ဝါးဖြင့် လုပ်ထားသည့် ရှေးခေတ်ပုံစံ ဓားတို့၊ လှံတို့ကိုလည်း တစ်ကိုင်ကိုင်။ ဒီနေ့တော့ မြန်မာမီးပုံးများ နေရာတွင် တရုတ်ဖြစ် မီးပုံးများက အစားထိုး ဝင်ရောက်လာကြသလို ဗန္ဓုလဦးထုပ်နေရာမှာ ကျန်ကျောင်းဦးထုပ်တို့၊ ကျန်ကျောင်းဓားတို့က ရောက်လာ သည်။ ရိုးရာ ကစားစရာတွေ ကိုင်တာလည်း သိပ်မတွေ့တော့။

ကျွန်တော်က အမြင့်ကိုတက်တက် သွားရတာကို အတော်ကြိုက်ပုံရသည်။ မီးရှူးလွှတ်တာကြိုက်သလို ရဟတ်မြင်ရင်လည်း မစီးရမနေနိုင်။ လေထဲကို မြောက်မြောက်တက်သွားပြီး ပြန်အကျမှာ ရင်ထဲ အေးကနဲ ဖြစ်သွားသည့် ခံစားမှုက စကားလုံးဖြင့် ဖော်ပြလို့မရ။ စိတ်ထဲမတော့ တစ်ပတ်ပြီးတစ်ပတ် လှည့်နေသည့် ရဟတ်သည် စီးနေရင်းမှာပဲ ပိုပိုပြီးကြီးကြီးသွားသလိုလို၊ ပိုပြီး အမြင့်သို့ ရောက်ရောက်သွားသလိုလို။

သီတင်းကျွတ်ပြီဆိုလျှင်ဖြင့် ကျွန်တော့်မှာ လက်ဖဝါးယားလှပြီ။ လူကြီးတွေကိုကန်တော့ချင် လွန်းလို့တော့ မဟုတ်၊ လူကြီးများချီးမြှင့်သည့် မုန့်ဖိုးလေးများကို မက်၍သာ။ ထိုစဉ်က မုန့်ဖိုးက ငါးမူး၊ တစ်ကျပ်။ လူကြီးတွေ ပတ်ကန်တော့လိုက်လို့ ငါးကျပ်လောက်ရပြီဆိုရင်ပဲ အတော်စီသွားပြီ။ ယခုတော့ သည်အရွယ်မှာ ဘယ်သူ့သွား ကန်တော့ ကန်တော့ မုန့်ဖိုးက မရတော့။ ကိုယ်ကပင် ကလေးတွေ လာဦးချလျှင် ပြန်ပေးရတဲ့ အလှည့်။ ခေတ်တွေလည်း ပြောင်းသွားပြီ။ သူတို့ကျတော့ ကိုယ့်တုန်းကလို ငါးမူး၊ တစ်ကျပ်မရတော့၊ အနည်းဆုံးတော့ ၅ဝဝ မျိုး၊ ၁,ဝဝဝ မျိုးမှ။

အိမ်နားက ကလေးတစ်သိုက် မီးပုံးပျံလွှတ်ဖို့ ပင်နေကြသည်။ မီးပုံးပျံကို မှိုင်းတိုက်ရင်း မှိုင်းဝမည့် အချိန်ကို စောင့်နေကြသည်။ အမြင့်တက်ရတာ သိပ်ကြိုက်သည့် ကျွန်တော်သည် ငယ်စဉ်က မီးပုံပျံလွှတ်တိုင်း လူပါလိုက်သွားချင်တတ်၏။ မီးပုံးပျံဦးကျော်ရင်ကို အားကျသူထဲ ကျွန်တော် တစ်ယောက် အပါအဝင်။

ငယ်စဉ်ကမူ သီတင်းကျွတ်တွင် လွှတ်သည့်မီးပုံပျံများသည် လပေါ်သို့ ရာက်သွားလိမ့်မည်ဟု အထင်ရှိခဲ့လေသည်။ စိတ်ကူးထဲတွင် မီးပုံပျံနှင့်အတူ လပေါ်သို့လည်း အကြိမ်ကြိမ်ရောက်ခဲ့ဖူးလေသည်။ မိုးပေါ်အမြင့်ကြီးမှနေ၍ ကမ္ဘာကြီးကို ပြန်ငုံ့ကြည့်ရသည့် မြင်ကွင်းသည် မည်သို့ရှိမည်နည်း။ သေချာတာကတော့ လူတွေသည် ပုရွက်ဆိတ်လောက် သေးသွားပြီး ပြားသယောင်ထင်ရသည့် ကမ္ဘာသည် လုံးဝန်းသွားလိမ့်မည်။

"ဦး မီးပုံးပျံလွှတ်ပေးပါ"

ကလေးတစ်ယောက် အသံကြောင့် ကျွန်တော်သတိဝင်လာမိသည်။ သူတို့နှင့်အတူ မီးပုံးပျံကို လွှတ်တင် ပေးရင်း ကျွန်တော်သည် အနှစ် ၂ဝ ကျော် ပြန်လည် ငယ်ရွယ်သွားလေသည်။ ထိုစဉ် အားလုံးကိုင်ထားသည့် မီးပုံးပျံသည် မှိုင်းဝသည်နှင့် တဖြည်းဖြည်းမြင့်တက် သွားလေသည်။ ကလေးများက 'ဝေး' ဟု အာ်ကြ၏။ ကျွန်တော်လည်း သူတို့နှင့် ရောယောင်လိုက်အော်မိသည်။

ကလေးများအော်တာက မီးပုံးပျံ အောင်မြင်စွာတက်သွားလို့ဖြစ်ပြီး ကျွန်တော် အော်တာကတော့ မီးပုံးပျံနှင့် အတူ မိုးပေါ်သို့ လိုက်ပါသွားသောကြောင့် ဖြစ်ပါသည်။

မြန်မာတိုင်း(မ်) အတွဲ ၂၇ ၊ အမှတ် ၅၃၈

Comments

  1. ၀သန်မဟုတ်ဘူးလား ... ခုတလော ဒါကိုပဲ ဿနဲ့ ပေါင်းပြီး ဿန်နေကြတာ တွေ့နေရတယ်။ သူများမှားတိုင်းတော့ လိုက်မမှားစေချင်ပါ ကိုဝေယံဘုန်းရှင့်

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။