Skip to main content

ကျကွဲသွားသောကြေးမုံပြင်တစ်ချပ်



ကျွန်တော်သည် ကျွန်တော့်ခြံထဲမှပန်းပင်များအား ကောင်းစွာပွင့်လန်းနိုင်ရန်အတွက် ပြုစုပျိုးထောင်ပေးလျက် ရှိပါသည်။ သို့မဟုတ် လူရည်ချွန်ဖြစ်ရန်အတွက် သားကောင်းများအား မြေတောင်မြှောက် ပေးကြသည်ကို မြင်တိုင်းလည်း ဝမ်းသာရသည်။ ပန်းပင်များအား မသမာသူတို့က ရေနွေးဖြင့် လောင်းသွားလျှင်တော့ စိတ်နှလုံး မသာမယာဖြစ်ရပါသည်။ ကျွန်တော့်အိမ်ရှေ့တွင် အလေ့ကျပေါက်သော မြက်ရိုင်းများရှိသည်။ သူတို့ကိုတော့ ပြုစုပျိုးထောင်ခြင်း၊ ပေါင်းသင် ရေလောင်းခြင်းမပြုပါ။ သို့ရာတွင် သူတို့ ကောင်းစွာသန်မာကြပါသည်။

ကျွန်တော့်အိမ်မျက်စောင်းထိုးရှိ ရပ်ကွက်လူကြီးဦးမျိုးချစ်တွင် ပေါ်ကြော့နေသည့် သားနှစ်ယောက်ရှိသည်။ ဦးမျိုးချစ်သည် သားနှစ်ယောက်ကို ဖြစ်စေချင်လွန်း၍ နိုင်ငံခြားလွှတ်ပြီး ပညာသင်စေသည်။ သို့သော် ထိုသားနှစ်ယောက်သည် သူတို့အဖေ မျှော်လင့်သလိုဖြစ်မလာဘဲ ခေတ်ရေစီးထဲ အလိုက်သင့်မျောပါသွားသည်။ ဦးမျိုးချစ်မိန်းမတွင် လက်ဝတ်ရတနာများ အစုံလိုက်ရှိ၏။ ပွဲလမ်းရှိရှိ မရှိရှိ ထိုမိန်းမကြီးသည် သူ့လက်ဝတ်ရတနာများကို ပြူးနေအောင်ထုတ်ဝတ်၍ ကြွားရသည်မှာအမော။ လူအများ ငမ်းငမ်းတက် မက်မောကြသည့် အရာများထဲတွင် ရတနာပစ္စည်းများပါသည်။ ၎င်းတို့ကိုငွေဖြင့် ဝယ်နိုင်သူကဝယ်၍ မဝယ်နိုင်သူက စာရိတ္တဖြင့်ဝယ်ကြသည်။ မျက်နှာချင်းဆိုင်ရှိ ဆောက်လက်စ တိုက်ရှေ့တွင် ကျောက်စရစ်ခဲလေးများ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေ၏။ ၎င်းတို့သည် တိုက်ဆောက်ရန် အတွက် ကွန်ကရစ်ဖျော်ရာတွင် အသုံးတည့်သော်လည်း လမ်းထဲရှိ ကလေးတစ်သိုက်က လွဲ၍ မည်သူမျှ စိတ်မဝင်စားကြ။

နေဝင်သွားပြီ။ ညသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျွန်တော်သည် ပျင်းပျင်းရှိသည်နှင့် ညဘက်တစ်ပတ် လမ်းလျှောက်ထွက်မိသည်။ နေ့အခါမှာတော့ လူအများဥဒဟိုသွားလာနေကြသော လမ်းမများသည် ဒင်္ဂါးပြားတစ်ချပ်၏ ခေါင်းနှင့်ပန်းဖြစ်၍ ကျွန်တော်သည် ရှပ်အင်္ကျီအဖြူကိုဝတ်ဆင်ကာ ပလက်ဖောင်းမင်းသားအဖြစ် ခံယူလေ့ရှိပါသည်။ ဝယ်သူနှင့်ခရီးသည်ကို အလုအယက်ခေါ်လေ့ရှိသော ဈေးသည်နှင့် ကားစပယ်ယာများသည် ကျွန်တော်၏ မိတ်ဆွေများ ဖြစ်သည်။ မှန်အလုံပိတ်၊ လေအေးစက်ဖွင့်ထားသော သီးခြားကမ္ဘာများသည် ခပ်နိမ့်နိမ့်သမုတ်ခံရသူများ အတွက် ရွှေခွက်များဖြစ်လေမလား။ အနူလက်များကတော့ နယူးယောက်မှ မစ္စလစ်ဘာတီကို ထုဆစ်နေကြသည်။

ထိုညတွင် လူရှင်းလှသည်။ မာကျူရီမီးလုံးများ၏အောက်ရှိ ပြန့်ပြူးသော ကတ္တရာလမ်းမထက် ကားတစ်စီးတလေ ခပ်မြန်မြန်ဖြတ်မောင်းသွားကြ၏။ တစ်ယောက်တည်းလမ်းလျှောက်လာသည့် ကျွန်တော့်ကို ကားတချို့က ပြက်ရယ်ပြုသကဲ့သို့ ဓာတ်တိုင်အောက်ခွေအိပ်နေသော ခွေးပိန်ကလေးကိုလည်း လှောင်ချင်လှောင်သွားကြပါသည်။ ခွေးပိန်ကလေးနှင့် ကျွန်တော်တို့ ပြိုင်တူရယ်မောလိုက်ကြသည်။ ပြူးကျယ်ကျယ် မျက်လုံးအစုံနှင့် ဇီးကွက်များ၏အစာတော့ ကျွန်တော်အဖြစ်မခံနိုင်။ ကျွန်တော့်ကိုယ်ကျွန်တော် စောင့်ရှောက်ရပေမည်။ ထို့ကြောင့် ကိုယ့်လမ်းကိုယ်ထွင်၍ အိမ်ပြန်အိပ်ရန်ဆုံးဖြတ်လိုက်သည်။ လမ်းမထက်တွင် ညဉ့်ငှက်ကလေးများက အစာရှာကြဆဲ။ “ဘာကြောင့် ညဘက်ကျမှ အပြင်ထွက်ရသလဲ”ဟု မေးလိုက်လျှင် “နေ့ထက်ညက အစာရှာရပိုလွယ်သည်”လို့များ မာဂဓစကားဖြင့် ဖြေကြလေမလား။ ဆလိုက်မီးများ လှုပ်ရှားနေသော ခန်းမများတွင်ထွက်ပေါ်နေသော တေးသွားအား အိပ်မောကျနေသော လူအများ၏ ဟောက်သံတို့က စည်းချက်လိုက်လျက်။

ညဉ့်နက်သော်လည်း လူငယ်တစ်သိုက် မအိပ်ကြသေး။ ခေါင်းစဉ်ပေါင်းစုံကို သူတို့ဆွေးနွေးနေကြသည်။ မော်ဒယ်အကြောင်း၊ ဖက်ရှင်အကြောင်း၊ ဘောလုံးပွဲအကြောင်း၊ အချစ်အကြောင်း စသည့် စသည့် အကြောင်းပေါင်းစုံပါသည်။ ကျွန်တော်ဆွေးနွေးချင်သည့် ခေါင်းစဉ်များကိုတော့ သူတို့စိတ်ဝင်စားလိမ့်မည် မဟုတ်ဟု ကျွန်တော်တပ်အပ်သိနေမိပါသည်။ ဤအချိန်တွင် ကျွန်တော့်အသိကိုငြိမ်းခင်တစ်ယောက် ဘာများလုပ်နေမလဲ။ သေချာတာကတော့ မျက်မှန်ထူထူကြီးတပ်ပြီး စာအုပ်တစ်အုပ်နှင့် အလုပ်ရှုပ်နေပါလိမ့်မည်။ အပေါစားအကြောင်းအရာများကို သူ စိတ်မဝင်စားပါ။ တစ်ခါတစ်ရံတော့ အချစ်အကြောင်းကို အဆိုပါကောင်လေးများပြောပုံနှင့်မတူ တစ်မူထူးခြားစွာ လေးလေးနက်နက် ပြောတတ်ပါသည်။

ရှေ့ဆက်လျှောက်လာတော့ အလှူပေးပွဲကြီးတစ်ခုကို တွေ့ရသည်။ ပြုံးစစမျက်နှာပေးနှင့် အလှူရှင်များက ဖုန်းတောင်းယာစကာများအား ရက်ရက်ရောရော အလှူပေးနေကြသည်မှာ သာဓုခေါ်စရာဖြစ်သည်။ ဒါနအကျိုးအလွန်ကြီးမားကြောင်း ကျွန်တော်ယုံကြည်လိုက်ပါသည်။ အလှူ့ရှင်များသည် လက်ငင်းဒိဋ္ဌအကျိုး ခံစားကြရသည်။ ကျွန်တော်လည်း အားကျမခံ အိတ်ကပ်ထဲမှ ရာတန်တစ်ရွက်ကို (ကိုယ်တတ်နိုင်သလောက်ပေါ့) အနီးဆုံးရှိ ယာစကာ၏ခွက်ထဲထည့်သည့်သကာလ အနှီပုဂ္ဂိုလ်သည် ကျွန်တော့်အား အယုတ္တအနတ္တများဖြင့် တိုင်းထွာဆဲရေးကာ တုတ်ကောက်နှင့်လိုက်ရိုက်ပါ၏။ ကျွန်တော်လည်း ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် နောက်ဖေးလမ်းကြားပါမကျန် ပြေးရသည်မှာ ငွေတွင်းရဖို့နေနေသာသာ အိမ်သာတွင်းထဲမကျသည်ပင် ကံကောင်းလှသည်ဟု ဆိုရမလိုပင် ဖြစ်ပါသည်။

ကျွန်တော်နားမလည်တော့ပါ။ ကျွန်တော် တတ်နိုင်သလောက် စွန့်ကြဲသည်ကို သူ ဘာကြောင့် ခါးခါးသီးသီး ငြင်းဆန်ရပါသနည်း။ သူဖုန်းစားကြီး၏လက်မှလွတ်အောင် မနည်းပြေးခဲ့ရပြီးသည့်နောက် ရှေ့နားဆီမှ ဆိုင်းသံ ဗုံသံကြားသဖြင့် ဇာတ်ပွဲတော့ရှိပြီဟု တွေးမိပါသည်။ ဝါသနာသည် ခြေထောက်နှစ်ချောင်းကို အသံကြားရာသို့ ဆွဲခေါ်ပါတော့သည်။ ပွဲကြည့်ပရိသတ်များလှသော ထိုဇာတ်ပွဲသည် ကျွန်တော့်ရင်ထဲ ဒွိဟအသစ်တို့ကို ပေါက်ဖွားစေခဲ့၏။ ဇာတ်ပွဲမှာ မဟောသဓာဇာတ်ဝတ္ထုထဲမှ ‘သိရီမန္တပြဿနာခန်း’ ကို တင်ဆက်နေခြင်းဖြစ်သည်။ ဇာတ်ဝင်ခန်းအတိုင်း မဟောသဓာနှင့် သေနကအမတ်ကြီးတို့ စကားစစ်ထိုးနေကြသည်။ တစ်ဖက်နှင့်တစ်ဖက် ငြင်းကြခုံကြရင်း နောက်ဆုံး မဟောသဓာ ရှုံးသွားပါသည်။

“ဟာ ... မဟုတ်ဘူး။ မဟုတ်ဘူးဗျ။ ခင်ဗျားတို့ မှားနေပြီ။ တကယ်က သေနကအမတ်ကြီးရှုံးတာ”

ထိတ်လန့်တကြား ထအော်သည့် ကျွန်တော့်ကို လူအုပ်ကြီးက အစိမ်းလိုက်ဝါးစားတော့မည့် ပုံစံမျိုးဖြင့် စိုက်ကြည့်လိုက်သည်မှာ တစ်ကိုယ်လုံး ကျုံ့ဝင်သွားသလားဟုပင် ထင်လိုက်ရသည်။ ကျွန်တော်လည်း ကြောင်ရှေ့ရောက်သည့် ကြွက်အလား အမြီးကိုအသာကုပ်၍ အသာ နောက်ပြန်ဆုတ်ခဲ့ရပါသည်။ ထိုအချိန်မှစ၍ ကျွန်တော့်မှတ်ဉာဏ်များသိမ်းထားသည့် ဦးနှောက်အခန်းကြီးတစ်ခုလုံး အမှားပြင်ဆင်ချက်များဖြင့် အလုပ်ရှုပ်ကုန်တော့သည်။ အမှားပြင်ဆင်ချက်ကား ‘မဟောသဓာသည် သေနက အမတ်ကိုအမြဲနိုင်ခဲ့သည် မှန်သော်လည်း ခြွင်းချက်အားဖြင့် သိရီမန္တပြဿနာခန်းမှာတော့ အရှုံးပေးခဲ့ရသည်’ ဟူ၍တည်း။

(မဟောသဓာဇာတ်တွင် သိရီမန္တပြဿနာခန်းသည် လောက၌ ပညာနှင့်ဥစ္စာ ဘယ်ဟာက ပိုမြတ်သလဲဆိုတာနှင့် ပတ်သက်ပြီး မဟောသဓာက ပညာကပိုမြတ်ကြောင်း၊ သေနကအမတ်ကြီးက ဥစ္စာက ပိုမြတ်ကြောင်း ဝိဒေဟရာဇ်မင်းကြီးအရှေ့တွင် စကားစစ်ထိုးကြသည့် အခန်းဖြစ်သည်။ စကားချပ်)

အတော်ကြာဆက်လျှောက်မိတော့ လူတစ်စုနှင့်သွားတွေ့၏။ အရုဏ်ကျင်းလင်းလုပြီ။ သူတို့ကတော့ လက်ကနာရီကိုကြည့်ပြီး ညသန်းခေါင်ဟုပြောသည်။ တစ်ဦးနှင့်တစ်ဦး အချိန်ချင်းမတူညီနိုင်ပါ။ သူတို့သည် လမ်းပိတ်နေသော ကျောက်တုံးတစ်တုံးကို ဝိုင်းဖယ်နေခြင်းဖြစ်၏။ အများစုကတော့ ဘာသိဘာသာပဲ ကွေ့ပတ်ရှောင်သွားကြသည်။ ကျွန်တော် ဝင်ကူညီသောအခါ လူအများ၏နှာခေါင်းရှုံ့ခြင်းကို ခံရပါသည်။ ကန္တာရသည် ပူပြင်းလှသည်။ အိုမာခယမ်ကတော့ သစ်တစ်ပင်ရိပ်အောင် ပေါင်မုန့်တစ်ချပ်၊ ဝိုင်တစ်ခွက်နှင့် ချစ်သူရှိလျှင် ကျေနပ်သည်ဟု ကဗျာစပ်ဖူးပါသည်။ ရွှေဘုံပေါ်မှာစံလာရသူအတွက် ရယ်စရာများဖြစ်လေမလား။ တောအုပ်တစ်ခုထဲတွင် ကျတ်တွင်းရေကို လုသောက်နေသူများရှိသလို ရေပူစမ်းတွင် သိက္ခာတရားကို ဆေးကြောနေသူများလည်း ရှိသည်။ တစ်သက်လုံး မွတ်သိပ်ခဲ့ရသူ အတွက်တော့ မုန့်အပဲ့တစ်ခုသည်လည်း တင်းတိမ်စရာ၊ တစ်သက်လုံး ခိုက်ခိုက်တုန်ခဲ့ရသူ အတွက်တော့ စောင်ပါးတစ်လွှာသည်လည်း အချမ်းပြေစရာ။ အိပ်မပျော်သော ညများသည် မဟာအဝီစိငရဲ၏ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်၏။ ထိုအခါများတွင် ကောသလမင်းကြီးသည် ကျွန်တော့်ကိုလာပြီး အဖော်ပြုတတ်သည်။ သူနှင့်ကျွန်တော် အိပ်မက်မက်တမ်း ပြိုင်ကြသည်။ သူ၏နာမည်ကျော် အိပ်မက် တစ်ဆယ့်ခြောက်ချက်နှင့် ကျွန်တော့်ရင်တွင်းဖြစ် အိပ်မက်တစ်ခုတို့ ရှုံးချည်တစ်ခါ နိုင်ချည်တစ်လှည့်နှင့် ပြီးဆုံးလေ့ရှိပါသည်။

အိပ်မက်တစ်ခုသည် ဆန္ဒ၏ခြေရာဖြစ်သည်ဟု ဆိုပါလျှင် ဆန္ဒသည်မည်သည့်အရာ၌ မြစ်ဖျားခံပါနည်း။ ဆန္ဒဖြင့် ကောက်ကြောင်းလိုက်ထားသော နယ်နိမိတ်အတွင် ဝေဒနာကြားခံနယ်ရှိ၍ ကျွန်တော် အသက်ရှူထုတ်လိုက်တိုင်း ဝေဒနာ၏သိပ်သည်းမှုကို ပိုမိုမြင့်တက်စေပါသည်။ ဆန္ဒသည် မိုးပျံပူဖောင်းတစ်လုံး ဖြစ်ပြီး ဝေဒနာသည်ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ဖြစ်ကာ ဆန္ဒကို မိုးပေါ်သို့ ဆွဲခေါ်သွားပါသည်။ ဝေဒနာ၏ အသိပ်သည်းဆုံးအဆင့်သည် ပေါက်ကွဲမှုဖြစ်၍ အကြွင်းအကျန်များမှာ အနုပညာပစ္စည်းများ ဖြစ်သည်။ ကျွန်တော့်ဘဝတွင် အနုပညာသည်သာ မှီခိုရာ၊ ဆုပ်ကိုင်ရာ၊ ဖက်တွယ်ရာအဖြစ် ကျန်ရစ်ခဲ့သည်။

ခွကျသောလူများသည် ခေတ်နှင့်အံမဝင်ပါဟုဆိုလျှင် ခွမကျသူများအတွက် ကိုလံဘတ်တံဆိပ်အပ်နှင်းသည့် အခမ်းအနားတစ်ခုကျင်းပသင့်ပါသည်။ စားကျက်ကိုစွန့်ခြင်းအတွက် ချီးကျူးထိုက်ပါက အမြင့်ကို လှေကားထောင် တက်သူများသည် အောက်ကိုငုံ့မကြည့်မှုအတွက် အယူခံဝင်ရန် အဆင်သင့်ဖြစ်ပါပြီလား။ နေရာဟောင်းကိုခင်တွယ်သူများအား သရော်လှောင်ပြောင်ကြပါက ခြံခုန်နွားများသည် အကြွင်းမဲ့အမှန်တရား ဖြစ်လေပြီလား။ ပရိသတ်များသည် ပွဲကို မျက်စိတစ်ဖက်တည်းဖြင့် ကြည့်တတ်ကြသည်။ လူမှန်နေရာမှန် ဖြစ်ရေးအတွက် လည်စင်းခံသူများသည် လက်ခုပ်သံတစ်ချက်နှင့် မထိုက်လေသလား။ တစ်နေကုန်တစ်နေခန်း ကြိုးစားပြီးမှ အိုးခြမ်းပဲ့တစ်ခုသာရသည်ကို ကျေနပ်သူများအား ခွင့်လွှတ်ရပါလိမ့်မည်။ ‘အဝိဇ္ဇာသည် အမိုက်မှောင်’ဟု ရှင်တော်ဘုရား ဟောကြားခဲ့သည်မဟုတ်ပါလား။

မြို့ပြင်ရှိတင်းကုပ်များသည် သဘာဝတရား၏ အိပ်ထောင်မှ ကျကျန်ရစ်သော ပြက်လုံးအချို့ဖြစ်သည်။ နွားတစ်ကောင်သည် လူနှစ်ယောက်အား ထွန်တပ်၍ကြိမ်တို့နေသလော။ ကျွန်တော် အကြည့်မှားချင် မှားနိုင်ပါသည်။ ရုပ်ရှင်ပိတ်ကားထက်မှ ကုလားဖန်ထိုးထားသောပုံရိပ်ပေလော။ မျက်လှည့်ဆရာ၏ ရိုးစင်းလှသော ပြကွက်ကို သိနေသော်လည်း အမှန်ကိုပြောရန် ခက်လွန်းလှသည်။ မျက်စိတစ်ဆုံးကြည့်မည်ဆိုလျှင် ကြိတ်ကြိတ်တိုးပြည့်ကျပ်နေသော လူအုပ်ကြီးကိုတွေ့နိုင်သည်။ ချဉ်စုတ်စုတ် ဖြစ်နေသော ပျားရည်ကို လူအများ သူ့ထက်ငါ တိုး၍ အလုအယက်ဝယ်နေကြခြင်းဖြစ်သည်။ တတ်နိုင်သူများက ပျားရည်ကို ရွှေခွက်နှင့်ခံ၍ မတတ်နိုင်သူတို့က အုန်းမှုတ်ခွက်နှင့်ခံယူကြသည်။ ပြီးလျှင် အရိပ်ကောင်းကောင်းတစ်နေရာရှာ၍ အားရပါးရလျက်ကြသည်။ ကြီးနိုင်ငယ်ညှဉ်းလုပ်ချင်သူများကို သူများခွက်ကို လုလျက်ကြသည်။ ကပ်ပါးများက အကြွင်းအကျန်ကို ကတ်သတ်လျက်ကြသည်။

လူအများစီးနင်းလိုက်ပါလာကြသော ပင်လယ်ကူးသင်္ဘောကြီး ရေလယ်ကောင်ကျမှ ဝမ်းဗိုက်ပေါက်ပါတော့သည်။ ထိုအပေါက်ကြီးကို ကပ္ပတိန်အစ၊ အမှုထမ်းများအလယ်၊ ခရီးသည်များအဆုံး ဘယ်သူမှ ဂရုမစိုက်ကြပါ။ သတိမပြုမိတာလည်း ဖြစ်နိုင်ပါသည်။ သတိထားမိသူအချို့ကတော့ တတ်နိုင်သလောက် ဖာထေးကြသေးသည်။ လိုက်လံသတိပေးကြသေးသည်။ မရမှန်းသိတော့မှ လက်လျှော့ပြီး ဗောကွင်းလွယ်ကာ ပင်လယ်ထဲခုန်ဆင်းသွားသည်။ ထိုအချိန်တွင် သင်္ဘောပေါ်၌ ခရီးသည်များနှင့် အမှုထမ်းများ အလုပ်များနေကြသည်။ သင်္ဘောပေါ်တွင် ပါတီပွဲကြီးတစ်ခုပေးရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ အတီးအမှုတ်များနှင့် ဧည့်ခံဖျော်ဖြေရန် အစီအစဉ်များလည်းပါသည်။ အချို့က စင်နှင့်အနီးဆုံးနေရာကိုရရန် အလစ်ချောင်းနေကြရင်း ထိုင်ခုံကောင်းကောင်းရဖို့ အမှုထမ်းများကို မျက်နှာလုပ်ကြသည်။ အလစ်သမားကလည်း ဖြတ်စရာသုတ်စရာ လိုက်ရှာဖွေလျက်။ လူကုံထံတို့ကလည်း သင်္ဘောကုန်းပတ်ပေါ် လေညင်းခံလျက်။ သင်္ဘောအပေါက်သည် တဖြည်းဖြည်းကြီးလာပြီး ဝမ်းဗိုက်ထဲတွင် ရေအတော်ပြည့်နေပြီဖြစ်သည်။ လူအားလုံး၏ဗိုက်ထဲတွင်လည်း အစားအသောက်များ၊ ယမကာများဖြင့် ပြည့်နေပြီဖြစ်သည်။ အရပ်ပုပု၊ ဗိုက်ရွှဲရွှဲနှင့် ကပ္ပတိန်ရောက်လာပြီး သင်္ဘောကိုတစ်ပတ်လျှောက်အကြည့် အမှုထမ်းများက အစီရင်ခံသည်။

“အားလုံးကောင်းပါသည်ခင်ဗျား”

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။





Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

၃ နှင့် ၄ များ

သူငယ်ချင်းပင်၊ ဆိုချင်ဆိုစေ၊ သူတို့တွေသည်၊ ကမ္ဘေကမ္ဘာ၊ ခြားကွာမလောက်၊ ထင်မှတ်ရောက်၏။ တစ်ကိုင်းတည်းနားပင်၊ ဆိုချင်ဆိုလေ၊ သူတို့တွေသည်၊ နင်နေ-ငါသွား၊ ထိုစိတ်ထားရောက်၊ မေတ္တာပျောက်၏။ အတွေးအယူ၊ တူခဲစွာဝယ်၊ မြင်ကြားသိကြွယ်၊ ခြားနားရာဝယ်၊ ငယ်ကျွမ်းစွယ်တော်၊ ထိုနှစ်ဖော်လည်း၊ စကားဆိုခဲ၊ ရယ်ခဲလှာသည်၊ လားရာသွေဖည်ကြပြီကိုး...။ ဝေယံဘုန်း (၇ မေ ၂၀၁၈)