Skip to main content

စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း



ကျနော့် မိန်းမကို ဖေ့စ်ဘွတ်မှာ ဘလော့လိုက်တယ်။ ညက ဘော်ဒါအပေါင်းအသင်း ရောင်းရင်းတွေနဲ့ ခပ်ထွေထွေလေး ကောင်းနေတဲ့အချိန် ဆိုင်မှာတင် ဘလော့လိုက်တာပေါ့။ သူ သိပ်ရစ်လွန်းအားကြီးတယ်ဗျ။ ‘ရှင် ဟိုကောင်မပုံအောက်မှာ သွားရေးထားတဲ့ မန့်က ဘာသဘောလဲ။’ ‘ရှင်က ဘာကိစ္စ ကြီးကောင် ကြီးမား ကျမှ ချာတိတ်မ ငယ်ငယ်လေးတွေနဲ့ သူငယ်ချင်းဖြစ်နေရတာလဲ။’ ‘ရှင်က ဟိုတစ်ယောက် ပုံအောက်မှာ ဘာကိစ္စ အသဲ သွားပေးထားရတာလဲ။’ တစ်နေ့တစ်နေ့ ဖြေရှင်းရတာ အမော။ ကြာတော့ ကျနော် မခံနိုင်တော့ဘူး။ တစ်ခါတလေလေး ဘော်ဒါတွေနဲ့ လူစုံတုန်း အေးဆေး သောက်ရမလား မှတ်တယ်။ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ရစ်လာတဲ့အတွက် ‘ကဲ ဘလော့တယ်ကွာ’ ဆိုပြီး သောက်ရင်း မတ်တပ်ကကို လုပ်ချလိုက်တာပဲ။

ဒီ မိန်းမတစ်ယောက်ဟာ အရင်က အဲလောက် မရစ်တတ်ဘူး။ လူတကာ ဖုန်းကိုင်နိုင်လာတဲ့နောက်ပိုင်း၊ လူတကာ ဖုန်းထက်မှာ အင်တာနက်ဆိုတာကြီး ရလာတဲ့နောက် ဖေ့စ်ဘွတ်နဲ့ အင်တာနက်ကို ညီမျှခြင်း ချရကောင်းမှန်းလောက်သာ သိရတဲ့သူတွေထဲမှာ သူ ပါလာတဲ့နောက်ပိုင်း ကျနော့်မှာ အေးအေး မနေရတော့ ဘူး။ ဟိုအရင်တစ်ချိန်က အင်တာနက်ကို စိတ်အေးချမ်းသာစွာနဲ့ လွတ်လွတ်လပ်လပ် သုံးခွင့်ရခဲ့တဲ့ဘဝကိုတော့ ပြန်တောင့်တမိသား။ ခုများတော့ ကိုယ့်ဖေ့စ်ဘွတ်မှာ မိန်းမရော၊ အဖေအမေရော၊ ကြီးတော်ရော၊ ငယ်ငယ်က ကိုယ့်ကိုထိန်းတဲ့ အရီးလေးရော၊ တောကအမျိုးတွေရော စုံတကာစေ့ ရောက်လာကြပြီးတဲ့နောက်ပိုင်း အရင်ကလို သူငယ်ချင်းတွေကြား ကိုယ့်အထာနဲ့ကိုယ် ရေးချင်တာရေး၊ နောက်ချင်တာနောက်၊ ပေါချင်တာပေါလို့ သိပ် မရတော့ဘူး။ ကိုယ့်ဟာကိုယ် နောက်ပြောင်ပြီး တစ်ခုခု ရေးလိုက်လည်း ဟိုး မိုင်နှစ်ရာလောက်အဝေးက မြို့မှာ နေတဲ့ အမေက အောက်ကနေ အတည်ပေါက်နဲ့ လာဆူလိုဆူ၊ ကိုယ့်ဟာကိုယ် ပရိုဖိုင်းဓာတ်ပုံပြောင်းတာကိုလည်း ရွာက ဦးလေးက ဝင်ပြီး ‘ရှဲ’ လုပ်လိုလုပ်။ စိတ်ညစ်ပါ့။ အဆိုးဆုံးကတော့ မိန်းမပဲ။ ကိုယ် ဘာလုပ်လုပ် မျက်စိဒေါက်ထောက် လိုက်ကြည့်ပြီး လိုက်ခ် ပေးပေးပြန်ပြီ၊ မန့်ရေး ရေးပြန်ပြီ၊ အသဲ ပေးပေးပြန်ပြီနဲ့။ ကျနော့်မှာ ဇူကာဘတ်ကိုပဲ စိတ်ဆိုးရမလား၊ လူတိုင်းဖုန်းကိုင်နိုင်အောင် လုပ်ပေးခဲ့တဲ့ သမ္မတကြီးကိုပဲ မေတ္တာပို့ရမလား မသိတော့ လောက်အောင်ပဲ။

အဲဒီလို မူးမူးနဲ့ မိန်းမကို ဘလော့ချလိုက်ပြီး ဝိုင်းသိမ်းတော့ အိမ် အေးဆေးပြန်သွားတာပေါ့။ မိန်းမက သူ့ကို ဘလော့ထားမှန်း သိသွားလို့ ပြဿနာရှာရင်လည်း နောင်ခါလာနောင်ဈေးဆိုပြီး သဘောထားလိုက်တယ်။ အိမ်ရောက်တော့ သားအကြီးကောင်က တံခါးထဖွင့်ပေးတယ်။ “မင်း အမေရော…” ဆိုတော့ “အဖေ့ကို စိတ်ဆိုးပြီး အိပ်နေပြီ” တဲ့။ ကျနော်လည်း သူအိပ်တော့နားညည်းသက်သာတယ်ဆိုပြီး အိပ်ရာထဲအသာဝင်၊ သူ့ဘေးနား ဝင်ခွေလှဲလိုက်တယ်။ သူ နိုးမှာစိုးလို့ သူနားသိပ်မကပ်ဘဲ ဒီဘက်အစွန်းမှာပဲ ကပ်ပြီးရအောင် လှဲလိုက်တယ်။ ကျနော်လည်း ကောင်းလာတာကြောင့် ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့ တစ်ချိုးတည်း အိပ်ပျော်သွားတော့တာပဲ။ အိပ်မက်တွေဘာတွေတောင် မက်လိုက်သေး။

မနက်မိုးလင်းလို့ မျက်လုံးဖွင့်ကြည့်တော့ ဘေးမှာ မိန်းမက မရှိတော့ဘူး။ ဒါနဲ့ ကျနော်လည်း မျက်နှာသစ်၊ ရေမိုးချိုး၊ အဝတ်အစားလဲပြီး အခန်းအပြင်ထွက်လာတော့ ထမင်းစားခန်းထဲကနေ အသံဗလံလေးတွေ ကြားရတယ်။ အသာချောင်းကြည့်လိုက်တော့ စားပွဲဝိုင်းမှာ လူစုံ တက်စုံ မနက်စာ စားနေကြတာပဲ။ ကျနော်လည်း ထမင်းစားခန်းထဲဝင်မယ်လုပ်တုန်း ကျနော့် မိန်းမပါးစပ်က “ဒေါ်ဒေါ်သန်း၊ ညက ကိုစိုးအောင်လည်း ပြန်မလာပါ့လား၊ ကျမ ဖုန်းဆက်ပြီး ရစ်လိုက်လို့ စိတ်ဆိုးပြီး ဘယ်အပေါင်းအသင်း အိမ်မှာ လိုက်သွားအိပ်နေလဲ မသိဘူး” ဆိုတဲ့ အသံထွက်လာတော့ အခန်းထဲဝင်မယ်ဟန်ပြင်ဆဲ ကျနော်ဟာ အပေါက်ဝမှာ တုံ့ခနဲရပ်သွားတယ်။

“ ဟင်… ဖေဖေ ညက ပြန်လာတယ်လေ၊ သားတောင် တံခါးထဖွင့်ပေးလိုက်သေးတယ်။”

သား အကြီးကောင်က ထမင်းကြော် ပလုတ်ပလောင်းနဲ့ ဝင်ပြောလိုက်ရင်း ကျနော့်ရှိတဲ့ အပေါက်ဝကိုလှည့်ကြည့်ပြီး “ဒီမှာလေ ဖေဖေရယ်”လို့တောင် လက်ညှိုးထိုးပြလိုက်သေးတယ်။ “လာ မောင်စိုးအောင်၊ ကော်ဖီတွေ အဆင်သင့်ပဲ၊ ထမင်းကြော်လေးလည်း စားလိုက်ဦး” ဆိုပြီးတော့ ကြီးတော်က ကျနော့်ကိုကြည့်ပြီး မေးရင်း “ညက ဒေါ်ဒေါ်သန်း လည်း အိပ်ပျော်သွားတာနဲ့ မင်း ပြန်လာတာတောင် မသိလိုက်ဘူး” လို့လည်း ဆက်လိုက်သေးတယ်။

အဲဒီမှာတင် မိန်းမဟာ ကျနော် ဝင်လာတဲ့လမ်းကြောင်းတစ်လျှောက် ပြူးပြဲကြည့်ပြီးတော့ “ဘယ်မှာတုံး နင်တို့အဖေ”လို့ စက်ရုပ်သံ ဆန်ဆန်နဲ့ မေးလိုက်တယ်။ သူ့ညာဘက်လက်ထဲ ကိုင်ထားတဲ့ ကော်ဖီခွက်တောင် မှောက်မလို ဖြစ်သွားသေးတယ်။

ကျနော့် သားတွေနဲ့ ကြီးတော်ကြီးဟာ မိန်းမကို ပဟေဠိဆန်ဆန်ပြူးကြည့်လိုက်ကြပြီး ဝါးခနဲ ရယ်လိုက်ကြတယ်။  “မေမေ အကယ်ဒမီရှော့”လို့ အငယ်ကောင်က ဝင်နောက်တယ်။ ပြီးတော့ နှစ်ကောင်သား ငုံ့ပြီး ထမင်းကြော်ကို ဆက်လွေးကြတယ်။ ကျနော်လည်း ‘ဒီမိန်းမ ဘာအကြောင် လာရိုက်နေတာလဲဟ’ လို့တွေးရင်း ကိုယ့်ပန်းကန်ထဲက ထမင်းကြော်ပဲ ကိုယ်ငုံ့စားနေလိုက်တော့တယ်။ ခါတိုင်းဆို မနက်စာစားရင်း ဖုန်းပွတ်လေ့ ရှိပေမယ့် ဒီနေ့တော့ မပွတ်ရဲဘူး။ မတော်… မိန်းမက ဖေ့စ်ဘွတ် ကိစ္စ သွားသတိရပြီး ထပ်ရစ်နေမှဖြင့်။

အားလုံးငြိမ်ကျသွားတယ်။ ကြီးတော်ကြီးကလည်း မီးဖိုပေါ်က ဟင်းအိုးသွားကြည့်ဖို့ ထသွားတယ်။ ကလေး နှစ်ယောက်လည်း ကျောင်းသွားဖို့ ထပြင်ကြတယ်။ စားပွဲဝိုင်းမှာ မိန်းမနဲ့ကျနော်နဲ့ပဲ ကျန်ခဲ့တယ်။ ကျနော်ကတော့ ရန်မဖြစ်ချင်တာနဲ့ သူ့ကို ဘာစကားမှမပြောဘူး။ သူ့အကဲကိုပဲ ခတ်နေလိုက်တယ်။ ခါတိုင်းဆို ဒီလောက် စကားများတဲ့မိန်းမဟာ ဒီနေ့မနက်တော့ ထူးထူးဆန်းဆန်း ကျနော့်ကို စကားမပြောဘဲ ရှေ့က ကော်ဖီခွက်ကိုပဲ တွေတွေကြီး စိုက်ကြည့်နေလေရဲ့။ ကျနော်လည်း သူစကားမပြောလေ နားညည်းသက်သာလေ ဆိုပြီး သဘောထားရင်း စားပြီးတော့ ရုံးကိုသာ အသာ ထထွက်လာလိုက်တယ်။

ရုံးရောက်တော့ ကိုယ့်ကိစ္စနဲ့ကိုယ် မေ့သွားတယ်။ နေ့ခင်း ထမင်းစားချိန်လောက်ကျတော့ ရုံးဧည့်ကြို ကောင်တာက ဖုန်းကိုင်တဲ့ကောင်မလေးက လာပြောတယ်။ “ဆရာ၊ ဆရာ့အမျိုးသမီး ဖုန်းဆက်တယ်။ ဆရာ့ ဟန်းဖုန်းကိုဆက်တာ မရလို့လို့ပြောတယ်၊ ပြန်ဆက်ပါတဲ့” တဲ့။ ကျနော်လည်း ဟန်းဖုန်းကို စစ်ကြည့်လိုက်တော့ မိန်းမဆီက ဖုန်းခေါ်ထားတာ မတွေ့မိဘူး။ ဒါနဲ့ပဲ ဧည့်ကြိုဝန်ထမ်းလေးကို “အေးအေး”လို့ ပြောလိုက်ပြီး အသာနေလိုက်တယ်။ ကျနော် ဒီရက်ပိုင်း မိန်းမနဲ့စကားမပြောချင်တဲ့အတွက် ပြန်လည်း မဆက်တော့ဘူး။ ညနေ ရုံးဆင်းခါနီးတော့ ဌာနတစ်ခုတည်းမှာလုပ်တဲ့ ကိုထွေးက “ဒီမှာ မင်း မိန်းမက ပြောချင်လို့တဲ့” လို့ ဆိုပြီး သူ့ဟန်းဖုန်းကြီး ကျနော့်လာထိုးပေးလေရဲ့။ ဒါနဲ့ ကျနော်လည်း စိတ်မပါတပါနဲ့ “ဟယ်လို” လုပ်လိုက်တယ်။ ဒါပေမဲ့ မိန်းမက ကျနော်ပြောတာ ကြားဟန်မရဘူး။ 

“အေး မိန်းမ၊ ဘာလဲပြော…”

ဘာမှပြန်ထူးသံမကြားရ။

“အေး ကြားလား၊ မိန်းမ၊ ယောက်ျားပြောနေတယ်…”

ဘာမှ မကြားရပြန်တာနဲ့ ကိုထွေးကို “မင်းဖုန်းကြီးက ဘာမှလည်း မကြားရဘူး” ဆိုပြီး ဖုန်းပြန်ပေးလိုက် တယ်။ ကိုထွေးက အူကြောင်ကြောင်နဲ့ ဖုန်းပြန်ယူပြီး ကျနော့်မိန်းမနဲ့ စကားဆက်ပြောတော့ ဟုတ်နေတာပဲ။ သူတို့ချင်းချင်းတော့ ကြားနေရတာပဲ။ ကျနော်လည်း ပခုံးတစ်ချက်တွန့်လိုက်ပြီး “ဒီ မိန်းမတော့ ငါ့ကို ဘာအကွက်တွေထွင်နေပြီလဲ မသိဘူး” လို့ စိတ်ထဲက တွေးလိုက်တယ်။

ကိုထွေးက မှုန်ကုပ်ကုပ်နဲ့ ပြန်ရောက်လာပြီး “မင်းတို့ လင်မယား စကားများထားကြတာလား” လို့ မေးတယ်။ ကျနော်လည်း “အင်း ဒီလိုပါပဲကွာ”လို့ပဲ ပြီးပြီးရော ပြန်ဖြေလိုက်တာပဲ။ လင်မယားကိစ္စတွေဆိုတာကလည်း အကုန်လုံး သူများတကာကို ပြောပြလို့ကောင်းတာမှမဟုတ်တာ။ လူတိုင်းကလည်း သူများကိစ္စ အကုန် ဘယ်စိတ်ဝင် စားနိုင်ပါ့မလဲ မဟုတ်ဘူးလား။

အဲဒီနေ့ည အိမ်ပြန်ရောက်တော့ ကျနော့်မိန်းမ ဖုန်းတစ်လုံးနဲ့ အလုပ်များနေတာ တွေ့တာပဲ။ သူသိသမျှ ကျနော့် အပေါင်းအသင်းတွေဆီ အကုန် ဖုန်းဆက်နေတာ။ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ကျော်ကြီး၊ နော်အောင်၊ မင်းခေါင်၊ နောက်ပြီး ရုံးက ကိုထွေး၊ သင်္ဃန်းကျွန်းမှာနေတဲ့ ကျနော့် နှမ၊ အကုန်၊ အကုန်ဆီကို ဖုန်းဆက်နေသံ ကြားတယ်။ 

“… ဟဲလို (…) လား… ကိုစိုးအောင်လေ မနေ့ညကတည်းက အိမ်ပြန်မလာလို့၊ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ အဲဒီများ လာသေးလား…”

ကျနော်လည်း သူ့ဘေးနား သွားရပ်ပြီး “ဟေ့ ဟေ့ မင်းဘာတွေလျှောက်လုပ်နေတာလဲ၊ ဒီမှာ မင်းလင် ငါ တစ်ယောက်လုံး ဘေးမှာရပ်နေတယ်ကွ”လို့ ပခုံးကိုပုတ်ပြီး ပြောလိုက်တယ်။ ဒါပေမဲ့ မိန်းမက ကျနော့်ကို အဖက်တောင်မလုပ်ဘဲ၊ တစ်ယောက်ပြီး တစ်ယောက် ထပ်ဆက်နေတော့တာပဲ။ သူ့ကို ကျနော် ထိလို့ ကိုင်လို့လည်း လှည့်တောင်မကြည့်ဘူး။ နောက်ဆုံး သားတော်မောင်တွေ၊ ကြီးတော်ကြီးရယ်တို့က ကျနော့်ကို လက်ဆွဲပြပြီး “ဟောဒီမှာ ဖေဖေလေ”လို့ ပြတာတောင် မိန်းမက “ဟာ… ဒီကလေးတွေ အသားနေစမ်း…”၊ “ဟာ ဒေါ်ဒေါ်သန်းရယ်… ဒီမှာ စိတ်ပူရတဲ့အထဲ လာနောက်နေသေးတယ်…” လုပ်နေပြန်တယ်။

ကျနော်လည်း ဒီမိန်းမတော့ ဂေါက်သွားပြီလားလို့တွေးပြီး ကြောင်စီစီနဲ့ငေးကြည့်နေမိတာပေါ့။ တစ်ယောက်ပြီး တစ်ယောက်ဆက်ပြီးတဲ့အခါမှာတော့ မိန်းမဟာ ကျနော် သူ့ကိုပစ်သွားပါပြီဆိုပြီး ဟီးချလို့ငိုပါတော့တယ်။ သူငယ်ချင်းတွေအားလုံးကလည်း ကျနော့်ဘက်ကနေ ဝိုင်းလိမ်ပေးကြတယ်၊ အိမ်က လူတွေကလည်း သူ့ကို ဝိုင်းပြီး အရူးလုပ်နေ၊ အကြောင်ရိုက်နေကြပါတယ်လို့လည်း စွပ်စွဲရင်းပေါ့။ နောက်တော့ တရှုံ့ရှုံ့နဲ့ငိုရင်း “ပြန်မလာလည်း နေပေါ့၊ ဒင်းပြန်လာမှ ကောင်းကောင်းပညာပြန် ပြလိုက်ဦးမယ်”ဆိုပြီး အိပ်ရာထဲဝင်၊ တံခါးကို ဒိုင်းခနဲနေအောင် ပိတ်ချသွားတယ်။ သားနှစ်ယောက်နဲ့ ကြီးတော်ကြီးတို့ဟာ ကျနော့်ကိုတစ်လှည့်၊ မိန်းမကို တစ်လှည့်ကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ကြတော့တာပဲ။

ကျနော်လည်း အဲဒီနေ့ တစ်ညလုံး အလုပ်ကပါလာတဲ့ အလုပ်ကြွေးတွေဆက်လုပ်ရင်း အိမ်ရှေ့ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ အိပ်ဖြစ်သွားတယ်။ မနက်မိုးလင်းတော့ ကြီးတော်ကြီး ပြင်ဆင်ပေးထားတဲ့ မနက်စာစားပြီး အလုပ်ကိုထွက်လာခဲ့တာပဲ။ မိန်းမကတော့ မနက်အစောကတည်းက ကလေးတွေကို ကျောင်းလိုက်ပို့ရင်း သူ့ အဖေတွေအမေတွေ အိမ်ဘက် ထွက်သွားတယ်ပြောတာပဲ။ ကျနော်လည်း သူ့ကိစ္စခေါင်းထဲ သိပ်ထည့်မနေတော့ဘူး။ ရုံးရောက်တော့လည်း အလုပ်ကိစ္စ ဘာညာနဲ့ မေ့သွားတယ်။ နေ့ခင်းထမင်း စားတော့မှ အဲဒီအကြောင်း ခေါင်းထဲ ပြန်ရောက်လာပြီး သူငယ်ချင်းကိုထွေးကို ပြောမိတယ်။

“နေဦးကွ၊ မင်းမိန်းမ အဲဒီလို ဂေါက်ကြောင်… အဲလေ ထူးထူးဆန်းဆန်းတွေ မပြောခင်က မင်းတို့ချင်း ဘာဖြစ်ကြလဲ။ ရန်ဖြစ်တာတို့ ဘာတို့ … ထူးခြားဖြစ်စဉ်ပေါ့ကွာ ဟဲဟဲ။”

“ဘာမှမဖြစ်ပါဘူး။ ဟိုးတစ်နေ့ညက ငါလည်း တခြားဘော်ဒါဟောင်းတွေနဲ့ မဆုံဖြစ်လို့ ဘီယာဆိုင် သွားထိုင်ကြ တယ်ကွ။ အဲဒီမတိုင်ခင် အိမ်ပြန်နောက်ကျမယ်လို့ သူ့ကို ဖုန်းဆက်တုန်းကတောင် သူက သိပ်တော့ညဉ့်မနက်စေနဲ့ မှာလိုက်သေးတာပဲ။ အဲဒီ ည ပြန်သွားပြီး နောက်တစ်နေ့ကစပြီး အဲဒီလိုတွေ ငါပြန်မလာ ပါဘူးဆိုပြီး လုပ်တော့တာပဲ။”

ကိုထွေးက မေးစေ့ကိုပွတ်ရင်း မျက်လုံးကိုအပေါ်လှန်ပြီး စဉ်းစားနေပြန်တယ်။ ပြီးတော့မှ

“အဲဒီနေ့ညမှာ မင်းနဲ့သူနဲ့ကြား ပုံမှန်မဟုတ်တဲ့ တစ်ခုခု ဖြစ်သွားတာရှိသေးလား။”

ကိုထွေး မေးခွန်းကြောင့် ကျနော်လည်း အဲဒီနေ့ညကို ခေါင်းထဲတရေးရေးပြန်မြင်ယောင်စဉ်းစားတယ်။ ဆိုင်မှာ သောက်ကောင်း၊ အမြီးကောင်းစားကြတာတွေ၊ စင်တင်ပေါ်က ချာတိတ်မလေးတွေကို ငမ်းကြတာတွေ။ ရေလျှံတဲ့ ဘော်ဒါတချို့က တက်ပြီး ပန်းကုံးစွပ်ကြတာတွေ။

“တစ်ခုတော့ ရှိတယ်ကွ။ ငါလည်း ဖုန်းဖွင့်ပြီး ဖေ့စ်ဘွတ်ကိုအမှတ်တမဲ့ကြည့်ရင်း ငါ့ပို့စ်တစ်ခုနဲ့ပတ်သက်ပြီး မက်ဆင်ဂျာကနေ လှမ်းပြီး ပွားထားတဲ့မက်ဆေ့ခ်ျကိုတွေ့တယ်ကွ။ ငါ့မလည်း သူဖေ့စ်ဘွတ် သုံးတတ်ကတည်းက လွတ်လွတ်လပ်လပ် မတင်ရ၊ မရေးရတော့ပါဘူးကွာ။ ဟိုဟာတင် တင်ပြန်ပြီ၊ ဒီဟာရေး ရေးပြန်ပြီနဲ့ ပြောလွန်း အားကြီးလွန်းတော့ စိတ်ညစ်နေတာ။ အဲဒီနေ့ညကတော့ နည်းနည်းလည်း မူးတာနဲ့ ဒေါပွပြီး သူ့ဆီပြန်ဖုန်းဆက်၊ သူနဲ့ နည်းနည်းတော့ အခြေအတင်ဖြစ်လိုက်သေးတယ်။ နောက်တော့ သူ့ကို ဘလော့ လိုက်တယ်။”

ကိုထွေးရဲ့ မျက်လုံးတွေဟာ အရောင်ထွက်လာတယ်လို့ ကျနော်ထင်တယ်။ သူက စားပွဲကို ဖျန်းခနဲ ရိုက်ချလိုက်ပြီး ထအော်တယ်။

“ဟာ ဟုတ်ပြီ”

“ဘာ ဟုတ်တာလဲကွ၊ မင်းဟာကလည်း အလန့်တကြားနဲ့…”

“မင်းသူ့ကို ဘလော့ပြီး အိမ်ပြန်ရောက်မှ အဲဒီလိုတွေ သူပြောတာ သေချာတယ်နော်။”
“သေချာပါတယ်ကွ၊ ဘာမှမှမကြာသေးတာ၊ ငါမှတ်မိပါတယ်။”

“ဟုတ်ပြီ မင်း သူ့ကို ဘလော့လိုက်တဲ့အတွက် သူက မင်းကို မမြင်ရ၊ မကြားရတော့တာထင်တယ်ကွ”

ကျနော်လည်း သက်ပြင်းရှည်ကြီးချလိုက်မိတယ်။ ကိုထွေးတစ်ယောက်လည်း ဟာသတော်တော် ပြောတတ်တာပဲ။ ကျန်တဲ့ အချိန်တွေဆိုလည်း ရုပ်တည်နဲ့ စတတ်၊ နောက်တတ်တာ။

“မင်းကွာ… ပေါက်ကရပြောချင် ကျန်တဲ့အချိန်ပြောစမ်းပါကွာ။ ဖေ့စ်ဘွတ်မှာ ဘလော့တာနဲ့ အပြင်မှာ မမြင်ရတာနဲ့ ဘာဆိုင်လဲကွ။”

“မသိဘူးလေ။ ဟုတ်ချင်လည်း ဟုတ်နေမှာပေါ့။ ဟုတ်မဟုတ် သိရအောင် သူ့ကိုဘလော့ထားတာ ပြန်ဖွင့်ပေး လိုက်ပါလား။”

ကျနော်လည်း နည်းနည်းတွေသွားတယ်။ ဟုတ်များဟုတ်နေမလားဆိုတဲ့ စိတ်တောင်ဝင်လာမိတယ်။ ကျနော့်မိန်းမက ပြဿနာရှာတတ်၊ စိတ်ကောက်တတ်တယ်၊ စကားများတတ်တယ် ဆိုပေမယ့် တစ်ခါမှတော့ ကျနော့ကိုရှေ့ထားပြီး ကျနော့်ကို မမြင်ဘူးလို့တော့ မလုပ်ဖူးပါဘူး။ လုပ်လောက်စရာလည်း အကြောင်း ရှိတာမှ မရှိတာ။ သူ့ဟာသူ စိတ်ဆိုးလို့ ကျနော့်စကားမပြောဘဲနေချင်နေမယ်၊ အဲဒီလိုမျိုး အူကြောင်ကြောင် တွေတော့ မလုပ်ဖူး၊ မပြောဖူးတာ အမှန်။ ဒါနဲ့ပဲ စမ်းကြည့်တာပေါ့လေလို့ သဘောထားပြီး ကိုထွေးရှေ့တင် ဖုန်းကိုယူ၊ ဖေ့စ်ဘွတ်ကိုဖွင့်ပြီး သူ့ကိုဘလော့ထားတာကို ပြန်ဖွင့်ပေးလိုက်တယ်။ ကိုထွေးကတော့ ‘ဘယ့်နှယ်လဲ’ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျနော့်ကိုပြုံးစစကြည့်လိုက်ရင်း ကော်ဖီကိုမော့ချလိုက်တယ်။

ညနေ အိမ်ပြန်ရောက်တော့ မိန်းမပြန်မရောက်သေးဘူး။ ကျနော်လည်း ရေမိုးချိုး၊ ကြီးတော်ကြီးပြင်ပေးတဲ့ ထမင်းစားပြီး အိမ်ရှေ့ခန်းမှာ ကလေးနှစ်ယောက်နဲ့ထိုင်နေတုန်း မိန်းမ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ ပြန်ရောက်လာတယ်။ အိမ်ပေါက်ဝကနေ ကျနော့်လည်း မြင်ရော…

“ကိုအောင်စိုး… ရှင် ဘယ်တွေသွားနေတာလဲ”ဆိုပြီး ပြေးဝင်လာပြီး တဟီးဟီးငိုရင်း ကျနော့်ရင်ပတ်ကို တအုံးအုံးနေအောင် ထုတော့တာပဲ။ ကျနော်လည်း “ဘယ်မှမသွားပါဘူးကွာ” ဆိုပြီး ပခုံးလေးပုတ်ပြီး အသာ ပြန်ချော့လိုက်တယ်။ သားနှစ်ယောက်ရယ်၊ ကြီးတော်ကြီးရယ်ကတော့ မိန်းမကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေကြ တယ်။ သားအငယ်ကတော့ သူ့အစ်ကိုဘက်လှည့်ပြီး သူ့နားထင်သူ လက်ညှိုးနဲ့ ထောက်ပြ လိုက်တယ်။ သူ့အမေ ကြောင်များ ကြောင်နေ ပြီလားပေါ့။

အဲဒီနေ့ညကတော့ မိန်းမအိပ်ပျော်သွားတော့ ကိုထွေးဆီကို ‘မင်းပြောတာဟုတ်တယ်ကွ၊ ငါတော့အရမ်းအံ့ဩနေပြီ’လို့ ဖုန်းနဲ့မက်ဆေ့ခ်ျပို့လိုက်တယ်။ သူကလည်း ‘အေး၊ မနက်ဖြန်ကျမှ ပြောကြတာပေါ့’လို့ ပြန်လာတယ်။ မနက်ရုံးရောက် တော့ ကိုထွေးဟာ အစောကြီးကြိုရောက်နှင့်ပြီး ကျနော့်ကိုစောင့်နေတယ်။ သူတော်တော်လေး စိတ်ဝင်စားနေတာ။ နှစ် ယောက်သား ကင်တင်းသွားပြီး သူများမကြားအောင် တိုးတိုးပြောကြတယ်။

“ဒါဆိုသေချာပြီ၊ မင်း ဖေ့စ်ဘွတ်မှာ ထူးဆန်းတဲ့ပါဝါရှိနေတာပဲကွ။”

“အေး… အဲလိုများ ဖြစ်နေမလား မသိဘူး”လို့ ကျနော်ကလည်း စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောလိုက်တယ်။ 

“ဒါပေမဲ့ သေချာ အောင် နောက်တစ်ကြိမ်ထပ်စမ်းကြည့်ရကောင်းမလားပဲ။”

“ကောင်းတယ်၊ ပိုက်ဆံပေးရတာမှမဟုတ်တာ၊ မင်းဘယ်သူ့ကိုစမ်းမလဲ။”
“မင်းကိုပဲ စမ်းလိုက်တော့မယ်ကွာ။”

ကိုထွေးမျက်လုံးပြူးသွားတယ်။ ပါးစပ်ကလည်း အထစ်ထစ်အငေါ့ငေါ့နဲ့ … “ဒါ … ဒါဆို … ငါ့ရှေ့တင် မင်း… ပျောက်သွား…မှာပေါ့ … နော်…”

“စမ်းကြည့်မယ်လေကွာ…”လို့ ကျနော်က ပြောလိုက်ပြီး တစ်ထိုင်တည်းနဲ့တင် ကိုထွေးကို ဘလော့ လိုက်တယ်။

‘သင် ဒီလူကို ဘလော့မှာသေချာလား’ ဆိုတဲ့ မေးခွန်းကို “အိုကေ”ဆိုတဲ့ ခလုတ်နှိပ်ပြန်ဖြေလိုက်ပြီး မော့ကြည့်လိုက် ချိန်မှာတော့ ကျနော့်မျက်နှာချင်းဆိုင်ခုံမှာထိုင်နေတဲ့ ကိုထွေးဟာ ကျနော့်ကို တွေတွေကြီးစိုက်ကြည့်နေတာကို မြင်လိုက် ရတာပဲ။ ပြီးတော့ သူ့ခွေးခြေခုံကနေ ရှေ့ကိုကိုင်းပြီး ကျနော့်ကို လက်နဲ့လာစမ်းနေလေရဲ့။ ဒါပေမဲ့ သူကျနော့်ကို လက်နဲ့ လာထိတာကို ကျနော်ကတော့ ခံစားလို့ရတယ်။ သူကတော့ ခံစားလို့ရမရ မသိဘူး။ 

“ဟာ… ဒီကောင် တကယ်ကြီး ပျောက်သွားတာပဲ” လို့ ကိုထွေးက ကျနော့်နေရာတည့်တည့်ကို စိုက်ကြည့်ပြီးပြောလိုက် တယ်။ “ရုပ်ရှင်တွေထဲမှာ တန်ခိုးရှင်တစ်ဦး ဘွားခနဲပျောက်သွား သလိုမျိုးပဲ” လို့လည်း ဆက်ပြောသေးတယ်။

အဲဒီချိန်မှာပဲ ကိုထွေးက စားပွဲထိုးကောင်လေးကို အနားခေါ်၊ “သား ဦးရှေ့မှာ လူထိုင် နေတာတွေ့လား”လို့ မေးလိုက်တော့ ကောင်လေးလည်း အူကြောင်ကြောင်နဲ့ပဲ ခေါင်းကုတ်ပြီး “ဟုတ် ထိုင်နေတယ်လေ ဦး သူငယ်ချင်းထိုင်နေတာ ခုနကပဲ ဦးတို့စကားပြောနေတာမဟုတ်လား”တဲ့။

ကိုထွေးလည်း “အေး … အေး…”လို့ပဲ ပြောလိုက်ပြီး ကျနော့်ဆီကို မျက်နှာပြန်လှည့်လိုက်တယ်။ စားပွဲထိုးလေး ကတော့ ခေါင်းကုတ်လျက်သားနဲ့ ကိုထွေးကိုလှည့်ကြည့်လှည့်ကြည့်လုပ်ရင်း ပြန်ထွက်သွား တာပေါ့။ ကျနော်လည်း ကိုထွေးကို ဘလော့ထားတာ ပြန်ဖွင့်လိုက်တယ်။ မကြာပါ ဘူး။ ကိုထွေးဟာ ကျနော့်မျက်စိရှေ့မှာ ဘွားခနဲပြန်ပေါ်လာပါလေရော။ သူက ကျနော့်ကိုမျက်လုံးကြီးပြူးပြီးကြည့်လို့။

“သူငယ်ချင်း၊ မင်း… မင်းအသက်ရှိသေးတယ်နော်။”

“ဖွဟဲ့… မအေးပေးကလည်း။ ဘာတွေလျှောက်ပြောနေတာလဲ။ နိမိတ်မရှိနမာမရှိ။”

“အေး ငါလည်း မင့်းပြန်မြင်လိုက်ရမှ ငါ့ကောင် တခြား ဘယ်ဂြိုဟ်မှ ရောက်မသွားပါဘူးဆိုပြီး စိတ်အေးသွားတာ။”

သူငယ်ချင်းနှစ်ယောက် ပြိုင်တူးပြုံးဖြီးဖြီးဖြစ်သွားကြတယ်။ စိတ်ထဲမှာတော့ ပြောပြလို့မရတဲ့ ခံစားချက်တွေအပြည့်။ အံ့ဩခြင်း၊ တုန်လှုပ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဝမ်းသာခြင်းတွေနဲ့။ တစ်အောင့်လောက် ကြာတဲ့အထိ နှစ်ယောက်သား စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေကြတယ်။ ကျနော်က လက်ဖက်ရည် စားပွဲဝိုင်းပေါ်က ရေနွေးကွက်နေတဲ့နေရာကို၊ ကိုထွေးက ဆိုင့်အပြင်ဘက်ကို ကိုယ်စီမိန်းမောကြည့်ရှုလို့။ ခဏနေတော့ ကိုထွေးက စပြီးသတိပြန်ဝင်လာတယ်။

“ဒီကိစ္စ မင်းဘယ်သူ့ကိုမှ မပြောဘဲထားရင် ကောင်းမယ်”လို့ သူက လေသံကိုနှိမ့်ရင်း နှစ်ကိုယ်ကြား ပြောလိုက်တယ်။ အဲဒီအချိန် ဆိုင်ထဲဝင်လာတဲ့ ကျနော်တို့အထက်လူကြီး အပျိုကြီးမမက “ဟေ့ နင်တို့ နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး တိုးတိုးတိုးတိုးနဲ့ ဘာတွေအကြည်ဆိုက်နေကြတာလဲ”ဆိုပြီး စလိုက်လို့ ခဏစကားစ ပြတ်သွားသေးတယ်။

“ငါတော့ လက်နက်တစ်ခုရတာပဲကွ။ ဒါဝှက်ဖဲတစ်ချပ်ပဲ”လို့ ကျနော်က ကိုထွေးကို စေ့စေ့ကြည့်ပြီး မှိုရတဲ့သူ တစ်ယောက်လို ပြောချလိုက်တယ်။ ကိုထွေးကတော့ မျက်ခုံးတစ်ချက်ကိုပင့်လိုက်ပြီး -

“မင်းလျှောက်လုပ်မနေနဲ့ဦး။ ပြဿနာတစ်ခုခုတက်နေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်”လို့ အလေးအနက်ပုံစံနဲ့ ပြန်ပြောတယ်။ ကျနော်ကတော့ မလျှော့ဘူး။

“ရုံးက ကတုံးကို ငါဘလော့လုပ်ကြည့်မယ်ကွာ။ ဒီဘဲ ငါ့ကို နှိပ်ကွပ်ထားတာကြာပြီ။ ငါ သူ့ ပြန်ပြီး အရူးလုပ်လိုက် ဦးမယ်။”

ကတုံးဆိုတာက ကျနော်တို့ရုံးရဲ့ အကြီးဆုံးမန်နေဂျာကိုပြောတာပါ။ ထိပ်ပြောင်နေတဲ့အတွက် ခေါင်းတုံးတုံး ထားရလို့ ဝန်ထမ်းတွေက သူ့ကိုနောက်ကွယ်မှာ ကတုံးလို့ခေါ်ကြတယ်။ အောက်လက်ငယ်သားအပေါ် ပါဝါအာဏာ ပြချင်ပြီး ပိုင်ရှင်နဲ့ကျရင် ဖားချင်တတ်တဲ့ အထက်ဖားအောက်ဖိ တစ်ကောင်မို့ သူ့ဆိုရင် တစ်ရုံးလုံးက ကြည့်မရကြဘူး။ သူ အမြဲတမ်း ခေါ်ခေါ်ရစ်တဲ့အထဲမှာ ကျနော်လည်းပါတယ်။ ဒါကြောင့် ကျနော့်စိတ်ထဲ သူ့ဆိုရင် မေတ္တာမရှိလှဘူး။

ကိုထွေးကတော့ လက်ဖက်ရည်ကို ‘ဇွက်’ခနဲမော့ချလိုက်ပြီး သက်ပြင်းချလိုက်တယ်။ ပြီးတော့ ခေါင်းကို တွင်တွင်ခါတယ်။ “မင်းလျှောက်မလုပ်နဲ့နော်”လို့သာ ကျနော့်ကို အတန်တန်မှာသွားတာပဲ။

အဲဒီနေ့ညတော့ ကျနော်သူ့ကို ဘလော့ချင်တဲ့စိတ်ကို ထိန်းမရတော့ဘူး။ ကျနော့် ဖေ့စ်ဘွတ်ထဲမှာ သူက ‘ဖရင်း’ မဟုတ်ပေမဲ့ (သူကတော့ လာပြီး ‘အက်ဒ်’လုပ်ထားပေမယ့် ကျနော်က လက်မခံထား) သူ့ကို ကျနော်က ဘလော့လို့ရတာပဲ မဟုတ်လား။ အနည်းဆုံးတော့ စမ်းကြည့်တာဟာ အရှုံးမရှိဘူးလို့ ထင်တယ်။ မနက်ဖြန်မှာ သူ့ဆီအပြီးတင်ဖို့ ကျနော့်ကို သူခိုင်းထားတဲ့ အလုပ်တွေရှိတယ်။ ဒီတစ်ခါ စမ်းသပ်လိုက်လို့ မှန်းချက်နဲ့နှမ်းထွက်ကိုက်ရင်တော့ သူ့ကို တစ်ရုံးလုံးက ရူးနေ၊ ဂေါက်နေပြီလို့ သတ်မှတ်တာကို ခံရနိုင်တယ်။

နောက်တစ်နေ့ ရုံးသွားတော့ ကျနော် ထခုန်မိမတတ် ဝမ်းသာသွားတော့တာပဲ။ နေ့ခင်း ထမင်းစားချိန် အရောက်မှာ မန်နေဂျာ ကတုံးတစ်ယောက် ပေါက်ကွဲတော့တာပဲ။ ဒီအချိန်အထိ ကျနော် ရုံးမရောက် သေးလို့တဲ့။ ကျနော်ကတော့ သူ့ကိုပြုံးပြီးကြည့်နေတယ်။ သူကတော့ ကျနော့်ကိုရှေ့ထားပြီး ကျနော့်ကို မမြင်ဘူး ဖြစ်နေတယ်။ ဘေးနားက ဝန်ထမ်းတွေက ကျနော် ဒီမှာပါလို့ လက်ညှိုးထိုးပြီးပြနေတာတောင် သူဟာ ကျနော့်ကိုမမြင်ရဘဲ သူ့ကို တစ်ရုံးလုံးက ဝိုင်းအရူးလုပ်နေပါတယ် ဆိုပြီး ဒေါသူပုန်ထနေတယ်။ ကျနော်လည်း “ဟာ ဆရာ၊ ကျနော်ဒီမှာလေ” ဘာညာနဲ့ ခပ်တည်တည်နဲ့ ဝင်လှိမ့်လိုက်ပေမယ့် သူက ကျနော် ပြောတာမှ မကြားပဲ။  ဝန်ထမ်းအားလုံးကလည်း သူတို့ မန်နေဂျာကတုံးတစ်ယောက် သောက်တာများ ပြီး လွတ်သွားပြီလားပေါ့။ အားလုံးထဲမှာ ကိုထွေးတစ်ယောက်သာလျှင် ဣန္ဒြေမပျက်ဘဲ အဓိပ္ပာယ်ပါတဲ့ အကြည့်တွေနဲ့ ကျနော့်ကိုလှမ်းလှမ်းကြည့်နေတယ်။ “မင်းကွာ ဂြိုဟ်မွှေပြန်ပြီ”ဆိုတဲ့ အကြည့်မျိုးပေါ့။

“ဒီကောင့်ကို ခုချက်ချင်းလိုက်ရှာ”

မန်နေဂျာကတုံးရဲ့ ဒေါသကြောင့် တစ်ရုံးလုံးဟာ အသက်တောင်မရှူရဲကြဘူး။ ဘာပြန်ပြောရမယ်မှန်းလည်း မသိကြတော့ဘူး။ ကျနော့်ကို ကြည့်လိုက်၊ မန်နေဂျာကိုကြည့်လိုက်နဲ့ အံ့ဩမှင်တက်မိနေကြတယ်။ ဒီကနေ့ သူ့ကိုအပြီးလုပ်ပေးရမယ့်အလုပ်က အမှန်ဆိုရင် ပြီးပြီဆိုပေမယ့် သူ့အဖြစ်ကို ကြည့်ချင်လို့ တမင်မပေးသေး ဘဲ အသာကြည့်နေတာ။ မန်နေဂျာဟာ သူ့အတွင်းရေးမှူးကိုလည်း ကျနော့်ဆီဖုန်းဆက်ခိုင်းတယ်။ ဆက်တော့ ဘာဖြစ်လဲ၊ ကျနော့်လက်ကိုင်ဖုန်း လာမြည်တာပေါ့။ အမှန်ဆို သူ့အတွင်းရေးမှူးမလေးကလည်း ကျနော့်ရှေ့ထားပြီး ကျနော့်ကိုဖုန်းဆက်ရတာ တော်တော်တော့ အူကြောင်ကြောင်ကိစ္စပဲ။ 

“အစ်ကို… မန်နေဂျာဆီလာခဲ့ပါတဲ့။”
“ဟဲ့… ငါ နင့်မန်နေဂျာရှေ့မှာပဲလေ။”
“သိတယ်လေ… ဒါပေမဲ့ သူက မရှိဘူးပြောနေတာ ဘယ်လိုလုပ်မလဲ။”

မန်နေဂျာ ကတုံးဟာ ကျနော့်ကိုအလုပ်ထုတ်ဖို့ပြင်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီပိုင်ရှင်သူဋ္ဌေးရောက်လာတော့ သူ့မန်နေဂျာကိုကြည့်ပြီး တဟားဟားရယ်ပါတော့တယ်။ ကျနော်က ကျနော်ပြီးထားတဲ့အလုပ်ဖိုင်တွဲတွေကို သူဋ္ဌေးလက်ထဲ အပ်ထားလိုက်တာကိုး။ ကျနော့်ဘက်က ဘာမှ လစ်ဟင်းတာမရှိ။ လူလည်းရှိနေတယ်၊ အလုပ် လည်းပြီးတယ်။ ဒါကိုမှ မန်နေဂျာကို ကျနော့်ကို အလုပ်ထုတ်ပါမယ်ဆိုပြီး လုပ်နေတော့ သူဋ္ဌေးလည်း အတော် ခေါင်းကိုက်သွားတယ်။ သူ့မန်နေဂျာကို သူ့အခန်းထဲခေါ်ပြီး ပြောလိုက်တာကတော့ “ဆရာ အိမ်မှာ ခဏလောက် အနားယူလိုက်ပါဦး”တဲ့။

အဲဒီနေ့ညက ကျနော်နဲ့ကိုထွေးနဲ့ နှစ်ယောက် အောင်ပွဲသွားခံကြတယ်။ ဘီယာတွေ တစ်လုံးပြီးတစ်လုံး သောက်၊ အမြည်းတွေစိတ်ကြိုက်မှာစားကြနဲ့ပေါ့။ နေ့လယ်ကအဖြစ်အပျက်ကို တစိမ့်စိမ့်ပြန်ပြောရင်း သောက်ရတာ အရသာရှိလိုက်တာ။ စင်ပေါ်က ကခုန်နေတဲ့ မယ်မဒီလေးတွေကလည်း လှမှလှ။ ပေါင်သား လေးတွေဆိုတာ ဖြူဖွေးဝင်းဥလို့။ ဒီနေ့မှာ သူတို့တစ်တွေကိုကြည့်ရတာ ပိုပြီးဆွဲဆောင်မှုရှိနေတယ်။ မပေး စဖူး ပန်းကုံးတွေလည်း ပေးပစ်လိုက်တယ်။ ကျနော် ပန်းကုံးတွေ ဆုချတဲ့ကလေးမဆိုတာ အသက် ဆယ့်ရှစ်နှစ် တောင်ပြည့်သေးရဲ့လား မသိပါဘူး။ တော်တော်တော့ ငယ်သေးတယ်။ သူဟာ စင်ပေါ်မှာ သီချင်းဆိုပြီးတဲ့အခါမှာ နတ်မိမယ်လေးဟာ ကျနော့်စားပွဲမှာလာထိုင်ပြီး တွတ်တီးတွတ်တာလေးတွေ ပြော လေရဲ့။ သမူးနဲ့အီး၊ သမီးနဲ့ဦး ဇာတ်လမ်း ခင်းကြတာပေါ့။

အဲဒီနေ့ညက ထွက်သွားတဲ့ ပိုက်ဆံတွေကို နောက်တစ်နေ့ကျတော့မှ တတိတိပြန်စဉ်းစားရင်း နှမြောနေမိ တယ်။ ကောင်မလေးဟာ ပတ်ချွဲနှပ်ချွဲနဲ့ ကျနော့်ဆီကနေ အတော်ရိတ်သွားတာပဲ။ ဆိုင်ပိုင်ရှင်နဲ့ သူ့နဲ့ကို လုပ်ကျွေးလိုက်ရတာပေါ့။ ကိုယ့်ဒေါသနဲ့ကိုယ်ဆိုတော့လည်း ဘာပြောသာမှာလဲ။ ကိုထွေးကိုဖုန်းဆက်လိုက် တယ်။ သူလည်း ညကအရှိန်နဲ့ခေါင်းတွေကိုက်ပြီး ရုံးမသွားနိုင်ဘူးပြောတယ်။ ကျနော်လည်း ခွင့်လှမ်းတိုင် လိုက်တယ်။ လူက ဘယ်လိုမှ မတ်မတ်ရပ်လို့တောင် မရဘူးဖြစ်နေတာကိုး။ သေချာတယ်၊ ဒီနေ့လည်း ဟို မန်နေဂျာ ခေါင်းတုံး ရုံးလာရမှာမဟုတ်ဘူး။ သူဌေးက သူ့ကို ပါးပါးနပ်နပ်နဲ့ အိမ်မှာနားခိုင်းထားလိုက်တော့ ကျနော့်ကို တတပြီး ဆဲရင်းနဲ့သာ ကျိတ်မနိုင်ခဲမရဖြစ်နေမှာကိုး။ ကျနော်လည်း သူ့ကို မကောင်းကြံမိလို့လား မသိဘူး။ တစ်နေ့လုံး ခေါင်းထဲမှာချာချာလည်နေတယ်။ ညနေတော့ ကိုထွေးနဲ့တွေ့ဖို့ချိန်းလိုက်တယ်။

တစ်နေ့လုံး ကျနော်လည်း ဖေ့ဘွတ်မသုံးဖြစ်ဘူး။ ရေတွေထသောက်လိုက်၊ ပြန်အိပ်လိုက်၊ ဆာလာရင် တစ်ခုခု ထစားလိုက်လုပ်နေတာပဲရှိတယ်။ ညနေ နည်းနည်းသက်သာတော့မှ ကိုထွေးနဲ့ချိန်းထားရာကို ထွက်လာ လိုက်တယ်။ တွေ့တော့ ကိုထွေးက မျက်စိမျက်နှာပျက်နေတယ်။

“ဟေ့ကောင် မင်း ဖေ့ဘွတ်ကို ဒီနေ့သုံးဖြစ်သေးလား။”

“ဟေ့အေး တစ်နေ့လုံး လူကဂိနေတာနဲ့ မသုံးဖြစ်ပါဘူးကွာ။”

“အဲဒါဆို ခု ဖွင့်ကြည့်ကြည့်စမ်း။”

သူပြောတော့မှာ ကျနော်လည်း ဝင်ကြည့်လိုက်တော့ ကျနော့် ဖေ့ဘွတ်ကို ဝင်လို့မရတော့ဘူး။ အမျိုးမျိုးကြိုးစားကြည့်တယ်။ မရဘူး။ ဟာ သွားပါပြီပေါ့။ ကိုထွေးက ပြောတယ်။

“ငါ နေ့လယ်တုန်းက မင်းကို ချတ်ကနေ လှမ်းစကားတော့ မင်းဘက်က ပြန်ပြောတဲ့စကားတွေက မူမမှန်ဘူး ကွ။ မင်းနဲ့ငါနဲ့ ပြောနေကျလေသံမဟုတ်ဘဲ တခြား တစ်ယောက်က မင်းအယောင်ဆောင်ပြီး ပြန်ပြောနေမှန်း သိသာလွန်းနေတယ်။ ဒါနဲ့ ငါလည်း ‘မင်းဘယ်သူလဲ၊ ငါ့သူငယ်ချင်းအကောင့်ကို ဘာလို့ယူသုံးရတာလဲ၊ ရဲ တိုင်လိုက်ရမလား’ ဘာညာလည်း စာလှမ်းရိုက်လိုက်ရော ငါ့ကို ဘလော့ လုပ်သွားတာပဲဟေ့။ မင်းအကောင့် တော့ အခိုးခံလိုက်ရပြီနဲ့တူတယ်။”

ကျနော်လည်း ခေါင်းနပမ်း အတော်ကြီးသွားတယ်။ သောက်ပြဿနာတွေတော့ တက်တော့မှာပဲ။ ဘယ်သူက ကျနော့်အကောင့်ကို ခိုးရတာလဲ။ ဘာရည်ရွယ်ချက်နဲ့လဲ။ သူဘာတွေသိထားလို့လဲ။

“ငါတို့… ငါတို့… ညက ဘီယာဆိုင်မှာ မူးပြီး လျှောက်ပြောရင်း ဘီယာမူးကျွဲခိုးပေါ်ကုန်တာများလား”လို့ ကျနော်က မျက်စိပျက်မျက်နှာပျက်နဲ့ပြောတယ်။

“ဟာ… ငါတို့ဝိုင်းမှာ ငါတို့နှစ်ယောက်ပဲရှိတဲ့ဟာ။ နောက်ပြီး ဆူညံနေတော့ ဘေးဝိုင်းကလူတွေလည်း မကြား လောက်ပါဘူး။ ကြားတောင် ငါတို့ပြောတဲ့ဟာကို သူတို့နားလည်ပါ့မလား။ ရုံးက မျက်နှာသိဘယ်သူမှလည်း ညကဆိုင်မှာ မတွေ့မိပါဘူး”လို့ ကိုထွေးက စဉ်းစားပြီး ပြောတယ်။

ကျနော့် အကောင့်ကို ရသွားတဲ့သူဟာ ကျနော်ရခဲ့တဲ့ ကိုယ်ဖျောက်တန်ခိုး သတ္တိကို ရမှာလား၊ မရဘူးလား ကျနော် သေချာမသိဘူး။ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ဆိုရင်တော့ …

ကျနော်နဲ့ကိုထွေးတို့လည်း ကျနော့်အတွက် အကောင့်သစ်တစ်ခုဖွင့်ပြီး ကျနော့်ရဲ့ အခိုးခံလိုက်ရတဲ့ အကောင့် ဟောင်းကိုလိုက်ရှာကြည့်တော့ တွေ့တယ်။ ကျနော့် အကောင့်နာမည် အတိုင်းပဲ။ ပရိုဖိုင်းပုံကလည်း ဘာမှ မပြောင်းရသေးဘူး။ အကောင့်ဟောင်းမှာ တင်ခဲ့ဖူးသမျှ ဓာတ်ပုံတွေ၊ ပို့စ်အဟောင်းတွေ အကုန်ကျန် မကျန်တော့ မသိဘူး။ အများစုကို ကျနော်က ‘သူငယ်ချင်းများ သာ’ မြင်ရအောင် တင်တာကိုး။ ကျနော်ရဲ့အကောင့်အသစ်ကနေပြီး ကိုထွေးကို အဒ် လုပ်လိုက်တယ်။ ပြီးတော့ ‘ဘလော့’ လုပ်လိုက်တယ်။ ဒါပေမဲ့ ကိုထွေးရဲ့ရှေ့မှာ ကျနော် ပျောက်မသွားဘူး။ 

“ဒါဖြင့် သေချာပြီကွ။ မင်းရဲ့အကောင့်အဟောင်းတစ်ခုပဲ ဖြစ်နေတဲ့သဘောပဲကွ။ သုံးတဲ့လူနဲ့မဆိုင်ဘူး။ ဟိုကောင်က အဲဒီကိစ္စကို သိသွားပြီး ခိုးသွားတာပဲ။”

“ကိုထွေးရာ ငါတော့ စိတ်ညစ်တော့တာပါပဲ ဒီလိုမှန်းသိ ဂျာကြီးကတုံးကို ဒုက္ခမပေးခဲ့ပါဘူး။ သူများကို ချောက်ချချင်တာနဲ့ ခုတော့ ငါဝဋ်လည်တော့မယ်…”

နှစ်ယောက်သား စကားမပြောနိုင်ဘဲ ငိုင်ကျသွားကြတယ်။ အဲဒီနောက်ပိုင်း ကျနော်လည်း ဖေ့ဘွတ်ကို သိပ် မသုံးဖြစ်တော့ဘူး။ ကျနော့်မိန်းမကတော့ ခုတလော ရှင့်ကိုဖေ့ဘွတ်မှာ မတွေ့ပါလားလို့ပြောတယ်။ ကျနော် လည်း သူ့ကို ရှင်းပြမနေတော့ဘဲ “အေး… ဟုတ်တယ်။ အကောင့်ပျက်သွားတယ်”လို့ပဲ ပြောလိုက်တယ်။ သူကလည်း ပြန်ပြီးရှည်ရှည်ဝေးဝေးစဉ်းစားမနေဘူး။ သူတို့လို ဖေ့ဘွတ်ကို နှောင်းမှသုံးတဲ့လူတွေကြားမှာ အကောင့်ခဏခဏပျက်လို့ ခဏခဏပြင်ဖွင့်ရတာက ထုံးစံလိုပဲ မဟုတ်လား။ ကျနော်ကတော့ တန်ခိုးသိဒ္ဓိရှိတဲ့ အဲဒီ ဖေ့ဘွတ်အဟောင်းလေးကိုပဲ နှမြောနေမိတယ်။

ကျနော့်ရဲ့ အဲဒီဖေ့ဘွတ်အကောင့်အဟောင်းလေးမှာ ဘာလို့ အဲလို အစွမ်းသတ္တိတွေရှိနေရတာလဲ။ ဘာဖြစ်လို့ အဲဒီအကောင့်ပိုင်ရှင်အနေနဲ့ လူတစ်ယောက်ကို ဘလော့လိုက်တိုင်း ဘလော့ခံရတဲ့သူဟာ ဖေ့ဘွတ်ပေါ်မှာသာ မက အပြင်မှာ အကောင့်ပိုင်ရှင်ကို မမြင်ရ၊ မကြားရဖြစ်သွားရတာလဲ။ ဒီအကောင့်ကို အခုရသွားတဲ့သူကရော ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လဲ။ ဘယ်လို မကောင်းမှုမျိုးတွေ ကျူးလွန်လို့ရသလဲ။ သူ မဟုတ်တာ တစ်ခုခု လုပ်လိုက်ရင် ကျနော်ဘယ်လိုမျိုး အမှုပတ်နိုင်သလဲ။

တစ်လလောက်အကြာမှာ ရဲစခန်းကရဲတွေက ရပ်ကွက်လူကြီးတွေခြံရံပြီး အိမ်ကိုရောက်လာတယ်။ ကျနော် လည်း အထိတ်ထိတ်အပြာပြာနဲ့ပဲ

“ဘာကိစ္စများရှိလို့ပါလဲခင်ဗျ”
“ဟုတ်ကဲ့။ ဦးစိုးအောင်ကို လူငါးယောက်က ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားလို့ ခဏလောက် လိုက်ခဲ့ပါခင်ဗျ။”

“ခင်ဗျာ ကျနော် ဘာများလုပ်မိလို့ပါလဲ။ ကျနော်က ဘာတွေများ ငြိစွန်းနေလို့လဲ။”

“ဒါတွေတော့ စခန်းရောက်မှ ပြောကြတာပေါ့။ ခုတော့ လိုက်ခဲ့ပါဦး။”

ကျနော်တော့ ဒါ ဟိုသူခိုးလက်ချက်ပဲလို့ ချက်ချင်းသိလိုက်ပြီ။ ဘာပြဿနာတွေတက်ထားလဲဆိုတာတော့ စခန်းရောက်မှ သိရတော့မှာပဲ။ စခန်းရောက်တော့ ရဲအရာရှိက ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ထုတ်ပြပြီး ခုလိုပြောတယ်။

“ဦးစိုးအောင်ဟာ ဒီ စာရင်းမှာပါတဲ့ လူတွေဆီကို ဖေ့ဘွတ်ကနေ ခြောက်လှန့်ပြီး ငွေတောင်းယူထားတယ် ဆိုပြီး နစ်နာသူကာယကံရှင်တွေက လာရောက်အမှုဖွင့်ကြတဲ့အတွက် စစ်မေးရတာပါ။ ဟောသည် ဖေ့ဘွတ် အကောင့်ဟာ ဦးစိုးအောင်ရဲ့ အကောင့်ဟုတ်ပါသလား။”

ပရင့်ထုတ်ထားတဲ့ စာရွက်ပေါ်က ကျနော့်ရဲ့ အခိုးခံလိုက်ရတဲ့ အကောင့်အဟောင်းကို ပြန်ကြည့်ရင်း ကျနော် ဘာပြန်ပြောရမှန်း မသိဘူး။ ကျန်တဲ့ စာရွက်တွေပေါ်မှာတော့ အမှုဖွင့်ထားကြသူတွေဟာ ကျနော်နဲ့ အပြင်မှာ တစ်နည်းနည်းသိထားတဲ့သူတွေပဲ။ သူတို့တွေနဲ့ ကျနော့်အကောင့်သူခိုးတို့ ပြောထားတဲ့ ချတ် မှတ်တမ်းတွေ။ ကျနော် အမြန်မြန်ဖတ်ကြည့်လိုက်တယ်။ အသိမိန်းကလေးတစ်ယောက်လည်း ပါတယ်။ သူ့ကိုတော့ သူ့ရဲ့ ဝစ်လစ္စလစ်ပုံတွေနဲ့ပြပြီး ခြောက်လှန့်ငွေတောင်းထားတယ်။ ကုမ္ပဏီက အရာရှိလည်းပါတယ်။ ဌာနဆိုင်ရာ အရာရှိတွေလည်း ပါတယ်။ သူတို့ကိုကျတော့ သူတို့ လူမသိသူမသိ ရှုပ်ထားတာ၊ မဟုတ်တာ လုပ်ထားတာ တွေကို သူသိကြောင်းပြောပြီး ငွေညှစ်ထားတယ်။

“ဒါ ဦးစိုးအောင်သုံးတဲ့ အကောင့်ဟုတ်ပါသလား။” ရဲအရာရှိက ဒုတိယအကြိမ် မေးတယ်။

“ဟုတ် … ဟုတ်ပါတယ်။ … အဲ မဟုတ်ပါဘူး။”

ရဲအရာရှိက မျက်လုံးလှန်ကြည့်တယ်။ ‘မှန်မှန်ပြောနော်’ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တယ်။

“ဒီလိုပါ…”

ကျနော်လည်း တံတွေးမြိုချပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တယ်။ စကားဆုံးသွားချိန်မှာတော့ ရဲ အရာရှိဟာ ခပ်တည်တည်နဲ့ကျနော့်ကို အကြာကြီးစိုက်ကြည့်နေပြီး တစ်အောင့်လောက်ကြာတော့ ဟားခနဲ ရယ်တော့တာပဲ။

“သိပ်ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲ။”

“တကယ်ပြောတာပါဗျာ။ ဟော သည်မှာ ကျနော့်ဖုန်းပါ။ ကြိုက်သလို စစ်နိုင်ပါတယ်။ နောက်ပြီး ဒီအကြောင်းကို ကျနော့်သူငယ်ချင်း ကိုထွေးလည်း သိပါတယ်။ သူ့ကိုလည်း ကြိုက်သလို ခေါ်စစ်နိုင် ပါတယ်။”

ရဲအရာရှိက ကိုထွေးကိုလည်းခေါ်စစ်တယ်။ ကျနော်တို့တစ်တွေနဲ့ စကားပြောပြီးတဲ့အခါမှာတော့ ရဲအရာရှိ မင်း တစ်ယောက် ခေါင်းတွေကိုတဗျင်းဗျင်းကုတ်လိုက်တာ ခေါင်းက ပြောင်နေတဲ့ ထိပ်အစပ်က ဆံပင်တွေ တောင် ပိုပြီးကျွတ်လာသလားပဲ။

“လောလောဆယ်တော့ ဦးစိုးအောင်ကို တစ်ညချုပ်ထားမယ်။ မနက်ဖြန်ကျမှ တရားရုံးထုတ်ပြီး ရမန်ယူမယ်။”

ကျနော်လည်း ခေါင်းကိုခပ်သွက်သွက်ညိတ်ပြလိုက်တယ်။ 

“ဖုန်းကိုတော့ စီအိုင်ဒီမှာ စစ်ဖို့ယူထားရမယ်။ ကွန်ပျူတာလည်း ခဏ သိမ်းထားရမယ်။ ဒါဥပဒေအရပါ။”

ကျနော့်မိန်းမကတော့ မျက်နှာငယ်လေးနဲ့ပဲ “ကျမ ယောက်ျား ထောင်တွေဘာတွေကျမှာလား” ဟင်ဆိုပြီး ရဲအရာရှိကိုမေးလေရဲ့။ ဒီလိုဆိုတော့လည်း တယ်ချစ်ဖို့ကောင်းတဲ့မိန်းမ။ ကျနော့်ကို သူနားငြီးအောင် လုပ်ခဲ့တာတွေ ခုတော့လည်း စိတ်ထဲမရှိတော့ပြန်ဘူး။ သူတို့ ကိုထွေးတို့တစ်တွေ ကျနော့်အတွက် ရှေ့နေရှာ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ဖို့ပြန်သွားကြတယ်။ တစ်ညတော့ ရဲစခန်းမှာ သံတိုင်တွေကြား မအိပ်စဖူး ညအိပ်လိုက်ရသေးတယ်။ စိတ်တွေတော့ ဘာညစ်သလဲမမေးနဲ့ဗျို့။ တစ်ခါမှလည်း ရုံးရောက်ဂတ်ရောက် မဖြစ်ဖူးတော့ ရှက်လိုက်တာ လွန်ပါရော။ ပြီးတော့ ရောက်ရတဲ့အမှုကလည်း ကျော်မကောင်းကြားမကောင်း။

နောက်နေ့ ရုံးထုတ်တော့ အာမခံလျှောက်ပေမယ့် လောလောဆယ် ကျနော့်ကိုချုပ်ထားဖို့ပဲ တရားသူကြီးက ဆုံးဖြတ်တယ်။ ကျနော့် ဖုန်းတွေ၊ လက်ပ်တော့တွေလည်း စီအိုင်ဒီကို ရောက်သွားတာပေါ့ဗျာ။ ကိုထွေးကရော ကျနော့်ရှေ့နေကရော စိတ်သိပ်မပူဖို့ ကျနော့်ကိုပြောပါတယ်။ ကျနော် သုံးတာမဟုတ်တဲ့အတွက် ကျနော် လွတ်ကို လွတ်ရမယ်ပေါ့။ ကျနော်ကတော့ ဟိုသူတောင်းစားကို ကျိန်ဆဲနေမိတာပဲ။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်ကင်းကင်း ငွေညှစ်မစားဘူး။ ကျနော့်အကောင့်ကို သုံးပြီး လာညှစ်ရတယ်လို့။

အဲဒီ သကောင့်သားက ကျနော့်အကောင့်ထဲက လူတွေကို ဖေ့ဘွတ်မှာအရင် ဘလော့လုပ်လိုက်တယ်။ သူ့ကို မမြင်ရတော့ဘူးဆိုမှ သူတို့ရဲ့အနားကိုကပ်ပြီး သူတို့နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်၊ အားနည်းချက်တစ်ခုခုကို ရအောင်၊ သိအောင်လုပ်တယ်။ ဥပမာ သူငွေညှစ်ထားတဲ့ကောင်မလေးဆိုရင် သူ့ဘာသာသူ လူမမြင်ကွယ်ရာ တစ်နေရာမှာ အဝတ်လဲတာကို သူက ကိုယ်ဖျောက်ပြီးအနားကပ်ဓာတ်ပုံရိုက်တယ်။ ပြီးတော့ ပုံတွေကို ပို့ပြီး ငွေညှစ်တယ်။ နောက် လာဘ်စားတာအရမ်းတော်တဲ့ အရာရှိတစ်ယောက်ဆိုရင်လည်း ဟိုကောင်က အဲဒီ အရာရှိရော သူ့ကိုလာဘ်ပေးတဲ့သူကိုရော ဖေ့ဘွတ်မှာရှာ ဘလော့လုပ်ပြီး သူတို့နှစ်ယောက်တည်း ခိုးကြောင် ခိုးဝှက်တွေ့နေတုန်း အနားကပ်သွားပြီး သူတို့ပြောသမျှတွေကို အသံဖမ်းလာခဲ့တာပဲ။ ပြီးတော့ ငွေညှစ်။ အဲလိုမျိုးပေါ့။ အင်း… ကျနော်ကသာ ဘာမှအဖြစ်ရှိအောင် မလုပ်တတ်တာ၊ သူကတော့…

စီအိုင်ဒီကလည်း ခပ်မြန်မြန်ပဲ ဒါကျနော့်လက်ရှိသုံးနေတဲ့ အကောင့်မဟုတ်ဘူးဆိုတဲ့ အဖြေထုတ်ပေးတယ်။ ကျနော့်ဘက်က သက်သေတွေကလည်း ခိုင်မာနေတော့ ကျနော်လွတ်ဖို့အလားအလာရှိတာပေါ့။ ဒါပေမဲ့ ပြဿနာက ဟိုကောင် ဘယ်ကနေသုံးနေလဲဆိုတာ လိုက်လို့မရဘူးဖြစ်နေတာပဲ။ ဒီကောင်ဟာ အိုင်တီမှာ တော်တော်ကျွမ်းကျင်ပုံရတယ်။ သူ့ရဲ့ တည်နေရာတွေ ဘာတွေကို မသိနိုင်အောင် ဖျောက်တဲ့နေရာမှာ တော် တယ်ပြောရမယ်။ ဒီကိစ္စဟာ အစိုးရကက်ဘိနက်အထိပါ တက်သွားတယ် ပြောတယ်။ နောက်ဆုံး နိုင်ငံတော်သမ္မတရယ်၊ စီအိုင်ဒီရဲ့ ညွှန်ကြားရေးမှူးရယ် အထူးအစည်းအဝေး ထိုင်ကြတယ်ဆိုပဲ။ အစည်းအဝေးမှာ ဖေ့ဘွတ်ရဲ့ မူလပိုင်ရှင်ဖြစ်သူ မာ့ခ် ဇူကာဘတ်ကို လှမ်းအကြောင်းကြား မယ်လို့ ဆုံးဖြတ် လိုက်ကြတယ်။

နောက်ဆုံး ဇူကာဘတ်နဲ့ သူ့ပညာရှင်တွေဟာ မြန်မာနိုင်ငံကို သူ့ကိုယ်ပိုင်လေယာဉ်လေးနဲ့ ကသောကမျောနဲ့ ရောက်လာတယ်။ ဒါပေမဲ့ ဒီသတင်းကို အထူးလျှို့ဝှက်ထားကြတယ်။ ကျနော်တို့တွေကလွဲရင် ဘယ်သူကမှ မသိဘူး။ မီဒီယာကလည်း မသိဘူး။ နိုင်ငံတော် သမ္မတ အိမ်တော်ရဲ့ လျှို့ဝှက်အစည်းအဝေးခန်းမထဲ ညလုံးပေါက် တွေ့ဆုံစည်းဝေးကြပြီးတဲ့အခါမှာ ဇူကာဘတ်တို့ဘက်က အဲဒီ ကျနော်ရဲ့ဖေ့ဘွတ် အကောင့် အဟောင်းကို အမေရိကမှာကျန်ခဲ့တဲ့ သူ့အဖွဲ့သားတွေနဲ့ ဒီကိုပါလာတဲ့ အဖွဲ့သားတွေ တိုက်ရိုက် အစည်းအဝေး လုပ်ပြီး သူတို့ဘက်က ပြန်ပြီးရအောင် လုပ်ပေးကြတယ်။ ခိုးသုံးနေသူရဲ့ တည်နေရာကိုလည်း အမေရိကန်ရဲ့ အဆင့်မြင့်နည်းပညာတွေ သုံးပြီးဖော်ထုတ်လိုက်တော့ ရဲက ချက်ချင်းသွားဖမ်းတော့ မိလာတယ်။ သူ့ကို ကျနော် မသိပါဘူး။ သူကတော့ သူကိုယ်တိုင်က အိုင်တီပညာရှင်ဖြစ်ပြီး အဲဒီနေ့ညက တိုက်တိုက်ဆိုင်ဆိုင် ဘီယာဆိုင်မှာ ကျနော်နဲ့ကိုထွေးတို့နဲ့ ဘေးဝိုင်းမှာ ထိုင်ဖြစ်ရာက ကျနော်တို့ပြောတဲ့ စကားကို တစ်စွန်းတစ်စ ကြားရင်းကနေ စိတ်ဝင်စားသွားပြီး ကျနော်တို့နားကပ်၊ ကျနော့် အိတ်မှာ ‘ဘာ့ဂ်’လို့ခေါ်တဲ့ အသံဖမ်းစက် သေးသေးလေးကို ကပ်လိုက်တာပဲ။ ဒီကနေ ကျနော်တို့ပြောတဲ့စကားတွေကနေတစ်ဆင့် ကျနော့် အကောင့် အကြောင်းကို သူသိလိုက်ရတယ်တဲ့။

ဒီတော့မှ ကျနော်တို့လည်း ပြန်မှတ်မိတော့တယ်။ အဲဒီညက ဘေးဝိုင်းကတစ်ယောက်က ကျနော်တို့ဆီကနေ ဆေးလိပ်မီးညှိချင်လို့ဆိုပြီး မီးခြစ်ခဏငှား၊ ဝိုင်းနားကပ်လာသေးတာကိုး။ ဘီယာမူးကျွဲခိုးပေါ်ဆိုတာ တကယ်ပါပဲ။ သူကလည်း သူ့တွက်ကိန်းနဲ့သူပေါ့။ ကျနော့် ဖေ့ဘွတ်ကို သူသိအောင် ဘယ်လိုလုပ်သလဲလို့ မေးတော့ သူ့အလုပ်က ကျနော်အလုပ်လုပ်တဲ့ ကုမ္ပဏီနဲ့ တစ်ရပ်ကွက်တည်းပဲ။ ဒီဆိုင်မှာလည်း လာထိုင်နေကျ ဆိုတော့ ကျနော့်ကိုလည်း သူက မျက်မှန်းတန်းမိနေတာပေါ့။ ကျနော့်ဖေ့ဘွတ်ကို သိအောင် လုပ်ဖို့ရယ်၊ ရအောင် ဖောက်ထွင်းခိုးယူဖို့ရယ်ဆိုတာကတော့ သူ့လို ‘ဟက်ကာ’တစ်ယောက်အတွက် မခက် ပါဘူးတဲ့။

“ရှာမှရှားတဲ့ အဖြစ်အပျက်ပဲဗျ။ ကျနော်တို့ တခြား အကောင့်တွေမှာ ဒါမျိုးမဖြစ်ဘူး။ ဘာလို့များ ခင်ဗျား ဟာကျမှ…”လို့ဆိုပြီး ဇူကာဘတ်တစ်ယောက် ပဟေဠိဖြစ်နေပုံများ မျက်စိထဲကကို မထွက်ဘူး။

ကျနော့် ဖေ့ဘွတ်အကောင့်ရဲ့ ကိုယ်ပိုင် အိုင်ဒီနံပါတ်မှာပါတဲ့ ဂဏန်းအတွဲတွေကြောင့်များလားလို့လည်း ဝိုင်းစဉ်းစားကြတယ်။ ဂဏန်းသင်္ချာမှာ တချို့ဂဏန်းတွေမှာ ထူးခြားတဲ့လျှို့ဝှက်စွမ်းအင်တွေရှိတတ်တယ် မဟုတ်လား။ ၉ ဂဏန်းဆိုရင် ဘယ်လိုပါဝါ၊ ၁ ဆိုရင် ဘယ်လို၊ ၁၃ ဆိုရင် ဘယ်ညာ စသည်ဖြင့်။ ဇူကာဘတ် ကတော့ ပြောတယ်။ ကျနော် ဒီ ဖေ့ဘွတ်ကို အကောင့်ဖွင့်တဲ့အချိန်တုန်းက ရှိနေခဲ့တဲ့ ဂြိုဟ်နက္ခတ်တွေရဲ့ တည်နေပုံကြောင့်များလားတဲ့။ ဒီ ငတိလည်း နက္ခတ္တဗေဒကို ယုံသားပဲလို့တောင် ကျနော့်မှာ အံ့အားသင့် ရသေး။

ဇူကာဘက်တို့ကလည်း ကျနော့်အကောင့်ကို ပြန်ရအောင်လုပ်ပေးတဲ့အပြင် လုံခြုံရေးအဆင့်အတန်းတွေကို မြှင့်လိုက်ကြတာပေါ့။ ဒါပေမဲ့ ကျနော်ကတော့ ဒီအကောင့်ကို ပြန်မသုံးချင် တော့ဘူး။ စီအိုင်ဒီနဲ့တကွ သမ္မတအကြံပေးတွေကလည်း ပြန်မသုံးစေချင်ဘူး။ “ဒီအကောင့်ကို ဖျက်ချင် ဖျက်လိုက်ပါ”လို့ ကျနော်က ပြောလိုက်တယ်။ ဒါပေမဲ့ ရဲအရာရှိတစ်ယောက်က တစ်ခုတင်ပြတယ်။

ဒီ အကောင့်ရဲ့ထူးခြားတဲ့အစွမ်းသတ္တိတွေကို အသုံးချပြီး တချို့သောကိစ္စတွေကို ဖော်ထုတ်ရင်ရနိုင်တယ်ပေါ့။ အခုတောင် ဒီအကောင့်ကိုသုံးတဲ့ မသမာတဲ့သူကြောင့် အရာရှိတစ်ယောက်ရဲ့ လာဘ်စားမှုကို သိလိုက်ရတာ မဟုတ်လား။ နောင်ကို ဒီအကောင့်ကိုသုံးပြီး လူ့အဖွဲ့အစည်းထဲက မသမာမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းဖော်ထုတ်လို့ရနိုင်တယ်ပေါ့။ သမ္မတနဲ့တကွ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ မျက်လုံးတွေဟာ ဝင်းလက်သွား ကြတယ်။

“ဟုတ်တယ်။ ဦးစိုးအောင်ကို ဒီကိစ္စအတွက် တာဝန်ပေးချင်တယ်။ ခင်ဗျား ကျနော်တို့အတွက် အလုပ်လုပ် ပေးပါလား။ ဒီအကြောင်းကို လျှို့ဝှက်ထားလို့ရတာပဲ။ ဒါနဲ့ ခင်ဗျားမိန်းမရော ဒီကိစ္စသိသေးလား။”

“ဟင့်အင်း မသိပါဘူး။ သူ ဒီဖေ့ဘွတ်အကောင့်အကြောင်း လုံးဝကိုမသိသေးပါဘူး။”

“ကောင်းတယ်… ခင်ဗျားမိန်းမမသိတာ အကောင်းဆုံးပဲ။” ရဲအရာရှိရဲ့မျက်လုံးတွေဝင်းလက်လို့။
ကျနော်ကတော့ မလုပ်ချင်ပါဘူးဆိုပြီး အတင်းငြင်းတာပဲ။ ဒါပေမဲ့ နိုင်ငံတော်သမ္မတကြီးနဲ့တကွ နိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေက ဝိုင်းဝန်းတောင်းပန်ကြတော့ ကျနော်လည်း ခေါင်းညိတ်လိုက်ရတော့တာပေါ့ ဗျာ။ မက်လောက်တဲ့လစာနဲ့ တခြားခံစားခွင့်တွေကလည်း ရသေးတာကိုး။ ကျနော်ကတော့ လက်ရှိ ကုမ္ပဏီမှာပဲ မထင်မရှားဝန်ထမ်းလေးအဖြစ် ဆက်လုပ်ပြရတယ်။ ကျနော် ရတဲ့ငွေတွေကို ဘဏ်မှာစုထားတာ မိန်းမတောင် မသိဘူးလေ။ အသိပေးလို့လည်း မဖြစ်သေးဘူးထင်တာပဲ။

သူတို့က ကျနော့်အတွက် အထူးသင်တန်းတွေ ဘာတွေလည်း သင်ပေးတာပေါ့ဗျာ။ စုံထောက်တို့တပ်အပ်တဲ့ အဋ္ဌာရသတွေပေါ့။ အဲသည်လိုနဲ့ မထင်မှတ်ဘဲ ကျနော်ဟာ အထူးစုံစမ်းဖော်ထုတ်ရေးအဖွဲ့ကြီးရဲ့ စပယ်ရှယ်အေးဂျင့် တစ်ယောက် ဖြစ်လာတော့တာပဲ။ ကျနော့်ရဲ့ ဖေ့ဘွတ်အကောင့်ကိုသုံးပြီး ဖော်ထုတ်နိုင်ခဲ့တဲ့ မှုခင်းတွေ၊ အကျင့်ပျက် ခြစားမှု၊ လာဘ်စားမှုတွေလည်း မနည်းတော့ပါဘူး။ ကျနော်ကတော့ ကိုယ့်ရဲ့လျှို့ဝှက်အလုပ်အကြောင်း လူမသိအောင် ဖုံးဖိပြီး စုံထောက်လုပ်ရတာ သိပ်တော့ မပျော်လှဘူး။ ကိုယ်က သာမန်လူလိုပဲ ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ် နေချင်တာကိုး။ ဒါပေမဲ့ လည်း တိုင်းပြည်အတွက် မကောင်းတဲ့သူတွေကို ဖော်ထုတ်ပေးရတာဆိုတော့လည်း … 

***

“ကိုစိုးအောင် … ကိုစိုးအောင် … ထတော့လေ။ နေမြင့်နေပြီ။ ရုံးသွားရဦးမယ်။ ညကလည်း မူးရူးပြီး ပြန်လာ၊ မနက်ကျတော့လည်း မထ… ဟင်း”

ကျနော့်မိန်းမရဲ့အသံအကြားမှာ ကျနော့်ရဲ့အိပ်မက်လေးလည်း ပျောက်ကွယ်သွားပြီး သကာလ ကျနော် တစ်ယောက် ရေမိုးချိုးအဝတ်အစားလဲ၊ မိန်းမပြင်ထားတဲ့ မနက်စာကို စားရင်း ရုံးကိုထွက်လာခဲ့ပါတယ်။ ရုံးရောက်တော့မှ ညက မိန်းမကို ဘလော့ခ် လုပ်ထားတာကို ပြန်ဖွင့်ပြီး သူငယ်ချင်းအဖြစ် ပြန်အက်ဒ် လိုက်ရ တယ်။ မိန်းမတစ်ယောက်ကတော့ ဘာမှ မသိရှာပါဘူး။

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။




Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...