Skip to main content

မောင် မိုး သက်



မောင်


ကိုယ့်ကိုယ်ကိုယ် ကံအကောင်းဆုံးလို့ထင်တဲ့အချက်ကတော့ ကျွန်တော့် ဒီဇနီးနဲ့ အိမ်ထောင်ကျ ခဲ့တာပါပဲ။ ပြောရရင် ကိုယ်ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ထဲက ကိုယ်စိတ်ကူးယဉ်ခဲ့တဲ့ အိမ်ထောင်ရှင်မ မျိုးကို ရတယ် ဆိုပါတော့။ ကျွန်တော်ငယ်ငယ်က ဂျာနယ်ကျော် မမလေးရဲ့ ‘သူမ’ဝတ္ထုကို ဖတ်ပြီး အဲဒီထဲက သက်သက် လို မိန်းမမျိုးကို စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဝတ္ထုထဲမှာ သက်သက်ဟာ ဝန်ကြီး တစ်ဦးရဲ့ ခြောက်သွေ့နေတဲ့ စံအိမ်တော် ကြီးကို နေအိမ်နဲ့တူအောင် သာယာစိုပြည်တဲ့ ဂေဟာလေး ဖြစ်လာစေခဲ့တာ မဟုတ်လား။ တိုက်တိုက် ဆိုင်ဆိုင် ကိုယ်နဲ့ရတဲ့ မိန်းမနာမည်မှာလည်း ‘သက်’ ပါတယ်။

သက်နဲ့ ကျွန်တော်နဲ့က တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်းတွေပါ။ ကျောင်းပြီး ဘွဲ့ရလို့ မကြာဘူး၊ နှစ်ဖက် မိဘကို ဖွင့်ပြောပြီး ယူခဲ့ကြတာပဲ။ သက်ဟာ ကျွန်တော် ရှာဖွေ နေတဲ့ ‘သူမ’ ပါပဲ။ အိမ်ထောင်မှုကိစ္စ သိပ်နိုင်နင်းတယ်။ မိန်းမလည်း တအားပီသသလို သားသားနဲ့မီးမီးကို ရလာတော့လည်း စံပြမိခင် ဖြစ်တာပါပဲ။ မိဘမျိုးရိုးကလည်း ပညာတတ်တယ်။ တအားမချမ်းသာပေမယ့်လည်း တိုက်နဲ့တာနဲ့ တင့်တင့် တယ်တယ်နေနိုင်တယ်။ သက်ဟာ သူဌေးသမီးရယ်လို့ သုံးဖြုန်း အပျော်အပါး မက်တာ မျိုးလည်း မရှိဘူး။ ကျောင်းမှာကတည်းက ရိုးရိုးကုပ်ကုပ်နေပြီး ပညာကိုပဲ အာရုံစိုက်တယ်။ ကျောင်းကို ကိုယ်တိုင် ကားကလေး မောင်းပြီး လာတက်တယ်။ စာဖတ်လည်း ဝါသနာပါတယ်။ ကျွန်တော့်ကိုလည်း ချစ်ရှာပြီး ပြုစုယုယ၊ အနွံအတာခံရှာတယ်။

ပညာရေးထူးချွန်တဲ့ သက်တစ်ယောက် မဟာတန်းအဆင့်မီလို့ ဆက်တက်မယ်လုပ်နေတုန်း ကျွန်တော်နဲ့ အိမ်ထောင်ကျ သွားတော့ ကျောင်းဆက်မတက်ဖြစ်တော့ဘူး။ ကျွန်တော်က သက်ကို ကျောင်းဆက် တက်စေချင်ပါတယ်။ သူ့လို ပညာထူးချွန်သူတစ်ယောက် ကျွန်တော့်အတွက် အနစ်နာခံမှာကို မလိုလားပါဘူး။ ဒါပေမဲ့ သက်ကိုယ်တိုင်ကကို အိမ်ထောင်ရှင်မ ဘဝကိုပဲ ရွေးချယ်လိုက်တာပါပဲ။ သူ့မှာ ငယ်ငယ်ကတည်းက စိတ်ကူးရှိတယ်တဲ့။ တစ်နေ့ကျရင် အဆောက်အဦတစ်ခုကို ‘အိမ်’ဖြစ်အောင် ဖန်တီးချင်တယ်တဲ့။ ကျွန်တော့် အိမ်ကို ရောက်လာတဲ့နေ့ကစပြီး သက်ဟာ ပျော်ရွှင်နေတာပဲ။ အိမ်ကို ဟိုလိုလေး လုပ်ကြည့်လိုက်၊ သည်လိုလေး လုပ်ကြည့်လိုက်။ စိတ်တိုင်းကျ ဖန်တီးတယ်။ တကယ်တော့ ကျွန်တော့်အိမ်မှာ အိမ်အကူ ဝန်ထမ်းတွေ ရှိပြီးသားပါ။ ဝင်ဒါမီယာတို့၊ ရွှေတောင် ကြားတို့ထဲက အိမ်မျိုးမဟုတ်ပေမဲ့ စမ်းချောင်းက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဝင်းနဲ့ခြံနဲ့ နှစ်ထပ်တိုက်အိမ်ကလေးဟာလည်း သူ့အတိုင်းအတာနဲ့သူတော့ အိမ်တစ်လုံးရဲ့ ဂုဏ်ဒြပ်ရှိသလို ထိန်းသိမ်းရတဲ့ဒုက္ခကတော့ ရှိတာပါပဲ။

သက်ဟာ အိမ်ရောက်လာတဲ့အချိန်ကစပြီး ခြံနဲ့အိမ်နဲ့တစ်ခုလုံးကို သူပဲ စိတ်ကြိုက်စီမံခန့်ခွဲတယ်။ သူကိုယ် တိုင် ပင်ပင်ပန်းပန်း ဘာမှမလုပ်ဘဲ လက်ညှိုးထိုးခိုင်းရုံပဲ ဆိုပေမယ့်လည်း သက်က အသေးစိတ် ကအစ ထောင့်စေ့အောင် လိုက်ကြီးကြပ်တော့ ပင်ပန်းတာပါပဲ။ ထမင်းဟင်းချက်ရင်တော့ ခိုင်းရုံတင်မကဘူး၊ ထမင်း ချက်ကို စိတ်တိုင်းမကျလို့ ကိုယ်တိုင်ဝင်ချက်တယ်။ သူက မိဘအိမ်မှာကတည်းက အိမ်တစ်အိမ်ကို မိန်းကလေး ပီပီသသ ထိန်းသိမ်းတတ်အောင် မိဘကလက်ထပ်သင်ပေးခဲ့တာကိုခံခဲ့ရတာ။ အရွယ်ရောက် လာကတည်းက သူ့အိမ်မှာ အိမ်မှုကိစ္စအဝဝကို အမေဆီကလက်လွှဲယူခဲ့တာ။ သက်ဟာ အလုပ်နဲ့လက် ပြတ်တယ် လို့ကို မရှိပါဘူး။ မိဘအိမ်မှာလည်း သည်လိုပဲတဲ့။ ကျွန်တော်နဲ့နေတော့လည်း နားတယ်လို့မရှိလို့ “အိမ်ကြီးရှင်မလို ဇိမ်ကလေးနဲ့နေပါဦးလား သက်ရယ်”လို့ နားချယူရတယ်။ သက်ကတော့ ပြုံးလို့ပဲ။ “သက်က ဒီလိုနေချင်တာ မောင်ရဲ့”တဲ့လေ။

တစ်ခါတလေတော့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားမိတယ်။ အကယ်၍ သက်သာ ကျွန်တော် နဲ့ မယူဖြစ်သေးရင်၊ ဒါမှမဟုတ် မယူခဲ့ရင် ခုလောက်ဆို မာစတာတွေ၊ ပါရဂူဘွဲ့တွေရနေမလားပေါ့။ အဖွဲ့ အစည်းကြီးကြီးတွေမှာ ရာထူးကြီးကြီးတွေနဲ့ ထူးချွန်ထက်မြက်ပြီး လူလေးစားခံရတဲ့ အမျိုးသမီးတစ် ယောက် များဖြစ်နေလေမလားပေါ့။ အဲဒီတုန်းက ကိုယ်ကလည်း သူနဲ့မြန်မြန်နီးချင်တာနဲ့ပဲ လက်ထပ်ရအောင်လို့ ပြောပြီး ကျောင်းပြီးပြီးချင်းယူခဲ့တာ။ သက်ကလည်း မငြင်းပါဘူး။ ယူမယ်ဆိုတော့လည်း ခေါင်းညိတ်တာပါပဲ။ မှတ်မိပါသေးရဲ့၊ အဲဒီနေ့က ရည်းစားစကားအဖြေပြန်ပေးတဲ့နေ့ကလိုပဲ သက်က အင်းလျားကန်စပ်မှာထိုင်ရင်း လက်ထပ်ဖို့ခေါင်းညိတ်လိုက်တဲ့ သက်ရဲ့မျက်နှာမှာ ကြက်သွေးနှင်းဆီရောင်လေးတွေ သမ်းလို့လေ။ ချစ်လိုက်တာ သက်ရယ်။

သက်ကတော့ ပြောပါတယ်။ သူက ပညာကိုလုပ်ရမယ့်အလုပ်တစ်ခုအနေနဲ့ပဲ သင်ခဲ့တာ။ ကြီးကြီးမားမား ရည်မှန်းချက် ဘာညာရယ် မရှိဘူးတဲ့။ ဒါကြောင့်လည်း မောင့်ကိုလက်ထပ်ပြီး အိမ်ထောင်ရှင်မဘဝကို ယူခဲ့တာတဲ့။ ခုခေတ်မှာ ကျောင်းပြီးဘွဲ့ရရပြီးချင်း အိမ်ထောင်ပြုတဲ့မိန်းကလေးဆိုတာက နည်းလာကြပြီ မဟုတ်လား။ အဲဒီတုန်းက ကျွန်တော်တို့နှစ်ယောက်စလုံးက အသက် ၂၀ စွန်းစကိုယ်စီပဲ ရှိခဲ့သေးတာ။ ခုခေတ် အမြင်နဲ့ဆိုရင်တော့ ငယ်သေးတယ်ပေါ့၊ နှမြောစရာပေါ့။ အထူးသဖြင့် သူငယ်ချင်းတွေက အလုပ်တွေဝင်၊ ကျောင်းတွေဆက်တက်၊ လွတ်လပ်ပျော်ပါးနေချိန်မှာ သက်ကတော့ အိမ်ထဲမှာ အိမ်ထောင်ကိုထိန်းသိမ်းနေရတာကိုကြည့်ပြီး ကျွန်တော် ကရုဏာသက်မိတယ်။ ဒါပေမဲ့ သက်ကတော့ ဘာမှခံစားချက်ရှိဟန် မတူပါဘူး။ ငယ်ငယ်ကတည်းက သူ့စိတ်ထဲမှာ တစ်နေ့ကျ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် လုပ်မယ်၊ သားသားမီးမီး တို့ရဲ့ စံပြမေမေလုပ်မယ်လို့ ရည်မှန်းထားခဲ့တာဆိုပဲ။ ဒီလိုဆိုတော့လည်း ကျွန်တော့်မှာ အလုံးကြီးကျရတယ်။ သက် ဘဝမှာ သူဖြစ်ချင်တာနဲ့ သူဖြစ်နေတာနဲ့ ကိုက်တယ်ဆိုရင် ပြီးတာပါပဲ။ ကျွန်တော့်ဘက်ကတော့ သက် သာ ဒီကနေ့ သူကျောင်းဆက်တက်ချင်တယ်၊ အလုပ်လုပ်ချင်တယ်ဆိုလည်း ခွင့်ပြုမှာပါ။ ၂၁ ရာစုကြီးထဲမှာ သက်ကို ကျွန်နှင့်တူသောမယား မလုပ်စေချင်ပါဘူး။ သူသာ ဆန္ဒရှိမယ်ဆိုရင် စိတ်ကြိုက် အတောင်ပံ့ဖြန့်ပြီး လွတ်လပ်စွာ ပျံဝဲခွင့်ပြုမယ်လို့ ဆုံးဖြတ်ပြီးသားပါ။

သက်နဲ့ကျွန်တော်တို့ချင်း အဆင်ပြေကြပါတယ်။ သက်ကလည်း သူဖြစ်ချင်တဲ့ အိမ်ထောင်ရှင်မဘဝ၊ မိခင်ဘဝ ကိုရတယ်။ အိမ်ထောင်ကိုလည်း ကျွန်တော်လှည့်ကြည့်စရာမလိုအောင်ကို နိုင်နိုင်နင်းနင်း ထိန်းနိုင်တာများ ကျွန်တော်တောင် အံ့ဩယူရတယ်။ သျှောင်နောက် ဆံထုံးပါစကတည်းက အသက် ၂၀ အရွယ်ကလေးနဲ့ ကျွန်တော့်အိမ်က လုပ်သက်ရင့်အိမ်စေတွေ၊ အိမ်ဝန်ထမ်းတွေကို ယဉ်ယဉ်ကျေးကျေးပဲ ခိုင်းမှန်းမသိ ခိုင်း သွားခဲ့ပုံများ ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနဲ့ ဖြစ်ခဲ့ရသေးတာ။

သက်က သူလိုချင်တဲ့ဘဝကိုရခဲ့တာ ဆိုပေမယ့် သက်နဲ့ကျွန်တော်တို့ရဲ့ မိန်းကလေးသူငယ်ချင်းတွေ စီးပွားရေး လောကမှာအောင်မြင်သူ အောင်မြင်၊ ပညာတတ်တွေဖြစ်၊ တချို့ဆို ကုလသမဂ္ဂအေဂျင်စီတွေဘာတွေမှာ တောင် နေရာကြီးကြီးတွေ ရသူရလာတာမြင်ရတော့ သက် များ ကျွန်တော်နဲ့အိမ်ထောင် စောစောမပြုခဲ့ရင် ဘာများဖြစ်နေမလဲလို့ တွေးမိပြီး ကျွန်တော်စိတ်မကောင်းဖြစ်လာတယ်။ အထူးသဖြင့် မိုး နဲ့ပြန်ဆက်သွယ် မိတဲ့အချိန်ပေါ့။ မိုးဆိုတာက သက်နဲ့ကျောင်းတုန်းက အတွဲညီခဲ့ကြတဲ့ သူငယ်ချင်း။ ဘွဲ့ရတော့ တိုဖယ်တို့၊ ဘာတို့တွေဖြေ၊ နိုင်ငံခြားမှာ စကောလားရှစ်တွေလျှောက်၊ အမေရိကအထိတောင် မာစတာတွေ၊ ပီအိပ်ခ်ျဒီ တွေ သွားတက်ခဲ့တဲ့သူ။ ခုတော့ သူက ပြည်တွင်းမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းကြီး အကြီးကြီးတစ်ခုရဲ့ ဒါရိုက်တာပေါ့။ မီဒီယာတွေထက်မှာဆိုရင်လည်း သူ့သတင်းက ခဏခဏပါတယ်။ အစိုးရကဖွဲ့တဲ့ မူဝါဒ ရေးရာကော်မတီတစ်ခုဆိုလား အဲဒီမှာလည်း ပါသေးတယ်။ သူ့ရဲ့ပညာတွေကို ပြည်တွင်းကရော ပြည်ပကပါ အသိအမှတ်ပြုရတဲ့ ကျွန်တော်တို့က မိုးလို့ခေါ်တဲ့ ဒေါ်မိုးမိုးလွင်ပဲ။

မိုးနဲ့ ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ပြန်တွေ့ကြတော့ မိုးက သိပ်ကိုပြောင်းလဲသွားတဲ့ ခေတ်ရှေ့ပြေး မိန်းမ တစ်ယောက်ဖြစ်သွားပြီ။ အမျိုးသမီးအခွင့်အရေးတွေ၊ ကျားမတန်းတူညီမျှမှုတွေလည်း အတော်ပြောတဲ့သူ။ သူနဲ့ ကျောင်းတုန်းကကြိုက်ခဲ့တဲ့ ကိုကိုအောင်နဲ့ကတော့ ဘာဖြစ်လို့ ကွဲသွားကြသလဲ မသိဘူး။ သူလည်း ခုထက်ထိ အိမ်ထောင်မပြုဘူး။ ကျွန်တော်နဲ့ကတော့ သိပ်မရင်းနှီးလို့ မေးမကြည့်မိပေမယ့် သက်ကတော့ သိမှာပါပဲ။ ကျွန်တော်ကလည်း မေးမကြည့်မိပါဘူး။ ဒါကအရေးကိစ္စမဟုတ်ပေမယ့် မိုးနဲ့သက်တို့ ပြန်ဆုံတဲ့ နောက်မှာ မိုးက သက်ကိုကြည့်ပြီး နှမြောတယ်လို့တော့ ခဏခဏပြောသံပြန်ကြားရတယ်။ သက်သာ သူ့လို ပညာတွေ ဘာတွေဆက်သင်ခဲ့ရင် ခုလောက်ဆို သူ့လိုမျိုး ဘာကြီးညာကြီးဖြစ်နေပြီပေါ့တဲ့။ ကျွန်တော် ဒီစကားတွေ မကြားချင်ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသူလို ခံစားရလို့ပါ။ နဂိုကတည်းကမှ သက်အပေါ် သနားမိရတဲ့အထဲ မိုးက သည်လိုတွေလာလာပြောလေ သက်ကို ကျွန်တော် ရင်မဆိုင်ရဲလေပါပဲ။ အဲသည်လိုမျိုးတွေ အတွေးပေါ်မိတဲ့နေ့များဆို အိပ်ရာထဲ သက်ကို ကျောခိုင်းပြီး အိပ်တတ်လာတယ်။ သက်ကတော့ “မောင် ဘာဖြစ်နေတာလဲ” လို့ မေးတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်က ပြောမထွက် ဘူး။ ကျွန်တော်များ သိပ်အတ္တကြီးခဲ့သလား။ သက်ကို ဆုံးရှုံးရမှာကြောက်တာနဲ့ပဲ အချိန်မဆိုင်း သူ့ကို လက်ထပ်ခဲ့တာကြောင့် ထူးချွန်ထက်မြက်တဲ့ သက်ရဲ့ ဘဝတိုးတက်ရေးကို တားဆီးပိတ်ပင်ခဲ့သလိုများ ဖြစ်ခဲ့သလား။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သက် မျက်နှာလေးကို ကျွန်တော် ငေးကြည့်နေမိတယ်။ ဒီမျက်ခုံး၊ ဒီမျက် တောင်ကော့တွေ၊ ဒီနှာတံစင်းလေး၊ ဒီနှုတ်ခမ်းဖူးတွေ။ အပြစ်ကင်းလိုက်တဲ့ သက်။ သက်ဟာ တကယ်တော့ လည်း ကျွန်တော့်ဘဝရဲ့အောင်မြင်မှုတွေမှာ အခရာကျခဲ့သူပါ။ သက်ရဲ့ နောက်ကွယ်က ပံ့ပိုးမှုတွေသာ မရှိခဲ့ရင် ကျွန်တော် ဒီနေ့ ဒီလောက် အောင်မြင်ပါ့မလားလို့ သံသယဖြစ်မိပါရဲ့။ ဒီ သာယာတဲ့အိမ်ထောင်၊ ဒီ အသိုက်အမြုံလေး၊ အိမ်နဲ့တူတဲ့ ဒီနှစ်ထပ်တိုက်လေးဟာ တကယ်တော့လည်း သက်နဲ့ခွဲခြားမရပါဘူး။ သက် ရဲ့ ပေးဆပ် မှုတွေမရှိခဲ့ရင် ကျွန်တော်ဆိုတဲ့ကောင်ဟာလည်း မိဘအမွေပေးခဲ့တဲ့ အိမ်ကိုရတာကလွဲရင် ဒီနေ့ ဒီလို အောင် မြင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။


*


မိုး


ကျွန်မကိုယ်ကျွန်မတော့ သိပ်ကံကောင်းတဲ့ မိန်းမတစ်ယောက်လို့ မြင်တယ်။ ကျွန်မတို့ခေတ်မှာ မိန်းမ တွေဟာ အရင်လို သေစာရှင်စာတတ်ရုံနဲ့ ပြီးသွားတဲ့ခေတ်လည်း မဟုတ်၊ မိန်းမမှန်ရင် အိမ်မှုကိစ္စနိုင်နင်းမှ လို့ မြင်တဲ့ခေတ်လည်း မဟုတ်။ မိန်းမတွေဟာ ယောက်ျားတွေနဲ့တန်းတူ ရင်ပေါင်တန်းနိုင်တဲ့ခေတ်မဟုတ်လား။ စီးပွားရေးလုပ်ငန်းရှင်တွေထဲ ကြည့်မလား၊ ကုမ္ပဏီတွေ ဌာနဆိုင်ရာအကြီးအကဲတွေထဲ ကြည့်မလား၊ တိုင်းပြည်ခေါင်းဆောင်တွေထဲ ကြည့်မလား၊ အာကာသယာဉ်မှူးတွေထဲရော ကြည့်ဦးမလား၊ ကျွန်မတို့ မိန်းမ တွေ မလုပ်ပြနိုင်တာ ဘာရှိလဲ။ ဒါကြောင့်လည်း ကျွန်မဟာ ကံကောင်းသူပါလို့ ပြောတာပေါ့။ မိန်းမတစ် ယောက်အနေနဲ့ ကျွန်မဟာ အမြင့်ဆုံးမဟုတ်တောင် ကိုယ့်အတိုင်းအတာနဲ့ကိုယ် မိုးစွန်တစ်မွတ် ကြယ်ကို ဆွတ်ပြခဲ့ပြီးပြီ။ ကြက်မတွန်လည်း မိုးလင်းကြောင်း သက်သေပြခဲ့ပြီးပြီ။

ရန်ကုန်တက္ကသိုလ်မှာ တက်ကြတုန်းက သက်နဲ့ကျွန်မနဲ့က သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ နှစ်ယောက် စလုံးကလည်း ပညာရေးမှာထူးချွန်ကြတယ်။ ကျောင်းပြီးတဲ့အခါ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဘွဲ့တွေ ဒီဂရီတွေ ထပ်ထပ်ယူပြီး ဂုဏ်ဆောင်နိုင်မယ့် ခေတ်သမီးပျိုလေးတွေလို့ လူတိုင်းကမျှော်လင့်ကြတယ်။ ဘဝ ရည်မှန်းချက်တွေအတွက် ကျောင်းမပြီးခင်ကတည်းက အတူတူအိပ်မက်ကိုယ်စီနဲ့ပေါ့။ သက်နဲ့ကျွန်မမှာ ချစ်သူ ကိုယ်စီရှိလာတော့လည်း လင်ယူသားမွေးကိစ္စဆိုတာ ကျွန်မစိတ်ထဲတော့ ဟိုးနောက်မှာပဲ။ သက်က တော့ ကျွန်မပြောရင် အစတုန်းက‘အင်း’လိုက်ခဲ့တာပဲ။ ဒါပေမဲ့ နောက်မှ ဘာဖြစ်သွားတယ် မသိပါဘူး။ ဘွဲ့ရ ပြီးပြီးချင်း ဆိုင်းမဆင့်ဗုံမဆင့် ယောက်ျားတန်းယူချလိုက်တာပဲ။ ကျွန်မအရမ်းဝမ်းနည်းသွားမိတယ်။ သူ့ ယောက်ျားကိုလည်း မုန်းလိုက်တာမှ လွန်ရောပဲ။ ဘာလို့အဲဒီလောက် လောနေမှန်းမသိဘူး။ သက် ကို သူ တကယ်ချစ်တယ်ဆိုရင် သက်ရဲ့ဘဝအတွက် သူ နည်းနည်းတော့ အောင့်အည်းသည်းခံခဲ့ရမှာပေါ့။ သည်းမခံနိုင်လည်း ဘာအရေးလဲ၊ သက်ရယ်။ ကမ္ဘာပေါ်မှာ ယောက်ျားရှားသလား။ ကုန်ကုန်ပြောရင် ယောက်ျားမရတော့ရော ဘာဖြစ်မှာမို့လို့လဲ။ ဒီခေတ်မှာ ယောက်ျားအားမကိုးဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ မိန်းမတွေမှ အများကြီး။ မိုးကိုပဲကြည့်လေ။ မိုးကို နားမလည်တဲ့ ရည်းစားကို မိုး ထားပစ်ခဲ့တာပဲ။ သူ့အတွက် နဲ့တော့ မိုးရဲ့ရည်မှန်းချက်တွေ အပျက်မခံနိုင်ပေါင်။ ခုလည်း တစ်ကိုယ်တည်းအပျိုကြီးဆိုပေမယ့် မိုးက ဘယ်သူ့မျက်နှာမှ မော့ကြည့်စရာမလိုဘဲ အားလုံးက ရိုကျိုးတာ၊ ဂါရဝပြုတာခံနေရတဲ့ ၂၁ ရာစုအမျိုးသမီးပဲ။

မိသက် ယောက်ျားယူသွားတော့ ကျွန်မလည်း စိတ်ဆိုးဆိုးနဲ့ သူ့ကိုမခေါ်ဘဲ ပစ်ထားလိုက်တယ်။ ကျွန်မတို့ ဘဝက မိသက်တို့လို မိဘကချမ်းသာတာမျိုးမဟုတ်ဘူး။ ဒီတော့ အလုပ် လုပ်ရတယ်။ အလုပ်တစ်ဖက်နဲ့ ကြားထဲကပဲ သင်တန်းတွေလိုက်တက်တယ်။ အင်္ဂလိပ်စာကောင်းအောင် ထပ်သင်ပြီး တိုဖယ်ဖြေတာ အမှတ် ၅၈၀ ကျော်ရလို့ အမေရိကက စကောလားရှစ် တစ်ခါတည်း တန်းပါပြီး မာစတာကို ဖွံ့ဖြိုးရေးဘာသာရပ်နဲ့ သွားတက်ရတယ်။ စကောလားကပေးတဲ့ ပိုက်ဆံက လုံလောက်ရုံအပြင် ပိုလျှံလို့ မိဘကိုလည်း ပြန်ထောက် နိုင်တယ်။ ကျွန်မရဲ့ မာစတာဘွဲ့အတွက်ရေးတဲ့စာတမ်းကလည်း အမေရိကန်က ပါမောက္ခတွေကကြိုက်လွန်း သတဲ့။ ဒီလိုနဲ့ မိရွှေမိုးတစ်ယောက် မာစတာနဲ့မတင်းတိမ်သေးဘဲ ပါရဂူဘွဲ့ဆိုတာကြီးကိုပါ ဆက်လျှောက်တော့ စကောလားအပြည့် ထပ်ရပြန်တာပဲ။ ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ။ ကိုယ့်မိဘအတွက်ရော ကိုယ့်နိုင်ငံအတွက်ရော ကျွန်မလိုသမီးတစ်ယောက်၊ နိုင်ငံသူတစ်ယောက်ရတာ လက်မထောင်စရာပဲလေ။ ဒါပေမဲ့ အဲဒါတွေထက် ကျွန်မပိုဂုဏ်ယူတဲ့အချက်က မိန်းမတွေကို ယဉ်ကျေးမှုအရ နောက်မှာပဲထားချင်တဲ့ ကမ္ဘာလောကကြီးထဲမှာ မိန်းမတစ်ယောက်အနေနဲ့ သူတို့ယောက်ျားတွေထက်တောင် လုပ်ပြနိုင်တာပါပဲ။

ဒါတွေကြောင့်လည်း မိသက်အတွက် စိတ်ပျက်ခဲ့ရတာပေါ့။ ကိုယ့်မှာလည်းအရည်အချင်းရှိလျက်နဲ့ မိန်းမ တံခွန် လူရည်ချွန်လုပ်မပြဘဲ ဘာမဟုတ်တဲ့ အချစ်နောက်ကိုလိုက်ပြီး လင်ယူသားမွေးသတဲ့။ မယူရဘူး မပြော ပါဘူး၊ ကိုယ့်အစွမ်းအစကိုယ်ထုတ်ပြပြီးတစ်နေ့ကျမှ ယူတော့ရော ဘာဖြစ်မှာတဲ့တုံး။ ခုတော့ သူ့ခမျာ သူ့ ယောက်ျားရဲ့မိဘအမွေရတဲ့ အိမ်ကြီးထဲမှာ တစ်နေ့တစ်နေ့ ဟိုစီမံ၊ ဒီစီမံနဲ့ တကုပ်ကုပ်ပဲ။ ကြည့်၊ မိန်းမ တစ် ယောက်ရဲ့ဘဝဟာ ဒါပဲလားကွယ်။ ကျွန်မသင်ယူဆည်းပူးခဲ့တဲ့ မဆုံးနိုင်တဲ့ပညာတွေ သူမမက်မောတော့ ဘူးတဲ့လား။ ကျောင်းတုန်းက အတူတူဖတ်ခဲ့ကြတဲ့စာတွေထဲက အောင်မြင်ကျော်ကြားတဲ့မိန်းမတွေကို သူ ခု အားမကျတော့ဘူးတဲ့လား။ သူ့ဘဝဟာ ဒီလင်၊ ဒီသားသမီး၊ ဒီအိမ်ကြီးတွေကို ကြည့်ရှုစောင့်ရှောက်ရင်းနဲ့ပဲ နေဝင်ရတော့မှာလား။ ဒါ ၁၉ ရာစုလည်း မဟုတ်၊ ၂၀ ရာစုလည်း မဟုတ်။ ဟိုတုန်းကဆိုထားပါတော့။ ကျွန်မတို့ သိပ်ကြိုက်ခဲ့ရတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ဆို ကြည့်ပါလား၊ သူပညာသင်ချင် တာ၊ အသက်မွေး ဝမ်းကျောင်း အလုပ်တစ်ခုခုလုပ်ချင်တာကို မိဘက ရှေးရိုးစွဲအမြင်နဲ့တားမြစ်ခဲ့လို့ ဘယ်လောက် တော်လှန်ခဲ့ရသလဲ။ မိန်းကလေးတန်မဲ့ အလုပ်လုပ်ချင်တယ်ဆိုတာ မိဘက မကျွေးနိုင်၊ မမွေးနိုင်လို့ဆိုပြီး သိက္ခာချသလိုဖြစ်တယ်ဆိုပြီး အဆူအမာန်ခံခဲ့ရတာ။ ဆရာမကြီး ကြည်အေးဆို ဆရာဝန်ဖြစ်ချင်လျက်နဲ့ မိဘက မကြည်ဖြူလို့ ကျောင်းထွက်ခဲ့ ရတာတွေ၊ နောင်ကျမှ ဆေးကျောင်းပြန်တက်ပြီး သူတတ်ချင်တဲ့ ပညာတွေကို သင်ရတာတွေ မိသက် သိပါ တယ်။ တို့တွေဆို အဲဒီခေတ်က မိန်းမတွေလို အတားအဆီးတွေ မကြုံရတော့ပါဘူး။ ခုလို ခေတ်ပြောင်းကာလကြီးမှာ အခွင့်အရေးကိုမယူဘဲနဲ့ သက်ရယ် …

ကျွန်မကတော့ အချစ်ကိုသိပ်ဦးစားမပေးချင်ပါဘူး။ ဘဝမှာ အချစ်ထက်အရေးကြီးတာတွေမှ တစ်ပုံကြီးကို။ မိန်းမတစ်ယောက်ရဲ့တာဝန်ဟာ အိမ်ထောင်ထိန်းဖို့၊ သားသမီးမျိုးဆက်ချန်ထားခဲ့ဖို့ဆိုတာထက် ပိုတယ်လို့ တစ်သက်လုံး စွဲစွဲမှတ်မှတ်ယုံကြည်ခဲ့တာပဲ။ ကျွန်မကတော့ မိန်းမတစ်ယောက်ဆိုတဲ့ အမှတ်လက္ခဏာ အောက်ကနေကို ပညာတွေလည်းတတ်၊ ဥစ္စာတွေလည်းရှာနိုင်၊ အရေးပါအရာရောက်မှုမှာလည်း ယောက်ျား တွေကတောင် ပြန်ပြီးဆရာတင်ရ၊ မမခေါ်ရတဲ့ဘဝကိုပဲ ပိုမက်မောတယ်။ ဒါကြောင့်လည်း ကိုကိုအောင်နဲ့ ကွဲခဲ့တာပေါ့။ ကိုကိုအောင်လည်း သက်ရဲ့ယောက်ျားလိုပဲ၊ သိပ် အတ္တကြီးတယ်။ ကျွန်မဘဝကို သူ့အတွက်ပဲ ပေးဆပ်စေချင်တယ်။ ‘ခဏနေပါဦး၊ မိုးအိပ်မက်တွေ အကောင်အထည်ဖော်ပါရစေဦး’ပြောတာကို နားလည် မပေးနိုင်ဘူး။ ယောက်ျားတွေဟာ ဒီလိုချည်းပါပဲ။ မိန်းမတွေကို သူတို့ထက် သာသွားမှာ၊ မြင့်သွားမှာကို မလို လားကြသူတွေ။ သူတို့ရဲ့အမိန့်အာဏာ အုပ်ချုပ်မှုအောက်မှာပဲ နေစေချင်ကြတဲ့ အတ္တဘောတွေ။ ညကျရင် သူတို့ အလိုကိုဖြည့်၊ သူတို့အတွက် ကလေးမွေးပေး၊ သူတို့အတွက် ချက်ပြုတ်၊ အဝတ်လျှော်၊ မီးပူတိုက်၊ အစေခံလိုမျိုး ထားချင်ကြတာ။

ပါရဂူဘွဲ့ရပြီးတော့ ကျွန်မမှာ ရွေးစရာတွေများလာတယ်။ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှာ စာပြန်သင်မလား၊ အဖွဲ့အစည်းတွေထဲမှာ ဝင်လုပ်မလား။ ကျွန်မကတော့ ကျောင်းဆက်တိုက်တက်ခဲ့ရတာကြောင့် စာသင်ခန်းကို ငြီးငွေ့သွားတာရယ်၊ မြန်မာပြည်အတွက်လည်း ပြန်လုပ်ပေးချင်တာရယ်ကြောင့် ပြန်လာဖို့ကိုပဲ ရွေးလိုက် တယ်။ မပြန်ခင် ကုလသမဂ္ဂရဲ့ဖွဲ့ဖြိုးရေးအေဂျင်စီမှာ ဝင်လုပ်လိုက်သေးတယ်။ ဒီပြန်ရောက်တော့ ကျွန်မ ရှိပြီးသားအဖွဲ့အစည်းတွေမှာ ဝင်လုပ်ကြည့်သေးတယ်။ စိတ်တိုင်းမကျတာနဲ့ (အဓိကကတော့ အုပ်ချုပ်တဲ့ ယောက်ျားတွေရဲ့ ဖိုဝါဒကိုမကြိုက်တာ) ကိုယ့်ဘာသာကိုယ် အင်န်ဂျီအိုထောင်လိုက်တယ်။ ကိုယ်က အကြီးဆုံးဆိုတော့ ဘယ်ယောက်ျားမျက်နှာမှ ကြည့်နေစရာမလိုတော့ဘူး။ ယောက်ျားတွေအကုန်လုံး ကိုယ့် လက်အောက်ဝန်ထမ်းချည်းပဲ။ စိတ်ကြိုက်ခိုင်းရုံ၊ ဆူရုံ၊ မာန်ရုံ၊ ဟောက်ရုံ။ သူတို့က ကျွန်မလောက်မှ မသိတာ။ ပြောလည်း ခံရတာပေါ့။ ကျွန်မက ပလ္လင်ထက်ကပဲ နေချင်တယ်။ ဘောင်ဘင်ခတ် အသိလောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဘဝရှင်မင်းတရားထင်နေတဲ့ ပုရိသတွေကို အောက်ကနေ ပြန်မခစားချင်ဘူး။

သက်ကိုတွေ့တော့ စိတ်ထဲမကောင်းဘူး။ ကလေးနှစ်ယောက်အမေဘဝနဲ့ တကယ့်လူကြီးကြီးကိုဖြစ်လို့။ ဝလည်း ဝလာတယ်။ အရေးအကြောင်းလေး နည်းနည်းထင်လာတာကလွဲရင် ရုပ်ကတော့ ငယ်ကလို ချောတုန်းပါပဲ။ ကျွန်မကတော့ သူ့နဲ့ယှဉ်ရင် နုနေသေးတာပေါ့။ ကျွန်မပြောသမျှ ကမ္ဘာ့အကြောင်း၊ မြန်မာ့ အကြောင်းတွေကို မျက်လုံးပုတ်ခတ်ပုတ်ခတ်နဲ့ နားထောင်ရှာတယ်။ ကျွန်မနဲ့သူနဲ့ဆို သိပ်ကွာသွားခဲ့ပြီ။ သူက ရန်ကုန်တက္ကသိုလ်ကပေးတဲ့ ဘီအေဘွဲ့အဆင့်လောက်မှာတင် ရပ်သွားခဲ့တာ။ ကျွန်မက ကမ္ဘာကြည့်ကြည့်မြင် နေနိုင်ပြီ။ သက်ရယ် အားမရလိုက်တာကွာ။ မင်းကမ္ဘာလေးက ကျဉ်းလိုက်တာ။ မင်းတို့မှာ ပိုက်ဆံလည်း ရှိနေလျက်သားနဲ့ မင်းပညာတွေဆက်သင်ပါတော့လား၊ အလုပ်တစ်ခုခုကို ဦးစီးလုပ်ပါတော့လား။ မင်း ကလေးတွေလည်း နည်းနည်းကြီးလာပြီ။ မင်း ဒေါ်စုကိုအားမကျဘူးလား၊ မင်း ဟီလာရီကို အားမကျဘူး လား၊ မင်း တင်မိုးလွင်ကိုအားမကျဘူးလား။

ကဲ… စကားကောင်းနေတာနဲ့ လင့်လှပြီ။ တော်ကြာ မင်းယောက်ျား ရုံးကပြန်လာလို့ မင်းက သူ့အတွက် ခူးခပ် မကျွေးရင် ငါ့အပြစ်ဖြစ်နေပါဦးမယ်။ ငါလည်း မနက်ဖြန် နေပြည်တော်မှာ အစည်းအဝေးသွားတက်ရ ဦးမယ်။ ငါက မူဝါဒရေးရာအကြံပေးအဖွဲ့ကလေ။ ငါတို့ရဲ့အကြံဉာဏ်တွေဟာ တိုင်းပြည်အတွက် သိပ်အရေး ကြီးတာပေါ့။ မိန်းမဦးဆောင်တဲ့တိုင်းပြည်မှာ မင်းသူငယ်ချင်း မိန်းမတစ်ယောက်က အရေးပါတဲ့နေရာမှာ ရထားတာ မင်းဂုဏ်ယူမယ်မဟုတ်လားဟင် သက်။ သွားပြီ အချစ်ဆုံးသူငယ်ချင်းရေ… ပြန်ဆုံကြသေးတာ ပေါ့။


*


သက်


သက်ရဲ့ဘဝမှာ ကျေးဇူးအတင်ဆုံးက သက်ရဲ့မိဘနှစ်ပါးပဲ။ ပြီးရင်တော့ သိပ်ချစ်ရတဲ့မောင်နဲ့ ဟောသည် သားသားမီးမီးတို့ပဲပေါ့။ သက်ရဲ့မိဘတွေက သိပ်ပညာတတ်၊ သိပ်ရည်မွန်ပြီး ကိုယ်ကျင့်တရားနဲ့ပြည့်စုံတဲ့ တန်ဖိုးရှိလူသားတွေပါ။ ဖေဖေဟာ ဖဆပလခေတ်က ပညာမင်းကြီးလုပ်ခဲ့တယ်။ ဦးနုက သိပ်လေးစားခဲ့ရသူ။ မေမေကလည်း ပွဲစားစက်ပိုင်သူဌေးမျိုးရိုးက ဆင်းသက်လာတယ်ဆိုပေမဲ့ အိုင်အေတွေ ဘီအေတွေနဲ့ ပညာ ရဲရင့်ပွဲလယ်တင့်ခဲ့သူပါပဲ။ ဖေဖေပညာမင်းကြီးဘဝက အစိုးရကပေးတဲ့ အိမ်ရတယ်။ အငြိမ်းစားယူပြီးတော့ စုဆောင်းငွေတွေ၊ မေမေ့ဘက်က အမွေရငွေတွေနဲ့ မင်းမနိုင်မှာအိမ်ကလေးတစ်လုံးဝယ်နေကြတယ်။ ဖေဖေ က သက် ကျောင်းသွားရင်စီးဖို့ဆိုပြီး ကားလေးတစ်စင်းတောင် ဝယ်ပေးသေးတယ်။ ဆိုရှယ် လစ်ခေတ်မှာ လူချမ်းသာစာရင်းဝင်ပေမယ့်လည်း ပညာတတ်များပီပီ ခေတ်ပျက်သူဌေးများလို မော်မော် ကြွားကြွား မရှိကြပါဘူး။ သက်တို့အိမ်ဟာ ဖေဖေနဲ့မေမေတို့ရဲ့ တပည့်တပန်းတွေ၊ ပညာတတ်အလွှာက ဧည့်သည်တွေနဲ့ စည်ကားနေတာပဲ။

ဖေဖေ့ဆီကနေ သက် ရခဲ့တဲ့အမွေဟာ တကယ်တော့ ငွေကြေးဓနဥစ္စာနဲ့ ဂုဏ် ဆိုတာထက် စာဖတ် ဝါသနာတို့၊ ပညာအမွေတို့ပါပဲ။ သက်က ငယ်ငယ်ကတည်းက ကျောင်းမှာ ထူးချွန်တယ်။ အဆင့်တစ်နဲ့သုံးအကြားပဲ။ ဆယ်တန်းအောင်တော့လည်း အမှတ်မီပေမယ့် ဆေးကျောင်းမတက်ဘဲ အင်္ဂလိပ်စာမေဂျာပဲယူခဲ့တယ်။ ဖေဖေနဲ့မေမေတို့ သဘောထားကြီးပုံက သမီးကြိုက်တာတက်တဲ့လေ။ မေမေ့ဆီကရတဲ့အမွေကတော့ မြန်မာမိန်းကလေးပီသခြင်းပဲ။ ဗိုင်းကောင်းကျောက်ဖိ ဆိုရမပေါ့။ မေမေ ကိုယ် တိုင်ကလည်း တကယ့် ပီဘိမြန်မာအမျိုးသမီးကြီးဆိုတော့ သမီးဖြစ်တဲ့ သက်ကိုလည်း ဒီလိုပဲ မွေးမြူခဲ့တာပဲ။ တစ်ဦးတည်းသော သမီးလေးဖြစ်ပေမယ့် ဇိမ်နဲ့မထားဘဲ ငယ်ကတည်းက တတ်အောင်သင်တယ်၊ ခိုင်းတယ်။ ဒါကြောင့်သက်ဟာ အိမ်မှုကိစ္စအဝဝကို အောက်ခြေသိမ်းအကုန်နားလည်ပြီးသား ဖြစ်နေတယ်။ ပညာမင်းကြီး ဘဝနဲ့ တိုင်းပြည်အလုပ်တွေလုပ်နေတဲ့ဖေဖေ့ကို နောက်က ပံ့ပိုးပေးခဲ့တဲ့ လက်အစုံဟာ မေမေ့လက်တွေပဲ ပေါ့။ မေမေဟာ ဖေဖေ့ရဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်လည်း ဟုတ်တယ်။ မိတ်ဆွေကောင်းလည်း ဟုတ်တယ်။ ဖေဖေ့ရဲ့ ကိုယ်စောင့်နတ်လို့လည်း ပြောလို့ရပါတယ်။ ဖေဖေထမင်းစားနေချိန် မေမေက သူချက်ထားတဲ့ဟင်းကလေး တွေကို ထည့်ပေးပြီး ဘေးကနေ ယပ်ခတ်ကြည့်နေတတ်တယ်။ ထမင်းချက်ရှိပေမယ့်လည်း မေမေက ကိုယ်တိုင် ဝင်ချက်တယ်။ ခုခေတ်အမြင်နဲ့ကြည့်ရင်တော့ မေမေ့ဘဝက အဖြည့်ခံသက်သက် ဖြစ်နေမလားပဲ။ ဒါပေမဲ့ မေမေ့ကြည့်ရတာ အဲဒီလို တွေးပုံမရပါဘူး။ သူက ဖေဖေ့ကို နောက်ကွယ်က ပံ့ပိုးပေးနေရတာကိုပဲ ကြည်နူးနေတာလေ။

သက်ရဲ့ဘဝဟာ မေမေ့အပေါ်မှာ စံထားပြီးတည်ဆောက်ခဲ့တာပါပဲ။ ဖေဖေ့ဆီကနေ ဗဟုသုတတွေကြားနာခဲ့ ရတယ်၊ ဖေဖေ့စာအုပ်စင်ကနေ စာဖတ်ဝါသနာတွေရခဲ့တယ်ဆိုပေမယ့် တကယ်တမ်း သက် အားကျခဲ့တာ ကတော့ မေမေ့ဘဝပါပဲ။ ဖေဖေ့ကို ပြုစုယုယနေတဲ့ မေမေ့ရဲ့ တင့်တယ်ထွန်းလင်းတဲ့ မျက်နှာလေးကိုပဲ သက် ဟာ အမြဲစိတ်ကြေးမုံပြင်မှာ စွဲထင်ခဲ့ရတာ။ မေမေ့ကို အိမ်ခေါင်းထဲ ယောက်ျားအတွက်ဘဝကို ပေးဆပ်နေ ရတဲ့ အမျိုးသမီးတစ်ဦးလို့ သက် ဘယ်တုန်းကမှ မမြင်နိုင်ခဲ့ပါဘူး။ မေမေက ပြောဖူးတယ်။ မိန်းမမှာလည်း သူ့အခန်းကဏ္ဍနဲ့သူ ရှိတာပဲတဲ့။ မိန်းမတွေမရှိရင် ယောက်ျားတွေဆိုတာလည်း မရှိနိုင်တော့ဘူးတဲ့။ ထိုနည်း လည်းကောင်းပဲ ယောက်ျားတွေမရှိရင်လည်း မိန်းမတွေရဲ့အခန်းကဏ္ဍဟာ ပျောက်ကွယ်သွားရောတဲ့။ ဘယ်သူကမှ ဘယ်သူ့လောက် မကြီးမြတ်ဘူးဆိုတာ မရှိဘူးလို့ မေမေက တဖွဖွပြောဖူးတယ်။ မေမေဟာ သူပြောတဲ့အတိုင်းပဲ သူကျရာနေရာကနေ သူလုပ်စရာရှိတာကို အကောင်းဆုံးလုပ်သွားခဲ့တာပဲ။ မေတ္တာတွေနဲ့ ပေါင်းစပ်ပြီးတော့ပေါ့။ ဒါတောင်မှ မေမေနဲ့ဖေဖေတို့ဟာ ချစ်လို့ယူခဲ့ကြတာမဟုတ်ဘူး။ မေမေဟာ သူချစ်တဲ့ သူနဲ့မညားဘဲ မိဘပေးစားတဲ့ ဖေဖေနဲ့ယူခဲ့ရတာ။ ဒါတောင်မှ မေမေဟာ ဖေဖေ့အပေါ်မှာ တကယ့်ကို အကြင် နာမေတ္တာအပြည့်နဲ့ ကြည့်ရှုစောင့်ရှောက်တာ။ သက်ကတော့ အစက နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ မေမေ ကတော့ “သမီးဖေဖေကလည်း မေမေ့အပေါ်မှာ ခင်ပွန်းကောင်းဖြစ်မှတော့ မေမေကလည်း သူ့အပေါ် ဇနီး ကောင်းဖြစ်တာ ဆန်းသလား”လို့ ပြောဖူးပါရဲ့။

သက်ရဲ့ဘဝဟာ အကြင်နာမေတ္တာတွေနဲ့ နွေးထွေးကုံလုံတဲ့ မိသားစုရိပ်မြုံတစ်ခုမှာ ကြီးပြင်းခဲ့ရတာမို့ ပျော် ရွှင်စွာနဲ့ လူလားမြောက်ခဲ့ရသူပေါ့။ ဖေဖေရော မေမေရောအပေါ် အထင်ကြီး လေးစား ချစ်ခင်ပေမယ့် မေမေ့ ရဲ့ ခံယူချက်နဲ့ ဘဝကသာ သက်အပေါ် ပိုလို့အရိပ်ထိုးခဲ့တာကတော့ အမှန်ပဲ။ ဒါကြောင့်လည်း သက်ဟာ ငယ်ကတည်းက မေမေသွန်သင်ပြတဲ့အပေါ် တာဝန်တစ်ခုအနေနဲ့တင်မက စိတ်ထဲက လှိုက်လှိုက်လှဲလှဲကို သင်ယူလေ့လာခဲ့တာပါပဲ။ မီးဖိုချောင်နိုင်နင်းအောင်၊ အိမ်ကြီးတစ်အိမ်လုံး ဖုန်တစ်စက်မရှိအောင်၊ အဝတ် အစားအကုန်လုံး တောက်ပသစ်လွင်နေအောင်၊ စီးတဲ့ရေဆည်တဲ့ကန်သင်းဖြစ်အောင် တတ်နိုင်စွမ်းတဲ့ သက်ဟာ မောင်နဲ့မတွေ့ခင်မှာကတည်းက အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီးပါပြီ။ ဒီလိုမျိုး ပန်းကလေးတစ်ပွင့် နံ့ရှားကြိုင်လွင့်ခါတန်ပွင့်ချိန်မှာ ဝတ်ရည်ကိုသောက်သုံးမယ့် ပျာပိတုန်းကလေး မောင်ဟာ ရောက် လာခဲ့တာပါပဲ။

မောင့်ကိုချစ်မိနေပြီလို့ သိလိုက်ရချိန်မှာ သက်ရဲ့စိတ်ထဲမှာတော့ မောင့်အပေါ်ဘယ်လောက် ပေးဆပ်နိုင်မလဲ ဆိုတာကိုသာ မေးနေမိတာပါပဲ။ မောင့်ကိုဘာကြောင့်ချစ်မိမှန်းတော့ မသိခဲ့ပါဘူး။ ပြုံးလိုက်ရင် လေးကိုင်း သဏ္ဌာန်ကွေးသွားတဲ့ နှုတ်ခမ်းတွေကြောင့်လား၊ အမြဲပဲအသက်ဝင်နေတတ်တဲ့ မောင့်မျက်လုံးတွေကြောင့် လား၊ သက်အပေါ်မှာ ဂရုစိုက်စောင့်ရှောက်တတ်တာတွေကြောင့်လား။ အဖြေတော့ မပေးတတ်ပေမယ့် မောင် ဟာ သက်အတွက် လုံးဝကိုငြင်းပယ်စရာမရှိတဲ့၊ စိတ်ပိုင်းလုံခြုံမှုကိုပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ ကတော့ တွေ့စကတည်းက သိခဲ့တာပါပဲ။ မောင်ဟာ သက်နဲ့တွေ့ချိန်မှာကတည်းက မိဘမရှိတော့ပါဘူး။ မိဘ တွေထားခဲ့တဲ့ အိမ်ကြီးနဲ့ အိမ်ဝန်ထမ်းတွေပဲ ရှိပါတော့တယ်။ မိန်းမတစ်ယောက်မရှိရင် အိမ်တစ်အိမ်ဟာ အိမ်မဖြစ်ဘူးလို့လည်း မောင်က အမြဲပြောတတ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ကျက်သရေကို ငံ့လင့်နေတဲ့ မောင်ဟာ ကျောင်းပြီးတာနဲ့ပဲ မဆိုင်းမတွဘဲ သက်ကို လက်ထပ်ဖို့ပြောခဲ့တာပဲ။

ပညာမင်းကြီးသမီးပီပီ ပညာရေးမှာ ထူးချွန်တဲ့သက်နဲ့ ဘဝရည်မှန်းချက်ကြီးတဲ့ သူငယ်ချင်း မိုး တို့ဟာ အတွဲ ညီညီနဲ့ ကံ့ကော်ပင်အောက်ကခုံတွေမှာ၊ သစ်ပုတ်ပင်ကြီးရှေ့မှာ၊ ဂျပ်ဆင်မှာ၊ စာကြည့်တိုက်မှာ၊ အင်းလျားမှာ ဘဝရှေ့ရေးတွေအကြောင်းကို စိတ်ကူးအိပ်မက်ခဲ့ကြတာ မောင်နဲ့မတွေ့ခင်အထိပေါ့။ မိုးကတော့ သိပ်ရည်မှန်း ချက်ကြီးတယ်။ သူ့မှာ ရည်းစားရှိလာပေမယ့် သူ့ရည်မှန်းချက် မပျက်ဘူး။ သက်ကတော့ မောင်နဲ့မတွေ့ခင် ထိသာ ဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင်တယ် ရှိခဲ့ပေမယ့် မောင်နဲ့တွေ့ပြီးနောက်မှာတော့ မေမေ့ခြေရာကို နင်းလို့ မောင့်အတွက် ဇနီးကောင်း၊ မောင်လှည့်ကြည့်စရာမလိုလောက်အောင် နောက်ကနေ ထောက်ကူပံ့ပိုးမယ့် ကိုယ်ပျောက်လက်ကလေး၊ သာယာနှစ်လိုဖွယ် ရိပ်မြုံဂေဟာတစ်ခုကိုဖန်တီးမယ့် ပုခက်လွှဲတဲ့လက်တစ်စုံ သာ ပိုလို့ဖြစ်ချင်လာခဲ့ပါတယ်။ ဒါကြောင့် မိုးက “ငါတို့ကျောင်းပြီးရင် …”အစချီတဲ့ မော်ကွန်းရတုတွေ တိုင်လေ တိုင်း ‘အင်း’လို့ ဖောက်ရပေမယ့် စိတ်ထဲကတော့ အနာဂတ်အိမ်ထောင်စုတစ်ခုကိုသာ မှန်းကြည့်နေခဲ့တာ ပါပဲ။

ဒါကြောင့်လည်း မောင်က လက်ထပ်စို့လို့ပြောချိန်မှာ မတွေမဝေဘဲ ခေါင်းညိတ်ခဲ့တာ။ မိုးကတော့ သက်ကို မယုံနိုင်တဲ့အကြည့်တွေနဲ့ လက်ညှိုးထိုးပြီး ‘သက် နင်သစ္စာဖောက်တယ်ဟာ’တဲ့။ သက် ဘာမှပြန်မပြောခဲ့ ပါဘူး။ သက်နဲ့ မိုးနဲ့က လာရာလည်း မတူသလို၊ လားရာလည်း တူကြတာမှ မဟုတ်တာ။ သူဖြစ်ချင်တာတွေ သက်မှမဖြစ်ချင်တာ။ သူက ရည်မှန်းချက်ကြီးတယ်။ ယောက်ျားတွေ မော်ကြည့်ရတဲ့ မိန်းမဖြစ်ချင်တာ။ သက်ကတော့ အိမ်ရှင်မပဲလုပ်ချင်တဲ့သူ။ ပညာဆိုတာကတော့ ခုခေတ်က မိန်းကလေးတွေပညာသင်တာကို ရှုတ်ချကြတော့တဲ့ ခေတ်မှမဟုတ်တာဆိုပေမယ့် သက် အနေနဲ့ ဒီအတန်းပညာတွေကို ဘွဲ့တွေ တစ်ခုပြီးတစ်ခု ယူပြီး မနေချင်ပါဘူး။ ပညာသင်တဲ့သူတွေကိုလည်း ဘယ်လိုမှမမြင်ပါဘူး။ သူတတ်နိုင်စွမ်းနိုင်လို့ သင်တာပဲ မုဒိတာပွားရုံပါပဲ။ မိုးသာ အောင်မြင်ကျော်ကြားတဲ့ အာဂမိန်းမတစ်ယောက်ဘဝကို ရောက်ခဲ့ရင် မိုးအတွက် အပျော်ဆုံးလူဟာ သက်ပဲဖြစ်မှာပါ။

ဆိုရရင် သက်အတွက် သက်ရဲ့ပျော်ရွှင်မှုဟာ ဘွဲ့တွေ၊ အောင်မြင်မှုတွေ၊ ပိုက်ဆံတွေမဟုတ်ပါဘူး။ သက်ရဲ့ ပျော်ရွှင်မှုဟာ မောင့်အနားမှာနေပြီး မောင့်ကိုလိုလေးသေးမရှိအောင် စီမံဖြည့်တင်းပေးရတဲ့ မောင့်ရဲ့ဖြည့်ဖက် ဖြစ်ချင်တာပါပဲ။ မောင်က ‘ယင်’ဆို သက်က ‘ယန်း’ပေါ့။ ငယ်ငယ်ကတည်းက အထင်ကြီးလေးစားခဲ့ရတဲ့ မေမေသွေးတွေဟာ သက်ကိုယ်ထဲမှာ စီးနေတဲ့အသံတွေကိုတောင် ကြားနိုင်ပါတယ်။ မောင့်ကိုဟင်းထည့် ပေးတဲ့အခါတိုင်း ဖေဖေ့ကိုဟင်းထည့်ပေးနေတဲ့ မေမေ့ကိုမြင်ယောင်တာပါပဲ။ မေမေက ဖေဖေ့ကို အစမှာ မချစ်ဘဲယူခဲ့တယ်ဆိုပေမယ့် သက်ကတော့ မောင့်ကိုချစ်လို့ယူခဲ့တာမဟုတ်လား။ မေမေ့ထက်တောင် သက်ရဲ့ ပေးဆပ်မှုက ပိုနက်ရှိုင်းရဦးမှာ။

မောင်နဲ့လက်ထပ်ဖို့ ကိစ္စကိုဖွင့်ပြောတဲ့ညက ဖေဖေက သက်ဘာကြောင့် ခုလိုဆုံးဖြတ်ရသလဲလို့မေးပါတယ်။ သက်ကတော့ မေမေ့လိုပဲ အိမ်ထောင်ရှင်မကောင်းဘဝနဲ့ နေချင်လို့လို့ ရိုးရိုးလေးပဲ ပြန်ဖြေခဲ့ပါတယ်။ မောင်ဟာလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက် ဖြစ်မယ်လို့ယုံကြည်လို့ပါပဲ။ အိမ်ထောင်ရှင်ကောင်း၊ ခင်ပွန်းကောင်းဖြစ်လိမ့်မယ်လို့ ယုံကြည်ရတဲ့ ယောက်ျားတစ်ယောက်အတွက် သက်အနေနဲ့ တခြားအခွင့် အလမ်းတွေကိုစွန့်လွှတ်ပြီး မပေးဆပ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဖေဖေကိုယ်တိုင်ကလည်း မောင့်အပေါ် ဒီလိုပဲ သုံးသပ်ပြီးသားပါ။ ဒါနဲ့ပဲ ဖေဖေဟာ လက်ထပ်ဖို့ခွင့်ပြုလိုက်ပါတယ်။ ပြည့်စုံတဲ့ ဓနဥစ္စာ နောက်ခံ ရှိပြီး ပညာစုံနေကြပြီဖြစ်တဲ့ လူငယ်နှစ်ယောက်၊ ယုံကြည်စိတ်ချချင်စရာ ရင့်ကျက်မှုရှိပြီဖြစ်တဲ့ လူငယ်နှစ် ယောက်ကို မိဘတွေက ကြည်ကြည်ဖြူဖြူပဲ ပေးစားခဲ့ပါတယ်။ အသက် ၂၀ စွန်းစွန်းကလေးမှာတင် သက်ဟာ အိမ်ထောင်ရှင်မ စဖြစ်ခဲ့တယ်။ မောင့်ရဲ့အိမ်ကို လိုက်လာခဲ့ပြီး မောင့်အိမ်ကြီးကို စောင့်ရှောက် ထိန်းသိမ်းရတဲ့ အိမ်ကြီးရှင်မတာဝန်ကို စထမ်းခဲ့တာပါပဲ။ မေမေ လက်ထပ်သင်ကြားပေးလိုက်တဲ့ သမီးပီပီ အိမ်စေတွေ၊ မာလီတွေ၊ ခြံစောင့်တွေ၊ ထမင်းချက်တွေကို အကောင်းဆုံး မရိုင်းမပျဘဲ ညွှန်ကြားနိုင်ခဲ့ပါတယ်။ သက်မရောက်ခင်က လျော့တိလျော့ရဲနဲ့ လူနေချင်စရာမကောင်းခဲ့တဲ့ မောင့်အိမ်ဟာ သက်ရောက်ပြီးနောက်မှာ စိုပြည်တောက်ပလာခဲ့ပါတယ်။ မောင်ကတော့ ဂျာနယ် ကျော်မမလေးရဲ့ ‘သူမ’ဝတ္ထုထဲက သက်သက်ကို သူရလိုက်တယ်လို့ ပြောပါတယ်။ ‘သူမ’လား… သက် လည်း ငယ်ငယ်ကတော့ ဖေဖေ့စာအုပ်စင်နေ ယူဖတ်ဖူးပါရဲ့။ မောင် ဒီလိုပြောတော့ သက်က ပြုံးနေတာပေါ့။ ‘သူမ’ ထဲက သက်သက်ကိုဖွဲ့တာကတော့ နည်းနည်းများအတိသယဝုတ္တိမြောက်နေမလားပဲ။ သက်ကတော့ အဲဒီ လောက် မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မောင် နောက်ပြန်လှည့်ကြည့်စရာမလိုတဲ့ အိမ်ရဲ့မန်နေဂျာ ခေါ်ခေါ် ဘတ်တလာခေါ်ခေါ် ရာထူးမှာ အကောင်းဆုံးလုပ်ပြနိုင်တယ်လို့တော့ ယုံကြည်တာပါပဲ။

သားသားလေး ကိုယ်ဝန်ရှိလာတော့ သက်ဟာ သားသမီးပြုစုထိန်းကျောင်းနည်း စာအုပ်တွေ ဖတ်တာပဲ။ ကလေးစိတ်ပညာတွေရော၊ ကလေးပညာရေးတွေရော အစုံအစုံ။ ဒီအချိန်မှာ မိုး ကတော့ နိုင်ငံခြားမှာ ဖွံ့ဖြိုးရေးတွေ၊ ဘောဂဗေဒသီအိုရီတွေ၊ နိုင်ငံရေးသဘောတွေ နှုတ်တက်ရွရွကျက်နေမလားပဲ။ မိုးလည်း သူ့ ရည်မှန်းချက်နဲ့သူ၊ သက်လည်း သက်ရည်မှန်းချက်နဲ့သက်ပဲလေ။ အားလုံးဟာ ကိုယ်ရွေးချယ်တဲ့လမ်းကို အကောင်းဆုံးလျှောက်နေဖို့ပဲ လိုတယ်လို့ သက်ကခံယူတာပါပဲ။ သက်က မိဘကောင်းဖြစ်ချင်တယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ်လည်း ဖြည့်ဆည်းတယ်၊ သားသားနဲ့ မီးမီးကိုလည်း ငယ်စဉ်ကတည်းက စာဖတ် ဝါသနာပါအောင် လေ့ကျင့်ပေးတယ်၊ ကျန်းမာသန်စွမ်းအောင်၊ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင် နေ့နေ့ ညည တွေးပြီး ပြုစုပျိုးထောင်တယ်။ မောင် အပြင်မှာ အလုပ်တွေနဲ့မအားမလပ်ရှိနေချိန် သက်ဟာ သားနဲ့ သမီးကို မေတ္တာရော၊ ပညာရော မလစ်ဟင်းအောင် ပေးနေခဲ့တာပဲ။ ဒီလိုဘဝကို သက် ပျော်တယ်။ အိမ်ရဲ့ ဘဏ္ဍာရေး၊ ပြည်ထဲရေး၊ လူမှုရေးဝန်ကြီးတာဝန်တွေ ယူထားရတဲ့အပြင် ပိုးမွေးသလို ကလေးနှစ်ယောက်ကို မွေးရတဲ့တာဝန်တွေ။ ပင်ပန်းသလား၊ မောသလား၊ မောတော့မောတာပေါ့၊ ဒါပေမဲ့…။

သက်ရဲ့ဘဝမှာ ပိုက်ဆံကနံပါတ်တစ်နေရာမှာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့် မောင်နဲ့သက်တို့ရဲ့ အိမ်ထောင်ရေး မှာတော့ အဲဒီ ပိုက်ဆံဆိုတာသာ မရှိခဲ့ရင် သက်ဟာ သက်လိုချင်တဲ့ဘဝကိုရမှာမဟုတ်ပါဘူး။ ပိုက်ဆံဟာ အိမ်ထောင်သာယာဖို့ တစ်ခုတည်းသောလိုအပ်ချက်မဟုတ်ပေမယ့် အရေးကြီးတဲ့အကြောင်းတော့ ဟုတ်တာ ပါပဲ။ သက်တို့သာ ဆင်းရဲကြည့်၊ သက် ဟာ အိမ်ထောင်ရှင်မ ဘဝကို တင်းပြည့်ကျပ်ပြည့် ကျေနပ်ခံစားနိုင်မှာ မဟုတ်ဘူး။ သက်ဟာ မောင့်အတွက် ပေးဆပ်နေရတယ်လို့ မြင်နိုင်မှာ မဟုတ်တော့ဘဲ ဝဋ်ကြွေးဆပ်နေရ တယ်လို့ပဲ မြင်တော့မှာ။ ကလေးနှစ်ယောက်ကိုလည်း ဆည်းလည်းသံလေးတွေလို့ မမြင်တော့ဘဲ ကြိုးနှစ် ချောင်းရယ်လို့ မြင်တော့မှာ။ နောက်တစ်ချက်က မောင်ကိုယ်တိုင်ပါပဲ။ မေမေ့အပေါ် ကောင်းခဲ့တဲ့ ဖေဖေ့ ကြောင့် မေမေကလည်း ဖေဖေ့အတွက် ပြုံးပြုံးကြီးပေးဆပ်သူဖြစ်လာခဲ့သလို သက်ကိုချစ်ပြီး သူ့တာဝန်သူ အလွန်ကျေပွန်တဲ့ မောင့်ကြောင့်လည်း သက်ဟာ ပျော်ရွှင်စွာနဲ့ ပေးဆပ်ခွင့်ရတဲ့ဘဝကို ရခဲ့တာပါ။ ဒါကြောင့် အားလုံးဟာ အပြန်အလှန်ဖြည့်ဆည်းပေးကြတဲ့ မိတ်ဓာတ်၊ ယင်နဲ့ယန်း ဖြစ်ဖို့လိုတယ်လို့ ပြောတာပေါ့။ ဒါတွေ မိုး နားလည်ပါ့မလား။

သားနဲ့သမီးကို တစ်နေ့ကျရင် ကျရာနေရာကနေ အကောင်းဆုံးထမ်းဆောင်တဲ့ လူသားလေးတွေ ဖြစ်လာဖို့ပဲ သက်မျှော်လင့်တယ်။ သူတို့ လျှောက်ချင်တဲ့လမ်းကို သူတို့လျှောက်ပါစေ။ ကိုယ်ရွေးတဲ့ဘဝအပေါ်မှာ အပြည့် အဝစိတ်ကျေနပ်ပျော်ရွှင်ဖို့ပဲ အရေးကြီးပါတယ်။ သားအနေနဲ့ သူ့အဘိုးလို ပညာရေးသမားကြီးပဲဖြစ်ဖြစ်၊ သူ့ အဖေလို အောင်မြင်တဲ့ကုမ္ပဏီပိုင်ရှင်ကြီးပဲ ဖြစ်ဖြစ် သက်ကတော့ သူ့ဘဝကိုသူကျေနပ်တယ်ဆိုရင် ပြီးတာ ပါပဲ။ သမီးလည်း သူ့အမေလို၊ သူ့အဘွားလို အိမ်ထောင်တစ်ခုရဲ့ပင်မဆုံလည်ချက်ပဲ ဖြစ်ဖြစ်၊ သူ့အန်တီမိုးလို ပညာတွေတတ်၊ ကမ္ဘာအနှံ့လူရာဝင်ပြီး တိုင်းပြည်ကိုဦးဆောင်တဲ့ မိန်းမပဲဖြစ်ဖြစ် အမှန်တကယ်ပျော်နေ ဖို့ပါပဲ။

မိုးရေ… မင်း ခုလောက်ဆို နေပြည်တော်မှာ အစည်းအဝေးတွေတက်ပြီး မောလို့ ဟိုတယ်ခန်းမှာ ခြေဆန့် လက်ဆန့်နေလောက်ရောပေါ့နော်။ သက်လည်း သားနဲ့သမီးကို အိပ်ရာဝင်ပုံပြောပြ၊ စာဖတ်ပြဖို့ အချိန်ရောက် ပြီ။ သိတယ် မဟုတ်လား၊ မိဘက စာဖတ်ပြတာကို ခံရတဲ့သားသမီးတွေဟာ စာဖတ်ဝါသနာပါလာဖို့ ပိုပြီး ရာခိုင်နှုန်းများတယ်ဆိုတာ။ တိုင်းပြည်အတွက် မိုးက ရှေ့ကဦးဆောင်နေချိန် သက်ကလည်း နောက်တန်း ကနေ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပါရစေနော။ ချစ်တဲ့ … သက်။

(ချင်းတွင်းမဂ္ဂဇင်း၊ ၂၀၁၉ မေ-ဇွန်)


ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။




Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...