ကျွန်တော်တို့ကလည်း အိမ်ရှင်တွေကို အားနာလှပြီ။ လေယာဉ်ပျက်ကျပြီးကတည်းက သူ့တို့ဆီမှာ သောင်တင်နေတာ သည်ပင် တစ်လရှိပြီ။ အိမ်ရှင် မူနာ ကတော့ ဘာမှအားမနာဖို့ပြောသလို သူ့မိသားစု ကလည်း လိုလေသေးမရှိအောင် ကျွန်တော်တို့ကို ဂရုစိုက်သည်။ ကျွန်တော်တို့ကတော့ အမြန်ဆုံး ကိုယ့်နိုင်ငံ ကိုယ် ပြန်ချင်လှပြီ။ မူနာက သူတို့ နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဌာနနှင့်ပြောပြီးပါပြီ၊ အိမ်ကိုတန်းတန်း မတ်မတ် ပြန်ရောက်အောင် ကူညီပေးပါ့ မည်ဟု ဆိုသည်။ သူတို့ဆီမှာက ကျွန်တော်တို့နိုင်ငံသံရုံးမရှိသဖြင့် အနီးဆုံး ဩစတြေးလျမှာရှိသည့် သံရုံးက တစ်ဆင့်ဖြစ်ဖြစ် ကျွန်တော်တို့အစိုးရဘက်ကို လှမ်းအကြောင်း ကြား ပေးထားသည်။
တကယ်တော့လည်း မူနာ့ကို ကျွန်တော်တို့က အားနာစရာတော့ သည်လောက် မလိုလှ။ သူတို့ အစိုးရ၏ လူမှုရေးဌာန စရိတ်ဖြင့် နိုင်ငံတော်ဧည့်ဂေဟာမှာ ထားထားရင်းက လွတ်လွတ်လပ်လပ် နေချင်သည့် ကျွန်တော်တို့ကလည်း တောင်းဆိုသည်နှင့် ခင်မင်နေပြီ ဖြစ်သည့် ဂေဟာက လူမှုဝန်ထမ်းအရာရှိ မူနာ က သူ့အိမ်မှာ လာနေဖို့ဖိတ်ခြင်းဖြစ်သည်။ ကျွန်တော်တို့အတွက် အဓိက ကုန်ကျစရိတ်ကိုတော့ အစိုးရက ပေးသည်။ မူနာ တို့ မိသားစုကလည်း စေတနာမခေါင်းပါး။ နိုင်ငံတော်စရိတ်အပြင် သူတို့ကပါ ဧည့်ဝတ်ကျေပွန်လှသည်မို့ နည်းနည်း အနေရခက်တာတစ်ခုပဲ ရှိသည်။
ကျွန်တော်တို့ဆိုတာကတော့ ကျွန်တော်နှင့် မြင့်ဇော်တို့ဖြစ်သည်။ ကျွန်တော်တို့ လေယာဉ်ပေါ်မှာ ပါလာခဲ့သည့် တခြား ခရီးသည်ထဲကဆိုလျှင် ကျွန်တော်တို့နှင့် မျက်စောင်းထိုးမှာထိုင်သည့် ရုရှား အဘိုးကြီးတစ်ဦးပဲ ပါသည်။ ကျန်ခရီးသည်များကတော့ သေသလား၊ ရှင်သလားမသိတော့။ (နောက်မှ သိရတာက နောက်ထပ်ငါးယောက်ကို ကယ်ဆယ်လို့ရသည်။ ကျန်တာကိုတော့ သေစာရင်းသွင်းသည်။) ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကျော်နေသည့် ကျွန်တော် တို့ ဘိုးအင်းဂျက်လေယာဉ်ကြီးသည် ဉာဉ့်သန်းခေါင် အရောက်တွင် ရုတ်တရက် စက်ချို့ယွင်းကာ သမုဒ္ဒရာထဲ ထိုးစိုက်ဆင်းသွားသည်။ နောက်တော့ အော်သံ ဟစ်သံ၊ အရေးပေါ်တံခါးတွေပွင့်၊ ရေတွေဝင်လာ၊ ကမ္ဘာပျက်သည့်အလား…
ပင်လယ်ထဲ မျောနေပြီးနောက်တွင် ကျွန်တော့်ကို ကမ်းနီးငါးဖမ်းလှေတစ်စင်းက ဆယ်သည်။ ကမ်းပေါ် ရောက်တော့ သက်ဆိုင်ရာအစိုးရအရာရှိတွေကို အကြောင်းကြားပြီး အနီးဆုံးဆေးရုံပို့ပေးသည်။ ဆေးရုံရောက်တော့ မြင့်ဇော်နှင့် ထိုရုရှားအဘိုးကြီးတို့က ကျွန်တော့်အရင်ကြိုရောက်နှင့်ပြီးဖြစ်သည်။ မသေကောင်း မပျောက်ကောင်း ပြန်တွေ့ရသည်ဟု မြင့်ဇော်နှင့်ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်သား ဖက်ငိုကြသည်။ အမေရိကတွင် ဆီမီနာ တစ်ခုတက်ရောက်ရန် ကြွချီလာခဲ့သည့် ကျွန်တော်နှင့် သူငယ်ချင်း မြင့်ဇော်။ လေယာဉ်ပျက်တော့လည်း အတူတူ၊ အကယ်ခံရတော့လည်း အတူတူ။ တက်တဲ့ဆေးရုံတောင်မှာ အတူတူ။
“မင်းနဲ့ငါနဲ့က ကံစပ်သား။ မိန်းမရလည်း အတူတူပဲဖြစ်မယ်ထင်တယ်နော်”ဟု မြင့်ဇော်က ထဖောက်၏။
“ဟေ့… ဟေ့ … ရို့စ်ကိုတော့ လာမလုနဲ့နော်”ဟု ကျွန်တော်က မျက်နှာတည်တည်နှင့် ပြန်ဟောက်သည်။ ရို့စ်ဆိုတာက ကျွန်တော့်အတွက် တာဝန်ကျသည့် သူနာပြုဆရာမလေး။ သူ့နာမည်က ခေါ်ရခက်သဖြင့် သူက “ရို့စ်”လို့ပဲ ခေါ်ပါဟု ပြောသည်။ ကြေးနီရောင်အသားအရေရှိပြီး လုံးဝန်းပြည့်ဖြိုးသော ကိုယ်လုံးရှိသည်။ ရုပ်ကတော့ သိပ်ကြီး မလှ။ သို့သော် ဆွဲဆောင်မှုရှိသောမျက်လုံးများရှိသည်။ နည်းနည်း ထူထူထောင်ထောင် ဖြစ်လာသည်နှင့် မြင့်ဇော်နှင့် ကျွန်တော်တို့သည် ရို့စ်ကို စသလိုနောက်သလိုနှင့် ဝိုင်းပိုးကြတော့သည်။
ကျွန်တော်တို့ကို ကယ်လိုက်သည့်နေရာက ပစိဖိတ်သမုဒ္ဒရာအတွင်းက ပိုလီသရစ္စကီးယားဟုခေါ်သည့် ကျွန်းနိုင်ငံလေး။ အနောက်စူးစူးသွားလျှင် အာရှတိုက်၊ အရှေ့စူးစူးဆက်သွားလျှင် အမေရိကတိုက်။ တောင် ယွန်းယွန်းသွားလျှင်တော့ ဩစတြေးလျတို့၊ နယူးဇီလန်တို့ ကျွန်းအုပ်စုဆီရောက်မည်။ ပိုလီသရစ္စကီးယားက ကျွန်းနိုင်ငံငယ် လေးဆိုပေမယ့် လူဦးရေက ဆယ်သန်းလောက်ရှိသည်။ မြို့တော်ကမာဘူတိုဖြစ်ပြီး ကျွန်တော်တို့ကို ဆယ်လိုက်သည့်ကမ်းခြေနှင့်ဆို မိုင်အစိတ်လောက်ပဲဝေးသည်။ မြို့တော်အနား ဝိုင်းပတ်ထား သည့် ရွာငယ်လေးများကလွဲလျှင် မြို့ကြီးပြကြီး သိပ်မရှိလှပေ။
ပိုလီသရစ္စကီးယားသည် တိုင်းပြည်တစ်ပြည်အနေဖြင့် မချမ်းသာ၊ ဆင်းရဲသည့်အထဲ ပါသော်လည်း ယေဘုယျ အားဖြင့် တည်ငြိမ်အေးချမ်းသည်ဟု ဆိုနိုင်သည်။ မူနာ ကတော့ ယခုလို အေးချမ်းသည်မှာ မကြာသေးဟု ပြောပြသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များတုန်းကဆိုလျှင် တိုင်းပြည်သည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြင့် ကြိမ်မီးအုံးသလို လူမမာနိုင်ငံဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ကျွန်တော် အံ့ဩသွားသည်က ထိုသတင်းများကို ကျွန်တော် မကြားဖူးခဲ့၍ဖြစ်သည်။
“ဘယ်ကြားဖူးမလဲ ဆရာရဲ့၊ ကျွန်တော်တို့နိုင်ငံနာမည်တောင် သိတဲ့လူက နည်းနည်းဟာကို။ ဆရာတို့တောင် အရင်တုန်းက ရှိမှန်းရော သိခဲ့ရဲ့လား”ဟု မူနာ ကပြောသည်။ “အင်း … ဒါလည်း ဟုတ်တာပဲ။ ကမ္ဘာ့ မီဒီယာတွေကလည်း သာမန်နိုင်ငံသေးသေးလေးတွေအကြောင်း ရေးလေ့၊ ဖော်ပြလေ့မရှိတော့ ကျွန်တော်တို့က ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ လောက်မှာ နိုင်ငံ ၁၀၀ ကျော်လောက်က ရှိမှန်းတောင် မသိရဘူး မဟုတ်လား” ဟု မြင့်ဇော်က ပြောသည်။
ပိုလီသရစ္စကီးယားတွင် ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများနှင့်နောက်မှ ရောက်လာကြသည့် လူဖြူ၊ လူညို၊ ဩစထိုအေးရှင်း၊ မလေး၊ အင်ဒိုနီးရှားဘက်မှ ရှေးကျသည့် မျိုးနွယ်စုများ စသည်ဖြင့် လူမျိုးစုံသည်။ အင်္ဂလိပ် ကိုလိုနီလည်း ဖြစ်ဖူးခဲ့သည်။ အမေရိကန်ကလည်း အုပ်ချုပ်ဖူးသည်။ ဘာသာတရားအားဖြင့် ခရစ္စယာန်၊ မွတ်စလင်တို့လည်း ရှိသည်။ ဟိန္ဒူလည်း ရှိသည်။ အလွန်ရှေးကျသည့် တောင်အမေရိကတိုက် အင်ကာနှင့် မာယာနိုင်ငံများမှ ရိုးရာနတ်ဘုရား ဘာသာဝင် များတောင် ရှိသေးသည်ဆိုတော့ အံ့ဩရသည်။
သည်နိုင်ငံတွင် ဘာသာဝင်အများဆုံးကတော့ ရှေးဟောင်း မာယာဘာသာတရားမှ ဆင်းသက်လာသည့် ‘မေဆိုအမေရိကန်’ ဘာသာရေးမှ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာသည့် သီးခြားဘာသာတရားဖြစ်သည်။ သည် ကျွန်းပေါ်မှာ လူတွေစနေထိုင်ကတည်းက ကိုးကွယ်လာကြသည့် ဘာသာဖြစ်သည်ဟု မူနာက ရှင်းပြသည်။ သို့သော် ရှေးဟောင်းမာယာ ဘာသာဝင်တို့လို လူကိုသတ်၍ယဇ်ပူဇော်ခြင်း စသည့် အလေ့အထမျိုး မရှိတော့ဘဲ တခြား ကမ္ဘာ့ဘာသာကြီးများထဲမှလည်း ကောင်းနိုးရာရာ အလေ့အကျင့်များကို ယူခြင်းဖြင့် သီးခြား ဘာသာဖြစ်လာသည်။ ဘုရားရှိခိုးကျောင်း သွားခြင်း၊ ကျမ်းစာများ ရွတ်ဖတ်ဆုတောင်းခြင်းတို့ကို ပြုကြသည်။ ထိုဘာသာ၏ဘုန်းကြီး (တရားဟောဆရာ) များသည် ဘာသာဝင်များအပေါ် အတော် ဩဇာ ညောင်းကြသည်။ မူနာက ထိုဘာသာဝင်ဖြစ်သည်။ သို့သော် တခြားဘာသာတရားများကိုလည်း လေးစားသမှုရှိသည်။ မူနာ့ကို ကျွန်တော်တို့ ခဏတွင်းချင်း ခင်မင်သွားကြသည်။
“ကျွန်တော် လူပျိုပေါက်ဘဝတုန်းကများဆို အေးဆေးမနေရပါပဲကလား ဆရာလေးရဲ့။ ခဏခဏ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ကြလို့ မာရှယ်လောထုတ်ရ၊ ကာဖျူးထုတ်ရနဲ့။ တော်ကြာ ဟိုနားရပ်ကွက်မှာ ဟိုဘာသာဝင်တွေဆိုင် အရိုက်ခံရပြန်ပြီ၊ တော်ကြာ ဟိုဘက်ရွာမှာ အိမ်တွေမီးရှို့ခံရ ပြန်ပြီနဲ့။ တိုင်းပြည်က မွဲ၊ ကျွန်းနိုင်ငံဆိုတော့ သဘာဝဘေးဒဏ်ကလည်း ခံရတဲ့အထဲ၊ ဘာသာရေး လူမျိုးရေး မှိုင်းမိတော့ ပိုဆိုးတာပေါ့ဗျာ…”ဟု မူနာက အင်္ဂလိပ်စကားကို သူတို့ဒေသခံကျွန်းသားများ လေ့သံဝဲဝဲဖြင့် ပြောသည်။
“ဘယ်လိုကနေ စပြီး အဲဒါတွေဖြစ်တာလဲ မူနာရဲ့”ဟု ကျွန်တော်တို့က ဆက် စပ်စုသည်။
“ကျွန်တော်တို့ ဘာသာဝင်တွေက အများဆုံးဆိုပေမယ့် တခြား ဘာသာဝင်တွေနဲ့ယှဉ်လိုက်ရင် သိပ်ပြီး အပြတ်အသတ်မများဘူး ဆရာတို့ရဲ့။ ၆၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တဲ့ ဘာသာဝင်တွေက အားလုံး ပေါင်း ၄၀ လောက်ရှိတာပေါ့။ အင်္ဂလိပ် ကိုလိုနီလက်ထက်တည်းက ကျွန်တော်တို့ဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုတို့၊ ဘာသာရေးတို့မှာ ကိုယ်တွေရဲ့ကြီးစိုးထားတဲ့ စရိုက်လက္ခဏာ မှေးမှိန်သွား မှာစိုးတာပေါ့ဗျာ။ အင်္ဂလိပ်ကလည်း သူတို့ခရစ်ယာန်ကိုပဲ အားပေးတာကိုး။ အဲဒီကတည်းက အမျိုးသားရေးစိတ်ဓာတ်က ရှိခဲ့တာပေါ့ဗျာ။”
မူနာ့စကားမှာ ကျွန်တော်တို့စိတ်ဝင်စားနေတုန်း မူနာ့သမီး တူဗီယန်ကိုက စားစရာယူလာချပေးသဖြင့် စကားစ ခဏပြတ် သွားသည်။ ကျွန်တော်နှင့်မြင့်ဇော်တို့၏မျက်လုံးများက ဧည့်သည်ကိုပြုံးပြပြီး ပြန်ထွက်သွားသော တူဗီယန်ကို၏ နောက်ပိုင်းအလှနောက်သို့ ပါသွားကြသည်။ လူကြီးပီပီရိပ်မိသည့် မူနာက ချောင်းဟန့်လိုက်ပြီး သတိပေးတော့မှ ကျွန်တော်တို့လည်း ကိုယ်ရှိန်သတ်ကြရသည်။
“လွတ်လပ်ရေး ရပြီးတာတောင် ကျုပ်တို့တိုင်းပြည်ကလည်း အေးအေးချမ်းချမ်းမရှိဘူးဗျ။ အာဏာရှင်တွေ တက်လာလိုက်၊ ပြည်သူက ပြန်ဖြုတ်ချလိုက်နဲ့ နိုင်ငံရေးက သွက္ချာပါဒလိုက်။ အကျင့်ပျက်ခြစားတာတွေ များတော့ စီးပွားရေးက ဇောက်ထိုး။ ဒီကြားထဲ ကျွန်းနိုင်ငံဆိုတော့ မုန်တိုင်းက ခဏခဏဝင်။ အဲဒီ ကြားထဲကမှ အမျိုးသားရေးသမားတွေ၊ အထူးသဖြင့် ကျွန်တော်တို့ဘာသာရဲ့ တရားဟောဆရာတွေပေါ့ဗျာ၊ သူတို့က အမျိုးသားရေးတရားတွေဟော၊ စာအုပ်တွေထုတ်၊ ပြည်သူကလည်း မှိုင်းမိတော့ အဲဒီမှာ တခြား ဘာသာဝင်တွေနဲ့ ပဋိပက္ခဖြစ်တာပေါ့။ ကောလာဟလတစ်ခုခုထွက်ပြီးတိုင်း ရိုက်ပွဲနှက်ပွဲတွေ၊ မီးရှို့တာတွေ၊ ဖျက်ဆီးတာတွေ ဖြစ်ကြတာပေါ့။”
“အေးဗျာ… ကြားရတာ စိတ်မကောင်းစရာပါ။ မုဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုတဲ့ ကျွန်တော်တို့ မြန်မာ စကားပုံလိုပါပဲ။ အင်း ကျွန်တော်တို့နိုင်ငံမှာလည်း…”
ကျွန်တော့်စကားစ ပြတ်သွား၏။ အကြောင်းမှာ တူဗီယန်ကိုက အခန်းဝမှာပေါ်လာပြီး “ဖေဖေ.. ဧည့်သည်တွေ အတွက်ထမင်းခူးလိုက်ရတော့မလား”ဟု မေးလိုက်သောကြောင့်ပင်။ မူနာကလည်း “လာကြဗျာ၊ ဧည့်သည်တွေလည်း ဆာလောက်ရောပေါ့”ဟု ခေါ်သဖြင့် ကျွန်တော်တို့ ဒုက္ခသည်နှစ်ယောက် လည်း ဝမ်းသာအားရလိုက်သွားကြသည်။ (ကျွန်တော်တို့နှင့်အတူ အသက်ရှင်ခဲ့သည့် ရုရှားအဘိုးကြီးကတော့ ဆေးရုံမှဆင်းပြီးနောက် အစိုးရဧည့်ဂေဟာမှာပဲ ဆက်နေခဲ့သည်။ ကျွန်တော်တို့ကတော့ သည်ယုန်မြင်လို့၊ သည်ခြုံထွင်လို့ပဲ ပြောရမလား၊ မူနာက သူ့အိမ်မှာ လိုက်နေပါလားဟုပြောတုန်းက တူဗီယန်ကိုလေး မျက်နှာဖြင့် အားနာပါးနာ နှစ်ခါမခေါ်ရဘဲ လိုက်လာခဲ့ခြင်းဖြစ်သည်။)
ပိုလီသရစ္စကီးယား နိုင်ငံအကြောင်းဆက်ရလျှင် အမျိုးသားရေးဝါဒအားကောင်းလာခြင်းနှင့်အပြိုင် လစ်ဘရယ်အမြင်ဝါဒီများလည်း တစ်ဖက်က ပေါ်ပေါက်လာသည်။ ၎င်းတို့အမြင်တွင် အမျိုးသားရေး (သူတို့ အခေါ် မျက်ကန်းမျိုးချစ်စိတ်) လှိုင်း သည် တိုင်းပြည်ကိုမောင်းနှင်မည့်အားမဟုတ်၊ ဖျက်ဆီးမည့်အား။ သောမဂြိုဟ်မဟုတ်၊ ပါပဂြိုဟ်။ သူတို့က တိုင်းပြည်သည်လိုဖြစ်နေသည်ကို မကြိုက်။ အနောက်လစ်ဘရယ် စံများနည်းတူ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်ရေး။ လူမျိုးကြီးဝါဒသည် ခေတ်မမီတော့။ အသားအရောင်မခွဲခြားနှင့်။ နိုင်ငံသားမှန်လျှင် အခွင့်အရေးတန်းတူရရမည်။ တရားဥပဒေစိုးမိုးရမည်။ တရားဥပဒေအထက်တွင် မည်သူမျှမရှိရ။
“အဲဒီမှာ ဗိုလ်ချုပ်ကြီးတိုပိုရဲ့ အာဏာရှင်အစိုးရပြုတ်ကျသွားပြီး တက်လာတဲ့ အရပ်သားအစိုးရက လစ်ဘရယ်ဘက် ယိမ်းတော့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်တိုက်လုပ်တော့တာပဲ။ အမျိုးသားရေး သမားတွေကို နှိပ်ကွပ်ပစ်လိုက်တာ ဝပ်ဆင်းသွားတယ်။ အကုန်ဖမ်း ထောင်ထဲထည့်။ ပြုပြင်ပြောင်းလဲရေး ဘယ်လောက်တောင် လုပ်လည်းဆိုရင် ကမ္ဘာမှာ တစ်ခါမှမရှိသေးတဲ့ (မရှိသေးတဲ့လို့ပြောရတာ ကျွန်တော်လည်း မကြားဖူးသေးလို့) ဥပဒေတစ်ရပ် ထုတ်လိုက်တယ်။ အဲဒါကတော့ ကိုးကွယ်ရာဘာသာနဲ့ပတ်သက်လို့ပဲ။”
မူနာက အချိုလေးတည်းရင်း အုန်းရည်ကို ပိုက်ဖြင့်စုပ်သောက်နေသည်။ ကျွန်တော်ကတော့ မူနာ့ဆက်ပြောမည့် စကားကို စိတ်ဝင်တစားနားထောင်နေသည်။ မြင့်ဇော်ကတော့ တူဗီယန်ကိုများ ပေါ်လာ မလားဟု အိမ်တွင်းခန်းထဲ မျက်လုံးလှမ်းကစားလျက်။
“အဲဒီဥပဒေအရ ဥပဒေအာဏာတည်တဲ့နေ့ကစလို့နောက်ပိုင်း မွေးလာတဲ့ကလေးတိုင်းဟာ မိဘက ဒီဘာသာ ကိုးကွယ်လို့ ဒီဘာသာဝင်ရတယ်လို့ ဖြစ်ခွင့်မရှိတော့ဘူး။ သူတို့ အသက်ဆယ့်ရှစ်နှစ် မပြည့်မချင်း သူတို့ကို မိဘက ကိုယ်ကိုးကွယ်တဲ့ဘာသာကို လိုက်ကိုးကွယ်စေရယ်လို့ လုပ်ခွင့်မရှိတော့ဘူး။ ကလေး ဆယ့်ရှစ်နှစ် ပြည့်တော့မှ သူကြိုက်တဲ့ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ရမယ်လို့ ပြဋ္ဌာန်းတယ်။”
“ဟင်… အဲဒီတော့ မိဘတွေက မကျေမနပ်မဖြစ်ဘူးလား။ ဘယ်သူဖြစ်ဖြစ် ကိုယ့်သားသမီးကို မိဘက ဘာသာတရားယုံကြည်မှုကိုပါ အမွေပေးချင်တာပဲ မဟုတ်လား။”
“ဆရာလေးပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အစိုးရက ပိုလီသရစ္စကီးယားကို လောကီသီးသန့် နိုင်ငံ တည်ဆောက်ချင်တာ။ သူတို့က အနောက်တိုင်းမှာ ကျောင်းတက်ပြီးပြန်လာကြတဲ့ လစ်ဘရယ် ဒီမိုကရက်တွေ၊ ဆီကျူလာရစ်တွေ ကိုးဗျ။ သူတို့က ဘာသာရေးနဲ့နိုင်ငံရေးကို စည်းခြားချင်တယ်။ နောက်ပြီး လူတစ်ယောက်ဟာ မိဘကိုးကွယ်တဲ့ ဘာသာကို ကိုးကွယ်တာထက်စာရင် အသက်ကြီးမှ ကိုယ့်ဟာကိုယ် လေ့လာပြီး လွတ်လွတ် လပ်လပ်ဆုံးဖြတ်စေချင်တာက ပိုပြီး စစ်မှန်တယ်လို့ ယူဆတယ်။ ကုန်ကုန်ပြောရရင် ဘာဘာသာမှ မကိုးကွယ်ဘဲ ဘာသာမဲ့အနေနဲ့ နေချင်ရင်လည်း ရတယ်။”
ကျွန်တော်နှင့်မြင့်ဇော်တို့လည်း ငြိမ်ကျသွားကြသည်။ ခေါင်းထဲမှာ စဉ်းစားစရာတွေက ပေါ်လာတာကိုး။ ကိုယ်သာ မိဘဆိုရင်ကော၊ ဒါကို လက်ခံနိုင်မှာလား။ ကိုယ်မွေးလာသည့် သားသမီးကို ကိုယ့်မိရိုးဖလား ဘာသာဝင်ဖြစ်ရေးထက် သူ့ဘာသာသူ စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးမလား။ ငယ်ငယ်က ကျွန်တော့်မိဘက၊ အထူးသဖြင့် အမေက သားတော်မောင် ကျွန်တော့်ကို ဘာသာတရား အထူးကိုင်းရှိုင်းအောင် ကြပ်မတ် ပေးခဲ့တာကို အမှတ်ရသည်။ ကျွန်တော်တို့အစိုးရကသာ ကျွန်တော်တို့အပေါ် မိဘက ဘာသာရေးကို မသွတ်သွင်းရ၊ မပို့ချရ ဆိုလျှင် အမေကျေနပ်ပါ့မလား။
“နို့.. ဒါထက် နေပါဦး မူနာရဲ့။ အစိုးရက ဥပဒေ ခုလိုထုတ်ပေမဲ့ မိဘတွေက သားသမီးနဲ့ အနီးကပ် နေရတာပဲလေ။ အိမ်မှာ သူတို့ မိရိုးဖလာ ဘာသာတရားအကြောင်းကို မပြောဘဲ၊ မသင်ပေးဘဲနေပါ့မလား။ အနည်းဆုံး ခိုးကြောင်ခိုးဝှက်ပေါ့။ အိမ်ခန်းထဲ ပြောပြလည်း ဘယ်သူသိတာလိုက်လို့။ သူတို့ကရော ဒီဥပဒေကို ကန့်ကွက် တာတို့၊ ဆန္ဒပြတာတို့ မလုပ်ဘူးလား”ဟု မြင့်ဇော်က ဝင်မေး၏။
“ဒါလည်းဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ တစ်ဖက်က ဘယ်လိုပြန်ထိန်းထားလဲဆိုတော့ ကလေးတွေကို ကျောင်းစ တက်ကတည်းက အစိုးရအစီအစဉ်နဲ့ ဘာသာတွေအားလုံးကို အရွယ်နဲ့လိုက်ဖက်အောင် သင်ပေးတယ်။ ဘာသာအားလုံးကို လေးစားတတ်အောင်၊ နားလည်သဘောပေါက်အောင် အခြေခံကစပြီး သင်ပေးတယ်။ ဒါပေမဲ့ ဘာကအမှန်ရယ်လို့ သူတို့ကိုရိုက်သွင်းမပေးဘူး။ အကယ်၍ ကလေးတစ်ယောက်ဟာ ဘာသာ တစ်ခုကမှ အမှန်ဆိုတဲ့ဘက်က ရပ်တည်ပြီး တခြားဘာသာတစ်ခုခုကို နှိမ့်ချတဲ့ စော်ကားတဲ့စကားပြောပြီဟေ့ ဆိုတာနဲ့ အာဏာပိုင်တွေက ဒီကလေးရဲ့ မိဘတွေကို စစ်ဆေးရေးဝင်တော့တာပဲ။ ကလေးဆိုတာကလည်း မိဘ သင်ပေးလိုက်ရင် သိပ်ပြီးရင်ထဲသိုဝှက်ထားတတ်တာ မဟုတ်ဘူးလေ။ အိမ်က မိဘအုပ်ထိန်းသူ တွေရဲ့ စနက်မပါဘဲနဲ့ ကလေးတစ်ယောက်ဟာ သူ့ဟာသူ ဒီစကားမျိုးမပြောတတ်ဘူး၊ ဒီတော့ ကလေး ဒီလိုဖြစ်ရင် မိဘမှာတာဝန်ရှိတယ်ဆိုပြီး ဥပဒေမှာ ထည့်ရေးထားတယ်။”
“အဲဒီဥပဒေပြဋ္ဌာန်းတုန်းက လွှတ်တော်ကလည်း လစ်ဘရယ်ကြီးစိုးတဲ့လွှတ်တော်ဆိုတော့ အတည်ဖြစ်တဲ့ ဘက်က နိုင်သွားတယ်။ ဒါတောင် အတော်ကိုအကြိတ်အနယ် ငြင်းလိုက်ရတယ်။ မကျေနပ်တဲ့လူတွေလည်း ထွက်ဆန္ဒပြတာရှိပါတယ်။ ဒါပေမဲ့ အစိုးရက ဘယ်လောက်ဆန္ဒပြပြ၊ အကြမ်းမဖက်သရွေ့ ဂရုကိုမစိုက်ဘူး။ နောက်ဆုံးတော့ မိဘတွေကလည်း လက်လျှော့ရတာပါပဲ။ မကျေနပ်လည်း သူတို့ ဒီနိုင်ငံက ထွက်သွားရုံ ရှိတာ ဟုတ်လား။ ခုတော့လည်း နှစ်ပေါင်းနှစ်ဆယ်လောက်ရှိပြီဆိုတော့ အသားကျသွားကြပါပြီ။”
“ဟာ နှစ်ပေါင်းနှစ်ဆယ်ဆိုတော့ အဲဒီတုန်းကမွေးတဲ့ကလေးတွေဟာ ခုဆို သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရမယ့်အရွယ်တောင် ရောက်နေမှပဲ။ အဲဒီတော့ ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့ အကျိုးဆက် ကြောင့် ခုချိန်မှာ လူငယ်တွေရဲ့ဘာသာရေးရွေးချယ်မှုက ဘယ်လိုဖြစ်သွားလဲ”ဟု ကျွန်တော်က မူနာ့ကို စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏။ မူနာက ကျိုးနေသောသွားကလေးပေါ်အောင် ပြုံးလိုက်သည်။ သူပြုံးပုံက ကျွန်တော်တို့ဆီက ရုပ်ရှင်သရုပ်ဆောင် ဦးစံမတူကြီးပြုံးပုံနှင့်တူသည်ဟု ကျွန်တော်ထင်သည်။
“အဟဲ… ဆရာလေးတို့ ယုံမလားတော့ မသိဘူး။ နောက်ဆုံးလုပ်ထားတဲ့ စစ်တမ်းအရ ခု အရွယ်ရောက် လာတဲ့ လူငယ် တစ်ဝက်လောက်ကတော့ ဘာသာမဲ့ဖြစ်သွားကြတယ်။ အဲ… သူတို့က သူတို့ကို ဘာသာမဲ့ ခေါ်တာမကြိုက်ဘူးဗျ။ ဖရီးသင်ကာ (လွတ်လပ်စွာတွေးခေါ်သူ) တဲ့ဗျ။ ကျန်တဲ့ တစ်ဝက်လောက်မှာ ဆယ်ရာခိုင်နှုန်း လောက်က မိရိုးဖလာဘာသာကိုပဲ ဆက်ကိုးကွယ်တယ်။ နောက်ထပ် ဆယ်ရာခိုင်နှုန်းက လောလောဆယ် ဘယ်သာဝင်မှမဟုတ်၊ နောင်ကိုတော့မသိပါလို့ ဖြေသတဲ့ဗျ။ ကျန်တဲ့ သုံးဆယ်က မိဘနဲ့မတူတဲ့ ဘာသာတစ်ခုခုကို ကိုးကွယ်ကြတယ်။”
ကျွန်တော်ကတော့ အတော်လေး စိတ်ဝင်စားသွားသည်။ ပိုလီသရစ္စကီးယား၏ အဖြစ်အပျက်သည် တွေးစရာ အများအပြားပေါက်ဖွားစေခဲ့သည်။ ကျွန်တော်တို့သည် မွေးလာကတည်းက ဘာသာတရား တစ်ခုခုကို အသေစွဲမှတ် ယုံကြည်ပြီး မွေးဖွားလာကြခြင်းမဟုတ်ပါ။ ဂျန်ဒါဟုခေါ်သည့် ကျားမလိင်သဘာဝ ကွဲပြားမှုကို လေ့လာသည့် သဘောတွင်လည်း ကလေးတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် ကျားဖြစ်သည်၊ သို့မဟုတ် မဖြစ်သည်ဟူ၍ အသိစိတ်ဖြင့် နေနေကြခြင်း မဟုတ်ဘဲ တဖြည်းဖြည်း မိဘပတ်ဝန်းကျင်က ယောက်ျားလေးဆို ယောက်ျားလေး တစ်ယောက်လို ပြုမူနေထိုင်တတ်အောင်၊ မိန်းကလေးဆိုလျှင် မိန်းကလေးတစ်ယောက်လို ခံစားတတ်၊ နေထိုင်တတ်၊ ပြုမူတတ်အောင် ရက်၊ လ၊ နှစ်နှင့်ချီကာ သင်ကြားပေးလိုက်ခြင်း ဖြစ်သည်။
ကိုးကွယ်ယုံကြည်မှုမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ လူတစ်ယောက်သည် မွေးကတည်းက ဟို ဘုရားကိုလည်းကောင်း၊ သည်ဘုရားကိုလည်းကောင်း ယုံကြည်လျက်နှင့် မွေးလာခြင်းမဟုတ်သလို ဘယ် ဘုရားကိုမှမယုံကြည်ဘူးဟု ကြွေးကြော်၍လည်း မွေးဖွားလာသည် မဟုတ်ပါ။ လူတစ်ယောက်သည် မွေးလာခါစက သေတ္တာလွတ်တစ်လုံးသာ ဖြစ်သည်။ ထိုသေတ္တာလွတ်ထဲသို့ ဘေးပတ်ဝန်းကျင်မှ မိဘ စသည့် လူများက တဖြည်းဖြည်းနှင့် ပစ္စည်းပစ္စယများ ထည့်သွင်းပေးလိုက်ကြခြင်းဖြစ်သည်။ မိဘက ဟိုဘုရားကို ကိုးကွယ်ယုံကြည်သူဆိုပါက ကလေးငယ်စဉ်ကတည်းက သူတို့ ကိုးကွယ်ရာ ဘုရား၏အထိမ်းအမှတ်၊ ရုပ်ပုံ၊ ဘာသာရေးပစ္စည်းများကို ပြသမည်၊ အလေးအမြတ်ပြုခိုင်းမည်။ ကလေး၏စိတ်တွင် ဒါသည် ထူးခြား ကြီးမြတ်သောအရာဖြစ်သည်ဟု တဖြည်းဖြည်းချင်း သိမှတ်လာအောင် သင်ကြားပေးသည်။ ပိုပြီး နားလည်သည့် အရွယ်ရောက်သည့်အခါ မိဘတို့က သူတို့ဘာသာနှင့်ပတ်သက်ပြီး သင်ကြားပြသမည်၊ ဝတ်ပြုရာ နေရာများသို့ ခေါ်သွားမည်၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစေမည်၊ တခြားလူတွေ ဘယ်လိုလုပ်သည်ကို နမူနာပြသ သင်ကြားပေးမည်။ ဤနည်းဖြင့် မိဘယုံကြည်သည့် အရာကို သားသမီးများ လည်း ယုံကြည်မှန်းမသိလိုက်ယုံကြည်မိလျက်သား ဖြစ်သွားသည်။
“မူနာရဲ့…မူနာပြောတာကို ကျွန်တော်သဘောပေါက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဘက်ခေတ်ကြီးမှာ မိဘ ကိုးကွယ်လို့ချည်းသက်သက် သားသမီးက ဒီဘာသာကို လိုက်ကိုးကွယ်တာမဟုတ်ဘူးလေ။ နောက်ပြီး အရွယ် ရောက်လို့ သားသမီးက သူယုံကြည်ရာကို လွတ်လပ်စွာ ပြောင်းလဲကိုးကွယ်လည်း ရတာပဲ မဟုတ်လား။ ကုလသမဂ္ဂကလည်း လူ့အခွင့်အရေးကြေညာစာတမ်းမှာ ‘လူတိုင်းသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိသည်’ လို့ ဆိုထားတာပဲ။ ကမ္ဘာကြီးမှာ အယူအဆတွေပြောင်းလဲနေပြီပဲ။ ခုလို လုပ်ဖို့လိုသေးလို့လား”ဟု မြင့်ဇော်က ဝင်မေးသည်။
“ဆရာလေး သရဲမြင်ဖူးသလား”ဟု မူနာက မြင့်ဇော်ကို ပြန်မေး၏။
“ဟင့်အင်း မမြင်ဖူးဘူး။”
“ဒါဆို သရဲရော မကြောက်ဖူးဘူးလား။”
“အင်း… တစ်ခါတစ်ခါတော့ အိမ်ကြီးအကြီးကြီးတစ်လုံးမှာ မှောင်နဲ့မည်းမည်း ကိုယ်တစ်ယောက်တည်း နေရတဲ့အခါ၊ သင်္ချိုင်းကုန်းကို ကိုယ်တစ်ယောက်တည်း သွားရတဲ့အခါမျိုးမှာတော့ ကြောက်သလားလို့။”
“အဲဒါပဲလေ… အဲဒါ ဘာဖြစ်လို့လဲ။ ကလေးဘဝက ကြားဖူးနားဝ သရဲပုံပြင်တွေက စိတ်ထဲစွဲနေတာပဲ။ ငယ်ငယ်က လူကြီးတွေပြောတိုင်း သရဲကိုယုံမယ်။ ကြီးလာတော့ ကိုယ့်ရဲ့ ဆင်ခြင်မှုအရ ယုံချင်မှ ယုံတော့မယ်၊ ဒါပေမဲ့ ကိုယ့်ဆရာတို့ အရွယ်ရောက်ပြီးသားလူတွေတောင်မှ တစ်ခါတစ်ခါ ကြက်သီးထတာ၊ ဟိုအသံဒီအသံကြားရင် ‘ဘာလဲဟ’ဆိုပြီး ကျောထဲစိမ့်သွားတတ်တာပဲ မဟုတ်လား။ ဒါ ငယ်စဉ်က ခေါင်းထဲထည့်ပေးလိုက်တဲ့ အရာတွေရဲ့ လွှမ်းမိုးမှုပဲ။ ကလေးတစ်ယောက်ကို မွေးလာကတည်းက သရဲဆိုတာနဲ့ ပတ်သက်လို့ ဘာဆိုဘာမှမပြောဘဲ ထားကြည့်။ သူ့ ဝေါဟာရထဲမှာ သရဲဆိုတာ ရှိကိုမရှိဘူး၊ ကြားလည်းမကြားဖူးဘူး၊ သရဲဆိုတာ ကြောက်ရတဲ့အရာကြီးလို့တောင်မှ သိမထားဘူး ဆိုပါစို့။ ဒါဆို သူဟာ တစ်ယောက်တည်း အိမ်ကြီးတစ်လုံးထဲမှာ နေရတော့ရော သရဲဆိုတာကို ကြောက်မိပါ့ဦးမလား…”
မြင့်ဇော်က မေးစေ့ကိုပွတ်ပြီး စဉ်းစားနေသည်။ မူနာ ပြောသည့်အတိုင်း သူကိုယ်တိုင်ဟုတ်မဟုတ် သုံးသပ်နေပုံရ၏။ မူနာက စကားကိုဆက်သည်။
“အဲဒီလိုပဲဆရာလေးတို့ရဲ့။ ကြီးလာတဲ့အခါ ဘယ်လောက်ပဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပါ ပြောပြော၊ ကမ္ဘာပေါ်မှာ မိရိုးဖလာ ဘာသာအတိုင်း ဆက်ကိုးကွယ်သူနဲ့၊ ကြီးမှ လွတ်လပ်စွာ ပြောင်းလဲကိုးကွယ်သူနဲ့ ဘယ်သူက များသလဲ။ လူဆိုတာက ငယ်ငယ်ကတည်းက အရိုးစွဲလာတဲ့ စရိုက်တို့၊ ယုံကြည်မှုတို့ဆိုတာ ပြောင်းလဲဖို့ ခက်တယ်မဟုတ်လား။
“အဲဒါထက်ဆိုးတာက တချို့ဟာ ငယ်ငယ်ကတည်းက ဒီလိုယုံကြည်ရမယ်လို့ သင်ကြားပြသခံလိုက်ရယုံသာ မက တခြားသော ကိုယ်နဲ့မတူတဲ့ ယုံကြည်မှုတွေ၊ ဘာသာတရားတွေကိုပါ ‘ဒါတွေက အမှားတွေ၊ လမ်းလွဲနေတာ’ ဘာညာနဲ့ သင်ပေးတာပါ အဆစ်ခံလိုက်ရသေးတဲ့အခါမှာ သူတို့ဟာ ကိုယ့်ဘာသာ တရားကိုသာ ချစ်တတ်ပြီး သူများဘာသာတရားကို မျက်မှန်စိမ်းတပ်ရင်း ကြီးပြင်းလာကြတော့တာပဲ။ သူတို့ရဲ့မိစ္ဆာအယူတွေ လွှမ်းမိုးလာရင်ဖြင့် ငါတို့ရဲ့မှန်ကန်မွန်မြတ်တဲ့ဘာသာဟာ ပျောက်ကွယ်ရချည်ရဲ့ဆိုပြီး စိတ်တွေဝင်ရာကနေ ဘာသာရေးပဋိပက္ခတွေ စတာပဲ။ လူမျိုးရေး ပဋိပက္ခလည်း ဒီအတိုင်းပဲ မဟုတ်ဘူးလား။ ငါ့လူမျိုးက ဘယ်လို၊ တခြားလူမျိုးက ဘယ်ညာ၊ ငါတို့ကမြတ်တယ်၊ နင်တို့က နိမ့်တယ် စသဖြင့် ဖြစ်မလာဘူးလား။ လူအားလုံးကို မဆိုလိုဘူးနော်၊ အတော်များများကတော့ ငယ်ငယ်က သင်ကြား ပေးလိုက်၊ ခေါင်းထဲထည့်ပေးလိုက်တဲ့အတိုင်း ကြီးတဲ့အထိ အရိုးစွဲပြီး နေသွားကြတာများတယ်။ ဒါကြောင့် ကျွန်တော်တို့ ပိုလီသရစ္စကီးယားရဲ့ လစ်ဘရယ် အစိုးရအဆက်ဆက်ဟာ အခက်အခဲတွေ အမျိုးမျိုး ကြားကနေ ဒါကို ပြောင်းဖို့ကြိုးစားခဲ့တာပဲ။ အဲဒီအချိန်က ခေါင်းဆောင်တွေဟာ၊ အထူးသဖြင့် သမ္မတ ‘ပါဟီဗို’ ပေါ့၊ သူတို့တွေဟာ သိပ္ပံပညာရှင်တွေလိုမျိုး စမ်းသပ်ချက်တစ်ခု လုပ်ကြည့်ချင်ခဲ့ပုံ ရပါရဲ့။”
မူနာက ရှည်လျားစွာပြောပြီးနောက် အုန်းသီးတစ်လုံးကို ကောက်ယူလိုက်ပြီး အုန်းရည်မြုံ့နေ၏။ ရာသီဥတု ကတော့ ပူအိုက်စွတ်စိုနေသည်။ ဟိုးအဝေးတွင် မိုးသားညို့နေသည်ကိုတွေ့ရသည်။ သည်ညနေ မိုးများ ရွာမလား။ ကျွန်းရာသီဥတုက ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် တူသည်။ ကျွန်တော်ကတော့ မြန်မာပြည်ကို လွမ်းနေလေသည်။ သည်အချိန်ဆို ဟိုမှာလည်း မိုးဦး ဝင်လောက်ပြီ။
ကျွန်တော်တို့က စိတ်ဝင်စားသည်ဟု ဆိုသဖြင့် မူနာက အစိုးရအရာရှိတစ်ယောက်နှင့် ချိတ်ပေးပြီး နောက်တစ်ရက်တွင် သူတို့စာသင်ကျောင်းများသို့ လိုက်ပို့ပေးပြီး ကလေးငယ်များ ဘာသာရေး သင်ခန်းစာသင်နေပုံကို လေ့လာရေး လိုက်ပြစေသည်။ အသက်ဆယ့်ရှစ်နှစ်အောက် ကျောင်းသား လူငယ်လေးများသည် ကမ္ဘာ့ဘာသာကြီးများ အကြောင်းကို သူ့အချိန်နှင့်သူ လေ့လာသင်ယူရသည်။ သင်ကြားပေးသည့် ဆရာသည် သူသင်ပေးနေသည့် ဘာသာတရားအကြောင်းကို ဘုန်းကြီးသင်သလို ‘ဒါအမှန်လို့မှတ်’ ဆိုသည့် ရှုထောင့်မှ သင်မပေးရပေ။ ကလေးငယ်များသည် စိတ်ဝင်တစားဖြင့် နားထောင် နေကြသည်။ နားထောင်ရင်း သိချင်တာရှိလျှင် လက်ထောင်၍မေးကြသည်။ “အဲဒီအချက်က အမှန်လား”ဟု မမေးကြ။ ဆရာနှင့် တပည့်တို့သည် အကြောင်းအရာတစ်ခုကို စည်းအပြင်မှထွက်ကြည့်သည့်ပုံစံမျိုးဖြင့် သင်ကြား၊ သင်ယူနေကြသည်။
ညနေစောင်းလို့ ပြန်ရောက်တော့ မူနာက ဆီးမေးသည်။
“ဘယ်လိုလဲ ကိုယ့်ဆရာတို့။ အတွေ့အကြုံလေး ပြန်ပြောပါဦး။”
“ဟာ… အရမ်းသဘောကျတယ်ဗျာ။ ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားတဲ့ သူတွေနဲ့လည်း တွေ့ဆုံ စကားပြောခဲ့ ရတယ်။ သူတို့အင်္ဂလိပ်စကား တော်တော်ပြောနိုင်တာပဲ။ သူတို့ တွေးခေါ်စဉ်းစားမှုမှာ အံ့မခန်းပဲဗျို့။ မူနာ ပြောတာ ဟုတ်တယ်။ သူတို့မှာ ငယ်ငယ်ကတည်းက ဘယ်ဟာကိုယုံရမယ်၊ ဘယ်ဟာက အမှန်ဆိုပြီး သင်ကြားခံလိုက်ရတာ မရှိတော့၊ ရှိရင်တောင် နည်းတော့၊ လူမျိုးဘာသာတွေနဲ့ ပတ်သက်ရင် အတော် ပွင့်လင်း လွတ်လပ်ပြီး လစ်ဘရယ်ကျတာပဲဗျ။ ကိုယ်လည်း ကိုယ်လက်ခံချင်တာကို အကျိုးသင့် အကြောင်းသင့် လက်ခံတယ်။ သူများ လက်ခံယုံကြည်တဲ့ဟာကိုလည်း နားလည်ပေးတယ်။ ကျွန်တော် ထင်တယ်။ ဒီမိုကရေစီ ဘိုးအေဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ခုလို စနစ်မျိုး မကျင့်သုံးသေးဘူးဗျ။ ခက်တာက မူနာတို့ ပိုလီသရစ္စကီးယားအကြောင်းကို ကျွန်တော်တို့ လုံးဝ မသိတာပဲ။ အင်း… မီဒီယာတွေက ဘာလို့ မဖော်ပြကြပါလိမ့်။”
“လိုက်လုပ်ကုန်ကြမှာ စိုးလို့နေမှာပေါ့ဗျာ ဟဲ ဟဲ”ဟု မူနာက ရယ်ကျဲကျဲဖြင့် ဖြေ၏။
“နို့… ဒါထက် နေပါဦးမူနာ။ တစ်ခုစဉ်းစားမိလို့ပါ။ ခုလိုပုံအတိုင်းဆက်သွားရင် နောင် မျိုးဆက်နှစ်ဆက် သုံးဆက်အတွင်း ပိုလီသရစ္စကီးယားမှာ သန်းခေါင်စာရင်းကောက်တဲ့အခါ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကိန်းဂဏန်းတွေဟာ သိသိသာသာ ပြောင်းလဲသွားမှာပဲ။ အဲဒီအခါကျ ရှိရင်းစွဲလူကြီးတွေ၊ အရိုးစွဲနေတဲ့ ရှေးရိုးစွဲ တစ်ယူသန်တွေက ပြဿနာမလုပ်နိုင်ဘူးလား”ဟု ကျွန်တော်က မေးလိုက်သည်။
“အဲဒီအတွက်လည်း အစိုးရက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကတည်းက စီမံကိန်းချခဲ့တာပဲ။ အမုန်းစကား ပြောဟောတဲ့သူတွေကို ဖမ်း၊ ထောင်ချ။ ဥပဒေတွေ ထုတ်ပြီး တင်းတင်းကျပ်ကျပ်ကိုင်တွယ်။ လူထုကို ပညာပေးစည်းရုံးတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်။ ဒါတွေကြောင့်လဲ နှစ်နှစ်ဆယ်အတွင်း ဘာလူမျိုးရေး ဘာသာရေး ပဋိပက္ခမှ ထပ်မပေါ်တော့ဘူး။ အနာဂတ်အတွက်တော့ မပြောတတ်ဘူးလေ”ဟု မူနာက တွေးတွေးဆဆ ဟန်ဖြင့် ပြန်ဖြေသည်။
ကျွန်တော်တို့ ပြည်တော်ပြန်ရမည့်နေ့ ရောက်သည့်အခါ မူနာတို့ တစ်အိမ်သားလုံး မျက်နှာမကောင်းကြ။ ကျွန်တော်နှင့် မြင့်ဇော်တို့ကလည်း လူကသာ မူနာ့ကိုဖက်ပြီးနှုတ်ဆက်သော်လည်း မျက်လုံးက တူဗီယန်ကို ကို ကြည့်ကြည့်ပြီး သက်ပြင်းတွေချရတာ အမော။ မြင့်ဇော်ကတော့ တူဗီယန်ကိုက ကျွန်တော်တို့ကို ပေးလိုက်သည့် အမှတ်တရလက်ဆောင်လေးကို တကိုင်ကိုင်နှင့် ဂဏှာမငြိမ်။ သို့နှင့် လေယာဉ်ပျံပေါ်တက်၊ လက်ပြနှုတ်ဆက်။
မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ပထမ တစ်လ၊ နှစ်လ လောက်ကတော့ မူနာတို့နှင့် ပုံမှန် အီးမေးလ် စသည် အဆက်အသွယ် ရှိကြသည်။ နောက်တော့လည်း သိပ် အဆက်အသွယ် မလုပ်ဖြစ်ကြတော့။ ပြန်ရောက်ရောက်ချင်း မီဒီယာများက လာလာပြီး ကျွန်တော်တို့ လေယာဉ်ပျက်ကြပြီး အသက်မသေခဲ့ သည့်အဖြစ်ကို အင်တာဗျူးတွေ မေး၊ ရုပ်သံတွေရိုက်နှင့်မို့ မအားမလပ်ကြ။ မီဒီယာတွေအားလုံးကို ကျွန်တော် ကတော့ ပိုလီသရစ္စကီးယား၏ ကလေးသူငယ်များအတွက် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဥပဒေအကြောင်း၊ သူတို့နိုင်ငံမှာ ကလေးငယ်တွေကို ဘာသာရေးစိတ် မပြင်းထန်အောင် လေ့ကျင့်သင်ကြားပေးပုံအကြောင်း အားတက်သရော ပြန်ဖောက်သည်ချကြသည်။ ဥပဒေပြု အမတ်များနှင့်တွေ့တိုင်းလည်း သူတို့ကို ပြောပြသည်။ ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးအရ ထိုစနစ်ကို သဘောကျသည်ဟုပါ ပြောလိုက်သည်။ သို့သော် ပိုလီသရစ္စကီးယားလမ်းစဉ်ကို လိုက်ဖို့အထိကတော့ ဖြစ်မလာခဲ့ချေ။
ရက်၊ လ၊ နှစ်တို့ ပြောင်းလဲသွားလေသည်။ တစ်ရက်တွင် မြင့်ဇော်က ကျွန်တော့်အား သတင်းတစ်ပုဒ်ကို အင်တာနက်မှ ယူလာပြသည်။ ပိုလီသရစ္စကီးယားနိုင်ငံသတင်းဖြစ်သည်။ သတင်းက သိပ်အရှည်ကြီးတော့ မဟုတ်။ “ပစိဖိတ်သမုဒ္ဒရာထဲက ပိုလီသရစ္စကီးယားသမ္မတနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်ဆယ်က ပြဋ္ဌာန်းခဲ့သော ဘာသာရေးဥပဒေကို ပယ်ဖျက်”ဟု ခေါင်းတပ်ထားသည်။
ဖတ်ကြည့်တော့ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အစဉ်အဆက် အင်အားကြီး လစ်ဘရယ်ပါတီတစ်ပါတီမှ မနိုင်ဘဲ လယ်ယာယိမ်းပါတီလေးများအနိုင်ရကာ ညွန့်ပေါင်းအစိုးရဖွဲ့ကြသည်။ လွှတ်တော်တွင်း လယ်ယာယိမ်း၊ ရှေးရိုးစွဲ၊ ဘာသာရေးအားပြု သမားများကအများစု။ ယခင် ကြီးစိုးခဲ့သည့် လစ်ဘရယ်တို့က လူနည်းစု အတိုက်အခံ။ ဥပဒေကိုပယ်ဖျက်ဖို့ကိစ္စတွင် ဖျက်ရေးဘက်က အပြတ်အသတ် အနိုင်ရသည်။ ဟို အရင် စနစ်ကို ပြန်သွားကြမည်။ မိဘတို့သည် သားသမီးများကို ငယ်စဉ်ကတည်းက မိဘကိုးကွယ်သည့် ဘာသာကို သင်ကြားပေးခွင့်၊ ဆက်ခံကိုးကွယ်စေပိုင်ခွင့် ရသွားကြသည်။
မူနာ့ကို ကမန်းကတန်း အီးမေးလ် လှမ်းပို့လိုက်သည်။ တစ်ပတ်လောက်ကြာမှ မူနာ့ဆီက စာပြန်လာသည်။ စာထဲတွင် သူ့လေသံက အားပျော့နေသည်။ ထိုဥပဒေကိုဆန့်ကျင်ကြသူတို့သည် နှစ်နှစ်ဆယ်လုံးလုံး အားပြန်မွေးကာ တိတ်တဆိတ် လိုက်လံစည်းရုံးနေခဲ့ပြီး အားပြန်ကောင်းလာချိန်တွင် လွှတ်တော်ထဲအထိ အရောက်ဝင်ထိုင်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်ဟု ဆိုသည်။ မူနာကတော့ ကောင်းသည်၊ ဆိုးသည် ဘာမှ ပြောမထား။ ယခု အစိုးရသစ်လက်ထက်တွင် အစိုးရကို ဝေဖန်လျှင် ခပ်စပ်စပ်အပြစ်ပေးသည်ဟု ဆိုသည်။ အင်တာနက်ကနေလည်း သိပ်မရေးရဲ၊ ဥပဒေအသစ်များဖြင့် ထိန်းကျောင်းထားသည်တဲ့။
ကျွန်တော်နှင့်မြင့်ဇော်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်ကြသည်။ ပိုလီသရစ္စကီးယားသည် နောင်တစ်ချိန်တွင် ဖီးနစ်ငှက်ပမာ ပြန်လည်ရုန်းထလာနိုင်ပါစေဟုသာ ဆုတောင်း ရုံရှိတော့သည်။
('မိုးမခ' မဂ္ဂဇင်း၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ)
ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။


Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း