Skip to main content

ပုတီးကိုချ ကားကိုမ


မနက်မိုးလင်းလို့ အိမ်သူအိမ်သားတွေအားလုံး အလုပ်သွား၊ ကျောင်းသွားကြပြီ ဆိုတာနဲ့ ဒေါ်လိမ္မာ တစ်ယောက် အိမ်ရှေ့တံခါးဝနားက သူ့ရဲ့အလုပ်ကုလားထိုင်မှာ စပြီးထိုင်တယ်။ ဒီအိမ်မှာ အသက်အကြီး ဆုံးနဲ့ ဝင်ငွေမရှိဆုံး အိမ်သားတစ်ယောက်အနေနဲ့ ဒီအတိုင်း သက်သောင့်သက်သာ နေသာသလို မနေတတ်သူ ဆိုတော့ သူတတ်နိုင်တဲ့ ဘက်ကနေ အိမ်ရဲ့ဝန်ကို သူဝင်ထမ်းပေးပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘူး၊ အိမ်ရှေ့ လမ်းနံဘေးမှာ သူတို့ အိမ်ကားလေးရပ်တတ်တဲ့ နေရာကို စောင့်ကြည့်တဲ့အလုပ်ပါပဲ။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မြန်မာပြည်မှာ ကားစီးနိုင်တဲ့လူတွေ ပိုများလာတာ အားလုံးလည်းသိမှာပါ။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့  ရန်ကုန်လိုမြို့ကြီးတွေရဲ့ လမ်းမတွေပေါ်မှာကားတွေပိုကျပ်လာတယ်၊ တစ်နေရာနဲ့ တစ်နေရာ သွားရင် ကားပေါ်မှာ အချိန်ကြာကြာ ပိုပေးလာရတယ်။ ခရီးသွားပြည်သူတွေဟာ ခန္တီစတရား၊ စာနာ နားလည်မှု၊ စိတ်ရှည်သည်းခံမှုတွေကို ပိုပြီး လေ့ကျင့်နိုင်ဖို့ရာ အခွင့်အလမ်းတွေ ရလာတဲ့ သဘောပေါ့။ ကားတွေ များလာ ပေမယ့်လည်း ကားရပ်စရာနေရာက လိုက်များမလာတဲ့ ရန်ကုန်မှာ ကားပိုင်ရှင်တွေ သူတို့ရဲ့စီးတော်ယာဉ် တွေကို ရပ်ကွက်ထဲက လမ်းတွေပေါ်မှာပဲ ရပ်ကြရ၊ ညသိပ်ကြရတယ်။ တစ်နေ့ တစ်နေ့ ကားရပ်စရာနေရာအတွက် အပြိုင်အဆိုင် လုကြ၊ ရပ်ကြ၊ ငြင်းကြ ခုံကြတာဟာ ဒီဘက်ခေတ်ပိုင်း ရန်ကုန်ရဲ့ နိစ္စဓူဝ မရိုးနိုင်တဲ့မြင်ကွင်းတစ်ခု ဖြစ်လာတော့တယ်။

ဒေါ်လိမ္မာရဲ့ သားနဲ့ချွေးမကလည်း ကားဈေးတွေကျလာတဲ့နောက်မှာ မိသားစုစီးဖို့ ကားလေးတစ်စီး ဝယ်လိုက် တယ်။ ကျပ်သိန်းတစ်ရာလောက်ရှိရင်ကို အသင့်အတင့် ကားတစ်စီးဝယ်နိုင်လောက်တဲ့အထိ ကားဈေးက ကျသွားခဲ့တာ မဟုတ်လား။ မိုးလင်းတာနဲ့ ဒီကားလေးကို သူ့သားကမောင်းပြီး ကလေးတွေကို ကျောင်းပို့၊ မိန်းမကိုရုံးပို့ပြီး သူကလည်း သူ့ရုံးသူ ဆက်သွားတယ်။ ညနေကျ ကလေးတွေနဲ့မိန်းမကို ပြန်ကြိုပြီး အိမ်ပြန်လာ၊ အိမ်ရှေ့မှာ ကားကလေးကို ထိုးရပ်ပြီး တစ်နေ့တာ လုပ်ငန်းပြီးတယ်။ ကားလေး တစ်စင်းရှိတော့ ကားငှားစီးရတဲ့စရိတ် ကျသွားသလို မိုးတွေ ဘာတွေရွာနေတဲ့အချိန်ကျတော့လည်း အိမ်က ထွက်တာနဲ့ ကိုယ့်ကားလေးပေါ်ကိုယ် စွေ့ခနဲတက်လိုက်ရုံဆိုတော့ အဆင်ပြေတယ်။ ဒါ့ပြင် အားလပ်ရက် ကျတော့လည်း ကားရှိတော့ မိသားစုလိုက် ဝေးဝေးလံလံ ခရီးသွားဖြစ်တယ်။ ဒေါ်လိမ္မာကတော့ သူ့သား လင်မယား ကားဝယ်လိုက်တဲ့ နေ့ကစလို့ သူတို့လည်းခေတ်နောက်မကျပါဘူးရယ်လို့ လက်မထောင်ခဲ့ရ သေးတယ်။ ဝယ်ခါစကဆို တွေ့တဲ့လူတိုင်းကို ကားအကြောင်း မသိမသာနဲ့ စကားထဲ ထည့်ထည့်ပြောရသေး တယ်။

ဒါပေမဲ့ ကားရှိရတဲ့ဒုက္ခကလည်း မသေးပြန်ဘူး မဟုတ်လား။ အဓိကကတော့ ကားရပ်စရာ နေရာမရှိတာပဲ။ ဒေါ်လိမ္မာတို့လိုမျိုး သာမန်လူလတ်တန်းစားတွေအတွက်ကတော့ ကားဂိုထောင်ပါတဲ့ ခြံနဲ့ဝင်းနဲ့ နေနိုင်တာ မဟုတ်တော့ကာ ဒီလိုပဲ အများပြည်သူပိုင် လမ်းပေါ်မှာပဲ လမ်းဘေးထိုးရပ်ရတာပဲ။ မြေညီထပ်မှာ နေတဲ့ သူတို့ မိသားစုအတွက်ကတော့ ကိုယ်အိမ်အခန်းရှေ့တည့်တည့်နေရာဆိုတာဟာ ဥပဒေက မပြဋ္ဌာန်းထား သော်လည်း ကိုယ့်ကားသာလျှင်ရပ်ဖို့နေရာပဲ။ ဒါကြောင့်လည်း ကိုယ့်အိမ်ရှေ့မှာ သူများကားဝင်ရပ်သွား မှာကို စိုးရတဲ့အတွက် ဒေါ်လိမ္မာဟာ အိမ်ရှေ့မျက်နှာစာနေရာနားကနေ ခုံလေးတစ်လုံးချပြီး လမ်းသွားလမ်းလာ တွေကို ကြည့်သလိုလိုနဲ့ ကားပါကင်နေရာကို စောင့်ပေးရတဲ့အလုပ်ကို လုပ်ရတယ်။

ကားဝယ်ခါစတုန်းကတော့ လမ်းထဲမှာ ကားတွေကလည်း ဒီလောက် မများသေးတော့ ဒေါ်လိမ္မာအတွက် ဒီလောက် ခေါင်းခဲစရာက မလိုဘူး။ အချိန်တန်ရင် ကားတစ်စီးစာ ရပ်ဖို့ကတော့ ရှိပြီးသားပဲ။ ဒါပေမဲ့ နောက်ပိုင်း လမ်းနဲ့ကားနဲ့မဆံ့အောင် ဖြစ်လာတော့ ကိုယ်ကမှနေရာဦးမထားရင် သားဖြစ်သူ ပြန်လာတဲ့အခါ ဒုက္ခ ရောက်ပြီ။ ရပ်စရာမတွေ့မချင်း ကွေ့ပတ်ရှာရတာ အချိန်အတော်ကုန်တယ်။ မတွေ့ရင်တော့ အိမ်နဲ့နီးနီး နားနား အစား ခပ်လှမ်းလှမ်း၊ သူများလမ်း၊ တစ်ခါတစ်လေ လမ်းမတန်းမှာ သွားရပ်ရတယ်။ သူများလမ်း သူများအိမ်ရှေ့ သွားရပ်တော့လည်း သူများတကာက ငြိုငြင်ပြန်တယ်။ လမ်းမကြီးမှာ သွားရပ်ပြန်တော့လည်း ကရိန်းနဲ့ ဆွဲသွားမှာ ပူရပြန်တယ်။ ဒါနဲ့ပဲ နောက်ပိုင်းမှာ ဒေါ်လိမ္မာဟာ ကိုယ့်အိမ်ရှေ့ကိုယ် ကားပါကင်နေရာ ဦးရသူ ဖြစ်မှန်းမသိ ဖြစ်လာတော့တယ်။

အစပိုင်းကတော့ ကိုယ့်အိမ်ရှေ့မှာ အိမ်က ခုံလေးတွေ၊ ကြိမ်ခြင်းတောင်းလေးတွေချပြီး နေရာဦးပြီးရင် ဒေါ်လိမ္မာ လည်း အိမ်ထဲဝင်ပြီး လုပ်စရာရှိတာလုပ်၊ တစ်ရေးတစ်မော မှေးချင်မှေးလုပ်တယ်။ ဒါပေမဲ့ နေရာဦးတဲ့ ပစ္စည်းတွေကို တချို့က ဖယ်ပြီးသူတို့ကားကို ဝင်ထိုးတယ်။ တစ်ခါတစ်လေလည်း ပစ္စည်းတွေ ပျောက်တယ်။ ဒါနဲ့ နောက်ပိုင်းမှာ အောက်က ကွန်ကရစ် အုတ်ဖိနပ်ပါတဲ့ တိုင်လေးတွေဝယ်ပြီး ချထား တယ်။ ဒါလေးတွေနဲ့ ဆိုတော့ အလွယ်တကူ မလို့၊ ရွှေ့လို မရပြန်တော့ ကားတွေဟာ မရပ်တော့ဘဲ ကျော်ကျော်သွားကြတော့ ဟန်ကျပြန်ရော။ ဒါပေမဲ့ ပြဿနာက စည်ပင်က ကားနေရာမဦးရ၊ ဦးရင် ဦးတဲ့ပစ္စည်းသိမ်း၊ ဦးသူကို တရားစွဲမယ်ဆိုပြီး လုပ်တော့ ဂွကျသွားတယ်။ အမိန့်ထုတ်ခါစကတော့ တကယ်လည်း လိုက်ဖမ်းပြ၊ တရားစွဲပြတော့ ရပ်ကွက်ထဲ အိမ်တွေ ဘယ်သူမှ နေရာမဦးရဲတော့ပြန်ဘူး။ ဒါပေမဲ့ နည်းနည်းကြာသွားတော့ သိတဲ့အတိုင်း၊ စည်ပင်ကလည်း မဖမ်းတော့ဘူး။ တိုင်တော့လည်း တိုင်တိုင်ပဲ။ ဒီလိုနဲ့ လူတွေလည်း မသိမသာနဲ့ သူတို့ပစ္စည်းလေးတွေပြန်ချပြီး ဦးပြန်တာပဲ။

ဒေါ်လိမ္မာကတော့ သူများတွေလုပ်သလို စည်ပင်အရိပ်အကဲကိုကြည့်ပြီး ကားနေရာပြန်မဦးရဲတော့ဘူး။ စည်ပင် ဆိုတာ အစိုးရတာ မဟုတ်ဘူး၊ ခုနေ မဖမ်းပေမယ့် တော်ကြာနေ ကောက်ဖမ်းချင်ဖမ်းပြန်တာပဲ မဟုတ်လား။ တော်ကြာ တရားစွဲခံနေရမှ။ သူက ရုံးတွေ ဘာတွေသွားရမှာတော့ ကြောက်တယ်။ ကိစ္စက မပြီးနိုင်လွန်းလို့။ ဒါနဲ့ပဲ ဒေါ်လိမ္မာတစ်ယောက် အိမ်ရှေ့တံခါးနားမှာ ဖင်ကိုကျောက်ချထိုင်ပြီး ကားပါကင်ကို စောင့်ရရှာတယ်။ လက်ထဲမှာ တော့ ပုတီးတစ်ကုံးနဲ့ ပရိတ်ကြီးဆယ့်တစ်သုတ်စာအုပ်ကို ကိုင်ထားတယ်။ ဒါပေမဲ့ သူ့အာရုံက ပုတီးပေါ်မှာ၊ ဘုရားစာပေါ်မှာ မရှိပါဘူး။ ထမင်းစားရင်တောင်မှ ဒေါ်လိမ္မာဟာ နောက်ဖေး သွားပြီး မစားနိုင်ဘူး။ အိမ်ဖော်ကောင်မလေးကို မီးဖိုချောင်ထဲကနေ ထမင်းဟင်းတွေကို ပန်းကန်ထဲအကုန်ထည့်လာခိုင်းပြီး အိမ်ရှေ့မှာ ထိုင်စားရတယ်။

ဟေ့ ဟေ့ မင်းကိုခေါ်နေတာ မင်းကိုခေါ်နေတာ မင့်ကားက ရပ်တာ ကြာမှာလား။

ခင်ဗျာ ဟုတ်ကဲ့၊ မကြာပါဘူး အဒေါ်၊ ခဏပါ

အေးအေး အဒေါ်တို့အိမ်ကားက ညနေကျပြန်လာတော့မှာ မို့လို့ပါ ငါ့တူရယ်

ခင်ဗျာ ကျွန်တော် ခဏလေးရပ်တာပါ အဒေါ်။ အဒေါ်တို့ကားက ညနေမှပြန်လာမှာပဲ။ ခုမှာ မနက်ပဲရှိသေးတဲ့ ဥစ္စာ။

ဘယ်ပြောရမလဲကွဲ့။ မင်းက ခဏဆိုပြီးတစ်နေကုန်ရပ်သွား ဘယ်လိုလုပ်မလဲ။ အရင်တုန်းကလည်း အဲလိုနဲ့ ခဏခဏ ခံရပြီးပြီ။

ကဲ ခဏပါဆိုနေ အဒေါ်ရာ။ ဟောသည်မှာ ကျွန်တော်ဖုန်းနံပါတ်ရေးထားခဲ့မယ်။ အဒေါ့်ကားပြန်လာရင် လှမ်းဆက်လိုက် ဟုတ်ပြီလား

ဒေါ်လိမ္မာတစ်ယောက် အကျေနပ်ကြီးမဟုတ်ပေမယ့် မတတ်နိုင်တော့လည်း လက်ခံလိုက်ရတယ်။ ခုလိုမျိုး လူစောင့်ရှိနေတဲ့အတွက် အနည်းဆုံးတော့ ဧည့်ကားပိုင်ရှင်ဟာ ဖုန်းနံပါတ်တော့ ထားသွားရတာပဲ မဟုတ်လား။ လူသာစောင့်မနေရင် ကားကိုထားခဲ့ပြီး ကော့နေအောင် ထွက်သွားမှာ။ ဒေါ်လိမ္မာတစ်ယောက် သက်ပြင်းချလိုက် တယ်။ တစ်နေ့တစ်နေ့ လူအမျိုးမျိုးနဲ့ ကားကိစ္စ စကားထွက်ထွက်ပြောဖူးလို့ အံတိုနေပြီ။ ခုနက လူရွယ်ဟာ သူတွေ့ဖူး သမျှထဲမှာ အတော်မွန်ရည်တယ် ပြောရမယ်။ မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောတဲ့ လူနဲ့လည်း သူ တွေ့ဖူးတာကိုး။

တစ်ခါကဆိုသေရင် ခင်ဗျားနောက်ပါမှာမို့လို့လား။ အဘွားကြီး အသက်ကြီးပြီး တရားမရှိဘူးလို့တောင် ပြောသွားတာ ခံရခဲ့ဖူးတယ်။ အဲဒီတုန်းကဆို ဒေါ်လိမ္မာတစ်ယောက် အသားတွေ တဆတ်ဆတ်တုန်ပြီး သွေးတောင် တက်သွားခဲ့သေးတယ်။ သူ့သားကတော့ ပြောပါတယ်။အမေရယ် အဲလောက် ဒုက္ခခံ မနေပါနဲ့။ ကားရပ်စရာနေရာမရှိတော့လည်း ရှိတဲ့နေရာ သွားရပ်ရုံပေါ့တဲ့။ ဒေါ်လိမ္မာကတော့ မလျှော့ဘူး။ သူတစ်ယောက် လုံးရှိရဲ့သားနဲ့၊ မြေညီထပ်ပိုင်ရှင်လည်း ဖြစ်ရဲ့သားနဲ့မှ ကိုယ့်အိမ်ရှေ့မှာ ကိုယ့်ကားထားခွင့် မရဘူးဆိုရင် ကိုယ် ညံ့လို့ပဲ။

တခြားသွားရပ်တော့ မနက် မင်းတို့ကျောင်းသွား၊ အလုပ်သွားတော့  အဝေးကြီးလျှောက်ရတာပေါ့ဟဲ့။ ငါ့မြေးလေးတွေလည်း ပင်ပန်းတာပေါ့လို့ သူက ဆင်ခြေပြန်ပေးတတ်တယ်။ ဒေါ်လိမ္မာ့အတွက်ကတော့ အိမ်မှာ အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့ မှီခိုအဘွားကြီးတစ်ယောက်အနေနဲ့ ဘာမှအားမကိုးရဘူးလို့ အထင် မခံနိုင်ဘူး။ အထူး သဖြင့် ချွေးမရဲ့စိတ်ထဲမှာ သူ့ကိုငြိုငြင်မှာကြောက်တယ်။ မိန်းမချင်းဆိုတော့လည်း သေးသေးတင် မခံနိုင်ဘူး။ ခုတောင် တစ်ခါတစ်ခါ ချွေးမက သူ့ကိုမီးဖိုထဲမှာ မကြားတကြား စောင်းချိတ် ပြောချင်တာလေးတွေ ရှိတယ်။ ဒါတောင် ဒီတိုက်ခန်းဆိုတာ သူတို့ပိုက်ဆံနဲ့ဝယ်ထားတာ မဟုတ်သေးဘူး။ ဒေါ်လိမ္မာ့ ယောက်ျားရှိစဉ် ကတည်းက စုဆောင်းထားတဲ့ငွေတွေနဲ့ဝယ်ထားတဲ့ အခန်းပဲ။ သူ့မှာသာ ဘာမှ အထုပ်အထည်မရှိခဲ့ရင် ချွေးမက လူရာတောင် သွင်းပါ့မလားမသိဘူး။

ပြောမယ့်သာ ပြောရတာပဲ။ ကားရှိကတည်းက ဒေါ်လိမ္မာတစ်ယောက် ဘုရားတရားမလုပ်နိုင်တော့ဘူး။ အရင်ကမှ တရားစခန်းလေးဘာလေး ဝင်ဖြစ်သေးတယ်။ ခုတော့ တစ်နေ့တစ်နေ့ အိမ်ရှေ့က ကားပါကင်ကို စောင့်ရတာနဲ့ တစ်နေ့တစ်နေ့ ဘယ်လိုကုန်သွားမှန်း မသိပါဘူး။ လမ်းထဲမှာလည်း ကားရပ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်လိမ္မာနဲ့ ရန်မဖြစ်ဖူးတဲ့ အိမ်က ခပ်ရှားရှား။ ကျောင်း၊ ရုံးဖွင့်ရက် ကားစောင့်ရသလို ပိတ်ရက် ကျပြန်တော့လည်း တခြားအလုပ်ရှိပြန်ရော။ အဲဒါကတော့ ရပ်ထားတဲ့ ကိုယ့်ကားကို သူများတကာက ဝင်တိုက်သွား၊ လမ်းထဲကကလေးတွေက တစ်ခုခုနဲ့ ကားဘော်ဒီကို ခြစ်သွားမလား စိတ်မချလို့ ကားနားက မခွာနိုင်တဲ့အလုပ်ပဲ။ ကားကိုရပ်ပြီး တီဗီစိတ်ချလက်ချကြည့်နေမိလို့ ခြစ်သွားတာခံရဖူးတာကို သူ မမေ့ဘူး။ အဲဒီတုန်းက ဆေးပြန်မှုတ်တာ သိန်းဂဏန်းကုန်သွားတယ်။ ဒါ့ပြင် လမ်းထဲက ခွေးလေ ခွေးလွင့်တွေကလည်း တစ်မှောင့်။ သူတို့က ညညကျ ကားရှေ့ဘောနတ်ဖုံးပေါ် တက်တတ်ကြလွန်းလို့ ကားဘောနတ်ပေါ်မှာ ခွေးခြစ်ရာတွေ ချည်းပဲ။ ဒီတော့ ခွေးမတက်နိုင်အောင် ညမအိပ်ခင် ဖိနပ်ချုပ်တဲ့ဆိုးပြားလိုဟာမျိုးကို ဘောနတ်ဖုံးနဲ့ ကပ်ချည် ပေးရပြန်တယ်။ ခွေးလေခွေးလွင့်တွေကလည်း များလွန်းလို့ ခွေးတွေကို အစာကျွေးတဲ့ လမ်းထဲက အိမ်တွေကိုရော၊ ခွေးလေခွေးလွင့်မရှင်းတဲ့ စည်ပင်ကိုရော သူ့မှာမေတ္တာ ပို့ရပြန်တယ်။ တရားစခန်း မဝင်ဖြစ်ပေမဲ့ ဒေါ်လိမ္မာဟာ နေ့စဉ်မေတ္တာပွားနေသူလို့ပဲ ကိုယ့်ကိုယ်ကိုယ် ခံယူတယ်။ မေတ္တာရှင်မကြီး ဒေါ်လိမ္မာ။

အမေ လာမယ့်သီတင်းကျွတ်ကျ မိုးကုတ်အထူးတရားပွဲရှိတယ်တဲ့၊ သွားဝင်ပါလားလို့ သူ့သားက ပြောတော့ ဒေါ်လိမ္မာက မျက်လုံးကြီးပြူးပြီးပြန်ကြည့်ရင်းဘာလဲ၊ မင်းက ငါ့ကိုအိုပြီဆိုပြီး အိမ်မှာမထား ချင်တော့ ဘူးလားလို့ ပြန်ခနဲ့ရသေးတယ်။မဟုတ်ပါဘူးအမေရာ၊ အမေ့ကို သံသရာအတွက် ပါသွား စေချင် လို့ပါလို့ သူ့သားက တစ်ခွန်းတည်းပဲ ပြန်ပြောပြီး ဘာမှထပ်မပြောတော့ဘူး။ စိတ်ပျက်သွား ပုံရတယ်။ သူ့ချွေးမကလည်း မီးပူတိုက်နေရင်းက သူ့ကိုလှမ်းကြည့်ပြီး ဒေါ်လိမ္မာရဲ့ပါးစပ်က နောက်ထပ် ထွက်လာတဲ့ ဗျစ်တောက်ဗျစ်တောက် တွေကို ကြားကြားကာမတ္တလုပ်နေတော့တယ်။ ဒေါ်လိမ္မာဟာ ကားကိုတင် စိတ်မချတာမဟုတ်ဘူး၊ သားကိုရော၊ သားကနေမွေးလာတဲ့ မြေးနှစ်ယောက်ကိုလည်း စိတ်မချဘူး။ သူမရှိရင် သူ့သားလေးနဲ့မြေးလေးတွေဟာ ထမင်းဟင်း ကောင်းကောင်း မချက်တတ်တဲ့ ချွေးမနဲ့ ဒုက္ခတွေ့တော့မယ်။ ဒီလိုနဲ့ပဲ ဒေါ်လိမ္မာ့ဘဝမှာ သားရယ်၊ မြေးရယ်၊ ကားရယ်ဟာ ခွဲမရတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာတော့တယ်။

မင်းတို့ကားကို ရှေ့နည်းနည်းတိုးရပ်။ ငါ့ပန်းခြုံနဲ့ထိနေပြီ။

ပန်းခြုံကလည်း လမ်းဘေးအစပ်မှာ စိုက်ထားတာပါဗျာ။ ပြီးတော့ ပန်းလည်းမပွင့်ပါဘူး။

ဟဲ့ မင်းတို့ကားနဲ့ထိတော့ အရွက်ကြွေတာပေါ့ကွဲ့။ ရှေ့နည်းနည်းတိုးရပ်

ကိုယ်နဲ့ကပ်ရပ်အခန်းရှေ့တည့်တည့်မှာ ဝင်ထိုးတဲ့ကားရှိလာရင်လည်း ဒေါ်လိမ္မာဟာ သူ့အခန်းရှေ့ဘက်ကို နယ်ကျော်မလာအောင်လို့ အိမ်ရှေ့က အများပိုင်လမ်းမအစပ်မှာ ပေါက်နေတဲ့ပန်းခြုံလေးတွေကို ဗန်းပြပြီး ရှေ့ပြန်တိုးခိုင်းတယ်။ ဒီလမ်းထဲက တော်ရုံတန်ရုံလူကလည်း ဒေါ်လိမ္မာ့အကြောင်းကိုသိနေတာမို့ သူ့အိမ်ရှေ့ ရပ်ရမှာကို သေအောင်ကြောက်ကြတယ်။ တခြားလူစိမ်းတစ်ယောက်ရဲ့ကား ဝင်လာမှပဲ မသိလို့ရပ်ချင် ရပ်မိမယ်။ လမ်းထဲမှာတော့ ဒေါ်လိမ္မာဟာ နာမည်ကြီးမို့ နောက်ဆုံး ရာအိမ်မှူးကတောင် သူ့ကို တစ်လမ်းသားချင်း ပြေပြေလည်လည်နေဖို့ နားချရသေးတယ်။

ဘယ်ဖြစ်မလဲ ရာအိမ်မှူးရဲ့။ ရန်ကုန်ကလူတွေက ကိုယ်ချင်းစာတရားရှိတာမဟုတ်ဘူး။ ကိုယ့်အိမ်ရှေ့သာ သူတို့ ကားလာရပ်ချင်တာ။ သူတို့အိမ်ရှေ့သွားရပ်တော့ရော ကြိုက်ကြလို့လား။ ဝေးသေး။ သဘော ကောင်းတိုင်း ကောင်းတာ မဟုတ်ဘူး။ ခေါင်းပေါ် ချေးတက်ပါချကြမယ့်ဟာတွေ။

ရာအိမ်မှူးလည်း လက်မြှောက်ရတယ်။ ဒေါ်လိမ္မာ့အိမ်ရှေ့ ယောင်လို့တောင် မရပ်မိစေနဲ့လို့ပဲ လမ်းသူလမ်းသား တွေကို မှာရတော့တယ်။ ဒါ့ပြင် ဒေါ်လိမ္မာကို သွားနားချခါမှ ဒေါ်လိမ္မာတို့တိုက်အပေါ်ထပ် အခန်းတွေ အပေါ်ကနေ သော့ပစ်ပစ်ချရင် သူတို့ကားနဲ့ လွတ်အောင် ပစ်ချပေးဖို့၊ လမ်းထဲကကလေးတွေ လက်မဆော့ အောင် တားမြစ်ပေးဖို့၊ ဆိုက်ကားတွေကို ကားနဲ့လွတ်အောင် ရှောင်နင်းခိုင်းပေးဖို့ ပြန်ပြီး တိုင်လိုက်တဲ့ အတွက် ရာအိမ်မှူး ခမျာ အပေါ်ထပ်အခန်းတွေကိုတက်မှာရသေးတယ်။

ဒေါ်လိမ္မာဆုံးတော့ ရုတ်တရက်ကြီးပဲ။ တစ်ရက် နေ့ခင်းဘက် အိမ်သာဝင်နေရင်း အိမ်ရှေ့မှာ ကားတစ်စီးဝင်ရပ် တော့မယ့် အသံကြားလိုက်လို့ မြန်မြန်သန့်ရှင်းရေးလုပ်ပြီး ဆတ်ခနဲထလိုက်တဲ့အချိန် ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားပြီး လဲကျသတိမေ့သွားတော့တာပဲ။ အိမ်မှာခေါ်ထားတဲ့ အိမ်ဖော်မလေးကအဘွား အဘွားနဲ့ တံခါးကို ထုပေမယ့် မရတော့ ဘေးအိမ်ကိုလှမ်းအကူအညီတောင်းရတယ်။ တံခါး ဖျက်ပြီးချိန် ကျတော့ အသက်က မရှိတော့ဘူး။ ဒေါ်လိမ္မာကို ကြည့်မရကြပေမယ့် သူ့သားမျက်နှာနဲ့ပဲ လမ်းထဲက လူတွေလည်း အသုဘ လိုက်ပို့ကြ တယ်။ လူတစ်ယောက်ဟာ သေတော့လည်း အားလုံးကိစ္စတွေ ပြီးသွားတော့တာပဲ။ သူမသေခင်က သူ ပူပန်နေခဲ့တဲ့ ကိစ္စတွေဟာလည်း သူသေတော့ သူနဲ့အတူ တစ်ပါတည်း လိုက်ပါ အဆုံးသတ်သွားကြတာပဲလို့ ရာအိမ်မှူးကြီးက မီးသင်္ဂြိုဟ်စက်ခေါင်းတိုင်ကနေ ထွက်လာတဲ့ မီးခိုးတွေကို ကြည့်ပြီး လမ်းထဲက ကာလသားခေါင်းကို တရားကျကျနဲ့ ပြောလိုက် သေးတယ်။ ကာလသားခေါင်းကတော့ ရာအိမ်မှူးစကားထက် မနေ့ညက ဒေါ်လိမ္မာ့အိမ် နာရေးဖဲဝိုင်းမှာ ရှုံးခဲ့တာကို ပြန်စဉ်းစားပြီး ကနေ့ည ပြန်နိုင်အောင် ဘယ်လိုဆော့မလဲ တွေးနေလေရဲ့။

ဒေါ်လိမ္မာဆုံးပြီး မကြာခင်မှာပဲ ကားဒုက္ခကိုမခံနိုင်တော့တဲ့ သားဖြစ်သူဟာ ကားကိုရောင်းလိုက်တော့တယ်။ ကလေးနှစ်ယောက်ကိုလည်း ကျောင်းကားစီးခိုင်းလိုက်ပြီး၊ သူနဲ့သူ့မိန်းမကလည်း ရုံးကို တက္ကစီပုတ်ပြတ် ငှားစီး ကြတယ်။ တစ်လ တစ်လ တက္ကစီခ သိန်းနဲ့ချီ ကုန်တယ်ဆိုပေမယ့်လည်း ကားရှိတုန်းက ကားအတွက် ထည့်ရတဲ့ ပြုပြင်စရိတ်တွေ၊ ဆီဖိုးတွေနဲ့ ပြန်တွက်ရင် သိပ်တော့မကွာပါဘူးလို့လည်း သူ့မိန်းမကို ပြောလိုက် သေးတယ်။ ကားရှိတဲ့အတွက် ပိတ်ရက်ရှည်ကျရင် ခရီးလေးဘာလေး ထွက်ချင်တဲ့ပိုးကလည်း သတ်မရတော့ စရိတ် ကလည်း ကုန်ပြန်တာပဲ။ ကားမရှိတော့လည်း ဘယ်မှ အထူးတလည်း ထွက်မနေတော့ပြန်ဘူး။ ခရီးသွားစရာ ရှိလည်း အဝေးပြေးကားနဲ့သွားလိုက်တာပဲ။

ဒေါ်လိမ္မာရဲ့သားအတွက် ဖြေသိမ့်စရာတစ်ခုကတော့ သူ့အမေဟာ မသေခင်တစ်လလောက် သင်္ကြန်တွင်းမှာ တရားစခန်းတစ်ပတ် ဝင်ဖြစ်သွားလိုက်တာပဲ။ သင်္ကြန်တွင်းဆိုတော့ ဝင်တဲ့လူကလည်း များတာမို့ သိပ်တော့ အာရုံရမှာ မဟုတ်ဘူး၊ သမာဓိလည်း ဒီလောက် ရမှာမဟုတ်ဘူးလို့ သူ့သားကတော့ တွေးမိတယ်။ ဒါပေမဲ့ လုံးဝ မဝင်တာနဲ့စာရင် ဝင်ဖြစ်သွားတာက အမြတ်ပဲပေါ့တဲ့။ ဒါပေမဲ့ သူမသိတာက သူ့အမေဟာ တရားစခန်း မှာ တရားထိုင်တာက နည်းနည်း၊ တရားစခန်းမှာ တွေ့ရတဲ့ တခြားယောဂီတွေနဲ့ စကားပြောတာက များများ ဆိုတာပဲ။ သင်္ကြန်တွင်းဆိုတော့လည်း လူကများတော့ ရိပ်သာက ဘုန်းကြီးတွေက သိပ်မကြီးကြပ်နိုင်တော့ ဒေါ်လိမ္မာ တစ်ယောက် ဟန်ကျတာပေါ့။ ရိပ်သာဝင်ရတာဟာ သူ့အတွက် ပျော်စရာတောင်ကောင်း နေသေးတော့။

ဒေါ်လိမ္မာဆုံးပြီးတော့ သူကိုင်နေကျ စိပ်ပုတီးလေးကို သူ့သားက ဘုရားစင်ပေါ်မှာ တင်ထားလိုက်တယ်။ သူ့ မိန်းမကတော့အမေလည်း ဘယ်ဘဝရောက်နေမလဲ မသိဘူးတဲ့။ ဒေါ်လိမ္မာရဲ့ အချစ်တော် မြေးနှစ်ယောက် ကတော့ အဘိုးအဘွားသေ၊ မြေးပျော် ဆိုတဲ့ စကားလိုပဲ ဒေါ်လိမ္မာရဲ့ အသုဘတုန်းက အိမ်မှာ လူတွေ တရုန်းရုန်းနဲ့မို့ ပျော်လိုက်သမှ။ပုတီးကိုချ မြေးကို မ၊ မိုက်စွအမယ်ကြီးဆိုတဲ့ စကားရှိပေမဲ့လည်း သူ့အမေ ဟာ မြေးထက်စာရင် တစ်နေ့တစ်နေ့ ကားကို ရတဲ့အချိန်က ပိုများတာပဲလို့ ဒေါ်လိမ္မာ့သားကတော့ တွေးနေမိတယ်။ သူ့အမေ ထိုင်သွားတဲ့ အိမ်ရှေ့နေရာလေးကို လှမ်းကြည့်ပြီးအမေ့ကိုသတိရလိုက်တာလို့ တစ်ယောက်တည်း ပြောသလိုနဲ့ ပြောလိုက်တယ်။ သူ့မိန်းမကလည်း မီးဖိုထဲမှာ မချက်တတ် ချက်တတ်နဲ့ ဟင်းချက်ရင်းဒီလိုမှန်းသိ အမေ့ဆီက ဟင်းချက်ပညာ သင်လိုက်ပါတယ်လို့ တွေးနေရင်းကနေဟဲ့ကောင်မလေး၊ ကြက်သွန်နီလှီးတာ အဲလို လှီးရမယ်လို့ နင့်ကိုဘယ်သူ သင်ထားလဲဆိုပြီး အိမ်ဖော်ကောင်မလေးရဲ့ ခေါင်းကို ဒေါက်ခနဲမြည်အောင် ခေါက်ချလိုက်တယ်။

ခေတ်ရနံ့မဂ္ဂဇင်း၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ်။


ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...