Skip to main content

တူတူပုန်း

Artist: Mirek Kuzniar

အဖေသည်သမီးပြန်အလာကို စောင့်မျှော်နေ၏။ သမီးသည် အခုအချိန်လောက်ဆို ကျောင်းကနေပြန်ရောက်သင့်ပြီ။
အဖေက စိတ်ပူစွာ သက်ပြင်းချ၏။ သူ့မျက်နှာက မှေးမှိန်ဖျော့တော့လျက်။ တရွေ့ရွေ့သွားနေသော စက္ကန့်လက်တံတို့သည် သူ့အတွက်တော့နှေးကွေးလွန်းလှသော လိပ်တစ်ကောင်နှင့်မခြား။ အဖေသည် မီးသေသွားသောဆေးပေါ့လိပ်ကို မီးညှိဖို့ မီးခြစ်ကို ဟိုဟို ဒီဒီလိုက်ရှာ၏။ တစ်အိမ်လုံးနှံ့အောင် ပတ်ရှာပြီးကာမှ သူ့အိပ်ထောင်ထဲထည့်ထားသည့် မီးခြစ်ကို အဖေတွေ့သည်။ အဖေသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆေးလိပ်မီးညှိ၏။ အဖေ့လက်တို့မှာ ကတုန်ကယင်။
အဖေသည် ပူနေသောစိတ်တို့ကို အေးရာအေးကြောင်း ကြိုးစားသည့်အနေဖြင့် ကလောင်ကို ကောက်ကိုင် လိုက်ပြီးမပြီးသေးသောစာပန်းချီတစ်ချပ်ကို ဆက်လက်ခြယ်မှုန်းဖို့ အားထုတ်၏။ အဖေ့ရင်ထဲမှ ခံစားချက်များသည် စကားလုံးမြစ်များအဖြစ် စာရွက်ပေါ်တွင် စီးဆင်းသွားကြသည်။ အဖေသည် သမီးပြန်မရောက်သေးသည့် အဖြစ်ကို မေ့လျော့သွားသည်။ ယခုမူ အချိန်တို့သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု အဖေထင်မိသည်။
သမီးက လွယ်အိတ်ကိုပင်ပင်ပန်းပန်းလွယ်၍ အိမ်ရှေ့လှေကားကိုအမောတကောတက်ရင်း ]ဖေဖေရေ}ဟု အော်ခေါ်လိုက်သည်။ သူ့ပုံစံက ကျနေရှိန်ရဲ့အောက်မှာ နွမ်းနွမ်းလျလျ။ ကလောင်ကိုင်ထားသော အဖေ့လက်သည် ရုတ်တရက် တန့်ရပ်သွားပြီးစာရွက်ကိုငေးစိုက်ကြည့်နေသော သူ့မျက်လုံးများက တံခါးဆီရွေ့လျားသွားကြသည်။
သမီးမျက်နှာကို မြင်သောအခါ အဖေ့မျက်လုံးများလင်းလက်သွား၏။ အဖေက ဝမ်းသာအယ်လဲဖြင့်သမီးလေးပြန်လာပြီလားဟု ဗလုံး ဗထွေးလေသံနှင့် ပြောသည်။ သမီးကအဖေ့ထံအပြေးသွားဖက်သည်။
အဖေကလက်နှစ်ဘက်ကို ဆန့်တန်းပြီး သမီးကိုကြို၏။ ထို့နောက်အဖေနှင့်သမီး အနမ်းတွေ လက်မလည်အောင် ဖလှယ်ကြသည်။
သမီးက နေ့လယ်က ကျောင်းမှာကြုံခဲ့ရသည့်အကြောင်းများကို ကရားရေလွှတ် တတွတ်တွတ်ပြော၏။ ဘယ်ဆရာမကဘယ်လိုစာသင်ကောင်းကြောင်း၊ ဘယ်ဆရာက ဘယ်လိုအရိုက်ကြမ်းကြောင်း၊ ဘယ်သူနှင့် သူငယ်ချင်းထပ်ဖြစ်ကြောင်း ခရေစေ့တွင်းကျ ပြောသည်။ အဖေက “ဟုတ်လားဟုစကားထောက်ရင်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်သည်။ စောစောက ပူနေသောအဖေ့စိတ်တို့သည် မီးကိုရေနှင့်ငြှိမ်းသည့် အလား ကွယ်ပျောက်သွား၏။ အဖေသည် သမီး၏စကားများထဲတွင် မျောပါလျက် ရှိသည်။ ရုတ်တရက် အဖေသည် တစ်စုံတစ်ခုကို သတိရသွားသည်။
ဒါနဲ့ သမီးမေမေလေ သိလား၊ သူကဖေဖေ့ကိုပုန်းလို့ရမယ်ထင်နေတယ်၊ ဘယ်ရမှာလဲ၊ ဖေဖေ သူ့ကိုတွေ့အောင်ရှာပြမှာပေါ့
အဖေ့လေသံတို့က မခံချင်မှုတစ်ဝက်ရောနေ၏။ သမီးက အဖေ့ကိုပြုံး၍စိုက်ကြည့်သည်။ “ဪ ဪ ဟုတ်လား၊ တွေ့မှာပေါ့ဖေဖေရယ်၊ ဖေဖေတွေ့အောင်ရှာနိုင်မှာပေါ့
သမီးပုံစံက ဘာမှအရေးမကြီးသလိုလို။ အဖေကိုပြန်ပြောပုံကလည်း မိခင်တစ်ယောက်က သားငယ်ကို ချော့ပုံမျိုး။
ယခုလို အခါမျိုးတွင် သမီးသည် အမေတစ်လှည့်ဖြစ်သွားတတ်သည်။ များသောအားဖြင့် သမီးသည် ထိုစကားလုံးတို့ကို ရိုးအီနေအောင် ပြောရလေ့ရှိသည်။
ကဲ သမီးလေး ရေမိုးချိုးအဝတ်အစားလဲတော့၊ ပြီးရင် ဖေဖေတို့သုံးယောက် ထမင်း အတူတူစားကြမယ်
အဖေက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး အမိန့်မဆန်သည့်ညွှန်ကြားချက်တစ်မျိုး ထုတ်လိုက်သည်။ သမီးက ပါးချိုင့် ကလေးနှစ်ဖက်ပေါ်အောင်ပြုံး၍ အဖေ့လည်ပင်းကိုသိုင်းဖက်ပြီး တစ်ချက်နမ်း၏။ အဖေသည် အထဲဝင်သွားသော သမီး၏ ကျောပြင်ကိုငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
အဖေသည် ဆေးလိပ်ကိုမာန်ပါပါ တစ်ချက်ခဲလိုက်သည်။ စောစောကရေးလက်စ ကဗျာစာသားကို ပြန်စဉ်းစားရင်း ကလောင်ကိုကောင်ကိုင်လိုက်၏။ သည်ကဗျာကို သူရေးလာတာ ဆယ်နှစ်ကျော်ပြီ။ အခုထိ လက်စသတ်လို့ မပြီးသေး။ အဖေ့စိတ်အစဉ်က စောစောကခဏရပ်ခဲ့ရသည့်စိတ်အစဉ်နှင့် ပြန်ဆက်မိသွားသည်။ အဖေသည် ဆေးလိပ် မီးခိုးများလို လွင့်ချင်ရာလွင့်နေသောသူ့စိတ်တို့ကို ဖမ်းဆုပ်ဖို့ကြိုးစား၏။ တစ်စုတစ်စည်းတည်း ဖြစ်အောင်ကြိုးစား၏။ သို့သော် ပြောရလောက် အောင် မအောင်မြင်။ အဖေစိတ်တိုလာသည်။ ပေါက်ကွဲလာသည်။
ကလောင်ကိုပစ်ချလိုက်သည်။ ထို့နောက် တစ်ခါပြန်ကောက်ကိုင်ပြီး စာရွက်ပေါ်တွင် ကြောင်ကြောင်ကျားကျား လျှောက်ခြစ်ပြန်သည်။ အဖေသည် စားပွဲပေါ်တွင် ခေါင်းကိုမှောက်၍ အိပ်နေမိလေသည်။
သမီးက အဖေ့နားနားကပ်၍ ခပ်တိုးတိုးခေါ်၏။ အဖေက သမီးကိုမော့ကြည့်သည်။ သမီးမျက်နှာက လန်းလန်းဆန်းဆန်း။ သမီးရင်ထဲမှအလန်းဓာတ်သည် အဖေ့ထံသို့ပါကူးစက်သွား၏။ အဖေ့မျက်နှာပေါ်တွင် စောစောက မိုးတိမ်များ မရှိတော့။ အားလုံးကင်းစင်သွားပြီ။ သမီးက ထမင်းပွဲပြင်ပြီးကြောင်း ပြောသည်။
မေမေ့ကိုထွက်ခေါ်လိုက်ပါဦးလားသမီးရဲ့၊ သမီးမေမေကို ပြောပါဦး၊ ဖေဖေကအရှုံးပေးပါပြီလို့၊ ထွက်လာခဲ့ပါတော့လို့။”
သမီးက မျက်နှာတစ်ချက်ပျက်သွား၏။ ခဏမျှစဉ်းစားပြီးနောက် သူမ၏မေမေသည် သူတို့သားအဖ အတွက်အိမ်အပြန်လက်ဆောင်တစ်ခုဝင်ဝယ်နေကြောင်း၊ အံ့ဩစရာကောင်းလိမ့် မည်ဖြစ်ကြောင်း သူ့အဖေကို ပြောလိုက်သည်။ အဖေက အိမ်အပြင်သို့တစ်ချက်ကဲကြည့်လိုက်ပြီး မှောင်ရိပ်ထဲမှ ထွက်လာလတံ့သော လူရိပ်တစ်ခုကို ရှာဖွေလိုက်သည်။ အိမ်အပြင်မှာတော့ လမ်းမီးတိုင်၏အလင်းရောင်က မှုန်ပျပျ။ ဗွက်ထနေသည့် အိမ်ရှေ့လမ်းကလေးကတော့ လျှောက်လှမ်းသူမဲ့လျက်။
သမီးကအဖေ့လက်မောင်းကိုကိုင်၍ ဆွဲထူသည်။ အဖေသည် နောက်သို့လှည့်ကြည့်လှည့်ကြည့်နှင့် သမီးနောက်သို့ ပါသွားလေသည်။

*

အဖေက ပက်လက်ကုလားထိုင်ပေါ်မှနေ၍ သမီးအားတစေ့တစောင်းကြည့်လိုက်သည်။ သမီးသည် ထမင်းစားပွဲဝိုင်းကို စာရေးစားပွဲအဖြစ်အသုံးပြုကာ စာရေးစာကျက်လုပ်နေ၏။ အဖေသည် သမီးကို ချစ်သည်။ သမီးသည် သူ့ဘ၀။ သို့သော် သမီး၏ဘ၀ကို တောက်ပြောင်အောင် သူဘာမှ လုပ်မပေးနိုင်။ သူ့သမီးကို မေတ္တာကလွဲလို့ တခြားဘာမှ မပေးတတ်။ အဖေသည် သက်ပြင်းချလိုက်သည်။ သမီးကို ကြည့်နေရင်း အဖေသည် ရုတ်တရက်တစ္ဆေခြောက်ခံရသူလို တစ်ခုခုကိုသတိရသဖြင့် လန့်ဖျပ်သွား၏။
သမီးမေမေကလည်းကွယ်၊ နေနိုင်ရန်ကော ...အဖေ့ပါးစပ်မှ လွှတ်ကနဲ ထွက်သွားသည်။
အချိန်တန်တော့ ထွက်လာမှာပေါ့ဖေဖေရယ်၊ မေမေက ကလေးလေးမှမဟုတ်တာ
သမီးက စာအုပ်ကို ကြည့်နေရာမှ မျက်စိကိုမခွာဘဲ အဖေကို လှမ်းပြောသည်။ အဖေ ဘာမှဆက်မပြောတော့။ တစ်ဘက်သို့လှည့်ပြီး ကဗျာ ဆက်ရေးဖို့သာ ဟန်ပြင်လိုက်သည်။
အဖေသည် ကဗျာကိုတစ်ပိုဒ်ရေးလိုက် ပြန်ဖတ်ကြည့်လိုက်လုပ်၏။ သူ့စိတ်နှင့် ဘာတစ်ခုမှမတွေ့။ ထို့နောက် အားလုံးကို ခြစ်ချသည်။ အစကနေ တစ်ခါပြန်ရေးသည်။ ခဏနေတော့ ရေးတာကိုရပ်ပြီး ကုလားထိုင်ပေါ်မှီချ၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။ အဖေ့စိတ်တို့ သမီးအမေဆီ ပြန်ရောက်သွား၏။ သူမဆီမှာသာ တဝဲလည်လည် ဖြစ်နေ၏။ သူမကို အဖေဘယ်လိုမှ ဥပေက္ခာမပြုနိုင်။ သူမသည် ဘာကြောင့်များ အခုလိုမကြာခဏ ကလေးများလုပ်သလို တူတူပုန်းတမ်း ကစားချင်နေရပါလိမ့်။
အကြောင်းရင်းကို သူနားမလည်။ သမီးကလည်း သေချာမပြော။ အဖေသည် စိတ်ရှုပ်လာသည်။ သူတို့သားအဖကို ဂရုမစိုက်ဘဲ စိတ်ထင်ရာလုပ်နေတတ်သော သမီးတို့အမေကို အဖေသည် တစ်ခါတစ်ခါ စိတ်နာ၏။ ဒါပေမဲ့လည်း ကြာကြာစိတ်မနာနိုင်။
အချိန်တန်တော့လည်း စိတ်ပူမြဲစိတ်ပူလျက်။ ထိုအခါမျိုးတွင် အဖေသည် စိတ်ကူး ပေါက်ရာ လျှောက်သွား ပစ်တတ်သည်။ တွေ့ကရာတွေ လျှောက်ပြောပစ်တတ်သည်။ အဖေသည် အိမ်ထဲတွင် ထိုင်နေရင်း တန်းလန်းက ဆိပ်ခံဗောတံတားဆီရောက်သွား၏။ အဖေ့နားထဲတွင် မြစ်ရေစီးသံ၊ သင်္ဘောဥဩဆွဲသံ၊ လူသံသူသံ တို့ကြားယောင်လာသည်။
အဖေ့မျက်လုံးထဲတွင်ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော သင်္ဘောများ၊ တငြိမ့်ငြိမ့်စီးဆင်း နေသောမြစ်ရေအလျဉ်၊ သင်္ဘောနှင့်ဗောတံတားပေါ်သို့ အတက်အဆင်း ခရီးသည်များကို မြင်ယောင် လာမိသည်။ အဖေ့စိတ်မှာတော့မြစ်ဆိပ်သည် ညနေအချိန်တွင် အလှဆုံး။ မိုးကုတ်စက်ဝိုင်းတွင် မေးတင်ထားသော နေ၊ မြစ်ပြင်ကို ကန့်လန့်ဖြတ် ကူးနေသောလှေသဗ္ဗာန်များ၊ ခပ်နိမ့်နိမ့်ဖြတ်ပျံ သွားသည့်ငှက်ကလေးများ စသည်တို့သည် အဖေ့အတွက်တော့ ရှုမငြီးနိုင်သော ပန်းချီကားတစ်ချပ်။ အဖေ့စိတ်သည် ပစ္စုပ္ပာန်နှင့်တည့်တည့်ကျသွား၏။
အဖေသည် ကဗျာကိုအားမလို အားမရ တစ်ချက်ဖတ်ကြည့်ပြီး သိမ်းထားလိုက်သည်။ မနက်ဖြန် မဂ္ဂဇင်းတိုက်ပို့ဖို့ ကဗျာများကို လက်စသတ်ရဦးမည်။ အဖေသည် ကဗျာအတိုအစလေးများကိုရေးရာတွင် ပင်ပန်းကြီးစွာ အားထုတ်နေရသည်။ အဖေ့လက်တို့ အရင်ကလောက် ရေးအားမကောင်းတော့။ အဖေ့ကလောင်တို့ သိပ်မသွက်တော့။ ဆယ်စုနှစ်တစ်ခုစာမျှ ကျင်လည်ကျက်စားခဲ့ရာ မဂ္ဂဇင်းများတွင် အဖေ့ကဗျာတို့အပါကြဲလာသည်။ အဆိုးဆုံးက အဖေ့ကို ရေးဖော်ရေးဖက်တွေ၊ အယ်ဒီတာတွေက သိပ်အဖက်မလုပ် ချင်ကြတော့တာပဲဖြစ်သည်။ အဖေသည် စိတ်လေလာခဲ့၏။ တကယ်တော့ အဖေ့အသက်က ကြီးလှပြီမဆိုသာသေး။ ဒါပေမဲ့ အဖေသည်လောကကိုစောစီးစွာ လက်မြှောက်အရှုံးပေး ထားပြီးဖြစ်နေ၏။ ငယ်ရွယ် နုပျိုမှုဖြင့် တက်ကြွအားတက် ရမည့်အချိန်တွင် အဖေ့လက်ရုံးတို့ အံသေလျက်။ အဖေ့မျက်ဝန်းတို့က မှုန်ရီလျက်။ အဖေ၏သိစိတ်နှင့် မသိစိတ်ကြားတွင် ပျောက်ဆုံးနေသော တံတားတစ်ခုရှိ၏။ ထိုတံတားကို အဖေကိုယ်တိုင်လည်း ရှာမရ။ ဘယ်သူကမှလည်း ရှာမပေး။ အဖေ့တွင်စိ တ်တိုတတ်သော အကျင့်တစ်ခုသာ တိုးလာခဲ့သည်။
ဆယ်နှစ်တာကာလအတွင်း အဖေတို့မိသားစုသည် ကြပ်တည်းလာခဲ့သည်။ အဖေသည် တခြား စီးပွားရေးလည်း ဘာမှမလုပ်တတ်။ သမီးကျောင်းစရိတ်က တစ်နှစ်ထက်တစ်နှစ် ပိုပိုမြင့်မားလာ၏။ အဖေသည် အရက်ကို စမ်းသောက်ရင်း ကြိုက်တတ်လာသည်။ အဖေရသည့် ဟိုလခ ဒီလခ တို့သည် အိမ်ပြန်ပါမလာဘဲ ဘုံဆိုင်သို့သာ ရောက်သွားသည်ကများ၏။ ဆန်အိုးထဲတွင်ဆန်မရှိသည့်အခါတွင် သမီးရော အဖေရော ဗိုက်မှောက်နေကြရသည်။ အဖေသည် ကျန်းမာရေး ထိခိုက်လာ၏။ နောက်ဆုံးတော့လည်း သမီးမျက်နှာကိုကြည့်၍အဖေသည် အရက်ဖြတ်ရန်ကြိုးစားသည်။ ဆရာဝန်များ၊ သူနာပြုများ၏ အဆူအပူ အကြိမ်းအမောင်းများစွာကိုခံပြီးသည်၏နောက်၊ ဆေးရုံနှင့်အိမ် အကြိမ်ကြိမ်လွန်းထိုးပြီးသည်၏ နောက်တွင်မှ အဖေသည် အရက်ကိုအပြီးအပိုင်အနိုင်ရခဲ့လေသည်။ အဖေသည် အရက်ပြတ်ခဲ့သော်လည်း ကျန်းမာရေး မကောင်းသည့်ဒဏ်ကိုဆက်လက်ခံစားခဲ့ရသည်။
စီးပွားရေးအခြေအနေအရ ဆရာဝန်ညွှန်ကြားသည့်ဆေးများမှာလည်း သောက်ရတစ်လှည့်၊ မသောက်ရ တစ်လှည့်။ အဖေ့စိတ်သည် တူတူပုန်းကောင်းသည့် သမီးတို့အမေဆီပြန်ရောက်သွား၏။ အဖေနာရီကိုတစ်ချက်ကြည့် လိုက်သည်။ အချိန်က ရှစ်နာကျော်။ အဖေစိတ်သိပ်ပူလှပြီ။ ဆက်ပြီးမစောင့်နိုင် တော့။ အဖေသည် လုံချည်ကို ပြင်ဝတ်သည်။ ထီးကို ချိုင်းကြားညှပ်သည်။ သမီးက အဖေ ဘယ်သွားမလို့လဲဟု ပျာပျာသလဲမေး၏။
သမီးအမေကို လိုက်ခေါ်ရဦးမယ်လေ၊ သူ ဖေဖေ့ကို စိတ်ကောက်နေတာ ...
အဖေ့အသံက ခပ်တိုးတိုး။
မနက်ကျမှပဲ ရှာပါလားဖေဖေရယ်၊ မိုးချုပ်နေမှပဲ၊ မြွေပါးကင်းပါးနဲ့
သမီးက အဖေ့ကို အကြောင်းအမျိုးမျိုးပြ၍ ကြိုးစားနှစ်သိမ့်သည်။အဖေသည် သမီးစကားကို နားထောင် လိုက်၏။
ဪ အေးအေးဟု ဆို၍ ပက်လက်ကုလားထိုင်တွင် ပြန်ထိုင်သည်။
လက်ဆောင်ပါလာမှာဆိုတာ တကယ်နော် သမီးဟုလည်း မကြာမကြာပြန်မေးသည်။ ပြန်မေးတိုင်း သမီးသည် အဖေ့ကိုပြုံးပြုံးလေးကြည့်၍ ခေါင်းညိတ်ပြသည်။ အဖေ့လက်တို့က ကုလားထိုင် လက်ရမ်းနှစ်ခုကို တင်းကြပ်စွာဆုပ်ကိုင်ထားကြသည်။ သမီးသည် အဖေ့အခြေအနေကိုကြည့်၍ အိပ်ရာဝင်ရန် ဖျောင်းဖျ၏။ ပထမတော့ ပြောလို့မရ။ ကဗျာရေး ဦးမည်ဆို၏။ အမေ့ကို ဆက်စောင့်မည်ဆို၏။ သမီးက အမျိုးမျိုးနားချသည်။ နောက်ဆုံးတွင်အဖေသည် သမီးစကားကို မလွန်ဆန် နိုင်တော့။ သမီးသည် ဆေးအညွှန်းကိုဖတ်၍ သည်နေ့ညတိုက်ရမည့်ဆေးကို အဖေ့အားတိုက်သည်။ အဖေ့အား စောင်ခြုံပေး၊ ခြင်ထောင်ချပေး၊ မီးမှိတ်ပေးပြီးသောအခါ စာကိုဆက်ကြည့်နေသည်။ သမီးသည် အဖေကို တစ်ချက် နောက်ပြန်ကြည့်လိုက်၏။ သူတို့သားအဖ၏ နောင်ရေးသည် သူ့အပေါ်တွင် လုံးလုံးမူတည်နေမှန်း သူကောင်းကောင်းသိခဲ့ပြီ။
အဖေသည် အိပ်ရာထဲတွင်လဲလျောင်းနေရင်းက သမီးတို့အမေပြန်လာမည့်အချိန်ကို စောင့်ဆိုင်းလျက်နေ၏။ အလကားနေအလကား ကမ္ဘာတစ်ပတ်ခရီးဆန့်ကြည့်မည်ဟု အဖေဆုံးဖြတ်လိုက်သည်။ အဖေသည် တိမ်တွေပေါ် ရောက်သွား၏။ တိမ်တွေကိုစီးပြီးကမ္ဘာကြီးကို အားပါးတရတစ်ပတ် လျှောက်ပတ်ကြည့် နေလိုက်သည်။ လူသူ အရောက်အပေါက်နည်းသည့် သာယာလှပသော တောတောင်များသို့ရောက်လျှင် တစ်ခေါက်နားသည်။ ချောင်းဘေး မြောင်းဘေး၊ မြစ်ဘေးကန်ဘေးသို့ ရောက်လျှင်လည်း ရေဆင်းသောက်သည်။ အဖေ့နားထဲတွင် ရေစီးသံတလွင်လွင်ကို ကြားယောင်နေမိသည်။ အဖေ့သည် တောထဲတောင်ထဲတွင် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်တွေ့၏။ အဖေသည် ထိုသူကိုလှမ်းကြည့်မိ လိုက်သည်။
အဖေ့စိတ်သည် ရုတ်တရက်ပြတ်တောက်သွား၏။ ဘာမျှဆက်မျောခွင့်မရတော့။ အဖေ့သိစိတ်တို့တွင် ကွက်လပ်ကြီး တစ်ခုရှိနေသည်။ အဖေ့စိတ်သည် ထိုသို့မကြာခဏ အဆက်အသွယ် ပြတ်တောက်သွား တတ်သည်။ အသက် ရှူနှုန်းတို့မြန်ဆန်သွားတတ်သည်။ အဖေသည် ထိုအဖြစ်ကိုနားမလည်။ နားလည်ဖို့ကြိုးစားတိုင်းစိတ်ရှုပ်လာ၏။ ဂဏာမငြိမ်ဖြစ်လာ၏။ အဖေသည်ခြေသံကြားသဖြင့် မျက်လုံးကိုဖွင့်၍ မော့ကြည့်မိသည်။ သူမျှော်နေသော သမီးတို့အမေသည် ကုတင်ဘေးတွင် တင်ပုလွှဲ ထိုင်လျက်ပြန်ရောက်လာခဲ့ပြီ။
ကြည့်စမ်း၊ ငါ့မှာတော့ စိတ်ပူလိုက်ရတာ၊ မင်းကတော့ . . .
အဖေက ဝမ်းနည်းသည့်လေသံနှင့် ပြောသည်။ အမေကအဖေ့အား လက်ကလေး ကာကာကာကာနှင့် သူပုန်းအောင်း နေရသည့်အကြောင်းကို ရှင်းပြနေသည်။ အဖေက ဗျစ်တောက်ဗျစ်တောက်နှင့် ဆူသည်။ ဆူ၍၀သောအခါ အဖေသည် အမေ့အားကဲ ကဲ လာလာ အိပ်တော့ ညဉ့်နက်လှပြီဟု ပြောလေသည်။
သမီးသည် အခန်းမီးဖွင့်၍အဖေ့ကိုငုံကြည့်လိုက်၏။
ဖေဖေ မအိပ်သေးဘူးလား၊ ဘယ်သူနဲ့စကားပြောနေတာလဲ
အဖေက မျက်လုံးကိုလှန်ပြီး သမီးကိုကြည့်သည်။ သူ့မျက်နှာက သုန်သုန်မှုန်မှုန်။
သမီးအမေပေါ့၊ ခုနကမှ ရောက်လာလို့ဆူနေတာ၊ စောစောလေးကတင် ဟိုနားလေးမှာရှိသေးတယ်၊ လိုက်ရှာချည် သမီးသွား၊ သူ သမီးကိုပုန်းနေတာသမီးက အဖေညွှန်ပြသောမှောင်ရိပ်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။သမီးက အဖေ့ဘေးမှာဝင်ထိုင်ရင်း စကားလမ်းကြောင်းလွှဲ၏။ နေ့လယ်က ကျောင်းမှာဆရာမပြောပြသော ပုံပြင်များ အကြောင်း၊ မနေ့က ဘေးအိမ်တွင် သွားကြည့်ခဲ့ရသည့် ဇာတ်လမ်းတွဲအကြောင်း၊ သူငယ်ချင်းအသစ်က ဝယ်ကျွေး သော မုန့်စားကောင်းကြောင်းများကို အဖေ့အား စီကာပတ်ကုံးပြောပြသည်။ ခုနက တိုက်ထားသောဆေးအရှိန်သည် အခုမှ အစွမ်းပြ လာ၏။ အဖေ့မျက်တောင်များလေးလာသည်။ အဖေသည် သမီးပြောသောပုံပြင်ကို ဆက်နားမထောင်နိုင်တော့။ လောကကြီးနှင့် ခေတ္တမျှ အဆက်ပြတ်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။
သမီးက အဖေ့ကိုငုံ့ကြည့်လိုက်သည်။ အိပ်ပျော်သွားမှန်းသေချာမှ စကားကိုရပ်လိုက်သည်။ ညသည်တိတ်ဆိတ် ငြိမ်သက်နေ၏။ မီးကင်းတဲမှ သံချောင်းခေါက်သံကို ကြားရသည်။ သမီးက ပြတင်းတံခါးကိုဖွင့်၍ ထိန်ထိန်သာနေသောလမင်းကြီးကိုမော့ကြည့်လိုက်သည်။ သမီးသည် သူကြားဖူးသော ပုံပြင်များထဲတွင် ပါတတ်သော လနတ်သမီးတကယ် ရှိမရှိ သိချင်၏။ ရှိခဲ့လျှင် သူမ၏အဖေကိုသနားသဖြင့် ခေါ်သွားဖို့တောင်းပန်ချင်သည်။ ခဏနေတော့ သမီးသည် ခေါင်းရင်းဘက် သေတ္တာရှိရာသို့သွားသည်။ ထို့နောက် သေတ္တာအဖုံးကိုဖွင့်၍ အထဲမှ မှန်ဘောင်ကွပ်ထားသော ဓာတ်ပုံဟောင်းတစ်ချပ်ကို ထုတ်ယူလိုက်သည်။
သမီးသည် ဓာတ်ပုံကိုသေချာစိုက်ကြည့်၏။ ထို့နောက် အိပ်ပျော်နေသောအဖေ့ထံသွား၍ ဓာတ်ပုံကို အဖေ့လက်ထဲ ထည့်ပေးလိုက်သည်။ သမီးသည် အဖေရေးထားသည့် မပြီးသေးသော၊ ဘယ်တော့မှပြီးမည်မဟုတ်သော ကဗျာကိုဖတ်ကြည့်၏။ ဖတ်ရင်းဖတ်ရင်း ငိုချင်လာသည်။ သမီး၏ဝိုင်းစက်သော မျက်လုံးနှစ်ဘက် ထောင့်စွန်းတို့မှ မျက်ရည်များ လိမ့်ဆင်းလာသည်။
သမီးက အဖေ့ဘေးနား ခွေခွေလေးဝင်လဲလျောင်းလိုက်၏။ ဆင်ခြင်တုံတရားဖြင့် မျက်ရည်များကို ရပ်တန့် သိမ်းဆည်းဖို့ကြိုးစားသည်။ သို့သော်လည်း သူ့အရွယ်သည် ဆင်ခြင်တုံတရားတို့  ထက်သန် အားကောင်းတတ်သောအရွယ် မဟုတ်သေး။ သမီးကအဖေ့ကိုတင်းကျပ်စွာပွေ့ဖက်ထားရင်း တစ်ချက်ရှိုက်သည်။ ခဏအကြာတွင် သမီးထံမှအသံတိတ်သွား၏။ သမီးသည် အိပ်မက်ထဲတွင် လနတ်သမီးနှင့်သွားရောက်တွေ့ဆုံရင်း အဖေ့ကို ကူညီဖို့တောင်းပန်နေ၏။ ထိုစဉ် အဖေကတော့ တိမ်တွေကြားထဲ တူတူပုန်းကောင်းသူကို လိုက်ရှာလျက် ရှိလေသည်။
Heart (နှလုံးအိမ်) မဂ္ဂဇင်း။၂၀၀၅ စက်တင်ဘာ (သို့မဟုတ်) အောက်တိုဘာလ။ 

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

 

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...