Skip to main content

တူတူပုန်း

Artist: Mirek Kuzniar

အဖေသည်သမီးပြန်အလာကို စောင့်မျှော်နေ၏။ သမီးသည် အခုအချိန်လောက်ဆို ကျောင်းကနေပြန်ရောက်သင့်ပြီ။
အဖေက စိတ်ပူစွာ သက်ပြင်းချ၏။ သူ့မျက်နှာက မှေးမှိန်ဖျော့တော့လျက်။ တရွေ့ရွေ့သွားနေသော စက္ကန့်လက်တံတို့သည် သူ့အတွက်တော့နှေးကွေးလွန်းလှသော လိပ်တစ်ကောင်နှင့်မခြား။ အဖေသည် မီးသေသွားသောဆေးပေါ့လိပ်ကို မီးညှိဖို့ မီးခြစ်ကို ဟိုဟို ဒီဒီလိုက်ရှာ၏။ တစ်အိမ်လုံးနှံ့အောင် ပတ်ရှာပြီးကာမှ သူ့အိပ်ထောင်ထဲထည့်ထားသည့် မီးခြစ်ကို အဖေတွေ့သည်။ အဖေသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆေးလိပ်မီးညှိ၏။ အဖေ့လက်တို့မှာ ကတုန်ကယင်။
အဖေသည် ပူနေသောစိတ်တို့ကို အေးရာအေးကြောင်း ကြိုးစားသည့်အနေဖြင့် ကလောင်ကို ကောက်ကိုင် လိုက်ပြီးမပြီးသေးသောစာပန်းချီတစ်ချပ်ကို ဆက်လက်ခြယ်မှုန်းဖို့ အားထုတ်၏။ အဖေ့ရင်ထဲမှ ခံစားချက်များသည် စကားလုံးမြစ်များအဖြစ် စာရွက်ပေါ်တွင် စီးဆင်းသွားကြသည်။ အဖေသည် သမီးပြန်မရောက်သေးသည့် အဖြစ်ကို မေ့လျော့သွားသည်။ ယခုမူ အချိန်တို့သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု အဖေထင်မိသည်။
သမီးက လွယ်အိတ်ကိုပင်ပင်ပန်းပန်းလွယ်၍ အိမ်ရှေ့လှေကားကိုအမောတကောတက်ရင်း ]ဖေဖေရေ}ဟု အော်ခေါ်လိုက်သည်။ သူ့ပုံစံက ကျနေရှိန်ရဲ့အောက်မှာ နွမ်းနွမ်းလျလျ။ ကလောင်ကိုင်ထားသော အဖေ့လက်သည် ရုတ်တရက် တန့်ရပ်သွားပြီးစာရွက်ကိုငေးစိုက်ကြည့်နေသော သူ့မျက်လုံးများက တံခါးဆီရွေ့လျားသွားကြသည်။
သမီးမျက်နှာကို မြင်သောအခါ အဖေ့မျက်လုံးများလင်းလက်သွား၏။ အဖေက ဝမ်းသာအယ်လဲဖြင့်သမီးလေးပြန်လာပြီလားဟု ဗလုံး ဗထွေးလေသံနှင့် ပြောသည်။ သမီးကအဖေ့ထံအပြေးသွားဖက်သည်။
အဖေကလက်နှစ်ဘက်ကို ဆန့်တန်းပြီး သမီးကိုကြို၏။ ထို့နောက်အဖေနှင့်သမီး အနမ်းတွေ လက်မလည်အောင် ဖလှယ်ကြသည်။
သမီးက နေ့လယ်က ကျောင်းမှာကြုံခဲ့ရသည့်အကြောင်းများကို ကရားရေလွှတ် တတွတ်တွတ်ပြော၏။ ဘယ်ဆရာမကဘယ်လိုစာသင်ကောင်းကြောင်း၊ ဘယ်ဆရာက ဘယ်လိုအရိုက်ကြမ်းကြောင်း၊ ဘယ်သူနှင့် သူငယ်ချင်းထပ်ဖြစ်ကြောင်း ခရေစေ့တွင်းကျ ပြောသည်။ အဖေက “ဟုတ်လားဟုစကားထောက်ရင်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်သည်။ စောစောက ပူနေသောအဖေ့စိတ်တို့သည် မီးကိုရေနှင့်ငြှိမ်းသည့် အလား ကွယ်ပျောက်သွား၏။ အဖေသည် သမီး၏စကားများထဲတွင် မျောပါလျက် ရှိသည်။ ရုတ်တရက် အဖေသည် တစ်စုံတစ်ခုကို သတိရသွားသည်။
ဒါနဲ့ သမီးမေမေလေ သိလား၊ သူကဖေဖေ့ကိုပုန်းလို့ရမယ်ထင်နေတယ်၊ ဘယ်ရမှာလဲ၊ ဖေဖေ သူ့ကိုတွေ့အောင်ရှာပြမှာပေါ့
အဖေ့လေသံတို့က မခံချင်မှုတစ်ဝက်ရောနေ၏။ သမီးက အဖေ့ကိုပြုံး၍စိုက်ကြည့်သည်။ “ဪ ဪ ဟုတ်လား၊ တွေ့မှာပေါ့ဖေဖေရယ်၊ ဖေဖေတွေ့အောင်ရှာနိုင်မှာပေါ့
သမီးပုံစံက ဘာမှအရေးမကြီးသလိုလို။ အဖေကိုပြန်ပြောပုံကလည်း မိခင်တစ်ယောက်က သားငယ်ကို ချော့ပုံမျိုး။
ယခုလို အခါမျိုးတွင် သမီးသည် အမေတစ်လှည့်ဖြစ်သွားတတ်သည်။ များသောအားဖြင့် သမီးသည် ထိုစကားလုံးတို့ကို ရိုးအီနေအောင် ပြောရလေ့ရှိသည်။
ကဲ သမီးလေး ရေမိုးချိုးအဝတ်အစားလဲတော့၊ ပြီးရင် ဖေဖေတို့သုံးယောက် ထမင်း အတူတူစားကြမယ်
အဖေက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး အမိန့်မဆန်သည့်ညွှန်ကြားချက်တစ်မျိုး ထုတ်လိုက်သည်။ သမီးက ပါးချိုင့် ကလေးနှစ်ဖက်ပေါ်အောင်ပြုံး၍ အဖေ့လည်ပင်းကိုသိုင်းဖက်ပြီး တစ်ချက်နမ်း၏။ အဖေသည် အထဲဝင်သွားသော သမီး၏ ကျောပြင်ကိုငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
အဖေသည် ဆေးလိပ်ကိုမာန်ပါပါ တစ်ချက်ခဲလိုက်သည်။ စောစောကရေးလက်စ ကဗျာစာသားကို ပြန်စဉ်းစားရင်း ကလောင်ကိုကောင်ကိုင်လိုက်၏။ သည်ကဗျာကို သူရေးလာတာ ဆယ်နှစ်ကျော်ပြီ။ အခုထိ လက်စသတ်လို့ မပြီးသေး။ အဖေ့စိတ်အစဉ်က စောစောကခဏရပ်ခဲ့ရသည့်စိတ်အစဉ်နှင့် ပြန်ဆက်မိသွားသည်။ အဖေသည် ဆေးလိပ် မီးခိုးများလို လွင့်ချင်ရာလွင့်နေသောသူ့စိတ်တို့ကို ဖမ်းဆုပ်ဖို့ကြိုးစား၏။ တစ်စုတစ်စည်းတည်း ဖြစ်အောင်ကြိုးစား၏။ သို့သော် ပြောရလောက် အောင် မအောင်မြင်။ အဖေစိတ်တိုလာသည်။ ပေါက်ကွဲလာသည်။
ကလောင်ကိုပစ်ချလိုက်သည်။ ထို့နောက် တစ်ခါပြန်ကောက်ကိုင်ပြီး စာရွက်ပေါ်တွင် ကြောင်ကြောင်ကျားကျား လျှောက်ခြစ်ပြန်သည်။ အဖေသည် စားပွဲပေါ်တွင် ခေါင်းကိုမှောက်၍ အိပ်နေမိလေသည်။
သမီးက အဖေ့နားနားကပ်၍ ခပ်တိုးတိုးခေါ်၏။ အဖေက သမီးကိုမော့ကြည့်သည်။ သမီးမျက်နှာက လန်းလန်းဆန်းဆန်း။ သမီးရင်ထဲမှအလန်းဓာတ်သည် အဖေ့ထံသို့ပါကူးစက်သွား၏။ အဖေ့မျက်နှာပေါ်တွင် စောစောက မိုးတိမ်များ မရှိတော့။ အားလုံးကင်းစင်သွားပြီ။ သမီးက ထမင်းပွဲပြင်ပြီးကြောင်း ပြောသည်။
မေမေ့ကိုထွက်ခေါ်လိုက်ပါဦးလားသမီးရဲ့၊ သမီးမေမေကို ပြောပါဦး၊ ဖေဖေကအရှုံးပေးပါပြီလို့၊ ထွက်လာခဲ့ပါတော့လို့။”
သမီးက မျက်နှာတစ်ချက်ပျက်သွား၏။ ခဏမျှစဉ်းစားပြီးနောက် သူမ၏မေမေသည် သူတို့သားအဖ အတွက်အိမ်အပြန်လက်ဆောင်တစ်ခုဝင်ဝယ်နေကြောင်း၊ အံ့ဩစရာကောင်းလိမ့် မည်ဖြစ်ကြောင်း သူ့အဖေကို ပြောလိုက်သည်။ အဖေက အိမ်အပြင်သို့တစ်ချက်ကဲကြည့်လိုက်ပြီး မှောင်ရိပ်ထဲမှ ထွက်လာလတံ့သော လူရိပ်တစ်ခုကို ရှာဖွေလိုက်သည်။ အိမ်အပြင်မှာတော့ လမ်းမီးတိုင်၏အလင်းရောင်က မှုန်ပျပျ။ ဗွက်ထနေသည့် အိမ်ရှေ့လမ်းကလေးကတော့ လျှောက်လှမ်းသူမဲ့လျက်။
သမီးကအဖေ့လက်မောင်းကိုကိုင်၍ ဆွဲထူသည်။ အဖေသည် နောက်သို့လှည့်ကြည့်လှည့်ကြည့်နှင့် သမီးနောက်သို့ ပါသွားလေသည်။

*

အဖေက ပက်လက်ကုလားထိုင်ပေါ်မှနေ၍ သမီးအားတစေ့တစောင်းကြည့်လိုက်သည်။ သမီးသည် ထမင်းစားပွဲဝိုင်းကို စာရေးစားပွဲအဖြစ်အသုံးပြုကာ စာရေးစာကျက်လုပ်နေ၏။ အဖေသည် သမီးကို ချစ်သည်။ သမီးသည် သူ့ဘ၀။ သို့သော် သမီး၏ဘ၀ကို တောက်ပြောင်အောင် သူဘာမှ လုပ်မပေးနိုင်။ သူ့သမီးကို မေတ္တာကလွဲလို့ တခြားဘာမှ မပေးတတ်။ အဖေသည် သက်ပြင်းချလိုက်သည်။ သမီးကို ကြည့်နေရင်း အဖေသည် ရုတ်တရက်တစ္ဆေခြောက်ခံရသူလို တစ်ခုခုကိုသတိရသဖြင့် လန့်ဖျပ်သွား၏။
သမီးမေမေကလည်းကွယ်၊ နေနိုင်ရန်ကော ...အဖေ့ပါးစပ်မှ လွှတ်ကနဲ ထွက်သွားသည်။
အချိန်တန်တော့ ထွက်လာမှာပေါ့ဖေဖေရယ်၊ မေမေက ကလေးလေးမှမဟုတ်တာ
သမီးက စာအုပ်ကို ကြည့်နေရာမှ မျက်စိကိုမခွာဘဲ အဖေကို လှမ်းပြောသည်။ အဖေ ဘာမှဆက်မပြောတော့။ တစ်ဘက်သို့လှည့်ပြီး ကဗျာ ဆက်ရေးဖို့သာ ဟန်ပြင်လိုက်သည်။
အဖေသည် ကဗျာကိုတစ်ပိုဒ်ရေးလိုက် ပြန်ဖတ်ကြည့်လိုက်လုပ်၏။ သူ့စိတ်နှင့် ဘာတစ်ခုမှမတွေ့။ ထို့နောက် အားလုံးကို ခြစ်ချသည်။ အစကနေ တစ်ခါပြန်ရေးသည်။ ခဏနေတော့ ရေးတာကိုရပ်ပြီး ကုလားထိုင်ပေါ်မှီချ၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။ အဖေ့စိတ်တို့ သမီးအမေဆီ ပြန်ရောက်သွား၏။ သူမဆီမှာသာ တဝဲလည်လည် ဖြစ်နေ၏။ သူမကို အဖေဘယ်လိုမှ ဥပေက္ခာမပြုနိုင်။ သူမသည် ဘာကြောင့်များ အခုလိုမကြာခဏ ကလေးများလုပ်သလို တူတူပုန်းတမ်း ကစားချင်နေရပါလိမ့်။
အကြောင်းရင်းကို သူနားမလည်။ သမီးကလည်း သေချာမပြော။ အဖေသည် စိတ်ရှုပ်လာသည်။ သူတို့သားအဖကို ဂရုမစိုက်ဘဲ စိတ်ထင်ရာလုပ်နေတတ်သော သမီးတို့အမေကို အဖေသည် တစ်ခါတစ်ခါ စိတ်နာ၏။ ဒါပေမဲ့လည်း ကြာကြာစိတ်မနာနိုင်။
အချိန်တန်တော့လည်း စိတ်ပူမြဲစိတ်ပူလျက်။ ထိုအခါမျိုးတွင် အဖေသည် စိတ်ကူး ပေါက်ရာ လျှောက်သွား ပစ်တတ်သည်။ တွေ့ကရာတွေ လျှောက်ပြောပစ်တတ်သည်။ အဖေသည် အိမ်ထဲတွင် ထိုင်နေရင်း တန်းလန်းက ဆိပ်ခံဗောတံတားဆီရောက်သွား၏။ အဖေ့နားထဲတွင် မြစ်ရေစီးသံ၊ သင်္ဘောဥဩဆွဲသံ၊ လူသံသူသံ တို့ကြားယောင်လာသည်။
အဖေ့မျက်လုံးထဲတွင်ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော သင်္ဘောများ၊ တငြိမ့်ငြိမ့်စီးဆင်း နေသောမြစ်ရေအလျဉ်၊ သင်္ဘောနှင့်ဗောတံတားပေါ်သို့ အတက်အဆင်း ခရီးသည်များကို မြင်ယောင် လာမိသည်။ အဖေ့စိတ်မှာတော့မြစ်ဆိပ်သည် ညနေအချိန်တွင် အလှဆုံး။ မိုးကုတ်စက်ဝိုင်းတွင် မေးတင်ထားသော နေ၊ မြစ်ပြင်ကို ကန့်လန့်ဖြတ် ကူးနေသောလှေသဗ္ဗာန်များ၊ ခပ်နိမ့်နိမ့်ဖြတ်ပျံ သွားသည့်ငှက်ကလေးများ စသည်တို့သည် အဖေ့အတွက်တော့ ရှုမငြီးနိုင်သော ပန်းချီကားတစ်ချပ်။ အဖေ့စိတ်သည် ပစ္စုပ္ပာန်နှင့်တည့်တည့်ကျသွား၏။
အဖေသည် ကဗျာကိုအားမလို အားမရ တစ်ချက်ဖတ်ကြည့်ပြီး သိမ်းထားလိုက်သည်။ မနက်ဖြန် မဂ္ဂဇင်းတိုက်ပို့ဖို့ ကဗျာများကို လက်စသတ်ရဦးမည်။ အဖေသည် ကဗျာအတိုအစလေးများကိုရေးရာတွင် ပင်ပန်းကြီးစွာ အားထုတ်နေရသည်။ အဖေ့လက်တို့ အရင်ကလောက် ရေးအားမကောင်းတော့။ အဖေ့ကလောင်တို့ သိပ်မသွက်တော့။ ဆယ်စုနှစ်တစ်ခုစာမျှ ကျင်လည်ကျက်စားခဲ့ရာ မဂ္ဂဇင်းများတွင် အဖေ့ကဗျာတို့အပါကြဲလာသည်။ အဆိုးဆုံးက အဖေ့ကို ရေးဖော်ရေးဖက်တွေ၊ အယ်ဒီတာတွေက သိပ်အဖက်မလုပ် ချင်ကြတော့တာပဲဖြစ်သည်။ အဖေသည် စိတ်လေလာခဲ့၏။ တကယ်တော့ အဖေ့အသက်က ကြီးလှပြီမဆိုသာသေး။ ဒါပေမဲ့ အဖေသည်လောကကိုစောစီးစွာ လက်မြှောက်အရှုံးပေး ထားပြီးဖြစ်နေ၏။ ငယ်ရွယ် နုပျိုမှုဖြင့် တက်ကြွအားတက် ရမည့်အချိန်တွင် အဖေ့လက်ရုံးတို့ အံသေလျက်။ အဖေ့မျက်ဝန်းတို့က မှုန်ရီလျက်။ အဖေ၏သိစိတ်နှင့် မသိစိတ်ကြားတွင် ပျောက်ဆုံးနေသော တံတားတစ်ခုရှိ၏။ ထိုတံတားကို အဖေကိုယ်တိုင်လည်း ရှာမရ။ ဘယ်သူကမှလည်း ရှာမပေး။ အဖေ့တွင်စိ တ်တိုတတ်သော အကျင့်တစ်ခုသာ တိုးလာခဲ့သည်။
ဆယ်နှစ်တာကာလအတွင်း အဖေတို့မိသားစုသည် ကြပ်တည်းလာခဲ့သည်။ အဖေသည် တခြား စီးပွားရေးလည်း ဘာမှမလုပ်တတ်။ သမီးကျောင်းစရိတ်က တစ်နှစ်ထက်တစ်နှစ် ပိုပိုမြင့်မားလာ၏။ အဖေသည် အရက်ကို စမ်းသောက်ရင်း ကြိုက်တတ်လာသည်။ အဖေရသည့် ဟိုလခ ဒီလခ တို့သည် အိမ်ပြန်ပါမလာဘဲ ဘုံဆိုင်သို့သာ ရောက်သွားသည်ကများ၏။ ဆန်အိုးထဲတွင်ဆန်မရှိသည့်အခါတွင် သမီးရော အဖေရော ဗိုက်မှောက်နေကြရသည်။ အဖေသည် ကျန်းမာရေး ထိခိုက်လာ၏။ နောက်ဆုံးတော့လည်း သမီးမျက်နှာကိုကြည့်၍အဖေသည် အရက်ဖြတ်ရန်ကြိုးစားသည်။ ဆရာဝန်များ၊ သူနာပြုများ၏ အဆူအပူ အကြိမ်းအမောင်းများစွာကိုခံပြီးသည်၏နောက်၊ ဆေးရုံနှင့်အိမ် အကြိမ်ကြိမ်လွန်းထိုးပြီးသည်၏ နောက်တွင်မှ အဖေသည် အရက်ကိုအပြီးအပိုင်အနိုင်ရခဲ့လေသည်။ အဖေသည် အရက်ပြတ်ခဲ့သော်လည်း ကျန်းမာရေး မကောင်းသည့်ဒဏ်ကိုဆက်လက်ခံစားခဲ့ရသည်။
စီးပွားရေးအခြေအနေအရ ဆရာဝန်ညွှန်ကြားသည့်ဆေးများမှာလည်း သောက်ရတစ်လှည့်၊ မသောက်ရ တစ်လှည့်။ အဖေ့စိတ်သည် တူတူပုန်းကောင်းသည့် သမီးတို့အမေဆီပြန်ရောက်သွား၏။ အဖေနာရီကိုတစ်ချက်ကြည့် လိုက်သည်။ အချိန်က ရှစ်နာကျော်။ အဖေစိတ်သိပ်ပူလှပြီ။ ဆက်ပြီးမစောင့်နိုင် တော့။ အဖေသည် လုံချည်ကို ပြင်ဝတ်သည်။ ထီးကို ချိုင်းကြားညှပ်သည်။ သမီးက အဖေ ဘယ်သွားမလို့လဲဟု ပျာပျာသလဲမေး၏။
သမီးအမေကို လိုက်ခေါ်ရဦးမယ်လေ၊ သူ ဖေဖေ့ကို စိတ်ကောက်နေတာ ...
အဖေ့အသံက ခပ်တိုးတိုး။
မနက်ကျမှပဲ ရှာပါလားဖေဖေရယ်၊ မိုးချုပ်နေမှပဲ၊ မြွေပါးကင်းပါးနဲ့
သမီးက အဖေ့ကို အကြောင်းအမျိုးမျိုးပြ၍ ကြိုးစားနှစ်သိမ့်သည်။အဖေသည် သမီးစကားကို နားထောင် လိုက်၏။
ဪ အေးအေးဟု ဆို၍ ပက်လက်ကုလားထိုင်တွင် ပြန်ထိုင်သည်။
လက်ဆောင်ပါလာမှာဆိုတာ တကယ်နော် သမီးဟုလည်း မကြာမကြာပြန်မေးသည်။ ပြန်မေးတိုင်း သမီးသည် အဖေ့ကိုပြုံးပြုံးလေးကြည့်၍ ခေါင်းညိတ်ပြသည်။ အဖေ့လက်တို့က ကုလားထိုင် လက်ရမ်းနှစ်ခုကို တင်းကြပ်စွာဆုပ်ကိုင်ထားကြသည်။ သမီးသည် အဖေ့အခြေအနေကိုကြည့်၍ အိပ်ရာဝင်ရန် ဖျောင်းဖျ၏။ ပထမတော့ ပြောလို့မရ။ ကဗျာရေး ဦးမည်ဆို၏။ အမေ့ကို ဆက်စောင့်မည်ဆို၏။ သမီးက အမျိုးမျိုးနားချသည်။ နောက်ဆုံးတွင်အဖေသည် သမီးစကားကို မလွန်ဆန် နိုင်တော့။ သမီးသည် ဆေးအညွှန်းကိုဖတ်၍ သည်နေ့ညတိုက်ရမည့်ဆေးကို အဖေ့အားတိုက်သည်။ အဖေ့အား စောင်ခြုံပေး၊ ခြင်ထောင်ချပေး၊ မီးမှိတ်ပေးပြီးသောအခါ စာကိုဆက်ကြည့်နေသည်။ သမီးသည် အဖေကို တစ်ချက် နောက်ပြန်ကြည့်လိုက်၏။ သူတို့သားအဖ၏ နောင်ရေးသည် သူ့အပေါ်တွင် လုံးလုံးမူတည်နေမှန်း သူကောင်းကောင်းသိခဲ့ပြီ။
အဖေသည် အိပ်ရာထဲတွင်လဲလျောင်းနေရင်းက သမီးတို့အမေပြန်လာမည့်အချိန်ကို စောင့်ဆိုင်းလျက်နေ၏။ အလကားနေအလကား ကမ္ဘာတစ်ပတ်ခရီးဆန့်ကြည့်မည်ဟု အဖေဆုံးဖြတ်လိုက်သည်။ အဖေသည် တိမ်တွေပေါ် ရောက်သွား၏။ တိမ်တွေကိုစီးပြီးကမ္ဘာကြီးကို အားပါးတရတစ်ပတ် လျှောက်ပတ်ကြည့် နေလိုက်သည်။ လူသူ အရောက်အပေါက်နည်းသည့် သာယာလှပသော တောတောင်များသို့ရောက်လျှင် တစ်ခေါက်နားသည်။ ချောင်းဘေး မြောင်းဘေး၊ မြစ်ဘေးကန်ဘေးသို့ ရောက်လျှင်လည်း ရေဆင်းသောက်သည်။ အဖေ့နားထဲတွင် ရေစီးသံတလွင်လွင်ကို ကြားယောင်နေမိသည်။ အဖေ့သည် တောထဲတောင်ထဲတွင် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်တွေ့၏။ အဖေသည် ထိုသူကိုလှမ်းကြည့်မိ လိုက်သည်။
အဖေ့စိတ်သည် ရုတ်တရက်ပြတ်တောက်သွား၏။ ဘာမျှဆက်မျောခွင့်မရတော့။ အဖေ့သိစိတ်တို့တွင် ကွက်လပ်ကြီး တစ်ခုရှိနေသည်။ အဖေ့စိတ်သည် ထိုသို့မကြာခဏ အဆက်အသွယ် ပြတ်တောက်သွား တတ်သည်။ အသက် ရှူနှုန်းတို့မြန်ဆန်သွားတတ်သည်။ အဖေသည် ထိုအဖြစ်ကိုနားမလည်။ နားလည်ဖို့ကြိုးစားတိုင်းစိတ်ရှုပ်လာ၏။ ဂဏာမငြိမ်ဖြစ်လာ၏။ အဖေသည်ခြေသံကြားသဖြင့် မျက်လုံးကိုဖွင့်၍ မော့ကြည့်မိသည်။ သူမျှော်နေသော သမီးတို့အမေသည် ကုတင်ဘေးတွင် တင်ပုလွှဲ ထိုင်လျက်ပြန်ရောက်လာခဲ့ပြီ။
ကြည့်စမ်း၊ ငါ့မှာတော့ စိတ်ပူလိုက်ရတာ၊ မင်းကတော့ . . .
အဖေက ဝမ်းနည်းသည့်လေသံနှင့် ပြောသည်။ အမေကအဖေ့အား လက်ကလေး ကာကာကာကာနှင့် သူပုန်းအောင်း နေရသည့်အကြောင်းကို ရှင်းပြနေသည်။ အဖေက ဗျစ်တောက်ဗျစ်တောက်နှင့် ဆူသည်။ ဆူ၍၀သောအခါ အဖေသည် အမေ့အားကဲ ကဲ လာလာ အိပ်တော့ ညဉ့်နက်လှပြီဟု ပြောလေသည်။
သမီးသည် အခန်းမီးဖွင့်၍အဖေ့ကိုငုံကြည့်လိုက်၏။
ဖေဖေ မအိပ်သေးဘူးလား၊ ဘယ်သူနဲ့စကားပြောနေတာလဲ
အဖေက မျက်လုံးကိုလှန်ပြီး သမီးကိုကြည့်သည်။ သူ့မျက်နှာက သုန်သုန်မှုန်မှုန်။
သမီးအမေပေါ့၊ ခုနကမှ ရောက်လာလို့ဆူနေတာ၊ စောစောလေးကတင် ဟိုနားလေးမှာရှိသေးတယ်၊ လိုက်ရှာချည် သမီးသွား၊ သူ သမီးကိုပုန်းနေတာသမီးက အဖေညွှန်ပြသောမှောင်ရိပ်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။သမီးက အဖေ့ဘေးမှာဝင်ထိုင်ရင်း စကားလမ်းကြောင်းလွှဲ၏။ နေ့လယ်က ကျောင်းမှာဆရာမပြောပြသော ပုံပြင်များ အကြောင်း၊ မနေ့က ဘေးအိမ်တွင် သွားကြည့်ခဲ့ရသည့် ဇာတ်လမ်းတွဲအကြောင်း၊ သူငယ်ချင်းအသစ်က ဝယ်ကျွေး သော မုန့်စားကောင်းကြောင်းများကို အဖေ့အား စီကာပတ်ကုံးပြောပြသည်။ ခုနက တိုက်ထားသောဆေးအရှိန်သည် အခုမှ အစွမ်းပြ လာ၏။ အဖေ့မျက်တောင်များလေးလာသည်။ အဖေသည် သမီးပြောသောပုံပြင်ကို ဆက်နားမထောင်နိုင်တော့။ လောကကြီးနှင့် ခေတ္တမျှ အဆက်ပြတ်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။
သမီးက အဖေ့ကိုငုံ့ကြည့်လိုက်သည်။ အိပ်ပျော်သွားမှန်းသေချာမှ စကားကိုရပ်လိုက်သည်။ ညသည်တိတ်ဆိတ် ငြိမ်သက်နေ၏။ မီးကင်းတဲမှ သံချောင်းခေါက်သံကို ကြားရသည်။ သမီးက ပြတင်းတံခါးကိုဖွင့်၍ ထိန်ထိန်သာနေသောလမင်းကြီးကိုမော့ကြည့်လိုက်သည်။ သမီးသည် သူကြားဖူးသော ပုံပြင်များထဲတွင် ပါတတ်သော လနတ်သမီးတကယ် ရှိမရှိ သိချင်၏။ ရှိခဲ့လျှင် သူမ၏အဖေကိုသနားသဖြင့် ခေါ်သွားဖို့တောင်းပန်ချင်သည်။ ခဏနေတော့ သမီးသည် ခေါင်းရင်းဘက် သေတ္တာရှိရာသို့သွားသည်။ ထို့နောက် သေတ္တာအဖုံးကိုဖွင့်၍ အထဲမှ မှန်ဘောင်ကွပ်ထားသော ဓာတ်ပုံဟောင်းတစ်ချပ်ကို ထုတ်ယူလိုက်သည်။
သမီးသည် ဓာတ်ပုံကိုသေချာစိုက်ကြည့်၏။ ထို့နောက် အိပ်ပျော်နေသောအဖေ့ထံသွား၍ ဓာတ်ပုံကို အဖေ့လက်ထဲ ထည့်ပေးလိုက်သည်။ သမီးသည် အဖေရေးထားသည့် မပြီးသေးသော၊ ဘယ်တော့မှပြီးမည်မဟုတ်သော ကဗျာကိုဖတ်ကြည့်၏။ ဖတ်ရင်းဖတ်ရင်း ငိုချင်လာသည်။ သမီး၏ဝိုင်းစက်သော မျက်လုံးနှစ်ဘက် ထောင့်စွန်းတို့မှ မျက်ရည်များ လိမ့်ဆင်းလာသည်။
သမီးက အဖေ့ဘေးနား ခွေခွေလေးဝင်လဲလျောင်းလိုက်၏။ ဆင်ခြင်တုံတရားဖြင့် မျက်ရည်များကို ရပ်တန့် သိမ်းဆည်းဖို့ကြိုးစားသည်။ သို့သော်လည်း သူ့အရွယ်သည် ဆင်ခြင်တုံတရားတို့  ထက်သန် အားကောင်းတတ်သောအရွယ် မဟုတ်သေး။ သမီးကအဖေ့ကိုတင်းကျပ်စွာပွေ့ဖက်ထားရင်း တစ်ချက်ရှိုက်သည်။ ခဏအကြာတွင် သမီးထံမှအသံတိတ်သွား၏။ သမီးသည် အိပ်မက်ထဲတွင် လနတ်သမီးနှင့်သွားရောက်တွေ့ဆုံရင်း အဖေ့ကို ကူညီဖို့တောင်းပန်နေ၏။ ထိုစဉ် အဖေကတော့ တိမ်တွေကြားထဲ တူတူပုန်းကောင်းသူကို လိုက်ရှာလျက် ရှိလေသည်။
Heart (နှလုံးအိမ်) မဂ္ဂဇင်း။၂၀၀၅ စက်တင်ဘာ (သို့မဟုတ်) အောက်တိုဘာလ။ 

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

 

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...