ချစ်ခြင်းသည်အတ္တနှင့်တကွ ဖြစ်ပါသလား။ သို့မဟုတ် ချစ်ခြင်းသည် အတ္တကင်းပါသလား။ မ ကတော့ ချစ်ခြင်းသည် ချုပ်နှောင်ဖို့မဟုတ်၊ လူသားကို လွတ်လပ်စေဖို့ဟု ပြောတတ်သည်။ ချစ်ခြင်းသည် ချစ်ခြင်း အတိုင်းသာရှိ၍ တခြား အရာတစ်ခုအပေါ်တွင် မှီတည်မနေသော၊ သူ့ဂုဏ်သတ္တိနှင့်သူ ရှိသော အရာဟု ဆိုတတ်လေသည်။ ကျွန်တော်ကတော့ မ ကို အတ္တကြီးသူဟု ထင်ပါသည်။ ‘အတ္တ’ဟုသာ သုံးရသော်လည်း မ၏အတ္တသည် တွေ့ရိုးတွေ့စဉ် အတ္တမျိုးမဟုတ်။ မ ၏ အတ္တသည် တွေ့ရခဲ၍ အဆင့်မြင့်သော အတ္တမျိုး ဖြစ်သည်ဟု ထင်သည်။ ထို့ကြောင့်လည်း မ သည် ကျွန်တော့်ဘေးတွင် ထာဝစဉ် ရှိပါမည်ဟု မသေချာသည့် တိုင် မ၏ပုံရိပ်သည် ကြယ်စုံသောည၌ ပြည့်ဝန်းစွာ ထွန်းလင်းလာသော လမင်းပမာ ထူးရှားထင်ရှားစွာပင် ကျွန်တော့်စိတ်ကောင်းကင်တွင် တွယ်ငြိလျက်ရှိလေသည်။
ကျွန်တော်သည် လောကကြီးကို စတင်စိတ်ဝင်စားနေသည့် လမ်းလျှောက်တတ်ခါစ ကလေးငယ် တစ်ယောက်၏ စူးစမ်းမှုမျိုးဖြင့် အချစ်ကို ရှာဖွေတွေ့ချိန်က ဖြစ်သည်။ ရင်ခုန်စိတ်လှုပ်ရှားတတ်စ နှလုံးသားတစ်ခုသည် တည်ငြိမ်ရင့်ကျက်နေသော ဆေးကျောင်းသူ မ ၏ အညှို့စက်ကွင်း (အလှစက်ကွင်း မဟုတ်ပါ) တွင် မရုန်းကန်နိုင်။ ကျွန်တော့်အရွယ်သည် လူကြီး အတင်း ဖြစ်ချင်သော ကလေးကြီး နှင့်တူပြီး မ သည် လူကြီး ဘယ်လို ဖြစ်ရမည်ကို ကောင်းကောင်း သိပြီးခါစ အတောင်စုံစ လူကြီးနှင့်တူလေသည်။ ကျွန်တော်သည် ဈေးကွက်ထဲမှ အကောင်းစားဝိုင်ကို ပထမဆုံး အကြိမ် မြည်းစမ်းကြည့်ပြီး၍ လျှာပေါ်ရှိ အကြောပေါင်း တစ်ထောင်တို့ လှုပ်ရှားသည်ကို စတင်ကြုံဖူး အံ့ဩနှစ်သက်တတ်ခါစ ဆိုပါက မသည် အမျိုးမျိုးသော သစ်သီးတို့ကို လှပချိုမြိန် စွဲမက်စရာကောင်းသည့် အရသာထွက်သော ဝိုင်ယမကာ ဖြစ်သည် အထိ ကိုယ်တိုင်ကိုယ်ကျလည်း လုပ်တတ်၊ အရသာကိုလည်း အမျိုးမျိုးအထွေထွေ ခွဲခြားပြတတ်နေ သော ဝိုင်လုပ်ငန်းရှင်တစ်ဦးပင် ဖြစ်ပါသည်။
မ ကို ကျွန်တော် ချစ်သော်လည်း ဖွင့်မပြောရဲခဲ့ပါ။ ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဥယျာဉ်အတွင်း ချဉ်းကပ် ခွင့်ရသော ပျားပိတုန်းလေး တစ်ကောင်သည် သူ့ကို အဆွဲဆောင်နိုင်ဆုံးသော ပန်းလေးတစ်ပွင့်ထံမှ ဝတ်ရည်ကိုစုပ်ယူဖို့ရာ မဝံ့မရဲ ဖြစ်နေခဲ့လေသည်။ ဒါကို ရိပ်မိသည့် မဆွတ်ခင်ကညွတ်ချင်သော ပန်းကလေး သည် မွှေးပျံ့သော ရနံ့တစ်မျိုးဖြင့် ထို သစ်လွင် ပျားပိတုန်းလေးအား သူ၏ ရင်ခွင်ပွင့်ဖတ် ပွင့်ချပ်တို့ ပေါ်သို့ မူးမေ့လဲကျ စေခဲ့လေသည်။ တိုတိုပြောရလျှင် ကျွန်တော်သည် မ၏ ချစ်သူ ရည်းစားအဖြစ် ကို လုပ်ရိုးလုပ်စဉ် မဟုတ်သော အပေးအယူ ကတိကဝတ် တစ်ခုဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။
“မ က အတ္တနည်းနည်းကြီးတယ်ကွယ်။ မရဲ့အတ္တကို နားလည်ပေးနိုင်ရင် တို့ နှစ်ယောက် ချစ်သူဖြစ်လို့ ရပြီ။”
မိန်းမတို့သည် မြစ်တစ်စင်းလို ကွေ့ကောက်တတ်သည်ဟု ဆိုသော်လည်း မ ကတော့ ထို ကွေ့ကောက်သော မြစ်ကို ဖြတ်ကူးထားသည့် တံတားတစ်စင်းလို ဖြောင့်စင်းလှသည်။ ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် မ ဆိုသော ဘုရင်မတစ်ပါး၏ ကိုယ်ရံတော် တပ်မှူးအဖြစ် မှတ်ယူပြီးဖြစ်သဖြင့် မ တောင်းဆိုသမျှကို ဘာလာလာ အကုန် ခေါင်းညိတ်လက်ခံဖို့ရန် အသင့်ဖြစ်နေခဲ့သည်။
“ပြောပါ မ။ မ က ဘာတွေတောင်းဆိုမလို့လဲ။ မနဲ့ချစ်သူ ဖြစ်ရဖို့ဆိုရင် မ လိုချင်တာမှန်သမျှ ကျွန်တော် ဖြစ်အောင် လုပ်ပေးဖို့ အသင့်ပါ။”
မ သည် ပြုံးလျက်က ကျွန်တော့်မျက်လုံးများထဲ တည့်တည့်စိုက်ကြည့်လေသည်။ မ အကြည့်များထဲတွင် ကျွန်တော့်အပေါ် သနားကြင်နာမှု၊ ကရုဏာတို့က လျှံကျနေသည်ဟု ထင်မှတ်မိသည်။
“ဒီလိုပါ။ မ ရဲ့ အတ္တဆိုတာက မင်းဟာ မအတွက်ပဲ ဖြစ်ရမယ် ဘာ ညာ ဆိုတဲ့ အတ္တမျိုး မဟုတ်ပါဘူး။ ဟို … မနဲ့မင်းနဲ့ ရည်းစားဖြစ်ရင် မ က မင်းကို သူများတွေလို အချိန်တွေအများကြီး ပေးနိုင်မှာမဟုတ်ဘူး၊ မင်းက လည်း မ အတွက် အချိန် တကူးတက ပေးစရာ မလိုဘူး။ မင်းက မ ဆီကို၊ မ ကျောင်းကို စိတ်ကူးပေါက် တိုင်း လာမနေရဘူး။ မင်းနဲ့လည်း ခဏခဏ မတွေ့နိုင်ဘူး။”
စောစောက အကြင်နာအကြည့်များဟု ထင်ထားခဲ့သော မ မျက်ဝန်းများနှင့် မလိုက်ဖက်သော စကားများကို ကြားရသည့် ခဏ ကျွန်တော်သည် ဘာပြန်ပြောရမှန်းပင် မသိချေ။ ရက်စက်ရန်ကော မ… ချစ်သူ ဖြစ်တာ တောင်မှ မ ကို တွေ့ချင်တိုင်း တွေ့ခွင့်မရဘူး ဆိုပါလား။
“ဟင်… ဘယ်လိုကြီးလဲ မရယ်။ ကျွန်တော်က မနဲ့ ချစ်သူဖြစ်ရင် နေ့တိုင်း မကို အပို့အကြိုလုပ်မယ်။ မ ရဲ့ ကျောင်းကို နေ့တိုင်းလာမယ်။ ထမင်းတွေအတူတူစားမယ် စဉ်းစားထားတာ။ ဘာဖြစ်လို့လဲ။”
ကျွန်တော် မ တောင်းဆိုသည့်အချက်ကို လိုက်လျောလျှင် သူနှင့်ချစ်ခွင့်ရမည်ဟု ကျိန်းသေနေသည့်တိုင် ကျွန်တော့်အသံတို့တွင် ဝမ်းသာလုံးမစွက်နိုင်။ နီးပါလျက်နှင့် ဝေးရမည့်အဖြစ်ကို ကြိုတွေး၍ စိတ်ဓာတ်ကျ သွားမိ၏။
“နေဦး။ နောက်တစ်ခုက မင်း မဆီကို ကတီးကတီး ဖုန်းမဆက်ရဘူး။ မ ကလည်း မင်းကို မဆက်ဘူး။ အရေးကြီးတယ်ဆိုမှ ဆက်။ မ ကတော့ မင်းနဲ့မတွေ့ခင်တစ်ရက်ကြိုပြီး တွေ့ဖြစ်တယ် ဆိုတာကို လှမ်းပြော မယ်။ ဒီကြားထဲလည်း အကြောင်းထူးရှိရင်တော့ ဆက်မယ်။”
မ က ကျွန်တော်၏ ပထမမေးခွန်းကို မဖြေသေးဘဲ နောက်ထပ် စည်းကမ်းချက်တစ်ခုကို ထပ်ပြောပြ ပြန်သည်။ သေရော ပေါ့။ လူချင်းလည်း မတွေ့ရ၊ ဖုန်းလည်း မဆက်ရဆိုလျှင် သမီးရည်းစား ဖြစ်ရခြင်းသည် ဘာအဓိပ္ပာယ် ရှိမည်လဲ။
“ဘာတွေလဲ မရယ်။ ကျွန်တော်တော့ နားကို မလည်နိုင်တော့ဘူး။ ချစ်သူ ရည်းစားဆိုတာ ဒီလိုပဲ မတွေ့ရရင် လွမ်းမယ်၊ ချိန်းတွေ့ကြမယ်၊ မတွေ့နိုင်ရင်တောင် ဖုန်းထဲမှာ လွမ်းကြမယ်။ ကဗျာလေးတွေ စပ်ပြီး ဖတ်ပြကြ မယ်။ ဒါလေးတွေနဲ့ပဲ ကြည်နူးကြမယ် မဟုတ်ဘူးလား။ ခုတော့ မ ဟာက ဘာကြီးလဲ။ မ က ကျွန်တော့်ကို မတွေ့ချင်၊ အသံမကြားချင်လည်း ဘာဖြစ်လို့ လက်ခံဖို့ စဉ်းစားသေးလဲ။”
ကျွန်တော့်အသံသည် စိတ်ဓာတ်ကျရာမှ စိတ်ပျက်လက်ပျက်ဖြစ်သည့်ဘက်သို့ ကူးသွားမှန်း သတိထားမိ သည်။ မ လည်း သတိထားမိ မှာ မလွဲပါပဲ။ ဒါပေမဲ့ မ သည် တစ်ဦးတည်းသော မောင်လေးကို ကြည့်သည့် အစ်မတစ်ယောက်၏ ကြည့်ခြင်းဖြင့် ကျွန်တော့်ကိုသာ ကြည့်ရင်း ကျွန်တော် ပွစိပွစိလုပ်သမျှ ဆုံးသည်အထိ နားထောင်နေပါသည်။
“ဒီလိုရှိတယ် ကောင်လေးရဲ့။ မ က မင်းကို မချစ်ဘူးမဟုတ်ဘူး၊ ချစ်တယ်။ မက အတ္တကြီးတယ်လို့ ခုနက ပြောတယ်မလား။ ဒါပေမဲ့ အဲဒီ အတ္တက ကောင်လေးကို နေ့ရှိသရွေ့ မ အကြောင်းပဲတွေး၊ မ အတွက်ပဲ အချိန်တွေပေး၊ မ အတွက် မ အတွက် … အဲဒီလိုကြီး မဖြစ်စေချင်ဘူး။”
“ဟင် … ဒါဆို မ ကလည်း ရည်းစားဖြစ်ရင် ကျွန်တော့်အကြောင်းပဲတွေး၊ ကျွန်တော့်အတွက်ပဲ အချိန်တွေပေး၊ မလုပ်ချင်ဘူး ဆိုတဲ့သဘော လား။”
မ က တစ်ချက် သဘောကျသွားပြီး ရယ်၏။ မ ၏ ရယ်သံလွင်လွင်သည် ပုံမှန်အချိန်ဆို ပျားရည်နှယ် ချိုမည်ဖြစ်သော်လည်း ထိုခဏမှာတော့ ကြားရတာ နားဝမှာ ခါးသက်လှသည်။ မ ကို ချစ်ကြိုက်ရသည်မှာ ဝင်္ကပါလမ်းကို ဖြတ်ပြီး မင်းသမီးလေးတစ်ပါး သွားတွေ့ရမည့် ခရီးတစ်ခုနှင့် တူနေတော့မည်။
“အင်း၊ ဟုတ်တယ်။ မ မင်းအကြောင်းကိုချည်း တစ်ချိန်လုံး မတွေးချင်ဘူး။ တွေးလည်း မတွေးနိုင်ဘူး။ မ မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ တခြား ပေးစရာ အချိန်တွေ ရှိသေးတယ်။ မ, ယုံကြည်ရာတွေ လုပ်ရဦးမယ်။ ပြောရရင် မ အခု လက်ရှိနေနေတဲ့ အချိန်ဇယား၊ အလုပ်ဇယားကို ရည်းစားရလာလို့ ဆိုတဲ့ အကြောင်းနဲ့တော့ မဖျက်ချင်ဘူး။ မဖျက်နိုင်ဘူး။ ကောင်လေးကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်။ တစ်နေ့တာ မင်း လုပ်ရမယ့် အလုပ်တွေကို မ အတွက်ကြောင့် မပြောင်းပစ်စေချင်ဘူး။ မ နဲ့ တစ်နေ့တစ်နေ့ တောင်စင်ရေမရ ဖုန်းတွေပြောပြီး အချိန်တွေ မကုန်ဆုံးစေချင်ဘူး။”
“မဟုတ်သေးဘူးလေ …”
“ဒါပေမဲ့ တစ်ခုတော့ မ သေချာပြောနိုင်တာက မ နဲ့ မင်းနဲ့ တွေ့တဲ့အချိန်မှာတော့ မ ဟာ တစ်လောကလုံးမှာ ရှိရှိသမျှကို မေ့ထားပြီး မင်း တစ်ယောက်တည်းသာ ရှိသလိုမျိုး ဖြစ်စေရမယ်။ ပြောရရင်တော့ကွာ၊ ကွာလတီ တိုင်းမ် ပေးမယ်ပေါ့။ တသသဖြစ်ရမယ့်အချိန်လေး ပေးမယ်ပေါ့။ အဲဒီအချိန်တွေမှာ ဘာနဲ့မှ မတူအောင် ပျော်စေရပါမယ်လို့ ကတိပေးတယ်။ ဒီ ကမ်းလှမ်းချက်ကို သဘောတူရင် မနဲ့မင်းနဲ့ ချစ်သူဖြစ်လို့ရပြီ။”
မ သည် ကျွန်တော့်ကို စကားအဖြတ်မခံဘဲ သူပြောရန်ရှိသည်ကို ဆုံးသည်အထိ ပြောချသွား၏။ ကျွန်တော် သည် အအေးကိုပိုက်ဖြင့်စုပ်သောက်နေသော မ မျက်နှာကိုသာ ငေးကြည့်နေမိတော့သည်။ မ ၏ ကမ်းလှမ်း ချက်သည် ကျွန်တော် လိုချင်သော ပုံစံမဟုတ်သော်လည်း တစ်ဖက်တွင် ကျွန်တော်ချစ်သော မ နှင့် ချစ်သူ ဖြစ်ခွင့်ရမည့် အချက်ကလည်း ရှိနေပြန်သည်။ ကျွန်တော်ကတော့ တခြားစုံတွဲများ ထုံးစံ မကြာခဏ တွေ့ကြ၊ လျှောက်လည်ကြ၊ စိတ်ကောက်ကြ၊ ပြန်ခေါ်ကြ၊ ညစဉ်ဖုန်းပြောကြ၊ … ကြ၊ … ကြ စသည်စသည် လုပ်ချင်သူ ကိုး။
ကျွန်တော်သည် မ ကို ချစ်ရေးဆိုသူဖြစ်သော်လည်း (ထိုသို့ ချစ်ရေးဆိုအောင်လည်း မ ကသာ စပြီး ရေလာအောင် မြောင်းပေးရုံမက ရေကိုပင် ကိုယ်တိုင်ခပ်ပြီး လောင်းချခဲ့သူဖြစ်သော်လည်း) စဉ်းစားပြီး အဖြေပြန်ပေးရမည့် သူမှာ အစဉ်အလာအတိုင်း မိန်းကလေးမဟုတ်ဘဲ ကျွန်တော်ကသာ ဖြစ်နေ၏။ အခြေအနေက ကျွန်တော့်ကို ချစ်နိုင် မချစ်နိုင် မ က စဉ်းစားရမှာ မဟုတ်ဘဲ မ ပြောသည့် စည်းကမ်းချက်ကို သဘောတူနိုင် မတူနိုင်ကိုသာ ကျွန်တော့်ဘက်က စဉ်းစားရမှာ ဖြစ်လေသည်။ မ က ကျွန်တော့်အား အချိန် တစ်ပတ်လျှင်လည်း ယူ၊ တစ်ပတ်ထက် ပိုယူချင်လည်း ယူဟူ၍ ရယ်ချင်စိတ်ကို မနည်းချုပ်တီး ထားရသည့် မျက်နှာပေးဖြင့် ပြောခဲ့သည်။ ကျွန်တော်ကတော့ တစ်ပတ်ကြာလျှင် အဖြေပြန်ပေးမည်ဟုသာ အောင့်သီး အောင့်သက်ဖြင့် ပြောလိုက်လေသည်။
သည်လိုနှင့် မနှင့်ကျွန်တော်တို့ တရားဝင် ချစ်သူတွေ၊ ရည်းစားတွေ ဖြစ်ခဲ့ကြသည်။ မ ၏ စည်းကမ်းချက် တွေကို မကြိုက်သော်လည်း မ ကို လက်လွှတ်မခံလိုသဖြင့်၊ မ ၏ ကျွန်တော့်အပေါ် လွှမ်းမိုးမှုသည် ကြီးလွန်း လှသဖြင့် မ ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့လိုက်သည်။ စိတ်ထဲကတော့ ခံပြင်းနာကျင်လျက်။ ထီးကလေး များ အောက်တွင် လူချင်းပူးကပ်ကာ လျှောက်သွားကြသော အတွဲလေးများ မြင်လေတိုင်း မ ကိုသာ သတိရသည်။ မသည် မှန်အလုံကာထားသည့် ဖက်ရှင်ဆိုင်များနောက်ရှိ အဝတ်နမူနာ ဝတ်ပြထား သည့် အရုပ်တစ်ရုပ်နှင့် တူပြီး ကျွန်တော်က ဆိုင်အပြင်ဘက် ပလက်ဖောင်းပေါ်မှ မှန်တစ်ချပ်ခြားထားကာ ငေးကြည့်နေရသူ နှင့် တူလေသည်။
မ က ကျွန်တော်နှင့် တစ်ပတ်လျှင် တနင်္ဂနွေ တစ်ရက် အပြည့်အဝ ချိန်းတွေ့ ခွင့်တော့ပေးသည်။ တစ်ခါတစ်ရံ သူ မအားမလပ်ခဲ့လျှင်တော့ ရက်အစားပြန်မရ၊ နောက်တစ်ပတ်အထိ စောင့်ပေတော့။ ဖုန်းကလည်း အကြောင်းမရှိဘဲ ဆက်ခွင့်မရလေတော့ ကျွန်တော့်မှာ တနင်္ဂနွေရောက်ဖို့သာ လည်ပင်းရှည်ရတော့သည်။ မည်သို့ပင် စိတ်တိုင်းမကျစေကာမူ မ ကို စောဒက မတက်ရဲ။ စည်းကမ်းချက်ကို မလိုက်နာနိုင်လျှင် မ၏ ချစ်သူအဖြစ်ကို ကျွန်တော် ဆုံးရှုံးရမည်။ မက ပြတ်သားသည်။ ပြောလျှင် ပြောသည့်အတိုင်း လုပ်သည်။ ပေါင်းတာကြာလေ မ အကြောင်းကို ပိုသိလာလေမို့ ကျွန်တော်ကတော့ အရဲစွန့်၍ပင် မ ဆီမှာ အယူခံ ဝင်မကြည့်ဖြစ်တော့ချေ။ မ က အိမ်စီးပွားရေးကို တာဝန်ယူထားရသူရယ်တော့ မဟုတ်ပေမယ့် သူ့ကို ဖမ်းစား နိုင်သည့် အရာတွေက များသည်။ သူ ကျနော့်ကို အချိန်မပေးနိုင်၊ မပေးချင်ရခြင်းမှာ ဆေးကျောင်း နောက်ဆုံး နှစ် ရောက်လာလို့ စာတွေကျက်ရလွန်းလို့ဟု ထင်ခဲ့မိသော်လည်း တကယ်က မ သည် ထိုသို့ မဟုတ်မှန်း တဖြည်းဖြည်း သိလာရသည်။ (ဒါတွေနောက်တော့ပြောပြပါမည်။)
*
“ဟ အဲဒါ ကောင်းတာပေါ့ကွ။ မင်း ငတုံးပဲ။ မင်းရဲ့ မ က တကယ့် ဘုရားပေးတဲ့ ရည်းစားကွ။ မှတ်ထား။ နေရာချင်းသာ လဲလိုက်ချင်တော့တယ်နော် ဟင်း… ဟင်း…”
သူငယ်ချင်းများနှင့် ဘီယာသောက်ရင်းဆုံသည်အခါ မ နှင့် ကျွန်တော်တို့ အကြောင်း ပြောပြဖြစ်ရာ ထိုသို့ ထောမနာခံရခြင်း ဖြစ်သည်။ သူငယ်ချင်းများမှာလည်း ရည်းစားရှိသူက ရှိသည်မို့ ရည်းစားသက် ရင့်သူ များက ကျွန်တော့်အား ကံကောင်းသူဟု ပြောကြပြီး ရည်းစားမထားဖူးသေးသူ သို့မဟုတ် ရည်းစား ဖြစ်လုဆဲ ဖြစ်နေသူများသည်သာ ကျွန်တော့်ဘက်က ရှိကြလေသည်။
“ဟာ… မင်းတို့ကလည်းကွာ၊ ငါ့မှာ သူ့ဆီမလာရဘူးလို့ အမိန့်ထုတ်ထားလို့ သူ့ကျောင်းလည်း မသွားနိုင်၊ ဖုန်းမဆက်ရဘူးဆိုလို့ အသံလေးလည်း မကြားရနဲ့ ကြေကွဲနေပါတယ်ဆိုမှ အကြံကောင်းဉာဏ်ကောင်း ပေးမယ် မစဉ်းစားဘူး၊ လာရွဲ့နေသေးတယ်။”
“ရွဲ့တာမဟုတ်ဘူး ဟကောင်။ မင်းက ခုမှ ရည်းစားထားဖူးတာ။ အဲလို မတွေ့ရလို့၊ စကားမပြောရလို့ ဘာမှ ဖီးတက်မနေနဲ့။ တွေ့ရ၊ ပြောရရင်လည်း တဖြည်းဖြည်းနဲ့ ရိုးသွားမှာ။ သဲသဲလှုပ်ချစ်တယ်ဆိုတာ အစပဲ။”
“ဟာ အဲဒီအထဲမှာ ငါမပါဘူး။ ငါက မ နဲ့တွေ့ရ၊ သဲရတာ ဘယ်တော့မှ ရိုးမသွားဘူး။”
“သောက်ရူး၊ မင်း တကယ့် သောက်ရူးပဲ။”
“ဟာ မပြောပါနဲ့ကွာ။ သူက မင်းတို့လောက်မှ အတွေ့အကြုံမရှိသေးတာကွ။ မင်းတို့လည်း အစတုန်းက သူ့လိုပဲ မဟုတ်လား။ ကိုယ်ချင်းစာမှပေါ့။”
ကျွန်တော့်ကို အကြောင်းပြု၍ သူငယ်ချင်းများအကြား အငြင်းအခုံ ဖြစ်ကြသည်။ ပျစ်ပျစ်နှစ်နှစ် ပြောသူက ပြောသလို ကျွန်တော့်ဘက်က ရှေ့နေလိုက်သူလည်း ရှိသည်။ ‘မမြင်ဖူးမူးမြစ်ထင်’ဟု ပြောသူလည်းရှိသည်။ ‘ကြာကြာဝါးမှခါးမှန်းသိမယ်’ဟုပြောသူလည်းရှိသည်။ ကျွန်တော့်သူငယ်ချင်းများသည် သူတို့ ရည်းစားများ မသိအောင် အပြင်မှာ ကဲချင်ကြသူများဖြစ်သဖြင့် သူတို့ကို ရည်းစားများက ထူးခတ်ထားရန် ကြိုးပမ်း ခြင်းကို ခံနေရသူများ ဖြစ်ရာ ကျွန်တော်သည် မတောင်းရပါဘဲ လွတ်လပ်ခွင့်ကို အလိုလို ရထားသည့် မောင်ကံကောင်းဟု သူတို့ သဘောထားကြောင်း ကျွန်တော်က နားလည်နေသည်။
“ကောင်လေး မင်းငယ်သေးတယ်။ နောက်ဆို မင်းလည်း ငါတို့လို ဖြစ်လာမှာ။ ငါ့မှာ သူ့ကို တစ်နာရီခြား တစ်ခါ တစ်စက္ကန့်တောင် နောက်မကျရအောင် ဖုန်းဆက်ပြီး ရီပို့တင်ရတာလေ။ ဟိုတစ်နေ့က မင်းမြင်တဲ့ အတိုင်းပဲ၊ ငါ့မှာ ငါးမိနစ်နောက်ကျသွားလို့ဆိုပြီး ရှာလိုက်တဲ့ကွိုင်ဆိုတာ။ မင်း ဒီ ဒုက္ခတွေ မသိသေး ဘူးနော်…”
“ဒါကတော့ မင်းက ခြေမငြိမ်လို့ ဟိုက မင်းအကြောင်းကိုသိနေလို့ ချုပ်ထားတာပါကွာ။ မင်းကိုသာ သူ ယုံရင် ဒီလို ဘယ်ဟုတ်မလဲကွ။”
“ဒါကလည်း လုံးဝ မမှန်ပြန်ဘူးကွ။ ငါတို့ထဲမှာ ကျော်ကြီးဆို ဘယ်လောက်ခြေငြိမ်လဲ။ ညည ဘီယာဆိုင် လေး ထိုင်တာပဲရှိတာ။ ဒါတောင် သူ့လေဒီက ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မပြန်သေးဘူးလား၊ မပြန်သေးဘူးလား နဲ့ မတွေ့ဘူးလား။”
“ဒါကတော့ကွာ သူ့ရည်းစားကို ချစ်လို့ မူးပြီးတစ်ခုခုဖြစ်မှာ စိုးလို့နေမှာပေါ့ကွာ မဟုတ်ဘူးလား ကျော်ကြီးရာ ဟဲဟဲ။”
ကျွန်တော်က ကျော်ကြီးဘက်လှည့်၍ သူ့ဆီကနေ မဲတောင်းတော့ ကျော်ကြီးက ဘာမှမပြောဘဲ ပြုံး၍သာ ဘီယာကို တစ်ကျိုက်ငုံလိုက်၏။ ထိုအချိန်တွင် ဝိုင်းထဲမှ တစ်ချိန်လုံးငြိမ်နေသည့် အိမ်ထောင်သည် ကိုမိုးက လှုပ်လှုပ်ရွရွဖြစ်လာပြီး ဝင်ပြောသည်။ ကိုမိုးက အားလုံးထက် အသက်ပိုကြီးပြီး ကလေးနှစ်ယောက်ပင် ရနေပြီ။
“ဒီလိုတော့ ရှိတယ်ကွ။ မိန်းမဆိုတာ သဘောဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ သမီးရည်းစားပဲဖြစ်ဖြစ်၊ လင်မယားပဲဖြစ်ဖြစ် ကိုယ့်ယောက်ျားအပေါ်မှာ အနည်းနဲ့အများတော့ ချုပ်ကိုင်ချင်တာပဲကွ။ တတ်နိုင်သမျှ အပြင်မထွက်ဘဲ သူတို့နားမှာပဲ သခင့်အလိုက်သိတဲ့ ခွေးကလေးတွေလို ကပ်နေစေချင်ကြတယ်။ ရလာသမျှ ပိုက်ဆံပြန်အပ်။ အပေါင်းအသင်း တွေနဲ့ အပြင်ထွက်တာ၊ သောက်တာစားတာ၊ လည်တာ ပတ်တာကို ဖြစ်နိုင်ရင်တော့ မလုပ်စေချင်ကြဘူး။ ပိုက်ဆံကုန်မှာ စိုးတာလည်း ပါသလို သောက်စားပြီးသကာလ ပလန်အေတွေ၊ ပလန်ဘီတွေ ခရီးဆက်ကြမှာတွေ စိုးတာလည်း ပါတာပေါ့ ကွာ။ အဲ …ငါတို့ ယောက်ျား ဆိုတာမျိုးကလည်း ချစ်စကြိုက်စ မှာသာ မွှန်ပြီး ‘ချစ်ရေ… သဲရေ’နဲ့ မိန်းမအနား ကပ်တာကိုးကွ။ နည်းနည်းလေး သက်တမ်းရလာတာနဲ့ ကိုယ့်ရည်းစား ကိုယ့်မယားကို တစ်ကန့်၊ အပေါင်းအသင်း သူငယ်ချင်း တွေ၊ ကိုယ့်ဝါသနာတွေကို တစ်ကန့်ထားချင် လာကြတာပဲ။ အဲဒါကို ကိုယ့်ချစ်သူ၊ ကိုယ့်မိန်းမက နားမလည်ဘဲ အကန့်နှစ်ခုကို အတင်း ရောပစ်ချင်လို့ရှိရင် ပြဿနာ ဖြစ်တော့တာပဲ။ မင်းသူငယ်ချင်းတွေက မင်းကို ခုနတုန်းက အားမလိုအားမရ ပြောတယ်ဆိုတာလည်း မင်းက ကံကောင်းစွာနဲ့ မင်းကို လိုက် မချုပ်ခြယ်ဘဲနဲ့ အကန့်ခွဲထားတဲ့ ရည်းစားကို ရထားတာကို မင်းက ပြန်ပြီး ပျော်ရကောင်းမှန်း မသိလို့ ဟေ့”ဟု ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်၍ ပြောသည်။
“ကိုမိုးကလည်း … အဲဒါတွေ ကျွန်တော် မသိဘူး။ ဒါပေမဲ့ စုံတွဲဆိုရင် စုံတွဲပုံစံတော့ ပီပြင်ရမှာပဲလေ။ မဟုတ်ဘူးလား။ နောက်ပြီး ကျွန်တော်က ခုနက ကိုမိုးပြောသလို မွှန်လို့ကောင်းဆဲဆိုတော့…”
“လခွီးထဲမှပဲ။ မင်း အဲဒီ မွှန်တာတွေကျော်သွားတဲ့အချိန်ကျ မင်းရဲ့ မ က မင်းကို တဂွမ်ဂွမ် တကျီကျီလုပ်မယ့် လူမဟုတ်တော့ မင်း ငါတို့လို စိတ်မညစ်ရတော့ဘူးပေါ့ကွာ။ ကွက်ကျော်မြင်ဖို့ ပြောနေတာကို ချီးတဲ့မှပဲ။”
“သူတို့ပြောတာ ဟုတ်တယ်ကွ။ မင်း သိပ်မဂေါက်နဲ့။ ငါတစ်ခုပြောပြမယ်။ ဟိုးတစ်နေ့ညနေက ငါ့ဆီကို ငယ် သူငယ်ချင်းတစ်ယောက်လာတယ်။ မတွေ့ရတာလည်း ကြာတော့ ပြောစရာတွေကလည်း တစ်ပုံတစ်ပင် ပေါ့ကွာ။ ငါလည်း ‘မိန်းမရေ… ကိုယ်တော့ သူနဲ့လမ်းထိပ်က ဘီယာဆိုင်မှာ ပွားလိုက်ဦးမယ်ဟေ့’ လို့ ပြောတော့ ဒင်းက ငါ့ကို မသွားနဲ့ပြောလည်း မကောင်း၊ သိပ်လည်း နောက်မကျစေချင်တော့ ဘာပြောတယ် မှတ်လဲ။ ‘ယောက်ျားရယ်… အဲဒီဘီယာဆိုင်နားက ကြက်သားသုပ်၊ မိန်းမ မစားဖြစ်တာကြာပြီ၊ အဲဒါ ရှင်ပြန်လာရင် တစ်ပွဲလောက် ဝယ်ခဲ့စမ်းပါ့’တဲ့။ ငါကလည်း ငပါးပဲ သိတာပေါ့။ သူက ငါ့ကို ဆိုင်ခဏပဲ ထိုင်အောင် ခပ်ပါးပါးထည့်တာကွ။ မင်း စဉ်းစားကြည့်လေ… ငါ့မှာ သူ့ကို ကြက်သားသုပ်ဝယ်ခဲ့ရမယ်ဆိုတဲ့ စိတ်နဲ့ ဟိုမှာ ဘီယာကို ဘယ်မှာဖြောင့်ဖြောင့် သောက်နိုင်မလဲကွ။ ဒီတော့ ငါလည်း ကြက်သားသုပ်ကို အရင်ဝယ်၊ သူငယ်ချင်းကို ဆိုင်မှာ ခဏစောင့်ခိုင်းပြီး အိမ်ပြန်ပြီး ‘မိန်းမရေ… ဒီမှာ မင်းမှာလိုက်တဲ့ ကြက်သားသုပ်၊ မဝမှာစိုးလို့ နှစ်ပွဲဝယ်လာခဲ့တယ်ကွ။ စားပေတော့၊ ငါ့ကို ဟိုကောင်စောင့်နေလို့ သွားပြီဟေ့’ ဆိုပြီး ပေးပစ်ခဲ့တယ်။ နှစ်ခေါက်သွားလိုက်ရတော့ နည်းနည်းတော့ ခြေညောင်းတာပေါ့ကွာ။ ဒါပေမဲ့ မတတ်နိုင်ဘူး….”
“ဟား ဟား ဟား”
အားလုံးဗိုက်ထဲ ဘီယာလေးလည်း အတော်ဝင်သင့်သလောက် ဝင်နေပြီမို့ စကားဝိုင်းက အတော်ကို စိုပြည် လာပြီဖြစ်သည်။ ထိုစဉ် ရည်းစားရှိသည့် သူငယ်ချင်း တစ်ယောက်ထံ ဖုန်းဝင်လာသည်။ ဖုန်းကို ကြည့်ပြီး နောက် ထိုသူငယ်ချင်းသည် ချက်ချင်း ထိုင်ရာမှထကာ ခပ်ဝေးဝေး တစ်နေရာသို့ သွားပြီးနောက် ဖုန်းပြောနေ တော့သည်။ သူ့ မဒီဆီက ဖုန်းမှန်း အားလုံး မပြောဘဲနှင့် သိကြသည်။
“တွေ့တယ် မလား။ အီး နဖားကြိုးလေ…”
“ဘာတုန်းကွ။ အီး နဖားကြိုး…”
“ဟ ဒီခေတ်ကြီးမှာ အီး က ဒီလောက်ခေတ်စားနေတာ။ မတွေ့ဘူးလား။ အီးမေးလ်တို့၊ အီးဂါးဗားမင့်တို့၊ အီး ကောမာ့စ်တို့၊ အီးပေးမင့် တို့ဘာတို့။ ဆိုတော့ ဖုန်းတစ်လုံး ရှိတာလည်း ယောက်ျားတစ်ယောက်အတွက် နဖားကြိုးထိုးခံရတာနဲ့ တူလို့ အီး နဖားကြိုးလို့ခေါ်တာကွ။
“ဟား … ဟား…”
ရယ်သံများ ဆူညံသွားသည်။ နောက်ထပ် လူစေ့ ဘီယာတစ်ခွက်စီ ထပ်မှာလိုက်ပြီးနောက် ကိုမိုးက မြေပဲဆန် အမြည်းလေးကို ဝါးရင်း ပြောသည်။
“ကောင်လေး၊ ရည်စားဘဝမှာ တစ်နေ့မမြင်ရ မနေနိုင် ဘယ်လောက်ဖြစ်ဖြစ် ယူပြီးသွားရင် မမြင်ချင်လည်း မြင်နေရတာ။ မပြောချင်လည်း စကားတွေက နေ့တိုင်းပြောနေရတာ။ အဲခါကျတော့ မင်းအမြင်တွေ၊ ခံစားချက်တွေက တစ်မျိုး ပြောင်းသွားဦးမှာ။ ကိုယ့်ရည်းစား ပွစိပွစိပြောတတ်တာကို ခုနေခါတော့ သာလိကာလေးလို စကားတတ်တာလိုလို ဘာလိုလို မြင်မှာပဲ။ နောက်တော့လည်း နားညည်းတယ် ဖြစ်သွားရော။ ထားတော့ … ငါ ခု မင်းတို့ကို သတိရလို့ပြောပြရဦးမယ်
“ဟို တလောက ငါ့မိန်းမက ငါ့ကို ဗေဒင်သွားမေးမယ်ဆိုပြီး ခေါ်သွားပါလေရော။ ငါက မလိုက်ချင်ဘူး ပြောတာကို အတင်းခေါ်တာနဲ့ပဲ ပါသွားရော။ ဟိုရောက်တော့ မိန်းမက မေးတာပေါ့ကွာ။ အိမ်ထောင်ရေး၊ စီးပွားရေး၊ သားရေးသမီးရေး။ ယတြာတွေလည်း တောင်းပေါ့။ သူမေးလို့ပြီးသွားတော့ ငါလည်း မိန်းမ ဘေးထားပြီး တစ်ခုမေးလိုက်တယ်။ ‘ဆရာ… ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ ခဏခဏ ရန်ဖြစ်နေတယ် ဆရာ။ အဲဒါ ယတြာလေးများ မရှိဘူးလား…
“အဲဒီတော့ ဗေဒင်ဆရာက ဘာပြောတယ်မှတ်လဲ၊ ‘ဟာ … အဲဒီယတြာ ကျုပ်တောင်လိုချင်တာဗျ’တဲ့။ ငါ့ မိန်းမလည်း ငါ့မျက်စောင်းထိုးတာပေါ့။ ငါလည်း မသိချင်ယောင်ဆောင်ပြီး ဗေဒင်ဆရာကို ပြုံးပြလိုက်တယ်။ သူက ဆက်ပြောသေးတယ်။ ‘ဒီမယ့်ကိုယ့်လူ… မိန်းမနဲ့ရန်မဖြစ်အောင် နေနည်း တစ်နည်းတော့ရှိတယ်။ အဲဒါက သူနဲ့မျက်နှာချင်းမဆိုင်မိအောင်နေ။ သူက အိမ်ရှေ့မှာနေရင် ခင်ဗျားက အိမ်နောက်ဘက်သွား။ အဲ သူက နောက်ဖက်လာရင် ခင်ဗျားက အိမ်ရှေ့ပြန်ထွက်’တဲ့။”
ကျွန်တော်သည်ကား မူးယစ်ရီဝေလေပြီ။ ခွက်ချင်းတိုက်သံ၊ ငြင်းသံခုံသံ၊ အမြည်းမှာသံ၊ အသံဗလံ စုံကြားတွင် ကျွန်တော်ကြားချင်သည်က မ ရဲ့အသံ။ ခုချိန်များ မက ဖုန်းလေးတစ်ချက်ဆက်ပြီး “မောင် သိပ်မူးအောင် မသောက်နဲ့နော်၊ အိမ်စောစောပြန်” ဆိုသည့် အသံလေးများ ကြားရလျှင် ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်မလဲ။ ဝိုင်းထဲက သူငယ်ချင်းအားလုံး ဆိုင်သူ ကိုယ်စီဆီက ဖုန်းတွေဝင်လာလို့ အသီးသီး အသက ရီပို့တင်ကြ၊ အာရွှီးကြ၊ ချော့ကြမော့ကြ၊ ကြည်နူးကြနှင့်။
ထိုအကြောင်းကို မ နှင့်တွေ့သည့်အခါ မ အား ပြန်ပြောသော် မက တခစ်ခစ်နှင့် ရယ်လေသည်။ နားရွက်ကို၊ နှာခေါင်းကို၊ ပါးနှစ်ဖက်ကို လိမ်လိုက်ညှစ်လိုက်နှင့် အရုပ်တစ်ရုပ်လို ကျွန်တော့်အား စ,နောက် ကျီစယ်၏။ စိတ်တိုင်းကျ ကလိ၍ပြီးသော် သူ့မျက်လုံးထဲ တည့်တည့်ကြည့်ခိုင်းသည်။
“အဲဒါ မကောင်းဘူးလား မောင်။ သူများတွေလို မောင့်ကို ရစ်မယ့်၊ ကျပ်မယ့်၊ ပူညံပူညံလုပ်မယ့် ရည်းစား ရမထားတာ သူတို့ပြောသလို မောင် ကံကောင်းတာပေါ့။ မောင် ဖုန်းမဆက်လို့လည်း စိတ်ကောက်မယ့်၊ ပြဿနာရှာမယ့် သူမျိုး မက မဟုတ်ဘူး။ မောင်ဟာ အရွယ်ရောက်နေပါပြီ။ မောင့်ကို လိုက်ထိန်းကျောင်း နေစရာ မလိုပါဘူး။ မောင့်ကို ယုံကြည်လို့လည်း ချစ်သူဖြစ်ခွင့် ပေးခဲ့တာပဲ။ အစကတည်းက မယုံကြည်ရင် မောင်နဲ့ ဘယ်တွဲခဲ့ပါ့မလဲ။ တစ်ချိန်လုံး တဂွမ်ဂွမ်၊ တဂျီဂျီနဲ့ ဟိုတစ်ယောက်ပြောသလို အီးနဖားကြိုး လိုက်ထိုးခံနေရတာမျိုးကို ရေရှည်မှာ မောင် တကယ်ပဲ ကြိုက်ပါ့မလား။ စဉ်းစားစမ်း။ မောင် ဘယ်လောက် လွတ်လပ်သလဲ။ မ လည်း လွတ်လပ်မှုကို လိုချင်လို့ မောင့်ဆီက အဲဒီလို အကြိုအပို့လုပ်တာတွေ၊ ဖုန်းတဂွမ်ဂွမ် ဆက်တာတွေ မလုပ်ပါဘူးဆိုတဲ့ ကတိကိုယူခဲ့တာ။ မ ကို မယုံကြည်ရင်လည်း မောင် အစကတည်းက မတွဲခဲ့ရုံပဲ။”
“မယုံကြည်လို့ မဟုတ်ပါဘူး မရဲ့။ မောင်က မ ကို အမြဲတမ်း တွေ့ချင်မြင်ချင်နေတာ၊ မ အသံလေးကို အမြဲတမ်း ကြားချင်ရုံ သက်သက်ပါ။ ကိုယ့်ချစ်သူကို အမြဲတွေ့ချင်မြင်ချင်တာ ဘာမှားလို့လဲ။”
“အဲဒါကိုက မောင့်စိတ်ကို မောင် ပြန်အကျဉ်းချထားတာနဲ့ မတူဘူးလား။ မ ဆိုတဲ့ နှောင်ကြိုးနဲ့ မောင့် ကိုယ်မောင် ပြန်တည်းထားတာနဲ့ မတူဘူးလား။ မောင့်ရဲ့စိတ်မှာ မ ဟာ တစ်ချိန်လုံး ဝင်ရောက် နေမှတော့ မောင် တခြား လက်တွေ့ကျတာတွေ၊ အရေးကြီးတာတွေ ဘာလုပ်နိုင်ဦးတော့မှာလဲ။ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်၊ စာဖတ်လည်း ဒီစိတ်ဆို မောင်ဟာ မစိတ်နဲ့ မောင့်ကိုယ် အသက်ရှင် နေတာနဲ့ မတူဘူး လား။ မ တော့ အဲဒါကို မကြိုက်ဘူး။ ကျန်တဲ့မိန်းကလေးတွေတော့ ကိုယ့်ကို ယောက်ျားလေးက အဲလောက် စိတ်ထဲထည့်ထားတာ၊ ဂရုစိုက်တာ သဘောကျချင်ကျွန်မယ်၊ မ ကတော့ မ အကြောင်းချည်း မောင့်ကို တွေး မနေစေချင်တာ အမှန်ပဲ။ မောင့်စိတ်ထဲမှာ မ ကိုချည်းသတိရနေလို့ ဘာတွေ ထူးခြားပြောင်းလဲ သွားမှာ မို့လို့လဲ။ ထူးခြားမှုရှိရင် သတိရပါ၊ တိုက်ဆိုင်မှုရှိရင် သတိရပါ။ မဟုတ်ရင်တော့ မ အကြောင်း တွေးမနေပါနဲ့။ ကိုယ် လုပ်စရာရှိတာ လုပ်စမ်းပါ၊ စိတ်ဆိုတာ အလေ့အကျင့်လုပ်ရင် ရပါတယ်။”
မ သည် သူပြောသည့်အတိုင်း သူကိုယ်တိုင်လည်း ကျွန်တော့်ကို သတိရနေမှာမဟုတ်မှန်း၊ ကျွန်တော့်ကို လွမ်းနေမှာ မဟုတ်မှန်း သဘောပေါက်လိုက်သည့်အခါ ကျွန်တော်ရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာတစ်ရပ်ကို ခံစားလိုက်ရပါသည်။ သို့သော်လည်း မ သည် ကျွန်တော့်အပေါ် လုံးဝ အေးစက် စိမ်းကားသည်တော့ မဟုတ်ပါ။ ကျွန်တော်တို့ ချိန်းတွေ့ကြသည့်အခါတိုင်း မ သည် ကျွန်တော့်အပေါ် မိခင်နှင့် တူသော၊ အစ်မနှင့်တူသော မေတ္တာမျိုးကိုအစွမ်းကုန်ပြသရှာ၏။ ကျွန်တော် ကြိုက်တတ်သည့် ဟင်းတွေကို အမြဲချက်လာပေးတတ်သည်။ မ ချက်သော ဟင်းများသည် အရသာရှိလှသည်။ မ က သူ ဒီဟင်းတွေချက်ရဖို့ ဘယ်အချိန်တည်းက အိပ်ရာထပြီး ဘယ်လို အပင်ပန်းခံ ချက်ခဲ့ရကြောင်းလည်း ပြောပြတတ်သည်။ ကျွန်တော် အားရပါးရ ပလုတ်ပလောင်း စားနေသည်ကို လည်း တစိမ့်စိမ့်ကြည့်နေ တတ်သည်။
မ ကိုတွေ့ချင်တိုင်းတွေ့ခွင့် မရခဲ့သဖြင့် တစ်ပတ်လုံးလုံး ညှိုးနွမ်းနေခဲ့သော ပန်းပွင့်လေးသည် မ နှင့် တွေ့သည့် ခဏ၊ မ၏ ချစ်ခြင်းမေတ္တာဆိုသည့် ရေတို့နှင့်ပက်ဖျန်းသည့်အခါ ပြန်လည်လန်းဆန်းကာ အမြိုက် သုခ တရားကို ရလာရသည်။ မ နှင့် အတူရှိရသည့် အချိန်တွေက တိုတောင်းသော်လည်း တန်ဖိုးရှိသည်။ မမေ့နိုင်လောက်အောင် ဖြစ်သည်။ တစ်ပတ်စာ တသသဖြစ်ရသည်။ တဖြည်းဖြည်းနှင့် မ ပြောသည့် သဘောကို ကျွန်တော်နားလည်လာသည်။ စိတ်သည် အလေ့အကျင့် ဖြစ်လာပြီး တစ်ပတ်လုံးလုံး မ အကြောင်းကို တွေးဖြစ်သည့် အချိန်တွေ လျော့ကျသွားသည်။ ကျွန်တော့်စိတ်သည် မ နှင့်မတွေ့ရသဖြင့် လွမ်းဆွတ်ခြင်း၊ ပူလောင်ခြင်း၊ နုံးခွေခြင်းတို့ ပြယ်လွင့်ကာ မိမိ အလုပ်မှာသာ အချိန်ပြည့်နီးပါး အာရုံစိုက်နိုင် လာသည်။ အချစ်ကိုစတွေ့သည့်အချိန်မှစ၍ တိမ်ပေါ်မှာ လမ်းလျှောက်ရသလို အမြဲ ခံစားခဲ့ရရာမှ ယခု ကျွန်တော် မြေကြီးပေါ် ပြန်ရောက်ပြီ။
သည်လိုနှင့် တစ်ပတ်တစ်ကြိမ် မ နှင့်တွေ့ရသော အချိန်အပိုင်းအခြားသည် ဘာသာတရား ကိုင်းရှိုင်းသူတို့ တစ်ပတ်တစ်ကြိမ် ကျောင်းကန်ဘုရားသွားသကဲ့သို့ တလေးတစား လုပ်ရသည့် နိစ္စဓူဝကလေး ဖြစ်လာခဲ့ သည်။ ကြာကြာနေမှ တစ်ခါတွေ့ရသဖြင့်လည်း အတူရှိရသည့် စက္ကန့်၊ မိနစ်တိုင်းသည် ချိုမြိန်လွန်း၊ အဖိုးတန်လွန်းလှသည်။ မြင်ပါမများသဖြင့်လည်း ငယ်မသွား၊ နမ်းပါမများသဖြင့်လည်း ပြယ်မသွား။
မ ၏မျက်နှာကို တစ်ဝကြီးကြည့်မဝ ဖြစ်ရသော်လည်း နှလုံးသားဖြင့် မကြည့်ဘဲ ပကတိမျက်စိဖြင့်သာ ကြည့်မည်ဆိုပါက မ တွင် လိုအပ်ချက်တစ်ခုရှိသည်ကို သတိထားမိသည်။ မ သည် တစ်ခါတစ်ရံတွင် လှသလိုလိုရှိသည်။ တစ်ခါတလေတော့လည်း ဘာမှ မဟုတ်ပြန်။ မ သည် စုတ်ချက်တစ်ချက်လိုနေသေးသည့် ပန်းချီကားတစ်ချပ်နှင့် တူနေပါသည်။ ထိုလိုနေသော စုတ်ချက်သည် မ ၏ ရာနှုန်းပြည့် မိန်းမဆန်ဆန် ပြင်ဆင်မနေထိုင်တတ်မှုဖြစ်သည်။ မ သည် ဆံပင်ကို၊ မျက်နှာကို လိုအပ်သလို လိုက်ဖက်အောင် ပြုပြင်တာ မျိုး မရှိလှ။ ဝတ်တော့လည်း အပေါ်က တီရှပ်ကြီးနှင့် အောက်က ထဘီတိုတို၊ ဒါမှမဟုတ်ရင်လည်း အပေါ်က မိန်းကလေးဝတ် ရှပ်အင်္ကျီနှင့်အောက်က ဘောင်းဘီဝတ်ချင် ဝတ်တတ်သည်။ မ ကိုသာ အလှဖန်တီးရှင်များ လက် အပ်လိုက်လျှင်ဖြင့် မ သည် အလွန်ကို မိန်းမဆန်ဆန်လှသော မ ဖြစ်ရမည်ဟု ကျွန်တော်ကတော့ သေချာပေါက်ကို တွေးကြည့်ဖူးသည်။
ဒါကြောင့်လည်း မနှင့်တွေ့တိုင်း အလှပြင်ဖို့ကို တိုက်တွန်းရတတ်သည်။
“မပြင်ချင်ပါဘူး။ ပြင်လို့ လှသွားမှ ဖြင့် ...”
“မ ကလည်း… လှတာ ဘာဖြစ်လို့လဲ။ မိန်းမတို့အဆင်းဟာ အချင်းမဟုတ်ဘူးလား။”
“ဟုတ်တော့ဟုတ်ပါတယ် မောင်ရယ်၊ ဒါပေမဲ့ မ, မလှချင်ဘူး။ မ အခု ရုပ်မဆိုးဘူး၊ အကျည်းမတန်ဘူး မဟုတ်လား။ မ ဟာ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ သူတစ်ယောက်ဖြစ်ရင် ဒါဆို တော်ပါပြီပေါ့။ ဘာလဲ မောင်က မ မလှရင် မချစ်တော့ဘူးလား။”
“မဟုတ်ပါဘူး။ အစကတည်းက မ ကို လှလို့ချစ်တာမှ မဟုတ်တာ။ မ ကို စတွေ့ကတည်းကိုက စိတ်ဝင်စား တာ ဘာကြောင့်မှန်း မသိဘူး။ ဒါပေမဲ့ မရယ်၊ ခုခေတ်မှာ ယောက်ျားတွေမှာတောင် အသားအရေ ထိန်းရ တာနဲ့၊ ဆံပင်ကိုပုံစံအမျိုးမျိုး သွင်းရတာနဲ့၊ ဖက်ရှင်ကျကျ ဝတ်ရစားရတာနဲ့ ဟာကို၊ မ ကျမှ မိန်းမ ဖြစ်ပြီး မလှချင်ဘူးဆိုတော့၊ အဲဒါတွေ ဘာမှမလုပ်ဘူး ဆိုတော့…”
မ သည် တစ်ချက်တုံ့ဆိုင်းသွားပါသည်။ စားပွဲခုံကို စိုက်ကြည့်နေပါသည်။ တစ်ခုခုကို အလေးအနက် စဉ်းစား နေဟန်ရှိသည်။ နောက်တော့မှ -
“မောင် စဉ်းစားကြည့်လေ။ လှတယ်ဆိုရင် လှသထက် လှချင်လာတော့မယ်။ အလှပြင်မြဲ ပြင်ရတော့မယ်။ ပေါ်လာတဲ့ အလှပြင်ပစ္စည်းတွေနောက် လိုက်ရတော့မယ်။ အချိန်တော်တော်များများကို အလှပြင်တဲ့ ဘက်ကိုပေးရတော့မယ်။
“နောက်ပြီး လှတဲ့အချိန်ဆိုတာရှိရင် မလှတဲ့အချိန်ဆိုတာလည်း ရှိလာမှာပဲ။ အဲဒီအခါကျ ‘ငါမလှတော့ ပါလား’ ဆိုပြီး စိတ်ဆင်းရဲရဦးမယ်။ အစကတည်းက မလှတဲ့သူအတွက်ကတော့ ဘာကိုမှဆုံးရှုံး သွားတယ် လို့ ခံစားရမှာမဟုတ်ဘူးမလား။
“နောက်တစ်ခုက မ လှရင် မ ကို ကြိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတော့မယ်။ မ ရဲ့ကိုယ်အလှကြောင့် မ ကို ချဉ်းကပ်ကြလိမ့်မယ်။ သူတို့ထဲမှာ မ ကို မှန်မှန်ကန်ကန်ချစ်တဲ့သူကို ဘယ်လို ရွေးမလဲ။ မိန်းမ တစ်ယောက် ဟာ သိပ်လှပြီဆိုရင် အန္တရာယ်ကို လက်ယပ်ခေါ်တာနဲ့ အတူတူပါပဲ။ ကိုယ့်ကို ချဉ်းကပ်လာတဲ့ ယောက်ျား တစ်ယောက်ကို သူဟာကိုယ့်ကို တကယ်ချစ်တာလား၊ ကိုယ့်အလှကြောင့် ချဉ်းကပ်တာလား ရယ်လို့ ခွဲဖို့ခက်ပါတယ် မောင်ရဲ့။ ဒါကြောင့် မ, မလှချင်ပါဘူး။ တစ်သက်မှာ တစ်ယောက်ပဲချဉ်းကပ်လာ စေဦး။ မ သူ့ကိုယုံတယ်။ သူဟာငါ့ကို မှန်မှန်ကန်ကန်ချစ်တာပဲရယ်လို့ပေါ့”
မ သည် နောက်ဆုံးအပိုင်းအရောက်တွင် ကျွန်တော့်အား တည့်တည့်ကြည့်၍ ပြော၏။ ကျွန်တော်သည် မ ပြောသမျှကိုသာ အသာငေးကြည့် နေမိနေတော့သည်။ မ က ဆက်စရာစကားရှိသေးဟန်ဖြင့် ကျွန်တော့်ကို လှမ်းကြည့်သည်။ ထို့နောက် ဆက်ပြောသည်။
“ဒါပေမဲ့ ပုထုဇဉ်လူသားတစ်ယောက် အနေနဲ့ မ မှာ လှချင်စိတ်ရှိပါတယ်။ ဒါပေမဲ့ အများသတ်မှတ်ထားတဲ့ စံတွေနဲ့တော့ ကိုက်ချင်မှ ကိုက်မှာပေါ့။”
“တယ်ဆိုတဲ့စာပါလား။ လုပ်စမ်းပါဦး၊ မ က ဘယ်လိုပုံစံမျိုးနဲ့ လှချင်တာတဲ့လဲ”
မ သည် ကျွန်တော့မေးခွန်းကိုမဖြေဘဲ အသာအယာ ပြုံးလိုက်သည်။ ပါးချိုင့်ကလေးများပင် ပေါ်သွား၏။
မ အပြုံး သည် သိပ်ကြီးတော့မလှ။ သို့သော် ကလေးတစ်ယောက် ပြုံးပုံနှင့်တူသည်။ မ အပြုံးကိုမြင်ရသည်မှာ အေးချမ်း၏။ ဖြူစင်၏။ မ ၏မျက်ဝန်းမှတစ်ဆင့် မ ၏ မနောကို ကျွန်တော်လှမ်းမြင်ရသည်။ မ ၏ ရင်ထဲမှ အအေးဓာတ် သည် ကျွန်တော့် ရင်ထဲအထိ ကူးစက်သွားလေသည်။
သည့်နောက်တော့ မ ကို အလှပြင်ဖို့ရာ ကျွန်တော် ထပ်မတိုက်တွန်းတော့ပါ။ မ ကို သူ့ဒဿနနှင့်သူ ရှင်သန် နေထိုင်သည်ကို နားလည်ပေးဖို့သာ ကြိုးစားလိုက်ပါသည်။ မ ကလည်း ကျွန်တော်၏ ကိုယ်ပိုင် အတွေး အခေါ်ဖြင့် ရွေးချယ်ရှင်သန်မှု ပုံစံများကို ပြုပြင်ပြောင်းလဲဖို့ မကြိုးစားခဲ့ပါ။ လူတစ်ယောက်သည် ကိုယ်ချစ်သူ ကိုယ်အိမ်ထောင်ဖက် အလိုအတိုင်း မိမိမယုံကြည်သည်ကို ပြောင်းလဲနေထိုင်သည့်အချိန်မှစ၍ ထို လူသား၏ မူလဖြစ်တည်မှုသည် လျှောကျသွားပြီဟု မ က ယုံကြည်လေသည်။
*
မ သည် နောက်ဆုံးနှစ်အပိုင်း (ခ) ကို ရောက်လာပြီဖြစ်၍ စာတွေပိုများ၊ အလုပ်တွေပိုများ လာချိန်ဖြစ်သည်။ ကျွန်တော်က ရိုးရိုးဝိဇ္ဇာသိပ္ပံသမားမို့ သူ့ထက်နောက်ကျမှ တက္ကသိုလ်ရောက်သော်လည်း သူ့ထက်စော၍ ကျောင်းပြီးကာ အလုပ်ပင် ဝင်နေပြီဖြစ်သည်။ တစ်ပတ်တစ်ကြိမ် မနဲ့တွေ့ဖို့ပင် နပ်မမှန်တော့။ သို့သော်လည်း မ လေ့ကျင့်ပေးထားသဖြင့် ကျွန်တော့်စိတ်သည် ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။ တော်ရုံလူဆိုရင်တော့ ကိုယ့်ကို သည်လောက် အချိန်မပေးနိုင်သည့်ရည်းစားကိုသည်းခံနိုင်မည်မဟုတ်။ မနှေးအမြန်ပင် လမ်းခွဲမည် ဖြစ်သည်။
မ တစ်ယောက် ကျောင်းစာတွေ၊ သူယုံကြည်ရာတွေနှင့် ခေါင်းမဖော်နိုင်အောင် ဖြစ်နေချိန်တွင် သူငယ်ချင်း များနှင့် ခရီးတိုတစ်ခု ကျွန်တော် လိုက်သွားခဲ့သည်။ မ နှင့်အတူ သွားချင်သော်လည်း မ ကို ဘယ်လိုမှ ခေါ်၍ မရ။ ကျွန်တော့်မှာ သာမန်အချိန်တွင် မ ကို သတိမရအောင် နေနိုင်သော်လည်း ခရီးသွားသည့် အခါ သူငယ်ချင်းများက ဒွိယံ ဒွိယံနှင့် ဖြစ်နေသည်ကို မြင်ရသည့်ခဏ မ ကို သတိမရဘဲ မနေနိုင်တော့။ ပြန်လာ သည့်အခါ မ နှင့်ခရီးအတူ သွားချင်ကြောင်း၊ ခု တစ်ခေါက်တုန်းက မ မပါဘဲ သွားရသဖြင့် ဘယ်လိုမှ မပျော်ကြောင်း မ ကို အရဲစွန့် စောဒကတက်မိသည်။
“ကြည့်စမ်း။ သွားရကျိုးမနပ်တဲ့ ခရီးဖြစ်သွားပြီပေါ့” မ က ပြောပြောချင်း အပြစ်တင်လေ၏။
“မောင့်ကို ဘာမှာထားလဲ။ ခရီးတစ်ခုသွားပြီဆို သွားရတာနဲ့ တန်အောင်နေပါဆိုတာလေ။ မ မပါတာနဲ့ဘဲ မောင့်ရဲ့ခရီးက အဓိပ္ပာယ်မဲ့သွားစရာလား။ ခရီးလမ်းတစ်လျှောက် လေ့လာစရာ၊ သင်ယူစရာ၊ ခံစားစရာ တွေမှ အများကြီး။ ကိုယ်ရောက်တဲ့နေရာတစ်ခုက လူတွေနဲ့ စကားပြော၊ စပ်စု၊ သူတို့ ဘာအခက်အခဲတွေ ရှိလဲ မေးမြန်း။ မြို့မှာမရတဲ့ ရှုခင်းတွေကြည့်၊ လေကောင်းလေသန့်ကိုရှူ၊ ဒေသထွက် အစာတွေစား။ ခုတော့ မောင်ဟာ လူကသာ လိုက်သွားပြီး စိတ်က မ ဆီမှာ ကျန်နေခဲ့မှတော့ ဘာထူးတော့မှာလဲ။”
“အဲဒါတွေ မောင် မသိဘူး မ ရာ။ ကိုယ့်ချစ်သူနဲ့ ကိုယ်ခရီးလေးတစ်ခုတော့ သွားချင်တာ မောင် မှားလား၊ မ က ရက်စက်လွန်းပါတယ်။ ရည်းစားစဖြစ်ကတည်းက တွေ့ခွင့်များများမပေးတာ ထားတော့၊ ဒီ ခရီးလေး တော့ လိုက်ခဲ့ပါလို့ မောင်က တောင်းတောင်းပန်ပန်နဲ့ခေါ်တာ မလိုက်တာတော့ များတယ်။ စာမေးပွဲရှိလို့ဆို ထားတော့”ဟု ကျွန်တော်က ပြန်ချေသည်။
“မ ရဲ့ ကျောင်းသားအစည်းအဝေးက ဖျက်လို့မရလို့ပါကွာ။”
မ သည် သူတို့ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် အတွင်းရေးမှူးဖြစ်သည်မို့ အင်မတန်အလုပ်များလွန်း ရသည့်အထဲ နောက်ဆုံးနှစ်ရောက်လာသည်မို့ ယားလို့ပင်မကုတ်အားအောင် ဖြစ်လာသည်။ ကျွန်တော် ကလည်း ဒါကြောင့် အတွင်းရေးမှူးရာထူးကို တခြားတစ်ယောက်ကို လွှဲပေးလိုက်ပါဟု တိုက်တွန်း သော်လည်း သူက လက်မခံ။ “အားလုံးက မ ကိုပဲ အားကိုးယုံကြည်ကြတော့ ဘယ်လိုလုပ်မလဲ”ဟုသာ သက်ပြင်းချရင်း ပြောတတ်သည်။
မ ရဲ့ကိုယ်ထဲက နိုင်ငံရေးသွေးတွေကို ကျွန်တော် ဖောက်မထုတ်ရက်ပါ။ မ သူယုံကြည်ရာ သူလုပ်ပါစေ။ မ အဖေကလည်း ထောင်တန်းအကျခံပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူမို့ ဖအေတူသမီးကလည်း တိုင်းရေး ပြည်ရေးကို စိတ်အားထက်သန်ခဲ့သူ။ ကျွန်တော်တို့ တက္ကသိုလ်မတက်ခင် လေးမှာပင် အစိုးရ အပြောင်း အလဲ ဖြစ်သည်။ နှစ်ရှည်လများ အုပ်ချုပ်ခဲ့သည့် အာဏာရှင်အစိုးရက ရွေးကောက်ပွဲ လုပ်ပေးပြီး အနိုင်ရ ပါတီကို အာဏာလွှဲသည်။ လက်ရှိအစိုးရလက်ထက်တွင် ဖိနှိပ်မှုများ အနည်းငယ်လျော့ကျ သွားသဖြင့် အသင်းအပင်း ဖွဲ့ခွင့်၊ သတင်းလွတ်လပ်ခွင့် စသဖြင့် လွတ်လပ်ခွင့်လေး နည်းနည်းရလာသည်။ ငယ်ငယ်ကတည်းက နိုင်ငံရေးစိတ်ပြင်းထန်သူ မ အတွက်ကတော့ ရေကန်အသင့် ကြာအသင့်ပေါ့။ ပထမနှစ်ကတည်းက ကျောင်းသားသမဂ္ဂဝင်ပြီး မကြာခင်မှာပင် အမှုဆောင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်ကို ကြည့်လျှင် မ ၏ လုပ်ရည် ကိုင်ရည်၊ စိတ်အားထက်သန်မှု၊ ဇွဲကြီးမှုတို့ကို မြင်နိုင်သည်။ ကျွန်တော်နှင့် ရည်းစားမဖြစ်ခင် ကျွန်တော့် အတွက် သူအချိန်မများကြီး မပေးနိုင်ရခြင်း အကြောင်းတွင် ဒါလည်းပါသည်။ မ သည် ကိုယ်တိုင်က မိုးလင်းမိုးချုပ် ခေါင်းထဲမှာ တွေးစရာတွေ၊ ရေးစရာတွေ၊ ဖတ်စရာတွေ၊ တွေ့ရမယ့် လူတွေ၊ ယုံကြည်ရာ တွေက များလွန်းသည်မို့ သူ့ကို နားလည်မှသာ သူ့ဘဝထဲ ဝင်လာခဲ့ဖို့ ကျွန်တော့်ထံမှ ကတိ တောင်းခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့်အတွက်ကတော့ ရှင်းသည်။ မ သည် ကျွန်တော့်ဘဝဖြစ်သည်။ မ ရှိနေခြင်း ကိုက ကျွန်တော့်ဘဝ အဓိပ္ပာယ် ပြည့်နေခြင်းဖြစ်သည်။ မ ကိုတော့ မစွန့်လွှတ်နိုင်။ လောကတွင် ကိုယ်ဖြစ်ချင် တိုင်း မဖြစ်တတ်ဘဲ ဖြစ်လာသည့်အပေါ် ကျေနပ်လက်ခံတတ်ဖို့ပဲ လိုသည် မဟုတ်လား။
တစ်နေ့တွင် ထူးထူးခြားခြား မ ထံမှ ဖုန်းဝင်လာသဖြင့် ဝမ်းသာအားရ ကောက်ကိုင်လိုက်မိသည်။
“မောင်ရေ… မ နဲ့မောင်နဲ့ ခရီးတိုလေး တစ်ခုသွားရအောင်။”
ကျွန်တော်ဖြင့် ကိုယ်နားတောင်ကိုယ်မယုံနိုင်။ မ ကို သေချာအောင် ပြန်မေးရ၏။
“တကယ်ပါ မောင်ရဲ့။ ကျူတိုရီယယ် ဒီတစ်ပတ် ဖျက်လိုက်တယ်။ သမဂ္ဂမှာလည်း ခုတလော သိပ် လုပ်စရာမရှိဘူး။ မောင်ပဲခရီးသွားချင်တယ်ဆို။ သွားကြမယ်လေ။”
ကျွန်တော်တော့ ထီပေါက်တာထက်ပင် ပျော်သွားတော့သည်။ ကားကလေးကို ကျွန်တော်ကမောင်း၊ မ က ဘေးနားက ထိုင်လိုက်၊ စကားတွေ တတွတ်တွတ်ပြော၊ အို ပျော်စရာကြီး။ မ သည် သည်တစ်ခါတော့ ကျွန်တော့်အတွက်သာ အချိန်ကို အပြည့်အဝပေးတော့မည်ထင်သည်။ ဖုန်းဝင်လာတိုင်း မ, က မကိုင်တော့။ အရေးကြီးလျှင် စာတိုပို့ပါဟုသာ စာပြန်လိုက်သည်။
ကျွန်တော်တို့သွားသည့်နေရာက တောင်ပေါ် အပန်းဖြေစခန်းလေးတစ်ခု။ တောင်ထိပ်ဖျားမှကြည့်လျှင် မြူတွေကဆိုင်းလို့။ အို လှလိုက်တာ။ တစ်ခါတစ်ခါ တိမ်တွေက ကိုယ့်အောက် ရောက်နေသည်။ အပူချိန်က ရေခဲမှတ်နားထိ ရောက်အောင်အေးသည်။ ကျွန်တော်တို့ နှစ်ယောက်သား အနွေးဓာတ်ရအောင် တင်းကျပ်စွာ ဖက်ထားကြ၏။
ကျွန်တော်က ကင်မရာထုတ်ရင်း ရင်သပ်ရှုမောစရာ မြင်ကွင်းကြီးကို ဓာတ်ပုံတဖျပ်ဖျပ်ရိုက်သည်။ မနှင့်အတူ တွဲရိုက်ရအောင် မ ကို လှမ်းကြည့်တော့ မ က တောင်ထိပ်ဖျားစွန်းမှာ တသုန်သုန်တိုက်သည့် လေကို ကြံ့ကြံခံရင်း လက်နှစ်ဖက်ကို ဆန့်တန်းလို့နေသည်။ မျက်လုံးများကို မှိတ်ထား၏။ မ က ဓာတ်ပုံမရိုက်ချင်။
“မောင်ရယ်၊ သဘာဝတရားကြီးရဲ့ ရင်ခွင်ထဲရောက်တုန်း သူ့ရဲ့အရသာကို အပြည့်အဝခံစားစမ်းပါကွာ။ လူတွေဟာ ဒီ ကင်မရာတွေ၊ ဖုန်းတွေပေါ်လာကတည်းက လူဖြစ်ရှုံးသွားကြတာပဲ။ ရောက်ရာ နေရာ ရှုခင်းလှတယ်ဆိုရင် မျက်စိနဲ့တဝကြီးကြည့်ဖို့ထက် ဓာတ်ပုံရိုက်မယ်၊ လူမှုကွန်ရက်ပေါ်တင်မယ်၊ လက်မတွေ အသဲတွေ ဘယ်နှခုရပြီလဲ၊ ဘာမှတ်ချက်တွေ ရေးကြမလဲပဲ အာရုံရောက်မယ်။ မ ဖြင့် ခရီးထွက်တိုင်း သဘာဝကိုမခံစားဘဲ ဓာတ်ပုံပဲရိုက်ပြီး လူတွေ ဖုန်းပဲပွတ်နေတာမြင်တိုင်း သနားတာပဲ။ သူတို့ဟာ ပစ္စုပ္ပန် တည့်တည့်မှာမနေဘဲ အရိပ်အယောင်ထဲမှာပဲ ပျော်နေကြတာလေ။ အင်း … သိပ္ပံပညာဟာ ကောင်းတော့ ကောင်းပါရဲ့။ ဒါပေမဲ့ လူတွေကို မိခင်သဘာဝတရားကြီးနဲ့ နီးလျက်နဲ့ဝေးဖြစ်သွားစေတာပဲ။ မ ကတော့ ဘယ်ရောက်ရောက် မျက်စိကိုမှိတ်ပြီး သဘာဝတရားကြီးရဲ့ အသံကို နားထောင်တယ်။ သူနဲ့ စိတ်ချင်း စကားပြောတယ်။ သူရဲ့အထိအတွေ့ကို ခံစားတယ်။ မောင် လာ နားထောင်ကြည့်။ ခံစားကြည့်။ မိခင် သဘာဝတရားကြီးဆီကနေ လွှတ်နေတဲ့လှိုင်းတွေကို ဖမ်းယူကြည့်။ တိတ်တိတ်ကလေး၊ ငြိမ်ငြိမ်ကလေး။”
မ၏ဆန္ဒအရ ဓာတ်ပုံမရိုက်တော့။ နှစ်ယောက်အတူတူ တောင်ထိပ်မှာ ဖက်ထားရင်း မြူနှင်းမှုန်များက မျက်နှာကို လာပက်ဖျန်း ကြသည့် အရသာကို ခံကြသည်။ မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်ကလေး နေကြသည်။ “မောင် ဘာကြားရလဲ”ဟု မ ကမေးတော့ “မောင့်ကိုအရမ်းချစ်တယ်လို့ မ က ပြောတဲ့အသံကို ကြားရတယ်” ဟု ကျွန်တော်က ဖြေလိုက်သည်။ မ က မျက်စောင်းထိုးကြည့်သည်။ ထို့နောက် နှစ်ယောက်သား အတော မသတ်အောင် ရယ်ကြသည်။ ရယ်လို့မောတော့ နှစ်ယောက်သား လှဲပြီး မြူနှင်းမှုန်များကြားမှ တစ်ချက် တစ်ချက် ပြာခနဲပေါ်လာသည့် ကောင်းကင်ကြီးကို မော့ကြည့်ကြသည်။ တအားချမ်းလာမှ ဘန်ဂလိုထဲ ဝင်ခဲ့ကြ၏။
ဘန်ဂလိုလေးထဲ မီးဖိုလေးဘေးနားတွင် မနှင့်ကျွန်တော်တို့ ခွေရင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ကျွန်တော်က မ၏နဖူးလေးကို၊ ပါးလေးနှစ်ဖက်ကိုသာ အကြိမ်ကြိမ်နမ်းလေသည်။
“ဒီမယ်၊ လူရဲ့ ကိုယ်ခန္ဓာမှာ ပါးနဲ့နဖူးပဲ နမ်းစရာရှိတယ်လို့ ကိုယ်တော်ချောကို ဘယ်သူက သင်ပေးထား သတုံး ဟင်။”
မ ၏ ပြုံးစစ စကားကြောင့် ကျွန်တော်တစ်ကိုယ်လုံး နွေးခနဲဖြစ်သွားသည်။ တကယ်တော့လည်း မ ရဲ့ နှုတ်ခမ်း လေးကို နမ်းချင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း နှုတ်ခမ်းသည် အချစ်နှင့် ရမ္မက်တို့၏ နယ်ခြားဖြစ်ရာ နမ်းရင်းနှင့် ဟိုဘက်နယ်ကို ကျွံမိမှာစိုးခြင်းကြောင့် (ထိုသို့ ကျွံခြင်းသည် မပြုကောင်းဟု ငယ်ငယ်တည်းက သင်ခံထားရသောကြောင့်) ကျွန်တော်သည် အမြဲလို စောင့်စည်းခဲ့သည်။ ‘ငါများ အဆင့်ကျော်ဖို့ ကြိုးစား လိုက်ရင် သူ့ကိုယ်သူ တန်ဖိုးထားတဲ့ မ က ငါ့ကိုအထင်သေးသွားမလား’ဟု တွေးပြီး ဆက်မကျော်ခဲ့။ ဒါကလည်း ကျွန်တော့်ဘက်က အတွေးသာဖြစ်ပြီး မ စိတ်ထဲက ဘာတွေးသလဲ၊ သူက ဘာတွေကို တန်ဖိုးထားလဲ ကျွန်တော် သိခဲ့လို့တော့ မဟုတ်ပါ။
“မောင်ဟာ မ ကို တော်တော်လေးကို မြင့်တဲ့ တစ်နေရာမှာ ထားထားတယ် တူပါရဲ့နော်။ မောင် ဘယ်လို တွေးနေလဲ၊ မောင် ဘာကိုစိတ်ပူနေလဲ မ သိပါတယ်”ဟု မ က ကျွန်တော့်နဖူးပေါ် ဝဲကျနေသည့် ဆံစများကို သပ်တင်ပေးရင်း ပြောသည်။ “တချို့သော အတွေးအခေါ်တွေ၊ စံတန်ဖိုးတွေ၊ အမှန်တရားတွေဟာ နှစ်ပရိစ္ဆေဒကြာအောင် တည်တံ့လာခဲ့တော့လည်း လူတော်တော်များများဟာ မစဉ်းစားဘဲနဲ့ အမှန်အဖြစ် လက်ခံလိုက်ကြတာပဲ။ ဒီလိုနဲ့ပဲ လူ့အဖွဲ့အစည်းရဲ့ ပုံသွင်းမှုနဲ့အတူ မိန်းမတွေဟာ လည်း လူမဟုတ်တော့ဘဲ ဖယောင်းရုပ်လေးတွေ ဖြစ်လာကြတယ်။ ကိုယ့်ရဲ့ ‘ငါ’အစစ်ထက် လူတွေ တည်ဆောက်ပေးထားတဲ့ တန်ဖိုးတွေ၊ စံတွေကို ‘ငါ’အစစ်အပေါ်မှာ ဖုံးလွှမ်းလိုက်ရင်း အတွင်းအဇ္ဈတ္တကလာတဲ့ တောင်းဆိုမှုတွေကို ဖိနှိပ် ထားကြတော့ တာပဲ။ မောင်လည်း သင်္ချာသင်ဖူးတာပဲ။ သင်္ချာမှာ ကိန်းသေရှိတယ်၊ ကိန်းရှင်လည်း ရှိတယ်။ ကိန်းသေဆိုတာ တကယ်တော့ ရှိတာမဟုတ်ဘူး။ တွက်ရလွယ်အောင် တချို့ကို ကိန်းသေ ထားလိုက်တာ မဟုတ်လား။ မောင် ဘယ်လို ထင်လဲ၊ ယဉ်ကျေးမှုဆိုတာကြီးကို ဖယ်လိုက်။ မိန်းမတွေဟာ ကိန်းသေလား၊ ကိန်းရှင်လား…”
အခန်းတွင်းသို့ လေမဝင်သော်လည်း မီးအိမ်သည် ယိမ်းထိုးခါရမ်းလျက်။ မီးတောက်သည် မြွေတစ်ကောင် ကသည့်နှယ် သက်ဝင်လှုပ်ရှားလျက်။ ကျွန်တော်သည် ပခြုပ်တွင်းမှ ထွက်လာသော မြွေဖြစ်၍ မ သည် အလမ္ပာယ်ဆရာ ဖြစ်လေသည်။ အလမ္ပာယ်ဆရာ၏ ဘယ်ညာ လှုပ်ရှား ကပြချက်တို့တွင် မြွေမင်းသားသည် အလိုက်သင့် ကပြအသုံးတော်ခံတတ်အောင် သင်ယူ၏။ မ သည် ဆန့်ကျင်ဘက် နှစ်ခုတို့ သဟဇာတဖြစ်ဖြစ် ပေါင်းစပ်ခြင်း၏ ပြည့်စုံမှုသဘောကိုလည်း သင်ပေး၏။ နှုတ်ခမ်း၏ လျှို့ဝှက်ချက်ကို သိလျှင် ခန္ဓာကိုယ် တစ်နံတစ်လျား နေရာတိုင်းသည် ချိုမြိန် သော အနမ်းတို့၏ နားခိုရာဖြစ်ကြောင်း သင်ပေး၏။ မာကျောသော သွားများသည် သာမန်အချိန်တွင် နာကျင်အောင် ကိုက်ခဲတတ် သော်လည်း တစ်ခါတစ်ရံတွင် မနာမကျင်ဘဲ ကြင်နာခြင်းကိုပေးတတ်သော သဘာဝ၏လက်ဆောင်ထုပ် ဖြစ်ကြောင်းသင်ပေး၏။ နာကျင်ခံခက် အော်ညည်းသံ တို့သည် သာမန်အချိန်တွင် စိတ်မချမ်းမြေ့စရာ ဖြစ်နိုင်သော်လည်း တချို့တချို့သော အခြေ အနေတွင် လူတစ်ကိုယ်လုံးရှိ အကြောပေါင်း သိန်းသောင်းမကကို နိုးကြားထက်သန်စေသော အကျိုးဆောင် ဖြစ်ကြောင်းကိုလည်း သင်ပေး၏။ ပြေးလွှားနေရခြင်းကြောင့် မောပန်းနွမ်းဟိုက်သည့်အခါ ထိုအမော ပြေပျောက်ဖို့ရာ လူသည် မျှော်လင့်တတ် သော်လည်း မပြေးမလွှားဘဲ မောပန်းနွမ်းဟိုက်သည့် အခြေအနေ တစ်ခုမှာတော့ စိုစွတ်သော ချွေး၊ မြန်ဆန်နေသော အသက်ရှူသံတို့ သည် ကုန်လွန်သွားမှာကို စိုးရွံ့နေရသော ကြည့်မဝသည့် တိမ်တောက်ချိန်ဆည်းဆာအလှတစ်ပါး ဖြစ်ကြောင်းလည်း သင်ပေး၏။
ပြဒါးတိုင်မှ မာကျူရီအမှတ်သည် ည၏အအေးဆုံးဆိုသော အမှတ်ကို ရောက်ချင်ရောက်မည်။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာကတော့ နေရောင်ခြည် ပွင့်နေသည်ဟု ခံစားရသည်။ မ သည် အချစ်ကျောင်းတော်ကြီးမှ ပါမောက္ခ ဆရာမလေးဖြစ်၍ ကျွန်တော်သည် ဘွဲ့ကြိုကျောင်းသားလေးဖြစ်ပါသည်။ ချစ်ခြင်းသည် အထွတ် အထိပ်သို့ရောက်သည့်အခါ လှောင်ချိုင့်တံခါးတို့သည် ဟင်းလင်းပွင့်တော့သည်။ လွတ်လပ်သူနှစ်ဦးတို့သည် အဝေးဆုံးသို့ မြင့်နိုင်သမျှမြင့်မြင့်က ပျံသန်းကြလေသည်။
*
တစ်ရက်တွင် မ,က ညဉ့်နက်သန်းခေါင်ကျွန်တော့်ဆီဖုန်းဆက်လာသည်။ တိုင်းပြည်အခြေအနေက မကောင်း။ ပြီးခဲ့သည့် ‘ခေတ်သစ်’ပါတီအစိုးရ ပြုတ်ကျပြီး နောက်ပိုင်းတက်လာသည့် ‘စည်းလုံး’ပါတီအစိုးရ လက်ထက်တွင် ယခင်က ပေးခဲ့သည့် လွတ်လပ်ခွင့်များကို ပြန်လည်ရုပ်သိမ်းပြီး ပြည်သူတို့ကို ဖိနှိပ်ချင်လာ သည်။ ကျောင်းသားသမဂ္ဂများကိုလည်း တင်းကျပ်သော စည်းမျဉ်းများထုတ်၍ ထိန်းချုပ်ဖို့ ကြိုးစားသည်။ မ တို့ ကျောင်းသားသမဂ္ဂခေါင်းဆောင်ပိုင်းတွေလည်း စောင့်ကြည့်ခံရ၏။ တိုင်းပြည် စီးပွားရေးကလည်း ဆုတ်ယုတ်လာသည်။ တစ်နေ့တစ်နေ့ လမ်းပေါ်ဆန္ဒပြသည့် ပြည်သူတွေ များလာသည်။
“မောင်၊ မနက်ဖြန် တွေ့လို့ရမလား။ အရေးကြီးတယ်။”
မနှင့်တွေ့တော့ မက သူတို့ဆွဲထားသည့် အစီအစဉ်ကို ပြောပြသည်။ မ တို့ ဖေဖေကို ဖမ်းဆီးထောင်ချခဲ့သည့် အာဏာရှင် အစိုးရပြုတ်ကျခဲ့သည့် နှစ်ပတ်လည်နေ့တွင် တစ်ပြည်လုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်ကြီးက ဦးဆောင်ပြီး အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီး ကျင်းပမည်။ ပြည်သူ့ လွတ်လပ်ခွင့်များ ပြန်လည် ရရှိရေးအတွက် တောင်းဆိုကြမည်။ မ က ပွဲဖြစ်မြောက်ရေး အတွင်းစည်းမှာ ပါသည်။ အစိုးရက ဆန္ဒပြလျှင် အကြမ်းဖက် ဖြိုခွင်းမည်ဟု ကြေညာထားသည်။ အကယ်၍ မ သာ အဖမ်းခံရလျှင် ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ် နှစ်ရှည် ကျခံရနိုင်သည်။ မ က သူ့အတွက် စိတ်မပူဖို့နှင့် အဖမ်းခံရပါက အပြင်ကနေ ဘာတွေလုပ်ပေး နိုင်သည်ကို မှာကြားသည်။ ကျွန်တော်က မ ကို တားချင်သော်လည်း မ စိတ်ဓာတ်ကို သိသဖြင့် ပြောမထွက်။ တကယ်ဆို ကျွန်တော်တို့နှစ်ယောက်က လက်ထပ်ဖို့က နီးနေပြီ။
“မပြောကောင်း မဆိုကောင်း မ သေသွားခဲ့ရင်လည်း မတတ်နိုင်ဘူး။ ရည်းစားသက်တမ်းတစ်လျှောက် မောင့်ကို ခေါင်းထဲမှာ အချိန်ပြည့်မပေးခဲ့ပေမယ့် ထောင်ကျတယ်ဆိုရင်တော့ နေ့တိုင်း မောင့်ကို သတိရ နေမယ် ဆိုတာတော့ သေချာပါတယ်။”
မ ကအပြုံးဖြင့်ပြောသော်လည်း ကျွန်တော့်မှာ မပြုံးနိုင်။ မ မျက်နှာကိုသာ တစ်ဝကြီး ကြည့်နေမိတော့သည်။ တယ်လည်း ယုံကြည်ချက်ပြင်းသည့် မ ပါလား။ မ သည် ကျွန်တော့်ကို မေတ္တာအပြင် ခွန်အားရော ဦးဆောင်မှု ရော အသိပညာရော ပေးသည့် ချစ်သူဖြစ်သည်။ ထို ချစ်သူကို မဆုံးရှုံးချင်သော်လည်း ဘဝသည် ကိုယ်ဖြစ်ချင် သည့်အတိုင်း မဖြစ်တတ်သောကြောင့် ဖြစ်လာသမျှကို ရင်ဆိုင်ဖို့သာ အသင့်ပြင်ထားလိုက်သည်။
ဆန္ဒပြပွဲကြီးဖြစ်သည်။ ဗေဒင်မေးစရာမလို အစိုးရကလည်း အကြမ်းဖက်ဖြိုခွဲသည်။ ခေါင်းဆောင်များကို ဖမ်းသည်။ အရိုက်ခံရပြီး သေသူသေ၊ ဒဏ်ရာရသူရ။ မ ကတော့ သူ့ကိုလာဖမ်းတော့ အသာတကြည် အဖမ်းခံသည်။ သူတို့ ခေါင်းဆောင်တွေ၊ ဝန်းရံသူတွေကို ရုံးတင်ပြီး ပုဒ်မအမျိုးမျိုးတပ်ကာ အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ထောင်ဒဏ်နှစ်ရှည်များ ချမှတ်သည်။ မက ခုနစ်နှစ်ကျသည်။
“မောင် မ ကို မစောင့်နိုင်ရင်လည်း အိမ်ထောင်ပြုချင်ပြုပါ။”
အမိန့်ချသည့်နေ့တွင် မ က ကျွန်တော့်ကို ခပ်တိုးတိုးမှာသွားသည်။ မ ကို ဘာမှပြန်မပြောလိုက်။ ထောင်ဝင်စာ တွေ့တိုင်း မ ကို ကုန်းတစ်တန် ရေတစ်တန် ခရီးနှင်ပြီး ကျွန်တော် သွားတွေ့သည်။ မတွေ့ဖြစ်သည့် အပတ်ရှားသည်။ မ ကတော့ ကျန်းကျန်းမာမာပဲ။ “သူ့ကို မစောင့်ဖို့” သာ တွင်တွင်ပြောလေသည်။ ကျွန်တော်ကတော့ ကျွန်တော် ထောင်ဝင်စာ လာမတွေ့တော့လျှင် နောက် တစ်ယောက်နှင့် အိမ်ထောင်ပြုပြီ ဟုသာ နားလည်လိုက်ဟု နောက်သလိုလို အတည်လိုလိုနှင့် ပြောလိုက်သည်။
မ တို့ ထောင်ထဲမှာ ရှိတုန်း တိုင်းပြည်အပြောင်းအလဲ ဖြစ်ပြန်သည်။ ပြည်သူ့ချဉ်ဖတ်ဖြစ်လာသည့် ‘စည်းလုံး’ ပါတီအစိုးရသည် ပြည်တွင်းပြည်ပဖိအားများကြောင့် နောက်ဆုံး ဆင်းပေးလိုက်ရပြီး ကြားဖြတ် အစိုးရက ရွေးကောက်ပွဲကို ကျင်းပပေးရသည်။ ထိုအခါ မ တို့ ဖေဖေထူထောင်ထားသည့် ‘ဒီမိုကရေစီ အဓွန့်ရှည်ရေး’ပါတီ အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်သောအခါ မ တို့လိုနိုင်ငံရေး အကျဉ်းသား အများအပြား ကို ပြန်လွှတ်ပေးသည်။ ကျွန်တော်ကတော့ မ တို့ လွတ်တော့မည်ဆိုသော အသိဖြင့် ထိုနေ့က တစ်ညလုံး အိပ်မပျော်။ မ က ခုနစ်နှစ်မနေရဘဲ နှစ်နှစ်နှင့် ပြန်လွတ်လာသည်။
နက်ပြာရောင် ဆွယ်တာလေး ဝတ်ထားသည့် မ သည် ထောင်ဘူးဝမှအထွက် လာကြိုကြသည့် လူအုပ်ကြီးကို၊ သတင်းထောက်များကို ပြုံးပြလိုက်သည်။ အဖမ်းခံရအပြီး မ တို့ သမဂ္ဂခေါင်းဆောင်တွေလည်း သူရဲကောင်း များ ဖြစ်လာကြသည်။ မ လည်ပင်းတွင် ပန်းကုံးများ လာစွပ်ကြ၏။ မ ၏မိသားစုဝင်များက မကိုဆီးကြို ပွေ့ဖက် ကြသည်။ မသည် နှုတ်ဆက်သူများကို စကားပြောပြီးနောက် လူအုပ်ထဲ ရောမနေဘဲ ခပ်လှမ်းလှမ်းမှာ ရပ်နေသော ကျွန်တော့်ဆီ တစ်လှမ်းချင်း လျှောက်လာပြီး မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။ အနည်းငယ် ပိန်သွားသည်ကလွဲလျှင် မ သည် အသားတွေဖြူလို့၊ စိုစိုပြည်ပြည်။ ကျွန်တော် မ ကို ထောင်ဝင်စာ သွားမတွေ့ တာ နှစ်ပတ်ရှိပြီဆိုတော့ မ စိတ်ထဲတွင် သို့လော သို့လော တွေးပါလိမ့်မည်။
“နေကောင်းတယ်နော် မောင်။ မောင့်ပုံစံက လူကြီးပိုဆန်လာသလားလို့။”
ကျွန်တော်က မ ကို ပြုံးရုံသာပြုံးလိုက်ပြီး မ လက်ထဲသို့ ဖိတ်စာတစ်စောင်ကို ကမ်းပေးလိုက်သည်။ ‘မင်္ဂလာ ဧည့်ခံပွဲ…” ဆိုသည့် စာသားကို မြင်သော် မ မျက်နှာ တစ်ချက်ကွက်ခနဲပျက်သွား၏။ နောက်မှ သတို့သမီး နေရာကို ကြည့်ပြီး ပြန်ပြုံးလာသည်။ မ မျက်ဝန်းတို့တွင် မျက်ရည်တို့ ဝဲလာပြီး ကျွန်တော့် ပခုံးပေါ် မှောက်လျက် ငိုလေသည်။ အင်မတန် ယောက်ျားဆန်လှသော မ ထံတွင် မိန်းမဆန်သော စရိုက်တစ်ခုကို ပထမဆုံး အကြိမ် မြင်ရခြင်းပင်။
ထိုနေ့က ကောင်းကင်သည် တိမ်ကင်းစင်လျက် ပြာလဲ့နေသည်။ ကျွန်တော့်ကို မော့ကြည့်နေသော မျက်ဝန်း များသည်လည်း ကောင်းကင်ပြာ၏ အရောင်ကြောင့် ပြာလွင်သကဲ့သို့ ထင်ရသည်။ ကျွန်တော့်အား အနမ်း၏ လျှို့ဝှက်ချက် များကို သင်ပေးခဲ့သော မ နှုတ်ခမ်းနှစ်လွှာကတော့ ပွင့်သစ်စနှင်းဆီဖူးလို နီစွေးလို့ နေပါသည်။•
ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။


Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း