Skip to main content

ခင်လွမ်းမေ



ခင်လွမ်းမေ၏အသက်ကို ကျနော်ကယ်တင်ပြီးနောက် နှစ်နှစ်နီးပါးအကြာ၊ အတိအကျဆိုရလျှင်တစ်နှစ်၊ ဆယ်လနှင့် ဆယ့်နှစ်ရက် တိတိအကြာတွင် ခင်လွမ်းမေသည် သူမုန်းသောလူ့လောကကို စွန့်ခွာသွားပါသည် (သို့မဟုတ်) စွန့်ခွာချင်တုန်းက မစွန့်ခွာဖြစ်ခဲ့ဘဲ မစွန့်ခွာချင်တော့မှ မတော်တဆ စွန့်ခွာမိသွားတာလည်း ဖြစ်နိုင်သည်။ ခင်လွမ်းမေသည် သူပေးထားသည့်ကတိကို သူဘာကြောင့် မထိန်းမသိမ်း လုပ်သွားပါသလဲ။ ကျနော်ခွင့်မလွှတ်နိုင်သည့်လုပ်ရပ်ကို ကျနော်နှင့် ဆန့်ကျင်ဘက်ပြု၍ ဘာကြောင့်လုပ်ရက် ပါသလဲ
တကယ်ဆို ကျနော်က သူ့အပေါ်အထင်မှားနေတာလည်း ဖြစ်နိုင်ပါသည်။ ခင်လွမ်းမေသည် ဒီနှစ်နှစ် နီးပါးလုံးလုံး အခြေအနေတွေ ဆက်တိုက်တိုးတက်လာခဲ့ပြီးခါမှ ယခုမှ ကောက်ခါငင်ခါကြီး ပစ္စလက်ခတ် လုပ်ပါ့မလား။ ကျနော့်မှာ  ကြေလည်းကြေကွဲ၊ ကရုဏာဒေါသလည်းဖြစ်၊ ခေါင်းလည်းခြောက်ရပါသည်။ ခင်လွမ်းမေအကြောင်း ဖုန်းထဲမှာ ကြားကြားချင်း ကိုယ့်နားကိုယ်မယုံနိုင်ပါ။ သနားစရာ လွမ်း ... ဘာတွေ ဘယ်လိုများ ဖြစ်သွားရပါလိမ့်။
ထိုနေ့က ကျနော်သည် ညနေခင်းရေချိုးပြီး ညစာအပြင်မှာထွက်စားဖို့ ပြင်နေတုန်း ဆေးရုံကြီး အရေးပေါ် ဌာနမှ ဖုန်းဝင် လာခဲ့ခြင်းဖြစ်သည်။ ခင်လွမ်းမေကားတိုက်ခံရလို့ အရေးပေါ်ကို ရောက်နေသည်တဲ့။ သူ့ဖုန်းကို လော့ခ်ဖြည်ရှာတော့ သူ့ ဖုန်းထဲမှာ ရှားရှားပါးပါး ကျနော့် နံပါတ်တစ်ခုကိုသာ မှတ်ထားတာတွေ့လို့ ဆက်လိုက် ပါသည်တဲ့။ ဟုတ်လည်း ဟုတ်တာပဲလေ။ သူ့မှာ ပြောရရင် အသိမိတ်ဆွေဆိုလို့ ကျနော် တစ်ယောက်သာရှိသည်ပဲ။
ကျနော် ဆေးရုံရောက်သွားတော့ လွမ်းက အရေးပေါ်ခန်းထဲရောက်နေပြီ။ သူ့ကို တိုက်လိုက်သည့် ကားဆရာလေး တစ်ယောက်သာ ခွဲခန်းအပြင်မှာ တုန်လှုပ်စွာနှင့် မျက်နှာကိုလက်ဖြင့်အုပ်ပြီး ထိုင်နေသည်။ ဒီကားသမား လေးက တိုက်ပြီးထွက်မပြေးဘဲ တာဝန်သိစွာဖြင့် သူ့ကားဖြင့်ပဲ ဆေးရုံပို့ပေးလို့ပဲ ကျေးဇူးတင် ရသေးသည်။ ကားဆရာလေး အပြင် ခွဲခန်းအပြင်မှာ လွမ်း၏အခြေအနေကို တုန်လှုပ်စွာ စောင့်နေသည့် ကျနော်သာရှိသည်။ အေးပေါ့လေ လွမ်းမှာ ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းအသင်းမှ မရှိတာပဲ။ သူ့အတွက် စိုးရိမ်တကြီး သောက ပွားပေးမည့်သူ ဝေးသည်ပေါ့။
ကျနော် ... ကျနော် သူ အဲဒီလို အကွယ်ကထွက်လာမယ် မထင်လို့ပါဗျာ...
ကားဆရာလေးသည် သွေးရူးသွေးတမ်းဖြင့် ကျနော့်ကိုပြောပြနေပါသည်။ လွမ်းသေသွားမှာ သူအတော် ကြောက်နေပါသည်။ အေးလေ သူ့မှာလည်း မိသားစုနဲ့ကိုး။ လွမ်းသည် သူ့ကိုယ်သူ သေကြောင်းကြံစည်ခဲ့ရိုး မှန်ပါက ကျနော့်အား ပေးခဲ့သည့်ကတိကို ဖောက်ဖျက်မှု၊ သူတပါး မိသားစုဘဝပျက်သည်အထိ အဆင်ခြင် ဉာဏ် မဲ့မှုများဖြင့် သူ့ကို ကျနော် ဘယ်တော့မှ ခွင့်မလွှတ်ဟု စိတ်ထဲက ဆုံးဖြတ်ထားလိုက်သည်
သိပ်လည်း မစိုးရိမ်ပါနဲ့ဗျာ ... သူကလည်း မဆင်မခြင်ကူးလို့နေမှာပါ... ကားတိုက်တိုင်း ကားသမား အပြစ်ချည်းပဲ တော့မဟုတ်ပါဘူး။ ကျွန်တော့်ဘက်က အမှုကြေအေးပေးပါ့မယ် ဟုတ်ပြီလား” ဟု ကား ဆရာလေး စိတ်သက်သာရာရစေရန် ပြောလိုက်သည်။ ကားဆရာလေး က ကျနော့်ကို အံ့ဩစွာဖြင့် မော့ကြည့် သည်။
ဘယ်လိုများဖြစ်ရပါလိမ့်။ မနေ့ကညနေကမှ သူနှင့်ကျနော် မာလာဟင်း အတူတူ သွားစားပြီး လမ်းခွဲခဲ့ကြသေးသည်။ အဲဒီတုန်းကလည်း လွမ်းကို ကြည့်ရတာ ဘာမှပုံမပျက်ပါ။ ခါတိုင်းကမှ စိတ်ညစ်စရာလေးတွေ တွေးတွေးပြီး ကျနော့်ကိုရင်ဖွင့်သေးသည်။ အဲဒီနေ့က ရယ်ရယ်မောမောနှင့် ပေါ့ပေါ့ပါးပါးအကြောင်းအရာလေးများပင် ပြောလို့။ သူ တက်ချင်သည့် သင်တန်းတစ်ခုအကြောင်းပင် ကျနော့်ကို စုံစမ်းခိုင်းလိုက်သေးသည်။ လမ်းခွဲတော့လည်း သူ့မျက်နှာက ရွှင်ရွှင်ပျပျပါပဲ။
ဒါဆိုရင်ဖြင့် ယခုကိစ္စသည် သေကြောင်းကြံစည်မှုမဟုတ်ဘဲ ကံမကောင်းအကြောင်းမလှမှုတစ်ခုပင်လား။
ငါ့ညီ ဖြစ်ပုံပျက်ပုံ အစအဆုံး အစ်ကို့ကိုပြန်ပြောပြပါဦးဟု ကျနော်က သွေးလန့်နေသည့် ကားဆရာ လေးကို မေးလိုက်သည်။
ဟုတ် အစ်ကို ဟုတ် ဟုတ် ... ဘယ်လိုပြောရမလဲဗျာ ... အဲဒီနားလေးက လူကလည်း ရှုပ်တယ်၊ ကားတွေကလည်း ထပ်နေတယ်။ ကျနော့်ရှေ့က ကားကြီးက ပိတ်ကွယ်ပြီးရပ်နေတာနဲ့ လမ်းဒီဘက် ကြောကနေ ယူပြီး ကျော်အတက်မှာ သူက ကားအကွယ်ကနေ ရုတ်တရက်ထွက်လာတာပဲ။ ကျော်မတက်ခင် မှာ ကျနော် ဟွန်းတောင်တီးလိုက်ပါသေးတယ်။ မဟုတ်မှလွဲရော ... သူ ...သူ ...
ကားဆရာလေးက ကျနော့်ကို သံသယပိုမိုပွားစည်းအောင် လာလုပ်ပေးနေပြန်ပါသည်။ အဲဒီလိုမျိုးတော့ လွမ်း အပေါ်မှာ ကျနော် ကောက်ချက်မချချင်ပါ။ ဒါကြောင့်လည်း မတော်တဆဖြစ်ကြောင်း ပံ့ပိုးပေးနိုင်မည့် အကြောင်းအရာ များကို ကားဆရာလေးထံမှ ရှာဖွေနေခြင်းဖြစ်သည်။ ဒါပေမင့် သူလည်း ကျနော့်လိုပင် သံသယရှိနေပုံရသည်။
အဲဒီလို အကွယ်ကနေ သူထွက်လာတဲ့အချိန်မှာ သူ့မျက်နှာက ဘယ်လိုရှိလဲဗျ။ ကားတိုက်ခါနီးကျတော့ရော သိပ်ကို ထိတ်လန့်သွားတဲ့ပုံပေါက်လား။ ဒါမှမဟုတ် တည်တည်ငြိမ်ငြိမ်ပဲလား ...
ဟာ ... အဲဒီလောက်တော့ ကျနော်လည်း မမှတ်မိတော့ဘူးဗျာ။ စက္ကန့်ပိုင်းလေးအတွင်း ဖြစ်သွားတဲ့ဥစ္စာ .. အစ်ကို ကလည်း။ ကျနော့်မှာ တစ်ဖက်လမ်းကြောကလာမယ့် ကားဘက်ကို အာရုံစိုက်နေတာ အဲဒီလောက် အသေးစိတ်တော့ ကျနော် ဘယ်သတိထားမိပါ့မလဲ။ ရိပ်ကနဲမြင်လိုက်ရပြီး တိုက်ပြီးသွားမှသာ တိုက်လိုက်မိမှန်း သိလိုက်တာ
အဲဒီအချိန်မှာ ခင်ဗျားကရော ကားကိုအရှိန်လျှော့ထားလား အရှိန်ဘယ်လောက်လောက် ရှိလဲ
အရှိန်ကတော့ သိပ်မများဘူးရယ် ... ဒါပေမဲ့ တစ်ခုက ကျနော်က လွတ်ပြီဆိုပြီး လီဗာနင်းလိုက်တဲ့အချိန် ကားကတော့ ဆောင့်ထွက်သွားတာ မှတ်မိလိုက်တယ်။ ဘာမှမဖြစ်ပါစေနဲ့ဗျာ
ကားဆရာလေးထံမှ သည့်ထက်ပိုပြီး ဘာသဲလွန်စမှ မရနိုင်တော့ပါ။ ကျနော့်မှာ သက်ပြင်းရှည်တစ်ချက်ကိုသာ ချလိုက်ပြီး ဆေးရုံနံရံကိုမှီထိုင်လိုက်သည်။ အရေးပေါ်ခန်းထဲကလည်း ဘာသတင်းမှမရသေး။ ဆရာဝန်တွေ အသက်လုနေ သည်ဟုသာ ခုနက သူနာပြုလေးတစ်ယောက်က ပြောသွားသည်။ ဆေးရုံထဲမှာတော့ လူနာတွေ၊ လူနာစောင့်တွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ အားလုံးပျားပန်းခတ်မျှ သွားလာနေကြသည်။ ကျနော့်စိတ်ကတော့ လွမ်း အကြောင်းမှာသာ တဝဲလည်လည်။
အကယ်၍သာ လွန်ခဲ့သောနှစ်နှစ်ခန့်က လွမ်းကို ကျနော်မကယ်တင်ခဲ့လျှင် ယနေ့ ယခုလိုမျိုး ယူကြုံးမရ ခံစားနေရမည်မဟုတ်ပါ။ ထိုစဉ်က လွမ်းတကယ်သေသွားခဲ့လျှင်တောင် လူတစ်ယောက် သေသွားသဖြင့် ဖြစ်သည့် စိတ်မကောင်းမှုမျိုးထက်ပိုပြီး ဘာမှ ထူးထူးခြားခြား ခံစားရလိမ့်မည်မဟုတ်ပါ။ ဒီလိုမှန်းသာသိလျှင် အစကတည်းက လွမ်းကို ကျနော်မကယ်ခဲ့ပါ။
အို ... ဒီလိုလည်း မဟုတ်သေးပါဘူး။ လူ့အသက်တစ်ချောင်းဆိုသည်မှာ ကယ်တင်ကောင်းသည်။ ထိုစဉ်က ကျနော်သည် လူသားတစ်ယောက်အနေဖြင့် အလုပ်သင့် အလုပ်ထိုက်ဆုံး အလုပ်တစ်ခုကို လုပ်ခဲ့ခြင်းသာ ဖြစ်သည်။ ဒီလို ဒီလိုဖြစ်တာက သပ်သပ်စဉ်းစားရမည်။ လွမ်းသည် နောင်တစ်ချိန်တွင် ဒီလိုထပ်လုပ်ဦးမည်ဟု ကြိုတင်၍ တပ်အပ် သိခဲ့လျှင်တောင်မှ ထိုစဉ်က ကျနော် သူ့ကိုကယ်တင်ခဲ့သည်မှာ မှားယွင်းသည့်အလုပ်တစ်ခုတော့ မဟုတ်ပါ။
ထိုနေ့ကအဖြစ်အပျက်ကို ယခုထက်ထိ မမေ့နိုင်သေး။ ကျနော်သည် ကန်တော်ကြီးထဲက လူပြတ်သည့် တစ်နေရာရှိ သစ်ပင်အောက်ထိုင်ခုံမှာ ထုံးစံ အတိုင်း အေးအေးဆေးဆေး ထိုင်ပြီး စာအုပ်တစ်အုပ်နှင့် ငြိမ့်နေစဉ်ဖြစ်သည်။ စုံတွဲတွေ အလာများသော နေရာများနှင့်လွတ်အောင်ရှောင်ကာ လူပြတ်သည့် တစ်နေရာသို့ လာခဲ့ခြင်းဖြစ်သည်။ အချိန်က ညနေစောင်း။ ကျနေ၏လက်တံများက ရေပြင်ပေါ်ဖြာကျလျက်။ ရုတ်တရက် စာအုပ်ထဲကိုကြည့်နေသော ကျနော့်မျက်လုံးထောင့်စွန်းထဲတွင် လူသဏ္ဌာန်အရိပ် တစ်ခု လာပေါ်သည်။ အစကတော့ ကျနော် သတိမထားမိ။ နောက်မှ တဖြည်းဖြည်း မျက်လုံး ညောင်းသဖြင့် စာအုပ်မှ အကြည့်ကိုခွာလိုက်သည့်ခဏ ခင်လွမ်းမေကို တွေ့လိုက်ခြင်းဖြစ်သည်။ ခင်လွမ်းသည် ရေထဲသို့ ကိုယ်တစ်ဝက်ကျော်ကျော် ရင်ခေါင်းနားအထိ ရောက်လို့နေနှင့်ပြီ။ သူ့လှုပ်ရှားမှုက ဖြည်းဆေးတည်ငြိမ်သည်။ ရေထဲသို့ တစ်လှမ်းချင်းတစ်လှမ်းချင်းသာ ရှေ့တိုးသွားနေ၏။ ကျနော် ရုတ်တရက် အသိဝင်လာသည်။
ဟေ့ ဟေ့ မလုပ်နဲ့လေ
ကျနော် ရေထဲသို့ ဝုန်းဒိုင်းကြဲဆင်းသွားလိုက်သည်။ ကျနော့်အသံကြားတော့ လွမ်းသည် နောက်ကို တစ်ချက် လှည့်ကြည့်ပြီး ရှေ့ကိုခပ်မြန်မြန်ဆင်းသွားတော့သည်။ ကျနော်သူ့ဆီရောက်တော့ လွမ်းသည် မြုပ်ချည် ပေါ်ချည် ဖြစ်နေပြီ။ ကျနော်သည် ရေကူးကျွမ်းကျင်လှသူမဟုတ်ပါ။ သည်လိုနှင့် အော်ဟစ်ပြီး အကူအညီတောင်းရပါသည်။ လွမ်းကို ရေပေါ်ရောက်အောင် ပြန်တင်နိုင်သော်လည်း သူ့ကိုဆွဲပြီး ကမ်းရောက်အောင် ပြန်ကူးခတ်ဖို့ဆိုသည်မှာ သိပ်တော့မလွယ်လှပါ။ အဓိကက လွမ်းက အတင်းရုန်းကန် နေခြင်းကြောင့်ဖြစ်သည်။ သူလုပ်တာနှင့် နှစ်ယောက်စလုံး နစ်သွားနိုင်ပါသည်။ ကံကောင်းသည်က ကမ်းစပ်နှင့်တအားမဝေးသေးသဖြင့်သာ နှစ်ယောက်လုံး အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်သည်။
သူ့ကိုကြည့်ရသည်က စိတ်ကိုယတိပြတ်ဆုံးဖြတ်ထားသူလို မျက်နှာကတင်းမာပြတ်သားလျက်။ လွှတ် လွှတ်ဟုလည်း ပါးစပ်က အော်ဟစ်လို့။ သူ့ကို ချုပ်ပြီး ကမ်းပေါ်ပြန်အရောက် နှစ်ယောက်လုံး မောဟိုက်လို့နေကြသည်။ လွမ်းကတော့ ကမ်းစပ်က မြက်ခင်း စိမ်းများအပေါ် မျက်နှာကိုအပ်လျက်က ငိုလို့သာနေသည်။ ဘာမှလည်း စကားမေးမရ။  နှစ်ယောက်စလုံးလည်း ရေတွေ ရွှဲရွှဲနစ်လို့သာ။ မလှမ်းမကမ်းက သစ်ပင်အောက်မှာတော့ ပန်းချီဆွဲသည့်ကင်းဗတ်စတစ်ချပ်၊ ထောက်တိုင်နှင့် စပ်ဆေး ထည့်သည့် ခွက်နှင့် ဆေးဗူးများ။
ကံကောင်းချင်တော့ သည်ကိစ္စက ကျနော်နှင့် လွမ်းတို့နှစ်ယောက်နှင့် အနီးအနားက လူတစ်ယောက်စ နှစ်ယောက်စ သာ သိလိုက်ပြီး ဘာမှရုံးရောက်ဂတ်ရောက်တွေ မဖြစ်ဘဲ ပြီးသွားသည်။ ပန်းခြံလုံခြုံရေး အန်တီကြီးတစ်ယောက်က သူ့ တန်းလျားပြန်ပြီး လွမ်းဝတ်ဖို့ သူ့အင်္ကျီလုံချည်တစ်စုံ သွားယူပေးသည်။ ကျနော်လည်း လွမ်းကို တက္ကစီတစ်စီးပေါ်တင်ခေါ်ပြီး သူနေသည့်အခန်းသို့ပြန်ပို့ပေးခဲ့တော့ မှောင်စပျိုးနေပြီ။ လွမ်းငှားနေသည့်အခန်းက တာမွေက ခုနောက်ပိုင်းဆောက်သည့် ကန်ထရိုက်တိုက်တွေကြား ရှားရှားပါးပါး တစ်လုံးသာကျန်တော့သည့် ရှေးလက်ရာ ပျဉ်ထောင်အိမ်အိုကြီးတစ်လုံး။ ရေနံချေးများဝလို့။ တစ်အိမ်လုံးမှာ အိမ်ပိုင်ရှင်အဘွားကြီး၊ သူ့ကူဖော်လောင်ဖက် တူမလေးတစ်ယောက်နှင့် လွမ်းတို့သာ နေသည်။ အဘွားကြီးနှင့်သူ့တူမက အောက်ထပ်မှာနေသည်။ လွမ်းရဲ့အခန်းက ဘေးလှေကားမှ တက်သွားရသည့် အပေါ်ထပ်မှာဖြစ်ပြီး သူ တစ်ယောက်တည်းနေသည်။ အဘွားကြီးက အိမ်ကိုယောက်ျားလေးဧည့်သည် ဘာညာ ခေါ်လာတာ မကြိုက်ဟုဆိုသဖြင့် အိမ်ထဲဝင်ပို့ခွင့်ရပါ့မလား စဉ်းစားနေတုန်း အိမ်အောက်ထပ်က မီးမှိတ်ထားတာတွေ့ သဖြင့် အိမ်ရှင်အဘွားကြီး ဆေးခန်းသွားပြနေတာဖြစ်မည်ဟု လွမ်းကပြောသည်။
မင်း ဒီညတော့ ဘာမှပေါက်ကရထပ်မလုပ်ပါနဲ့တော့ကွာဟု ပြောလိုက်တော့ သူက ပြန်မော့ကြည့်၏။ ထူးဆန်းသည်က သူ့ပုံစံက စိတ်ကြောင်နေပုံလည်းမပေါက်၊ အကုန်လုံးကို သတိရှိရှိနှင့် လုပ်ချင်လို့ကို လုပ်သည့် ပုံစံမျိုး။ နံရံကိုအတော်ကြာ ငေးကြည့်နေပြီးတော့မှ နှုတ်ခမ်းကိုတစ်ချက်ကိုက်လိုက်ရင်း ခေါင်းကိုအသာညိတ်ပြသည်။
အိုကေ ဒါဖြင့် မနက်ရုံးအသွား မင်းဆီဝင်လာခဲ့မယ်
ဟင့်အင်း ယောက်ျားလေးတစ်ယောက် ကျမဆီကို အဲလို လာတာ အောက်ကအဘွားကြီးက မကြိုက်ဘူး။ သူ ကျမကို မောင်းချလိမ့်မယ်
အမလေးသေမှာတောင်မကြောက်တဲ့သူက အိမ်က နှင်အချခံရမှာကိုတော့ ကြောက်နေရသေးတယ်လို့
လွမ်းက ဘာမှပြန်မပြော။ သူ့မျက်နှာက ခပ်တည်တည်။
မင်း နာမည်ဘယ်သူလဲ။ အလုပ်လုပ်လားအလုပ်က ဘယ်မှာလဲငါလာတွေ့မယ်လေ
ကျမ နာမည်ခင်လွမ်းမေ။ တစ်သက်လုံး လွမ်းချည်းပဲနေရလို့ ကိုယ့်ဟာကိုယ်ပေးထားတာ။ အဖေအမေပေးတဲ့ နာမည်တော့ မဟုတ်ဘူး။ အလုပ်က ပန်းချီဆွဲတယ်။ ပန်းချီဆွဲတာ ကျမအလုပ်ပဲ
ဟုတ်မည်။ အပေါ်ထပ် လွမ်းတစ်ခန်းလုံး ပန်းချီကားများဖြင့် ပွရှုပ်လို့။ ဆေးဗူးတွေရော ဆေးစပ်သည့်ခွက်တွေရော စုတ်တံတွေရော ဟိုနားသည်နားပြန့်ကျဲ။ သူ သေကြောင်းကြံစည်သည့် ကန်တော်ကြီးရေစပ်မှာ သူဆွဲခဲ့သည့် ပန်းချီကားလေး ကိုတော့ ကျနော်က မမေ့မလျော့ပြန်ယူလာခဲ့သည်။ သူဆွဲထားတာက ကန်တော်ကြီးရေစပ်ကနေ လှမ်းမြင်ရသည့် ရွှေတိဂုံစေတီ နောက်ခံရှုခင်း တစ်ဝက်တစ်ပျက်။ သူ့စုတ်ချက်များက နည်းနည်းကြမ်းသည်ဟု ဆိုရမလား။ ကိုယ်ကလည်း ပန်းချီနားမလည်တော့ သိပ်မသိ။ သို့သော် သူ့ပန်းချီကားကိုကြည့်ပြီး စိတ်ထဲတွင်စိမ့်သွားသည်။
ကောင်းပြီ။ ဒါဖြင့် မင်းမနက်ဖြန် ဘယ်သွားဖို့ရှိလဲ
ပန်းဆိုးတန်းက လောကနတ်ကိုတော့ သွားဖြစ်မလားပဲ နေ့ခင်းဘက်
ဟုတ်ပြီ မင်းဆီကိုယ်လာခဲ့မယ်။ မင်းနဲ့အေးဆေးစကားပြောချင်သေးတယ်
လွမ်းက ခေါင်းညိတ်ပြ၏။ ကျနော် အဲလောက် အလွယ်တကူ ခေါင်းညိတ်မည်မထင်မိခဲ့။ မလာနဲ့ မတွေ့ချင်ဘူး ဘာညာ ပြောလိမ့်မည်ဟု ထင်ထားခဲ့သည်။
ဩော် ဟိုရောက်လို့ ကျမကိုမတွေ့ရင် ခင်လွမ်းမေလို့မမေးနဲ့နော်။ ကျမရဲ့ပန်းချီဆရာမနာမည်က ချောချော
သူပြောသည့်နာမည်ကို ကျနော်မသိ။ မသိဆို ကိုယ်က ပန်းချီစိတ်ဝင်စားသူမဟုတ်တော့ ပန်းချီပြပွဲတွေလည်း မရောက်၊ ပန်းချီဆရာတွေနာမည်ကိုလည်း မရင်းနှီး။ အိုကေ ထားတော့။ ကြည့်ရသလောက်တော့ အခြေအနေကောင်းသည်။ မနက်ဖြန် တွေ့လျှင် သူ့ကိုချော့မော့မေးမြန်းရမည်။ မလိမ့်တစ်ပတ်နှင့် လာမည်ပြောပြီး ရှောင်ထွက်မသွားပါစေနှင့်ပဲ ဆုတောင်းသည်။
* * *
နောက်တစ်နေ့ လောကနတ်ကို ထမင်းစားပြီးချိန် ဗိုလ်အောင်ကျော်လမ်းရှိ ရုံးကနေသွားတော့ လွမ်းကိုမတွေ့။ ပန်းချီပြပွဲရှိသည်မို့ ပြခန်းမှာ ပန်းချီစိတ်ဝင်စားသူတွေက ခြေချင်းလိမ်နေသည်။ ပန်းချီကားများကို လိုက်ကြည့်ရင်း ချောချောနာမည်ထိုးထားသည့် ကား လေးငါးကားတွေ့သဖြင့် ကြည့်ရှုနေတုန်း နောက်မှခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ ခင်လွမ်းမေ။
ကိုမင်းထိုက်ရှင့်နာမည် ကိုမင်းထိုက် ဟုတ်ပါတယ်နော်
ဟုတ်ပါ့ဗျာငါ့နာမည်တော့ မှတ်မိသားပဲ။ ဒါနဲ့ မင်း ခုမှရောက်တာလား
မဟုတ်ဘူး။ ထမင်းခဏသွားစားနေတာ မနက်ကတည်းက ရောက်နေတာ
လက်ဖက်ရည်ဆိုင်သွားရအောင်လေ
လောကနတ်မှ ထွက်လာခဲ့ပြီးနောက် ၃၇ လမ်းထဲက တိုက်နှစ်လုံးကြား အမိုးလေးထိုးပြီး ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆီ ကျနော်တို့နှစ်ယောက် ဦးတည်လိုက် ပြီး ချောင်ကျကျ စားပွဲတစ်လုံးမှာဝင်ထိုင်လိုက်သည်။ မှာထားသည့်လက်ဖက်ရည် လာချပြီးသည်အထိ စောင့်ပြီးမှ
မနေ့က ဘယ်လိုဖြစ်ရတာတုန်း
လွမ်းက ပြန်မဖြေဘဲ စားပွဲခုံမျက်နှာပြင်ပေါ်က လက်ဖက်ရည်ခွက်၊ အကြမ်းပန်းကန်လုံးများနှင့် ရေနွေးအိုးတို့ကိုသာ ကြည့်နေသည်။ တစ်အောင့်နေတော့မှ
ကျမ ဒီအကြောင်းတွေ တွေးလည်းမတွေးချင်ဘူး။ ပြန်လည်းမပြောချင်ဘူး။ ခုတောင် ရှင့်ကို အားနာလို့ တွေ့နေတာ
ဘယ်လိုပဲဖြစ်ဖြစ်လေ ငါမင်းအသက်ကိုကယ်ထားတာကိုထောက်ပြီး ငါ့ကိုရှင်းတော့ရှင်းပြသင့်တာပေါ့။ ကံသီပေလို့ပေါ့ကွာမင်းမလည်း ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်ရလောက်အောင် ဘာတွေများ စိတ်ညစ် စရာတွေရှိနေလို့လဲ။ သေသွားရင် မင်းမိဘဆွေမျိုးတွေ ဘယ်လောက်ရင်ကျိုးရမလဲ။ မသေဘူးပဲထားဦး ရဲသိသွားလို့ရှိရင် သေကြောင်းကြံစည်မှုနဲ့ မင်းအမှုဖွင့်ခံရဦးမှာ
ရှင် ကျမအသက်ကိုကယ်ခဲ့တာကို ကျမက ကျေးဇူးတင်နေမယ်ထင်နေလား ကိုမင်းထိုက်။ ကျမ မသေလိုက်ရတဲ့အတွက်တောင် ရှင့်ကို ကျမ တစ်ညလုံးအပြစ်တင်လို့မဆုံးဘူး
ဘုရားရေမင်းပြောပုံကြီးကလည်း ဘယ်လိုလဲကွာမင်းက ကျေးဇူးမတင်ရင်နေ ကျေးဇူးတော့မကန်းပေါ့ကဲပါကွာ မင်းမပြောချင်သေးလည်း နေပါ။ မင်းက ဘယ်ကလဲ၊ မိဘတွေက ဘယ်မှာလဲ
ရှင် ကျမကိုအဲဒါတွေမေးနေမယ်ဆိုရင်တော့ ကျမထပြန်ရုံပဲရှိတယ်။ ကျမ မပြောချင်တာကို အတင်းဖျစ်ညှစ် မေးရင် ကျမ ပိုပြီးစိတ်ဓာတ်ကျတာပဲအဖတ်တင်လိမ့်မယ်
အိုကေ အိုကေ ဒါဆိုလည်း မမေးတော့ပါဘူး။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ငါမင်းဆီက ကတိတစ်ခုတော့တောင်းမယ်၊ ဖြစ်လား
ဘာလဲ ကျမ မနေ့ကလိုထပ်မလုပ်ပါဘူးဆိုတဲ့ကတိလား
ကျနော် ခေါင်းကိုခပ်သွက်သွက်ညိတ်ပြလိုက်မိသည်။ ခင်လွမ်းက ဆိုင်ရှေ့ကဖြတ်သွားသည့် လက်တွန်းလှည်း ထီသည်လေးကို ငေးငေးရီရီ လှမ်းကြည့်လိုက်ပြီးမှ
တစ်လအတွင်း ထပ်မလုပ်ပါဘူးလို့တော့ ကတိပေးတယ်
ဘာပဲပြောပြော ကတိလုံးဝမပေးတာထက်စာရင်တော့ ပေးတာတော်သေးသည်ဟု ဆိုရမည်။ ဒီအတောအတွင်း လွမ်းကို ကျနော် ပုံမှန်တွေ့ဆုံစကားပြောဖြစ်၊ ရင်းနှီးလာအောင်လုပ်ပြီး သူ့အကြောင်းကို ပိုနားလည်လာအောင် လုပ်ဖို့လိုသည်။ သူ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘဝမှာဘာတွေ စိတ်ညစ် စရာနဲ့ ကြုံခဲ့ရလို့လဲ။ မေးခွန်းများစွာခြာလည်လှည့်လျက်။
ဒါပေမဲ့ ငါ မင်းနဲ့တော့ ပုံမှန်ဖြစ်ဖြစ် တွေ့ချင်တယ်ကွာ မင်းကိုစိတ်မချတာတော့အမှန်ပဲမင်း လူတွေနဲ့ သိပ်မတွေ့ချင် စကားမပြောချင်ဘူးလို့တော့ ရိပ်မိပေမယ့် ငါကမေတ္တာရပ်ခံတာပါ။ မင်းကတိပေးထားပြီး သားဆိုပေမယ့် ငါ တွေ့တော့ တွေ့နေပါရစေ
လွမ်းသည်အကြာကြီးနေအောင် တေမိလုပ်နေပြီးတော့မှ တစ်လုံးချင်းပြော၏။
အင်းလေ၊ ဘာလို့မှန်းတော့ မသိဘူး၊ ရှင့်ကိုတော့ ငြင်းပယ်ဖို့ရာ ကျမ မတတ်နိုင်ဘူးပဲဆိုရတော့မှာပေါ့။ ကျမ ညနေတိုင်း ၅ နာရီဝန်းကျင်လောက်ဆို ဒီလက်ဖက်ရည်ဆိုင်ကိုလာခဲ့မယ်၊ မလာဖြစ်တဲ့ ရက်တွေရှိရင် လည်း ဘာမှတွေးမနေနဲ့၊ မအားလို့ မလာဖြစ်ဘူး လို့ပဲ မှတ်လိုက် ဟုတ်ပြီလား
ကျနော် အတော်လေးဝမ်းသာသွား၏။ ဘာပဲပြောပြော ပုံမှန်တွေ့ဖြစ်၊ စကားပြောဖြစ်နေလျှင် အခြေအနေမဆိုးနိုင်။ နည်းနည်း စိတ်သက်သာရာရသွားသော်လည်း ဖြစ်နိုင်ရင်တော့ အချိန်မရွေး ဆက်သွယ်လို့ရချင်တာတော့အမှန်။ ထိုအချိန်က လက်ကိုင်ဖုန်းများမှာ ယခုလိုဈေးမပေါသေး။ တစ်လုံးကို ၁၅ သိန်း၊ သိန်း ၂၀ ပေးဝယ်နေရသည့် ခေတ်မှသည် တစ်လုံး နှစ်သိန်း၊ နှစ်သိန်းခွဲလောက်အထိ ဈေးကျ သွားခဲ့ပြီဆိုသော်လည်း သာမန် အောက်ခြေ ကုမ္ပဏီ ဝန်ထမ်းလေး ကျနော့်မှာ အိမ်ကအငယ်ကောင် ကိုလည်း ခေါ်ထားပြီး ကျောင်းထားပေးရ၊ မိဘကိုလည်း တတ်နိုင်သလောက် ဝိုင်းထောက်ရသေးတော့ ကိုယ်လည်းဖုန်း ဝယ်မကိုင်နိုင်၊ သူ့ကိုလည်း ဝယ်မပေးနိုင်။ သူကတော့ သူ့အိမ်ရှင်အဘွားကြီး အိမ်ဖုန်းကိုပေးသည်။ (ဒါတောင် မနည်း တောင်းတောင်းပန်ပန် တောင်းရသည်။ အလွတ်မရဟုဆိုသဖြင့် နောက် ရက်ကျမှ သူရေးယူလာသည်။) ကျနော်ကတော့ ဘေးတိုက်မုန့်ဆိုင်က ဖုန်းနှင့် ရုံးဖုန်းတို့ကိုပေးထားသည်။ တစ်ခုခုရှိလျှင် ဆက်ပါဟုသူ့ကိုမှာထားလိုက် သည်။
သည်လိုနှင့် ညနေရုံးဆင်းချိန်ရောက်လျှင် ခင်လွမ်းနှင့်ကျနော်တို့ ၃၇ လမ်း အောက်ဘလောက်က လက်ဖက်ရည်ဆိုင်မှာ ဆုံကြ သည်။ သူက ပန်းဆိုးတန်းအဟောင်းတန်းပတ်ပြီး ဝယ်လာသည့် စာအုပ်လေး များကို ပြသည်။ များသောအားဖြင့် ပန်းချီနှင့် ဆိုင်သည့်စာအုပ်တွေ များသည်။ လွမ်းသည် ပန်းချီကား ရောင်းရငွေ၊ ဘာသာပြန်အလုပ်လေးများမှ ရငွေတို့ဖြင့် ရပ်တည်နေရမှန်း တဖြည်းဖြည်းသိလာသည်။ တာမွေက အိမ်မှာက နေလာတာ ငါးနှစ်၊ ခြောက်နှစ်လောက် ရှိပြီမို့ တစ်ကြောင်း၊ အိမ်ငှားခကလည်း အဘွားကြီးကို လချင်းပေးလို့ရသည်က တစ်ကြောင်း ထိုနေရာမှပြောင်းဖို့ မစဉ်းစားတော့။ အပေါင်း အသင်းလည်း မရှိ၊ ရည်းစားသနာလည်းမရှိ၊ တစ်ကိုယ်တောင် စိတ်ကြိုက်လွင့်မျောနေသည်။ လွမ်း သူ့အခန်းလေးထဲမှာ တကုပ်ကုပ်နှင့် ပန်းချီဆွဲလိုက်၊ ဘာသာလေးပြန်လိုက်နှင့် နေသည်။ အင်္ဂလိပ်စာ ကောင်းမှန်း သူဘာသာပြန်တာတွေ ကျနော် တစွန်းတစကြည့်ရင်း သိလာရသည်။ အင်္ဂလိပ်စာ သင်တန်း ဖွင့်စားပါလား ဟု ပြောတော့ သူက လူတွေနှင့် စကားပြောရတာမကြိုက်ဘူးတဲ့။ ဟုတ်မှာပေါ့ သူ့ စိတ် အခြေအနေ အရဆိုလျှင် လူတွေနှင့် သိပ်အစေးမကပ်ဘဲ ထီးတည်း ကင်းကင်းနေလိုစိတ်ရှိသည့် စရိုက်မဟုတ်ပါလား။ ဒါကသိပ်တော့မထူးဆန်းပါ။ ဒါကြောင့်လည်း လွမ်းသည် စိတ်ကျရောဂါကို ပြင်းထန်စွာခံစားရခြင်း ဖြစ်သည်ပဲ။
* * *
အစ်ကိုက စိတ်ကျရောဂါအကြောင်း ဘယ်လောက်သိလို့ လွမ်းကို လာဆရာလုပ်နေရတာလဲ
သူနှင့်နည်းနည်းရင်းနှီးလာပြီးနောက် တစ်ရက်မှာတော့ သေကြောင်းကြံစည်မှုနှင့်ပတ်သက်ပြီး သူ့ကို တရားဟောဖို့ စကားအစ ခင်လွမ်း ပြန်ပြောလိုက်သဖြင့် ကျနော် ပါးစပ်ပိတ်သွားသည်။ သူက တစ်လ အတွင်းသာ ဘာမှမလုပ်ဟု ကတိပေး ထားတာဆိုတော့ တစ်လမပြည့်ခင် သူ့စိတ်ပြန်မပြောင်းအောင် လုပ်ဖို့ အရေးကြီးသည် မဟုတ်လား။
လူတွေက အဲဒါပဲ၊ တစ်ခါလာလည်း လူ့ဘဝဆိုတာ ရခဲပါတယ်တို့၊ အဖန်ငါးရာငါးကမ္ဘာတို့၊ ဘဝကိုလက်မြှောက် အရှုံးမပေးပါနဲ့တို့ချည်းပဲ စာထဲကအတိုင်း လာရွတ်ပြနေကြတယ်။ ကျမတို့ကို တကယ် နားလည်အောင် မကြိုးစားကြဘူး။ ကဲ အစ်ကို့ကိုမေးမယ်၊ အစ်ကို့ဘဝမှာ သေချင်စိတ် ပေါက်လောက် အောင် စိတ်ကျဖူးသလား
ကျနော် ခေါင်းခါလိုက်သည်။ ကျနော့်ဘဝက အဆင်ပြေပြေထဲကတော့မဟုတ်၊ နယ်မြို့လေး တစ်မြို့မှာမွေးပြီးကြီးသည်။ မွေးချင်းတွေတစ်ပြုံတစ်ခေါင်း။ မိဘက သာမန်လက်လုပ်လက်စား။ ဒါပေမဲ့ နယ်မှာဆိုတော့ သည်လိုပဲ နယ်ပီပီ နေရင်းထိုင်ရင်း ကြီးပြင်းလာခဲ့သည်ပဲ။ ပညာလေးကတော့ မတောက် တခေါက် ထူးချွန်တော့ ဆယ်တန်းနှစ်ချင်းပေါက် အောင်ပြီး တက္ကသိုလ် ဆက်တက်၊ ပြီးတော့ ရန်ကုန်က ကုမ္ပဏီတစ်ခုမှာအလုပ်ရပြီး အလုပ်ဆက်လုပ်။ မချမ်းသာသော် လည်း၊ အဆင်မပြေမှုတွေရှိသော် လည်း သူ့ဟာနှင့်သူတော့ ဘဝကို ရုန်းကန်ရင်းအသားကျနေ ပျော်ပိုက်နေသည်ပဲလေ။
ကျမ သေကြောင်းကြံစည်ခဲ့တယ်ဆိုတာ အလကားနေ အလကား စိတ်ရူးပေါက်ပြီး လွတ်ပြီး လျှောက်လုပ်ခဲ့တာ မဟုတ်ဘူး။ ကျမမှာ ပြင်းထန်တဲ့စိတ်ကျရောဂါရှိတယ်ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် သိတယ်။ ဆရာဝန်တွေနဲ့လည်း ကုဖူးတယ်။ ကျမရောဂါအကြောင်းလည်း ကိုယ့်ဟာကိုယ် စာတွေဖတ်ပြီး လေ့လာဖူးတယ်၊ ကျမရောဂါအကြောင်းကို ကျမက အစ်ကို့ထက် ပိုသိတယ်။ ဆရာဝန်တွေထက်တောင် ပိုသိချင်သိဦးမယ်။ ဆရာဝန်တွေကိုလည်း မယုံကြည်ဘူး။ ဒါနဲ့ ကိုယ့်ဟာကိုယ်ပဲ ကုနေခဲ့တာ။
မဟုတ်ဘူးလေ အစ်ကိုဆိုလိုချင်တာက …”
အစ်ကိုဘာဆိုလိုချင်လဲ ကျမသိတယ်။ အစ်ကို့လိုမျိုး ကျမကို နားချဖို့၊ တရားချဖို့လုပ်တဲ့သူတွေ အများကြီး တွေ့ဖူးပြီးသား၊ ဒီလောက်နဲ့တော့ တက်မလာနဲ့၊ တောက်ချလိုက်မယ်။ ကျမကို အစ်ကိုတရားဟော ချင်တယ်ဆိုရင် ကျမထက်မနိမ့်တဲ့ အတွေ့အကြုံ၊ ဗဟုသုတ ရှိဖူးမှ လာပြော၊ ဟုတ်ပြီလား။ ကြားဖူးနားဝနဲ့ လူကိုလာပြီး ဟိုလို မတွေးပါနဲ့လား၊ ဒီလိုတွေးကြည့်ပါလားလုပ်တာမျိုး သိပ်မုန်းတာပဲ။
ကျနော်ဘာပြန်ပြောရမှန်းမသိတော့။ လွမ်းသည် သူလိုငါလို ရောဂါသည် တစ်ယောက် မဟုတ်မှန်း တဖြည်းဖြည်း သိလာပြီဖြစ်သည်။ သူ့ဥပဓိ၊ စကားပြောပုံဆိုပုံ၊ ပညာတတ်ပုံတို့ကိုကြည့်လျှင် သူသည် မိဘမျိုးရိုး အဆင့်အတန်း မြင့်မြင့်ထဲက ဖြစ်နိုင်သည်။ ထက်မြက်သည့် မိန်းမတစ်ယောက်၊ ရဲရင့်သတ္တိရှိသည့် မိန်းမတစ်ယောက်ဖြစ်သည်။ သူ့ကိုယ်သူ ဘာဖြစ်နေမှန်းသိပြီး သူဘာလုပ်နေမှန်းကိုလည်း သိသည့် ဉာဏ်ရည်မြင့် စိတ်ရောဂါရှင် တစ်ယောက်ဟု ဆိုရမည်လားမသိ။
ဆရာလုပ်တယ်တော့မဟုတ်ဘူးပေါ့ကွာ။ မင်း မပြောကောင်းမဆိုကောင်း ဖြစ်သွားမှာ စိတ်ပူလို့ပါ
ဆောရီးပါ အစ်ကို။ ကျမ အစ်ကို့စေတနာကိုစော်ကားသလိုဖြစ်သွားရင်း စိတ်မကောင်းပါဘူး။ တချို့သော လူတွေဟာ စိတ်ပျော့ညံ့လို့ စိတ်ကျ နေကြတယ်လို့ မထင်စေချင်တာပါ။ ကမ္ဘာမှာအထင်ကရ ကျော်ကြားတဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ လင်ကွန်းတို့၊ ဝင်စတန်ချာချီတို့တောင် စိတ်ကျရောဂါကို အပြင်းအထန် ခံစားခဲ့ရတယ်ဆိုတာ မမေ့ပါနဲ့။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘဝအတွေ့အကြုံတွေ မတူညီနိုင်ဘူး အစ်ကို။ ဘဝမှာရလာခဲ့တဲ့ ရိုက်ခတ်မှုပမာဏ၊ ခံနိုင်ရည် ပမာဏ၊ ဘေးက ပံ့ပိုးပေးမှုတွေလည်း မတူကြဘူး။ ဒါကြောင့် ကိုယ့်နေရာကနေကြည့်ပြီး စိတ်ကျရောဂါရသူတွေကို မင်းတို့ပျော့ညံ့လှချည်လားလို့ မတွေးစေချင် တာပါ။ ကျမတို့အဆင့်လောက် ဖြစ်ဖူး၊ ကြုံဖူးမှသာ ကျမတို့ကို နားလည်နိုင်မှာ
ဒါဆိုရင်လည်း မင်းဘာကြောင့် စိတ်ကျရောဂါရတယ်ဆိုတာ အစ်ကို့ကိုမပြောပြနိုင်ဘူးလား။ ခုထိ အစ်ကို့မှာ မင်းအကြောင်းကို ဘာမှမသိရသေးဘူး
မသိချင်ပါနဲ့အစ်ကို။ ကျမ မပြောပြချင်ပါဘူး။ ဖြစ်နိုင်ရင် ပြန်ပြီးမစဉ်းစားချင်လောက်အောင်ကို အတိတ်ဟာ နာကျည်း စရာကောင်းပါတယ်။ ဘဝဟာ ဘာလို့ဒီလောက် ဆိုးရတာလဲ။ ဘာလို့ ကျမကျမှ ဒီလိုခံစားရ တာလဲ။ လူ့ဘဝရလာတာဟာ ဒုက္ခခံဖို့ သက်သက်ပဲလားလို့ အမြဲတမ်းမေးခွန်းထုတ်ရတယ်။ တောင့်ခံထားရတာ ကြာလာတော့ ကျမစိတ်တွေမှာ ခံစားမှု မရှိတော့ဘူး။ ထုံပေပေဖြစ်နေပြီ။ အရွဲ့တိုက်ချင်စိတ်တွေချည်းပဲ။
ကျနော့်မှာ သက်ပြင်းရှည်များသာ အခါခါချမိတော့သည်။ သူ့ဘဝအကြောင်းကို မေးလျှင် ကျနော်နှင့်ဆက်မတွေ့တော့ဟု ခြိမ်းခြောက်ထားသဖြင့် ကျနော့်မှာ လွမ်းကို သူ့အကြောင်း ဘာမှထပ်မစပ်စု ရဲတော့။ သို့သော်လည်း စကားပြောရင်း တစ်ချက်တစ်ချက် သူ့ဆီက သူ့အကြောင်းတွေကို တစွန်းတစ သိခွင့်ရခဲ့တာတော့ရှိသည်။ အပြည့်အစုံတော့မဟုတ်။
* * *
လွမ်းတွင် ကျနော်နှင့်မတွေ့ခင်အထိ အပေါင်းအသင်းမိတ်ဆွေဟူ၍ မရှိ။ ပန်းချီဆွဲခြင်းသည်သာ သူ့အဖော်ဖြစ်သည်။ ပန်းချီပြခန်းတွင် သူ့ပန်းချီကားများကို ပြသရောင်းချလေ့ရှိသော်လည်း ပန်းချီ ဆရာများနှင့်လည်း သိပ်ရောရောနှောနှော မရှိလှ။ ပြခန်းပိုင်ရှင်များနှင့်ရော ဘဝတူ ပန်းချီဆရာများနှင့်ပါ အလုပ်သဘောအရသာ ဆက်ဆံသည်။ ဘာသာပြန် အလုပ်မှာလည်း အပေါင်းအသင်းအဆက်အသွယ်များ၍ ရသည်မဟုတ်။ တစ်ခါက ပန်းဆိုးတန်း အဟောင်းတန်းမှာ စာအုပ်ဝယ်နေတုန်း ဘေးနားမှာ စာအုပ်တစ်အုပ်ရှာနေသည့် နိုင်ငံခြားသားတစ်ဦး စာအုပ်ရောင်းသူနှင့် သူ့စကား ငါနားမလည်၊ ငါ့စကား သူနားမလည်ဖြစ်နေသဖြင့် ဝင်ရောက်ကူညီခဲ့ဖူးသည်။ ထိုနိုင်ငံခြားသားက လွမ်း၏ အင်္ဂလိပ်စကားပြောကို ကြိုက်ပြီး သူ့ရုံးမှာ လာမလုပ်ချင်ဘူးလားဟု မေးသည်။ ခင်လွမ်းက ဝန်ထမ်း မလုပ်ချင်သူ ဆိုတော့ သူ့ရုံးအတွက် စာရွက်စာတမ်းလေးများ ဘာသာမပြန်ချင်ဘူးလားဟု မေးရာမှ ဒါဆိုရင်တော့ လုပ်မယ် ဆိုကာ လုပ်ဖြစ်သွားခဲ့သည်ဟု ဆိုသည်။ သူ့ ဘာသာပြန်ကိုလည်း ထိုနိုင်ငံခြားသားကြီး၏ရုံးမှ မြန်မာဝန်ထမ်း များက ဖတ်ကြည့်ပြီး ကြိုက်သဖြင့် အလုပ်ဆက်အပ်ဖြစ်၊ ထိုရုံး၏အဆက်အသွယ်မှတစ်ဆင့် တခြားရုံး များ၏ အလုပ်များပါ လက်ခံဖြစ် သွားခြင်းဖြစ်သည်ဟု ပြောပြသည်။ ခင်လွမ်းအတွက် ပန်းချီကား တစ်ကား ရောင်းရဖို့ မလွယ်၊ သူ့ ပန်းချီကားများက လူကြိုက်နည်းသည်ဟု ပြောသည်။ တစ်ခါတော့ ကျနော်က လူကြိုက်နည်းတိုင်း စိတ်မပျက်နဲ့လေ၊ ဗန်ဂိုးလိုမျိုး သူသေမှ သူ့လက်ရာတွေကို လူတွေက ထကြိုက်ကြတာ မျိုး ဖြစ်ချင်ဖြစ်နေမှာဟု နောက်ရင်းပြောမိသည်။
အာမနှိုင်းကောင်း နှိုင်းကောင်း မလုပ်ပါနဲ့ အစ်ကိုရယ်ဟိုက ပါရမီရှင်ကြီး။ လွမ်းက ပမွှားပန်းချီဆရာမလေးပါ
ဗန်ဂိုးလည်း သူမသေခင်က သူ့ကိုယ်သူ ပါရမီရှင်မှန်းသိသွားတာမှမဟုတ်တာ
လွမ်း ကတော့ တကယ်ကိုပမွှားပါ။ ဒါပေမဲ့ အဲဒီကမ္ဘာကျော်ပန်းချီဆရာကြီးနဲ့ တူတာတစ်ခုတော့ရှိတယ်၊ ကံဆိုးတာ ပဲ။ ကျမတို့လို အနုပညာသမားတွေဟာ ပိုပြီးတော့ စိတ်ထိခိုက်ခံစားလွယ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ပိုပြီး နပန်းလုံးရတဲ့အချက်ပဲ။ လွမ်းက မိန်းမဖြစ်တော့ ပိုခံစားရတယ်။ မိန်းမတွေဟာ ယောက်ျားတွေထက် နှစ်ဆကနေ သုံးဆအထိ စိတ်ကျရောဂါခံစားရနိုင်ခြေပို မြင့်မားတယ် တဲ့။ သိလား။ အမျိုးသမီးတွေထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေတဲ့အထဲမှာ စိတ်ကျရောဂါဟာ ထိပ်ဆုံးထဲမှာ ရှိတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အကြီးစား စိတ်ကျရောဂါ ခံစားရတဲ့ အမျိုးသမီးဦးရေဟာ ၂၀ ရာခိုင်နှုန်းအထိရှိတယ်လို့ စာထဲ ဖတ်ဖူးတယ်။
ဘာလို့ မိန်းမတွေမှာစိတ်ကျရောဂါပိုဖြစ်ရတာတဲ့လဲဟု ကျနော်က ပြန်မေးလိုက်သည်။ သူ့ရောဂါ အကြောင်း သူ့လောက် ကျနော်မသိတာအမှန်။ နည်းနည်းပါးပါးတော့ အင်တာနက်မှာ လိုက်ဖတ် ကြည့်သေးသော်လည်း ကိုယ်က အင်္ဂလိပ်လို သိပ်မရတော့ ဂဃနဏမသိသေး။ ဒါကြောင့် လွမ်းကို ဆရာပြန်တင်တာပဲ အကောင်းဆုံး။
အဲဒါတော့ ပညာရှင်တွေအမျိုးမျိုးပြောကြတာပဲ။ တချို့ကတော့ ယောက်ျားနဲ့မိန်းမကြားက စိတ်ပိုင်း၊ ဇီဝဖြစ်စဉ်ပိုင်းနဲ့ ဟော်မုန်းပိုင်း မတူညီမှုတွေကြောင့် အဓိကလို့ဆိုကြတယ်။ ဥပမာ မိန်းမတွေဟာ ကလေးမွေးပြီးတဲ့နောက်မှာ စိတ်ကျဖို့ရာ အဖြစ်နိုင်ဆုံးပဲတဲ့။ ကိုယ်ဝန်ဆောင်ရတာနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ ဟော်မုန်းနဲ့ကိုယ်ခန္ဓာပိုင်း အပြောင်းအလဲတွေကြောင့်တဲ့။
လွမ်းက လက်ရမ်းကိုကျောဖြင့်မှီပြီး ရပ်နေရာမှ မြစ်ဖက်သို့မျက်နှာမူပြီး ပြန်ရပ်လိုက်သည် (ထိုနေ့က လက်ဖက်ရည်ဆိုင်မထိုင်ဘဲ အပြောင်းအလဲဖြစ်အောင် ဗိုလ်တထောင်ကမ်းနားသွားထိုင်ခဲ့ကြသည်။) ပြီးမှ -
ဒါပေမဲ့ ယောက်ျားတွေကျတော့ စိတ်ကျရောဂါရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြတဲ့ ရာခိုင်နှုန်းပိုများတယ်။ အကြောင်းကတော့ သူတို့က အရက်တို့၊ မူးယစ်ဆေးတို့ ပိုသုံးစွဲကြပြီး အဲဒါတွေရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ထွက်ပေါက်ရှာသွား ကြတာ။ မိန်းမတွေဟာ သတ်သေကြဖို့ ပိုပြီး ကြိုးစားကြတယ်၊ ဒါပေမဲ့ တကယ် အထမြောက် အောင်မြင်မှုမှာတော့ ယောက်ျားက ပိုများတယ်လို့ သုတေသနတွေက ဆိုတယ်
ခင်လွမ်းသည် သူ့ရောဂါအကြောင်းကို အသေအချာလေ့လာထားသူဖြစ်သည်။ ကျနော် သူနှင့်ဖက်ပြိုင်၍ မပြောနိုင်။ မိကျောင်းမင်းရေကင်းပြသလိုသာရှိလိမ့်မည်။ ခင်လွမ်းက ဆက်ပြောသည်။
လွမ်းရဲ့ရောဂါက ဘိုင်ပိုလာ ဒစ္စအောဒါ လို့ခေါ်တယ်၊ စိတ်အတက်ကြွလွန်ခြင်းနဲ့ စိတ်အကျလွန်ခြင်း နှစ်ခုကြားမှာ လူးလာပြေးနေတာ မျိုးပဲ။
ဒါဆို ဒီလိုစိတ်ကျရောဂါ ဖြစ်ရတဲ့အကြောင်းရင်းခံတွေကရောဟု ကျနော်က မေးလိုက်သည်။
အဲဒါကိုတော့ မသိကြသေးဘူး။ မျိုးရိုးရယ်၊ ဘိုင်အိုကင်မကယ် (ဇီဝဓာတု) ရယ်၊ ပတ်ဝန်းကျင်နဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်း အချက်တွေရယ် ပေါင်းဆုံပြီးဖြစ်လာတာမျိုးလို့တော့ ရေးသားကြတာပဲ။ အကြောင်းတစ်ခုတည်းကနေ ဖြစ်လာတာမျိုး တော့မဟုတ်ဘူး။ ငယ်ကရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ မိသားစုအဆင်မပြေတာ၊ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးရတာ၊ အောင်မြင်တဲ့ အချစ်ရေးကိုမရတာ၊ စိတ်ဖိစီးမှုများစေတဲ့ အကြောင်းတစ်ခုခု ကြုံနေရတာ စတာတွေပေါ့…”
ဒါဆို လွမ်းကို ခုလိုဖြစ်စေတဲ့အဓိကအကြောင်းက ဘာများဖြစ်မလဲနော်
ကျနော်က အငိုက်ဖမ်း၍ မေးလိုက်သည်။ လွမ်းကတော့ ဘာမှထူးထူးခြားခြားဖြစ်မသွား။ မြစ်ကူးသင်္ဘောတွေကိုသာ ကြည့်နေသည်။
လွမ်း တစ်ခုမေးမယ်၊ အစ်ကို့ ဘဝမှာ ငြင်းပယ်ခံရတာမျိုးကြုံဖူးလား
ဘယ်လိုငြင်းပယ်တာမျိုးလဲ၊ ဥပမာ…”
ကလေးတစ်ယောက် မိဘအနားကို သွားကပ်ဖို့ကြိုးစားတဲ့အခါ အနားကပ်မခံဘဲ အော်လွှတ်ခံရတာမျိုးက အစ၊ အလုပ်လျှောက်လို့ ငြင်းပယ်ခံရ တာမျိုးအလယ်၊ ကိုယ်ချစ်ရသူရဲ့ငြင်းပယ်မှုကို ခံရတာအဆုံး တစ်ခုခုပေါ့
ငြင်းပယ်ခံရသည့် ခံစားချက်ကို ကျနော် သိပ်မသိပါ။ ငယ်ငယ်က မိဘက အလုပ်ထွက်လုပ်နေကြတာများ၍ အတွေ့ရ နည်းသော်လည်း မိဘတွေနှင့်ရင်းနှီးနှီးတော့ရှိသည်။ ညီအစ်ကိုမောင်နှမတွေ ကတော့ အမြဲလုံးထွေးနေခဲ့သည်။ မိဘအိမ်မှာမရှိခိုက် အဒေါ်အပျိုကြီးနှင့် အဘွားတို့က ထိန်းကျောင်းကြသည်။ စားလည်း ညီတူမျှတူ ကျွေးသည်၊ ဝတ်လည်း ကြီးစဉ်ငယ်လိုက် အကျဝတ်ရသည်မို့ သာသည်နာသည် သိပ်မသိ။ အလုပ်ကျတော့လည်း ပထမတစ်ခါ မရပေမယ့် နောက်အလုပ်ကျတော့ ရသည်။ နယ်မှာတုန်းက ကောင်မလေးတွေကို ရည်းစားစကားလိုက်ပြောတုန်းက ပြန်ကြိုက်သူလည်းရှိသည်၊ ပြန်ရန်တွေ့ လွှတ်သူလည်းရှိသည်။ သိပ်တော့ ထွေထွေထူးထူး မခံစားဖူးပါ။ တက္ကသိုလ် ကျောင်းတက်တုန်း တစ်ကြိမ်တော့ အသည်းကွဲဖူးသည်။ ဒါလည်း ကျနော်ကိုယ်တိုင်က သိပ်အလေးအနက် မထားခဲ့၍ လည်း ဖြစ်ချင်ဖြစ်မည်။ ကျနော်တို့ ကြီးပြင်းလာခဲ့သည့်ဘဝကိုက အနုအရွတွေခံစားဖို့သိပ်အခြေအနေမပေးဘဲ ရုန်းကန် လှုပ်ရှားနေရ၍လား မသိ၊ တစ်ခုခုဆို သိပ်မခံစားတတ်အောင် ဘဝကသင်ပေးလိုက်သလိုရှိသည်။ လွမ်းတို့လို လူမျိုးကတော့ တစ်ခုခုဆို အတော်ကို နက်နက်ရှိုင်းရှိုင်း လေးလေးနက်နက် ခံစားတတ်ကြ သည်ဆိုတော့ တစ်ခုခုဆို ပြန်ခံစားရသည့်ဒဏ်ကလည်း သေးမည်မဟုတ်ဟုထင်သည်။
ဘာလဲ လွမ်းကို လွမ်းချစ်ရတဲ့သူက ငြင်းပယ်တာခံရဖူးလို့လား
လွမ်းက ခေါင်းညိတ်သည်။ ယင်းသည် သူ့ဘဝနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် တစ်စွန်းတစ်စ သိခွင့်ရခြင်း လည်း ဖြစ်သည်။ ကျနော်လည်း ထွက်လာသည့်အစလေးကို ဆက်ဆွဲထုတ်ဖို့ကြိုးစားသည်။
ဟုတ်နိုင်ပါ့မလား လွမ်းရယ်လွမ်းဟာ ချောလည်းချော၊ ပညာလည်းတတ်၊ ထက်လည်း ထက်မြက်နဲ့ ဟာကို။ လွမ်းလိုမိန်းကလေးမျိုးကို ဘယ်ယောက်ျားက ငြင်းပယ်မှာတဲ့လဲ။ လွမ်းကသာ သဘောကျတယ်ဆို အဲဒီယောက်ျားဟာ ကပြီးတော့တောင် ပြေးလာဦးမှာ
ဘယ်ဟုတ်မလဲ အစ်ကိုရဲ့အချစ်မှာ ဘာဖြစ်ရင် ဘာဖြစ်ရမယ်ရယ်လို့ ထုတ်ထားတဲ့သီအိုရီမရှိဘူး။ မေတ္တာဟာ အသွားအပြန်ရှိတယ် ဘာညာ လွမ်းမယုံကြည်ပါဘူး။ ဦးနှောက်နဲ့စဉ်းစားကြည့်လို့ လောဂျစ်ကျတဲ့အရာဟာ လက်တွေ့ခံစားချက်မှာတော့ အဲဒီ လောဂျစ်အောက်ချင်အောက်ပြန်ရော။ အချစ်မှာ ဖြစ်ချင်သလိုဖြစ်တာပဲအချစ်ဟာ ခေးအော့စ်ပဲလေ။ သိတယ်မလား ခေးအော့စ်ဆိုတာ
ကျနော်က ခေါင်းညိတ်ပြလိုက်ပြီး အင်း... အစီအစဉ် တကျမရှိတာ၊ ဖြစ်ချင်သလို ဖြစ်တာ ဆိုလားဟု ဆက်ပြောလိုက်သည်။ လွမ်းက ဆက်ပြီး -
ဗီယက်နမ်ဆိုရိုးတစ်ခုရှိတယ် အစ်ကို။ နေကောင်းတဲ့သူက ထမင်းဟင်းစားချင်တယ်၊ လူမမာက စွပ်ပြုတ်သောက်ချင်တယ်တဲ့။ ကိုယ်ကတော့ ကိုယ်ချက်တဲ့ဟင်းကို ရှယ်ချက်ထားတဲ့ ဟင်းတစ်ခွက်လို သဘောထားချင် ထားနေပေမယ့် ဟိုဘက်က စွပ်ပြုတ်ပဲ သောက်ချင်နေတာမျိုးဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ ရယ်ရတယ်နော် လောကကြီးက
လွမ်းသည် ပြောရင်းနှင့် တဟက်ဟက်ရယ်လိုက်လေသည်။ ကျနော်က -
ဒါဆို လွမ်း အငြင်းပယ်ခံခဲ့ရတာဟာ လွမ်း ရောဂါရဲ့ …”
နိုး နိုး အဲဒါ တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ခုနကပြောသလို အကြောင်းတွေ အများကြီး ပေါင်းဆုံပြီးတော့မှ ဖြစ်လာတာမျိုး လေ။ တစ်ခုတည်းကို သွားပြီး တရားခံရှာလို့မရပါဘူး။
အစ်ကိုနားမလည်ဘူး လွမ်းရာလွမ်းဆိုရင် လူကလည်းအချောအလှ၊ ဉာဏ်လည်းထက်၊ ပညာလည်းတတ်။ ကြည့်ရတာ မိဘကလည်း ချမ်းသာမယ်၊ အဆင့်အတန်းမြင့်မယ် ထင်တာပဲ။ ဆင်းရဲသားတွေ၊ မွေးကတည်းက ဒုက္ခိတဖြစ်လာသူတွေ၊ စစ်ကြောင့်ဖြစ်ဖြစ် မတော်တဆကြောင့် ဖြစ်ဖြစ် ဘဝသေသလိုဖြစ်သွားသူတွေတောင် ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက် ရှင်သန်နေကြသေးတာကို လူကောင်းတွေက ဘာလို့များ….”
ပြည့်စုံကောင်းမွန်နေတဲ့လူတွေမှာ စိတ်ကျစရာအကြောင်းမရှိဘူးလို့ ပြောချင်တယ်ပေါ့။ ဒီမယ် အစ်ကို၊ ဘဝမှာ ပျော်ရွှင်မှုကို ရမရဟာ ဘာအချက်နဲ့ပဲဆိုင်တယ်ရယ်လို့မရှိဘူး။ ဆင်းရဲသားတစ်ယောက်၊ ဒုက္ခိတတစ်ယောက်ဟာ ပျော်ချင်ပျော်နေ နိုင်သလို ဥစ္စာပေါ ရုပ်ချော ပညာတတ်တစ်ယောက်ကလည်း စိတ်ဆင်းရဲချင် ဆင်းရဲနေနိုင်တာပဲ။ လူကောင်းသူကောင်းလေးမို့လို့ ဘဝဟာ ကောင်းမှာပဲလို့ လူတွေက ထင်တတ်ကြတယ်။ တကယ်ကတော့ ပြောင်းပြန်ဖြစ်ချင်ဖြစ်နေတာပဲ။ လူကောင်းလေးက စောစောစီးစီး ကားတိုက်သေသွားနိုင်ပြီး လူမုန်းများတဲ့ လူဆိုးတစ်ယောက်ကလည်း အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ နေချင်နေသွားရတာမျိုးလို ပုံသေကားကျ မှတ်လို့မှမရတာ။ ဒါကြောင့် ဘယ်လို ဘဝအခြေအနေမျိုး မှာနေရသူဟာ ဘယ်လိုစိတ်အခြေအနေကိုရမယ်ရယ်လို့ တပ်အပ်မပြောနိုင်ဘူးလေ။ ဖြစ်နိုင်ခြေတွေ အများကြီး ထဲကမှ ကိုယ်စိတ်ကို လာတိုက်နေတဲ့ အရာတွေဟာ စိတ်ကို ပေါ့ပါးပျော်ရွှင်စေ နိုင်တဲ့အရာ တွေဖြစ်ပြီး ကိုယ့်ကိုတည့်တည့်လာတိုးမိနိုင်သလို စိတ်ကိုဖိစီးလေးလံစေတဲ့ အရာတွေ လည်း ဖြစ်နိုင်ပြန်တာပဲ။ သူစိမ်းတစ်ယောက်ရဲ့မျက်လုံးထဲမှာတော့ လွမ်းရဲ့ဘဝပေးအခြေအနေဟာ ကံကောင်း တယ်လို့ မြင်မှာပဲ။ တကယ့်တကယ်မှာတော့ အဲဒီအချက်တွေနဲ့ ဘဝအရည်အသွေးကို တိုင်းလို့မရဘူးဆိုတာ သူတို့သဘောမှမပေါက်တာ
လွမ်းနှင့် စကားပြောဆိုရသည်မှာ ဗဟုသုတအတော်ရသလို တွေးစရာတွေလည်း ရလေသည်။ လွမ်းသာ စိတ်ကျရောဂါမှ လွတ်မြောက်လျှင် ဘယ်လောက် အဖိုးတန်သည့်လူတစ်ယောက်ဖြစ်မလဲဟု တွေးမိသဖြင့် သူ့ကိုပြောပြမိသေးသည်။ ဘာလိုလိုနှင့် လွမ်းပေးထားသည့် အချိန်တစ်လပြည့်သည့်နောက် နောက်ထပ် တစ်လ သက်တမ်းတိုးသည်။ သည်လိုနှင့် တစ်လပြီးတစ်လ သက်တမ်းတိုးရင်း လေးလသို့ ရောက်လာလေသည်။ လွမ်းနှင့်ကျနော်တို့ ရင်းနှီးမှုလည်း တိုး၍တိုး၍သာ လာသည်။ သူလိုအပ်လျှင် ကျနော်က ပိုက်ဆံချေးသလို ကျနော်လိုလျှင်လည်း သူ့မှာရှိသလောက်လေး ထုတ်ပေးတတ် သည်။ လွမ်းပြောသလို လွမ်းသည် စိတ်အတက်ကြွလွန်ခြင်းနှင့် စိတ်အကျလွန်ခြင်းနှစ်ခုကြား အပြန်အလှန် သွားနေသည် ဆိုခြင်းကို နားလည်လာသည်။ လွမ်းသည် တစ်ခါတစ်ရံတွင် သာမန်ထက်ကို ပိုပြီး လွန်လွန်ကဲကဲ တက်ကြွနေတတ်သည်။ တစ်ခုခုကိုလုပ်ချင်ပြီဆိုလည်း သူ့ကိုဘယ်သူမှလိုက်မမီ။ စိတ်လိုလက်ရ ပန်းချီဆွဲပြီဆိုလျှင် တစ်ညလုံးမအိပ်မနေ။ ပြီးရင် ချက်ချင်း ငေးမောထိုင်းမှိုင်းကာ လူက အရုပ်ကြိုးပြတ် ပုံကျသွား တတ်ပြန်သည်။ သူ ညစ်နေပြီဆိုရင်တော့ -
လွမ်းဘဝမှာ သူများတွေသာ ကိုယ့်ကြောင့်ပျော်ရွှင်သွားကြတာတွေ ကြုံခဲ့ပေမယ့် လွမ်းကို ပျော်အောင်လုပ်ပေးနိုင်သူကတော့ ရှားသားပဲအစ်ကိုရယ်”  ဟု ပြောပြောနေတတ်သည်။
အစ်ကိုကရော လွမ်းကိုပျော်အောင်လုပ်မပေးနိုင်ဘူးလား။ အစ်ကိုနဲ့တွေ့ရဆုံရတဲ့အတွက် လွမ်းမပျော်ဘူးလား
လွမ်း မသိဘူး။ လွမ်းမှာ ပျော်တယ်ဆိုတာ ဘာလဲလို့ခွဲခြားသိမြင်နိုင်တဲ့ အာရုံခံစားမှုတောင် ပျောက်သွားခဲ့တာ။ လွမ်းရဲ့ စိတ်အာရုံတွေဟာ ထုံနေပြီ။ ရောထွေးရှုပ်ထွေးမှုတွေနဲ့ချည်းပဲ။ ပျော်သလား မပျော်သလားလည်း ကိုယ့်ဟာကိုယ် မခွဲခြားနိုင်တော့ဘူး
တစ်ခါတွင် လွမ်းနှင့်ကျနော် စာပေပွဲတော်တစ်ခုသွားကာ စာအုပ်တွေဝယ်လာခဲ့ကြပြီး ကျနော်ငှားနေသည့် အခန်းရှိရာသို့ သူ့ကို ခေါ်လာခဲ့သည်။ ကျနော်နှင့်အတူနေသည့် ညီတစ်ယောက် နယ်ခဏပြန်သွားသဖြင့် လွမ်းကို အိမ်ခဏ ခေါ်လာခဲ့ခြင်းဖြစ်သည်။ အခန်းရောက်တော့ ထမင်းအတူစားကြပြီးနောက် စာအုပ် တစ်ယောက်တစ်အုပ်နှင့် ဇိမ်ယူနေကြသည်။ ထိုစဉ် လွမ်းသည် ရုတ်တရက် မပြောမဆိုနှင့် ငိုချပါတော့ သည်။ ငိုတာမှ ရှိုက်ကြီးတငင်။ ပါးစပ်ကလည်း အဖေ လိုက်မလာနဲ့ မလာနဲ့ အဖေ့ကို လုံးဝ ခွင့်မလွှတ်ဘူးဟု တတွတ်တွတ်။
လွမ်း သတိထားဦးလေ
ခဏနေတော့ လွမ်းတစ်ယောက် ငိုတာရပ်သွားပြီး နံရံကိုမှီကာထိုင်ရင်း စိတ်နှင့်လူနှင့်မကပ်သူတစ်ယောက်လို အဝေးသို့ ကြည့်နေပြန်သည်။ အတော်ကြီးကြာတော့ ဖေဖေ့ကိုသတိရလိုက်တာသမီးအချစ်ဆုံးဟာ ဖေဖေပါဟု ပြောပြန်လေသည်။ လွမ်းလက်ထဲကစာအုပ်ကို ကျနော်ယူလိုက်ပြီး နည်းနည်းဖတ် ကြည့်လိုက်တော့ မိဘကောင်းကြောင်းကို အလွန်အကြူး ဖွဲ့ထားသည့် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်။
ဘာပဲပြောပြော လွမ်းသည် စကားပြောဖော်အဖြစ် ကျနော်ရှိနေခြင်းကြောင့် တစ်ခုသက်သာသည်ဟု ထင်မိသည်။ ကိုယ့်အနားမှာ တစ်ယောက်မှမရှိခြင်းထက် တစ်ယောက်ယောက်ရှိခြင်းက (ထိုလူ၏ရှိခြင်းသည် ထပ်ဆောင်း ဒုက္ခများကို မပေးဘူးဆိုလျှင်) ပိုမကောင်းနိုင်ဘူးလား။ ကျနော်ကတော့ လွမ်း၏ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်သူ၊ လွမ်း၏ ကယ်တင်ရှင်ဆိုသည့် နေရာထူးကြီး ကို ရယူနိုင်တာမျိုးထက် လွမ်းဘေးမှာ သူပြောချင်တာနားထောင်ခွင့်ရသူ တစ်ယောက်အဖြစ် ရှိပေးနိုင်ခြင်းကိုသာ ပိုမြတ်နိုးပါသည်။
ကံကောင်းသည်ဟုပဲပြောရမလားမသိ၊ မကြာခင်မှာပင် ကရုဏာတရားကြီးမားလှသော အစိုးရမင်းများ ကျေးဇူးဖြင့် ဖုန်း ကတ်တစ်ကတ်သည် ကျပ်နှစ်သိန်းမှ တစ်ထောင့်ငါးရာသို့ လျှောကျသွား ပါသည်။ သို့သော် ဝယ်ချင်တိုင်း ဝယ်လို့မရသေး။ မဲပေါက်ဦးမှ။ သို့သော် ကျနော့်ရုံးမှ ဘော့စ်၏ အကူအညီဖြင့် မဲနှိုက်မှရမည့်ဖုန်းကတ်များကို ဝယ်နိုင်ခဲ့ကြသည်။ ကျနော်လည်း ဝမ်းသာအားရနှင့် ကျနော့်ဖို့ ဖုန်းတစ်ကတ်၊ လွမ်းဖို့ ဖုန်းတစ်ကတ်ဝယ်လိုက်သည်။ တန်ဖိုးနည်း ခလုတ်ဖုန်းလေးနှစ်လုံးလည်း ဝယ်လိုက်ကြ သည်။ လွမ်းကို အချိန်မရွေးဆက်သွယ်လို့ ရပြီဆိုသည့်အသိကြောင့် တစ်ပူထပ်အေးရပြန်သည်။ အစိုးရမင်းများ ကျေးဇူး ကြီးပေစွ။
အခြေအနေကောင်းသည့် တစ်နေ့မှာတော့ လွမ်းသည် ကျနော်သူ့ကိုစတွေ့သည့်နေ့က ဘာကြောင့် သေကြောင်း ကြံစည်ခဲ့မှန်း သိချင်သဖြင့် စပ်စုလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ကလည်း ရေစပ် အနား ရောက်နေသဖြင့် သတိရ၍မေးခြင်း ဖြစ်သည်။ သူ့ကိုစတွေ့တုန်းက ကန်တော်ကြီး၊ အခုက အင်းလျားဖြစ်နေတာပဲကွာသည်။
သေခြင်းနဲ့ရှင်ခြင်းကြားမှာ ကွာခြားချက်ကြီးကြီးမားမားရှိလို့လား အစ်ကို။ လွမ်းအတွက်ကတော့ ရှင်နေရတာကနေ သေဖို့ရွေးလိုက်တာဟာ လမ်းရဲ့ညာဘက်ခြမ်းမှာ လျှောက်နေရာကနေ လျှောက်လို့ မကောင်းလို့ လမ်းကူးပြီး ဘယ်ဘက်ခြမ်းကနေ ပြောင်းလျှောက်လိုက်သလောက် ပါပဲ။ အစ်ကို လုပ်နေတဲ့ အလုပ်တစ်ခုမှာ မပျော်ပိုက်တဲ့အခါ၊ အဆင်မပြေဘူး၊ ကိုယ့်စိတ်နဲ့ မကိုက်ဘူးလို့ ထင်တဲ့အခါ အဲဒီအလုပ် ကနေ ထွက်ပြီး နောက်အလုပ်တစ်ခု ပြောင်းမလျှောက်ဘူးလား။ အဲလိုပဲ၊ လွမ်းတို့တစ်တွေဟာလည်း ဒီဘဝမှာ မပျော်တဲ့အခါ အလုပ်ထွက်သလိုမျိုး ဒီ အလုပ်ကနေ ထွက်ချင်လာတာမျိုးပဲ။
ရှိတာပေါ့ လူဟာ အသက်ရှင်နေသရွေ့ အလုပ်လုပ်နိုင်တယ်၊ ကိုယ်ယုံကြည်ရာပဲဖြစ်ဖြစ်၊ တစ်စုံ တစ်ယောက်သော သူအတွက်ပဲ ဖြစ်ဖြစ်၊ စကားလုံးကြီးကြီးသုံးရရင် လောကအတွက်ပဲဖြစ်ဖြစ် ကောင်းကျိုးပြုနိုင်တယ်လေ မဟုတ်ဘူးလား
အဲလိုစဉ်းစားတာကတော့ လွယ်ပါတယ်။ ဒါပေမဲ့ သေဖို့ဆုံးဖြတ်လိုက်တာဟာ အမြဲပဲအရှုံးပေးလိုက်တာ၊ အမှန်တရားကို ရင်မဆိုင်ရဲတာမျိုးလည်း မဟုတ်ဘူး။ အဲလိုမျိုးလူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ နေခြင်းမှာအနှစ်သာရကို ရှာမတွေ့တဲ့ အခါမှာ သေခြင်းကိုရွေးလိုက်တာမျိုးလည်းရှိပါတယ်။ ရွေးချယ်မှုတစ်ခုအနေနဲ့ပေါ့။ လူတွေဟာ သူကြိုက်တာကို သူရွေးချယ် တာပဲ။ ဟိုတစ်နေ့က အစ်ကိုပြတဲ့ ကုလားကားလေတစ်ကိုယ်လုံးအကြောသေနေတဲ့လူ သူ့ကိုသေခွင့်ပေးဖို့ တရားရုံးကို လျှောက်ထား ပေမယ့် ရုံးတော်က ခွင့်မပြုဘူး။ နောက်ဆုံး သူ့နာ့စ်မလေး (မင်းသမီးက အက်ရှ်ဝါယာရိုင်းထင်တယ်) က သူ့ဆန္ဒကို ဖြည်းဆည်းပေးလိုက်တယ် ဆိုတာပေါ့။ သူ့ကို လွမ်း နားလည်တယ် သိလား။ သူရှင်နေရတဲ့ အတွက် သူများတကာကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တော့တာမျိုး။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ လောကထဲကနေ တိတ်တဆိတ် ထွက်ခွာသွားချင်တာမျိုးပေါ့။ ဘဝမှာ ကံမကောင်းအကြောင်းမလှသူတွေ ရှိတယ်။ သူတို့ဟာ လောကထဲမှာ ပျော်ရွှင်မှုကို ရှာမတွေ့သူတွေ၊ လောကမှာ သူတို့အတွက် နေရာတစ်ခု မရှိဘူးလို့ ခံစားရသူတွေ၊ တစ်နေ့တစ်နေ့ နေရသမျှဟာ နာကျင်စရာတွေချည်းပဲ လက်ထဲရောက် လာတဲ့သူတွေ၊ သူတို့ဟာ နောက်ဆုံး ကူးရင်းကူးရင်း နစ်မြုပ်သွားကြတော့တာပဲ။ ခြေကုန်လက်ပမ်းကျ သွားကြတာပေါ့။ ရေဆန်ကိုလည်း ကူးရတယ်၊ ရေစီးကလည်းကြမ်းမယ်၊ ဒီကြားထဲ ရေအောက်ကနေ မိကျောင်းကလည်း လာဆွဲမယ်၊ ရေဝဲကတော့ထဲလည်း ရောက်သွားမယ် ဆိုရင် အဲဒီလူ ဘယ်လိုလုပ် ဆက်ကူးနိုင်ပါတော့မလဲ။ ဆက်မကူးနိုင်တော့ဘဲ အမြုပ်ခံလိုက်တဲ့သူ့ကိုအပြစ်ပြောမလား ဖန်တီး ပေးလာတဲ့အခြေအနေတွေကို အပြစ်ပြောမလား၊ ဟင်၊ ပြောပါဦး
လွမ်းက ရှည်လျားစွာပြောပြီး မောသွားဟန်ဖြင့် နားကာရေဘူးကို နှုတ်ခမ်းဝတေ့ကာ မော့ချလိုက်သည်။ သူ့မျက်နှာက ညှိုးနွမ်းမှုနှင့် လန်းဆန်းမှုတို့ နှစ်ခုကြားမှာရောက်နေသည်။ ပြီးတော့ မြစ်ကူးကူးတို့ လှေလေးများကို ငေးကြည့်နေသည်။ ထို့နောက် ရုတ်တရက် စကားပြန်စသည်။
လွမ်းလေ ရေကိုကြိုက်တယ် သိလား။ ဒါကြောင့်လည်း အစ်ကိုနဲ့စတွေ့တဲ့နေ့ကလည်း ရေထဲဆင်းသေဖို့ ဆုံးဖြတ်ခဲ့တာ။ လွမ်းက အမြင့်ကြောက်တတ်တော့ အပေါ်ကနေလည်း ခုန်မချရဲဘူး။ ကားတိုက်ခံ တာမျိုးလည်း မလုပ်ရဲဘူး။ ရုပ်ပျက်ဆင်းပျက်လည်း မဖြစ်ချင်ဘူးလေ။ ဗာဂျီးနီးယား ဝုဖ်လို အေးအေး ဆေးဆေးပဲ ကျောက်ခဲလေးတွေကိုင်ပြီး ရေထဲကိုဆင်းသွားချင်ခဲ့တာ။ ရေထဲရောက်ရင် လွမ်းလေ ငါးကလေး တစ်ကောင် ဖြစ်သွားချင်တယ်။ ဘယ်လိုပြောမလဲ သေသွားတာမဟုတ်ဘဲ လူအဖြစ်ကနေ ငါးအဖြစ်ကို ကူးပြောင်းသွား တာမျိုးပေါ့
အိုကွာ ဘာပဲဖြစ်ဖြစ် လွမ်းဘဝမှာ အခု အစ်ကိုရှိနေတယ်။ ဘာပဲဖြစ်ဖြစ် လွမ်းကို အစ်ကိုစွန့်ခွာမသွားဘူး။ ဒီတစ်ချက်နဲ့တင် အဆိုးထဲက အကောင်းတစ်ခုအဖြစ်နဲ့ယူဆပြီး ဆက်လက်မရှင်သန်နိုင်ဘူးလား၊ အစ်ကို့ကို ကတိပေးစမ်းပါ။ ဒီ တစ်သက် ဒါမျိုးနောက်ဘယ်တော့မှထပ်မလုပ်တော့ပါဘူးလို့
လွမ်းကို ကျနော့်ဘက်ကို ပြန်စောင်းငဲ့ကြည့်ပြီးပြုံးသည်။
အစ်ကိုဟာ လွမ်းဘဝအတွက် ကောက်ရိုးလေးတစ်မျှင်ပါပဲ။ ဒါပေမဲ့ ကောက်ရိုးတစ်မျှင်ဟာ လူတစ်ယောက်က လှမ်းဆွဲလိုက် တဲ့ အချိန်မှာ ပြတ်ထွက်မသွားပါဘူးလို့ ပြောနိုင်ပါ့မလား
ကျနော် မျက်စိမျက်နှာပျက်သွားမှန်း ကိုယ့်ဟာကိုယ်သိလိုက်သည်။ လွမ်းက ခိုးခိုးခစ်ခစ် ရယ်လိုက်ပြီး
စတာပါ။ လွမ်း အဲလို မလုပ်တော့ပါဘူး။ ကတိပေးပါတယ်။ လွမ်းကို အစ်ကို ကယ်လိုက်ကတည်းက လွမ်း မငြင်းမဆန် လက်ခံခဲ့တာ၊ အစ်ကို လွမ်းနဲ့နေ့တိုင်းတွေ့ဖို့ တောင်းဆိုတော့လည်း လိုက်လျောခဲ့တာတွေ ပြန်စဉ်းစားကြည့်ရင် အံ့ဩစရာပဲ။ လွမ်းဘဝမှာ ဘယ်သူ့ကိုမှ မယုံကြည်ခဲ့ဘူး။ လူတွေအပေါ် ယုံကြည်မှုပျောက်ဆုံးခဲ့တာ ကြာကြာလှပြီ။ လူတွေအပေါ် မယုံတာမဟုတ်ပါဘူး။ လွမ်းရဲ့ ကံကြမ္မာကို မယုံတာပါ။ လွမ်းဘဝမှာ ကံကြမ္မာက သိပ်ကျီစားခဲ့တယ်။ ပျော်အောင်လုပ်မလိုလိုနဲ့ ငိုအောင်လုပ်ခဲ့တာ အကြိမ်ကြိမ်ပဲ။ ကြာတော့ ဘယ်လိုအပေါင်းလက္ခဏာဆန်တဲ့ အဖြစ်မျိုးကိုပဲတွေ့တွေ့ မယုံကြည်ချင် တော့ဘူး။ ဒါဟာ ငါ့ကို ဝပ်ကျင်းထဲကနေ ထွက်လာဖို့ မြှူဆွယ်နေတာလားလို့ တွေးလာတယ်။ စိတ်က နည်းနည်းလေး ယိုင်ချင်သလိုဖြစ်တာနဲ့ အတင်း ကျိတ်မှိတ်ပြီး ကိုယ့်ဝပ်ကျင်းထဲ ကိုယ်ပြန်ဝင်နေလိုက်တာ ချည်းပဲ။ မစွန့်စားတော့ဘူးပေါ့။ လောကမှာ လုံးဝမစွန့်စားတာဟာ အန္တရာယ်အကြီးဆုံးပဲလို့ ဆိုကြပေမယ့် စွန့်စားရမယ့်အစား သေရမယ့်လမ်းကိုပဲရွေးမယ်ဆိုတဲ့စိတ် ဖြစ်လာတယ်။
အစ်ကို့ကိုတွေ့တော့လည်း လွမ်း မယုံကြည်ခဲ့ဘူး။ အစ်ကို့ကိုမယုံတာထက် ကံကြမ္မာကိုမယုံတာပါ။ ကံကြမ္မာဟာ ဘယ်လိုများ ရက်စက်စွာ ကျီစားဦးမလဲလို့ပဲ တွေးနေခဲ့မိတယ်။ အစ်ကို့ကိုရှောင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ညနေ ၅ နာရီဆို ခြေလှမ်းတွေက ၃၇ လမ်းဘက်ကိုပဲ ဦးတည်နေမိတယ်။ နောက်ဆုံး ကောက်ရိုးလေးတစ်မျှင်ရယ်လို့ ခံစားမိလို့လည်း ပါချင်ပါမှာပေါ့အင်းပါလေ လွမ်းကြိုးစားပါ့မယ်။ လွမ်း ဒီရောဂါအရှင်းမပျောက်သေးရင်တောင်မှ အစ်ကိုတို့ ပြောတဲ့ မကြံကောင်းမစည်ရာဆိုတဲ့ ကိစ္စကြီးကို မလုပ်တော့ပါဘူး၊ ဒီလောက်အထိ ပြောနိုင်တယ်ဆိုတာတောင် တော်တော် လုပ်ယူခဲ့ရတာ။ ဒါပေမဲ့ လွမ်းက ကတိပေးရင်တည်တတ်ပါတယ်။ လွမ်း အစွမ်းကုန်ကြိုးစားပါ့မယ်
ကျနော်သည် ဝမ်းသာအားရဖြင့် လွမ်းကိုတင်းကျပ်စွာဖက်ထားမိ၏။ ကမ္ဘာလောကသည် အရောင်အလင်းများ တဖန် ပြန်ထွက် လာပြီဟုထင်မှတ်မိလေသည်။ သည်တစ်ကြိမ်တော့ လောကကြီးကို အပြစ်မြင်ခဲ့ရသည့် ကာလတွေ အဆုံးသတ်သွားပါပြီဟု သူ့ကိုယုံကြည်စေချင်မိသည်။ လောကကြီးဟာ လွမ်းထင်သလိုလည်းမဟုတ်၊ လွမ်း ထင်သလောက်လည်း မဆိုး၊ လွမ်း ပြောသလို ခေးအော့စ်ပဲခေါ်ခေါ် ဗရုသုက္ခပဲခေါ်ခေါ် ဖြစ်ချင်သလိုဖြစ်နေစေဦးတော့ တစ်ကြိမ်တစ်ခါတော့ အပေါက်အလမ်းတည့်သွား တတ်ပါသေးသည်ဟု လွမ်းကို ယုံကြည်စိတ်ချသွားစေချင်သည်။
သို့သော် လွမ်းကြောက်သည့် ကံကြမ္မာသည် လွမ်းကိုကျီစားပြန်ပြီထင့်။ သည်တစ်ကြိမ်တော့ ကျနော်ပါ အကျီစားခံရပြီ ထင်သည်။ လွမ်း ကားတိုက်ခံရလို့ဆိုသော ဖုန်းထဲကစကားသံသည် ခေါင်းပေါ်ကို မိုးကြိုးပစ်ချသလို။
* * *
ဆေးရုံခွဲခန်းထဲမှ ပြန်ထွက်လာကတည်းက ကျနော်သည် လွမ်းအနားမှတစ်ဖဝါးမခွာဘဲ စောင့်ကြည့်နေခဲ့သည်မှာ နောက်ဆုံး ထွက်သက်ထွက်သွားသည်အထိဖြစ်သည်။ လွမ်းကို ကားတိုက်စဉ်က အရှိန်တအားမပြင်းသော်လည်း လူကလွင့်သွားပြီး တဖက်က ပလက်ဖောင်းနှင့်ခေါင်း ဆောင့်မိသည့် ဒဏ်ကြောင့် အတွင်းသွေးယိုသည့်ဒဏ်ဖြင့် ကွယ်လွန်ခြင်းဖြစ်သည်။ မသေခင်က လွမ်းပြောဖူးသည့် စကားများအရ လွမ်းသည် ရုပ်ပျက်ဆင်းပျက်သေရမှာကိုကြောက်သည်ဆိုသောကြောင့် သူ တမင် ကားတိုက်ခံ တာမဟုတ်လောက်ဟု ကျနော် တွေးရင်းဖြေရသည်။ လွမ်းသည် ပေးထားသည့်ကတိကို ဖျက်တတ်သူမဟုတ်မှန်း လည်း ကျနော်သိသည်။
လွမ်းနေခဲ့သည့်အခန်းသို့သွားပြီး သဲလွန်စတစ်ခုခုရလိုရငြား ကျနော်လိုက်ရှာသည်။ ထုံးစံအတိုင်း ပန်းချီကားများက အထပ်လိုက်။ ခုတင်ပေါ်မှာ၊ ကြမ်းပြင်ပေါ်မှာ။ စီးကရက်တိုများလည်းတွေ့သည်။ လွမ်း ဆေးလိပ်သောက်တတ်နေခဲ့မှန်း မသိခဲ့။ ဘယ်အချိန်ကများ စသောက်တတ်ခဲ့ပါလိမ့်။ လွမ်း အနားကပ် တိုင်းလည်း ဆေးလိပ်နံ့ မရခဲ့ပါ။ သို့သော်လည်း ဆေးလိပ်သောက်နေတိုင်းလည်း သူ့မှာ စိတ်ညစ်စရာ တစ်ခုခုရှိနေပါသည်ဟု အတတ်ပြောရတာမျိုးမဟုတ်တော့ အခက်သား။ သူထိုင်တတ်သည့် ပက်လက်ကုလားထိုင် ဘေးအခန်းနံရံပေါ်မှာတော့ မြက်ခင်းစိမ်းလွင်ပြင်လေးတစ်ခုကို စုတ်ချက်ကြီးကြီးဖြင့် ခြစ်ထားသည့် ပန်းချီကားတစ်ချပ်ရှိသည်။ သစ်ပင်လေးတစ်ပင်က မြက်ခင်းပေါ် အရိပ်မိုးထားသည်။ သစ်ပင်အောက်မှာ လူနှစ်ယောက်၊ အနားမှာ ခွေးလေးတစ်ကောင်ရှိသည်။ ချောချောဆိုသည့် သူ့ လက်မှတ်တော့ မထိုးထားသေး။ ကားကိုတော့ အနာဂတ်ဟို ခေါင်းစဉ်ပေးထားသည်။
လွမ်း ရက်လည်ပြီး တစ်ရက် ရုံးမှအပြန် အိမ်ရောက်ရောက်ချင်း ကျနော့်ဖုန်းသံမြည်လာသဖြင့် ကြည့်လိုက်တော့ သုည ဂဏန်းတွေချည်းသာပေါ်နေသည်။ နိုင်ငံခြားတွင်အလုပ်လုပ်နေသည့် အစ်ကိုဝမ်းကွဲတစ်ယောက် လှမ်းဆက်တာများလား ဟု ထင်လိုက်မိသဖြင့် ကိုင်လိုက်တော့ ဘာသံမှမကြားရ။ ဟယ်လို ဟယ်လိုလုပ်ရင်း ရှေ့ဝရန်တာထွက်ပြောတော့လည်း မကြားရပြန်။ နားထဲမှာတော့ တဂျိဂျိအသံလိုလို ဟိုးအရင် ဘီဘီစီတို့ဘာတို့ ရေဒီယိုမှ နားထောင်ရသည့်ခေတ်က လိုင်းမမိလျှင် ကြားရတတ်သည့် တကျွိကျွိအသံလိုလို။
နောက်ထပ် နှစ်ရက်ဆက်တိုက် ထိုသို့ ဖုန်းမြည်လာသေးသည်။ မြည်လို့ကိုင်လိုက်တိုင်းလည်း ထိုသို့အသံမျိုးသာကြား ရသည်။ သုံးရက်မြောက်အပြီးမှာတော့ ထပ်မမြည်တော့။ လွမ်းသည် တမလွန်ကများ ကျနော့်ကို ဖုန်းလှမ်းဆက်လေသလား။ သူ ပေးထားသည့် ကတိကို မဖျက်ကြောင်း၊ မတော်တဆ ဖြစ်ခြင်းသာဖြစ်ကြောင်း ထုချေလွှာလှမ်းတင်ခြင်းလား။ တမလွန်မှ ထိုသို့ ဖုန်းဆက်၍ရစကောင်းလား။ ကျနော်လည်း စိတ်မူမမှန်တော့ဘူး ထင်ပါရဲ့။ ဘာပဲပြောပြော လွမ်း သေရာမှပြန်ထလာပြီး အဖြစ်မှန်ကို ပြော မပြမချင်း ကျနော့်အတွက်တော့ လွမ်းထားခဲ့သည့် ပဟေဠိကိုရှင်းနိုင်တော့မည်မဟုတ်ပါ။
လွမ်းက အချစ်တွင်သီအိုရီမရှိ၊ ခေးအော့စ်သာဖြစ်သည်၊ ဘဝသည်လည်း ပုံသေနည်းမရှိ၊ ဖြစ်ချင်သလိုဖြစ်သည်တဲ့။ လွမ်းသည် အစက သေဖို့လမ်းကိုရွေးခဲ့သော်လည်း မသေခဲ့။ ရှင်ခြင်းကို သူပြန်ရခဲ့ပြီး ကောက်ရိုးတစ်မျှင်ကို ရခဲ့ပြီးခါမှ နေခွင့်မရခဲ့ပြန်။ လောကတွင် လူတို့သည် ကိုယ့်စိတ်မှန်းနှင့်ကိုယ် အမှန်ဆုံး၊ အကောင်းဆုံးဆိုသည့် အရာများကို ရွေးချယ်လုပ်ကိုင်နေကြသော်လည်း ဘဝတွင်ဖြစ်လာသည်တို့မှာ သူတို့ ရွေးချယ်လုပ်ကိုင်သည်တို့နှင့် အမြဲတစေ ထပ်တူကျနေကြသည်တော့ မဟုတ်ပါ။ ဘယ်အချိန်တွင် ဘာဖြစ်မည်ကိုလည်း ကြိုမသိရ။ ရင်ကိုလာမှန်နေသော အရာများ သည် ပန်းများလည်းဖြစ်ချင်ဖြစ်မည်၊ ဆူးများလည်းဖြစ်ချင်ဖြစ်မည်။ လူတိုင်းကတော့ ပန်းများသာဖြစ်မည် အမှတ်နှင့် ရှေ့က လေထုထဲသို့ ဆက်လက်တိုးဝင်ကာ လျှောက်နေကြရသည်ပဲ။ ပန်းနှင့်ဆုံသူတို့က ပျော်ကြမည်၊ ဆူးနှင့်ဆုံသူတို့ကတော့ နာကျင်စွာ အော်ဟစ်ကြမည်။ ပန်းနှင့်ဆုံပြီးတော့မှ ဆူးတွေရင်ကို လာမှန်သူလည်း ရှိမည်၊ ဆူးတွေတောက်လျှောက် လာမှန်ပြီးကာမှ ပန်းတွေတောက်လျှောက် ပွင့်လာတာကို ကြုံသူလည်းရှိမည်။ ဘာမှ အသေအချာ မပြောနိုင်သော လောက ကြီးပါ။
လွမ်း ပြောသလို လောကသည် ခေးအော့စ်သာ ဖြစ်တော့သည်လား။


ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။




Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...