Skip to main content

ဖိုးကျော်ရဲ့ချစ်သူ




ဖိုးကျော်သည် အလွန်လျှို့ဝှက်၊ မြိုသိပ်၊ ပိရိသေသပ်လွန်းသူဖြစ်လေသည်။ ကျွန်တော်သည် ကိုးတန်း နောက်ဆုံးတက်ရသည့်နေ့က ရိုက်ခဲ့သည့် ဓာတ်ပုံဟောင်းကလေးကို လက်ထဲကိုင်ထားကာ ကြည့်နေရင်းကမှ စိတ်က ဖိုးကျော် ကို သတိရနေမိလေသည်။

***

စိန်ပန်းပွင့် နီနီရဲရဲများ ပင်လုံးကျွတ်ထွက်ကြချိန်က ဖြစ်ပါသည်။ စိန်ပန်းတို့ ပင်လုံးကျွတ်ပွင့်ကြပြီးလျှင် မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မည်မို့ ကျွန်တော်သည် နောက်နှစ်တက်ရမည့်အတန်းအတွက် ကြိုတင် ရင်ခုန် ရပြီဖြစ်သလို တစ်ဖက်ကလည်း နွေသုံးလကျောင်းပိတ်ရက်ကာလများအတွင်း အပျော်လွန်ခဲ့ရသည့် ကာလများ မကြာခင် ကုန်ဆုံးသွားရတော့မည်ကို တွေး၍လည်း စိတ်ပျက်လျက်ရှိသည်။ နွေနှောင်းအလွန်၊ မိုးဦးကလည်း ကြိုနေပြီမို့ ကောင်းကင်တစ်ခွင်သည် ကြည်လဲ့တစ်ခါ မှုန်မှိုင်းတစ်လှည့် ဖြစ်နေတတ်လေ သည်။

ပျင်းရိဖွယ်ကောင်းသော နွေနှောင်းညနေများဆိုလျှင် ဖိုးကျော်ပေါက်ချလာတတ်ပါသည်။ ဖိုးကျော်က ကျွန်တော်၏ ကြီးမှပေါင်းသောသူငယ်ချင်းဖြစ်သော်လည်း အချစ်ဆုံးသူငယ်ချင်း ဖြစ်လာသူဖြစ်သည်။ သူငယ်တန်း ကတည်းက ပေါင်းသင်းခဲ့သည့် ငယ်သူငယ်ချင်းများနှင့်မူ အလယ်တန်းလောက် ရောက်သည့် အခါ သိပ်မတွဲဖြစ်တော့ဘဲ ရုတ်တရက် ကျောင်းပြောင်းလာသည့် ဖိုးကျော်နှင့်ကျွန်တော်တို့သည် ပိုမို ရင်းနှီး နီးကပ်ခဲ့ကြသည်။ ဖိုးကျော်သည် ရန်ကုန်ဇာတိမဟုတ်ပါ။ သူ့မိဘများက နယ်မှာ။ အဖေဆုံးပြီးနောက်ပိုင်း ပညာအခြေခံနိမ့်ပါးသည့် သူ့အမေတစ်ယောက်တည်း သားသမီးတွေကို မကျွေးနိုင်တော့။ သူ့အစ်မ အကြီးဆုံးက အိမ်ထောင်ကျ သွားပြီး အစ်ကို အကြီးဆုံးကလည်း ပညာတစ်ပိုင်းတစ်စဖြင့် အလုပ်ထွက် လုပ်ရသည်။ ရန်ကုန်က သူ့အဒေါ် အပျိုကြီးက ဝင်ကူညီ သည့် အနေဖြင့် နို့ညှာ ဖိုးကျော်နှင့် သူ့အောက်က အငယ်ဆုံး ညီမလေးကို ခေါ်ပြီး ကျောင်းထားပေးခြင်းဖြစ်သည်။ သူတို့ မောင်နှမသည် နွေကျောင်းပိတ်သည့် အခါ နယ်မှာရှိသည့် သူ့အမေထံ ပြန်နေတတ်ပြီး ကျောင်းအပ်ချိန် ရောက်မှ ရန်ကုန်ပြန်လာတတ်သည်။

ဖိုးကျော်တို့အိမ်သည် ကျွန်တော်နှင့်တစ်ရပ်ကွက်တည်းဖြစ်သဖြင့် ကျောင်းသွားကျောင်းပြန် အခါများတွင် ကျွန်တော်၊ ဖိုးကျော်နှင့် သူ့ညီမလေးတို့ အတူတူသွားပြန်ကြသည်။ ကျောင်းမရှိသည့်အခါများတွင်လည်း ကျွန်တော်သည် ဖိုးကျော်အိမ်တွင် သွားနေတတ်သလို ဖိုးကျော်ကလည်း ကျွန်တော့်အိမ်ကို စားအိမ် သောက်အိမ်လို ဝင်ထွက်သွားလာတတ်ပါသည်။ ဖိုးကျော်သည် သူငယ်ချင်းကောင်း ဖြစ်သည်။ ကစားကြမယ် ဆိုလည်း နှစ်ခါမခေါ်ရ၊ ကျောင်းပြေးကြ ရအောင် ဆိုလည်း တွေဝေခြင်းမရှိသူဖြစ်ရာ အတော်လေးကို အတွဲညီသည့် သူငယ်ချင်းဖြစ်လေသည်။ မဟုတ်တာ လုပ်ထားတာ လူကြီးတွေသိသွားတိုင်း၊ ဆရာ ဆရာမတွေ ဆူလေတိုင်း ဖိုးကျော်သည် သူငယ်ချင်း ကောင်း ပီသစွာပင် ဖုံးသင့်တာဖုံးပေး၊ ဝန်းရံသင့်တာ ဝန်းရံပေးလေ့ရှိသူမို့ အတော်အားကိုးရသူလည်း ဖြစ်သည်။

တစ်ခါတုန်းက ကျွန်တော်တို့ ရပ်ကွက်ထဲက ကလေးချင်း ဘောလုံးကန်ခဲ့ကြသည်ကို မှတ်မိကြပါသေး သည်။ ထိုစဉ်က ရပ်ကွက်ထဲက လမ်းများပေါ်တွင် လမ်းဘေး၌ရပ်တတ်သည့် မော်တော်ကားများ ယခုလို မများသေးသည့် ကာလဖြစ်သဖြင့် လမ်းမများထက်မှာပင် ကျွန်တော်တို့သည် ပလတ် စတစ် ကော်ဘောလုံး ကို အပေါက်ဖောက်၊ လေလျှော့၍ အုတ်ခဲနှစ်လုံးကို ဂိုးတိုင်အဖြစ်ထောင်ကာ အပေါ်က ဝါးခြမ်းပြားတစ်ပြား တင်ပြီး ဂိုးကျဉ်းကန်ကြေး ကစားတတ်ကြသည်။ တစ်ဖက်ကို သုံးယောက်၊ လေးယောက် စသည်ဖြင့် ကစားကြသည်။ ကျွန်တော်နှင့် ဖိုးကျော်က တစ်သင်း တည်းဖြစ်သည်။ ဖိုးကျော်က ဂိုးစောင့်တာ များသည်။ လမ်းပေါ်က ဘောလုံးပွဲများသည် မကြာမကြာ ရန်ပွဲဖြစ်တတ်ကြသည်။ ထိုနေ့ကလည်း တစ်ဖက်အသင်းက တစ်ယောက်နှင့် ကျွန်တော်နှင့် ငြိပြီး ရန်ဖြစ်ကြသည်။

“ဟေ့ကောင်… ဟန်းဘော (လက်ထိဘော) မဟုတ်ဘူး။ လာမငြင်းနဲ့”

“ဟန်းဘောမို့ ဟန်းဘောပြောတာကွာ။ ဘောလုံးက မင်းလက်နဲ့ထိတာ အရှင်းကြီးကို။ ပေး … ဘောလုံး”

“ဟေ့ကောင်… ဟန်းဘော မဟုတ်ဘူး၊ ဗလိုင်းချည်းမငြင်းနဲ့ကွာ။ မပေးဘူး။ ဆက်ကန်ကြမယ် ဟေ့ကောင်တွေ … လာ…”

“မပေးဘူးလား မပေးရင် ထိုးတယ်ကွာ”

ကျွန်တော်နှင့် တစ်ဖက်အသင်းက ကောင် ထိုးကြကြိတ်ကြသည်။ အားလုံးက ကြက်သေ သေနေကြပြီး ဝင်မဆွဲကြ။ ဟိုကောင်က ဘော်ဒီကျွန်တော့်ထက် ကြီးသည်။ သူက ကျွန်တော့်ကို ဖိထိုးမည်လုပ်တုန်း ဖိုးကျော်က ပြေးလာပြီး ဟိုကောင့်မျက်ခွက်ကို ကရာတေးကစ်နှင့် ခုန်ကန်လိုက်ရာ နှစ်လှမ်း၊ သုံးလှမ်းလောက် လွင့်သွားလေသည်။ ဟိုကောင် အတော်နာသွားပုံရသည်။ တော်တော်နှင့်ပြန်မထနိုင်။ ကျွန်တော်က သည်တော့မှ သူ့ကိုအပေါ်ကပြန်ဖိထိုးသည်။ ကျန်တဲ့ လူတွေရော၊ လမ်းသွားလမ်းလာတွေရော သည်တော့မှ ဝင်ဆွဲကြသည်။ ရန်ပွဲလည်းပြီးသွား၊ ဆက်လည်း မကစားဖြစ်တော့ပါ။

ကျွန်တော်နှင့် ဖိုးကျော်တို့သည် ကျောင်းသားဘဝတစ်လျှောက် မဟုတ်တာလုပ်ဖို့၊ ကဲဖို့၊ ရန်ဖြစ်ဖို့ဆိုလျှင် အတွဲညီသော်လည်း ကျောင်းစာနှင့်ပတ်သက်လျှင်မူ ကျွန်တော်က သူ့ထက် ပိုဂရုစိုက်ပါသည်။ တစ်နှစ်လုံး ဘယ်လောက် အလေလိုက်သည်ဖြစ်စေ စာမေးပွဲနီးလျှင် ကျွန်တော်သည် တခြားအာရုံများကိုဖြတ်၍ စာကိုသာ အာရုံစိုက်တတ်သည်။ ကျောင်းစာတွင်လည်း ကျွန်တော်က ဖိုးကျော်ထက် ရလဒ်ပိုကောင်းလေ့ရှိသည်။ ဖိုးကျော်ကမူ နယ်တွင်ကျောင်းတက်စဉ်က အခြေခံအားနည်းခဲ့တာရော၊ စာတွင်သိပ်စိတ်မပါတာရောကြောင့် အောင်ဖို့ အနိုင်နိုင်ရုန်းရတတ်သည်။ ကိုးတန်းဖြေတော့ သူကကျပြီး ကျွန်တော်က အောင်သည်။ ဖိုးကျော် အဒေါ်က စိတ်ဆိုးပြီး ဖိုးကျော်ကို ကျောင်းထပ်ထားမပေးတော့ဟုဆိုကာ နယ်ပြန်လွှတ်ဖို့ပြင်လေသည်။ ကျွန်တော်က ကြားကအတင်းဝင်တောင်းပန်တော့မှ နောက်တစ်နှစ်ထပ်ထားပေးမည်၊ အဲဒါမှ ထပ်ကျ လျှင်တော့ ဂျောင်းရမည်ဖြစ်သည်။

“ဟေ့ကောင် ဖိုးကျော်… မင်း ဒီတစ်နှစ်တော့ အောင်အောင်လုပ်ပါကွာ။ ငါလည်း ဆယ်တန်းဆိုတော့ စာဖိ လုပ်ရတော့မယ်။ အရင်လို မင်းနဲ့ နှစ်ယောက်ပေါင်း လောင်းမကျော်နိုင်တော့ဘူး။ မင်းအဒေါ်ကို ငါကြားက ဝင်အာမခံပေးထား တာကို ထောက်ပြီး အောင်အောင်ဖြေပါကွာ ဟုတ်ပလား။”

“အေးပါကွာ… ငါကြိုးစားပါ့မယ်”ဟု သူက ပြုံးကြည့်ပြီး ပြောသည်။ သူနားမလည်တာရှိလျှင် ကူညီပေးပါ့ မည်ဟု ကျွန်တော်ကပြောတော့ သူက ပြုံးရုံသာပြုံးနေလေသည်။

“ငါက စီးပွားရေးပဲလုပ်ချင်နေတာ၊ စာကိုသိပ်စိတ်ပါတာမဟုတ်ဘူး၊ အစက နယ်ပြန်ပြီး စီးပွားရေး တစ်ခုခု လုပ်မလားလို့တောင် စဉ်းစားမိသေးတယ်။ ငါ့မိဘကိုလည်း ကူရင်းပေါ့။ ဒါပေမဲ့…ငါ သူနဲ့လည်း မခွဲနိုင်တော့ဘူးကွ။”

“ဟေ… ဘာ … ဘာ…ဘာ…”

ဖိုးကျော်သည် ရုတ်တရက် စကားမှားသွားသည်ဟု သဘောပေါက်ကာ မနေတတ် မထိုင်တတ် ဖြစ်သွား လေသည်။ တအောင့်လောက်ကြာအောင် မြုံစိစိလုပ်နေပြီးမှ ရှက်ပြုံးပြုံးနေလေ၏။ ကျွန်တော်သည် ထင်မထားသောစကားကြောင့် စားလက်စထမင်းပင် သီးသည်အထိ ဖြစ်သွား ရသည်။

“ဟာ… ဟေ့ကောင်၊ မင်းက ရည်းစားရနေပြီလား။ ငါလည်းမသိရပါလား။ သူငယ်ချင်းအချင်းချင်း လျှိုထား ရတယ်လို့။ ခွေးကောင်။”

“ဟာ မဟုတ်ပါဘူး။ ဘယ်က ရည်းစားရရမှာလဲ။ သူက ငါသူ့ကိုချစ်နေမှန်းတောင် မသိပါဘူး”ဟု ဖိုးကျော်က မျက်စိမျက်နှာပျက်ဖြင့် ပြန်ပြော၏။ ကျွန်တော်က ခွက်ထိုးခွက်လန် ရယ်လေသည်။

“အောင်မယ်လေးကွာ၊ ငါ့ကောင်ရာ။ ငါကဖြင့် ငါ့သူငယ်ချင်းကို ဒါတွေမခံစားတတ်သေးဘူး မှတ်နေတာ။ အချစ်တွေ ဘာတွေတောင်တွေ့နေပါ့လား။ ပြောစမ်း ဟေ့ကောင်… ဘယ်သူလဲ၊ သဉ္စာလား၊ ရှစ်တန်း အတန်းတင်ကြီးဖြေပြီး ပြန်တော့ လမ်းမှာ မင်း သဉ္စာ့ကို စကားသွားပြောနေတာ ငါတွေ့တယ်၊ ငါက ရိုးရိုးပဲမှတ်တာ၊ ကြည့်စမ်း။”

ဖိုးကျော်က ပြုံးဖြီးဖြီးကြီးနှင့် ကျွန်တော့်ကိုပြန်ကြည့်ပြီး ရယ်လေ၏။ “မဟုတ်ပါဘူးကွာ၊ ငါ ကြိုက်တာ သူမဟုတ်ပါဘူး”ဟုသာ ရယ်ကျဲကျဲနှင့် ပြန်ဖြေလေသည်။ ဖိုးကျော်သည် ကျန်နေရာများတွင် ပေါင်းလို့ သင်းလို့ ကောင်းသော်လည်း တစ်ခါတစ်ရံများတွင်တော့ မြုံစိစိနှင့် အတော်ကို ဂွကျသူဖြစ်ပါသည်။ ဖိုးကျော် တွင် ချစ်ရမည့်သူရှိနေပြီဟု သိလိုက်ရတော့ အတော်လေးလည်း အံ့ဩမိသည်။ ကျွန်တော်တို့ ပေါင်းခဲ့သမျှတွင် ဖိုးကျော် နှုတ်မှ အချစ်အကြောင်း၊ မိန်းကလေးအကြောင်း တစ်ခါမှပြောသည်ကို မကြားဖူး၍ ဖြစ်သည်။ လူပျိုဖော်လာသည့် ကျွန်တော်တို့တွင် စိတ်ဝင်စားရမည့် မိန်းကလေး ကိုယ်စီရှိလာခဲ့သော် လည်း ဖိုးကျော် သည် ငေါင်စင်းစင်းသာဖြစ်သည်။ ကျောင်းမှာ ကျွန်တော်သည် မိန်းကလေးများကို စာလိုက်ပေး ရာတွင် ရဲတင်းသူအဖြစ် နာမည်ကြီးသူဖြစ်သည်။ ဖိုးကျော်သည် ကျွန်တော် ကောင်မလေးများကို ချဉ်းကပ်တိုင်း အကြံဉာဏ်ပေးတတ်သည်၊ ရည်းစားဖြစ်သွားပြီး လူကြီးတွေမသိအောင် ချိန်းတွေ့ကြရာတွင် လည်း ကင်းစောင့်ပေးတတ်သည်။ ကျွန်တော်စာလိုက်ပေးသည့် ကောင်မလေးတွေပြောင်းသော်လည်း ကျွန်တော့် ဘော်ဒီဂတ် ဖိုးကျော်ကတော့ မပြောင်း။

ဖိုးကျော်မှာ ကျိတ်ချစ်ရမည့်သူရှိနေပြီဆိုတော့ သူငယ်ချင်းအချင်းချင်း မပြောရကောင်းလားဟု ကျွန်တော် အစက စိတ်ထဲ တစ်မျိုးဖြစ်သေးသည်။ နောက်တော့လည်း ဒါ သူ့စရိုက်ပဲလေဟု သဘောထားလိုက်သည်။ သူ့ ညီမကိုတော့ သူ့အစ်ကို ဘယ်သူ့ကိုကြိုက်နေသလဲဟု တီးတိုးစပ်စုကြည့်ဖူးသည်။

“ဘယ်သိမလဲ၊ ကိုကြီး သူငယ်ချင်း ကိုကြီး မေးကြည့်ပါလား။ သမီးက ဘယ်လိုလုပ်သိမှာတုံး။”

“ဪ နင်များသိမလားလို့ပေါ့ဟာ၊ နင့်အစ်ကိုက မြုံစိစိနဲ့။ ငါ့လည်းမပြောဘူး။”

“သူငယ်ချင်းတောင် မပြောပြတာ၊ ညီမကိုပြောမတဲ့လား။ သမီးအစ်ကိုက ငယ်ငယ်ကတည်းက အဲဒီအတိုင်းပဲ။”

ဆယ်တန်းတက်နေစဉ်တစ်လျှောက်လုံး ကျွန်တော်သည် နှစ်ချင်းပေါက်အောင်ချင်ဇောဖြင့် စာကိုဖိလုပ်သည်။ ဖိုးကျော်နှင့် အတူတူကျောင်းသွားကျောင်းပြန် လုပ်တုန်းဆိုပေမယ့် အတန်းချင်းမတူတော့တာရော၊ ကျွန်တော့်မှာ ကျူရှင်တွေပါယူရတာရောကြောင့် အရင်ကလောက်တော့ သိပ်မတွေ့ဖြစ်တော့။ အခင်အမင် တော့ မလျော့သွားပါ။ အချိန်ရရင် ရသလိုတော့ နှစ်အိမ့်တစ်အိမ် လည်တတ်ပါသေးသည်။ ဖိုးကျော်လည်း ဒီနှစ် ထပ်ကျလို့မရသဖြင့် ခြေတော်တော်ငြိမ်သွားသည်။

ကျွန်တော်ဆယ်တန်းအောင်သလို သူလည်း ကိုးတန်းအောင်ပြီး ဆယ်တန်းတက်ရမည်။ သို့သော် သူ ဆယ်တန်းတက်နေတုန်း ဘဝက ကပြောင်းကပြန်ဖြစ်သည်။ သူ့အမေရုတ်တရက် ဆုံးသဖြင့် နယ်ပြန်သွားရသည်။ နာရေးကိစ္စတွေပြီးသွားတော့ ရန်ကုန် ပြန်တော့လာသည်။ သို့သော် သူ့ကြည့်ရတာ စိတ်လေနေ သည်။ ကျောင်းသိပ်တက်ချင်ပုံမရတော့။ သူ့အဒေါ်၊ ကျွန်တော်နှင့် သူ့ညီမတို့ ဝိုင်းပြောတော့ ဆယ်တန်းတော့ ဝင်ဖြေသေးသည်။ သို့သော် ကျသည်။ သူ ဆယ်တန်းပြန်မဖြေတော့ဘဲ ကားဝပ်ရှော့ တစ်ခုမှာ ပညာသင်ရင်း အလုပ်ဝင်လုပ်သည်။ သူ့အဒေါ်ကို ဒုက္ခထပ်မပေးချင်တော့ဟု ပြော၏။ သူ့ညီမ အတွက်လည်း သူ ကျောင်းစရိတ်ထောက်ချင်သည်ဟု ဆိုသည်။ ဝပ်ရှော့ရောက်တော့ ဖိုးကျော်ကို ဆီချေး အထပ်ထပ် မည်းညစ်ပေကျံနေသည့် အဝတ်အစားဖြင့် တွေ့ရ၏။ ကျွန်တော် သွားလည်လျှင်တော့ ဖိုးကျော်သည် ရှက်ရွံ့ရွံ့ဖြစ်နေဟန်ရလေသည်။

သူကတော့ သူ့ဝပ်ရှော့သို့ လာသည်ကို ကြိုက်ပုံမရ။ ထိုအချိန်တွင် ကျွန်တော်သည် တက္ကသိုလ်တက်နေရပြီ။ သူနှင့်ကျွန်တော်တို့ကြားက ကွာခြားမှုကို တွေးမိပြီး ဖိုးကျော်တစ်ယောက် ရှက်ရွံ့အားငယ်မှုဖြစ်နိုင်သည်ဟု တွေးမိသဖြင့် ကျွန်တော်ကတော့ သူ့ကို အရင်ကထက် ပိုပြီး ဂရုတစိုက်လုပ်သည်။ အရင်လိုပဲ သူ့အိမ်သွား လည်သည်။ ဝပ်ရှော့တော့ သိပ်မသွား။

ကျွန်တော် တက္ကသိုလ်ပထမနှစ်ကတည်းက လိုက်နေခဲ့သော ကျွန်တော်နှင့် မေဂျာတူ ကောင်မလေးရှိသည်။ သူ့ကို ကြိုက်နေ၊ လိုက်နေကြသူတွေကလည်း များသည်။ ဒုတိယနှစ်အစတွင် သူက ကျွန်တော့ကို အဖြေပြန်ပေး၏။ ပြောရလျှင် သန္တာသည် ကျွန်တော့်အချစ်ဦးဖြစ်သည်။ ဟိုက်စကူးတုန်းက ကြိုက်ခဲ့၊ လိုက်ခဲ့သူတို့သည် အပျော်သာဖြစ်ပြီး သန္တာနှင့်ကျမှ ကျွန်တော့်နှလုံးသားသည် နိုးကြားလာခဲ့ရသည်။ ကျွန်တော်သည် သန္တာမှလွဲ၍ ကျန်တာ ဘာမှမမြင်တော့အောင် မိုးမမြင်မြေမမြင် အချစ်ကြီးချစ်နေမိသည်။ သန္တာသည် ကျွန်တော့်ဘဝတစ်ခုလုံးကို နေခြည်ပြိုးပြက်အောင် အလင်းဓာတ်ပေးသော နေမင်းကြီး၊ ညအခါတွင် ကောင်းကင်တစ်ခွင်လုံးကို ငွေရည်ငွေမင်များ သွန်းချသော သော်တာလမင်း။

“မင်းသူ့ကို တကယ်ချစ်သလား”ဟု ဖိုးကျော်က မေးတော့ ကျွန်တော်သည် မဆိုင်းမတွပင် ခေါင်းညိတ်မိသည်။

“ချစ်တာပေါ့ကွာ… ချစ်တယ်ဆိုတာ ဒီလောက် နူးညံ့သိမ်မွေ့မှန်း ငါမသိခဲ့ဘူးကွာ”ဟု ပျားရည်၊ ထောပတ်တို့ ဝနေသည့် ပေါင်မုန့်ဖတ်ကလေးနှင့်တူသော ကျွန်တော့်နှလုံးသားက ကျွန်တော့်ကိုယ်စား ပြန်ဖြေလေသည်။ “မင်းနဲ့ မိတ်ဆက်ပေးရ ဦးမယ်”ဟု ဖိုးကျော်ကို ပြောလိုက်တော့ သူက ခေါင်းခါသည်။

“နေပါစေကွာ။ ငါက လမ်းဘေးကကောင်ပါ။”

ဖိုးကျော်စကားကြောင့် ကျွန်တော် ထောင်းခနဲဒေါသထွက်သွားပြီး မပြောစဖူး မာမာထန်ထန် ပြောလိုက်လေ သည်။ နောက်တစ်ခါ ထပ်ပြောလျှင် ခွင့်မလွှတ်ဟု ဆိုလိုက်သည်။ ဖိုးကျော်သည် မျက်ရည်များဝဲနေ၏။ အလွန်တည်ငြိမ်အေးဆေးစွာ နေခဲ့သော ဖိုးကျော်သည် စကားအဆုံးတွင် ကျွန်တော့်ကို ဖက်ငိုတော့သည်။

***

သန္တာနှင့်ကျွန်တော်တို့ လက်ထပ်သောအခါ ဖိုးကျော်ရှိမနေခဲ့ပါ။ လက်မထပ်မီ တစ်ပတ်အလိုတွင် နယ်ပြန်ဦးမည် ဆိုကာ ကောက်ခါငင်ခါ ထွက်သွားလေ၏။ ကျွန်တော့်ကိုပင် ကြိုအသိမပေးဘဲ သူ့အဒေါ်နှင့် မှာသွားခြင်းဖြစ်သည်။ ကျွန်တော့်ကတော့ စိတ်အလွန်တိုသွားလေသည်။ တကယ်ဆို သန္တာနှင့်ကျွန်တော်တို့ ပေါင်းရခြင်းသည် ဖိုးကျော်ကျေးဇူးကြောင့်ဖြစ်သည်။ ကျွန်တော်နှင့်သန္တာတို့အကြောင်းကို သန္တာတို့ဘက်က သိသွားသည့်အခါ သဘောမတူကြပါ။ သန္တာတို့က နည်းနည်း အကောင်ကြီးကြီးအသိုင်းအဝိုင်းထဲက ဖြစ်သည်။ ကျွန်တော်က သာမန် ရာထူးနိမ့် လခစားဝန်ထမ်းမိဘ၏သား။ အရေးအကြောင်းကျ ကျွန်တော် ဘာမှ မလုပ်တတ်။ မကြံတတ်။ ချစ်သူနှင့်မဝေးနိုင်။ မအိပ်နိုင်၊ မစားနိုင်၊ လင်းတမှိုင်မှိုင်။ နောက်ဆုံး ကျွန်တော်တို့နှစ်ယောက် ပေါင်းရအောင် ဖိုးကျော်က ကြားကနေ တံတားထိုးပေးခဲ့သူဖြစ်သည်။ ကျွန်တော်တို့ ခိုးပြေးကြသည်။ ခိုးပြေးရမည့် အစီအစဉ် အသေးစိတ်၊ ခိုးပြေးပြီး နောက်ပိုင်း ကိစ္စများကို ဖိုးကျော်ကသာ ကရိကထခံ ကူညီခဲ့ခြင်းဖြစ်သည်။ ခိုးပြေးသည့်ဇာတ်လမ်းလေးက ပြန်တွေးကြည့်တော့ရင်ခုန်စရာဖြစ်သည်။

အဖြစ်အပျက်တို့က မြန်လှသည်။ သန္တာတို့ဘက်က ခိုးပြေးပြီးမှတော့လည်း ပေးစားမည်ဟုဆိုသည်။ မိန်းကလေးကို မိဘလက်ထဲ ပြန်အပ်သည်။ နေ့ကောင်းရက်သာရွေးပြီး လက်ထပ်ကြသည်။ အဲဒီ အတော အတွင်းလည်း တောက်တိုမည်ရ ဘေးကနေ အကုန်လိုက်လုပ်ပေးသူမှာ ဖိုးကျော်ဖြစ်သည်။ ထိုအချိန်တွင် သူက ဝပ်ရှော့မှာ လုပ်သက်ရင့်ဝန်ထမ်းအဖြစ် အတော်တောင်နေရာရနေပြီဖြစ်သည်။ ဖိုးကျော်က သူ့အလုပ်တွေ ဖျက်ပြီးတော့လည်း ကျွန်တော့်ကို လိုက်ကူညီရသေးသည်။ ကျွန်တော်က အားနာလို့မဆုံး။ “ရပါတယ်ကွာ၊ မင်း မင်္ဂလာဆောင်ပဲ။ တစ်သက်မှာ တစ်ခါကြုံတဲ့အခွင့်အရေး။ မင်းချစ်သူနဲ့ပေါင်းရဖို့အရေး ငါဘာပဲလုပ်ပေးရလုပ်ပေးရပါ”ဟု သူက ကျွန်တော့် လက်မောင်းကို ကိုင်ပြီးပြောသည်။ ဖိုးကျော်သည် ကျွန်တော့်ကို ကြည့်ပြောနေသော်လည်း မျက်လုံးများက ကျွန်တော့်ကိုဖောက်ထွင်းပြီး ဟိုးအဝေးက တစ်နေရာကို ကြည့်နေ သကဲ့သို့ ထင်ရလေသည်။

ကျွန်တော့် မင်္ဂလာဆောင် မတိုင်မီကတည်းက နယ်ပြန်သွားသည်ဟု ဆိုသော ဖိုးကျော်သည် မင်္ဂလာဆောင်ပြီး သည်အထိ ပြန်မလာ။ စာလည်းမလာ၊ သတင်းလည်းမကြား။ သူ့အဒေါ်နှင့် နှမလည်း မသိဟု ဆိုသည်။ ထိုစဉ်က ယခုခေတ်လို ဆက်သွယ်ရေးတွေမကောင်းသေး။ သုံးလလောက်ကြာမှ သူ့ဆီက စာရောက်လာသည်။ သူ စစ်တပ်ထဲ ဝင်သွားသည်တဲ့။ ဘာတွေဖြစ်ကုန်ပြီလဲမသိ။ အသေးစိတ်ကိုလည်း သူရှင်းမပြ ချေ။ သူ ထွက်မသွားခင် သူ ဝပ်ရှော့မှာလုပ်လို့ရသည့် လစာငွေတွေထဲက စုထားသည့် ကိုယ့်ပိုင်ငွေတွေကို ကျွန်တော်နှင့်သန္တာတို့မင်္ဂလာဦးအတွက် လက်ဖွဲ့သွား၏။

အချိန်တို့သည် ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသောအခါ ကုန်မှန်းမသိ ကုန်သွား၏။ ခြောက်နှစ်ခန့်ကြာသည့် အခါ ဖိုးကျော်နှင့်ပြန်တွေ့ရသည်။ မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းသွားသည်။ ပီဘိစစ်သားရုပ် ထွက်နေသည်။ သူအခု အရစ်တွေတောင် တက်နေပြီ။ သူက သူ့တပ်ထဲက အကြောင်းတွေပြောပြသည်။ ကျွန်တော့်သားကို ပွေ့ချီပြီး “သားဟာဦးကျေးဇူးကြောင့် လူ့လောကထဲ ရောက်လာတာကွ၊ မင်းအဖေက ဘာမှ အဖြစ်မရှိဘူး”ဟု ပြောပြီး တဟားဟားနှင့် ရယ်လေသည်။ သူငယ်ချင်းနှစ်ယောက် ညဉ့်အတော်နက်သည်အထိ စကားတွေ ထိုင်ပြောကြသည်။ ရှေးဟောင်း နှောင်းဖြစ်တွေလည်း ပါသည်။

“ဒါနဲ့ ဖိုးကျော် … မင်းရော အိမ်ထောင်မပြုသေးဘူးလားကွ။ သဉ္စာလည်း ခုထိ အပျိုကြီးပဲနော်။ မင့် စောင့်နေတာ ထင်ပါရဲ့”ဟု ကျွန်တော်က အစပြန်ဖော်လိုက်သည်။ ဖိုးကျော်မျက်နှာက စိတ်ပျက်သွားပုံ။

“ဟာကွာ… ငါ သဉ္စာ့ကိုမကြိုက်ပါဘူးဆို မင်းကလည်း…”

“ဟ ဒါဆိုလည်း ဘယ်သူလဲဆိုတာ ပြောပြလေကွာ။ ချီးတဲ့မှပဲ။ မင်းဟာလေ လျှို့ဝှက်၊ မြုံစိစိလုပ်တဲ့ ငယ်ငယ်ကအကျင့်ကို မပျောက်သေးဘူး။ ခုထိ ရှက်နေရသေးလား။”

ဖိုးကျော်သည် အနည်းငယ် ငေးငေးရီရီဖြစ်သွား၏။ အိပ်ပျော်နေသော ဒဏ်ရာဟောင်းတို့ ပြန်ထလာသူ တစ်ယောက်လို စောစောက တက်ကြွနေသော ပုံလွှာသည် ချက်ချင်း ပြောင်းလဲသွားသည်။

“ငါနဲ့သူနဲ့က အစကတည်းက မဖြစ်နိုင်လို့ ငါ့ဟာငါ ကျိတ်ပြီးနေခဲ့တာပါ။ အစကတည်းက အလွှာခြား ပြီးသားပါ။ ခုဆို ပိုလို့တောင် ဝေးသွားခဲ့ပါပြီ။”

အစကတော့ ကျွန်တော်သည် ဖိုးကျော်ကို စိတ်တိုနေသေး၏။ သို့သော် သူ့ရင်ထဲတွင် အမှန်တကယ် ဆွေးဆွေး မြည့်မြည့် လှိုက်လောင်နေသည်ဟု ခံစားလိုက်ရသည့်အခါ သနားသွားပြီး သူ့ကို ဆက်မေးချင် စိတ်မရှိတော့ပါ။ သူငယ်ချင်းချင်း လျှိုနိုင်လွန်းသည်ဟု ထင်သော်လည်း သူ့မှာ မပြောနိုင်သည့်အကြောင်း ရှိချင်လည်း ရှိမည်ဟုသာ တွေးရင်း စကားစကိုဖြတ်ကာ အိပ်ရာကိုယ်စီဝင်ခဲ့ကြသည်။

***

နောက်တစ်ကြိမ် ဖိုးကျော်အကြောင်းကို ကြားရချိန်ကတော့ ဝမ်းသာစရာမဟုတ်။ ဖိုးကျော်သည် ရှေ့တန်း တွင် တိုက်ပွဲကျသည်ဆိုသော သတင်းသာဖြစ်သည်။ တပ်ကြပ်ကြီး ဖိုးကျော်သည် ရန်သူအဝိုင်းခံထားရသည့် သူ့တပ်စုကို ကျည်ဆန်များကြားထဲမှ ရဲရဲရင့်ရင့်ဦးဆောင်ဖောက်ထွက်ကာ ဘေးကင်းရာသို့ ပို့ဆောင်နိုင်ခဲ့ သော်လည်း သူ့အသက်ကို ရန်သူ့ကျည်ဆန်များက နုတ်ယူသွားခဲ့သည်ဟု ဆိုသည်။ တပ်ကြပ်ကြီး ဖိုးကျော် ဒီလောက် ရဲဝံ့သတ္တိရှိမည်၊ အနစ်နာခံနိုင်လိမ့်မည်ဟု မထင်ခဲ့မိကြောင်း သူ့ရဲဘော်များက ပြန်ပြောပြကြသည်။ ဖိုးကျော်အား အရာရှိ အဖြစ် သေပြီးမှ ရာထူးတိုးပေးကာ ဂုဏ်ပြုလိုက်သည်။

ဖိုးကျော်တို့ အဒေါ်အိမ်တွင် သူ့နာရေးမပြီးမချင်း ကျွန်တော်ရှိနေခဲ့သည်။ ရက်လည်ပြီး ကနားဖျင်းတွေသိမ်း၊ အိမ်ကိုလည်း ပြန်ရှင်းပေးပြီးမှ အမောဖြေရင်း သူ့အဒေါ်၊ သူ့နှမတို့နှင့် အိမ်ရှေ့တွင်ထိုင်စကားပြောသည်။ ငယ်ငယ်က အကြောင်းတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေကို ဖိုးကျော်အလွမ်းပြေပြန်ပြောကြသည်။ သူ့အဒေါ် အိမ်နောက်ဖေး ခဏဝင်သွားတုန်း စကား စပ်မိရင်း ဖိုးကျော်၏လျှို့ဝှက်ထားခဲ့သော ချစ်သူအကြောင်းကို သူ့ညီမနှင့် ပြောရင်း ရောက်သွားသည်။

“နင့်အစ်ကိုဟာလေ ဘယ်လောက်တောင် နေနိုင်လိုက်သလဲဆို ငါ့ကိုတောင်မှ သူဘယ်သူ့ကို ကြိုက်နေတယ်ဆိုတာ ပြောပြမသွားဘူး”ဟု ကျွန်တော်က သူ့ညီမကို ပြောလိုက်သည်။

“အစ်ကိုဖိုးကျော် ဘယ်သူ့ကိုချစ်တယ်ဆိုတာ ကိုကြီးလုံးဝမသိဘူးလား”ဟု သူ့ညီမက နောက်ဖေး ရောက်နေသည့် သူ့အဒေါ်မကြားအောင် ခပ်တိုးတိုးဆိုသည်။

ကျွန်တော်က “ဟင့်အင်း”ဟု မျက်လုံးအဝိုင်းသားဖြင့် ပြန်ပြောလိုက်သည်။ “သူတစ်ခါမှမပြောဖူးဘူး။ ဒီကောင်က အရမ်းပိရိတာ။”

ဖိုးကျော်၏ညီမသည် ဆတ်ခနဲထသွားပြီး အိမ်ထဲမှ တစ်စုံတစ်ခုကို ယူပြီးပြန်ထွက်လာသည်။ “ဒါ အစ်ကိုဖိုးကျော် တိုက်ပွဲကျတုံးက သူ့အလောင်းပေါ်ကနေ ရတာ။”

သွေးပေနေသော ဓာတ်ပုံတစ်ပုံကို သူက ကျွန်တော့်အား ပေးသည်။ ပုံက အပြည့်မဟုတ်။ ဖြတ်ထားသည့် ပုံဖြစ်သည်။ ဟောင်းနွမ်းလွန်းလှပြီ။ သေချာကြည့်သည်။ ရုတ်တရက် မမှတ်မိ။ နောက်မှ ကျွန်တော့်ပုံကို ကွက်ပြီး ညှပ်ထားသည့်ဖြတ်ပိုင်းပုံ ဖြစ်နေသည်။ သေချာစဉ်းစားတော့မှ … ကိုးတန်း အတန်းတင် စာမေးပွဲတွေ မဖြေခင် ကျောင်းနောက်ဆုံး တက်ရက်က အတန်းထဲမှာ ဆရာမနှင့်တပည့်တွေ စုရိုက်ထား သည့်ပုံ ဖြစ်နေသည်။ ဖိုးကျော်က ကျွန်တော့်ဘေးနားမှာ၊ ကျွန်တော့်ပခုံးကိုဖက်လို့။ အဲဒီ ပုံထဲကမှ ကျွန်တော်နှင့်သူ့ပုံကို ဖိုးကျော်က ဖြတ်ပြီးသိမ်းထားခြင်းဖြစ်သည်။ ကိုးတန်း ပြီးတော့ ကျွန်တော်နှင့် သူနှင့်လည်း တစ်ခန်းတန်း အတူတူမတက်ရတော့။ ကျွန်တော်က အောင်ပြီး သူက ကျသည်ကိုး။ ကျွန်တော့်မှာလည်း ထိုဓာတ်ပုံ မိတ္တူ တစ်ပုံရှိခဲ့ဖူးသည်။ ထိုတုန်းက တစ်တန်းလုံး စုပေါင်းဓာတ်ပုံ ရိုက်ပြီး တစ်ပုံစီကူးယူခဲ့ကြခြင်းဖြစ်သည်။ သို့သော် ကျွန်တော့် ဆီက ပုံကတော့ ဘယ်မှာ နေမှန်းမသိတော့။

“ညီမလေး ရိပ်မိတာတော့ ကြာခဲ့ပါပြီ”ဟု ဖိုးကျော်ညီမက ကျွန်တော့်ကိုမကြည့်ဘဲ ပြောသည်။

ကျွန်တော်ရော၊ သူရော စကားမပြောမိကြဘဲ ငြိမ်ပြီးသာ ထိုင်နေကြသည်။ နှစ်ဦးသား ဘာဆက်ပြောရမှန်း မသိချေ။ သူ့ညီမသည် ခဏနေတော့ မျက်ရည်များဝဲလာသည်။ နှာခေါင်းထိပ်ဖျား လေးများ နီရဲလာ၏။ တစ်ရှူးကိုယူ၍ နှာကိုညှစ်လိုက်သည်။

***

ဖိုးကျော်သည် အလွန်လျှို့ဝှက်၊ မြိုသိပ်၊ ပိရိသေသပ်လွန်းသူဖြစ်လေသည်။ ကျွန်တော်သည် ကျွန်တော်တို့ ကိုးတန်းနောက်ဆုံးတက်ရသည့်နေ့က ရိုက်ခဲ့သည့် ဓာတ်ပုံဟောင်းကလေးကို လက်ထဲကိုင်ထားကာ ကြည့်နေရင်းကမှ စိတ်က ဖိုးကျော် ကို သတိရနေမိလေသည်။ ဖိုးကျော်မှာလည်း ချစ်သူတစ်ဦး ရှိဖူးခဲ့ပါလား ဟု သိနေမိလေသည်။

(Colors Rainbow မဂ္ဂဇင်း။ ၂၀၁၈ ခုနှစ် စက်တင်ဘာလထုတ်)

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။




Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...