Skip to main content

ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထု

Picture: FinArtAmerica.com
ရယ်မောသံများ ထွက်ပြေးတိမ်းရှောင်သွားသောအခါ တိတ်ဆိတ်ခြင်းများ ကျန်ခဲ့မည်မှာ သေချာပါသည်။ အရာဝတ္ထုများ မြေပြင်ပေါ်သို့ အတားအဆီးမရှိ လွတ်လပ်စွာကျဆင်းနေစဉ် မလွတ်လပ်နိုင်ရှာသည့် စစ်တုရင်ရုပ်များလည်း ရှိသည်။ အရှိန်နှင့်လိမ့်နေသော အံစာတုံးတစ်တုံး အရှိန်ကုန်၍ရပ်သွားလျှင် ကျမည့်ဂဏန်းနံပါတ်ကိုလည်းကောင်း၊ အကြောင်းရင်း ကိုလည်းကောင်း သိနေပါသည်။ သို့ရာတွင် ထိုသို့သိခြင်းသည် သင်္ချာကျောင်းသားတစ်ယောက်၏ တစ်နှင့်တစ်ပေါင်းလျှင် 'နှစ်' ဖြစ်သည်ဟု သိခြင်းမျိုး၊ ရူပဗေဒကျောင်းသားတစ်ယောက်၏ 'ရီလေတီဗတီသီအိုရီ'ကို နားလည်ခြင်းမျိုးထက် စိုးစဉ်းမျှ မပိုကြောင်းကိုလည်း သိနေပြန်သည်။ သိခြင်း၊ နားလည်ခြင်းသည် အကန့်အသတ် ခြွင်းချက်ရှိခြင်း (ဝါ) စင်းလုံးချော မဖြစ်နိုင်ခြင်း အကြောင်းကို သိပြီဆိုလျှင် တွက်လက်စပုစ္ဆာတစ်ပုဒ်ကို ခေါင်းရှုပ်ခံပြီး ဆက်စဉ်းစားစရာ မလိုတော့ပါ။ မှန်ကွဲစများအား တပါးသူမထိခိုက်မိစေရန် စေတနာဖြင့် ကောက်ယူ သိမ်းဆည်းမည်ဆိုပါက သင့်လက်ကို လက်အိတ်စွပ်ရန် မမေ့ဖို့သတိပေးပါရစေ။

ကမ္ဘာလောကကြီး ဖြစ်တည်လာသည်။ သစ်ပင်များပေါက်လာကြသည်။ သစ်ကိုင်းပေါ်တွင် သစ်ရွက်တို့ထွက်ပေါ်လာကြပြီး တစ်ချိန်တွင် ဟောင်းနွမ်းသွားသည်။ ရွက်ဟောင်းကြွေသောအခါ ရွက်သစ်ဝေသည့် အစဉ်အလာဖြစ်လာသည်။ ဤနိယာမသည် ယနေ့တိုင်မှန်ဆဲဖြစ်ကြောင်း မျက်စိရှေ့ရှိ အပင်ပေါ်မှ သစ်ရွက်အဖူးအညွန့်ကလေးများက ပြောပြပါသည်။ သို့ရာတွင် လက်ရှိသစ်ရွက်များ ဟောင်းနွမ်းကြွေကျသွားသောအခါ ရွက်သစ်တို့ဝေမည် မဝေမည်ကတော့ မသေချာ။ ၎င်းသည် အနာဂတ်တွင်ရှိခြင်းကြောင့် တင်ကြိုသက်သေပြ၍မရပါ။ ကာလသုံးပါးရထားသည် အရှိန်ကုန်သွားပြီး လမ်းဘူတာတစ်ခုခုမှာသာ ခရီးဆုံးသွားမည်ဆိုပါက လောကကြီး ကမောက်ကမဖြစ်ကုန်လိမ့်မည်ဟု ဟူးရားဖြူဟူးရားညိုတို့ နိမိတ်ဖတ်အလုပ်ရှုပ်လျက်ရှိကြသည်။ သစ်ရွက်တို့သည် သူတို့ကိုယ်နှိုက်က ဆန္ဒမရှိ၍လည်းကောင်း၊ နေမှအလင်းရောင်နှင့် မြေကြီးထဲမှ ရေနှင့်ဓာတ်ဆားကို ဆက်လက် မရရှိတော့၍ လည်းကောင်း၊ ဆက်လက်ပွင့်ထွန်းဖို့ရန် ငြင်းဆန်ခဲ့ပါက လူနှင့် လူ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ကာကွယ်စောင့်ရှောက်သည့်အဖွဲ့အစည်းများသို့ မီရာလေယာဉ်ဖြင့်လိုက်၍ သတင်းပို့ရန်သာ ရှိပါတော့သည်။

မည်သူမဆိုဤပြဿနာရပ်များကို 'မိမိမသိ' ဟု ငြင်းနိုင်သော်လည်း ကာယကံရှင်တို့ သိခြင်းကို (ထို့ထက်ပို၍ ဉာဏ်ကြီးသူများ သိချင်သိနိုင်သည် ဆိုသည့်အချက်ကို) မူ ငြင်းဆန်၍မရနိုင်ပါ။ သို့သော်လည်း စကားမပြောနိုင်သော သစ်ရွက်များက အဖြစ်သနစ်အထွေထွေကို စာရေးသားပြီး စာအုပ်ထုတ်ဝေရန် အတွက် ထုတ်ဝေသူနှင့် သဘောတူညီမှုရမည့်နေ့ကို စိတ်ရှည်ရှည်နှင့်စောင့်ဖို့ရန် ခဲယဉ်းသည်ဟု သင်ယူဆလျှင်ဖြင့် ပွစာကျဲနေသော သစ်ရွက်ခြောက်များကို တံမြက်စည်းတစ်ချောင်းဖြင့် လှဲကျင်းပစ်ပြီး တစ်နေရာတည်းတွင် စုပုံ၍ တစ်ခါတည်း မီးရှို့ပစ်နိုင်ကြောင်း ပြောပါရစေ။ သင့်ကို မည်သည့် တရားရုံးကမျှ ဆင့်ခေါ်စာ ထုတ်လိမ့်မည် မဟုတ်ပါ။

အမှန်တရားတွင် မျက်နှာစာနှစ်က်ရှိသည်ဟု သင်ထင်ပါသလား။ မျက်နှာစာနှစ်ဖက်မက သုံးဖက်၊ လေးဖက်၊ အဖက်ပေါင်းများစွာရှိနိုင်သည်ဟုရော ဆက်တွေးကြည့်ဖူးပါသလား။ ဤသို့ သင်ထင်မြင်သည်ဟု ခေါင်းညိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ယခုအထိ ပြောလာခဲ့သမျှသည် အမှန်ဟု တစ်ထစ်ချဆိုရန် ခဲယဉ်းသွားပါပြီ/ထိုသို့ဆိုလျှင် အတင့်ရဲလွန်းရာ ကျပါသည်။ ကာလ၊ ဒေသ၊ ပယောဂများဖြင့် ပညတ်ထားသော အမှန်တရားတို့သည် ထာဝရမမှန်ကန်နိုင်တော့သဖြင့် ယာယီအဖွဲ့အစည်းတစ်ခုမှ ယာယီ အမှုဆောင်များနှင့် မခြားဟုသာ ပြောစရာကျန်ပါတော့သည်။ သင် ကျွန်ုပ်ရှိရာသို့ လာခဲ့ပါ။ ပြီးလျှင် ကျွန်ုပ်ကြည့်နေသည့်နေရာမှ ကြည့်ကြည့်ပါ။ ထိုအခါ ဆေးတံကိုဟန်ပါပါခဲ၍ စစ်တုရင်ထိုးနေသော သူ့ကို သစ်ရွက်တစ်ရွက်အဖြစ် မြင်ရပါလိမ့်မည်။ သို့ရာတွင် သင့်အနေဖြင့် သူ့ကို သစ်ရွက်တစ်ရွက်အဖြစ် လက်မခံနိုင်ပါက 'ကျင့်သားမရသေးလို့'  ဟု သဘောထားပါ။ သူသည် ကာလသုံးပါးမှ ကင်းလွတ်သော သစ်ရွက်တစ်ရွက် (သို့မဟုတ်) တရားကိုယ် သဘောအရ သစ်ရွက်တစ်ရွက်ဖြစ်သည်ဟု ထပ်ဆင့် အဆိုပြုကြည့်ချင်ပါသည်။ သို့ဖြစ်လျှင် တစ်လောကလုံး ပွက်လော ရိုက်မည့် အလားအလာရှိပါသည်။

မှန်တာမှားတာ လက်ခံနိုင်တာ လက်မခံနိုင်တာ ခဏဘေးချိတ်ထား၍ အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်း ခံစား ကြည့်ပါ။ သူ စစ်တုရင်ထိုးနေတာ၊ ဆေးတံဖွာနေတာ သင်ငြင်းမည်မထင်ပါ။ သစ်ရွက်တို့သည် စစ်တုရင်ထိုးခြင်း၊ ဆေးတံ သောက်ခြင်းမှ ရှောင်ကြဉ်ကြသောကြောင့် သင့်မှာ သူ၏ သစ်ရွက်ဘဝကိုမြင်ရန် အခက်တွေ့နေရခြင်း ဖြစ်ပါလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သစ်ရွက်များသည် လေတိုက်သောအခါ ထက်အောက်ဘယ်ညာလွင့်ဝဲ၍ မျောပါရသည်ဟုလည်းကောင်း၊ ပြီးလျှင် မြေပေါ်သို့ဆင်းသက်လဲလျောင်းရသည်ဟုလည်းကောင်း သင့်အသိထဲတွင်စွဲမြဲနေသည်ဆိုလျှင်လည်း ပြဿနာ မရှိပါ။ သူ့အား ခြေထောက်နှစ်ချောင်းမှဆွဲကိုင်ပြီး အမြင့်မှလွှတ်ချကြည့်လျှင် သစ်ရွက်တစ်ရွက်လို ဘယ်ညာယိမ့်နွဲ့ကာ သက်ဆင်းသွားပါလိမ့်မည်။ မြေကြီးပေါ်တွင် သူ့ကိုချနင်းကြည့်လျှင် သစ်ရွက်ခြောက် တစ်ရွက်ကို နင်းရသလို ခြိုးခြိုး ခြောက်ခြောက် အသံမြည်ပြီး ကြေမွသွားသည်ကို သင်ဧကန်တွေ့ပါလိမ့်မည်။

မြေပေါ်တွင် သစ်ရွက်ခြောက်များ စန့်စန့်လေးလဲလျောင်းနေသလို၊ ရုန်းထရန်အားယူနေသလို၊ သူကလည်း လဲလျောင်း နေသည်ကိုကြည့်ပါ။ သို့သော် သူလှဲနေသည်က မြေကြီးပေါ်မှာမဟုတ်ဘဲ ဗုံးတန်ချိန်များစွာ အကြဲခံထားရသည့် မြို့ပျက်လို ဖရိုဖရဲဖြစ်နေသည့်၊ တစ်ချိန်က ဝင့်ကြွားစွာ ရပ်တည်နေခဲ့မည့်ပုံ ပေါ်သည့် အဆောက်အဦများ၏ အကြွင်းအကျန် အုတ်ရိုး အုတ်ပုံအပြိုအပျက် တစ်ခုပေါ်မှာသာ ခေါင်းကို လက်ဖြင့်ထောက်ပြီး တစောင်းလှဲနေခြင်းဖြစ်သည်။ သူ့မျက်နှာနှင့် ကိုယ်ပေါ်တို့ရှိ အထင်းသားပေါ်နေသည့် သွေးကြောမျှင်စိမ်းစိမ်းများကို သစ်ရွက်တစ်ရွက်၏ ရွက်ကြောစိမ်းများအဖြစ် မြင်အောင် ကြည့်တတ်ရန် သင့်ကိုကျွန်ုပ်သင်ပေးပါမည်။ သို့ရာတွင် သူကတော့ သူ့ကိုယ်သူ သစ်ရွက်တစ်ရွက် ဟုတ်မဟုတ်ကို စိတ်ဝင်စားဟန် ပြလိမ့်မည် မဟုတ်ကြောင်း သတိပေးပါရစေ။ သူ စိတ်ဝင်စားသည်မှာ သူ့ဘဝမဟုတ်၊ သူ့အင်္ကျီလုံချည် သစ်မသစ် ကိစ္စမဟုတ်၊ ရောမမြို့ကြီးမီးလောင်သည့်ကိစ္စမဟုတ်၊ သူ့ရှေ့ရှိ စစ်တုရင်ကစားဝိုင်းသာဖြစ်ကြောင်း သူ့ မျက်လုံး များက သက်သေပြနေပါသည်။

အရိုးပြိုင်းပြိုင်းထနေသည့် အဘိုးအိုတစ်ယောက်လို အကျည်းတန်လှသည့်သစ်ပင်ကို သူကတစ်ချက်မျှ အသာလှမ်းကြည့် လိုက်ပြီး သစ်ရွက်လက်ကျန်တို့၏ခပ်ယဲ့ယဲ့အပြုံးတို့ကို စာရွက်လွတ်တစ်ရွက်ပေါ် တေးမှတ်ကြည့်နေသည်။ မျက်မှောက်ရှိ သစ်ရွက်တို့၏ဖြစ်တည်မှုအပေါ် အသိအမှတ်ပြုသူဆို၍ သူတစ်ဦးတည်းသာရှိကြောင်း သစ်ရွက်များမသိပါ။ သူက ဖြစ်ပျက်သမျှအတွက် ပင့်သက်မ တစ်ခုရှိုက်လိုက်ပြီး တစ်ဆက်တည်းဆိုသလို ရွက်သစ်ဝေရန်မသေချာသည့် သစ်ပင်အတွက် သက်ပြင်းတစ်ခု ချလိုက်ပြန်သည်။ သူကဖွာလန်ကျဲထွက်နေသော အုတ်ရိုးအပျက်အပေါ် ပက်လက်လှန် လိုက်ရင်း ကောင်းကင်ကိုမော့ကြည့်ပြီး အခြေအနေမဟန်သည့် စစ်တုရင်ပွဲကို လျစ်လျူပြုနေမိသည်။ တစ်ဖက်လူကတော့ စိတ်ပျက်သွားနိုင်သည်ကို သူသိပါသည်။ ဒါပေမဲ့ နယ်ရုပ်အားလုံး ညှပ်ပူးညှပ်ပိတ် အဝိုင်းခံနေရသည့်အနေအထားမှ လွတ်မြောက်ရန် ဖြစ်နိုင်ခြေမရှိသော (သို့မဟုတ်) ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးသော ကစားပွဲအပေါ် စိတ်ဝင်စားသည့် သစ်ရွက်အချို့ (တစ်ရွက်၊ နှစ်ရွက်ထက်မပို) ကိုသာ မဲဆွယ်ကြည့်နေလိုက်သည်။

''တစ်... နှစ် ... သုံး ...''

သူက မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ကြယ်တာရာများကို (အကြောင်းမဲ့) ရေတွက်ကြည့်နေခြင်းသည် တစ်ဖက်လူစိတ်မရှည်ချင်လာအောင် ဒါမှမဟုတ် စိတ်တိုပြီး အမှားပါလာအောင် တမင်သက်သက်အချိန်ဆွဲနေမှန်း မသိကြပါ။ သိရင်တော့ ကျိတ်ပြီးပြုံးကြပါလိမ့်မည်။ မသိကြဟု ဆိုသော်လည်း သိချင်သိနေနိုင်သည်။ မသိဖို့က ပိုများသည်။ လက်မှတ်ကို တရားဝင်ဈေးဖြင့် ဝယ်နိုင်ပါလျက် မှောင်ခိုလိုက်သူလည်းရှိချင်ရှိမည်။ ဒါပေမဲ့ သူကတော့ ဒါတွေကိုမတွေးအားပါ။ အလုပ်ရှုပ်ခံပြီး စာရင်းမှတ်မနေနိုင်ပါ။

''ဒါက အရင်က စာကြည့်တိုက်... ဒီနေရာက လမ်းမတန်းကြီး ... ဒါက အားကစားရုံ ... ဒီနားမှာ တရုတ်စကားပင် တွေ အစီအရီပေါက်တာ...''

သူက သစ်ရွက်များ၏ထုံအမှုကို (ညံ့ဖျင်းမှုကို) ကျောခိုင်းလိုက်ရင်း တစ်ချိန်ကမြို့ပျက်ကြီး၏ အမှတ်အသားများကို တစ်ခုချင်းစီ လက်ညှိုးထိုးပြီး တစ်ဖက်လူကို ရှင်းပြလိုက်သည်။ သစ်ရွက်ကလေးများ သိချင်မှသိပါလိမ့်မည်။ အရေးကြီးတာက ကစားပွဲကို နိုင်ဖို့ဖြစ်ကြောင်း၊ အခြေအနေမဟန်လျှင် မိုက်တိုင်ဆန်လို နားရွက် ဖက်ကိုက်သင့် ကိုက်ရမည်ဖြစ်ကြောင်း၊ ညွှန်းရာရောက် သည့် စကားလုံးများကို ရွေးချယ်သုံးစွဲတိုင်း သက်ပြင်းခိုးခိုးချတတ်တာ သစ်ရွက်များ သိမှသိပါ့မလားဟု သူ့မှာရင်မောရ သောကြောင့်ဖြစ်ပါသည်။

သူက တစ်ချိန်ကထည်ဝါခမ်းနားခဲ့မည်ဖြစ်သော မြို့တော်ကြီး၏ နိဂုံးကမ္ပတ်အဆုံးသတ်ခဲ့ရသည့် အကြောင်းရင်းကို မေးမြန်းတိုင်း တစ်ဖက်လူက မီးလောင်မှုကြောင့်လိုလို၊ ရေကြီးမှုကြောင့်လိုလို မရေမရာဖြေတတ်သည်ကို သူ ဘဝင်မကျနိုင်။ မိုးကြိုးခထားသလို မည်းတူးနေသည့် ပင်စည်ကိုကြည့်၍ သူက စုတ်သပ်မိသည့်အခါတိုင်း ခပ်နွမ်းနွမ်းသစ်ရွက်ခြောက် များက နေပါစေဟု ပြောတတ်သည့် အကျင့်ပါနေပြီဆိုလျှင် ဆေးတစ်ဆုံဖွာမပြီးခင် ကစားပွဲကို ပြောင်းပြန်လှန်ပစ်ဖို့ ခဲယဉ်းလာပြီဖြစ်ကြောင်း သူရိပ်မိလာပြီဖြစ်သည်။ ကျွန်တော်လည်း သစ်ရွက်တစ်ရွက်ပါ၊ ကျွန်တော့်ကိုလည်း အားပေးကြ ပါဦးဟု သူက အာခေါင်ခြစ်အော်မိတိုင်း အဟားခံရသည့်အဖြစ်အပေါ် ကျင့်သားရလာပါပြီ။ ကံဆိုးသူ သစ်ရွက်များ အတွက် အခမဲ့ကုသိုလ်ဖြစ် ရှေ့နေလိုက်မိသဖြင့် အရှက်တကွဲသိက္ခာကျခဲ့ရခြင်းအား နောင်တရမိသဖြင့် သူ့ကိုယ်သူ သစ်ရွက်တစ်ရွက်ဖြစ်ကြောင်း ဝန်မခံတော့ဘဲ မေ့ထားလိုက်သည်မှာ ပစ္စုပ္ပန် (ခေါ်) ယခုအချိန်အထိ ဖြစ်သည်။

အရေးကြီးတာက ကစားပွဲကို နိုင်ဖို့ဖြစ်ကြောင်း၊ အခြေအနေမဟန်လျှင် မိုက်တိုင်ဆန်လို နားရွက် ဖက်ကိုက်သင့် ကိုက်ရမည်ဖြစ်ကြောင်း... 

ပါရီသည် ယနေ့ထက်တိုင် ပါရီဖြစ်သော်လည်း သူသည် ယနေ့ထက်တိုင် ပါရီမြို့သား ဟုတ်မဟုတ်ကိုတော့ သူ့မှာ သံသယ ရှိဆဲဖြစ်ပါသည်။ ပါရီမြို့နှင့်သစ်ရွက်တစ်ရွက်၏ဆက်သွယ်ချက်ကို ရှာမရခြင်းကြောင့် (ဝါ) ပါရီသည် သစ်ရွက်မဟုတ်သလို သစ်ရွက်ကလည်းပါရီမဟုတ်နိုင်ခြင်းကြောင့် ဆိုသည့် ဆင်ခြေကိုတော့ သူစွဲကိုင်ထားဆဲရှိပါသေးသည်။ ဤသို့ဖြင့် သမာသမတ် ကျသော အမှန်တရားတစ်ခုကို ရှာဖွေရင်းနှင့် သံသယတို့ပွားစည်းလာကာ စိတ်မှာ ပူပန်သောကရောက်ရခြင်း၊ ပြိုကျခဲ့သည့် ယုံကြည်ချက်ပေါင်း များလာခြင်းတို့ကို ရေးပြစရာ စာရွက်လွတ်မကျန်တော့။ သူသိတာကတော့ လောကမှာ သူမယုံကြည် တာတော့သည့်အရာတွေ များလာခြင်းသာဖြစ်သည်။ သူ့ကိုယ်သူဖြစ်စေ၊ သူ့ဖြစ်တည်မှုကိုဖြစ်စေ၊ သူတပါးကိုဖြစ်စေ၊ ယုံ ကြည်မှုဆိုသည့်အရာကိုပင်ဖြစ်စေ၊ မယုံကြည်တော့ခြင်းပဲဖြစ်သည်။

အနိုင်ရခဲ့လျှင် သံလွင်ခက်ကို ခေါင်းမှစွပ်၍ ဆုချီးမြှင့်ခံရမည်မှာ မသေချာသော်လည်း (သေချာလျှင်တောင် သူမယုံကြည် သော်လည်း) ကစားပွဲကို အနိုင်ရအောင်တော့ ဆက်လက်ကစားချင်ပါကြောင်း ပြောပြရန်မော့ကြည့်သည့်အခါ မိန်းမ တစ်ယောက်နှင့် ပလူးနေဖို့လောက်ကလွဲပြီး ကျန်တာ ဘာမှစိတ်မဝင်စားသည့် ခပ်တုံးတုံးခပ်ချာချာ ယောက်ျားတစ်ယောက်၏ မျက်နှာပေးမျိုးဖြင့် ကြည့်နေသောသစ်ရွက်များကို မြင်ရပြီးနောက် သူ့မှာစိတ်ဓာတ်ကျရပါသည်ဆိုလျှင် သူ့ကို အပြစ်မဆိုသာ။ ယုံကြည်မှုပျောက်ဆုံးသောဘဝသည် အဓိပ္ပာယ်မရှိကြောင်း၊ မယုံကြည်မှုများ၊ သံသယများကို ဖယ်ရှားပစ်ရမည်ဖြစ်ကြောင်း သူနားလည်သော်လည်း ဘာလုပ်လို့ဘာကိုင်ရမည်မှန်းမသိတာ သူ့အတွက် အကြီးဆုံးအနှောက်အယှက်ဖြစ်သည်။ ကစားဖက်ကို အားကိုးသည့်မျက်လုံးများဖြင့် ဝင့်ဝင့်ကြည့်တိုင်း မီးဝင်းဝင်းတောက်သည့် မျက်လုံးများနှင့်သာ ရင်ဆိုင်ရပြန်တော့ တစ်လောကလုံးကို ကျိတ်ပြီး ဆဲဆိုတတ်သည့် ပါးစပ်ပေါက်တစ်ခုသာ သူ့မှာအဖတ်တင်ကျန်ရပြန်သည်။ သူ့အမည်မှာ ဗိုလ်မိုးသီးဖြစ်ကြောင်း၊ မည်သူ့ကိုမျှ ချမ်းသာမပေးတတ်ကြောင်း မြိန်ရေယှက်ရေပြောပြနေသည့် တစ်ဖက်လူကို သူငေးကြည့်ရင်း သူ့ကိုယ်သူ စစ်တုရင်ထိုးနေတာလား၊ ဓားပြဗိုလ်နှင့် ချိန်းသတ်နေတာလား ဆိုတာ မဝေခွဲတတ်တော့။ ရင်ကိုခွဲပြီး အသည်း၊ နှလုံး၊ ကျောက်ကပ် စသည့် ကလီစာတို့ကိုသာ တစ်စစီဆွဲထုတ်ပုံရင်း သစ်ရွက်တစ်ရွက်အဖြစ် မသိမသာပြောင်းလဲလာသည့်သူ့ကို သစ်ရွက်ဟောင်းကြီး များက ဝမ်းမြောက်ဝမ်းသာကြိုဆိုကြသည်။ ကျိတ်ရယ်ကြသည်။ ပေါ်တင်ရယ်ကြ သည်။
ရယ်မောသံများရပ်သွားသောအခါ တိတ်ဆိတ်ခြင်းများကျန်ရစ်မည်မှာ နိယာမဖြစ်သော်လည်း သူကတော့ မယုံကြည်ပါ။ သူ့ကိုယ်သူ မယုံကြည်တော့သလို ဟိုလူကိုလည်း မယုံကြည်တော့ပါ။ ကစားလက်စ စစ်တုရင်ပွဲကိုလည်း မယုံကြည်တော့ပါ။ သူ၏ ယုံကြည်မှုသည် ပျောက်ဆုံးသွားသော ယုံကြည်မှုများအတွက် ဖြစ်ရသည့် ပူပန်သောက၏ အောက်တွင် စုံးစုံးမြုပ်သွားပြီ ဖြစ်သည်။ ကောင်းတဲ့ကံကြမ္မာဟာ တစ်ခါတလေတော့လည်း မျက်စိလည်လမ်းမှားလို့ပဲဖြစ်ဖြစ် ရောက်လာသင့် တာပေါ့ဆိုသည့် သူ၏ပါးစပ်မှ တီးတိုးရေရွတ်သံ၏ အောက်တွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။
သူက သူ့ပြိုင်ဖက်နှင့် နောက်တစ်ပွဲထိုးရန် သူကိုယ်တိုင် စစ်တုရင်ရုပ်အဖြစ်ခံယူရင်း ခုံပေါ်သို့ ဆင်းသက်လိုက်သည်။ အားပေးသံများ ထွက်လာသည်။ ထို့နောက် ပြန်လည် တိတ်ဆိတ်သွားပါသည်။
(၂ဝဝ၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ရေးသားပြီးစီးသည်။ စံပယ်ဖြူမဂ္ဂဇင်းတွင် ဖော်ပြပါရှိဖူးသည်။ ခုနှစ်၊ လ မမှတ်မိ။)


ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ကွန်းခိုရာစာပေ
အမှတ် ၂၈ သီရိမြိုင် (၄) လမ်း၊ ၁၃ရပ်ကွက်
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
09 799 616 486
09 420 062 577




Comments

အဖတ်အများဆုံး

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

မသိန်းရှင်ဆီပို့ကြည့်လိုက်သော မာယာဘုံ

ကျွန်မသည် ပြီးခဲ့သောကာလတစ်ခုအတွင်း လူလေးဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ရသည်။ သို့သော် သူတို့နှင့် တွေ့ဆုံရင်းနှီးခဲ့သည်မှာ အပြင်မှာမဟုတ်ဘဲ စာမျက်နှာထက်တွင် သက်ဝင်လှုပ်ရှားနေသော စာရေးဆရာ၏ စိတ်ကူးဇာတ်ကောင်များအဖြစ် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကောင်းလေးဦးစလုံးသည် ခေတ် တစ်ခေတ် တည်းတွင် လူးလွန့်ရှင်သန်ခဲ့ကြကာ ထိုခေတ်၏ လှိုင်းလုံးများရိုက်ခတ်မှုဒဏ်ကိုလည်း ပုံစံတူ ရင်ဆိုင်ခဲ့ရ၊ ကျော်လွှားခဲ့ရ၊ နစ်မြုပ်ခဲ့ရသော ခေတ်ပြိုင်ဘဝတူဇာတ်ကောင်များ ဖြစ်ကြသည်။ သို့ရာတွင် ထိုဇာတ်ကောင်လေးဦးစလုံးသည် တစ်ဦးတည်းသော ကလောင်မိခင်ဝမ်းကြာတိုက်မှ မွေးဖွားလာ ခဲ့ခြင်းတော့ မဟုတ်ပါ။ မှောင်ခိုလုပ်ငန်းကို စက်ဆုပ်သော ကိုမြင့်နှင့် မှောင်ခိုသမလေး အေးမတို့မှာ ဆရာ မြသန်းတင့်၏ သားသမီးများ ဖြစ်ကြပြီး၊ နေ့စဉ် မြို့လုလင်ဘူတာမှ တောင်တွင်းကြီး-ကျောက်ပန်းတောင်း မီးရထားဖြင့် လိုက်ကာ ဝမ်းရေးအတွက် ထန်းလျက်မှောင်ခိုကူးရသူလေး ညိုညိုနှင့် ညိုညို့ကိုမှ သနားကြင်နာချစ်မိရသူ ရထားလိုက်စာရေးလေး ကိုရင်မောင်တို့မှာ ဆရာနိုင်ဝင်းဆွေ၏ စုတ်ချက်ဖျားမှ အရုပ်ထင်လာခဲ့ကြသော ဆေးစက်လေးများ ဖြစ်သည်။  ဆရာမြသန်းတင့်၏ ‘မာယာဘုံ (သင့်စာပေ/၁၉၇၅)’ သည်လည်းကောင်...