Skip to main content

ညီမလေးကို ကတိတကယ်မပေးခဲ့မိဘူး


ယခုည ညီမလေးကို မမက်စဖူး အိပ်မက်မက်၏။ မမက်စဖူးဟု ပြောရသော်လည်း ဟိုးလွန်ခဲ့သည့်နှစ်ပေါင်းများစွာက တစ်ခါ မက်ခဲ့ဖူးသေးသည်။ ယခု အိပ်မက်ထဲမတော့ ညီမလေးက အိမ်ဝင်းခြံထောင့်က သရက်ပင်ကြီးအောက်တွင် ဒန်းစီးနေသည်။ ကျွန်တော့်ကိုမြင်တော့ “ကိုကို … လာ ညီမလေးနဲ့ဆော့မယ်” ဟု ခေါ်ကာ ဒန်းပေါ်မှ အပြေးတစ်ပိုင်း ဆင်းလာ၏။ ညီမလေးက အဝါနုရောင် ဂါဝန်လေး ဝတ်ထားသည်။ ပါးပြင်တွင် ပါးကွက်လေးနှစ်ကွက်က အဖွေးသား။ ဒါ ကျွန်တော်ကိုယ်တိုင် သနပ်ခါးကို သွေးပြီး လိမ်းပေးထားသည့် ပါးကွက်လေးများပဲ ဖြစ်ရမည်။ ညီမလေးက ကျွန်တော့် ပေါင်လယ်လောက်ပဲရှိသေးသည်။ အနားရောက်တော့ ကျွန်တော်က ထိုင်ချလိုက်ပြီး အလိုက်သင့်ပွေ့ဖက်လို့ ပါးပြင်လေးများ ကို မွှေးနမ်းမည်ကြံဆဲ… ညီမလေးက လေတံခွန်တစ်ခုဖြစ်သွား၏။ ဘယ်ညာယိမ်းနွဲ့လျက် မိုးပေါ်ကို ပျံတက်သွားသည်။ ပြန်ခေါ်လို့ မရတော့ချေ။ ရစ်ဘီးကိုပြန်ရစ်မည်ကြံဆဲ ကြိုးပြတ်သွားလေသည်။ 

အိပ်မက်မှ လန့်နိုးလာတော့ ညက မှောင်မိုက်တိတ်ဆိတ်နေ၏။ အိမ်ခန်းထဲက နာရီကြီး၏ စက္ကန့်သံတစ်ချက်ချက်က ကျယ်လောင်သော ဗုံးပေါက်ကွဲ သံနှင့်တူသည်။ ဘေးနားမှာ အိပ်မောကျနေသည့် အေး၏ အသက်ရှူသံပြင်းပြင်းကို ကြားရ၏။ အိမ်မြောင်စုတ်ထိုးသံကို ကြားရ၏။ နောက်ဖေးမီးဖိုချောင်ထဲက ကြွက်ဖြတ်ပြေးသွားသံ၊ ပန်းကန်ခွက်ယောက်များနှင့် တွန်းတိုက်သံ ကြားရ၏။ လေတိုးသဖြင့် တဖျတ်ဖျတ်ခတ်နေသော ခေါင်းရင်းက ပြက္ခဒိန် စာရွက်သံကြားရ၏။ အေးသည် ကျွန်တော့်ကို ကျောခိုင်းလျက် ဖက်လုံးကိုအကျအနဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ အေး ကျွန်တော့် လက်ကလေးများကို မတော်တဆမဟုတ်ဘဲ စိတ်လိုလုက်ရ ဆုပ်ကိုင်ပြီး မအိပ်တော့တာ အတော်ကြာခဲ့ပြီပဲ။ ကြာပြီဆို အနည်းဆုံးတော့ သမီးလေး တစ်သက်ရှိလောက်မည်ထင်သည်။

ညအမှောင်ထဲ လန့်နိုးလာပြီးနောက် ငုတ်တုတ်ထထိုင်ကာ လက်ဖဝါးများကို ယောင်ယောင်ယမ်းယမ်း ဆုပ်ချည်ဖြည်ချည် လုပ်လိုက်မိ၏။ ညီမလေး၏လက်ကိုများ စမ်းမိနေမလား ဟု ယောင်တီးယောင်န တွေးလိုက်မိသေးသည်။ ကျွန်တော့် လက်ဖဝါးများ၏ တစ်ဝက်လောက်သာ ရှိသော လက်ဖဝါး သေးသေးလေးများဖြင့် မလွှတ်တမ်း ဆုပ်ထားတတ်သော ညီမလေးကို သတိရမိသွားသည်။ ညီမလေးကို သတိမရမိသည်မှာ ကြာခဲ့ပြီပဲ။ ညီမလေးရေ ညီမလေးကို နှစ်ပေါင်းများစွာ မေ့လျော့နေခဲ့တဲ့ ကိုကို့ကို ခွင့်လွှတ်မယ် မဟုတ်လား… အို မဟုတ်တာ… ညီမလေးကို ကိုကို တကယ်ကတိပေးခဲ့တာမှ မဟုတ်ဘဲ။ ကတိပေးခဲ့ရင်တောင် ညီမလေးက အပြင်မှာ တကယ်ရောရှိခဲ့ရဲ့လား။ သို့မဟုတ်ရင်လည်း ငယ်ကတည်းကပဲ ကွယ်ပျောက်သွားခဲ့တာမျိုး မဟုတ်ဘူးလား… 

အစသော် ဘေးနားအိပ်ပျော်နေသူမှာ အေး မဟုတ်ဘဲ ညီမလေးလေလားဟု အိပ်မှုံစုံမွှားတွင် ထင်မိသေးသည်။ ပြတင်းပေါက်ဆီမှ သဲ့သဲ့ ဖြာကျလာသော လမ်းဓာတ်မီးတိုင်အောက် မြင်ရသည့် ကိုယ်ရိပ်သဏ္ဌာန်အရ အေးမှအေးပါပဲ။ မှားစရာမရှိပါ။ အေး သည် နှစ်ပေါင်းနှစ်ဆယ်ကျော် တစ် ခုတင်တည်း တူတူအိပ်လာသည့် ကျွန်တော့်ဇနီးဖြစ်၏။ ညီမလေးက ကျွန်တော့် တစ်အုံထုံ့ဆင်းညီမအရင်းဖြစ်သည်။ ညီမလေးနှင့်ကျွန်တော်တို့ အတူတူ တစ်အိပ်ရာတည်း မအိပ်တော့သည်မှာ ညီမလေး ဆယ်နှစ်သမီးလောက်ကတည်းက ဖြစ်မည်ထင်သည်။ ညီမလေးကို မေမေ နို့ဖြတ်ပြီး အိပ်ရာခွဲကတည်းက ကျွန်တော်တို့နှစ်ယောက် တစ်အိပ်ရာတည်း အိပ်ခဲ့ကြသည်။ သိပ်ချစ်ကြသည့် မောင်နှမ နှစ်ယောက်သည် အမြဲတမ်းပင် အိပ်ရာဝင်တိုင်း ကျောမခိုင်းဘဲ ရင်ချင်းအပ် ပါးချင်းကပ်ကာ အိပ်ခဲ့ကြ၏။ ညီမလေးက ကျွန်တော့် လက်ကို မလွှတ်တမ်း ကိုင်ပြီးမှအိပ်တတ်သည်။ သူတစ်ရေးနိုးလို့ စမ်းသည့်အခါ ကျွန်တော့်ကိုမစမ်းမိလျှင် “ကိုကို ဘယ်မှာလဲ” ဟု ယောင်ယမ်း မြည်တမ်းတတ်၏။ ကျွန်တော်က “ကိုကို ရှိတယ်” ဆိုကာ သူ့ကို ဖက်လိုက်မှ တစ်ခါပြန် အိပ်မောကျသွားတတ်သည်။

အေးနှင့်ကျွန်တော်တို့သည် အိမ်ထောင်ကျစကတည်းက နှစ်ဦးသား မလွှတ်တမ်းဖက်အိပ်လေ့ရှိခဲ့ကြသည်။ “မောင်ရယ် သိပ်ချစ်တာပဲ” ဆိုသော စကားနှင့်အတူ အေးက ကျွန်တော့်ခါးကိုဖက်၊ ရင်ချင်းအပ်၊ ပါးချင်းကပ်ကာ အိပ်ခဲ့သည်။ သမီးလေးကို မမွေးမီအထိ ဖြစ်သည်။ သမီးလေးက နှစ်ယောက်အိပ်ခုတင်ပေါ် ကျွန်တော်နှင့်အေးတို့ကြား နယ်ချဲ့ ဝင်ရောက်လာ၏။ နှစ်ယောက်စလုံး အိပ်ရေးပျက်ကြသည်ကို မှတ်မိသည်။ ကလေး ‘အင့်’ ဆိုသည့် အသံကြားလျှင် အေးက နိုးလာပြီး နို့တိုက်ရသည်။ ညဘက်အိပ်လျှင် တောက်လျှောက်အိပ်ရမှ ကျေနပ်သောကျွန်တော်က လန့်နိုးလာတိုင်း စိတ်တိုစွာဖြင့် တစ်ဖက်သို့ကျောခိုင်းကာ နားကိုခေါင်းအုံးဖြင့်ပိတ်ရင်း ပြန်အိပ်တတ်သည်။ 

ညဘက် ကလေးငို၍ စိတ်မရွှင်သည်ကလွဲလျှင် သမီးလေးသည် ကျွန်တော့်ဘဝဖြစ်လာပါသည်။ အနှီးလေးထဲ လက်လှုပ် ခြေလှုပ်ဖြင့် အူယားစရာလုပ်ပြနေသော နီတာထွေးလေးကို ချစ်သည့်စိတ်တို့က တားမနိုင်ဆီးမရ ယိုဖိတ်ကျ လာခဲ့သည်။ ကျွန်တော်သည် သမီးလေးကို ပွေ့ဖက်ချီပိုးရင်းက “ဖေဖေ့ အသည်းတုံးလေးရေ… ဖေဖေ့ ချစ်ဆုံးလေးရေ…” ဟု သမီးလေးကို ချော့မြှူနေမိ၏။ ထိုအချိန်က အနားတွင် သမီးလေးရဲ့အဒေါ်ဖြစ်သော ကျွန်တော့်ညီမလေးလည်း ရှိနေခဲ့ သည်ကို မှတ်မိနေမိသည်။ ညီမလေးသည် ပိတ်ကားထက်တွင်ထင်သည့် ပုံရိပ်တစ်ခုနှယ် ကျွန်တော့်အနားတွင် ထင်နေ ပါသည်။ ညီမလေး မွေးလာစဉ်မှစပြီး အေးနှင့်မတွေ့ခင်အထိ ကျွန်တော်သည် ညီမလေးအား “ကိုကို့ အချစ်ဆုံး ညီမလေးရေ… အသည်းတုံးလေးရေ…” ဟု ခေါ်ခဲ့ဖူးပါသည်။

သမီးလေးမွေးခါစလောက်ကဖြစ်မည်ထင်သည်။ မမွေးခင် အေးနှင့်ကျွန်တော်တို့ အိမ်ထောင်ကျစကလည်း ဖြစ်မည် ထင်သည်။ အဲသည်တုန်းကလည်း ညီမလေးကို ကျွန်တော် တစ်ခါအိပ်မက်ထဲ ထည့်မက်ဖူးသေးသည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်ကပေါ့။ ပန်းမျိုးတစ်ရာ ဝေဆာပွင့်နေသည့် ပန်းဥယျာဉ်တစ်ခု အတွင်း ကျွန်တော်တို့ ရောက်နေကြသည်။ ညီမလေးကို ကျွန်တော်က ကုန်းပိုးထား၏။ သူကြိုက်သည့်ပန်းလေးများတွေ့လျှင် ညီမလေးက ကျွန်တော့်ကျောပေါ်မှနေ၍ ပန်းခူး သည်။ ဗာဒံပင်အောက် ရောက်သည့်အခါ ကြွေကျနေသည့်ဗာဒံသီးများ ကောက်ပြီး ကျွန်တော်က အုတ်နီခဲဖြင့် ထုခွဲကာ အဆံများကို မောင်နှမနှစ်ယောက် စားကြသည်။ ပန်းလေးတွေခူးလိုက်၊ အသီးလေးတွေ ကောက်စားလိုက်လုပ်ရင်း ရုတ်တရက် ညီမလေးက ကျွန်တော့်ရင်ထဲမှ ခုန်ထွက်ပြေးသွား၏။ ကျွန်တော်က လှမ်းခေါ်သော လည်ပြန်လှည့်ကာ ကျွန်တော့်ကို စေ့စေ့ကြည့်ရင်း “ကိုကို ကတိမတည်ဘူး” ဟု ပြောသည်။ ထိုစကား၏ အဆုံးတွင် ကျွန်တော် အိပ်မက်မှ လန့်နိုးလာခြင်းဖြစ်လေသည်။ ထိုအိပ်မက်မက်ပြီးနောက်တွင် နှစ်နှစ်ဆယ် လုံးလုံး ကျွန်တော်သည် ညီမလေးကို အိပ်မက်ထပ်မမက်တော့ဘဲ နေခဲ့၏။ စိတ်သေတ္တာလေးထဲ ညီမလေးကို ခေါက်သိမ်း ထားခဲ့သည်။

တစ်ခုသော ဒီဇင်ဘာလ၏ မှုန်မှိုင်းသောနေ့တစ်နေ့တွင် ကျွန်တော်နှင့်အေးတို့ စတွေ့ခဲ့ကြခြင်း ဖြစ်သည်။ အေးက ဘွဲ့တွေတစ်ခုပြီးတစ်ခု ယူခဲ့သော ထက်မြက်သည့်မိန်းမဖြစ်သည်။ ရင့်ကျက်၏။ တည်ငြိမ်၏။ ပညာရှိ၏။ ကျွန်တော်သည် အေးကို မြင်မြင်ချင်း ကျွန်တော့်အတွက် ပြီးပြည့်စုံသော လက်တွဲဖော်ဖြစ်မည်ဟု တပ်အပ်သိမိသည်။ ဤမျှ ထက်မြက်၊ ဤမျှ ပွဲလယ်တင့်သော အေးနှင့်သာ အတူတွဲ မင်းပွဲစိုးပွဲ တက်ခဲ့ရလျှင်ဆိုသော အတွေးဖြင့် ပီတတဟုန်းဟုန်း ထ၏။ ထိုအချိန်များတွင်တော့ ကျွန်တော်သည် ညီမလေးကိုသတိမရမိပါ။ သတိရသော်လည်း ညီမလေးကို အထူးအထွေ ထည့်သွင်းမစဉ်းစားမိပါ။ ငယ်စဉ်က ပေးခဲ့သောကတိကိုလည်း သတိမရပါ။ ကလေးသဘာဝ အပြန်အလှန်ထားခဲ့ ကြသော တောက်တီးတောက်တဲ့ ကတိသဖွယ် အောက်မေ့ခဲ့လေသည်။

အေးက လူကြီးပီပီ၊ ပညာရှိသူပီပီ ယောက္ခမများနှင့်ရော ညီမလေးနှင့်ပါ တည့်အောင်ပေါင်းနိုင်သူဖြစ်သည်။ ကျွန်တော်က ညီမလေးကို သိပ်ချစ်မှန်းသိ၍လည်း ညီမလေးအပေါ် အထူးဂရုစိုက် အနွံအတာခံပေါင်းခဲ့သည်။ ထိုအခါ စိတ်အေးရသူက ကျွန်တော်။ ညီမလေးနှင့်အေးတို့ ဆက်ဆံရေးအဆင်ပြေဖို့သည် အေးနှင့် ကျွန်တော့်မေမေတို့ အဆင်ပြေဖို့ထက်ပင် ပိုပြီး စိတ်ပူရသည့်ကိစ္စဖြစ်သည်။ သူတို့ချင်း အဆင်ပြေလျှင် ပြီးပြီ။ ကျန်တာတွေ ခေါင်းထဲမထည့်တော့။ ကျွန်တော် ညီမလေးကို ငယ်ငယ်ကပေးခဲ့သော ကတိသည် ခေါင်းထဲဖျတ်ခနဲ ပေါ်လာသော် လည်း ချက်ချင်းပင် နေလာနှင်းပျောက် သလို မပီဝိုးထွေးသာ။ အေးနှင့်မတွေ့မီအထိ ညီမလေးသည် ကျွန်တော့်အချစ်ဆုံးဖြစ်သည်။ အေး ရောက်လာ တော့ အေးက ညီမလေးနေရာကိုယူသွားခဲ့လေသည်။ လောကသဘာဝကို ညီမလေး နားလည်နိုင်မည် ထင်၏။ ညီမလေးလည်း တစ်နေ့တော့ ကိုကို့ထက်ပိုချစ်ရမယ့်သူတွေ့လာဦးမှာ မဟုတ်လား။

သမီးလေးမွေးလာတော့ ကျွန်တော်သည် သမီးလေးကို အသည်းကြိုအသည်းကြားမှ စိမ့်ထွက်လာသော မေတ္တာတို့ဖြင့် ကြက်သီးထမတတ် ချစ်လေသည်။ ထိုအခါ အေးသည် အချစ်ဆုံးပလ္လင်ထက်မှ နန်းဆင်းပေးရပြန်သည်။ သမီးလေးသည် ကျွန်တော့် အချစ်ဆုံး ဖြစ်လာပြန်၏။ သမီးလေးကို ကျွန်တော်သည် ကိုယ်တိုင်ရေချိုးပေး၊ သနပ်ခါးသွေးလူးပေးသည်။ ထိုအခါများတွင် ညီမလေးသည် ခပ်လှမ်းလှမ်းတစ်နေရာမှနေ၍ ပိတ်ကားထက်မှ ပုံရိပ်သေတစ်ခုနှယ် ကျွန်တော်တို့ သားအဖကို ငေးကြည့်နေတတ်လေသည်။ သို့မဟုတ် ငေးကြည့်နေခဲ့သော လူရိပ်သဏ္ဌာန်တစ်ခုကို ယခု မပီမပြင် မှုန်ဝါးဝါးမှတ်မိသည်။ ညီမလေးကိုယ်တိုင် တကယ် ကြည့်နေခဲ့သလား ကျွန်တော့်စိတ်ကထင်နေတာလားတော့ မပြောတတ် တော့ပါ။ ထိုစဉ်က သမီးလေးနှင့်အချိန်တွေကုန်ဆုံးနေရပြီဆိုလျှင် ကျွန်တော်သည် ပတ်ဝန်းကျင်ကို မေ့လျော့ နေမိလေသည်။ 

နှစ်ပေါင်းနှစ်ဆယ်လောက် ကြာပြီးခါမှ ကျွန်တော်သည် ညီမလေးငယ်ငယ်က ကျွန်တော်တို့နှစ်ယောက်၏ အကြောင်းများ ကို ပြန်အမှတ်ရနေမိသည်မှာ ထူးဆန်းနေပြန်သည်။ ညီမလေး ငယ်ငယ်ကလည်း ဘာလုပ်လုပ် ကျွန်တော်မပါလျှင် မပြီး တတ်။ ထမင်းစားလည်း အစ်ကိုပါမှ၊ သနပ်ခါးလိမ်းလည်း အစ်ကိုပါမှ၊ စာကျက်တော့လည်း အစ်ကိုပါမှ။ ညအိပ်တော့ လည်း ပုံပြင်ကလေးနဲ့မှ။ ကျွန်တော်မို့ အိမ်ပြင်ထွက်မည်ဆိုလည်း သူလိုက်ရမှ။ အပြင်လိုက်ပြီဆိုလျှင်ဖြင့် တစ်ခုပြီးတစ်ခု ပူဆာတော့သည်။ ဟိုဟာဝယ်ကျွေး၊ သည်ဟာဝယ်ကျွေး၊ ဟိုလိုက်ပို့ သည်လိုက်ပို့။ ကျွန်တော့်ကိုလည်း ဟိုအင်္ကျီနဲ့ မလိုက်ဘူး၊ ဒီဟာလေးနဲ့မှ။ အပြင်သွားရင် မကြာနဲ့။ ဆေးလိပ်မသောက်နဲ့ဆိုပြီး ဆရာလုပ်ရမှ။ ညီမလေးသည် ဖေဖေ၊ မေမေတို့ ထက်တောင် ကျွန်တော့်အပေါ် ပိုခင်တွယ်သူဖြစ်သည်။ အသက်ချင်းကလည်း ကွာတော့ ပိုလို့ဆိုးနွဲ့ စရာ ဖြစ်လာသည်။ ညီမလေးကို မမွေးခင် ကလေးနှစ်ယောက် ရခဲ့သေး၏။ သို့သော် အဖတ်မတင်။ တစ်ယောက်က ဗိုက်ထဲမှာပဲ ပျက်ကျသည်။ တစ်ယောက်က မွေးပြီးမှ အသည်းရောင် အသားဝါကြောင့် သေသည်။ ညီမလေးကို ကိုယ်ဝန်ရှိကတည်းက အမေက အထူးဂရုစိုက်၏။ ကျွန်တော်ကတော့ စိတ်ကူးနှင့်ပျော်ရသည်။ မွေးလာတော့လည်း အိမ့်ဆည်းလည်း ကလေးကို အားလုံးက ငုံထားမတတ်ချစ်လေသည်။

ကျွန်တော် လူပျိုကြီးဖားဖားဖြစ်၍ လူပျိုသဘာဝ ဖြီးလိမ်းပြင်ဆင် ရှိုးစမိုးထုတ်၍ အပြင်ထွက်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ သူငယ်ချင်းများနှင့် ကာလသားလုပ်သည့်အရွယ်ရောက်ပြီ။ ညီမလေးကို အပြင်သွားတိုင်း မခေါ်တော့ပါ။ သို့ပေမဲ့ အိမ်ပြန်လာလျှင် တော့ ညီမလေးဖို့ စားစရာတစ်ခုခုဖြစ်စေ ပါလာတတ်သေးသည်။ ညီမလေးက အစ်ကိုနှင့်ဆိုလျှင် အမြဲကလေးလိုပဲ။ တကယ်တော့ သူက စကောစက အရွယ်ဖြစ်နေပြီ။ ညီမလေးကို ကျွန်တော်နှင့်အတူ ပေးမသိပ်တော့ ပေ။ အတူမအိပ်ရတော့ဟု မေမေတို့က တားမြစ်သည့် အချိန်တွင် ညီမလေး ငိုသည်ကို အမှတ်ရမိသေးသည်။ ညီမလေးက သူ အသက်မကြီးချင်ဘူးဟု သနားစဖွယ် တောင်းပန်၏။ နှစ်ပေါင်းများစွာ တစ်အိပ်ရာ တည်း အတူအိပ်ခဲ့ကြသော မောင်နှမ နှစ်ယောက်သည် အစပိုင်းတွင် တစ်ယောက်စီ ခွဲအိပ်ရတာ မအိပ်တတ် ဖြစ်နေကြသည်။ နောက်ဆုံးတော့လည်း သည် မောင်နှမ နှစ်ယောက်ကို ခြင်ထောင်နှစ်လုံးထောင်ပြီး ဘေးချင်းကပ် အိပ်ခွင့် ပြု ကြသည်။ အတူဖက်မအိပ်ရသည့် အခါ လက်တစ်ဖက်စီကို ခြင်ထောင်အပြင်ဘက် ထုတ်၍ လက်ချင်းဆုပ်ကိုင် ပြီးမှ အိပ်ကြ၏။ မနက်လင်းသည့်အခါ နှစ်ယောက်စလုံး လက်တစ်ဖက်စီတွင် ခြင်ကိုက်ရာကိုယ်စီနှင့်ဖြစ်သည်။

အေးနှင့်အိမ်ထောင်ပြုတော့မည်ဟူ၍ ဖြစ်လာသည့်အခါ ကျွန်တော့်အတွေးထဲတွင် ဖူးစာပါလာလျှင် မတတ်နိုင်ဟုသာ တွေးမိတော့၏။ ညီမလေးကို ပေးခဲ့သည့်ကတိကိုဖျက်ရမည် ဆိုသော်လည်း ဒါ လူ့လောကသဘာဝပေပဲဟု ဖြေဆည် လေသည်။ ညီမလေးလည်း တစ်နေ့ကျ သူချစ်တဲ့သူတွေ့လာဦးမည်၊ ထိုလူကို သူလက်ထပ်ဦးမည်၊ သားသား မီးမီးလေး တွေ မွေးဦးမည်ဟု ဆင်ခြင်၏။ ကတိဖျက်သောအစ်ကိုကို သူနားလည်လာလိမ့်မည်ဟု ကျွန်တော် သဘောပိုက်သည်။ ထို့ကြောင့် ညီမလေးကို ထူးထူးထွေထွေ စကားမဆိုမိ။ ရှင်းမပြမိ။ ‘ညီမလေးကို ကိုကိုအချစ်မလျော့ပါဘူး’ ဟု သာ ခေါင်းကလေးကို ပွတ်သပ်ရင်း ဆိုလိုက်သည်။ ထိုနေ့က ညီမလေးက မငိုပါ။ စိတ်ဆိုးဟန်လည်း မပြပါ။ ကျွန်တော့်ကို တစ်ချက်သာ ကြည့်သည်။ ထို့နောက် ရင်ခွင်ထဲကို ခေါင်းတိုးဝင်အပ်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားပါသည်။ ငယ်ငယ်က အတူအိပ်စဉ်က အိပ်ရာထဲမှာ တင်းတင်းကျပ်ကျပ် ဖက်သလိုမျိုးပဲ။ ဒါသည် ညီမလေးနှင့်ကျွန်တော်တို့ အကြား နောက်ဆုံးအကြိမ် လက်ပွန်းတတီးရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ညီမလေးနှင့်ကျွန်တော်တို့အကြားတွင် မှန်ကန့်လန့်ကာတစ်ခု ရောက်လာခဲ့သည်။ တစ်ဦးကိုတစ်ဦး မြင်နေရသေးသော်လည်း မှန်ခံထားသဖြင့် မထိနိုင်မတွေ့နိုင်၊ တစ်ယောက်အသံကို တစ်ယောက်မကြားနိုင်သကဲ့သို့ သာ ဖြစ်သည်။ ထိုမှန်သည် အေးဖြစ်သည်။ အေးသည် ကျွန်တော်နှင့်ညီမလေးတို့အကြားတွင် မှန်အကြည်ပါးတစ်ချပ်နှယ် ဖြစ်သည်။ အချိန်တန်အရွယ်ရောက်လာသည့်အခါ လူသည် အိမ်ထောင်သားမွေးပြုရမည်ဖြစ်သည်။ မောင်နှမဆိုသည်မှာ တစ်သက်လုံး အပြန်အလှန် စောင့်ရှောက်ဖို့ဖြစ်သော်လည်း မလွှတ်တမ်း ဖက်တွယ်ထားဖို့ မဟုတ်ချေ။ ကျွန်တော်က ညီမလေးကို ထိုစဉ်က ဒါတွေနားလည်စေချင်သည်။ ညီမလေးလည်း တစ်နေ့ကျအိမ်ထောင်ပြုမည်ဟု မှတ်ယူ၏။

ထို့နောက်တွင် ကျွန်တော့်ဘဝ၏ဗဟိုချက်သည် ညီမလေးမဟုတ်တော့ဘဲ ချစ်ဇနီးလေးအေးနှင့် သမီးလေးတို့သာ ဖြစ်လာ ခဲ့သည်။ သမီးလေးကို ကျွန်တော်က တုန်နေအောင်ချစ်သည်။ ညီမလေးကလည်း သူ့တူမလေးကို ချစ်သည်ဟု ထင်ပါသည်။ တဖြည်းဖြည်းနှင့် သမီးကလေးလည်း ကြီးပြင်းလာသည်။ ကျွန်တော်တို့အားလုံးလည်း အသက်တွေ ကြီးလာခဲ့သည်။ သို့သော် ညီမလေးကတော့ ထပ်ကြီးမလာတော့ပါ။ ကျွန်တော့်ကို တင်းတင်းကျပ်ကျပ်ဖြင့် နောက်ဆုံး ဖက်ခဲ့သည့် ထိုအချိန်က အရွယ်ကလေးအတိုင်းသာ ညီမလေးသည် ဆက်ရှိနေသည်ဟု ကျွန်တော်စိတ်အာရုံတွင် ထင်၏။ ညီမလေးထံမှ ချစ်သူရည်းစားသနာ ရှိသည်ဟုလည်းကောင်း၊ အိမ်ထောင်ပြုမည်ဟုလည်းကောင်း အသံမကြားရ ပါ။ “ညီမလေး ယောက်ျားမယူတော့ဘူးလား” ဟု ကျွန်တော်က မေးသော် ညီမလေးက ပြုံးပါသည်။ “ညီမလေးက ကတိ တည်တယ် ကိုကိုရဲ့” ဟု ပြုံးစစခနဲ့သော် အစတော့ ကျွန်တော် မနေတတ် မထိုင်တတ်။ သို့သော်လည်း ကလေးဘဝက ကလေးပီပီ ပြောခဲ့ကြ၊ ထားခဲ့ကြသည့် ကတိကို ညီမလေးမို့ စိတ်ထဲထားရတယ်ဟု တွေးကာ “ဒီကောင်မလေးဟာလေ” ဟု သာ ကျွန်တော်က ပြောလေသည်။ ထိုစဉ်ကလည်း ငယ်ငယ်ကစရိုက်အတိုင်း ညီမလေးက ကျွန်တော့်အပေါ် စကားဖြင့် အနိုင်ယူနေကျမို့ သည်လိုပဲ အနိုင်ယူပြောသည်ဟုသာ အောက်မေ့၏။

ထိုအဖြစ်အပျက်တို့ကို ကျွန်တော်သည် နှစ်ပေါင်းနှစ်ဆယ်ခန့်ကြာအောင် စိတ်သေတ္တာ၏ထောင့်တစ်နေရာတွင် ပစ်ထားခဲ့ပြီးမှ တစ်ခုသော ညတစ်ညတွင် အိပ်မက်၏ကျင်စက်ကြောင့် ရုတ်တရက်ကြီး ရှော့ခ်အရိုက်ခံ လိုက်ရသူ တစ်ယောက်လို ဖြစ်ရလေသည်။ အတိတ်မေ့ နေသူတစ်ယောက် အတိတ်ကိုပြန်မှတ်မိသွားသလိုမျိုး၊ အမှောင်ထဲ ရောက်ခိုက် ရုတ်တရက် မီးမောင်းထိုးပြလိုက်သလို ဖြစ်ပါသည်။ ထိုအိပ်မက်မှတစ်ဆင့် ညီမလေးနှင့် ပတ်သက်သော အကြောင်းအရာများ၊ အတွေးခံစားမှုများက ခေါင်းထဲ၊ ရင်ထဲကို ရုတ်ခြည်းပြန်ဝင်ရောက်လာ၏။ နှစ် နှစ်ဆယ်လုံးလုံး ကျွန်တော်သည် ထိုအကြောင်းတွေကို မတွေးမိခဲ့။ မသိစိတ်ထဲ မှာသာ ရှိနေပြီး သိစိတ်အပိုင်းထဲကို ရောက်မလာခဲ့။ ကျွန်တော့် သိစိတ်ထဲ ရှိခဲ့သည်မှာ အေးနှင့် သမီးလေး၊ သည် မိသားစုဘဝသာဖြစ်သည်။ ယခုတော့ သမီးလေးလည်း ဆေးကျောင်းတောင် တက်နေပြီ။ မကြာခင် ဆရာဝန် ဖြစ်တော့မည်။ သူ့မှာ ရည်းစားသနာလည်း ရှိနေပြီဟု ပြောသည်။ ကျောင်းပြီးလျှင် သူတို့လက်ထပ်ကြမလား မပြောတတ်။ ဖူးစာပါရင်ပေါ့လေ… ကျွန်တော်ကတော့ သမီးလေးကို ရင်ခွင်ထဲမှာပဲ ထားချင်သေးသည်။ သို့သော် လောကဓမ္မတာကို မလွန်ဆန်နိုင်။ သမီးသည် ကျွန်တော့်ဘဝထဲမှ ခွဲထွက်သွားဦး တော့မည်။ သမီးကိုဆုံးရှုံးရမည့်နေ့ကို ကျွန်တော် မရောက်ချင်။ ဖြစ်နိုင်လျှင် သမီးကို အိမ်ထောင်မပြု စေချင်။ ဒါသည် အဖေတစ်ယောက်၏ သမီးအပေါ် ထားသည့် အချစ်လား၊ အတ္တလားတော့ မသိပါ။ တစ်ခါက အမေ ကလည်း ကျွန်တော့်ကို အိမ်ထောင်မပြုစေချင်ခဲ့ပါ။ မေတ္တာနှင့်အတ္တတို့သည် ရောထွေး ယှက်လိမ် နေသည်ဟု ထင်ပါသည်။

အေးကရော။ အေးကို ကျွန်တော် သိပ်ချစ်ခဲ့သည်မှာ မှန်သော်လည်း ယခုတော့ အေးသည် ကျွန်တော့်အတွက် ရင်ခုန် စိတ်လှုပ်ရှားစရာ မကောင်းတော့။ ထို့ထက်စာလျှင် အေးသည် ကျွန်တော်၏စကားပြောဖော်တစ်ဦး… တစ်ခါတစ်ရံ လိင်ဆက်ဆံဖော်တစ်ဦး… ဒါ့ထက်မပိုတော့။ အေးနှင့်ကျွန်တော်သည် အိမ်ထောင်ကျခါစကလို တစ်ဦးလက်ကို တစ်ဦးကိုင်ရင်း မအိပ်စက် ကြတော့ပါ။ အေးနှင့်ကျွန်တော်တို့ကြားတွင် ဖက်ခေါင်းအုံးလေးတစ်လုံး ခြားနေတတ်သည်။ တစ်ခါတစ်ရံ တော့လည်း ကျွန်တော်သည် ရာသီဥတု ပူသည်၊ အခန်းထဲ လှောင်သည် စသည်ဖြင့် အကြောင်းပြ၍ အိမ်ရှေ့က ခုတင်တစ်လုံးမှာ သီးခြားသွားအိပ်တတ်သည်။ ကျွန်တော်သာ အိမ်ထောင်မပြုခဲ့လျှင် ညီမလေးနှင့် ငယ်တုန်းကလို အိပ်ရာချင်းယှဉ်ပြီး လက်တစ်ချောင်းစီ ခြင်ထောင်အပြင်ထုတ်လို့ ဆုပ်ကိုင်ကာ အိပ်ဦးမလား မသိပါ။ အိပ်ဖြစ်ချင်မှလည်း အိပ်ဖြစ်ပါမည်။ မောင်နှမဆိုတာ သည်လိုမှမနေရတာ။

“ညီမလေးရေ…” ဟု ခပ်တိုးတိုးခေါ်မိပြန်၏။ ဘာကို ဝမ်းနည်းနေမှန်း မသိပါ။ ညီမလေးအပေါ် ကတိမတည် ခဲ့သည့် အဖြစ်ကို နောင်နှစ်ပေါင်းများစွာကြာမှ ပြန်တွေးမိပြီး လိပ်ပြာမလုံသလို၊ အပြစ်ရှိသူလို ခံစားနေရပြန်သည်။ ညီမလေး ကတိတောင်းစဉ်က သူ့ကိုကလေးပဲဟုသဘောထားကာ ကျွန်တော်က ခပ်ပေါ့ပေါ့အလွယ် ကတိပေးခဲ့တာလည်း ဖြစ်မည်။ သို့သော် ညီမလေးကတော့ ထိုသို့မဟုတ်ပါ။ ညီမလေးက ဘာကြောင့် အသက်ထပ်ကြီးမလာတော့ဘဲ ထို စကောစက အရွယ်မှာပဲ အမြဲတည်နေခဲ့ပါလိမ့်။ အသက်ကြီးလာလျှင် ချစ်သူတွေ့မှာစိုး၍ဖြစ်မည်ထင်သည်။(မရည်ရွယ်ဘဲ ကတိတည်ခဲ့တာလည်း ဖြစ်နိုင်ပါ သည်။ သူ့မှာဖူးစာပါလာခဲ့လျှင်လည်း သည်ကတိကို သူဖျက်မှာပဲလေ။ သည်လို ကျွန်တော်တွေးမိ၏။) သို့သော်လည်း တိတ်ဆိတ်သော ညတစ်ညတွင် ကျွန်တော့်ခေါင်းထဲ လင်းလက်သွားခဲ့သည်မှာ ဘဝ၏အတွယ်အတာ ဆိုသောအရာနှင့် ပတ်သက်၍ ဖြစ်သည်။

ကျွန်တော်တို့သည် အချိန်တန်အရွယ်ရောက်သည့်အခါ ဘဝမှာတွယ်တာစရာ ကြင်ဖော်တစ်ဦးကိုရှာ၍ ခရီးဆက်ကြသည်။ မိသားစုဘဝကိုထူထောင်ကြသည်။ အိမ်ထောင်ပြု ကလေးမွေးမှ လူ့မျိုးဆက်မပြတ်မှာ၊ ဒါသည် လူသားတိုင်း၏ တာဝန် ဟု ဆိုကြသည်။ သို့သော် တကယ် တမ်းတွင် လူသားမျိုးနွယ်ကြီးပျက်သုဉ်းမသွားအောင် ဆိုသည့် ကြီးမားသည့် ရည်ရွယ်ချက် မျိုးဖြင့် ကလေးမွေးတာရော တကယ်ဟုတ်ရဲ့လား။ ကြာလာသည်နှင့်အမျှ ကျွန်တော့်စိတ်ထဲတွင် ထိုအချက်ကို မယုံကြည်ချင်ဖြစ်လာပါသည်။ လူသား တို့သည် တစ်ဦးဦး တစ်ခုခုကို တွယ်နေရမှကြိုက်သည်ဟု ထင်ပါသည်။ ဒါ့ကြောင့်လည်း တွယ်တာစရာ ယောက်ျား၊ မိန်းမ (ဒါမှမဟုတ် လိင်တူချင်း) တစ်ဦးဦးကို ရှာဖွေကြပါသည်။ ကလေးတွေမွေးကြသည်မှာ ထိုနှောင်ကြိုးကို ထပ်တင်း အောင် ကြိုးအသစ်ဖြင့် ချည်နှောင်ခြင်းသာ ဖြစ်ပါသည်။ မျိုးရိုးမတိမ်ကောရေး၊ လူသားမျိုးဆက်မပြတ်ရေး ဘာညာ သာရကာ ကြီးကြီးကျယ်ကျယ်တွေမဟုတ်ပါ။ တကယ်တော့ လူ့အတ္တသာဖြစ်သည်။ ကျွန်တော်တို့ လောကီလူသားများ သည် တစ်ဦးချင်း မနေချင်။ ကြိုးကလေးများဖြင့်သာ နှောင်ဖွဲ့တွယ်တာလျက် နေချင်ပါသည်။

ငယ်ငယ်က ကျွန်တော်တို့မောင်နှမ အချစ်ပွားကြသည်ကိုကြည့်၍ လူကြီးမိဘ ဆွေမျိုးများက “ဟဲ့ နင်မိန်းမယူစရာ မလိုတော့ဘူး” ဟု ပြော၏။ ဆိုလိုသည်မှာ ကိုယ့်ကိုသည်လောက်ချစ်သည့် နှမကလေးတစ်ယောက် ရှိနေမင့်ဟာ ဘောက်မဲ့ကြောင့် အရှုပ်ခံမလဲ၊ ဘဝမှာ သည်မောင်နဲ့သည်နှမ နှစ်ဦးသား အချစ်ပွားလျက် အပြန်အလှန်ကြင်နာကာ အေးအေးချမ်းချမ်း နေရုံပေါ့ဆိုသည့်သဘောဖြစ်သည်။ ထိုအခါက ကျွန်တော်က ဟက်ခနဲပြန်ရယ်ခဲ့လေသည်။ အိုး ညီမလေးအချစ်က သည်အတိုင်းဖြစ်မယ်လို့ ဘယ်သူအာမခံလို့တုံး။ သူလည်း တစ်နေ့ ကျွန်တော့်ထက် ပိုချစ်ရမယ့်သူ တွေ့သွားရင် ဘယ့်နှယ့် လုပ်မတုံး။ ဒါ့ပြင် မောင်နှမဆိုတာက လင်မယားမှ မဟုတ်တာ။ သည်လိုနှင့် ကျွန်တော်သည် ညီမလေးထက်ပိုချစ်ရမည့်သူကို အရင်တွေ့သွားခဲ့သည်။ ညီမလေး ဘယ်လို ခံစားခဲ့ရမလဲ။ ကျွန်တော်မသိပါ။ ကျွန်တော် လူပျိုဘဝတွင် ညီမလေး ကျွန်တော့်ကို နောက်ဆုံးအကြိမ် တင်းတင်း ကျပ်ကျပ် ပွေ့ဖက်လိုက်သည့်နေ့က ခံစားမှုသည် ယခုတဖန် ရင်ထဲသို့ပြန်ရောက်လာပြန်၏။ ထိုအချိန်က ဖက်လိုက်သည့် ညီမလေး၏လက်များ၊ ကျွန်တော့်ရင်ကို အပ်ထားသည့် ညီမလေး၏ပါးတို့သည် အသံတိတ် ဘာသာ စကားဖြင့် စကားအများကြီး ပြောခဲ့သော်လည်း နှစ်ပေါင်းနှစ်ဆယ်ကြာမှ ကျွန်တော်သည် ထိုသတင်းစကားကို လက်ခံရရှိလေသည်။

လူ့ဘဝတွင် တွယ်တာစရာ ချစ်စရာ လူတစ်ယောက်ရှိသည်ဆိုလျှင် ပြီးပြည့်စုံပါသည် (ဟု ယခု ကျွန်တော် လက်ခံ လာပါသည်။) ညီမလေးအတွက် ကျွန်တော်ရှိနေရုံ ဖြင့် ဘဝက ပြီးပြည့်စုံပါသည်။ သူ့အတွက် နောက်တစ်ယောက် မလိုအပ်ပါ။ ယုတ်စအဆုံး အပျိုကြီးများလို ခွေးကလေး၊ ကြောင်ကလေးများပင် မလိုအပ်ခဲ့ပါ။ ညီမလေးသည် အစ်ကိုဖြစ်သည့် ကျွန်တော့်အပေါ်ချစ်သည့် အချစ်ကိုပင် တစ်သက်လုံး ပိုးမွေးသလိုမွေးမြူစောင့်ရှောက်ခဲ့လေသည်။ ထိုအချစ်ဖြင့်ပင် သူသည် တစ်သက်စာရှင်သန်ခဲ့လေသည်။ ထိုအချစ်ဖြင့်ပင် သူ့ဘဝကိုအဓိပ္ပာယ်ရှိအောင် စောင့်ရှောက် ခဲ့သည်။ ကိုယ်ထိလက်ရောက် ကျွန်တော့်အပေါ် ကြင်နာမှု မပေးနိုင်တော့သည့်အခါမှစပြီး ခပ်လှမ်းလှမ်းတစ်နေရာမှသာ ကျွန်တော့်ကို စိတ်မှန်းဖြင့်ကြင်နာနေခဲ့ဟန် တူပါသည်။ ကျွန်တော်က ကျွန်တော့်သမီးကို “အချစ်ဆုံးရေ … ဖေဖေ့ အသည်းနှလုံး လေးရေ…” ဟု ခေါ်လိုက်တိုင်း ညီမလေးသည် နားထဲတွင် “ညီမလေးရေ… ကိုကို့အချစ်ဆုံးလေးရေ…” ဟု ငယ်က ခေါ်ခံခဲ့ရသည်ကို ပြန်လည်ကြားယောင်လျက် နေခဲ့မည်သာဖြစ်သည်။ သို့သော်လည်း သူ့စိတ်ထဲက ဝေဒနာများအကြောင်းကို ညီမလေးသည် တစ်ခါမျှမမြွက်ဟခဲ့ချေ။ ပိတ်ကားထက်မှ ပုံရိပ်တစ်ခုနှယ် ငေးကြည့်နေခြင်း သည်သာ သူ့တုံ့ပြန်နည်းဖြစ်သည်။

ကျွန်တော်ကရော… ကျွန်တော်လည်း ညီမလေးကို သိပ်ချစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အေးနှင့်တွေ့သည့်အခါ နေမင်းကြီးထွက်လာသလို ဖြစ်သည်။ ညီမလေးသည် စူးရှသောနေရောက်အောက်တွင် ပျောက်ကွယ်သွားသော လမင်းကြီးလိုဖြစ်ခဲ့ပါသည်။ ညအခါတွင် လမင်းကြီးပြန်ထွက်လာသော်လည်း ညဘက်တွင် ကျွန်တော်သည် အိပ်စက်နေသဖြင့် လကိုမကြည့်မိသူတစ်ယောက်လိုဖြစ်၏။ ကျွန်တော် အိမ်ထောင်ပြုသည့်အပေါ် လုပ်သင့်လုပ်ထိုက်၍ လုပ်ရသည့်အရာဟုသာ တွေးပါသည်။ အို ညီမလေးကို ငါ တစ်သက်လုံး စောင့်ရှောက်ခဲ့တာပဲဟု ဖြေပါသည်။ ယခုမှ နားလည် လာသည်မှာ တကယ်တော့ ဘဝမှာ အိမ်ထောင်ပြုခြင်းသည် ရွေးချယ်စရာ တစ်ခုသာဖြစ်ပါသည်။ ဘဝမှာတွယ်တာစရာ တစ်ယောက်ရှိပြီးသူအဖို့ (ထိုသူသည် မိဘလည်းဖြစ်ချင်ဖြစ်မည်၊ မောင်နှမလည်းဖြစ်ချင်ဖြစ်မည်၊ တူတူမလေးလည်းဖြစ်ချင်ဖြစ်မည်၊ ဘာမှမဟုတ်သူလည်း ဖြစ်ချင်ဖြစ်မည်) အိမ်ထောင်ပြုခြင်းမပြုခြင်းသည် ရွေးချယ်စရာတစ်ခုထက်မပိုပါ။ တွယ်တာစရာ မရှိသေးသူအဖို့ကတော့ ပြုချင်လည်းရပါသည်။ မပြုချင်လည်းရပါသည်။ ထိုစဉ်က ကျွန်တော်သည် ညီမလေးထက် အေးကို ပို၍ရွေးခဲ့ပါသည်။ အေးမရှိလျှင် မဖြစ်ဟု ခံစားရ၍ဖြစ်သည်။ ညီမလေးမရှိရင်ကော… အင်း… ညီမလေးမရှိရင်ကော… ထိုမေးခွန်းကိုကျွန်တော်မေးရော မေးကြည့်ခဲ့ဖူးရဲ့လား။

နှစ်ပေါင်းနှစ်ဆယ်ကြာသောအခါ ကျွန်တော်သည် ထိုရွေးချယ်ခွင့်ကို နောက်တစ်ခါ ပြန်လည်ရရှိချင်စိတ်ပေါ်လာမိပြန် ပါသည်။ အေးနှင့်မယူခင်ကာလလေးကို ပြန်ရောက်သွားလျှင် ကောင်းမည်ဟု တနုံ့နုံ့ဖြစ်နေမိ၏။ ညီမလေးသာ သည်လိုမျိုး ကတိစကားကို ထိန်းသိမ်းခဲ့မည်မှန်းကြိုသိခဲ့လျှင် ကျွန်တော်လည်း… အို ကျွန်တော် ဆက်မတွေးချင်ပါ။ ရင်ထဲတွင် နာကျင်လာပါ သည်။ ညီမလေးအတွက် စိတ်မကောင်းဖြစ်လာပါသည်။ ညီမလေးကို ဖက်ထားချင်၏။ သို့သော် ညီမလေးကို မတွေ့ပါ။ ညီမလေး ဘယ်မှာလဲ…။ ဘယ်ရောက်နေလဲ။ ညီမလေးဆိုတာ တကယ်ရော ရှိခဲ့ရဲ့လားဟု ဇဝေဇဝါဖြစ်လာပြန်၏။ ပိတ်ကားထက်တွင် ညီမလေး၏ပုံရိပ်ကို မတွေ့ရပြန်ပါ။

ယခုအချိန်တွင် ကျွန်တော့်မှာ ညီမလေးတစ်ယောက် ဘယ်တုန်းကမှမရှိခဲ့ဟုလည်း အတွေးပေါ်လာပြန်သည်။ ဒါတွေ အကုန်လုံး စိတ်ထင်ယောင်ထင်မှားဖြစ်တာဟု ဆင်ခြင်သည်။ ‘လှပသောစိတ်’ Beautiful Mind ဆိုသည့် ရုပ်ရှင်ကားထဲက ဘယ်တုန်းကမှမရှိခဲ့သည့် ချားလ်စ်ဆိုသည့် သူငယ်ချင်းတစ်ယောက် သူ့ဘေးမှာ အမြဲရှိနေ စကားပြောနေသည်ဟု ထင်ယောင်ထင်မှားဖြစ်သော ဂိမ်းသီအိုရီပညာရှင် ဂျွန်နက်ရှ် လို ရောဂါမျိုး ကျွန်တော့်မှာ ရှိနေသည်ဟု ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်ပြန်ပါသည်။ ကျွန်တော့်မှာ အေးနှင့်သမီးလေးပဲရှိသည်။ ညီမလေးသည် ဘယ်တုန်းကမှ မရှိခဲ့။ သည်လို အတွေးပေါ်လာပြန်၏။ သည်လို တွေးနေရတာကိုက နာကျင်စရာ ဖြစ်သည်။ ညီမလေးရေ ကိုကို့ကို ခွင့်လွှတ်ပါ။ ကိုကို ကတိမတည်ခဲ့ဘူး။ ကိုကိုတို့ အကြားက အချစ်ကို မစောင့်ရှောက် နိုင်ခဲ့ဘူး။ မဟုတ်ဘူး… ညီမလေးဆိုတာ တကယ်မရှိဘူး။ 

ကျွန်တော့်ရှေ့တွင် မြင်ကွင်းများသည် ရုပ်ရှင်ကားကို နောက်ပြန်ရစ်ကြည့်သလိုမျိုး တွန့်လိမ်ကာ လှုပ်ရှားမှုများက နောက်ပြန်သွားနေပါသည်။ ကျွန်တော်တို့အားလုံး ပြန်ငယ်သွားကြသည်။ ညီမလေးကတော့ နဂိုအတိုင်း ဂါဝန်ကလေးနှင့် အရွယ် ဖြစ်၏။ ဆံပင်နှစ်စကို ကြက်တောင်စည်းစည်းထားသည်။ ပါးမှာ ပါးကွက်ကျားကလေးနှင့်ဖြစ်သည်။ ထိုပါးကွက်ကျား ကလေး သည် ရေချိုးပြီးတိုင်း ကျွန်တော်ကိုယ်တိုင် သွေးလိမ်းပေးထားသော သနပ်ခါးများဖြစ်သည်။ ညီမလေးက “ကိုကိုရေ ဆော့ရအောင်” ဟုဆိုကာ ပြေးလာ၏။ အနားရောက်တော့ ကျွန်တော့်လက်ကိုကိုင်လိုက်သည်။ အို… ညီမလေးက သေးသေးလေးပါလား။ သူ့အရပ်က ကျွန်တော့် ပေါင်လယ်လောက်ပဲ ရှိသေးသည်။ ကျွန်တော်က ငုတ်တုတ်ထိုင်ချ လိုက်ပြီး သူ့ကိုယ်လုံးသေးသေးလေးကို ဖက်ထားလိုက်သည်။ ထို့နောက် သူ့ပါးပြင်နှစ်ဖက်ကို မွှေးမည်ကြံဆဲ ညီမလေးသည် ဟိုလိုဂရမ် တစ်ခုမှလာသည့် ပုံရိပ်တစ်ခုလို မှေးမှိန်ဖျော့တော့လျက် ပျောက်ကွယ်သွား သည်။ 

အေးက ကျွန်တော့်ဘက်လှည့်လာပြီး အိပ်ချင်မူးတူးဖြင့် ယောင်ယမ်းကာ ဖက်လေသည်။ အေး၏ထွက်သက် ပူနွေးနွေးများက ကျွန်တော့်ပါးကို လာတိုးထိ၏။ ထိုညသည်အရှည်ဆုံးသော ညဖြစ်လေသည်။ ။

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ကွန်းခိုရာစာပေ
အမှတ် ၂၈ သီရိမြိုင် (၄) လမ်း၊ ၁၃ရပ်ကွက်
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
09 799 616 486
09 420 062 577


Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...