Skip to main content

မှဲ့တစ်ခုရဲ့အနုပညာ



ခမ်းတို့ရွာကလေးတွင် ကျွန်တော် ခဏရောက်နေသည်။ မန်ကျည်းပင်၊ ရေတမာပင်များနှင့် အုပ်အုပ် ဆိုင်းဆိုင်းရှိသော၊ အလိုလောဘနည်း၍ ရိုးသားသည့်ရွာသားများကြောင့် အေးချမ်းပြီး ပျော်စရာကောင်းသော ခမ်းတို့ရွာကလေး။ ခဏဆိုပေမယ့် အဲဒီမှာ နေရစဉ် ကျွန်တော်ပျော်သည်။ ထို ရွာကလေးကို ကျွန်တော် ချစ်သည်။

ဒီရွာလေးကို သံယောဇဉ်တွယ်ရခြင်းတွင် ခမ်းကြောင့်လည်း အများကြီးပါသည်။ ခမ်းသည် ဒီရွာမှာမွေးပြီး ဒီရွာမှာကြီးသည့် တောသူ လေးတစ်ယောက်ဖြစ်သည်။ တောသူဆိုသော်လည်း ခမ်း၏အသားအရေသည် အသင့်အတင့်ဖွေးဖြူသည်။ မျက်လုံးမျက်ဖန်ကောင်း၍ မေးရိုး အနည်းငယ်မြင့်သည်။ စစချင်း ခမ်းကို ကျွန်တော် စိတ်ဝင်စားမိသည်မှာ ခမ်း၏ အမြဲလိုလို ညှိုးငယ်နေတတ်သည့် မျက်နှာကြောင့်ဖြစ်သည်။

ခမ်း၏ ညာဘက်မျက်လုံးအောက် ပါးပြင်အပေါ်ပိုင်း မကျတကျနေရာတွင် မှဲ့တစ်ခုရှိသည်။ မှဲ့က အကြီးကြီးတော့မဟုတ်။ ဒါပေမယ့် အသားဖြူဖြူပေါ်မှာ မှဲ့ကမည်းနက်နေတော့ ထင်းနေသည်။ ကျွန်တော့်အတွက်တော့ မှဲ့သည် မှဲ့သာဖြစ်၍ ထိုမှဲ့ကြောင့် ရိုးသားသည့် တောသူမလေးခမ်း၏ အလှမှာ ပိုပြည့်စုံသွားခဲ့ရသည်ဟု ကျွန်တော်ကတော့ အခိုင်အမာယုံကြည်ပါသည်။ သို့သော် အရာဝတ္ထု တစ်ခုတည်းကိုပဲ အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း မတူကြသည့်လူ့သဘာဝအရ ခမ်းတို့ရွာက လူအများစုက တစ်မျိုး အဓိပ္ပာယ်ဖွင့်ဆိုလိုက်ကြတော့ အဲဒီမှဲ့က ‘မျက်ရည်ခံမှဲ့’ ဖြစ်သွားသည်။ ဒါကပဲ ဇာတ်ရှုပ်တစ်ခုရဲ့အစ။

မုဆိုးမလေး ခမ်း၏အသက်သည် ယခုမှ အစိတ်ပင်မပြည့်တတ်သေး။ သို့သော် ခမ်းတို့လူ့အဖွဲ့အစည်း ၏ ဒဏ်ကိုတော့ ခမ်းတစ်ယောက် အသက်နှင့်မမျှအောင် ခါးစည်းခံခဲ့ရပြီးပြီ။ ရိုးသားပွင့်လင်း၍ ဖော်ရွေသော၊ ဧည့်သည်အပေါ် ဧည့်ဝတ်ကျေပွန်သော ခမ်းတို့ရပ်ရွာလူမှုအသိုင်းအဝိုင်းသည် ခမ်း၏ မျက်ရည်ခံမှဲ့ကိစ္စမှာတော့ သဘောလည်းမကောင်း၊ သဘောထားလည်း မကြီးခဲ့ကြချေ။ သူတို့အမြင် မှာတော့ ခမ်းသည် ယောက်ျားသားများမပေါင်းအပ်သော၊ ‘ဝေရာမဏိ’ ဆောက်တည်သင့်သော ‘စုန်း၊ ဘီလူး၊ သရဲ၊ တဘက်’ တစ်ကောင် ဖြစ်လေသတည်း။

ခမ်းသည် အသက်ဆယ့်ရှစ်နှစ်ကတည်းက အိမ်ထောင်ကျခဲ့သည်။ ခမ်း၏ငယ်ချစ်ဦးသည် ခမ်းတို့ရွာက နေနိုင်စားနိုင်သည့် မိသားစုတစ်ခုမှ ပေါက်ဖွားလာသူတစ်ဦးဖြစ်သည်။ ခမ်းတို့နှစ်ယောက်အကြောင်းကို ကောင်လေးမိဘများသိတော့ လုံးဝ၊ လုံး၀ သဘောမတူကြချေ။ တကယ်တော့ ခမ်းတို့မိသားစုကလည်း မဆင်းရဲပါ။ ရွာအရှေ့ပိုင်းတွင် လယ်တော်တော်များများ ပိုင်သည်။ မိသားစုချင်းယှဉ်လျှင် ခမ်းတို့ကပင် သာချင်သာနိုင်ပါသေးသည်။ သို့သော် ပြဿနာက ခမ်း၏မှဲ့။ အဲဒီမှဲ့က ခမ်းဘဝကို အတော် ဂြိုလ်မွှေခဲ့သည်။

ကောင်လေးမိဘများက သိပ်ရှေးရိုးအဆန်ကြီးတော့မဟုတ်။ ဒါပေမယ့် သူတို့လည်း အစဉ်အလာ ယုံကြည်မှုကို မလွန်ဆန်နိုင်ထင့်။ သူတို့ သားလေးကို ဆုံးရှုံးရမှာကြောက်လေသည်ဆိုတော့ သူတို့သားနှင့် ခမ်းကိစ္စကို အသည်းအသန်ဖျက်ကြသည်ပေါ့။ နောက်ဆုံး တိုတိုပြောရလျှင် အချစ်ကြီးချစ်နေကြသည့် ခမ်းတို့နှစ်ယောက် ခိုးရာလိုက်ပြေးကြသည်။ မျက်ရည်ခံမှဲ့ မကလို့ ဘာမှဲ့ဖြစ်ဖြစ် ဂရုမစိုက်ဟုဆိုသည့် သူ့ကောင်ကလေးက ခမ်းကို ဝေးဝေးလံလံရွာတစ်ရွာသို့ ခိုးပြေးသွားပြီး ပေါင်းသင်းနေထိုင်ကြသည်ဆို၏။ ကိုယ့်ချစ်သူနှင့်ပေါင်းရသဖြင့် ခမ်းတို့ အပျော်ကြီးပျော်ခဲ့ကြသည်။ သို့သော် ခမ်းတို့ဇာတ်သိမ်းက မလှခဲ့။

ဒီအကြောင်းတွေကို ပြန်ပြောပြစဉ်က ခမ်း၏မျက်လုံးများသည် မျက်ရည်များနှင့် စိုစွတ်နေခဲ့၏။ သို့သော် ခမ်းဇာတ်လမ်းကို နားဆင်ရသည် မှာ လွတ်လွတ်လပ်လပ်မရှိလှပါ။ ခမ်းတို့ ရပ်ရွာ လူမှုအသိုင်းအဝိုင်း ... အဲ စကားလုံးကြီးကြီးသုံးရလျှင် ... မြန်မာ့လူ့ရွာအသိုင်းအဝိုင်းတွင် တစ်ခုလပ်၊ မုဆိုးမဆိုသည်မှာ သွေးမတော် သားမစပ်ယောကျ်ားသားများနှင့် အနေအထိုင် များစွာ ဆင်ခြင်ရသည်မဟုတ်လော။ ခမ်းနှင့် ကျွန်တော်တို့မှာ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာခဲ့ကြသည်နှင့်အမျှ ဒေါက်ထောက် ကြည့်လာကြသည့် မျက်လုံးများကို ကြည့်ရှောင်နေရပါသည်။ ခမ်းအကြောင်းကို ခမ်း ဆီကနည်းနည်း၊ ဟိုလူဒီလူဆီက နည်းနည်းချင်းမေးပြီး ဇာတ်ရည်လည်ခဲ့ရလေသည်။

တိုက်ဆိုင်တာများ ခမ်းတို့အိမ်ထောင်သက် သုံးနှစ်လောက်မရှိတရှိတွင် ခမ်းရဲ့ခင်ပွန်းကလေး ဆုံးပါးရှာသည်။ ခမ်းတို့တွင် သားသမီးလည်း မထွန်းကားခဲ့။ ဒီ့နောက်တော့ ခမ်းလည်း မိဘရပ်ရွာ ပြန်လာခဲ့သည်။ ခမ်းရဲ့ခင်ပွန်းဆုံးတာကတော့ ကြည့်ရတာ သွေးရိုး သားရိုးဟုတ်ပုံပါ။ ဒါပေမယ့် သူ့မှဲ့ကြောင့် ခမ်းခမျာ ယောက္ခမများ၏ ပိုးစိုးပက်စက်အပြောကို ခံခဲ့ရရှာသည်။ ‘စုန်းမ’၊ ‘ဘီလူးမ’ စသည်ဖြင့် နာမည်အမျိုးမျိုး အတပ်ခံခဲ့ရသည်။

ခမ်းမိဘများကတော့ သူတို့သမီးလေး မိဘမျက်နှာ “အိုးမည်းသုတ်” ခဲ့သည့်အပေါ် ခွင့်လွှတ်ကြပါသည်။ ဒါကတော့ အဆန်းမဟုတ်ပါ။ မိဘပေပဲ ခွင့်လွှတ်ရမှာပေါ့။ မျက်ရည်ခံမှဲ့လေးတစ်ပေါက်ကြောင့် သူများတံတွေးခွက် ပက်လက်မျောရရှာသည့် သူတို့သမီးလေးကို ကြည့်ပြီး မျက်ရည်လည်ကြရသည်ဟု သူတို့ကဆိုသည်။ အကယ်၍ ခမ်းကိုမွေးစဉ်ကသာ သူမိဘများက ခေတ်မီဆေးပညာများနှင့် အထိ အတွေ့ရှိသည့် မြို့ကြီးပြကြီးမှာသာ နေနေကြမည်ဆိုလျှင် ခမ်း၏မှဲ့ကို သူတို့ ခွဲစိတ်ပြီး ဖျောက်ပစ်ကောင်း ဖျောက်ပစ်ခဲ့ကြနိုင်ပါသည်။ မခွဲစိတ်ဖြစ်ခဲ့လျှင်လည်း မြို့ပေါ်မှာမို့ ဒီလိုမျိုးအမြင်တွေ ရှိချင်မှရှိပါမည်။ သို့သော် သိပ်တော့မသေချာပါ။

ခမ်းတစ်ယောက် မုဆိုးမဖြစ်ရခြင်းတွင် သူ့မျက်ရည်ခံမှဲ့ကြောင့် ဟုတ်ချင်လည်းဟုတ်မည်၊ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မည်။ သို့သော် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခမ်းအတွက်တော့ နစ်နာလှသည်။ အရွယ်ရှိသေးပြီး တစ်ပင်လဲမူ တစ်ပင်ထူလိုက ထူနိုင်သေးသည့် ခမ်းကို ယူရမှာ ယောက်ျားအတော်များများက လက်တွန့်ကုန်ကြသည်ဟု ခမ်းက သူတို့ပိုင် လယ်ကွင်းများဘက်ဆီအသွား မန်ကျည်းပင်ကြီး တစ်ပင်အောက်တွင် ကျွန်တော့်ကိုပြောပြဖူးသည်။ သို့သော်လည်းတဲ့ ... တစ်ဦးသော ယောက်ျားပျိုကတော့ အများလိုအယူမသီးဘဲ ခမ်းရဲ့ဘဝကိုစာနာပြီး လက်ထပ်ရန်ကြောင်းလမ်းခဲ့ဖူးသည်တဲ့။

ခမ်းက အစတွင် ငြင်းဆန်နေခဲ့သည်ဟုဆိုသည်။ ခမ်းမိဘများကလည်း သူတို့သမီးလေးနောင်ရေးကြည့်ပြီး ဝိုင်းဝန်းနားချကြကာမှ နောက်ပိုင်း ခမ်းကလက်ခံခဲ့သည်ဟု ပြောပြသည်။ သို့သော် သူတို့နှစ်ယောက် မပေါင်းစည်းဖြစ်ခဲ့ပါ။ အကြောင်းရင်းကိုပြောပြမည်ကြံဆဲ ကောက်စိုက်သမတစ်စု လာနေသဖြင့် ကျွန်တော်တို့ စကားစဖြတ်ခဲ့သည်။ နောက်မှ ရွာက ကာလသားတချို့ကိုမေးကြည့်မှ အဆိုပါ ကောင်လေးသည် ခမ်းနှင့်မင်္ဂလာမဆောင်မီကလေးမှာတင် မြွေကိုက်ခံရပြီး သေဆုံးသွားခဲ့သည်တဲ့။ တိုက်ဆိုင်မှုကလည်း လွန်လွန်းလှသည်။ ခမ်းတစ်ယောက်တော့ တစ်ခါသေဖူးတာတောင် ပျဉ်ဖိုးနားမလည် ဟု ရပ်ထဲရွာထဲ ပြောစရာဖြစ်ကျန်ခဲ့ရသည်။

ဒီနောက်မှာတော့ ခမ်းလည်း ဦးကျိုးသွားခဲ့သည်။

ကျွန်တော်နှင့်တွေ့သည့်အချိန်တွင် ခမ်းသည် ရုပ်ပိုင်းရောစိတ်ဓာတ်ပိုင်းပါ အတော်လေးကို ညှိုးငယ်နေလေပြီ။ အသက်ငယ်ငယ်နှင့် အဘွားကြီးအိုလေးလို ဖြစ်နေပါပြီ။ ခမ်းသည် အိမ်ထောင်မကျခင်က သူတို့ရွာတွင် အချောဆုံးအလှဆုံးဟု အားလုံးက လက်ခံထားရသူ ဖြစ်သည်။ သို့သော် ယခုမူ ခမ်းကိုကြည့်ရသည်မှာ သားဆိုး၊ သမီးဆိုး၊ လင်ဆိုးတို့ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားထားရသည့် ကံဆိုးမတစ်ဦးလို ဖြစ်နေပါသည်။

ကျွန်တော် သူ့ကို လက်ထပ်ခွင့်တောင်းတော့ ခမ်းတစ်ယောက် ငိုင်ကျသွားခဲ့သည်။ ကျွန်တော် ထင်ထားသည်က တစ်မျိုး။ ကျွန်တော် အခု လိုပြောလိုက်လျှင် ခမ်းသည် မတုန်မလှုပ်ကျောက်ရုပ်လို ဖြစ်ချင်လည်းဖြစ်နေမည်၊ ဒါမှမဟုတ် နုနယ်ပျိုမျစ်သေးသူတို့ထုံးစံ ရှက်သွေး ဖြာချင်လည်းဖြာမည်။ အိမ်ထောင်ကျဖူးသည်ဆိုသော်လည်း ခမ်းတို့အရွယ်သည် စိတ်ကစားချင် ကစားတတ်သေးသည် မဟုတ်လော။ ဒါပေမယ့် တကယ့်တကယ်ကျတော့ ခမ်းတစ်ယောက် အရုပ်ကြိုးပြတ်ဖြစ်သွားသည်။ ခမ်းပုံစံက ဟိုး တွင်းအဆုံးကို ကျသွားသူ တစ်ယောက်လို။

ခမ်း ကျွန်တော့်ကို လက်ထပ်ရန်ငြင်းဆန်ရခြင်းတွင် မြို့သားနှင့်တောသူဖြစ်နေခြင်းကြောင့်ဆိုသည်ထက်၊ လူပျိုနှင့်မုဆိုးမဖြစ်နေခြင်း ကြောင့်ဟုဆိုသည်ထက် သူ့ဘဝရဲ့ကျိန်စာဖြစ်သည့် မျက်ရည်မှဲ့ကြောင့်မှန်း ကျွန်တော်နားလည်ပါသည်။

“ခမ်းရယ် ... မျက်ရည်ခံမှဲ့ပါလို့ မုဆိုးမဖြစ်ရတယ်ဆိုတာ ကျွန်တော် လုံး၀ (လုံးဝ) အယုံအကြည်မရှိပါဘူး။ သူ့ဟာသူ တိုက်ဆိုင်သွားတာ ဖြစ်မှာပါ။ အအိုမို့လို့ လူပျိုနဲ့မတန်ဘူးဆိုတာလည်း အဓိပ္ပာယ်မရှိပါဘူး။ ဒီခေတ်မှာ သိပ္ပံပညာ ဒီလောက်ထွန်းကားနေတာ ဒါမျိုးအယူအဆ တွေကို လက်မခံသင့်တော့ပါဘူးလေ ... မဟုတ်ဘူးလား”

“အစ်ကိုပြောတဲ့အချက်တွေကို ခမ်း လက်ခံပါတယ်။ ဒါပေမယ့် ... ခမ်းလေ ‘ဒီမှဲ့ပါရင် ဒီလိုဖြစ်တတ်တယ်။ ဒီမှဲ့ကြောင့်ဒီလိုဖြစ်ရတယ်’ လို့ အကြိမ်ကြိမ်ကြားရဖန်များလွန်းတော့ ခေါင်းထဲမှာ ဒါကြီးကိုပဲ အမှန်ထင်နေပြီ။ မဟုတ်မှန်း သိပေမယ့်လည်း လွန်ဆန်လို့မရဘူး။ လွန်ဆန် ဖို့လည်း မကြိုးစားကြည့်ချင်တော့ဘူး”

ခမ်းက ခေါင်းကို ဖြည်းညင်းစွာခါယမ်းရင်း ပြောသည်။

“ခမ်းရယ် ... ကျွန်တော် ခမ်းကိုယူခဲ့ပြီးသေခဲ့ရင်တောင် ကိုယ်ဟာကိုယ် သက်တမ်းစေ့လို့ သေတာပဲဖြစ်မှာပါ။ ခမ်းမှဲ့နဲ့ ဘာမှမဆိုင်ပါဘူး ကွာ”

“ဒါတော့ ဒါပေါ့လေ။ ဒါပေမယ့် ခမ်း တစ်ခါကနှစ်ခါ၊ နှစ်ခါကသုံးခါ မဖြစ်ချင်တော့ဘူး”

ခမ်းတစ်ယောက် အတော်လေးကိုပဲ ခေါင်းမာလေသည်။

ပြဿနာက ခမ်း၏ဆင်ခြင်တုံတရားမဟုတ်တော့။ ခမ်းတွင် ခေတ်နှင့်လိုက်လျောညီထွေ အတွေးအခေါ်မျိုး မရှိမဟုတ်၊ ရှိသည်။ ခမ်းသည် ဒီလောက်ရှေးရိုးစွဲမဟုတ်။ ပြဿနာက သူကိုယ်နှိုက်က လောကကြီးနှင့် အလောင်းအစားလုပ်ဖို့ရာ ထပ်မစွန့်စားချင်တော့ခြင်းပင်။ ခမ်း သည် လောကကြီးကို လက်မြှောက်အရှုံးပေးပြီး ဖြစ်လေပြီကော။

ခမ်းက ခိုက်တတ်သည့်မိန်းမတစ်ယောက်ရယ်လို့ သူ့ကိုယ်သူ လက်ခံထားလိုက်သည်မှာ ကျင့်သားရနေပြီမို့ ဒါကိုပဲ စိတ်ထဲ အမှန်ထင်နေ ပါပြီတဲ့။ အများသူငါ အပုပ်ချပြောကြသည်ကို ခါးခါးသီးသီးခံခဲ့ရသည်မို့လည်း သူ့စိတ်မှာ အဆမတန် နာကျင်နေပါပြီတဲ့။ ဒီဝေဒနာတွေကို ထပ်ပြီး မခံစားလိုတော့ပါတဲ့။ ကျွန်တော်ကတော့ မလျှော့သောဇွဲဖြင့် ခမ်း စိတ်ပြောင်းလာအောင် ကြိုးပမ်းပါသည်။ ဒါပေမယ့် မထူးခြားပါ။ ခမ်းက သိပ်ခေါင်းမာသွားပြီ။ ရှေ့တစ်လှမ်းတိုးဖို့ပြောခါမှ နောက်ကိုပင် သုံးလှမ်းခန့်ပြန်ဆုတ်သွားခဲ့ပါသည်။

အရင်ကမှ ကျွန်တော်နှင့်ခမ်းတို့ ရံဖန်ရံခါ တွေ့ဖြစ်ကြသေးသည်။ ခမ်းတို့အိမ်ဧည့်ခန်း လူကြီးသူမများရှေ့ ပေါ်ပေါ်တင်တင်ပဲဖြစ်ဖြစ်၊ ခမ်းတို့ အိမ်ရှေ့က ဝါးကွပ်ပျစ်ကလေးပေါ်မှာပဲဖြစ်ဖြစ်၊ ခမ်းတို့မိသားစုပိုင် လယ်ကွင်းများနားက အရိပ်အာဝါသကောင်းသည့် လက်နှစ်ဖက်စာ သစ်ပင်ကြီးများအောက်မှာပဲဖြစ်ဖြစ်၊ မလွတ်လပ်ဘူးပဲထားဦး အတိုင်းအတာတစ်ခုအထိတော့ စကားပြောခွင့်ရခဲ့သေး သည်။ ယခုမူ ခမ်းသည် ကျွန်တော့ကို လုံးဝအတွေ့မခံတော့ဘဲ ရှောင်လို့နေသည်။ ခမ်းကို မြင်ရခဲသွားသည်။ မြင်ရလျှင်လည်း ဘေးမှာ အဖော်တစ်ယောက်လောက် ပါနေတတ်သည်။ အကယ်၍ ခမ်းသာ ကျွန်တော့်ကို ထပ်အတွေ့ခံခဲ့လျှင် ကျွန်တော်သူ့ကို အောင်အောင်မြင်မြင် စည်းရုံးနိုင်လိမ့်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေသဖြင့် ကျွန်တော့်မှာ မချင့်မရဲဖြစ်ရသည်။ နောက်ဆုံး ကျွန်တော် လူကြီးများမှ တစ်ဆင့် နားဖောက်ကြည့်သည်။ ခမ်း မိဘများက သူတို့သမီးသဘောပါတဲ့။ ဒါပေမယ့် ခမ်းကိုယ်နှိုက်က “အိမ်ထောင်မပြုလိုတော့ပါ”တဲ့။

ဒီလိုနှင့် နောက်ဆုံး ဒီရွာမှာ ကျွန်တော်ရှိနေမည့်ရက်တွေထဲက နောက်ဆုံးရက်ကို ရောက်ရှိလာခဲ့သည်။ ခမ်းများ ကျွန်တော့်ကို ရွာထိပ်ထိ လိုက်ပို့နှုတ်ဆက်လေမလားဟု မျှော်နေမိသည်။ သို့သော် သူ ရောက်မလာခဲ့။ ရွာနှင့်တစ်မိုင်သာသာဝေးသည့် တာဆုံအထိရောက်အောင် အိမ်ရှင်က ကျွန်တော့်ကို နံနက်အစောကြီး နွားလှည်းနှင့်လိုက်ပို့သည်။ ရွာကထွက်လို့ ငါးမိနစ်ခန့်မကြာ့တကြာ ခမ်း၏ မောင်အငယ်ဆုံး ကောင်လေး နောက်ကအပြေးလိုက်လာသဖြင့် လှည်းကိုရပ်ခိုင်းရပါသည်။

“ကိုကြီး ... မမက ဒါလေးပေးခိုင်းလိုက်လို့”

ခမ်းပေးလိုက်သည်က ကျွန်တော့်အတွက် သူကိုယ်တိုင်ချုပ်ထားသည်ဟုဆိုသည့် အင်္ကျီတစ်ထည်နှင့် စာတစ်စောင်။ စာထဲမှာတော့ ခမ်းက သူ့အပြုအမူအားလုံးအတွက် တောင်းပန်ထားသည်။ သူ့ကိုအထင်မလွဲဖို့ ပြောထားသည်။ သူ့ရဲ့ဘေးကျပ်နံကျပ်အနေအထားကို ထပ်ဆင့် ရှင်းပြထားသည်။ ကျွန်တော့်အားပေးစကားများအတွက် ကျွန်တော့်ကိုကျေးဇူးတင်ထားသည်။ အကယ်၍ သူ ကျွန်တော့်ကို လက်ထပ်ခဲ့လျှင် ဖြစ်လာမည့်အကျိုးဆက်များကို စဉ်းစားပြထားသည်။ ခမ်း ကျွန်တော့်ကို ရှောင်နေစဉ်အတွင်း သူ့စိတ်ထဲမှာ အတော်လေးကို လွန်ဆွဲထားခဲ့ပုံပေါ်သည်။

ရာသီကဆောင်းဝင်စဖြစ်သည်။ နံနက်စောစော လယ်ကွင်းကိုဖြတ်တိုက်လာသည့် လေတို့က အေးစိမ့်လှသည်။ နေကိုတော့ ကောင်းကောင်းမမြင်ရသေးပါ။ ကျွန်တော်သည် ခမ်းပေးလိုက်သည့် အင်္ကျီလေးကို လှည်းပေါ်မှာတင် ဝင်လိုက်၏။ နွားနှစ်ကောင်ကို အောင်ငေါက်နေသည့် လှည်းသမား၏အသံနှင့် တကျွိကျွိမြည်နေသည့် လှည်းဝင်းရိုးသံတို့သည်သာ ခမ်းကိုယ်စား ကျွန်တော့်ကို နှုတ်ဆက်လျက် ရှိလေသည်။

နွယ်နီမဂ္ဂဇင်း။ ၂၀၀၉ ခုနှစ် မတ်လ။

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။  'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။




Comments

  1. အရမ်းကောင်းတယ်
    ဖတ်သွားတယ်နော်
    နှစ်သစ်မှာပျော်ရွှင်ပါစေ။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...