
နွေခေါင်ခေါင်
မီးလောင်ငုတ်တို
ရိုးတံကြဲ ပင်အို
သံမချို ရွှေဥဩ
ဟိုကောင်းကင်တစ်ကြောမှာ
လင်းတတို့ပျံကာဝဲ။
ခပ်မည်းမည်းယာဉ်ရထားက
အော်ငေါက်ပွတ်အဆွဲမှာ
အားလုံးဖရိုဖရဲဖြစ်သွားတယ်။
ခေါင်းလောင်းတွေက အသံတိတ်၊
နှာခေါင်းတွေကိုပိတ်စနဲ့အုပ်ထားတယ်။
အချစ်ကိုတော့အကြောက်နဲ့အုပ်လို့။
သူငယ်ချင်းလည်း သူစိမ်း၊ သူစိမ်းလည်းသူငယ်ချင်း
တို့တစ်တွေ မျက်နှာချင်းမဆိုင်တာ ကြာလှရော့မယ်။
ဒီ ကာလနာဟာ
ဘယ်လောက်သက်ဆိုးရှည်မတဲ့လဲ။
ကပ်ကြီးပြီးရင်တော့ …
သင်္ကြန်မိုးလေးအကြွေးရွာဦးမှ
ပိတောက်က စောင့်နေတာမဟုတ်လား။
ညာလက်နဲ့စပါးရိက္ခာ
ဘယ်လက်နဲ့ဝတ်စားတန်ဆာပေး ပေးမယ့်သူ
ပေါက္ကံကမျှော်နေတာ
ကပ်ကြီးပြီးရင်တော့
အမုန်းတွေလျှော့၊ ကာဗွန်တွေလျှော့တော့။
ချော့မော့ရမှာက မေတ္တာမဲ့တွေ။
ငဲ့ရမှာက နှုတ်ခမ်းပဲ့တွေ။
အစိမ်းရောင်ကိုလည်းချစ်၊
ဘဝနေပုံတွေလည်း ပြောင်းပစ်
ကမ္ဘာအသစ်ကိုမျှော်လင့်ရင်း
လက်ကိုသာ နာနာဆေးထားကြ။
နှလုံးသားလည်း ကျယ်ကျယ်ဖွင့်ထားကြ။
29 March 2020
ကမ္ဘာအသစ်ကိုမျှော်လင့်ရင်း
လက်ကိုသာ နာနာဆေးထားကြ။
နှလုံးသားလည်း ကျယ်ကျယ်ဖွင့်ထားကြ။
29 March 2020
ကဗျာကဏ္ဍမှာ အခြားဖတ်စရာ
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း