အချစ်ကိုဖွင့်ဆိုဖို့ မင်းအဆိုတင်တော့
ကိုယ်က ကန့်ကွက်ဖို့ပြင်တယ်
ပေါင်းလန်အောင် အနန္တဆန်တဲ့အရာကို
ကာမိအောင် ကျယ်တဲ့စကားလုံး
ကိုယ့်မှာရှိကိုမရှိဘူး။
ချစ်တယ်လို့ ပြောပါဆိုတော့
ကိုယ်က အသည်းအသန်အငြင်းပိုတယ်
နတ်သုဒ္ဓါလို ဟင်းတစ်ခွက်ထဲ
ဆံခြည်တစ်မျှင်တောင်
မင်း အရောခံနိုင်ရဲ့လား။
‘မြစ်တစ်စင်းထဲ လူတစ်ယောက်ဟာ
နှစ်ခါမဆင်းနိုင်ဘူး’ ဆိုတဲ့စကား မင်း ကြားဖူးမှာပေါ့။
အချစ်ဟာ မြစ်တစ်စင်းနဲ့တူတယ်။
အလျင်ရှိတယ်၊ တသွင်သွင်စီးနေတယ်။
တစ်ခုတည်းသောအချစ်ကို
ကိုယ်တို့ နှစ်ခါပြန်ရနိုင်ပါ့မလား။
စက္ကန့်တိုင်း မိနစ်တိုင်းမှာ
အချစ်တွေဟာ အသစ်အသစ်ဖြစ်
မင်းနဲ့ကိုယ်လည်း လူသစ်စိတ်သစ်
လွန်ပြီးအချစ်ကို ဖက်တွယ်ရင်ဖြင့်
ဖြစ်ဆဲအချစ်ကို လက်လွတ်သွားမစိုး
အ,အနှစ်ယောက်ရဲ့ကြားကအချစ်ကို
ပိုးမွေးမွေးကြသလိုမျိုး
ကိုယ်တို့စိတ်ချင်း တံတားထိုးကြတာပေါ့။
ဘုရားဟောရှိတယ်မလား
သတိနဲ့နေ သတိနဲ့သွား
သတိနဲ့စား သတိနဲ့ချစ်
တလှစ်လှစ်ဖြစ်ပြီးပျက်
ချစ်စိတ်အလျင်ဘက်
မင်းအာရုံကို လှည့်ထား
စိတ်နဲ့သာကြားလှည့်ပါ
မြစ်ရေစီးသံ မင်းနားဝမှာ။
(၂၁ မတ် ၂၀၁၇)
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း