“ဘာကွ၊ ဘယ်လို၊ ပြန်ပြောစမ်းပါဦး” မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်လာသောအဖေ့အသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသလားဟု ထင်မှတ်ရပါသည်။ ဖေဖေ့မျက်နှာကတင်းမာခက်ထန်လျက်။ ဖေဖေ့ မျက်လုံးများက ကျွန်တော့်အား စူးစူးရဲရဲစိုက်ကြည့်လျက်။ ဖေဖေ့ရှေ့မှာတော့ ကြောင်ရှေ့ရောက်သည့်ကြွက်သူငယ်အလား ကျွန်တော်က ခေါင်းကိုငုံ့လျက် ခပ်ယို့ယို့ရပ်နေပါသည်။ “ကျွန်တော့်ရန်ကုန်သွားပြီး အောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်အောင် ကြိုးစားပါရစေ ဖေဖေ” ငယ်စဉ်ကတည်းကကြောက်ရွံ့ခဲ့ရသော ဖေဖေ့ရှေ့တွင် အသံကိုမတုန်အောင် သတိထားပြောဖို့ ဆိုသည်မှာ အလွန်တရာမလွယ်ကူလှသောအလုပ်ဖြစ်ပါသည်။ ဖေဖေ့ကိုကြောက်သည့် စိတ်ကြောင့် အယောင်ယောင် အမှားမှားနှင့် စကားမမှားအောင်မနည်းသတိထားပြီး ထိန်းပြောနေရပါသည်။ “ကျွန်တော်ငယ်စဉ်ကတည်းက မျှော်လင့်ခဲ့ရတဲ့ ဘဝတစ်ခုကိုအကောင်အထည်ပေါ်အောင် ကြိုးစားကြည့်ပါရစေ ဖေဖေ။ လူတစ်ယောက်ဟာ သူဖြစ်ချင်တဲ့အရာကို စိတ်ကူးယဉ် ခွင့်ရှိ . . . ရှိ . . .” “အဲဒါခက်တာပေါ့ကွ၊ မင်းတို့ကောင်တွေက။ ကြည့်လိုက်ရင် စာယောင်ယောင်ပေယောင်ယောင်နဲ့၊ ပြီးရင် လာပါပြီ၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်ချင်တာနဲ့၊ ဘာနဲ့။ ဟေ့ မမြမေ မင့်သားကိုကြည့်မပြောတော့ဘူးလား” ကျွန...